Chapter 169
ပန်းဟွာ၏ အရှိန်က မြန်လွန်းသော်လည်း နှစ်ဖက်စလုံး အရှိန်ပြင်းပြင်းနှင့် ရှောင်နိုင်ကြသည်။သူမ၏ မြှားက သူ့ခေါင်းကို မထိခဲ့သော်လည်း လက်မောင်းကိုတော့ ဒဏ်ရာရအောင်ထိသွား၏။
ပန်းဟွာသည် ခလုတ်တစ်ခုလို ဖျတ်လတ်လှပေ၏။ ရုံမိသားစု စစ်တပ်၏ ပြင်ဆင်ထားသော လေးသမားများသည် ဒိုင်းများကိုကိုင်ဆောင်ထားသော စစ်သည်များအား ဟာကွက်ကိုချောင်းကာ မြှားဖြင့် တခဲနက်ပစ်ခတ်သည်။
သူတို့အားလုံးက ပန်းဟွာ နှင့် ချင်စုန့်နယ်မြေကို တိုက်ခိုက်ခဲ့ပြီးဖြစ်၍ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အလွန်တိတ်ဆိတ်စွာ စည်းလုံးနေ၏။အစမှ အဆုံးထိ သူတို့ဘက်က တိုက်နိုင်လျှင် စကားတစ်ခွန်းမှ မပြောတော့သည့် နိယာမကို လိုက်နာကြသည်။ အကယ်၍ စကားပြောခဲ့လျှင်ပင် ရန်သူကို စိတ်ရှုပ်အောင်ရန်စပြီး စစ်မီးတောက်ကို တောက်လောင်စေမည့် သဘောမျိုးလုပ်ထားသည်။
အင်ပါယာတရားရုံးစစ်တပ်သည် ရုံမိသားစု စစ်တပ် ဤမျှဆိုးရွားကြမ်းတမ်းလိမ့်မည်ဟု မမျှော်လင့်ထားပေ။ တစ်ယောက်နှင့်တစ်ယောက် အနိုင်မခံအရှုံးမပေးဘဲ အကြိတ်အနယ်တိုက်နေသည်။
ဒဏ်ရာကို ဖုံးအုပ်ထားသည့် စစ်သားက " လူယုတ်မာကောင်တွေ၊ ဒီနေ့ ငါရောက်နေပြီ၊ ငါ မြို့ထဲကို သေချာပေါက် ဝင်ခွင့်မပြုဘူး!"
စစ်ပွဲသည် အမြဲတမ်း သွေးထွက်သံယို၊ သတ်ဖြတ်သံ၊ နာကျင်စွာ အော်ဟစ်သံများသာ ဖြစ်ခဲ့သည်။ တစ်ချို့လူများသည် သွေးဆာလွန်း၍ နာကျင်ရမှန်း၊ မောပန်းရမှန်းပင် မသိကြ။
"ရန်သူငါးယောက်ကိုသတ်နိုင်ရင် ငွေငါးချောင်းရမယ်၊ရန်သူဆယ်ယောက်သတ်ရင် ငွေဆယ့်ငါးချောင်းရလိမ့်မယ်၊ရန်သူရဲ့ဗိုလ်ချုပ်ကိုသတ်ရင် တရားဝင်ရာထူးရလိမ့်မယ်၊ကဲ ညီအစ်ကိုတို့ သွားကြရအောင်"
တုကျိုးသည် သွေးစွန်းနေသော ဓားရှည်တစ်ချောင်းကို ကိုင်ကာ မြင်းစီး၍ မြို့တံခါးဆီသို့ သွားလေတော့သည်။နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းနေသော မြို့တံခါးဟောင်းသည် နောက်ဆုံးတွင် ဆက်တိုက်ရိုက်ခတ်မှုဒဏ်ကို ခုခံနိုင်စွမ်း မရှိတော့ဘဲ ပြိုကျသွားသည်။
မြို့တံခါးနောက်ကွယ်မှာ ပုန်းအောင်းနေသည့် အင်ပါယာတရားရုံး စစ်တပ်က အင်အားအပြည့်နှင့် ထွက်လာသည်။နှစ်ဖက်စလုံးက တညီတညွတ်တည်း တိုက်ကြတာကြောင့် မြို့တံခါးအပြင်ဘက်က မြေပြင်မှာ သွေးချင်းချင်းနီရဲနေ၏။
