💮Chapter 55
ဝမ်ချီက ရှစ်ယဲ့၏အဝတ်ကို ဝတ်ရန်ကြိုးစားသော်လည်း ထိုအဝတ်များက ကြီးမားလွန်း၍ သူ့ခန္ဓာကိုယ်ပေါ်တွင် ချောင်ကျနေပြီး ပခုံးပေါ်မှ လျှောကျနေသည်။
“ရှစ်ယဲ့…”
ဝမ်ချီက လိုက်ကာနောက်တွင် ရပ်နေသော ရှစ်ယဲ့ကို တိုးညှင်းစွာ အော်ခေါ်လိုက်သည်။ အော်ခေါ်ပြီးကာမှ သူ နာမ်စားမှားခေါ်မိသည်ကို သတိထားမိသွားပြီး အလျင်စလို ပြောင်းလဲခေါ်လိုက်သည်။
“အရှင့်သား…”
ရှစ်ယဲ့က အေးဆေးစွာ တုံ့ပြန်ပြီး မေးသည်။
"ဘာဖြစ်လို့လဲ…”
ဝမ်ချီက ပခုံးပေါ်မှ လျှောကျနေသာ အဝတ်ကို ပြန်ဆွဲတင်ပြီး ပြောသည်။
“ဒီအဝတ်အစားတွေက သိပ်အဆင်မပြေဘူး…”
ရှစ်ယဲ့က ပြန်မေးသည်။
“ဘယ်နား အဆင်မပြေလို့လဲ…”
ဝမ်ချီက လိုက်ကာနားသို့ကပ်၍ သူ့လက်များကို လိုက်ကာပေါ်တွင်တင်ပြီး ခေါင်းတစ်ခြမ်းကို အပြင်သို့ ထုတ်လိုက်သည်။ ရှစ်ယဲ့က လိုက်ကာအနောက် မနီးမဝေးတွင် ရပ်နေပြီး နောက်ကျောပေးထားသည်။ တိတ်ဆိတ်ငြိမ်သက်နေသောနောက်ကျောက အလင်းရောင် မှုန်ဝါးဝါးနှင့် တစ်ထပ်တည်းဖြစ်ပြီး ပနံသင့်နေသည်။
“အဝတ်အစားတွေက ဝတ်ရတာ ကြီးလွန်းတယ်…ကျွန်တော်မျိုးနဲ့ မတော်တဲ့အပြင် အရောင်ကလည်း…”
ဝမ်ချီက အနည်းငယ် တုံ့ဆိုင်းပြီးနောက် အရဲစွန့်၍ ပြောလိုက်သည်။
“အရှင့်သား တစ်ယောက်ယောက်ကို ဝါးပုလွေအိမ်တော်ဆီကို စေလွှတ်ပြီး ကျွန်တော့်အဝတ်တွေကို သွားယူခိုင်းပေးလို့ရမလား…”
ရှေးရိုးဆန်လွန်းသည့် ရှေးခေတ်သို့ ရောက်နေသည့်အပြင် ဝမ်ချီကိုယ်၌ကလည်း သူရဲဘောကြောင်သူဖြစ်၍ တောက်ပြောင်သော အဝါရောင်၀တ်စုံ ဝတ်ပြီး အပြင်သို့ လှည့်ပတ်သွားလာရန် သတ္တိမရှိပေ။ ညဘက်ကြီးတွင် တစ်စုံတစ်ယောက်ကများ အဝါရောင်တောက်တောက် ဝတ်ထားသောသူ့ကို မြင်ပါက လန့်သေသွားနိုင်သည်။
သို့သော် ရှစ်ယဲ့က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
“မယူခိုင်းပေးနိုင်ဘူး…”
ဝမ်ချီ၏ မျက်နှာပေါ်တွင် ခက်ခက်ခဲခဲ လုပ်ယူပြုံးထားရသောအပြုံးက ရုတ်တရက် အေးခဲသွားသည်။
ရှစ်ယဲ့က အေးစက်စွာ ပြောသည်။
"ပန်ကုန်းရဲ့ အဝတ်အစားတွေက မင်းနဲ့ မသင့်တော်ဘူးလို့ထင်ရင် ဘာမှမဝတ်ဘဲ အပြင်ထွက်လာလို့ရတယ်… ပန်ကုန်းက မင်းရဲ့ဆုံးဖြတ်ချက်ကို စွက်ဖက်မှာမဟုတ်ဘူး…"
ဒီခွေးမင်းသားကတော့…
ဝမ်ချီက သူ့စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး အချိန်အတော်ကြာအောင် စဉ်းစားပြီးသည့်နောက် အဆုံးတွင် ရှစ်ယဲ့၏ ထိုတောက်ပြောင်သော အဝါရောင်အပေါ်ထပ်ကို ဝတ်ဆင်ရန် သတ္တိမရှိသောကြောင့် အင်္ကျီကို တန်းပေါ်သို့ ပြန်တင်ပြီး အဖြူရောင် အတွင်းအင်္ကျီကိုသာ ဝတ်ဆင်၍ ထွက်လာခဲ့သည်။
