Chapter 168
အင်ပါယာစစ်တပ်သည် ထိုလူများကို မှင်တက်စွာကြည့်သည်။ အော်သံကြောင့် ထိတ်လန့်ခြင်း ရှိသလား၊ သို့မဟုတ် သူတို့၏ လုပ်ရပ်ကြောင့် စိတ်ရှုပ်နေသလား မသိရပေ။
စစ်စခန်းကြီးသည် အလွန်ကျယ်ဝန်းပြီး စစ်တန်းလျားများစွာ ခွဲထားသည်။ ရုံရှား နှင့် ပန်းဟွာ တို့ အားလုံးကို သူတို့ဖြတ်သွားပြီးနောက်တွင် ပန်းဟွာသည် မြင်းကျော်ပေါ်တက်လိုက်သည်။
"ရှင့်လူတွေက မင်းသားချန်ချင်ဝမ်ကို စိတ်ရှုပ်အောင် လုပ်နေတာပဲ၊ ရှင် နောက်ကနေ တိုက်ခိုက်ဖို့ ပြင်ဆင်နေတာလား"
"ဟွာဟွာက ကိုယ်ကို ကောင်းကောင်းသိတာပဲ၊ မင်းသားချန်ချင်ဝမ်ဟာ အရမ်း သံသယဖြစ်တတ်တဲ့ လူတစ်ယောက်ပါ"
"သူက ရှင့်ကို ကောင်းကောင်းသိတယ်လို့ ထင်နေတာမလား၊ မင်းသားချန်ချင်ဝမ်ရဲ့ စံအိမ်မှာ လည်ပင်းကျိုးပြီး သေသွားတဲ့ ငှက်ကလေးကို ကျွန်မ အခုထိ အမှတ်ရနေတုန်းပဲ၊ ငှက်ကလေးကို ဘယ်သူက ဒီလိုစကားမျိုး ပြောဖို့ သင်ပေးတယ်လို့ ထင်လဲ"
ရုံရှား ထိုအကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမြင်ပြီးဖြစ်သည်။
"သူ့ကို ဘယ်သူသင်ပေးတယ်ဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက မင်းသားချန်ချင်ဝမ်က ဒါကို မင်းမြင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပဲ"
လူများများမြင်လေလေ၊ အထူးသဖြင့် ဧကရာဇ်ယွင်ချင်ကို သစ္စာစောင့်သိသော ပန်းဟမ်နှင့် ပန်းဟွာတို့ မြင်လေလေ၊ သူက ဧကရာဇ်အပေါ် သစ္စာစောင့်သိပုံပေါက်လေလေဖြစ်သည်။
ထိုအခါမှ မင်းသားချန်ချင်ဝမ် အကြောင်း ကောလာဟလအချို့ပြန့်နှံ့နေကြောင်း ပန်းဟွာ ရုတ်တရက် သတိရမိသည်။ မင်းသားချန်ချင်ဝမ်သည် လူအများက သူ့ကို ပစ်မှတ်ထားလျှင်၊ သူသည် အပြစ်မဲ့ သားကောင်ဖြစ်ကြောင်းကို ဧကရာဇ် ယွင်ချင် ယုံကြည်စေရန် ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။
လူတစ်ယောက်ကို သံသယဖြစ်လျှင်၊ ထိုလူ ဘာပဲလုပ်လုပ် သံသယဖြစ်စရာကောင်းနေပေလိမ့်မည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆောင်းဦးအမဲလိုက်စဉ်တွင် သူမနှင့် ကျန်းလော တို့သည် အမဲလိုက်ကွင်းတွင် ငြင်းခုံခဲ့ကြသည်ကို သူမ သတိရမိသည်။ နောက်ဆုံးတွင်၊ မင်းသားချန်ချင်ဝမ်က ကျန်းလော ကို ပြစ်တင်ရှုတ်ချခဲ့သည်။ ကျန်းလောသည် ထိုအချိန်တွင် မငြင်းဆန်ခဲ့ပေ။ ထိုအချိန်တွင်၊ကျန်းလောသည် အသက်ကြီးသူများရှေ့တွင် မထီမဲ့မြင်မပြုဝံ့သောကြောင့်ဟု သူမထင်ခဲ့သည်။ သို့သော် အဖြစ်မှန်က၊ ကျန်းလောသည် လေးစားခြင်းကြောင့်မဟုတ်ဘဲ သူ့နောက်တွင် မင်းသားချန်ချင်ဝမ် ရှိနေတာကြောင့် ဂရုမစိုက်ခြင်းဖြစ်ပေသည်။
