Chapter 167
"ကောကုန်းချမ်အမ် ဘာပြောချင်လဲ ကျေးဇူးပြုပြီး စိတ်ရင်းကိုပြောပါ"
ရှစ်ကျင်းသည် အိမ်ထောင်သည်လင်မယား၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရမည်မဟုတ်ကြောင်း သိသည်။ သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်လုပ်ပြီး စားပွဲဆီကို လျှောက်သွားကာ ထိုင်လိုက်သည်။ သူသည် အကျဉ်းကျနေသော်လည်း မင်းမျိုးမင်းနွယ်မိသားစုမှ သခင်လေးတစ်ဦးလို တည်ငြိမ်အေးဆေးနေကာ လုံးဝမတုန်လှုပ်ပေ။
"သခင်လေးရှစ်ကို လက်တစ်ဖက်လောက် ငှားခိုင်းချင်ပါတယ်"
"ရယ်စရာကောင်းလိုက်တာ၊ အင်ပါယာတရားရုံးရဲ့ မင်းလို သစ္စာဖောက်တစ်ယောက်နဲ့ ငါဘယ်လိုပေါင်းသင်းရမလဲ၊ ရုံရှား ၊ငါ မင်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး"
"အဲ့ဒါဆိုလည်း ငါမင်းကိုအတင်းအကြပ်မလုပ်ခိုင်းပါဘူး"
ရုံရှား မတ်တပ်ထရပ်ပြီး တံခါးအပြင်သို့ ထွက်လာခဲ့သည်။ သူ တစ်ဖက်လူကို အတင်းဆွဲဆောင်ဖို့ ရည်ရွယ်ချက်မရှိချေ။သူ့တုံ့ပြန်မှုက ရှိနေသူအားလုံးကို အံ့အားသင့်စေခဲ့သည်။ တုကျိုးသည် ရုံရှားကို တအံ့တသြကြည့်ကာ စားပွဲဝိုင်းတွင် တိတ်ဆိတ်စွာ ထိုင်နေသော ရုံရှားကို တစ်ဖန်ကြည့်လိုက်သည်။ပြီးလျှင် သူက လှည့်ပြီး ရုံရှား နောက်ကို လိုက်သွား၏။
"သခင်လေးရှစ်"
ကျောက်ကျုံး အခန်းထဲတွင် နေခဲ့သည်။ သူ့မျက်နှာလေးက ရိုးသားပုံပေါ်သည်။ သူ့ကို မြင်ဖူးသူတိုင်းက မလိမ်မညာတတ်သူဟု ထင်ကြလိမ့်မည်။
ရှစ်ကျင်းက သူ့ကို လျစ်လျူရှုလိုက်သည်။ ကျောက်ကျုံးကလည်း ဂရုမစိုက်ဘဲ ထိုင်ခုံကို ကောက်ကိုင်လိုက်ပြီး ထိုင်လိုက်သည်။ပြီးလျှင် သူတို့နှစ်ယောက်အတွက် လက်ဖက်ရည်ကို ဖြည်းညှင်းစွာ ထည့်နေသည်။
"သခင်လေးရှစ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နယ်စပ်ကို အလုပ်လုပ်သွားခဲ့လား"
ရှစ်ကျင်း၏ မျက်ခုံးများ အနည်းငယ်လှုပ်သွားကာ ကျောက်ကျုံးကို လှည့်ကြည့်လိုက်သည်။
"ကျွန်တော့်ကို ဒီလောက်လန့်စရာမလိုပါဘူး၊ ကျွန်တော် ငယ်ငယ်တုန်းကတော့ ကိုယ်ခံပညာကို သင်ယူချင်ခဲ့တယ်၊ဒါပေမယ့် မိသားစုက ခွင့်မပြုတဲ့အတွက် သူများထက် နောက်ကျသွားတယ်"
"နယ်စပ်က ခါးသီးတယ်၊ သခင်ကျောက် မသွားတာပဲ ကောင်းတယ်" သည် လက်ဖက်ရည်အေးကို သောက်လိုက်သည်။
