အပိုင်း၁၆၅
Viewers 14k

Chapter 165


"တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်အရေအတွက်ကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ၊ သင်္ဂြိုဟ်သင့်တဲ့သူတွေကို သင်္ဂြိုဟ်ပြီး သူတို့ရဲ့ မိသားစုကို နှစ်သိမ့်ပေးသင့်သူတွေကို ပေးလိုက်ပါ၊ ရှင်ယုံကြည်ရတဲ့သူကို လွှတ်ဖို့ မမေ့ပါနဲ့"  


ပန်းဟွာက စစ်တပ်စခန်းမှာ အလွဲသုံးစားလုပ်မှုများ ရှိခဲ့သည်ကို သတိရမိပြီး ဆက်ပြောလေ၏။


 “အဲဒီလို အလွဲသုံးစားလုပ်ဝံ့ရင် သခင်ကို သတင်းမပို့နဲ့၊ ကျွန်မကိုယ်တိုင် ခေါင်းဖြတ်ပစ်လိုက်မယ်” 


 "ဟုတ်ကဲ့!"  တုကျိုး၏နှလုံးသား တစ်ခုလုံး ခုန်ထွက်သွားမတတ် စိတ်လှုပ်ရှားနေရ၏။


 "စစ်သူကြီး စိတ်ချပါ၊ ကျွန်တော် ဒီကိစ္စကို သေချာကိုင်တွယ်ပါမယ်"


ပန်းဟွာသည် အရှိန်ပြင်းပြင်းနှင့် ထွက်သွားသည့် တုကျိုးကို ကြည့်ပြီး သက်ပြင်းချမိ၏။ထိုအခါ သူမ နောက်က အစောင့်အမျိုးသမီးက သူမကို စိုးရိမ်တကြီး ကြည့်ပြီး မေးသည်။ 


"ကျွင်းကျူး၊ အဆင်ပြေရဲ့လား"


 ကျွင်းကျူး သည် ငယ်စဉ်ကတည်းက  စစ်သူကြီးပန်းထံမှ တပ်ဖွဲ့ဝင်များအား မည်ကဲ့သို့ ကွပ်ကဲရမည်ကို သင်ယူခဲ့သော်လည်း ယင်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဖြစ်သည်။ ထိုအချိန်တွင်ကျွင်းကျူးသည် အလွန်ငယ်သေးသည်။  စစ်မြေပြင်၏ ရက်စက်ကြမ်းကြုတ်မှုကို သူမ တွေ့ကြုံခံစားခြင်း မရှိခဲ့။ယခု သူမသည် ထိုစစ်သားများနှင့် တနေကုန်နေခဲ့သည်။ အစားအသောက်လည်း ဖြစ်သလိုစားရသလို၊အဝတ်အစားလည်း ကောင်းစွာဝတ်စား၍မရသည့်အပြင် ပိုးထည်၊ ဖဲ၊ ရွှေနှင့် ငွေလက်ဝတ်ရတနာများကိုပါ အသုံးမပြုနိုင်ပေ။  သူတို့ ကျွင်းကျူးက ဒီလိုမျိုး ဘယ်တုန်းက ကြုံဖူးလို့လဲ။


 "ပြေပါတယ်"  


ပန်းဟွာက ကုလားထိုင်ကို မှီပြီး မျက်လုံးမှိတ်ထားကာ အစောင့်အမျိုးသမီးကို  ပုခုံးများအား နှိပ်နယ်ခိုင်းသည်။


 "ကျန်းလောက ရက်စက်တယ်၊သူ့ကို မဖြုတ်ချရင် လူတွေ အေးအေးဆေးဆေး မစားနိုင် မအိပ်နိုင်ကြဘူး ဖြစ်နေမှာ"


 “ဒါပေမယ့်…” အစောင့်အမျိုးသမီးက ခဏတုံ့ဆိုင်းသွားပြီး “ ကျွန်မကတော့ ကောကုန်းအတွက် စိတ်ပူမိပါတယ်…”


 တစ်နေ့မှာ ရုံရှား တကယ် နန်းတက်ခဲ့လျှင်၊ မဖြစ်သင့်သည်များ ဖြစ်လာမှာကို စိုးရိမ်မိသည်။ကျွင်းကျူး၏ခန္ဓာကိုယ်ထဲမှာ ကျန်းမျိုးနွယ်၏ သွေးများရှိနေမှာကို ရုံရှား ကြောက်နေနိုင်သည်။  ဒါဆို ကျွင်းကျူး ဘာလုပ်သင့်လဲ။