ပန်းဟွာ အပြေးအလွှား ဝင်တိုက်ဖို့ပြင်သော်လည်း ရုံရှားက တားလိုက်သည်။သူက မြင်းပေါ်မှနေ၍ မြို့ရိုးပေါ်ရှိ ဧကရာဇ်အလံကို ပြကာ
"စစ်သူကြီးတစ်ယောက်အနေနဲ့ မင်း စိတ်ကိုရှည်ရှည်ထားပါ၊ ဒီစစ်ပွဲက မင်းတိုက်ရမယ့် နေရာကို မရောက်သေးဘူး"
ပန်းဟွာက သူမ ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး "နားလည်ပါတယ်"
" တံခါးပျက်သွားပြီ!" စစ်သားတစ်ယောက်က မင်းသားချန်ချင်ဝမ်ကို အမြန်ရပ်လိုက်ပြီး ပြောလေသည်။
" မြန်မြန်ထွက်သွားသင့်တယ်၊ ကျွန်တော်တို့ တံခါးကို အကြာကြီးမကာကွယ်နိုင်ဘူး"
ယုံကျိုး၏ မြို့တံခါးသည် ဤကဲ့သို့ ပျက်စီးသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ဒေသခံ အရာရှိတွေ ဘာလုပ်နေကြတာလဲ။သူတို့အိမ်ကြီးတွေက ဇိမ်ကျပြီး ခမ်းနားနေပေမယ့် မြို့တံခါးတွေကို ပြင်ဖို့ကျ ပိုက်ဆံမရှိဘူးလား။
ယခု သူတို့လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ မင်းသားချန်ချင်ဝမ် ဆုတ်ခွာဖို့ ကာကွယ်ရန်နှင့် သူပုန်စစ်တပ်က မြို့ကို သိမ်းပိုက်ခြင်းမှ တားဆီးရန်ဖြစ်သည်။
ဗိုလ်မှူးရှစ်ကို ဖမ်းထားပြီးပြီဖြစ်၍ စစ်ဦးစီးချုပ်ကို ဖမ်းမိလျှင် အင်ပါယာတရားရုံးစစ်တပ်လည်း လုံးဝ ရှင်းသွားလိမ့်မည်။
မြို့ပြင်မှာ အော်ဟစ်တိုက်ပွဲဝင်နေကြပုံက ကောင်းကင်ကိုပင် လှုပ်ခါသွား စေသည်။ မင်းသားချန်ချင်ဝမ်သည် တိုက်ပွဲ အော်ဟစ်သံများ နီးကပ်လာသည်ကို ကြားလိုက်ရလျှင် အံကြိတ်ကာ အနီးနားရှိလူများကိုပြော၏။
"ဆုတ်ကြဟေ့!"
ယုံကျိုးမြို့ကို သူတို့ မကယ်တင်နိုင်ခဲေပ။
ရုံရှားမှာ လှည့်ကွက်များစွာရှိမည်ဟု သူ မမျှော်လင့်ထား ချေ။သူပုန်စစ်တပ်၏ ချပ်ဝတ်တန်ဆာများနှင့် လက်နက်များကို ဟိုးရှေးရှေးကတည်းက ပြင်ဆင်ခဲ့ဖွယ်ရှိသည်။ မဟုတ်ရင် သူတို့ဟာ နယ်ချဲ့စစ်တပ်ထက် ဘယ်လိုလုပ်သာလွန်နိုင်မှာလဲ...ရုံရှားသည် ငယ်ရွယ်စဉ်ကတည်းက ထိုသို့သော ရည်မှန်းချက်များ ရှိရဲသူဖြစ်သည်။