"သခင်ကျောက် ဘယ်တုန်းက ရုံရှားနဲ့ တွဲခဲ့တာလဲ"
"ဒါဟာ ကြံစည်ထားတာမဟုတ်ဘူး၊ စိတ်တူကိုယ်တူ တွဲမိတာပဲ"
ကျောက်ကျုံးက ရယ်ပြီး ပြတင်းပေါက်မှ လှည့်ကြည့်လိုက်သည်။
"ကျွန်ေတာ်က ရွှယ်ကျိုး ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့တာ နှစ်အတော်ကြာပါပြီ၊ဒေသခံပြည်သူတွေရဲ့အမြင်မှာတော့ အဆင့်အတန်းမရှိသလောက်ပါပဲ၊ ဒါပေမယ့် ရွှယ်ကျိုး သဘာဝဘေးဒဏ်ခံရချိန်မှာတော့ အရာရှိတစ်ယောက်အနေနဲ့ တရားရုံဆီကနေ အကူအညီတွေ အများကြီး မရခဲ့ပါဘူး၊ လွန်ခဲ့သည့်သုံးနှစ်က၊ ရွှယ်ကျိုးမှာ ရေလွှမ်းမိုးလို့ လူအများအပြား သေဆုံးခဲ့ပြီး ဧကရာဇ်တရားရုံးကလည်း ရွှယ်ကျိုးမှာ ပလိပ်ရောဂါဖြစ်မှာစိုးပြီး မြို့ကိုပိတ်ပြီး အပြင်လူကိုသာအဝင်ခံတယ်၊ အပြင်ကိုဘယ်သူမှ အထွက်မခံခဲ့ဘူး"
"ဒါက ပလိပ်ရောဂါကို တားဆီးတဲ့နည်းလမ်းတစ်ခုမှန်း ကျွန်တော်သိပါတယ်၊ ဘယ်သူ့ကိုမှ အပြစ်မတင်ဖူးပါဘူး၊ ဒါပေမယ့် ရွှယ်ကျိုးကို အင်ပါယာတရားရုံးက အလုံပိတ်ပြီးရင် အစားအသောက်နဲ့ ဆေးဝါးတွေပို့ရမယ်လေ၊ဒါပေမယ့် ဘယ်သူ့ကိုမှ မပို့ခဲ့ပါဘူး၊ ဒီတော့ ပြည်သူကို သတ်ပြီး ရွှယ်ကျိုးကို သီးခြားမြို့ဖြစ်အောင် လုပ်တာမဟုတ်လား"
ကျောက်ကျုံး၏ မျက်လုံးများက ပြောနေရင်း နီရဲလာ၏။
"ရွှယ်ကျိုးမှာ လူဘယ်လောက်သေလဲ သိသလား"
"တစ်သောင်းဗျ! စုစုပေါင်း လူတစ်သောင်း!"
ရှစ်ကျင်း တိတ်ဆိတ်နေ၏။ ထိုစဉ်က အဖြစ်အပျက်ကို သူ မမှတ်မိသော်လည်း သူ့အဖေက စာဖြင့်ရေးသားထားခဲ့၏။ရွှယ်ကျိုး အဖြစ်အပျက်ကြောင့် တော်ဝင်တရားရုံးတွင် တုန်လှုပ်ချောက်ချားဖွယ်ကိစ္စမျိုးမရှိခဲ့ပေ။ နောက်ပိုင်းတွင် တစ်စုံတစ်ယောက်သည် ဤအဖြစ်အပျက်ကို သတင်းပို့ရန် လုပ်ခဲ့ပြီး အစားအသောက်နှင့် ဟင်းသီးဟင်းရွက်များကို ရွှယ်ကျိုး ထံသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ပေးခဲ့ပုံရသည်။
"အဲဒီကာလက ရွှယ်ကျိုးမှာ ငိုကြွေးသံတွေက ဘယ်တော့မှ ရပ်မသွားပါဘူး၊မိခင်တွေက သားသမီးအတွက် ငိုကြ၊ ခင်ပွန်းတွေက ဇနီးမယားအတွက် ငိုကြ၊ သားသမီးတွေက မိဘအတွက် ငိုကြတယ်၊ ဒီလောက်အထိ အများကြီး မသေသင့်ပါဘူး၊ မသေသင့်ပါဘူး"
နောက်ပိုင်းတွင် ရုံရှား သည် အသက်ကယ်ဆေးများနှင့်အတူ ပေါ်လာသည်။ ထိုအချိန်တွင် သူသည် ရုံရှား အား ကျေးဇူးတင်လွန်း၍ ဒူးထောက်လုနီးပါးပင်။
