💮Chapter 56
ဝမ်ချီက စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးမှိတ်ထားပြီး သေခြင်းတရားကို စောင့်ဆိုင်းနေခဲ့သည်။
သူ့ခန္ဓာကိုယ်က အရှိန်နှုန်းမြန်မြန်ဖြင့် အောက်သို့ ပြုတ်ကျနေသည်ကို ခံစားရသည်။ မြေပြင်ပေါ်သို့ ပြုတ်ကျသည့်အချိန်တွင် ဖန်ကွဲစကဲ့သို့ ကျိုးကြေသွားမည်ကို စိုးရိမ်နေ၏။ အပိုင်းပိုင်းကျိုးသွားပါက မည်မျှပင် နာကျင်မည်ကို သူ မသိချေ။
သူက နာကျင်မည်ကို ကြောက်ပြီး သေရမည်ကိုလည်း ကြောက်ရွံ့သည်။
သို့သော်လည်း သေခြင်းတရားက ခေတ္တသာ ခံစားရမည်ဖြစ်သောကြောင့် ဤမျှ မကြောက်တော့ပေ။
မသေဆုံးမီတွင် ဝမ်ချီက ရှစ်ယဲ့ကို နောက်ဆုံးအကြိမ် မြင်ချင်သောကြောင့် မျက်လုံးများကို ခက်ခက်ခဲခဲ ကြိုးစားပြီး ဖွင့်ကြည့်လိုက်သည်။
မျက်လုံးဖွင့်ကြည့်လိုက်သည့် ထိုအချိန်တွင် ရှစ်ယဲ့က အချိန်တိုလေးအတွင်းမှာပင် သူပြုတ်ကျသွားသည့် အရှိန်ကို လိုက်မီလာပြီး လက်ဆန့်တန်းလိုက်သည်နှင့် သူ့ကို ဖမ်းဆွဲနိုင်တော့မည်ကို သိလိုက်ရသည်။
ရှစ်ယဲ့၏ခန္ဓာကိုယ်ပေါ်ကို လေပြင်းများ တိုက်ခတ်နေပြီး ဆံပင်နှင့် အဝတ်အစားများက လေထဲတွင် ပျံ့လွင့်နေသည်။ သူ့မျက်နှာက ဖြူဖျော့နေသော်လည်း မျက်နှာတွင် အမူအရာတစ်ခုမှ ထုတ်ဖော်မပြထားဘဲ ဇာမဏီမျက်ဝန်းတစ်စုံက ဝမ်ချီကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည်။
ဝမ်ချီလည်း ရှစ်ယဲ့၏ မျက်နှာကိုသာ ကြည့်နေပြီး ရုတ်တရက် သူ့နှလုံးသားထဲတွင် ရှင်သန်လိုစိတ် ပြင်းပြသော ဆန္ဒဖြစ်ပေါ်လာသည်။
ဝမ်ချီက သူ့လက်ကို အသည်းအသန် ဝှေ့ယမ်းလိုက်၍ သူ့ထံသို့ ကမ်းထားသည့် ရှစ်ယဲ့၏လက်ကို ဖမ်းဆုပ်ရန် ကြိုးစားပြီး ပြောသည်။
“ရှစ်ယဲ့…ကျွန်တော့်ကို ကယ်ပါဦး…”
ဝမ်ချီက လျင်မြန်သော နှုန်းဖြင့် အောက်သို့ ကျနေသော်လည်း ရှစ်ယဲ့က ဝမ်ချီ့အနောက်မှ လျင်မြန်စွာ လိုက်လာသည်။
ဝမ်ချီ့လက်များ ရှစ်ယဲ့၏ လက်ချောင်းထိပ်များကို ထိတော့မည့် အချိန်တွင် မထင်မှတ်ထားဘဲ ရှစ်ယဲ့က သူ့လက်ကိုရှောင်ပြီး ရုတ်တရက် လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ထိုအခိုက်အတန့်တွင် ဝမ်ချီက သူ့အကြောပိတ်ခံလိုက်ရသည်ကို ခံစားရပြီး သူ့လက်က ရှစ်ယဲ့၏ လက်ချောင်းထိပ်များနှင့် တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ရင်း သူ့နှလုံးသားက ကြောက်ရွံ့မှုများကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