 "ရုံရှား နဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် ခံစားချက်မရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ သူက ဧကရာဇ်ကောင်းတစ်ယောက်ပါ၊ နောက်ပြီး ပန်းမိသားစုက သူ့ကို ကောင်းကောင်းဆက်ဆံခဲ့တယ်၊ သူလည်း ပန်းမိသားစုအတွက် စေတနာထားမှာ  သေချာပါတယ်"  ပန်းဟွာက ပြုံးပြီး ဆက်ပြောသည်။


 "တခြားအရာတွေအတွက်တော့ စိုးရိမ်ဖို့စောလွန်းတယ်မလား၊ ဘဝမှာ အမြဲတမ်း အကောင်းမြင်စိတ်နဲ့ တွေးရမယ်၊မဟုတ်ရင် နေ့တိုင်း မပျော်မရွှင် နေနေရမှာ"


 "ကျွင်းကျူးက တကယ် စိတ်ထားကောင်းပြီး ပွင့်လင်းပါတယ်၊ ကျွင်းကျူး ပြောတာမှန်ပါတယ်၊ ကျွန်မ အတွေးလွန်မိပြီ"

ပန်းဟွာ၏ စကားကြောင့် အမျိုးသမီး အစောင့် ရယ်မောလိုက်၏။  


"ဒါပေမယ့် ရုံရှားက ငါ့ကိုသစ္စာဖောက်မှာကို မင်း ကြောက်နေတာ မဟုတ်လား…” 


အစောင့်အမျိုးသမီး၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူမက ခါးသီးစွာ ပြုံးကာ “ကျွင်းကျူး ကျွန်မကို ထပ်ပြီး လှည့်စားနေတာလား၊ ကျွန်မ အဲဒီလို မပြောရဲပါဘူး"


ပန်းဟွာက စိတ်ချလက်ချပြောသည်။


 "ဘာကြောက်စရာရှိလို့လဲ၊ အခုလည်း ဒီလိုပဲဖြစ်နေတာမဟုတ်ဘူးလား၊ အဆင်ပြေပါတယ်၊ တံခါးပိတ်စကားပြောနေတာကို၊ ဘယ်သူမှ သိမှာမဟုတ်ပါဘူး"


ပန်းဟွာပြောသမျှကို အမျိုးသမီး အစောင့်အားလုံး ခေါင်းညိတ် သဘောတူကြ၏။


ချင်စုန့်နယ်မြေသည် ယုံကျိုး၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး ဆင်းရဲသောခရိုင်ဖြစ်သည်။ချင်စုန့်နယ်မြေ၏ မြေမျက်နှာသွင်ပြင်မှာ မတ်စောက်ပြီး မြေဆီသြဇာ မလုံလောက်ပေ။ ထို့ကြောင့် စိုက်ပျိုးရေးထွက်ကုန် များများစားစား မရှိချေ။ ရာသီဥတုကောင်းလာသောအခါ စပါးအထွက်ကောင်းသော်လည်း ဝမ်းစာမဖြည့်နိုင်ကြချေ။  ဘေးဥပဒ် မဖြစ်အောင်သာ သင့်တော်ရုံ စားသောက်ကြရ၏။အစုအဆောင်းမကောင်းလျှင် ငတ်ပြီးသေနိုင်သည်။ 


ပန်းဟွာ ရောက်ရှိလာမှုသည် ဒေသခံပြည်သူများအား မျှော်လင့်ချက် တိုးလာစေသည်။ဤစစ်သားတွေက အိမ်များကို မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း စသည်တို့အား လူံဝ မလုပ်ပေ။ ပြည်သူတို့အတွက် ခက်ခဲသည့်အရာများအား မလုပ်ကြပေ။သူပုန်စစ်သားများသည် ပြည်သူကို တကယ်ကယ်တင်ချင်သူများပင်။


ပြည်သူအချို့က ကျောက်စိမ်းလို မထိရက်ကိုင်ရက်ချောမောသန့်စင်ပြီး ကျက်သရေရှိသော စစ်သူကြီး၏ အမည်ကို မေးကြသည်။သူသည် စစ်တပ်တွင် ဒုတိယအာဏာအရှိဆုံး ဗိုလ်ချုပ်ဖြစ်သည်ကို သိရှိပြီးနောက် အချို့သော အမျိုးကောင်းသမီးများသည် သူ့မှာ မိသားစုရှိမရှိကိုပင် မေးလာကြသည်။