ထိုအချိန်မှာ သူဘယ်လိုခံစားခဲ့ရသလဲဆိုသည်ကို ဘယ်တော့မှမေ့မှာမဟုတ်။ နောက်ပိုင်းတွင်၊ ရွှယ်ကျိုးရှိ အဖြစ်အပျက်ကြောင့် ရုံရှား သည် ပြင်းထန်သောဖိအားပေးမှုအောက်တွင် အစီရင်ခံတင်ပြပြီး ထုချေလွှာခဲ့ရသည်။ နောက်ပိုင်းတွင်၊ သူတို့သည် ရွှယ်ကျိုးတွင် အတူတူအလုပ်လုပ်သောအခါ ရုံရှား ကို သဘောကျလွန်း၍ ပူးပေါင်းရန် ဆန္ဒရှိခဲ့သည်။
ရှစ်ကျင်း စကားမပြောနိုင်အောင်ပင်ဖြစ်နေ၏။ အင်ပါယာတရားရုံးသည် မည်မျှ ယုတ်မာကြောင်း သူ သိခဲ့သည်မှာကြာပေပြီ။ သူ့အဖေပင်လျှင် သမိုင်းတာဝန် မကျေပျက်သော အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူသည် ပန်းဟွာနှင့် ရှစ်မိသားစု၏ လေးလံသောဝန်ထုပ်ဝန်ပိုးကို ရှောင်ရှားခဲ့သည်။ သူကတော့ အဖြူနှင့်အမည်းလို ပြတ်သားသူသာဖြစ်ချင်၏။ ချစ်ရဲသလို၊ မုန်းတီးဝံ့သူ ဖြစ်ချင်သည်။သို့သော်လည်း သူ့မိသားစုအတွက် စေတနာထားပြီး မဝံ့မရဲဖြစ်ခဲ့သည်။သူသည် မိသားစု ဆိုသော ဝန်ထုပ်ကို ထမ်းထားရ၍ တစ်ဆင့်ပြီးတစ်ဆင့် ရှေ့သို့ တိုးသွားနိုင်ခဲ့သည်။
"ကျောက်မိသားစု မှာ လူဦးရေ များတယ်၊ ခင်ဗျား မိသားစုကို ထိခိုက်မှာ မကြောက်ဘူးလား"
"စိတ်ပိုင်းဖြတ်ထားရင် ဘာမဆို နည်းလမ်းရှိမှာ သေချာပါတယ်၊ နည်းလမ်းတွေအားလုံးကို လူတွေက တွေးနေကြတာပါ၊ လုပ်တယ်၊ မလုပ်ဘူးဆိုတာ ဆန္ဒသက်သက်ပါပဲ"
ရှစ်ကျင်းက ခဏလောက် နှုတ်ဆိတ်နေပြီးမှ ရုတ်တရက်ပြောသည်။
"သခင်ကျောက်က စည်းရုံးရေး ကောင်းလိုက်တာ၊ ကျွန်တော်တောင် စိတ်ပါလုနီးပါး ဖြစ်နေပြီ"
"ဒါက ကျွန်တော် ကောင်းတာချည်း။မဟုတ်ပါဘူး၊ ဒါပေမယ့် သခင်လေးရှစ်ရဲ့နှလုံးသားထဲမှာ ဆင်ခြင်တုံတရားနဲ့ တရားမျှတမှု ရှိနေတုန်းပဲလို့ ဆိုလိုတာပါ"
ကျောက်ကျုံး ရိုးသားစွာပြုံးလိုက်သည်။
"ကျွန်တော်က သိပ်ပညာမတတ်ပါဘူး၊ စိတ်ထဲပေါ်လာသမျှကို ပြောတာပါ၊ သခင်ရှီ၊ ကျွန်တော့်ရဲ့ ကယောင်ကတမ်းစကားတွေကို မထီမဲ့မြင်မပြုပါနဲ့"
"အခု ကျွန်တော် ကိုယ်တိုင် အကျဉ်းသားဖြစ်တော့ တခြားသူတွေကို မထီမဲ့မြင်ပြုပိုင်ခွင့် မရှိပါဘူး၊ ကျွန်တော်နဲ့အတူ လိုက်ပါလာတဲ့ စစ်သားတွေက ဘယ်လိုလဲ"
"သခင်ကျောက်က စည်းကမ်းရှိသူပါ၊ ဒါကြောင့် သူတို့အတွက် ဘာမှ ခက်ခဲအောင် မလုပ်ပါဘူး၊ စိတ်မပူပါနဲ့"