အဆုံးသတ်သွားပြီ…
ဒီလိုမျိုးသေဆုံးရမှာက ငါ့ကံကြမ္မာ ဖြစ်နိုင်တယ်…
ဝမ်ချီက မျက်လုံးများကို တစ်ဖန်ပြန်မှိတ်လိုက်သည်။ မြေကြီးနှင့် ထိလုနီးပါးတွင် ရုတ်တရက် လက်တစ်ဖက်က သူ့ခါးကို ရစ်ပတ်လာပြီး စွမ်းအားအချို့က သူ့ကို လေထုအလယ်တွင် တစ်ပတ်လည်စေခဲ့သည်။
ဝမ်ချီ ဖြစ်ပျက်နေသမျှကို နားမလည်မီမှာပင် ဝုန်းခနဲ အသံတစ်ခု ကြားလိုက်ရပြီး သစ်ပင်ထိပ်ပေါ်သို့ ပြုတ်ကျသွားသည်။
၎င်းနောက်တွင် သစ်ကိုင်းကျိုးကျသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ဝမ်ချီကို ကြမ်းတမ်းမာကြောသော မြေပြင်အစား မြင့်မားပြီး ထူထပ်သော သစ်ပင်များက ဆီးကြိုနေသည်။
ဝမ်ချီက ရှစ်ယဲ့၏ ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ဖက်ထားခြင်းကို ခံရပြီး နှစ်ယောက်လုံး ထူထပ်သော အကိုင်းအခက်များကြား ပြုတ်ကျသွားသည်။
ထိုသစ်ကိုင်းများက ရှစ်ယဲ့ခန္ဓာကိုယ်ကို ကြိမ်တံကဲ့သို့ လာရောက် ထိရိုက်နေပြီး ရှစ်ယဲ့၏ လက်မောင်းများကြားတွင် ကာကွယ်ပေးခံထားရသော ဝမ်ချီမှာမူ ထိုအကိုင်းအခက်များဒဏ်မှ လွတ်ခဲ့သည်။
ဝမ်ချီက ရှစ်ယဲ့၏ ရင်ခွင်ထဲတွင် မျက်နှာကို နှစ်မြှုပ်ထားပြီး ခန္ဓာကိုယ်က ကြောက်ရွံ့မှုကြောင့် ပြင်းထန်စွာ တုန်ရီနေသည်။
သစ်ကိုင်းကျိုးကျသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် အဆုံးသတ်တွင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဝမ်ချီ မူလက စိုးရိမ်နေသကဲ့သို့ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ မရခဲ့သည့်အပြင် ခြေလက်များလည်း အကောင်းအတိုင်း ရှိသေးသည်။ သူက ထိတ်လန့်မှုကြောင့် အသက်ရှုမြန်နေသည်ကိုသာ ခံစားလိုက်ရသည်။
ဝမ်ချီ၏ မျက်လုံးများရှေ့တွင် အမှောင်ထုက ကြီးစိုးနေပြီး ရှစ်ယဲ့၏ ရင်ခွင်ထဲမှ ထွက်၍ ခေါင်းမော့လိုက်သောအချိန်တွင် သူ့ခန္ဓာကိုယ်အောက်၌ ရှစ်ယဲ့ကို ဖိထားမိကြောင်း သတိထားမိသွားသည်။
ပတ်ဝန်းကျင်တွင် မီးထွန်းထားခြင်းမရှိဘဲ ညကောင်းကင်မှ လရောင်ဖျော့ဖျော့သာ ရှိသောကြောင့် ဝမ်ချီက ပတ်ဝန်းကျင်ကို သေချာမြင်ရန် ကြိုးစားပြီး ကြည့်လိုက်ရသည်။
"ရှစ်ယဲ့…ရှစ်ယဲ့… အဆင်ပြေရဲ့လား..."