မင်းသားချန်ချင်ဝမ်ကမူ ကျန်းလောကို တန်ဖိုးထားသောကြောင့်မဟုတ်ဘဲ ကျန်းလောသည် တုံးအ,ပြီးလိမ်ဖို့ လွယ်ကူသောကြောင့်ဖြစ်သည်။မင်းသားချန်ချင်ဝမ်သည် ရည်မှန်းချက်ကြီးမားလှသည်။
"မင်းသားချန်ချင်ဝမ်က ဒီလိုလူလို့ ကျွန်မ မမျှော်လင့်ထားပါဘူး၊ကြည့်ရတာ ကျွန်မ လူကဲခတ် မတော်ဘူးထင်တယ်"
ပန်းဟွာ သည် မင်းသားချန်ချင်ဝမ် နှင့် ကောင်းမွန်သော ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေး မရှိသော်လည်း မင်းသားချန်ချင်ဝမ်ကို အမြင်ကြည်လင်ခဲ့၏။
"မင်း လူကဲခတ် မကောင်းဘူးလို့ ဘယ်သူပြောလဲ၊ အခု မင်း ကိုယ့်ကိုတောင်ရထားပြီလေ၊မင်း လူကဲခတ် ဘယ်လောက်ကောင်းသလဲ၊ အဲဒါတော့ ကိုယ် သဘောမတူဘူး"
ရုံရှားက လေးနက်စွာပြောသည်။
"ဒီအချိန်မှာတောင် ရှင် ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်နေတုန်း၊ တကယ် အရှက်ကုန်နေပြီ"
ပန်းဟွာက သူ့ကို မျက်စောင်းထိုးကာ မြင်းပေါင်ကိုရိုက်ပြီး မြန်မြန်ပြေးစေသည်။ ရုံရှားက အမြန်လိုက်စီးသည်။နောက်ဆုံးတော့ သူမကို ယာယီနေထိုင်ရာရှေ့မှာ ဖမ်းမိသွား၏။
မွန်းလွဲပြီဖြစ်၍ အစောင့်များက သူတို့နှစ်ယောက်အတွက် စားစရာများ ယူလာပေးသည်။ ပန်းဟွာ ဇီဇာမကြောင်ဘဲ ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး စားလိုက်သည်။
"ဟွာဟွာ မင်း တော်တော် ဒုက္ခကို ခံနိုင်တာပဲ"
တစ်နာရီခန့်ကြာပြီးနောက် ရုံရှား သည် ပန်းဟွာ၏ ပန်းကန်အလွတ်ကို ကြည့်လိုက်ရာ ပို၍ပင် စိတ်မကောင်းဖြစ်မိသည်။
"အခု သိပြီလား၊ နောက်ဆို ကျွန်မကို အကောင်းစားထားပေါ့"
ပန်းဟွာ သည် ဆေးဖက်ဝင် လက်ဖက်ရည်ဖြင့် ပါးစပ်ကို ဆေးချလိုက်သည်။ပြီးလျှင် သူမပါးစပ်ထောင့်ကို သုတ်လိုက်ပြီး "ကျွန်မတို့ ဘယ်တော့ စခန်းချတာ ရပ်မှာလဲ"