ရှစ်ကျင်းသည် စစ်သားများကို စိတ်ပူနေသေး၍ ကျောက်ကျုံး သူ့အပေါ် အထင်ကြီးသွားခဲ့သည်။
"မင်းကို သုံ့ပန်းအဖြစ် ဖမ်းထားတယ်ဆိုတဲ့ သတင်းက မကြာခင်မှာ မင်းသားချန်ချင်ဝမ် ဆီကို ရောက်လာတော့မှာပါ၊ ဒီအချိန်မှာ မင်းကို ပြန်လွှတ်လိုက်မယ်ဆိုရင်တောင်၊ မင်းသားချန်ချင်ဝမ် နဲ့ အင်ပါယာတရားရုံးက မင်းကို ယုံကြည်မှာ မဟုတ်ဘူး၊သခင်အောင်မြင်ရင် ကမ္ဘာပေါ်က လူတွေတင်မကဘူး၊ ရှစ်မိသားစုလည်း ဦးပြန်မော့နိုင်မှာပါ၊ အိမ်ရှေ့စံရဲ့ လက်အောက်ငယ်သားတွေကလည်း ရှစ်မိသားစုကို ယုံမှာမဟုတ်ဘူးနော်..... အခုလောလောဆယ်တော့…"
ကျောက်ကျုံးက သူ့ခေါင်းကို ထပ်ခါထပ်ခါခါလိုက်သည်။
" ရှစ်မိသားစုဟာ အိမ်ရှေ့စံရဲ့ လက်အောက်ငယ်သားတွေဖြစ်ခဲ့ဖူးတယ်၊ ဖုန်းနင်း ဧကရာဇ်က ရှစ်မိသားစုကို ယုံကြည်မှာမဟုတ်ပါဘူး၊ ဖုန်းနင်း ဧကရာဇ်ကသာ ထီးနန်းကိုသားစဉ်မြေးဆက် သိမ်းပိုက်လိုက်တဲ့အခါ၊ တစ်ချိန်က အထင်ကရ ရှစ်မိသားစုကို ဘယ်သူကများ မှတ်မိ တော့မှာလဲ"
"ဖုန်းနင်းဧကရာဇ်က ရှစ်မိသားစုကို အရေးပါတဲ့ရာထူးမပေးဘူးဆိုရင် ရုံရှားကရော...."
"သခင်က ဖုန်းနင်း ဧကရာဇ်နဲ့ မတူဘူး၊ သူက အရည်အချင်းတွေကိုပဲ ဂရုစိုက်တယ်၊ မင်း အလုပ်ကို ကောင်းကောင်းလုပ်ထားသရွေ့ သခင်က မင်းကို မယုံမှာစိုးရိမ်နေစရာ မလိုဘူး။"
ကျောက်ကျုံး ဤအချက်ကို အလွန်သေချာသိနေသည်။
" အဲဒီအာဏာရှင် ဖုန်းနင်းဧကရာဇ်ကို ကျွန်တော့်သခင်နဲ့ ခိုင်းနှိုင်းတာက သခင့်ကို စော်ကားနေတာနဲ့တူနေတယ်"
ကျောက်ကျုံးသည် ရုံရှားကို အလွန်သဘောကျသည်ကို ရှစ်ကျင်း မြင်သောအခါ ဘာပြောရမှန်းမသိတော့။ သို့သော် ပြည်သူများပင် အသက်မွေးဝမ်းကြောင်းပြုရန် လမ်းမရှိသော လက်ရှိအခြေအနေကို တွေးကြည့်သောအခါ ကျောက်ကျုံး ၏စကားကို ချေပ၍မရပေ။
"အရည်အချင်းရှိရင် ရုံရှားက သူတို့ကို သေချာပေါက် ယုံကြည်ချင်ယုံကြည်ပါလိမ့်မယ်"
ရှစ်ကျင်း ခေါင်းကိုလှည့်ပြီး ခြံအပြင်ဘက်ရှိ ခေါင်ရမ်းပင်ကို ကြည့်လိုက်သည်။
"ဒါပေမယ့် သူက ကျွန်တော့်ကို ရန်ငြိုးထားနေမှာ..."
"မင်းတို့နှစ်ယောက်မှာရန်ငြိုးဟောင်းတွေရှိခဲ့သလား"
ကျောက်ကျုံး စိတ်ရှုပ်သွားရသည်။ ရှစ်ကျင်း နဲ့ သူ့သခင်ဟာ ပဋိပက္ခတွေ မရှိဘူးလားလို့...