ဝမ်ချီက ရှိုက်ကြီးတငင် ငိုသံဖြင့် ပြောမိနေသည်ကိုပင် သတိမထားမိတော့ချေ။ ရှစ်ယဲ့ပေါ်မှ အမြန်ဆင်းပြီး ရှစ်ယဲ့ကို တုန်တုန်ယင်ယင်နှင့် ပွေ့ဖက်လိုက်သည်။
"တောင်းပန်ပါတယ်… ဒါ ကျွန်တော့်အမှားပါ… ပြုတ်ကျအောင် လုပ်မိတဲ့အတွက် တကယ်တောင်းပန်ပါတယ်…”
ဝမ်ချီ ပြောနေဆဲမှာပင် အလွန်ပြင်းထန်သော သွေးနံ့ကို ရလိုက်သည်။
သူက ခေါင်းငုံ့ပြီး ရှစ်ယဲ့ကို အနီးကပ်ကြည့်လိုက်သည်။ ရှစ်ယဲ့၏ လည်ပင်းနှင့်လက်များတွင် သွေးမည်းများဖြင့် ဖုံးလွှမ်းနေပြီး ရှစ်ယဲ့က အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားတာကြောင့် အဝတ်အစားတွင် သွေးများစွန်းထင်းနေလား ဆိုသည်ကိုမူ မမြင်ရချေ။
ရှစ်ယဲ့မျက်လုံးများက ပိတ်နေပြီး မျက်နှာက စက္ကူစကဲ့သို့ ဖြူဖျော့နေသည်။
“ရှစ်ယဲ့…”
ဝမ်ချီက အသက်ရှူကြပ်လုနီးပါး ရှိုက်ကြီးတငင်ငိုနေပြီး မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ သူက တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်၍ ရှစ်ယဲ့ကို ကျောပိုးရန် ကြိုးစားလိုက်သည်။
“ခဏတောင့်ခံထားပါဦး…ကျွန်တော်တို့ မိန်းမစိုးကျိုးကို သွားရှာမယ်နော်…”
သူ့လက်များက ရှစ်ယဲ့၏အင်္ကျီကို ထိလိုက်မိသည့်အချိန်တွင် စိုရွှဲနေသည်ကို ခံစားလိုက်ရသည်။ သူ့လက်ချောင်းများပင် စိုစွတ်ပြီး စေးကပ်သွားသည်။
သူ့လက်များတွင် သွေးများဖြင့် ပြည့်နှက်နေမည်ကို မကြည့်ဘဲ သိနိုင်သည်။
ဝမ်ချီက ရှစ်ယဲ့ကို ကျောပေါ်တင်ပြီး ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းနိုင်ခဲ့သည်။ သူ့ခြေထောက်များ အားနည်းလာပြီး တစ်ဖန်လဲကျသွားသည်။
နှစ်ယောက်စလုံး မြက်ခင်းပြင်ပေါ် လဲကျသွားတော့သည်။
ဝမ်ချီက မြေပြင်မှထလိုက်ပြီး မြက်ခင်းပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသော ရှစ်ယဲ့ကို လှမ်းကြည့်လိုက်သည်။ ထိုခဏတွင် လက်ကြီးတစ်ချောင်းက သူ့လည်ပင်းကို ပြင်းပြင်းထန်ထန် ညှစ်ထားသကဲ့သို့ မွန်းကြပ်သွားတော့သည်။
“ရှစ်ယဲ့…”
ဝမ်ချီက မြက်ခင်းပြင်ပေါ်တွင် လက်ကိုအမှီပြု၍ လေးဖက်ကုန်းပြီး ရှစ်ယဲ့အနားသို့ သွားလိုက်သည်။