ယခုအချိန်တွင် ချင်စုန့်နယ်မြေသည် သူတို့၏ ထိန်းချုပ်မှုအောက်တွင် အခိုင်အမာ ရှိနေသောကြောင့် မင်းသားချန်ချင်ဝမ်ကို သိရှိစေလိုသည့် သတင်းမှလွဲ၍ အခြားသတင်းများ ဖြန့်စရာ အကြောင်းမရှိပေ။ယခုအချိန်တွင်၊ မင်းသားချန်ချင်ဝမ် သည် ယုံကျိုးရှိ မြစ်ကမ်းဘေးစစ်ပွဲကို တိုက်ခိုက်နေဆဲဖြစ်ပြီး ရုံရှားက စစ်သားအများစုကို ချင်စုန့်နယ်မြေ သို့ ခေါ်ဆောင်သွားကြောင်း မသိခဲ့ပေ။
"မနက်ဖြန်ရာသီဥတုကောင်းတယ် အပြင်ထွက်တာ ကောင်းမယ်" ရုံရှားက ပန်းဟွာကို လှည့်ကြည့်လိုက်သည်။
"ဒါပေမယ့် ကိုယ့်မှာ ပိုအရေးကြီးတာတစ်ခု ပြောစရာရှိတယ်"
"ပြောပါ"
ပန်းဟွာသည် သံခမောက်ကို ဘေးတွင်ချထားပြီး သူမ၏ကိုယ်ပေါ်ရှိ လေးလံသော ချပ်ဝတ်တန်ဆာကို ချွတ်လိုက်သည်။ သူမ ဆံပင်ကို ချည်နှောင်ထားသည့် သရဖူကိုလည်း ချွတ်လိုက်ရာ အနက်ရောင် ဆံပင်များ ပြေကျသွားလေ၏။ပြီးလျှင် သူမသည် အရိုးမရှိသော ကြောင်တစ်ကောင်လို ဆိုဖာပေါ်တွင် လဲလျောင်းနေလိုက်၏။
ရုံရှားက သူမကို ကြည့်နေရင်း လေးနက်စွာ ပြောသည်။
"မင်း နောက်ဆို အန္တရာယ်ဖြစ်မယ့် အရာမှန်သမျှ မလုပ်ပါနဲ့၊ ကိုယ် အရမ်းစိတ်ပူတယ်"
"ဟင်....မနေ့က အဖြစ်အပျက်ကို ပြောနေတာလား"
ရုံရှားသည် လျှောက်လာပြီး သူမဘေးတွင် ဝင်ထိုင်လိုက်သည်။
"အစီအစဥ်က သိပ်ပြီး အဓိပ္ပါယ်မရှိတာတော့ မဟုတ်ပါဘူး၊ တစ်ခုခုမှားသွားရင် နောက်ဆက်တွဲအကျိုးဆက်တွေကို မတွေးဝံ့ဘူး"
ပန်းဟွာက ဂရုမစိုက်ဘဲ ပြောသည်။
"ရှင် ဘာတွေတွေးနေတာလဲ၊ အင်ပါယာစစ်တပ်ထဲက ဗိုလ်ချုပ်တော်တော်များများဟာ ပန်းမိသားစုရဲ့ လက်အောက်ငယ်သားဟောင်းတွေပါ၊ သူတို့ဆီမှာ ကျွန်မ ဖမ်းမိခဲ့ရင်တောင် ကျွန်မကို ဘာမှလုပ်မှာမဟုတ်ပါဘူး၊ပြီးတော့ အင်ပါယာစစ်တပ်က ဆန်ခါလို အပေါက်တွေနဲ့ဖြစ်နေတာ၊ဘယ်လိုလုပ် အန္တရာယ်ရှိနိုင်မှာလဲ"
ရုံရှား ၏ မျက်နှာ မည်းမှောင်သွားသည်။ "ဟွာဟွာ၊ ဒါပေမယ့် ဒီကမ္ဘာမှာ 'တကယ်လို့' ဆိုတာ အမြဲရှိတယ်၊ကိုယ် အဲ့ဒီလို အဖြစ်မခံနိုင်ဘူး"
ရုံရှား၏ လေသံမှာ အလွန်လေးနက်နေ၍ ပန်းဟွာ အပျင်းပင်ပြေသွား၏။
"ဒါပေမယ့် ကျွန်မထက် ပိုတော်တဲ့လူရှိတယ်လို့ ရှင် ထင်လား"
ရုံရှားသည် သူ၏ သဘောထား မည်မျှ ခိုင်မာကြောင်း သူမ နားလည်စေရန် သူမ ပခုံးကို ကိုင်ထားသည်။
"မင်းက အသင့်တော်ဆုံးဆိုရင်တောင် မသွားစေချင်ဘူး၊ ကိုယ့်မှာ လက်အောက်ငယ်သားတွေအများကြီးရှိတယ်၊ ဒါပေမယ့် မင်းတစ်ယောက်တည်းကိုပြောတာ၊ မင်းနားလည်လား"