 သူ လက်ထပ်ပြီးကြောင်းသိပြီးနောက် ခရိုင်အတွင်းရှိ အထင်ကရမိသားစုများဟု ယူဆကြသော မိသားစုအများအပြား စိတ်ပျက်ခဲ့ကြသည်။  သို့သော်လည်း ဆက်ဆံရေးကောင်းမွန်စေရန်အတွက် ရုံမိသားစုစစ်တပ်အား အစားအစာအချို့ကို သူတို့က လှူနေဆဲဖြစ်သည်။ယခုအချိန်တွင် ရွှေငွေသည် အစားအစာလောက် အဖိုးမတန်ပေ။ ဤအထင်ကရ မိသားစုများသည် စားနပ်ရိက္ခာလှူဒါန်း၍ ပန်းဟွာအား သမက်တော်ချင်နေကြသည်။ထို့အပြင် ဤသူပုန်တပ်သားများ တစ်ခုခုလုပ်မှာကို ကြောက်ကြ၏။ထို့ကြောင့် အကျိုးအမြတ်ပေးသည့်အနေနှင့် စားနပ်ရိက္ခာများလှူနေခြင်းပင်ဖြစ်သည်။


ပန်းဟွာသည် ရိက္ခာများကို လက်ခံရရှိပြီးနောက် မြင့်မြတ်သောမိသားစုများအား ပြောသည်။ "ဒီက ပြည်သူတွေရဲ့ စေတနာကို စစ်သားတွေရဲ နှလုံးသားထဲမှာ ရေးထွင်းထားပါတယ်၊ သစ္စာဖောက်အရာရှိတွေကို အနိုင်ယူပြီးနောက် ပြည်သူအားလုံးကို ကျေးဇူးဆပ်ပါမယ်"


 "စစ်သူကြီး သိပ်သဘောကောင်းတာပဲ၊ ကျွန်တော်တို့ မခံယူဝံ့ဘူး"


 ထင်ရှားကျော်ကြားသော မိသားစုများသည် သူမ၏ စကားများကို အလေးအနက်မထားဝံ့ကြပေ။ သူတို့က စိတ်အေးချမ်းသာမှုကို ‌ရဖို့ ငွေကုန်သွားသည်ဟုသာ တွေးခဲ့ကြသည်။


ပြည်သူများ ပြန်ပြီးသည်နှင့် နှစ်မိုင်အကွာမှာ အင်ပါယာတရားရုံး၏ စစ်တပ် ပေါ်လာကြောင်း စစ်သားတစ်ယောက်က အစီအရင်ခံသည်။

ပန်းဟွာက လေးနက်စွာ ပြောလိုက်၏။


"နောက်ဆုံးတော့ သူတို့ဒီကိုရောက်နေကြပြီ၊ လေးသမား၊ အဆင်သင့်ပြင်ထား”


 "ဟုတ်ကဲ့!"


ပန်းဟွာသည် စားပွဲပေါ်ရှိ သံခမောက်ကို ကောက်ကိုင်လိုက်ပြီး မြို့တံခါးဆီသို့ ပြေးသွားလိုက်သည်။ အင်ပါယာတရားရုံး၏ စစ်တပ်သည် အလွန်လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။ ပန်းဟွာသည် မြို့တံခါးထိပ်တွင် ရပ်ကာ အလံပေါ်တွင် ရေးထားသော "ရှစ်" ဟူသော စာလုံးကို ကြည့်လိုက်သည်။  စစ်တပ်ကို ဦးဆောင်သူမှာ ရှစ်ကျင်း ဖြစ်ပေသည်။


 "ငါက ရှစ်ကျင်းပါ၊ မင်းတို့အားလုံးကို လက်နက်ချဖို့ ဧကရာဇ်က အမိန့်ပေးထားပြီးပြီ၊ မင်းတို့ လက်မလျှော့ရင် ဧကရာဇ်တရားရုံးက  ညှာတာပေးမှာမဟုတ်ဘူး"  