ရှစ်ယဲ့၏ မျက်နှာဖွေးဖွေးတွင် သွေးမည်းများ စွန်းနေပြီး လရောင်အောက်တွင် ပွင့်လန်းနေသော လှပသည့် ငရဲပန်းတစ်ပွင့်ကဲ့သို့ ဖြစ်နေသည်။ ရှစ်ယဲ့မျက်နှာပေါ်ရှိ မီးလောင်ဒဏ်ရာများက ထိုသွေးများကြား ပို၍ ကြောက်လန့်ဖွယ် ကောင်းနေသည်။
ဝမ်ချီက လက်ချောင်းထိပ်များဖြင့် ရှစ်ယဲ့၏ အသက်ရှူနှုန်းကို စမ်းသပ်လိုက်ပြီး ရှစ်ယဲ့ အသက်ရှူနေသေးသောကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။ ရှစ်ယဲ့ကို ကျောပြန်ပိုးရန် ပြင်ဆင်လိုက်သည်။
မမျှော်လင့်ဘဲ ဝမ်ချီ အနောက်လှည့်လိုက်သည့် အချိန်တွင် လက်တစ်ဖက်က သူ့နောက်ကို ရုတ်တရက် သိုင်းဖက်လာသည်။
ထိုလက်များ၏ ဆွဲဖက်မှုကြောင့် ဝမ်ချီက နောက်သို့လဲကျသွားပြီး တောင့်တင်းသော ရင်ခွင်တစ်ခုထဲသို့ ပြုတ်ကျသွားသည်။ ထိုလက်တစ်စုံက ချက်ချင်းပင် သူ့ခါးကို အနောက်မှသိုင်းပြီး တင်းတင်းကြပ်ကြပ် ဖက်ထားသည်။
ဝမ်ချီ့ ခြေလက်များ တောင့်တင်းနေပြီး ခန္ဓာကိုယ်မှာမူ ထုံကျင်နေသည်။ ဝမ်ချီက ကောင်းကင်တွင် တွဲလောင်းကျနေသော လခြမ်းဖျော့ဖျော့ကို ငေးကြည့်မိနေသည်။
ဝမ်ချီက မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို သဘောပေါက်ရန် အချိန်အတော် ယူလိုက်ရပြီး သတိကြီးစွာဖြင့် မေးသည်။
"ရှစ်ယဲ့ မင်းသတိရပြီလား…”
ရှစ်ယဲ့က တိုးညှင်းစွာ တုံ့ပြန်သည်။ သူ့အသံမှာမူ အလွန်အားနည်းနေသည်။
ဝမ်ချီက ရှစ်ယဲ့ခန္ဓာကိုယ်ပေါ် ဖိထားမိသည်ကို သတိရပြီး အောက်ပြန်ဆင်းရန် ကြိုးစားလိုက်သည်။
“ အဆင်ပြေရဲ့လား… မင်းကို ကုန်းပိုးသွားပေးမယ်…”
ဝမ်ချီ စကားဆုံးအောင်ပင် မပြောလိုက်ရချေ။
ဝမ်ချီ့ခါးကို သိုင်းဖက်ထားသည့် လက်တစ်စုံက ရုတ်ချည်း ခွန်အားများ တိုးလာပြီး ပို၍ တင်းတင်းကြပ်ကြပ် ဖက်လာသည်။ ထိုအချိန်မှာပင် ရှစ်ယဲ့က ဝမ်ချီ့နားနားသို့ ကပ်ပြီး ခပ်တိုးတိုးပြောသည်။
“မင်း လျှောက်ပြီး မရုန်းကန်နေသရွေ့ ပန်ကုန်း အဆင်ပြေတယ်…”
“…”
ရှစ်ယဲ့ ထိုသို့ ပြောသည်ကို ကြားပြီးနောက် ဝမ်ချီက သူ့လုပ်ရပ်များကြောင့် ရှစ်ယဲ့ မတော်တဆ ထပ်ပြီးထိခိုက်မိမည်ကို စိုးရိမ်သောကြောင့် လှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်လိုက်သည်။
နှစ်ယောက်သား မြက်ခင်းပြင်ပေါ်တွင် ထပ်လျက်သား လှဲလှောင်းနေသည်။