နောက်ကျောပေးထားသော ရှစ်ယဲ့က ခြေသံကြား၍ သူ့ဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ အေးစက်သော အကြည့်များက ဝမ်ချီ၏ ပိန်ပါးလွှာသော ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး သူ့မျက်လုံးများက ရုတ်တရက် မည်းမှောင်သွားသည်။
“မင်း ဘာလို့ အပေါ်ထပ် မဝတ်လာတာလဲ…"
ရှစ်ယဲ့၏ အသံက အက်ကွဲနေသော်လည်း နားဝင်မဆိုးဘဲ ဆွဲဆောင်မှုရှိသည်။
ဝမ်ချီက ခေါင်းကိုကုတ်လိုက်ပြီး အကြောင်းပြချက်တစ်ခု လျင်မြန်စွာ ပေးသည်။
"အရှင့်သားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပေမဲ့ ကျွန်တော့်ဆံပင်တွေ ရေစိုနေသေးလို့ အပေါ်ထပ်ကို ရေစိုသွားမှာ စိုးရိမ်လို့ပါ…"
ထိုအကြောင်းပြချက်ကို ကြားသော အချိန်တွင် ရှစ်ယဲ့က သူ့ကို လက်ယပ်ခေါ်သည်။
“ဒီကိုလာ…”
ဝမ်ချီက ချက်ချင်းပင် စိတ်တုန်လှုပ်သွားပြီး မသိမသာ တံတွေးမျိုချလိုက်သည်။ ဝမ်ချီက လက်ဖဝါးများကို တင်းတင်းဆုပ်ကိုင်ပြီး တောင့်တင်းသော ခြေလှမ်းများဖြင့် ရှစ်ယဲ့အနားသို့ လျှောက်သွားခဲ့သည်။
ရှစ်ယဲ့အရှေ့တွင် ရပ်လိုက်ပြီး အလင်းရောင်နှင့် အရိပ်ကြားတွင် နစ်မြုပ်နေသော ရှစ်ယဲ့၏ မျက်နှာကို မော့ကြည့်လိုက်သည်။
ရှစ်ယဲ့က သူ့ထက် ပို၍ ယအရပ်မြင့်ပြီး မျက်လုံးများကို ငုံ့ကြည့်သည့်အချိန်တွင် ကောင်းကင်ဘုံက နတ်ဘုရားက မြေပြင်ထက်ရှိ သတ္တဝါတို့ကို ငုံ့ကြည့်သကဲ့သို့ ဖြစ်နေ၏။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်နေသော်လည်း သူတို့ကြားတွင်မူ ဖော်ပြ၍မရနိုင်သော ကွာဟမှုကြီးတစ်ခု ရှိနေသကဲ့သို့ ဖြစ်နေသည်။
ဝမ်ချီက ဖိအားတစ်ခုကို ခံစားလိုက်ရပြီး မသိစိတ်မှ နောက်သို့ ဆုတ်သွားသည်။
ရှစ်ယဲ့က ဝမ်ချီ၏လှုပ်ရှားမှုကို သတိပြုမိပြီး မျက်လုံးများ အနည်းငယ် မည်းမှောင်သွားသော်လည်း ထိုမကျေနပ်မှုကို ထုတ်မပြဘဲ ဝမ်ချီကို သူ့ဘက်လှည့်ရန်သာ ပြောသည်။
"ဒီဘက်လှည့်…”
ဝမ်ချီက ရှစ်ယဲ့ ဘာလုပ်မည်ကို မသိသောကြောင့် အလွန် ကြောက်ရွံ့နေ၍ အမိန့်ကိုနာခံပြီး ရှစ်ယဲ့ဘက်သို့ လှည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် လက်တစ်ဖက်က သူ့ဆံပင်များကို လာရောက်ကိုင်တွယ်သည်ကို ဝမ်ချီ ခံစားလိုက်ရသည်။
ရှစ်ယဲ့၏ လှုပ်ရှားမှုက အလွန်ညင်သာပြီး သူ၏ အေးစက်သော လက်ချောင်းများက ဝမ်ချီ၏ နားရွက်များကို ရံဖန်ရံခါ လာရောက်ထိနေသည်။
ဝမ်ချီ၏ ထင်ယောင်ထင်မှားဖြစ်ခြင်း ဟုတ်မဟုတ် မသေချာသော်လည်း ရှစ်ယဲ့၏ လက်ဖဝါးတွင် အပူလှိုင်းများ ဖြာထွက်နေပြီး ထိုလှိုင်းများက သူ့ဆံပင်အရင်းမှ အဖျားအထိ ကူးသန်းနေသည်။