"ရှိချင်ရှိမှာပေါ့" ရှစ်ကျင်း မျက်လုံးများကိုမှိတ်ထားပြီး အပိုစကားမပြောချင်တော့ပေ။
ကျောက်ကျုံးကလည်း လိမ္မာပါးနပ်စွာထလိုက်ပြီး ထွက်ခွာသွားသည်။သူ ခြံဝင်းထဲက ထွက်လာသော် တုကျိုး အပြင်ဘက်မှာ ရပ်နေသည်ကို တွေ့လိုက်ရ၏။
"တုကျိုး သခင်ဘယ်မှာလဲ"
“ဒဏ်ရာရတဲ့ စစ်သားတွေကို သွားကြည့်ဖို့ စစ်သူကြီးနဲ့ လိုက်သွားတယ်"
တုကျိုး သည် သူ့ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ နံရံကို မှီနေရင်း ကျောက်ကျုံး အား မေးသည်။
" ရှစ်ကျင်း ကို ဆွဲဆောင်နိုင်ခဲ့လား"
ကျောက်ကျုံး မျက်မှောင်ကြုတ်လိုက်သည်။
“သူက အင်ပါယာတရားရုံးကို သိပ်သစ္စာမရှိဘူး၊ဒါပေမယ့် သခင်ကို ဘာကြောင့် မယုံတာလဲတော့ မသိဘူး၊ သူတို့မှာ အာဃာတဟောင်းတွေရှိတယ်လို့တောင် ပြောနေတယ်၊မင်းက သခင်ရဲ့အနားမှာ အမြဲရှိနေတာမလား၊ သခင်နဲ့ ရှစ်ကျင်းကြားက ကိစ္စအကြောင်း မင်းသိလား"
တုကျိုး ရုတ်တရက် နားလည်သွားကာ ကျောက်ကျုံး၏ ပုခုံးကို ပုတ်လိုက်၏။
"အစ်ကိုကျောက်၊ ဒီကိစ္စက အစ်ကို့အပြစ်မဟုတ်ဘူး၊ ရှစ်ကျင်း ဆန္ဒမရှိရင် အဲဒါကို မေ့လိုက်ကြရအောင်လား"
"ဒါဆို ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို အနည်းဆုံးပြောပြသင့်တယ်" ကျောက်ကျုံးသည် ပို၍ပင်သိချင်စိတ်ပြင်းပြလာ၏။
"သိတဲ့လူနည်းလေလေ ပိုကောင်းလေပဲ....အစ်ကိုကျောက်၊ အရမ်းမစပ်စုပါနဲ့"
ရှစ်ကျင်းက ပန်းဟွာကို စိတ်ဝင်စားနေသည်ဟု ပြောလိုက်လျှင် သူ့သခင် စိတ်မကောင်းဖြစ်သွားမှစိုးသည်။သခင်၏ကိုယ်ရံတော်အဖြစ်၊ သူသည် သူ့စွမ်းရည်များကိုသာမက ဦးနှောက်ကိုလည်း ထုတ်သုံးရသည်။
ဒဏ်ရာရစစ်သားများကို သွားရောက်ကြည့်ရှုပြီးနောက် ပန်းဟွာနှင့် ရုံရှား တို့သည် စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုရန် သွားကြသည်။ စစ်သားအုပ်စုကြီးများထဲမှာတော့ အင်ပါယာတရားရုံး၏ သံချပ်ကာဝတ်ထားသည့် စစ်သားတချို့ကို တွေ့နိုင်သည်။ သူတို့၏ ချပ်ဝတ်တန်ဆာများသည် အတော်ပင် ဟောင်းနွမ်းနေလေပြီ။ရင်ဘတ်တွင် ပါးလွှာသော အပိုင်းတစ်ခုသာရှိသည်။အရှေ့မှ ပျံလာသော မြှားများ ရန်မှ ကာကွယ်ဖို့ မဆိုနှင့်၊ ဓားမြှောင်တစ်စင်းပင် ဖောက်သွားနိုင်သည်။