ဝမ်ချီက ထိုအနေအထားဖြင့် ဆက်ပြီး မနေနိုင်တော့ချေ။ ယခုအချိန်တွင် ဝမ်ချီက ရှစ်ယဲ့ကို သူ့ခန္ဓာကိုယ်အောက်တွင် မွေ့ရာတစ်ခုကဲ့သို့ လုံးလုံးလျားလျား ဖိထားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ရှစ်ယဲ့ပေါ်တွင် ရောက်နေပြီး သူ့တစ်ကိုယ်လုံး အလေးချိန်ဖြင့် ရှစ်ယဲ့ကို ဖိထားသကဲ့သို့ ဖြစ်နေသည်။
ထို့အပြင် ရှစ်ယဲ့မှာလည်း ဒဏ်ရာရနေသေးသည်။
ဝမ်ချီက သူ့ခန္ဓာကိုယ်ကို ဘေးဘက်သို့ အလွန်ညင်သာစွာ ရွှေ့ရင်း ရှစ်ယဲ့ကို မေးသည်။
"ရှစ်ယဲ့…မင်း လှုပ်ရှားဖို့ အဆင်ပြေပြီလား… နန်းတော်ကို အမြန်ပြန်ကြရအောင်လေ…မင်းဒဏ်ရာက အရမ်းပြင်းထန်ပြီး သွေးတွေအများကြီးထွက်နေတာ…”
ရှစ်ယဲ့က လေသံအေးအေးဖြင့် ပြတ်ပြတ်သားသား ပြောသည်။
“ငါ အဆင်ပြေပါတယ်…”
ဝမ်ချီက ရှစ်ယဲ့ ဂရုမစိုက်သည်ကို အခွင့်ကောင်းယူပြီး ရှစ်ယဲ့ လက်များကို ဆွဲဖြုတ်၍ သူ့ရင်ခွင်ထဲမှ လှိမ့်ထွက်လိုက်ပြီး ရှစ်ယဲ့ လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ကျောပိုးရန် ကြိုးစားသည်။
သို့သော်လည်း ရှစ်ယဲ့က ဝမ်ချီကို အခွင့်အရေးမပေးဘဲ ဝမ်ချီ၏ လက်ကောက်ဝတ်ကို ကြမ်းတမ်းစွာ ဖမ်းဆုပ်လိုက်ပြီး ရင်ခွင်ထဲသို့ ပြန်ဆွဲသွင်းလိုက်သည်။
ဝမ်ချီ ရှစ်ယဲ့ကိုယ်ပေါ်သို့ ထပ်မံလဲကျသွားသည်။ သူ တကယ်ကို စိုးရိမ်ပြီး ဒေါသထွက်နေခဲ့သည်။ သူက ရှစ်ယဲ့ ကိုယ်ပေါ်မှ ရုန်းထရန် ကြိုးစားသော်လည်း ရှစ်ယဲ့က သူ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
"ရှစ်ယဲ့…ဒီအချိန်က မင်း အရူးထရမဲ့ အချိန်မဟုတ်ဘူး…”
ဝမ်ချီက ဒေါသတကြီးဖြင့် ပြောသည်။
ရှစ်ယဲ့က အားနည်းနေသေးပုံရပြီး သူ၏ အနက်ရောင် မျက်လုံးများက မဟူရာကျောက်ကဲ့သို့ လှပနေသည်။ သူက ဝမ်ချီကို စိုက်ကြည့်ပြီး မေးသည်။
“မင်း ပန်ကုန်းကို ဘယ်လိုပြန်ခေါ်သွားဖို့ စဉ်းစားထားလဲ… ဒီနေရာက အရှေ့နန်းတော် မဟုတ်ဘူး.. ဧကရာဇ် ဥယျာဉ်ရဲ့အနောက်ဘက်ကို ရောက်နေတာ … တခြားသူတွေနဲ့တွေ့ရင် မင်း သူတို့ကို ဘယ်လိုရှင်းပြမှာလဲ…”
ဝမ်ချီ တုံ့ဆိုင်းသွားသည်။ ထိုမေးခွန်းက သူ့ကို ဖြေရန် ခက်ခဲစေ၍ ဝမ်ချီက စဉ်းစားပြီးပြန်ဖြေသည်။
"ဒါပေမယ့်...ဒါပေမယ့် မင်းသေမှာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူးလေ…”