မကြာမီအတွင် ဝမ်ချီက သူ့ ဆံပင်များ ယခင်ကကဲ့သို့ မစိုစွတ်တော့သည်ကို ခံစားလိုက်ရသည်။
ဝမ်ချီ အံ့ဩသွားတော့သည်။
ရှစ်ယဲ့၏ ကိုယ်ခံပညာအတွင်းအားက အံ့ဖွယ်ကောင်းကြောင်း ဝမ်ချီသိသော်လည်း တစ်နေ့တွင် ရှစ်ယဲ့က ထိုအတွင်းအားတို့အား ဆံပင်ခြောက်စက်အဖြစ် အသုံးပြုမည်ဟု သူ မထင်ခဲ့ပေ။
ဝမ်ချီက ဆံပင်များကို အလျင်အမြန် လက်ဖြင့် ထိကိုင်လိုက်ပြီး ဆံပင်က ခြောက်လုနီးပါး ဖြစ်နေသောကြောင့် စိတ်လှုပ်ရှား၍ အံ့အားတကြီး ချီးကျူးလိုက်သည်။
“ဝိုး… အရှင့်သားက အရမ်းတော်တာပဲ…”
စကားမဆုံးမီ ဝမ်ချီက အသိပြန်ဝင်ပြီး လျင်မြန်စွာ ပါးစပ်ပိတ်လိုက်သည်။
ဝမ်ချီ့ မျက်လုံးများက ရှစ်ယဲ့ဘက်သို့ မသိမသာ ခိုးကြည့်လိုက်သောအချိန်တွင် ရှစ်ယဲ့က လက်ဖြင့် ဝမ်ချီ့ နားရွက်ကို လာရောက်ထိနေသည်ကို တွေ့လိုက်ရသည်။
ရှစ်ယဲ့က ဝမ်ချီနားသို့ တိုးကပ်လာပြီး သူ၏ ပူနွေးသော ထွက်သက်က ဝမ်ချီ့နားနှင့် လည်ပင်းကို လာရောက်ထိနေသောကြောင့် အလွန်ယားယံလာပြီး ရယ်ချင်လာသည်။
ဝမ်ချီက ခေါင်းကို တစ်ဖက်သို့ ရှောင်လိုက်ပြီး ပြောသည်။
“အရှင့်သား…”
ရှစ်ယဲ့က ဝမ်ချီ့နားရွက်ကို ဆွဲညှစ်ပြီးပြောသည်။
"မင်းနားရွက်တွေ အရမ်းနီနေတယ်…"
သူက ဝမ်ချီ့နားရွက် ပူခြစ်နေသည်ကို လက်ချောင်းများမှ တစ်ဆင့်ခံစားမိပြီး ထပ်ပြောသည်။
“ပြီးတော့ အရမ်းလည်းပူနေတယ်…”
ငါတို့ ဒီလောက်နီးကပ်နေမှတော့ မပူဘဲနေမလား…
ဝမ်ချီ ယခင်က ရှစ်ယဲ့ကို အလွန်ကြောက်သော်လည်း ယခုအချိန်တွင်မူ အနေရခက်မှုနှင့် ရှက်ရွံ့မှုကိုသာ ခံစားရသည်။
ရှစ်ယဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ နံ့သာဖြူရနံ့က လေထဲတွင် ရောနှောပြီး ဝမ်ချီကို ဖုံးလွှမ်းထားသည်။
ဝမ်ချီက ခေါင်းကို ငုံ့လိုက်ပြီး ရှစ်ယဲ့၏ လက်မှ ရုန်းထွက်လိုက်သည်။ ဝမ်ချီက အဝတ်များကို လက်ချောင်းထိပ်နှင့် လိမ်ဆွဲပြီး စိတ်မသက်မသာဖြင့် တိုးတိုးပြောသည်။
"ရေနွေးစိမ်ထားတာ အရမ်းကြာသွားတော့ နည်းနည်းပူနေတာ… အရှင့်သား တခြား ဘာမှလုပ်စရာမရှိတော့ရင် ကျွန်တော်အရင် အပြင်ထွက်ပြီး လေညှင်းခံလိုက်အုံးမယ်…”
ရှစ်ယဲ့က ဝမ်ချီပြောသည့် အရှေ့တစ်ခွန်းကို လျစ်လျူရှုပြီး နောက်တစ်ခွန်းကိုသာ မေးမြန်းသည်။
"လေညှင်းခံချင်လို့လား…"
ဝမ်ချီက ထိုငရဲခန်းမှ တတ်နိုင်သမျှ အလျင်အမြန် ထွက်သွားချင်သောကြောင့် ရှစ်ယဲ့၏ အမေးကို ကြားလိုက်သည်နှင့် မတွေးတောဘဲ ဖြေလိုက်သည်။
“ဟုတ်ကဲ့…”