အခန်းသည် အလွန်တိတ်ဆိတ်နေသည်။ ခဏအကြာတွင် သူမသည် ရုံရှား ၏လက်ကို သူမ၏ပခုံးမှ ဆွဲခွာလိုက်သည်။
"ဒါကို တခြားသူ မကြားပါစေနဲ့၊ မဟုတ်ရင် သူတို့ တစ်မျိုးထင်နေဦးမယ်"
ရုံရှား အနည်းငယ် ဒေါသထွက်သွားသည်။ "ဟွာဟွာ ဟာသမလုပ်နဲ့"
"ရှင် ဘာကိုဆိုလိုတာလဲ သိပါတယ်၊ ဒါပေမယ့် ဒီလက်အောက်ငယ်သားဟောင်းတွေကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ ကျွန်မပဲသိတယ်၊သူတို့ကလည်း ကျွန်မကိုပဲယုံတယ်၊တခြားသူတစ်ယောက်ဆိုရင် အစီအစဉ်က အောင်မြင်မှာမဟုတ်ဘူး၊ ကြီးကျယ်တဲ့အရာတွေကို အောင်မြင်တဲ့သူတွေက အသေးအမွှားကိစ္စတွေကို ဂရုမစိုက်ကြဘူး၊ရှင်ဟာ ရည်မှန်းချက်ကြီးတဲ့သူဆိုတာ သိတယ်၊ ရှင် အခက်ခဲဆုံးလမ်းကို ရွေးချယ်မလို့လား၊ကျွန်မက အသင့်တော်ဆုံးလူမို့ တခြားစစ်သားတွေကို မလိုအပ်တဲ့ကိစ္စမျိုး ဖြစ်ခွင့်မပြုချင်တာပါ"
“ကျွန်မတို့ မိသားစုရဲ့ ဘိုးဘေးတွေ အများစုက စစ်တပ်ထဲမှာ စစ်သူကြီးတွေပါ၊ သူတို့ လက်အောက်ငယ်သားတွေကို မလိုအပ်ဘဲ စတေးခိုင်းမယ့်သူတွေ မဟုတ်ဘူး”
ပန်းဟွာ ပြောသောစကားများသည် မိန်းကလေးနှင့်မတူပေ။
"ကျွန်မလည်း ပင်ပန်းနွမ်းနယ်မှုကို ကြောက်တဲ့ မိန်းမပျိုတစ်ယောက်ပါ၊ ဒါပေမဲ့ ငယ်ငယ်ကတည်းက စစ်သားတွေနဲ့ နေခဲ့တယ်၊ စစ်တပ်ထဲမှာကြုံရတဲ့ ဒုက္ခတွေကို ကြောက်တယ်၊ ဒါပေမယ့် သူတို့ကို ကျွန်မ လေးစားတယ်၊ကျွန်မ စစ်စခနမှာနေနေတာလေ၊သူတို့က ကျွန်မကို စစ်သူကြီးလို့တောင်ခေါ်တယ်၊ဒီတော့ ကျွန်မ တာဝန်ကျေချင်တယ်"
"ပန်းမိသားစုက စစ်မြေပြင်မှာ သေရမှာကို မကြောက်ပါဘူး၊ ကျွန်မဟာလည်း မိန်းမတစ်ယောက်ဖြစ်ပေမယ့် ဘိုးဘေးတွေကို အရှက်တကွဲ မဖြစ်စေချင်ပါဘူး"
ပန်းဟွာက ခေါင်းကို မော့ကာ ရုံရှားကို ကြည့်လိုက်သည်။သူမ၏ နဂိုမူလက လေးနက်သော မျက်နှာသည် ရုတ်တရက် ပြုံးသွားသည်။
"ဒါပေမယ့် ကျွန်မရဲ့ အသက်ကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် မထားဘူးဆိုတာ စိတ်ချနိုင်ပါတယ်၊ကျွန်မ ရှင့်ကို ဝမ်းနည်းစေမှာမဟုတ်ဘူး"
ရုံရှား တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။ပန်းဟွာက သူ့ပါးကို လှမ်းကိုင်လိုက်ကာ
"ဝမ်းမနည်းပါနဲ့၊ပြုံးပြ"
ရုံရှားက သူမမျက်နှာကို ပုတ်လိုက်ပြီး ပြောသည်။
"ဟွာဟွာ၊ မင်းက ယောက်ျားဆိုရင်လည်း ကိုယ် ချစ်နေမှာပါ"