ရှစ်ကျင်းသည် မြင်းစီးကာ မြို့တံခါးထိပ်တွင်ရှိသော လေးစစ်သည်များအား ကြည့်ရင်းပြောလေသည်။  သူ့နောက်က စစ်သားများသည် ဒိုင်းကို မြှောက်ပြီး သူ့ရှေ့မှာ ပိတ်ဆို့လိုက်ကြ၏။


ပန်းဟွာက မြို့ရိုးထိပ်မှာ ရပ်ပြီး ကျယ်ကျယ်လောင်လောင်ပြောသည်။


 “သစ္စာရှိပြီး ဖြောင့်မတ်တဲ့ ဗိုလ်ချုပ်ရှစ်၊ အခု တိုင်းပြည်ကြီးပြိုလဲတော့ လူတွေ အသက်မွေးဝမ်းကြောင်းပြုဖို့ လမ်းမရှိတော့ဘူး၊ ဆင်းရဲဒုက္ခတွင်းထဲ အားလုဲး ရှင်သန်နေထိုင်ကြရတယ်"


 ဤစကားများသည် ရှစ်ကျင်းကို ချီးကျူးနေပုံရသော်လည်း စကားလုံးတိုင်းသည် ကြမ်းတမ်းသည်။  ရှစ်ကျင်း၏ မျက်နှာသည် ဖြူဖျော့သွား၏။ ပြောသူက ဘယ်သူဘယ်ဝါမှန်း သိသော် သူ့မျက်နှာမှာ ဖျော့တော့သွားသည်။


 "မင်္ဂလာပါ ပန်းဟွာကျွင်းကျူး"  သူ  ရိုသေစွာ ဦးညွတ်လိုက်သည်။ 


 "ကျွင်းကျူးဟာ အင်ပါယာတရားရုံးက ခန့်အပ်ထားတဲ့ ကျွင်းကျူးပဲ၊ သူပုန်စစ်တပ်နဲ့ ဘာလို့ နွံထဲမှာ လူးနေရတာလဲ"


 "ဖုန်းနင်းဧကရာဇ်ဟာ အကြင်နာကင်းမဲ့တယ်၊ သူက ဧကရာဇ် အိမ်ရှေ့စံကို နေအိမ်အကျယ်ချုပ်ချထားခဲ့တာ၊ ကျွန်မက ဧကရာဇ် ခန့်အပ်ထားတဲ့ ကျွင်းကျူးအနေနဲ့ ဧကရာဇ်နဲ့  အိမ်ရှေ့စံတို့ကို ဒီလိုဆက်ဆံတာကို ကျွန်မ သည်းမခံနိုင်ဘူး၊ ဖုန်းနင်းဧကရာဇ်က အပြစ်မရှိဘူးဆိုရင် ဧကရာဇ်နဲ့ အိမ်ရှေ့စံကို ဘာလိုအပြင်ထွက်ခွင့်မပြုတာလဲ"


ပန်းဟွာက အမှန်အတိုင်းပြောနေမှန်း ရှစ်ကျင်း သိသည်။သို့သော်လည်း ရှစ်မိသားစု၏  ဆွေမျိုးနီးစပ် လူရာပေါင်းများစွာ၏ အသက်သည် ကျန်းလော၏ လက်ထဲတွင် ရှိနေခဲ့သည်။ သူ အမိန့်ကို လိုက်နာဖို့ကလွဲ၍ သူ့မှာ ရွေးချယ်စရာမရှိတော့ချေ။


နှစ်ဘက်တပ်သားများ စကားမပြောဖြစ်ပေ။ ဤတိတ်ဆိတ်စွာ ထိပ်တိုက်တွေ့မှုသည် တပ်မှူးများကြားက စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲဖြစ်လာသည်။ ရှစ်ကျင်းသည် အပြစ်ရှိသလို ခံစားခဲ့ရပြီး ပန်းဟွာ၏မျက်နှာကို တိုက်ရိုက်မကြည့်ဝံ့ပေ။


 "ပန်းဟွာကျွင်းကျူး၊ နားလည်မှုလွဲမှားတာတွေရှိရင် မြို့တော်ကို ပြန်ရောက်တဲ့အခါ ဒီအကြောင်းပြောလို့ရပါတယ်၊ အခုလူတွေ အများကြီးရှိနေတယ်လေ...ကျွန်တော်က ကိုယ့်အလုပ်ကို လုပ်နေတာပါ၊ ကျွင်းကျူးကို စော်ကားမိလို့ တောင်းပန်ပါတယ်"