ဝမ်ချီထံမှ အဖြေရသည်နှင့် ရှစ်ယဲ့က ရုတ်တရက် ခါးကိုင်းပြီး ဝမ်ချီကို ဆွဲမ၍ပွေ့ဖက်လိုက်သည်။
ဝမ်ချီက ရှစ်ယဲ့၏ ရုတ်တရက်ဆန်မှုကြောင့် အလွန်ထိတ်လန့်သွားပြီး နှလုံးခုန်မြန်လာသည်။ ဝမ်ချီက ကျင့်ဝတ်ထုံးတမ်းများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရှစ်ယဲ့ပခုံးကို ရိုက်ပုတ်ပြီး အော်ဟစ်လာသည်။
“ဟေ့ မင်း ဘာလုပ်မလို့လဲ… ငါ့ကို အောက်ပြန်ချပေး…"
ရှစ်ယဲ့က သူ့ကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ပြောသည်။
“မင်းပဲ လေညှင်းသွားခံချင်လို့ဆို ပန်ကုန်းက မင်းကို ခေါ်သွားပေးမလို့လေ…"
ဝမ်ချီက အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး ထိတ်လန့်တကြားနှင့် တားသည်။
“ခဏလေး... ကျွန်တော်ပြောခဲ့တာက ကျွန်တော်တစ်ယောက်တည်း လေညှင်းသွားခံချင်တယ်လို့ ဆိုလိုတာ…”
“ပန်ကုန်း မင်းကို ခေါ်သွားပေးမယ်…"
ရှစ်ယဲ့က ထိုသို့ပြောပြီးသည်နှင့် ဝမ်ချီကို လက်မောင်းကြားထဲတွင် ပွေ့ဖက်ပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။
ရေချိုးခန်းအပြင်ဘက်တွင် မိန်းမစိုးကျိုးက သစ္စာရှိစွာ စောင့်ကြပ်နေဆဲဖြစ်သည်။ မိန်းမစိုးကျိုးလည်း ရှစ်ယဲ့က ရင်ခွင်ထဲတွင် ဝမ်ချီကိုချီပြီး ထွက်လာသည်ကို ရုတ်တရက် မြင်လိုက်ရသောအချိန်တွင် ထိတ်လန့်သွားပြီး ခေါင်းကို အမြန်ငုံ့လိုက်သည်။
ဝမ်ချီက မိန်းမစိုးကျိုး၏ တည်ရှိမှုကို သတိပြုမိပြီးနောက် သူ့မျက်နှာမှာ အလွန်နီရဲနေပြီး မိန်းမစိုးကျိုးကို မကြည့်မိစေရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။
"အရှင့်သား နောက်ကျနေပြီမို့ အိပ်ဆောင်ဝင်သင့်ပါပြီ…”
မိန်းမစိုးကျိုးက လျှောက်တင်လိုက်သည်။
ရှစ်ယဲ့က ကြားဖြတ်ပြောသည်။
“မိန်းမစိုးကျိုး သွားပြီး အနားယူတော့… ပန်ကုန်းအတွက် စိတ်မပူနဲ့…"
မိိန်းမစိုးကျိုးက အံ့အားသင့်သွားပြီး ထပ်လျှောက်တင်သည်။
“ဒါပေမယ့် အရှင့်သား…"
ရှစ်ယဲ့က မိန်းမစိုးကျိုး၏ လျှောက်တင်ချက်ကို ဆုံးသည့်အထိ နားမထောင်ဘဲ လှေကားထစ်များကို ဆင်းပြီးနောက် အတွင်းအားသုံး၍ လေပေါ်ပျံတက်သွားသည်။
ရှစ်ယဲ့၏ ကိုယ့်ဖော့ပညာက အလွန်ကောင်းသည်။ ညသန်းခေါင်တွင် အသံမထွက်ဘဲ ရွေ့လျားနိုင်ပြီး အရှိန်ကလည်း လျင်မြန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ချီ မိန်းမစိုးကျိုးကို မမြင်ရတော့ချေ။
ဝမ်ချီက ရေချိုးပြီးခါစဖြစ်သောကြောင့် မျက်နှာပေါ်သို့ တိုက်ခတ်လာသော ညလေမှာ အနည်းငယ် အေးနေသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး သွားများကို အံကြိတ်၍ သည်းခံသော်လည်း နောက်ဆုံးတွင် အေးလွန်းသောကြောင့် ရှစ်ယဲ့ဘက်သို့ ခေါင်းလှည့်ပြီး မျက်နှာကို ရှစ်ယဲ့၏ ရင်ခွင်ထဲတွင် ဝှက်ထားလိုက်သည်။