မင်းသားချန်ချင်ဝမ်သည် အမုန်းတရားများဖြင့် ပြည့်နှက်နေသော်လည်း ဤအချိန်က ဖော်ထုတ်ပြသရန်အချိန်မဟုတ်ကြောင်း သူသိသည်။ သူက လက်အောက်ငယ်သားများအား ပစ္စည်းအချို့ကို ထုပ်ပိုးရန် အမိန့်ပေးကာ မြင်းပေါ်တက်ပြီး ထွက်ပြေးခဲ့သည်။ ဖြည်းဖြည်းချင်း ပြေးလျှင် သူပုန်များက သူတို့ကို ဖမ်းမှာစိုးရိမ်သည့်အတွက် သယ်ဖို့လေးပြီး အဆင်မပြေဖြစ်စေသော အရာအားလုံးကို လွှင့်ပစ်လိုက်၏။သူတို့၏ ချပ်ဝတ်တန်ဆာများကိုလည်း အနှမြောမရှိလွှင့်ပစ်သည်။
ရုံရှားသည် ယုံကျိုး မြို့တံခါးဝသို့ ဝင်ရောက်လာစဉ် သွေးအိုင်များအား မှိုလိုပေါက်အောင် တွေ့နေရသည်။တစ်မြို့လုံးက သွေးနံ့များကြိုင်လှိုင်နေပြီး နာကျင်သည့် အော်ဟစ်သံများဖြင့်သာ ပြည့်နေ၏။ဤနေရာမှာ ငရဲသဖွယ်ဖြစ်နေတော့သည်။ ပန်းဟွာသည် မြေပြင်ပေါ်ရှိ သွေးများကို ရှောင်ရင်း သူ့ဘေးတွင် ရပ်လိုက်သည်။
"ဒဏ်ရာရစစ်သားတွေကို ခေါ်သွားပါ၊ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ နယ်ချဲ့စစ်တပ်ကို အာရုံစိုက်ပါ၊ခြုံခိုတိုက်ခိုက်တာမျိုး မလုပ်ပါနဲ့"
"ဟုတ်ကဲ့” တုကျိုးသည် အမိန့်ကို လက်ခံပြီး နောက်ဆုတ်သွားခဲ့သည်။
ရုံရှားက ပန်းဟွာကို လှည့်ကြည့်လိုက်ပြီး သူမ လက်ကို ဆုပ်ကိုင်လိုက်၏။
"ဟွာဟွာ၊ ဒီအတိုင်း ကိုယ့်အနားမှာ နေပေးပါ အဆင်ပြေလား"
"ရှင် စိတ်မပြောင်းလဲရင် ကျွန်မ ရှင့်ကို စိတ်မပျက်စေရပါဘူး" ပန်းဟွာက အဝတ်အစားများကို သေသေသပ်သပ်ပြန်လုပ်ပြီး "အများကြီးမတွေးပါနဲ့ ရှင် ကျွန်မကိုစိတ်မပျက်သရွေ့ ရှင့်အနားမှာအမြဲရှိနေမှာပါ"
ထိုစဉ်ကျောက်ကျုံးသည် မြင်းအမြန်စီး၍လာပြီး "သခင်၊ မင်းသားချန်ချင်ဝမ် လွတ်မြောက်သွားပါတယ်"
ပန်းဟွာက "သူလွတ်သွားပြီလား၊ နာရီပိုင်းပဲရှိသေးတယ်လေ၊ စစ်သားတွေကို စွန့်ပစ်ပြီး ထွက်ပြေးသွားရတယ်လို့၊ သူက တကယ်သစ္စာရှိတဲ့ မင်းသားပဲ"
ကျောက်ကျုံးက သူတို့ နှစ်ယောက်သားလက်ကိုင်ထားသည်ကိုမြင်သော် ခြောက်ကပ်စွာ ပြုံးလိုက်ပြီး "ကျွန်တော်တို့ သူတို့နောက်ကို လိုက်မှာလား"
ရုံရှားက ပြော၏။
"မလိုဘူး၊ ယုံကျိုး မှာ အနားယူလိုက်ပါ၊တစ်လခွဲကြာပြီးနောက်မှ သစ္စာဖောက်တွေကို သတ်ပြီး တရားရုံးကို ပြန်လည်တည်ဆောက်ဖို့ မြို့တော်ကို သွားရမယ်"
"ဟုတ်ကဲ့...." ကျောက်ကျုံး၏ ရင်ဘတ်မှာ ပူနွေးလာပြီး မျက်လုံးများကလည်း တောက်ပလာသည်။