ပန်းဟွာက ရယ်မောကာ လေးကို ထုတ်ပြီး တော်ဝင်တရားရုံး၏ အလံကို မြှားတစ်စင်း ပစ်လိုက်သည်။  "ရှေ့ကို လှမ်းခဲ့မယ်ဆိုရင် ဒီအလံလို ဇာတ်သိမ်းရမယ်" 


"စစ်သူကြီးက လေးပစ်ကောင်းတယ်နော် လေးစားပါတယ်"

တုကျိုး သည် ပန်းဟွာ ၏လက်ထဲမှ လေးကိုယူလိုက်သည်။


ပန်းဟွာက ခေါင်းခါလိုက်သည်။  "ကျွန်မ လေးပစ်တာ မကောင်းပါဘူး၊ စစ်မြေပြင်မှာရှိဖူးတဲ့ ရှင့်လို လေးသမားနဲ့ ယှဉ်လို့မရပါဘူး"


 "ဒါက မကောင်းရင် ဘယ်လေးပစ်အတတ်က ကောင်းပါတော့မလဲ"


 "လေးသမား၊ အဆင်သင့်ပြင်ထား!"


 "မီး....."


 မြို့တံခါးမျှော်စင်အောက်တွင်၊ ဧကရာဇ်တရားရုံး၏ စစ်သားများသည် ပထမမီးမြှားလှိုင်းဖြင့် အတားဆီးခံခဲ့သည်။ သူတို့ မီတာရာဂဏန်းလောက် ဆုတ်သွားကြပြီး နောက်ဆုံးတွင် မြှားမိုးစဲသွားသည်ကို မြင်လိုက်ရသဖြင့် ရှေ့သို့ ပြေးသွားပြန်သည်။


 "အစ်ကိုတို့၊ သူတို့မှာ မြှားမလောက်ဘူး၊ သွားရအောင်!"


 သို့သော် မြို့တံခါးမအနီး မရောက်ခင်  ရေနွေးပူများနှင့် ဆီပူများ ပြုတ်ကျလာပြီး တိုက်ခိုက်နေသော စစ်သားများသည် နာကျင်စွာ အော်ဟစ်ကာ အနားမကပ်ရဲပေ။


  ရှစ်ကျင်း၏လက်ထောက်သည် ရှစ်ကျင်းဘက်သို့ တိုးသွားသည်။  "ရန်​သူ​က ပါးနပ်​လွန်း​တယ်၊မကြာသေး​ခင်​က​ပဲ မြို့​ကို တိုက်ခိုက်​ခဲ့​တာကို ရေနွေး​နဲ့ ဆီပူ ဘယ်ကရတာပါလိမ့်"


ရှစ်ကျင်း သူ့ရှေ့က အရိပ်အယောင်ကို ကြည့်ပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်သည်။မြို့မှလူများက သူပုန်စစ်တပ်ကို ကူညီပေးခြင်းဖြစ်မည်။သူ  လက်ကို မြှောက်ပြီး "တိုက်ခိုက်တာကို ရပ်လိုက်ပါ၊ မလိုအပ်ဘဲ အသေမခံကြနဲ့"

 

ပန်းဟွာက ပြင်ဆင်ထားတာ၊သူတို့  အပြင်းအထန်တိုက်ခိုက်လည်း အသာစီးရဖို့ မဖြစ်နိုင်သေးဘူး...


 "ဟုတ်ကဲ့"


 "သူတို့ ဆုတ်သွားကြပါပြီ"


 စစ်သားတစ်ယောက်က မြို့တံခါးကို ညွှန်ပြရင်း အံ့သြသွားကာ ပြောလိုက်၏။


ပန်းဟွာက အဝေးကိုကြည့်နေသည်။


 "ဒါဟာ နှောင့်နှေးတဲ့ နည်းဗျူဟာပဲ၊ အင်ပါယာတရားရုံးရဲ့ စစ်သားတွေ လေးနာရီကြာအောင် ပြန်မလာနိုင်တော့ဘူး၊ရှင်တို့အားလုံး ဒီမှာ အနားယူကြ၊ မြို့တံခါးကို စောင့်ဖို့ လူအနည်းငယ် ထားခဲ့လိုက်၊ လက်နက်တွေကို  ကိုယ်နဲမကွာဆောင်ထားပါ"