"ကျွန်မက ယောက်ျားတစ်ယောက်ဆိုရင်၊ရှင် ကျွန်မကို ချစ်ရင်တောင် ကျွန်မက ပြန်မချစ်ဘူး... ကမ္ဘာပေါ်မှာ မိန်းမလှတွေ အများကြီးရှိတယ်၊ ကျွန်မ သူတို့ကို ဖြည်းဖြည်းချင်း အချိန်ယူပြီးတွဲနေလိုက်မှာပေါ့၊ရှင့်လို ယောက်ျားကြီးနဲ့ ဘာလို့ အချိန်ကုန်ရမှာလဲ"
ရုံရှားသည် သူမကို ရုတ်တရက် ပွေ့ဖက်လိုက်ကာ သူမ တင်ပါးကို အသာအယာပုတ်ပြီး
"ဒီလိုထပ်လုပ်ရင် ကုတင်ပေါ်ကနေ မထနိုင်အောင် မင်းတင်ပါးကို ပုတ်လိုက်မယ်"
"မိန်းမတစ်ယောက်ကို အိပ်ရာက မထနိုင်မချင်း လုပ်ရအောင် ယောက်ျားတစ်ယောက်က ဘယ်လို အစွမ်းအစတွေ ရှိသလဲ" ပန်းဟွာသည် နှစ်ကြိမ် ပုတ်ခတ်ခံရပြီးနောက် စိတ်ဆိုးခြင်းမရှိပေ။ထိုအစား သူမက ဟစ်အော်ပြီး
"ရှင့်မှာ အရည်အချင်းရှိရင်တော့.."
ဤစကားမျိုးကို ဘယ်ယောက်ျားမှ သည်းမခံနိုင်ပေ။ယခုလည်း ရုံရှားက သူမကို ပခုံးပေါ်ထမ်းတင်ပြီး ကုတင်ပေါ် လျှောက်သွားလိုက်သည်။
သူတို့နှစ်ယောက်ကြားက ပြိုင်ပွဲက စိတ်ဝင်စားစရာကောင်းသလို၊ကျေနပ်စရာလည်းကောင်း၏။ရုံရှား က ပန်းဟွာကို အိပ်ရာထဲက မထနိုင်အောင် မစွမ်းဆောင်နိုင်သော်လည်း အနည်းဆုံးတော့ သူမ ပျော်အောင် လုပ်နိုင်ခဲ့၏။
နောက်တနေ့တွက် သူသည် သူ၏ဗျူဟာမှူးများနှင့် ဆွေးနွေးရန် အခန်းထဲသို့သွားသောအခါ ပုံမှန်ထက်ပို၍ ပြုံးနေမိသည်။သူတို့နှစ်ယောက်၏ ရင်ဘတ်ပေါ်ရှိ နှုတ်ခမ်းရာများက သူတို့နှစ်ဦး၏ အချစ်ကိုသာ ပြသနေပေတော့သည်။
နောက်နေ့မနက်မှာ စစ်တပ်က ထွက်သွားသည်။ ရုံရှားသည် ချင်စုန့်နယ်မြေကို စောင့်ရန် လူအချို့ကို ထားခဲ့ကာ စစ်တပ်သည် ယုံကျိုးမြို့သို့ တိုက်ရိုက် ပြေးသွားခဲ့သည်။
ယုံကျိုး နှင့် တိုင်ကျိုးတို့သည် မြစ်တစ်စင်းဖြင့် ခြားထားသည်။ယုံကျိုး မပြိုကွဲသေးသရွေ့ ကျင်းမင်းဆက်မှာ မျှော်လင့်ချက်ရှိနေဆဲပင်။ယုံကျိုးမြို့ ပြိုကျလျှင် ပျက်စီးသွားလိမ့်မည်။ အင်ပါယာတရားရုံးသည်လည်း အခြေအနေကို ပြန်အစပြုရန် အလွန်ခက်ခဲမည်ဖြစ်သည်။
ဤသည်ကို အင်ပါယာတရားရုံးကလည်း သိသည်။ ထို့ကြောင့် သူတို့သည် အသုံးဝင်နိုင်လောက်သော မင်းသားချန်ချင်ဝမ် နှင့် ရှစ်ကျင်းကို လွှတ်လိုက်ကြသည်။ ကံမကောင်းစွာဖြင့်၊ အင်ပါယာတရားရုံးတွင် ကပ်ပါးကောင်များ အလွန်များသည်။ တစ်ချို့က စစ်သားများအတွက် လက်နက်နှင့် သံချပ်ကာများဝယ်ပေးရမည့်အထဲမှ စရိတ်ကိုအလွဲသုံးစားလုပ်ကာ ယူကြလေသည်။