ထို့နောက် ရှစ်ယဲ့၏ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းလာသည်ကို ဝမ်ချီ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ဝမ်ချီက ရှစ်ယဲ့၏ ပြောင်းလဲမှုကို သတိမထားမိသကဲ့သို့ ဟန်ဆောင်ပြီး ထိုအေးစိမ့်သော ညလေထံမှ ရှောင်ရှားနိုင်ရန် အတတ်နိုင်ဆုံးကျုံ့ပြီး ရှစ်ယဲ့၏ ရင်ခွင်ထဲ ဝင်နေသည်။
ရှစ်ယဲ့က ဝမ်ချီ၏ ထိုသေးငယ်သော လှုပ်ရှားမှုကို သတိပြုမိပုံရပြီး တဖြည်းဖြည်း အရှိန်မြှင့်ပျံသန်းလိုက်သည်။
ဝမ်ချီက ရှစ်ယဲ့၏ ခန္ဓာကိုယ်ပေါ်မှ ဆင်းလိုက်သည့်အချိန်၌ သူတို့နှစ်ယောက် နန်းတော်ခေါင်မိုးပေါ်တွင် ရောက်နေသည်ကို သိလိုက်ရသည်။ ခေါင်မိုးက ကုန်းစောင်းတစ်ခုကဲ့သို့ လျှောဆင်းနေပြီး ဂရုမစိုက်ပါက အောက်သို့ ပြုတ်ကျသွားနိုင်သည်။
ဝမ်ချီက ကိုယ်ဖော့ပညာလည်း မတတ်သောကြောင့် ဤ မညီညာသော ခေါင်မိုးပေါ်တွင် ကောင်းကောင်း မရပ်နိုင်ပေ။ ထိုကြောင့် ရှစ်ယဲ့၏ ရင်ဘတ်ပေါ်မှ အဝတ်များကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနိုင်သည်။
ဝမ်ချီ၏ မျက်နှာက လေအေးများကြား ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာလည်း တခိုက်ခိုက် တုန်ရီနေသည်။ ဝမ်ချီက ရှစ်ယဲ့၏ လက်မောင်းကို ဆုပ်ကိုင်ပြီး ပြောသည်။
“အရှင့်သား… ကျွန်တော်တို့ ဘာလို့ ဒီကိုလာတာလဲ…ဒီမှာ အရမ်းအန္တရာယ်များတယ်…”
ရှစ်ယဲ့က ဝမ်ချီ မတ်တပ်ရပ်နိုင်ရန် ခါးကိုဖက်ထားပြီး ထိန်းပေးရင်း ပြန်ဖြေသည်။
“မင်းပဲ အပြင်ထွက်ပြီး လေညှင်းခံချင်တယ်ဆို…”
ထိုအဖြေကိုကြားပြီး ဝမ်ချီက ဒေါသတကြီးဖြင့် စိတ်လောစွာ ပြောသည်။
“လေညှင်းခံချင်တယ်လို့ပဲ ပြောတာလေ… ဒီခေါင်မိုးပေါ်ကို လာချင်တယ်လို့မှ မပြောတာ… မတော်တဆ ပြုတ်ကျရင် အသက်ပါ သေသွားနိုင်တာကို…”
ရှစ်ယဲ့က ရုတ်တရက် ရယ်လိုက်သည်။ သူ့ရယ်သံက လေတိုးသံကြားတွင် အနည်းငယ် ဆူနေသော်လည်း ဝမ်ချီ၏ နားထဲသို့ ရောက်လာသောအချိန်တွင် အလွန်ပင် နားဝင်ချိုလှသည်။
ခွေးမင်းသားက အမာရွတ်များကြောင့် မျက်နှာက ကြည့်ရဆိုးသော်လည်း သူ့အသံကမူ အလွန် ဆွဲဆောင်မှုရှိသည်။ ရှစ်ယဲ့ကဲ့သို့ အသံရှတတနှင့် red flag type က ယခုခေတ်တွင်သာဆိုလျှင် မိန်းကလေးများစွာကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။
"စိတ်မပူပါနဲ့ ငါမင်းကို ကာကွယ်ပေးမှာပါ မင်းကို ပြုတ်ကျခွင့်ပေးမှာ မဟုတ်ဘူး.."