မင်းသားချန်ချင်ဝမ်သည် လမ်းတစ်လျှောက်လုံး ထွက်ပြေးခဲ့ပြီး မြို့တော်နှင့် အလွန်နီးကပ်သော မင်းယွီကျိုးတွင် ပုန်းရှောင်နေမှသာ လုံခြုံသည်ဟု ခံစားရသည်။ သို့သော် သူ ထွက်ပြေးလာသည်ကို တရားရုံးကို ရှင်းပြရမည်။ သူ အကြာကြီး တွေးနေမိသည်။ ဖုန်းနင်း ဧကရာဇ် ယုံကြည်စိတ်ချရသော အရာရှိအချို့ထံ ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများကို သူ့လက်အောက်ငယ်သားများထံ ပေးပို့ခိုင်းစေခဲ့သည်။ ဖုန်းနင်း ဧကရာဇ်အား ခွင့်လွှတ်ပေးရန် တောင်းဆိုသည့် စာလွှာကိုလည်း ရေးသားခဲ့သည်။ စာလွှာထဲတွင် တောင်းပန်စကားများအပြည့် ရေးထားသော်လည်း စကားလုံးတိုင်းသည် သူ၏တပ်များကို ဦးဆောင်နိုင်စွမ်းမရှိသော်လည်း စစ်ရေးလျှို့ဝှက်ချက်များကို ပေါက်ကြားခဲ့သော သစ္စာဖောက်တစ်ယောက်ရှိကြောင်း အရိပ်အမြွက်ဖော်ပြနေသည်။
သစ္စာဖောက်က ဘယ်သူလဲ...
အိမ်ရှေ့စံ၏ ခဲအို ရှစ်ကျင်း ဖြစ်သည်မှာ သေချာသည်။ ရှစ်ကျင်းကို ဖမ်းမိပါက အားလုံးကို အပြစ်ပေးရမည်။ သို့ဆိုလျှင် သူလည်း မည်သည့်ဖိအားကိုမျှ မခံစားရနိုင်တော့ပေ။
ကျန်းလောသည် မင်းသားချန်ချင်ဝမ်၏ စာလွှာအား လက်ခံရယူပြီး အနီးကပ်အရာရှိများ၏အကူအညီဖြင့် ရှစ်ကျင်းအား အရာအားလုံးအတွက် အပြစ်တင်ခဲ့သည်။ သူက ဒေါသတကြီးနှင့် ရှစ်မိသားစုဝင်များကို ရာထူးချ၍ သတ်ပစ်ပြီး ကလေးငယ်များဆိုလျှင် အစေခံအဖြစ် လွှတ်လိုက်၏။တစ်ချိန်က ဘုန်းကြီးခဲ့သည့် မိသားစု လုံးဝ နာမည်ပျက်သွားရလေပြီဖြစ်၏။
တစ်ချို့က သက်ပြင်းချပြီး တစ်ချို့က စာနာကြသည်။သာမာန်ဦးနှောက်ရှိသူတိုင်း မင်းသားချန်ချင်ဝမ် လိမ်ညာခဲ့သည်ဟု ခန့်မှန်းနိုင်သည်။ ဒါပေမဲ့ ဧကရာဇ်က အဲဒါကို ယုံကြည်တဲ့အတွက် သူတို့လည်း ဘာလုပ်နိုင်မလဲ။ထို့အပြင် ရှစ်မိသားစုသည် အာဏာရစဥ်က၊ လူများစွာကို မထီမဲ့မြင်ပြုခဲ့သည်။သို့ဖြစ်၍ သူတို့အတွက် ကာကွယ်ပြောဆိုပေးရန် ဆန္ဒမရှိခဲ့ပေ။
ထိုသတင်းသည် ယုံကျိုးသို့ရောက်သောအခါ ရှစ်ကျင်းမှာ သူ့အခန်းထဲရှိ ကျမ်းစာများကို ကူးယူနေချိန်ဖြစ်သည်။
"အဖေ... ခေါင်းဖြတ်ခံရတယ် ဟုတ်လား"