မြင်းကို ပြေးစေသော်လည်း မြက်မကျွေးသလိုမျိုးပင် အင်ပါယာ တရားရုံးသည် ဤကဲ့သို့ အကျင့်ပျက်ခြစားနေသည်။စစ်သားတွေက သူတို့ရန်သူကို သတ်ဖို့ ဘယ်လို မျှော်လင့်နိုင်မှာလဲ။
စစ်တပ်သည် ချင်စုန့်နယ်မြေမှ ယုံကျိုးသို့ အလျင်အမြန်သွားပါက ထိုနေရာကို ရောက်ရန် နှစ်ရက်နှင့် တစ်ညခန့် ကြာမည်ဖြစ်သည်။
မင်းသားချန်ချင်ဝမ်သည် ရုံမိသားစုစစ်တပ်ကို တိုက်ခိုက်ရန်အတွက် မြစ်ကိုဖြတ်ရန် တပ်ဖွဲ့များစေလွှတ်ခါနီးတွင် ယုံကျိုး မြို့အပြင်ဘက်ရှိ ရုံမိသားစု စစ်တပ် က ဝိုင်းရံထားသည်။ရုံမိသားစု စစ်တပ်များ ပြင်းပြင်းထန်ထန် ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် ကင်းမျှော်စင်ရှိ စစ်သားများသည် အလွန်ကြောက်လန့်သွားကာ ခြေထောက်များပင် တုန်နေကြတော့၏။ရုံမိသားစု စစ်တပ် လာနေပြီဟု အောက်မှ အစောင့်များကို လက်ပြလိုက်သည်။
"သူပုန်စစ်တပ် လာနေပြီ"
"သူပုန်စစ်တပ် လာနေပြီ!"
ဤအသံများထဲတွင် ဒေါသထက် ကြောက်စိတ်နှင့် လွတ်မြောက်လိုစိတ် ပိုများသည်။
မင်းသားချန်ချင်ဝမ်သည် ရုံရှား ကို တံတားပေါ်မှ တိုက်ခိုက်ရန် တပ်များကို ဦးဆောင်ရန် စောင့်နေဆဲဖြစ်သည်။ သို့သော်လည်း သူလှည့်ကြည့်လိုက်တော့ ရုံမိသားစု စစ်တပ်က မြောက်ပိုင်းကနေ တိုက်ခိုက်နေသည်ဆိုသော သတင်းကို ကြားလိုက်ရ၏။ ယုံကျိုး၏ မြောက်ဘက်တံခါးသည် ချင်စုန့်နယ်မြေ၏ ဦးတည်ချက်ဖြစ်သည်။
"လူဘယ်နှစ်ယောက်ရှိသလဲ။"
မင်းသားချန်ချင်ဝမ်သည် ပန်းဟွာ ဦးဆောင်သော စစ်တပ်ဟု ထင်မြင်ခဲ့ပြီး ရှစ်ကျင်းကို အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ မိန်းမတစ်ယောက်ကို မတားနိုင်လောက်အောင် အသုံးမကျသည့် အမှိုက်တစ်စပင်။
"စစ်ဦးစီးချုပ်၊ ငါးသောင်းကျော်လောက်ရှိမယ်ထင်တယ်"
"ဘာ" မင်းသားချန်ချင်ဝမ်သည် သတင်းပို့သော စစ်သား ရုတ်တရက် ပြန်ကြည့်မိသည်။
"ငါးသောင်း ဘယ်လိုရှိနိုင်မှာလဲ"
“ခေါင်းဆောင်ရဲ့အလံမှာ ရေးထားတဲ့ 'ရုံ' ဆိုတဲ့ စာလုံးကို မြင်လိုက်ရတယ်” စစ်သားက အံ့သြတကြီးဖြင့် ပြောသည်။
"ရုံရှားက တပ်ဖွဲ့တွေကို ကိုယ်တိုင် ဦးဆောင်နေတာလို့ ကျွန်တော် သံသယရှိပါတယ်"
"ငါ ချက်ချင်းသွားကြည့်မယ်!"