"ဟုတ်ကဲ့"


ပန်းဟွာသည် မြို့ရိုးပေါ်ရှိ အုတ်ခဲများကို မှီ၍ အင်ပါယာတရားရုံး၏ စစ်သည်များကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လိုက်သည်။


သူမက သူပုန်စစ်တပ်ကို နှိမ်နင်းရန် စစ်သားများကို အဘယ်ကြောင့် ဦးဆောင်လိုကြောင်း ရှစ်ကျင်း သိနေသော်လည်း သူသည် အလွန်တည်ငြိမ်လျက်ရှိသည်။ သူက ချင်စုန့်နယ်မြေ လွှတ်ထားသော ကာကွယ်ရေးတပ်လောက် လွယ်လွယ်နှင့် ဒေါသမထွက်လွယ်၍ အလွန်သတိထားရသည်။


 သူမသာ ရှစ်ကျင်းဖြစ်ခဲ့လျှင် သူမ မြို့ကိုတိုက်ခိုက်ဖို့ ဘယ်လိုရွေးမှာလဲ... 


 "ဒုခေါင်းဆောင် ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ"


 ရှစ်ကျင်းသည် ထမ်းစင်ပေါ်တွင် ဒဏ်ရာရနေသော စစ်သားများကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။  


"ဒဏ်ရာရတဲ့ စစ်သားတွေကို ဆေးအရင်လိမ်းပါ"


 "ဒုခေါင်းဆောင် ကျွန်တော်တို့မှာ ဆေးဝါးအလုံအလောက်မရှိဘူး"


 "ဒုခေါင်းဆောင် လက်နက်တချို့လည်း ပြဿနာ ဖြစ်နေတယ်၊ စစ်မြေပြင်မှာ အသုံးမချနိုင်တော့ဘူး"


 "ဒုခေါင်းဆောင်၊ ဧကရာဇ်တရားရုံးက ကျွန်တော်တို့ကို ပေးခဲ့တဲ့ အစားအစာတွေက မှိုတက်နေတာ၊ စစ်သားတွေ စားနိုင်မှာမဟုတ်ပါဘူး"


ရှစ်ကျင်းသည် ပို၍ တိတ်ဆိတ်လာသည်။  


အင်ပါယာတရားရုံးရဲ့ ကပ်ပါးကောင်တွေက သူတို့ ရန်သူတွေကို သတ်ဖို့ စစ်မြေပြင်ကို လွှတ်လိုက်ပေမယ့် အဲဒီမ‌ကောင်းတဲ့စားစရာတွေကို စားဖို့ ပေးတယ်။ဘယ်လောက်မုန်းစရာကောင်းလဲ။  


ရှစ်ကျင်း သည် အေးဆေးတည်ငြိမ်သူဖြစ်သော်လည်း စိုးရိမ်စပြုလာမကူညီခဲ့သည်။ သူ ဘာလို့ အင်ပါယာတရားရုံး ကို အခုထိနာခံနေမိတာလဲ...


 "ဒုခေါင်းဆောင်" ဦးစီးအရာရှိက ဗိုလ်ချုပ်၏ မျက်နှာအမူအရာကိုမြင်ပြီး မေးသည်။ "အဆင်ပြေရဲ့လား" 


ရှစ်ကျင်း ခေါင်းယမ်းလိုက်သည်။  "ကဲ မင်း သွားကြည့်၊ စားလို့ရတာတွေ အရင်စားရအောင်၊ကျန်တာ တစ်ခုခုတော့ ဆက်တွေးလိုက်ဦးမယ်"


 ဦးစီးရဲဘော်က တဲထဲက ထွက်သွားသည်။ ရှစ်ကျင်းသည် ကုလားထိုင်ပေါ်တွင် ခိုကိုးရာမဲ့ထိုင်ကာ နဖူးကိုပွတ်ရင်း သက်ပြင်းချလိုက်သည်။


 ညဉ့်နက်သန်းခေါင်တွင် စားနပ်ရိက္ခာစောင့်တပ်သားသည် တစ်ရေးတစ်မော အိပ်မောကျသွားသည်။ သူ လန့်နိုးလာပြီး ပတ်ဝန်းကျင်ကို အလျင်စလိုကြည့်မိသည်။ မည်သူမျှ မရှိနေသောအခါ သူ အိပ်ငိုက်မိသည်ကိုရှက်၍ မျက်စိကျယ်သွားအောင် ခေါင်းခါလိုက်သည်။