ရှစ်ကျင်း၏ အသံသည် ဆူညံသွားသည်။ သူက ခွေးခြေခုံပေါ်တွင် ကြောင်စီစီဖြင့် ထိုင်ချလိုက်၏။ စုတ်တံထိပ်ရှိ မှင်တို့သည် ဖိတ်စင်သွားပြီး စာရွက်တစ်ခုလုံး စွန်းထင်းသွားသည်။ ဒါပေမယ့် ဒီအချိန်မှာ ဒီလိုစာရွက်တစ်ရွက်ကို ဘယ်သူက ဂရုစိုက်မှာလဲ။
သူ့ကိုကြည့်ရင်း ကျောက်ကျုံး နည်းနည်း သနားသွား၏။
"ကျေးဇူးပြုပြီး စိတ်ကို ထိန်းပါ"
ရှစ်ကျင်းက ခေါင်းကို ဆတ်ဆတ်ခါလိုက်ကာ စုတ်တံကို ချပြီး ကျောက်ကျုံးကို ပြောသည်။
"ကျေးဇူးတင်ပါတယ် သခင်ကျောက်၊ ကျွန်တော် ခဏ တစ်ယောက်တည်းနေချင်တယ်"
"သွားတော့မယ်" ကျောက်ကျုံး အခန်းထဲမှ ထွက်သွားပြီး ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
သုံးရက်အကြာတွင် ရှစ်ကျင်းသည် သန့်ရှင်းပြီး အရောင်ပါသော ချည်ထည် ၀တ်ရုံအား ပြောင်းလဲဝတ်ဆင်သည်။ သူ၏ဆံပင်ကို ငွေရောင်သရဖူဖြင့် ချည်နှောင်ထားသည်။ သူ့မျက်နှာက ကြည့်ကောင်းနေသော်လည်း သူ့မျက်လုံးထဲမှာ နာကျည်းရိပ်များတောက်လောင်နေ၏။သူက ရုံရှားကိုတွေ့ပြီး ဦးညွှတ်လိုက်သည်။
"ကျွန်တော်က ရှစ်ကျင်းပါ ကောကုန်းချမ်အမ် ဆီမှာ သစ္စာရှိရှိ အစေခံဖို့ ဆန္ဒရှိပါတယ်"
ရုံရှားက နေရောင်အောက်မှာ ရပ်နေသူကို ကြည့်လိုက်ပြီး “မင်း တကယ်ပဲ ဆန္ဒရှိသလား”
ရှစ်ကျင်း ခါးသီးစွာ ပြုံးလိုက်သည်။
"ဟုတ်ပါတယ်၊ ဆန္ဒရှိပါတယ်၊ ခုတော့ ကျွန်တော် တစ်ယောက်တည်းပဲ၊ ဘာမှ စိတ်ပူစရာမရှိပါဘူး၊ကျွန်တော် ကောကုန်းချမ်အမ် နောက်ကို လိုက်ခဲ့မယ်ဆိုရင် အနည်းဆုံး ကျွန်တော့်ရဲ့အသိစိတ်ကကျွန်တော့်ကို ပြစ်တင်ရှုံ့ချမှာ မဟုတ်ဘူး"
"သခင်လေးရှစ် ယဉ်ကျေးလွန်းနေပါပြီ" ရုံရှားက သူ့ကို ဦးညွှတ်လိုက်သည်။ "ကျေးဇူးပြုပြီး နောက်ကို ကူညီပေးပါ"
ရှစ်ကျင်းက ဦးညွှတ်ပြန်သည်။ "လက်အောက်ငယ်သား ရှစ်ကျင်းက သခင့်ကို နှုတ်ဆက်ပါတယ်"
ပန်းဟွာသည် ရေပြာရောင်ဝတ်စုံဝတ်ကာ တံခါးအပြင်ဘက်တွင် ရပ်နေ၏။ ရှစ်ကျင်း၏ နောက်ကျောသည် သူမကို မျက်နှာမူထားသောကြောင့် သူ့မျက်နှာအမူအရာကို မမြင်နိုင်ပေ။ ရှစ်ကျင်း လည်း သူချစ်ရသည့် အမျိုးသမီးက သူ့နောက်မှာ ရပ်နေမှန်း မသိခဲ့ချေ။
ပန်းဟွာသည် ထိုနေရာတွင် ခဏရပ်လိုက်ပြီး သူတို့ကို နှောင့်ယှက်ရန် ရှေ့မတိုးခဲ့ပေ။ သူမသည် ခြံဝင်းထဲမှ ထွက်လာကာ နေပူဆာလှုံလိုက်သည်။
"စစ်သူကြီး"
သခင်မကျောက်သည် ကလေးနှစ်ယောက်၏လက်ကို ဆုပ်ကိုင်ထားရင်း သူမကိုမြင်သောအခါ ဦးညွတ်ပြုံးပြသည်။