မင်းသားချန်ချင်ဝမ်သည် မြင်းပေါ်သို့ မစောင့်နိုင်တော့ဘဲ အလျင်စလိုတက်လိုက်၏။
ယခုအချိန်တွင် နှစ်ဖက်စလုံးက အချင်းချင်း ကျိန်ဆဲဆဲဖြစ်သည်။ မိသားစုကိုပါ ထိပါးနေကြသည်။ သေသွားပြီဖြစ်သော ဘိုးဘေးများလည်း ပါဝင်သည်။
တစ်ယောက်နှက့်တစ်ယောက် ကျိန်ဆဲခြင်းက အောက်တန်းကျပုံပေါက်သော်လည်း၊ တကယ်တော့ အတော်အကျိုးရှိသည်။ အချင်းချင်း ကျိန်ဆဲကြမည်ဆိုလျှင် တစ်ဖက်မှ ဗိုလ်ချုပ်များသည် ငြိမ်သက်မနေနိုင်ဘဲ စစ်မြေပြင်ကို ကွပ်ကဲသည့်အခါ အမှားအယွင်းများ ရှိလာနိုင်သည်။ တခါတရံမှာ အမှားတစ်ခုက အောင်ပွဲနှင့် ရှုံးနိမ့်မှုကို ဆုံးဖြတ်နိုင်၏။
" ဝက်မျက်ခွက်နဲ့ကောင်၊မင်းရုပ်က ခွေးနဲ့ဝက်ပေါင်းထားသလိုပဲ"
ရုံမိသားစု စစ်တပ်မှ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးက သူ့ပေါင်ကိုရိုက်လိုက်ပြီး
"မင်းကို ကြည့်ပြီး မဆဲရရင် ငါ စိတ်မကောင်းဖြစ်နေတော့မှာ"
"ဟိတ်၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်သလဲ၊ ဘာလို့ ဘိုးဘေးတွေကို လာထိတာလဲ၊ အမျိုးယုတ်ကောင်ရဲ့"
မြို့တံခါးရှိ စစ်သူကြီးသည် နောက်ပြန်မလှည့်ဘဲ အော်ဆဲပြန်၏။
ပန်းဟွာက ရုတ်တရက်ပြော၏။
"စစ်သူကြီးဝမ်၊ ဘာလို့ စကားပြောနေသေးတာလဲ၊ သူတို့ ဒီလောက် လူမဆန်တဲ့ဟာကို၊ဘာလို့ သူတို့ကို မသတ်တာလဲ"
ပြောပြီးသည်နှင့် ပန်းဟွာသည် လက်ကို မြှောက်ကာ ကျိန်ဆဲသောသူကို ပစ်ရန် အသင့်ဖြစ်နေပြီဖြစ်သော လေးပစ်သမား အနည်းငယ်အား လက်ပြလိုက်သည်။
"ကမ္ဘာကြီး မထိခိုက်စေဖို့အတွက် ဒီလို နာခံမှုမရှိတဲ့လူကို သတ်လိုက်တာက ပိုကောင်းပါတယ်"
xxxxx