ရှစ်ယဲ့က သက်ပြင်းချပြီး ပြောသည်။
“ငါ သေမှာမဟုတ်ဘူး…”
ဝမ်ချီက စကားဆက်ချင်သော်လည်း ရှစ်ယဲ့က သူ့အနား လာရန် ပြောသည်။
“ဒီကိုလာခဲ့…”
ထိုစကားကို ကြားပြီး ဝမ်ချီ ခေတ္တကြောင်သွားသည်။ ဝမ်ချီက ရှစ်ယဲ့ မည်သည်ကိုဆိုလိုချင်ကြောင်း နားမလည်သော်လည်း ရှစ်ယဲ့ အမိန့်ကိုနာခံပြီး သူ့အနားသို့ လျှောက်သွားလိုက်သည်။
ရှစ်ယဲ့အနားသို့ နီးကပ်လာသည်နှင့်အမျှ ဝမ်ချီ့အရှေ့တွင်ရှိသော ရှစ်ယဲ့မှာ နေ့ရောညပါ သွေးကန်ထဲတွင် စိမ်ထားသကဲ့သို့ သွေးနံ့များ ပိုမိုပြင်းထန်လာသည်။
သို့သော်လည်း အံ့ဩစရာကောင်းသည်က ထိုသွေးနံ့များက ဝမ်ချီထင်ထားသကဲ့သို့ ရွံရှာစရာ မကောင်းဘဲ ချိုမြိန်သော ရနံ့ဖြစ်နေသည်။
ထိုရနံ့က ရှစ်ယဲ့၏ နှာခေါင်းထဲသို့ စိတ်အားထက်သန်စွာ စိမ့်ဝင်နေသည်။
ဝမ်ချီက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိသော်လည်း သူ့ရှေ့တွင် ဒဏ်ရာပြင်းထန်စွာရနေသော ရှစ်ယဲ့ကို မြင်ပြီး ထိုခံစားမှုကို လျစ်လျူရှုထားလိုက်သည်။
ရှစ်ယဲ့၏ အကြည့်များက ဝမ်ချီထံမှ မရွေ့ဘဲ နှုတ်ခမ်းကို ဖွင့်ဟပြီး ပြောသည်။
"ပန်ကုန်းကို ကြည့်… မင်းမျက်လုံးထဲ ပန်ကုန်းက သေတော့မဲ့ပုံ ပေါက်နေလို့လား…”
ဝမ်ချီလည်း စိတ်အာရုံစုစည်းလိုက်ပြီး ရှစ်ယဲ့၏ လည်ပင်းနှင့် မျက်နှာကို အနီးကပ်ကြည့်လိုက်သည်။ ရှစ်ယဲ့၏ အရေပြားက ထိုသွေးများကို ဖြည်းညှင်းစွာ ပြန်လည်စုပ်ယူနေသည်ကို ဝမ်ချီ တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။
ခေတ္တအကြာ၌ ရှစ်ယဲ့၏ အသားအရေမှာ ဒဏ်ရာအနာတရများ မရှိသောဘဲ လရောင်ဝင်းဖြာနေသည့် ဖြူစင်သော ကျောက်စိမ်းကဲ့သို့ နူးညံ့ပြီး အသွေးအရောင်ဖြင့် ပြန်လည်တောက်ပလာသည်။
ထိုအချိန်တွင် ဝမ်ချီက အလွန်တုန်လှုပ်သွားပြီး စကားမပြောနိုင်တော့ပေ။ မျက်လုံးကို ပြူးကျယ်ဖွင့်ပြီး အချိန်ကြာမြင့်စွာ စိုက်ကြည့်နေကာ တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားတော့သည်။
ဟုတ်သားပဲ… အဲ့ညက ရှစ်ယဲ့က ခန္ဓာကိုယ်ထဲက သွေးတွေကိုသုံးပြီး ငါ့ကိုကုပေးခဲ့ဖူးတာပဲ…အစက ရှစ်ယဲ့သွေးထဲမှာ ဒဏ်ရာကုသနိုင်တဲ့ အစွမ်းရှိတယ်လို့ပဲ ထင်ထားခဲ့တာ…သူ့ကိုယ်သူပါ ကုနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး…