 ထိုအခိုက်တွင် တဲနောက်ကွယ်မှ စစ်သားတစ်ဦး ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြောင်း တီးတိုးပြောနေသည်ကို သူတွေ့လိုက်ရသည်။ညက စားခဲ့သည့် မှိုတက်နေသော ယာဂုပန်းကန်ကို တွေးပြီး ထိုစစ်သားကို စာနာစိတ်နဲ့ ကြည့မိသည်။ စစ်သား၏ ငယ်ရွယ်နုပျိုသော အသွင်အပြင်ကို ကြည့်ပါက၊ ယခင်က စစ်မြေပြင်ကို တစ်ခါမျှ မရောက်ဖူးသူမှန်း သိသာ၏။သူကတော့ စစ်မှုထမ်းများဖြစ်၍ အကုန်စားတတ်သည်။  မှိုတက်နေသော ယာဂုကို မပြောနှင့်၊ မြက်ပင်များ၊ သစ်ပင်အခေါက်များ၊ လယ်ကြွက်များနှင့် တောယုန်များကိုပင် စားခဲ့ကြရသည်။


 ခဏကြာတော့ စစ်သားပြန်လာကာ   သူ့ဘေးကို ဖြတ်လျှောက်လာရင်း တိုးတိုးလေးပြောသည်။ “အကိုကြီး၊ ဗိုက်ထဲမှာ အဆင်မပြေမဖြစ်ဘူးလား” 


 "ဒါက ဘာမှမဟုတ်ပါဘူး၊ မင်းလိုလူငယ်တွေက ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးဘူး‌လေ၊ ဘယ်ရင့်ကျက်ဦးမလဲ"  


အစောင့်က လူငယ်ကို ကြွားလုံးထုတ်နေရင်း ရုတ်တရက် ဆီးသွားချင်လာသည်။


"မင်း ဒီမှာစောင့်ပေးဦး၊ မကြာခင် ပြန်လာခဲ့မယ်" 


 "အစ်ကိုကြီး၊ ကျွန်တော် တစ်ခါမှ မစောင့်ဖူးဘူးနော်၊ မြန်မြန်လုပ်" 


 လူငယ်က ပတ်ပတ်လည်ကို ကြည့်လိုက်ရာ  စောင့်နေသည့် စစ်သား အနည်းငယ်ပဲ ရှိသည်ကို တွေ့လိုက်ရ၍ ကြောက်လန့်နေမိ၏။


 "ငါတို့ စစ်မြေပြင်ရောက်နေတာ၊ မင်းဘာလို့ ကောင်မလေးလို ပြောနေတာလဲ"  


ထိုလူငယ်သည် အမှောင်ကြောက်နေသေးသည်ကို အစောင့် မြင်လိုက်ရ၍ အပြစ်တင်‌လိုက်၏။  "မင်း ဒီမှာ ရပ်နေ၊ ငါ မကြာခင် ပြန်လာခဲ့မယ်"


သူ လှည့်ထွက်သွားရင်းထ စိတ်ထဲမှာ  အနည်းငယ် ဂုဏ်ယူမိသည်။ ဒိစစ်သားသစ်တွေဆိုတော့ စစ်မြေပြင်မှာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မသိကြဘူးပဲ....


ပန်းဟွာသည် ဝှက်ထားသော ဖော့စဖောရပ်မှုန့်အားလုံးကို သူမ နောက်ဘက်ရှိ ဂိုဒေါင်ထဲသို့ ပစ်ချလိုက်သည်။ သူမ ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်ပြီးနောက် မီးညှိထားသော စက္ကူလုံးကို ဂိုဒေါင်ထဲသို့ ပစ်ချလိုက်သည်။


"ဒိုင်း!"  ဖော့စဖောရပ်စ်မှုန့်သည် မီးပွားတစ်ခုနှင့် ထိတွေ့ပြီးသည်နှင့် မီးလောင်သွားသည်။ သူမ၏ ဘေးနားက အစောင့်တစ်ယောက်က သူမ လုပ်ရပ်ကို သတိထားမိသွားသည်။သို့သော် သူဘာမှပြန်မပြောခင်မှာ သတိသွားခဲ့၏။



xxxxx