အင်ပါယာတရားရုံး၏ စစ်သည်များသည် သိမ်းပိုက်ခံရပြီးနောက် ဆန့်ကျင်သူများလည်း ရှိသေးသည်။ သို့သော်လည်း ရုံမိသားစု၏ စစ်သားများကျွေးသော နံနက်စာစားပြီးနောက်တွင် ဒေါသစိတ်တို့ မရှိတော့ပေ။
ပန်းဟွာ နှင့် ရုံရှား ပြန်ရောက်သောအခါ နေ့လည်စာ အဆင်သင့်ဖြစ်တော့မည်။ ပြောင်းဖူးပေါင်မုန့်နှင့် ဂျုံယာဂုများအား ပုံးလိုက် သယ်ဆောင်သွားကြသည်။ သိမ်းပိုက်ခံရသော အင်ပါယာတရားရုံး၏ စစ်သားများကိုလည်း အလားတူ ကုသမှု ခံယူစေသည်။တစ်ခုတည်းသော ခြားနားချက်မှာ ရုံမိသားစု၏ စစ်သားများတွင် အရံဟင်း နှစ်မျိုး ရှိပြီး သူတို့တွင် တစ်မျိုးသာ ရှိသည်။
သို့သော် အစားအသောက်ထဲတွင် ဆီများရှိနေသောကြောင့် စား၍ဝင်သည်။သူတို့ ကံကောင်းလျှင် ဟင်းထဲမှာ အသားတစ်ပိုင်းတောင် ရှာတွေ့နိုင်သည်။အသားတုံးက ဆီကို ရက်အတော်ကြာအောင် မမြင်ရ၍ သူတို့အတွက် အိတ်ကပ်ထဲမှာ သိမ်းထားပြီး နည်းနည်းချင်း စားဖို့ လုံလောက်ပေသည်။
ပြောင်းဖူးမုန့်ကို ခပ်ကြမ်းကြမ်းလုပ်ထားပြီး ဂျုံယာဂုကိုလည်း ဆန်ကြမ်းဖြင့် ချက်ထားသည်။သို့သော် အနံ့မနံသဖြင့် စား၍ ကောင်း၏။
ပန်းဟွာသည် အင်ပါယာတရားရုံး၏ စစ်သည်များ မြေပြင်ပေါ်တွင် ထိုင်ကာ မြိန်ရေရှက်ရေ စားနေသည်ကို တွေ့လိုက်ရကာ သူမ စိတ်ထဲတွင် ဖော်မပြနိုင်သော ခံစားချက်တစ်ခု ရှိနေသည်။ သူမသည် ဤစစ်သားများနှင့် တစ်သားတည်း အတူရှိနေသော်လည်း ဤအစားအစာကို မျိုမချနိုင်ခဲ့ပေ။ အထူးသဖြင့် လည်ချောင်းမှာ ကပ်နေသည့် ပြောင်းဖူးပေါင်မုန့်ကို နည်းနည်းသာ စားမိသည်။တစ်ကိုက်ကိုက်ပြီးသည်နှင့် အမြဲထွေးထုတ်ပစ်ရတာချည်းပင်။
"သခင်! စစ်သူကြီး"
စားသောက်နေသော စစ်သည်များက သူတို့ကို သတိပြုမိကာ မတ်တပ်ရပ်ကာ အလေးပြုကြသည်။
“သေချာစားပါ” ပန်းဟွာက မျက်နှာတည်တည်နှင့် ပြောလိုက်သည်။
"ဘယ်သူမှ မတ်တပ်ရပ်ပြီး အလေးပြုဖို့ ခွင့်မပြုဘူး၊ထရင် လမ်းပေါ်ကို ဆွဲတင်ပြီး ဖင်ကို ကန်ပစ်လိုက်မယ်"
စစ်သည်များက ရယ်မောကြသည်။ သို့သော် ထိုစကားကိုကြားပြီးနောက် သူတို့စိတ်လည်း ပို၍ ငြိမ်သက်သွားကြသည်။ သူတို့က ပန်းဟွာ နှင့် ရုံရှား ကို တိတ်တဆိတ်ကြည့်ပြီးနောက် ပန်းကန်ထဲမှ ဂျုံယာဂုကို စားကြသည်။
ရုံရှားသည် စစ်သားများနှင့် ပန်းဟွာ ဆက်ဆံပုံကို သိထားပြီးဖြစ်သည်။ သာမန်စစ်သားများနှင့်ဆို သူ ဤမျှအထိ မရင်းနှီးပေ။ ပန်းဟွာ၏ အနည်းငယ်ကြမ်းတမ်းသော စကားလုံးများကို သူ စိတ်မသက်မသာမဖြစ်ပေ။ သူပထမဆုံးကြားလိုက်ရတုန်းက တုန်လှုပ်ခြောက်ခြားသွားသော်လည်း ယခုတော့ သူနားလည်သွားပေပြီ။