ရှစ်ယဲ့က ပြောသည်။
ထိုအချိန်တွင် ဝမ်ချီက ရှစ်ယဲ့၏ အသံကို ဆက်၍ချီးကျုးလိုစိတ် မရှိတော့ဘဲ ခေါင်းကို ခါယမ်းလိုက်ပြီး ငြင်းဆိုသည်။
“အရှင့်သား.. ကျွန်တော် ဒီနေရာမှာတော့ လေညှင်းမခံချင်ဘူးမို့ ကျေးဇူးပြုပြီး အောက်ကို ပြန်ချပေးပါလား…”
ရှစ်ယဲ့က ဝမ်ချီ၏ ငြင်းဆန်နေသော အသွင်အပြင်ကို မြင်သောအချိန်တွင် မူလကပင် ကွေးညွှတ်နေသည့် နှုတ်ခမ်းထောင့်များက ပို၍ အောက်သို့ တွန့်ကွေးသွားသည်။ သူက ဝမ်ချီ၏ခါးကို သိုင်းဖက်ထားသော လက်ကို ဖြေလျှော့ပြီး အေးစက်စွာ ပြောသည်။
"မင်းဆင်းချင်ရင်ဆင်း…ပန်ကုန်းက မင်းကို တားမှာမဟုတ်ဘူး…”
“ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်း မဆင်းတတ်ဘူးလေ..."
ဝမ်ချီက အလောတကြီး ပြောသည်။ ထိုအချိန်တွင် သူ့၏ ညာခြေထောက်က ရုတ်တရက် ချော်သွားပြီး ခန္ဓာကိုယ်က ညာဘက်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သူက အလွန်ထိတ်လန့်သွား၍ ရှစ်ယဲ့၏ အဝတ်အစားများကို အလျင်အမြန် ဆွဲကိုင်လိုက်ပြီး အော်လိုက်သည်။
"ရှစ်ယဲ့…”
ရှစ်ယဲ့က ဝမ်ချီလက်ကို အားထည့်ပြီး လှမ်းဆွဲလိုက်သည်။
ဝမ်ချီက ရှစ်ယဲ့ ဆောင့်ဆွဲသည့်နောက် ပါသွားပြီး နောက်တစ်ကြိမ် ပွေ့ဖက်ခံလိုက်ရသည်။ သူ့မျက်နှာက ရှစ်ယဲ့၏ ရင်ဘက်ကို သွားရောက်ထိမိပြီး လက်များက ရှစ်ယဲ့၏ ပါးလွှာသောခါးကို သွားရောက် ဖက်တွယ်ထားမိသည်။ သူ့တစ်ကိုယ်လုံးက ရှစ်ယဲ့၏ ခန္ဓာကိုယ်တွင် တွယ်ကပ်ထားပြီး ခိုအားလားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ခေတ္တခဏအကြာတွင် ရှစ်ယဲ့က နက်ရှိုင်းသော အသံဖြင့် ဝမ်ချီ့ခေါင်းထက်မှ ပြောလာသည်။
“ပန်ကုန်း မင်းဘေးနားရှိတယ်…”
ဝမ်ချီက အလွန်ထိတ်လန့်သွားပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ် လွင့်ထွက်လုနီးပါး ဖြစ်သွားသည်။ ဝမ်ချီလည်း ရှစ်ယဲ့အပေါ် ထားရှိသည့် ကြောက်ရွံ့မှုကို လျစ်လျူရှုပြီး ရှစ်ယဲ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ သူက လေတိုက်သံအပြင် နှလုံးခုန်သံကိုလည်း ပြင်းထန်စွာ ကြားနေရသည်။
ဒုတ်…ဒုတ်…ဒုတ်…
သူ့လည်ချောင်းထဲမှ ခုန်ထွက်လာတော့မည့်ကဲ့သို့ တဒုတ်ဒုတ် ခုန်နေသည်။