ဝမ်ချီက ရှစ်ယဲ့၏ အဝတ်အစားများကို ထိတွေ့လိုက်ရာ ယခင်က သွေးများဖြင့် စိုရွှဲနေသောအဝတ်များ ခြောက်သွားသည်ကို ခံစားလိုက်ရသည်။
“မင်း…ဘယ်လိုလုပ်လိုက်တာလဲ…”
ဝမ်ချီက ပျော်ရမည်လား အံ့ဩရမည်လား ကို မခွဲခြားနိုင်တော့ချေ။ ဦးနှောက်ထဲတွင် အတွေးများစွာဖြင့် ပြည့်လျှံနေပြီး ပေါက်ကွဲတော့မည်ဟု ခံစားမိသည်။ ထိုအတွေးများကို ဖယ်ထုတ်ချင်သော်လည်း စိတ်ငြိမ်အောင် ကြိုးစားလေလေ ပိုစိတ်လှုပ်ရှားလေလေ ဖြစ်နေသည်။
ဝမ်ချီက သူ့စိတ်ခံစားချက် အပြောင်းအလဲကို သူကိုယ်တိုင်ပင် သတိမထားမိလိုက်ချေ။ သူ့ခန္ဓာကိုယ်ထဲတွင် မီးလုံးတစ်လုံး ပျံ့နှံ့နေသကဲ့သို့ တစ်ကိုယ်လုံး ပိုပိုပြီး ပူလာသည်ကို ခံစားလိုက်ရသည်။ သူ့မျက်လုံးများက ရှစ်ယဲ့ကို စိုက်ကြည့်နေရင်း တဖြည်းဖြည်းမှုန်ဝါးလာသည်။
“မင်းရဲ့သွေးနံ့က အရမ်းမွှေးတာပဲ…”
ရှစ်ယဲ့က ဝမ်ချီ၏ ပြောင်းလဲမှုကို သတိပြုမိသောအချိန်တွင် တစ်ခဏမျှ ထိတ်လန့်သွားပြီး ဝမ်ချီ၏လက်ကောက်ဝတ်ကို အမြန်လွှတ်လိုက်သည်။
"ဝမ်ချီ…”
ရှစ်ယဲ့၏ အသံကို ကြားဟန်မပေါ်သော ဝမ်ချီက နဂိုမူလကပင် ချောင်ကျနေသော အင်္ကျီကို ရင်ဘတ်ဖြူစွတ်စွတ် ပေါ်သည်အထိ အောက်သို့ ထပ်မံဆွဲချလိုက်သည်။ ထို့နောက် သူက ရှစ်ယဲ့၏ ခန္ဓာကိုယ်ပေါ်သို့ လှဲချလိုက်ပြီး ရှစ်ယဲ့၏ လည်ပင်းနှင့် မျက်နှာတစ်ဝိုက်ကို ခွေးကလေးတစ်ကောင်ကဲ့သို့ လိုက်လံရှုရှိုက်နေသည်။
"ရှစ်ယဲ့ မင်းကိုယ်ပေါ်က တအားမွှေးတာပဲ…"
ဝမ်ချီက ညည်းညူရင်း အသက်မပါသော မှိုင်းညို့ညို့မျက်လုံးများနှင့် ရှစ်ယဲ့ ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်နေသည်။
ရှစ်ယဲ့က ငြိမ်သက်စွာ လဲလျောင်းနေသည်။ သူကိုယ်သူ ကုသနိုင်စွမ်းရှိသော်လည်း ထိုဒဏ်ရာများကို ကုသရန် စွမ်းအားအများအပြား သုံးလိုက်ရသောကြောင့် မတ်တပ်မရပ်နိုင်ဖြစ်ပြီး လက်များသာ လှုပ်ရှားနိုင်သည်။
" ဝမ်ချီ..."
ရှစ်ယဲ့က ပုံမှန်အတိုင်း ဝမ်ချီ့မေးစေ့ကို ဆုပ်ကိုင်လိုက်ပြီး ဝမ်ချီ၏ ဗလာကျင်းနေသော မျက်လုံးများကို စူးစိုက်ကြည့်ကာ ပြောသည်။
"ဝမ်ချီ… မင်း ပန်ကုန်းနဲ့ ဝေးဝေးနေပါ..."
💮💮💮