ထို့အပြင် စစ်သားများသည် ဤဆက်သွယ်ရေးနည်းလမ်းနှင့် ပိုမိုသင့်လျော်သည်။ ဟွာဟွာ၏ လုပ်ရပ်ကို သူ မဝေဖန်မိပေ။
စစ်စခန်းထဲမှာ ဟွာဟွာက သူ့အကြံပေးများနှင့် ဘယ်လိုဆက်ဆံသလဲဆိုသည်ကို သူ ဂရုမထားသလို ဟွာဟွာ၏ လုပ်ရပ်ကိုလည်း အနှောင့်အယှက်မပေးပေ။ တစ်ယောက်ကို တစ်ယောက် လေးစားမှု ရှိရမည်။
ရုံမိသားစု စစ်တပ်ကို သက်တောင့်သက်သာရှိစွာ ဆက်ဆံသော်လည်း၊ အင်ပါယာစစ်တပ်ကိုတော့ အနည်းငယ်တင်းကျပ်ထားရသည်။ရုံရှား နှင့် ပန်းဟွာ လမ်းလျှောက်လာသည်ကိုတွေ့သောအခါ စစ်သားများသည် ပန်းကန်များကိုင်ကာ မတ်တပ်ရပ်ပြီး ဆက်စားရမလားမသိဖြစ်နေကြ၏။
မနက်စောစော သူတို့ အိပ်ရာက နိုးလာသည်နှင့် နှံကောင်လို ချည်နှောင်ထားခံရသည်။အပြင်ဘက်တွင်လည်း သူပုန်စစ်တပ်က ဝိုင်းရံထား၏။ခုခံဖို့ အခွင့်အရေးတောင် မရခဲ့ကြဘဲ သိမ်းပိုက်ခံခဲ့ရသည်။
လူတစ်သောင်းကျော်ရှိပြီး အများစုကို ကြိုးမတုပ်ထားသော်လည်း နာခံစွာ နေကြရသည်။
"လူတိုင်းက အတူတူပါပဲ၊သိပ်ပြီး ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့ ကောင်းကောင်းစားသင့်ပါတယ်"
"သခင်နဲ့ကျွန်မက လူတိုင်းစားနေကြတာကို ကြည့်ဖို့လာတာပါ"
အစားအသောက်များ ချက်ပြုတ်သည့် အကြီးအကဲက လာပြောသည်။
" ကျွန်တော်တို့ အစားအစာတွေက အိမ်ချက်ဟင်းတွေလောက် မကောင်းပေမယ့် ဗိုက်တော့ပြည့်စေပါတယ်၊ စိတ်မပူပါနဲ့၊ စားကြပါ"
ပန်းဟွာသည် ကျေနပ်စွာ ခေါင်းလှည့်ကာ ရုံရှားကို ကြည့်လိုက်သည်။ "ထပ်ကြည့်ချင်သေးလား"
"ထားလိုက်ပါ၊ ကိုယ်တို့ဒီမှာရှိနေရင် သူတို့ ကောင်းကောင်းစားမှာမဟုတ်ဘူး"
ရုံရှား က သူ့လက်ကို မြှောက်ပြီး "စစ်သားတို့၊ မင်းတို့ ကြိုးကြိုးစားစား လုပ်ခဲ့ပြီးပြီ၊စိတ်ကိုဖြောင့်ဖြောင့်ထားပါ" ပြီးသည်နှင့် သူသည် စစ်သားအားလုံးကို လေးလေးနက်နက် ဦးညွှတ်သည်။
ရိုးသားသော စစ်သားများ၏ မျက်လုံးများ နီရဲလာသည်။ "ကျွန်တော်တို့ ခုချိန်ကစပြီး ပြည်သူတွေအတွက်၊ သခင့်အတွက်ရော တိုက်ပွဲဝင်မယ်လို့ ကျိန်ဆိုပါတယ်"
သူတို့အော်သံများက ကောင်းကင်ကိုပင် တုန်ခါစေသည်အထိ ကျယ်လောင်လှပေသည်။ ဤသည်မှာ သွေးချင်းစည်းလုံးသွားပြီဖြစ်သော စစ်သားတစ်စု၏ ကတိဖြစ်သည်။
xxxxxx