ထိုအချိန်တွင် ရှစ်ယဲ့၏ အေးစက်သော လက်ချောင်းထိပ်များက သူ့မေးစေ့ကို ဖိကိုင်၍ ခေါင်းကို လှည့်စေပြီး ပြောသည်။
“ဟိုဘက်ကိုကြည့်…”
ဝမ်ချီက ရှစ်ယဲ့ ညွှန်ပြသည့်ဘက်ကို ကြည့်လိုက်သည်။ ဝမ်ချီတို့က နန်းတော်တစ်ခုလုံး၏ အမြင့်ဆုံးနေရာတွင် ရပ်နေခြင်းဖြစ်ကြောင်း သိလိုက်သည်။ နန်းတော်က အုံ့ဆိုင်းနေ၍ မှောင်မိုက်သောပင်လယ်ထဲတွင် နစ်မြှုပ်နေသော်လည်း နန်းတော်၏ထောင့်တိုင်းတွင် ကြယ်များကဲ့သို့ တဖျတ်ဖျတ်တောက်ပနေသည့် အလင်းအစက်များဖြင့် ဝန်းရံထားသည်။
အပေါ်စီးမှ အောက်ကို ငုံ့ကြည့်လိုက်သောအချိန်တွင် မြင်ကွင်းက အလွန် စွဲမက်စရာကောင်းလှသည်။
ယခုကဲ့သို့ မြင်ကွင်းမျိုး ယခင်က တစ်ကြိမ်မှ မမြင်ဖူးသော ဝမ်ချီက အလွန်စိတ်လှုပ်ရှားသွားပြီး ရှစ်ယဲ့၏ အဝတ်များကို ဆုပ်ကိုင်ထားသော လက်များ ပြေလျော့သွားသည်ကိုပင် သတိမထားမိတော့ဘဲ ပါးစပ်အနည်းငယ်ဟကာ အံ့အားသင့်၍ ပျော်ရွှင်နေသည်။
"အခုလိုမျိုး နန်းတော်ကို အပေါ်စီးကနေ မြင်ဖူးတာ ဒါပထမဆုံးပဲ…"
ဝမ်ချီက စိတ်လှုပ်ရှားစွာ ရွေရွတ်သည်။ ရင်ထဲမှာ ကြောက်ရွံ့မှုများမှာ မျက်စိရှေ့က ရှု့ခင်းကြောင့် လွင့်စင်သွားခဲ့ပြီး ရဲဝင့်စွာဖြင့် ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်သည်။
သူက ပေကျင်းတွင် နှစ်အတော်ကြာ နေထိုင်ခဲ့သော်လည်း Forbidden city သို့ မရောက်ဖူးပေ။ ကျောင်းသားဘဝက ပိုက်ဆံနှင့်အချိန်မရှိ၍ မသွားနိုင်ခဲ့ချေ။ ဝမ်ချီက အားလပ်ရက်များတွင် ကျူရှင်စရိတ်နှင့် စားဝတ်နေရေးအတွက် ဆိုင်မျိုးစုံတွင် အချိန်ပိုင်း အလုပ်လုပ်ခဲ့ရသည်။ နောက်ပိုင်း အလုပ်ဝင်သည့်အချိန်တွင် ဝင်ငွေအနည်းငယ် ရရှိခဲ့သော်လည်း တစ်နေ့တာလုံး အလုပ်များနေခဲ့ပြီး အချိန်မရှိတော့ပေ။
ဤအခြေအနေမျိုးတွင် နန်းတော်တစ်ခုလုံးကို ပထမဆုံးအကြိမ် အပေါ်စီးမှ ကြည့်ခွင့်ရခဲ့မည်ဟု မထင်မှတ်ထားချေ။
ဝမ်ချီ စိတ်အားထက်သန်စွာ ကြည့်နေသည့်အချိန်တွင် ရှစ်ယဲ့က ဝမ်ချီခါးပေါ်တွင် ဖက်ထားသော လက်ကိုဖယ်လိုက်ပြီး ခေါင်မိုးပေါ်တွင် ထိုင်ချလိုက်သည်။ ဝမ်ချီ အသိပြန်ဝင်လာသောအချိန်၌ ညသန်းခေါင်တွင် သူ တစ်ယောက်တည်း ရပ်နေပြီး ရှစ်ယဲ့က သူ့နှင့် မနီးမဝေး နှစ်မီတာ သို့မဟုတ် သုံးမီတာခန့်အကွာတွင် ထိုင်နေသည်ကို သတိထားမိသွားသည်။
ဝမ်ချီက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
“ရှစ်ယဲ့…”
ရှစ်ယဲ့က သူ့ဘက်သို့ လှည့်ကြည့်သည်။ ရှစ်ယဲ့၏ ရှည်လျားသော အနက်ရောင်ဆံပင်များက ညလေဒဏ်ကြောင့် ရှုပ်ပွနေပြီး မျက်နှာတစ်ဝက်က မီးလောင်ဒဏ်ရာများဖြင့် ဖုံးအုပ်ထား၍ ကျန်တစ်ဝက်မှာမူ ညနတ်သားကဲ့သို့ ဆွဲဆောင်မှုရှိပြီး ဝမ်ချီ အကြည့်မလွှဲနိုင် ဖြစ်နေသည်။
"ဒီနားကိုလာ…"
ရှစ်ယဲ့က ညင်သာစွာ ပြုံးပြီးပြောသည်။ ထိုခဏတွင် ကမ္ဘာပေါ်ရှိ နှင်းဆီပန်းများအားလုံး ပွင့်လန်းသွားတော့သည်။
သူက လက်ဝှေ့ယမ်းပြီး ဝမ်ချီကို နှစ်သိမ့်သည်။
"မကြောက်ပါနဲ့…ဟန်ချက်ထိန်းထားနိုင်ရင် ရပ်ဖို့က လွယ်လွယ်လေးပါ…”
ဝမ်ချီက ရှစ်ယဲ့ သူ့ကို လာရောက်ခေါ်ရန် စိတ်ကူးမရှိသည်ကို သိလိုက်ပြီး အသက်ပြင်းပြင်းရှူ၍ ရှစ်ယဲ့နားသို့ လျှောက်သွားသည်။
သို့သော်လည်း အထူးသဖြင့် ညလေများ တိုက်ခတ်နေသောကြောင့် ဝမ်ချီအတွက် ဟန်ချက်ထိန်းရန် အလွန်ခက်သည်။ လက်နှစ်ဖက်ကို ဆန့်တန်း၍ ခြေလှမ်းနှစ်လှမ်း၊ သုံးလှမ်းလောက် လှမ်းလိုက်ရုံဖြင့် ခြေချော်ပြီး တစ်ကိုယ်လုံး ပြုတ်ကျသွားသည်။
ဝမ်ချီက တံစက်မြိတ်တလျှောက် လိမ့်ကျသွားကာ အရှိန်ပြင်းသောကြောင့် မျက်လုံးများပင် မဖွင့်နိုင်တော့ဘဲ အဆုံးသတ်တွင် ခေါင်မိုးပေါ်မှ ပြုတ်ကျသွားသည်။
ဝမ်ချီ အောက်သို့ ပြုတ်ကျသွားသောအချိန်တွင် ပြင်းထန်စွာ ခုန်နေသော နှလုံးခုန်သံက ရင်ဘတ်ထဲမှ ပေါက်ကွဲလုလုနီးပါး ခံစားလိုက်ရသည်။
အကူအညီတောင်းရန် ပါးစပ်ဟလိုက်သော်လည်း အေးစက်သောလေက သူ့ပါးစပ်ထဲသို့ တိုးဝင်လာသဖြင့် အသံမထွက်နိုင်ပေ။
ဝမ်ချီက စိတ်အားငယ်သွားပြီး မျက်ဝန်းထဲတွင်ကြောက်လန့်၍ ကျလာသော မျက်ရည်များနှင့် ပြည့်နေ၍ မျက်လုံးများက အပေါ်သို့ မျှော်လင့်တကြီး ကြည့်နေသည်။ သူ့ကိုယ်သူ သေဆုံးမည့်နည်းလမ်းများ စိတ်ကူးဖူးသော်လည်း ယခုကဲ့သို့ ခေါင်းမိုးပေါ်မှ ပြုတ်ကျပြီး သေသွားလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးခဲ့မိချေ။
ဝမ်ချီက ခေါင်မိုးစွန်းတွင် ရှစ်ယဲ့ပေါ်လာသည်ကို ယောင်ဝါးဝါးမြင်လိုက်ရသည်။ ရှစ်ယဲ့က သူ ပြုတ်ကျသွားသည်ကို ငုံ့ကြည့်ပြီးနောက် သူ့နောက်မှ လိုက်ပြီး ခုန်ဆင်းလာသည်။
💮💮💮