"ဒီနေ့ ရာသီဥတုကောင်းတယ်၊ဘာလို့ မြို့ထဲမှာ လမ်းမလျှောက်တာလဲ"
ပန်းဟွာက ကလေးများ၏ ခေါင်းကို ပုတ်လိုက်ရင်း သခင်မကျောက်ကို ပြုံးပြသည်။
"သွားကြရအောင်၊ မျောက်နှစ်ကောင်လည်း ပျင်းနေတယ်ထင်တယ်"
ယခင်က သူမသည် မြို့တော်တွင် တော်ဝင်တရားရုံးမှ သူလျှိုများ ရှိလာမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် စစ်သည်များ၏ မိသားစုဝင်များကို အပြင်ထွက်ခွင့်မပေးပေ။ ယခု မြို့ကို ထပ်ခါထပ်ခါ ရှာဖွေနေပြီး အချို့လူများက အသက်ရှင်သန်ရန် စျေးဆိုင်များပင် စတင်လုပ်ကိုင်လာသောကြောင့် ပန်းဟွာသည် ကလေးနှစ်ယောက်ကို အပြင်ထွက်ခွင့်ပြုခဲ့၏။
အကြီးဆုံးသခင်လေးကျောက်က ခေါင်းညိတ်လိုက်သည်။
" ကျွန်တော် ပျင်းနေတာ၊ ဒါပေမယ့် သည်းခံနိုင်ရည်ရှိပါတယ်"
"ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်လိုသည်းခံနိုင်ရည်နိုင်တာလဲ" ပန်းဟွာက သူ့ခေါင်းကို ပွတ်လိုက်သည်။
"မင်းအဖေနဲ့ တူနေတာ ဖြစ်မယ်"
အကြီးဆုံးသခင်လေးကျောက်က ခေါင်းကို ပွတ်သပ်ပြီး မိုက်မဲစွာ ပြုံးလိုက်သည်။ ထိုစဉ် သူ့ညီလေးက သခင်မကျောက်၏လက်ကနေ ထွက်လာပြီး ပန်းဟွာ ဆီကို စိတ်အားထက်သန်စွာ ချဉ်းကပ်လာခဲ့၏။ထို့နောက် သူက ရုပ်ဆိုးသည့် သကြားလုံးတစ်လုံးကို ထုတ်ယူပြီး
" ဒါကို ကျွန်တော် ကျွင်းကျူးအတွက် သိမ်းထားခဲ့တာပါ"
"ကျေးဇူးတင်ပါတယ် သခင်လေးကျောက်" ပန်းဟွာက သကြားလုံး ယူလိုက်သည်။သကြားလုံး သန့်သည်ဖြစ်စေ မသန့်သည်ဖြစ်စေ သူမ ဂရုမစိုက်ဘဲ သူမ ပါးစပ်ထဲကို ထည့်လိုက်၏ ။
သက်တော်စောင့်များနှင့်အတူ လူတစ်စုသည် ယာယီနေထိုင်ရာနေရာမှ ထွက်ခွာသွားကြသည်။ ပန်းဟွာက ကလေးနှစ်ယောက်အတွက် အရုပ်လေးများဝယ်ဖို့ ပိုက်ဆံနည်းနည်းသုံးသည်။ ဈေးဆိုင်ပိုင်ရှင်တချို့က သူမ ပိုက်ဆံကို မယူဝံ့ကြသည့်အတွက် သူမက အတင်းငွေပေးချေကာ ထွက်သွားသည်။
နံရံတစ်ခု၏ ခြေရင်းသို့ လျှောက်သွားသောအခါတွင် အသက် ဆယ်နှစ်အောက် ကလေးတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်နေ၏။သူ့မျက်နှာက ညစ်ပတ်နေပြီး သူ့အဝတ်အစားများကလည်း အသိအမှတ်မပြုလောက်အောင် စုတ်ပြဲနေသည်။သခင်မကျောက်က ကလေးကို ကူညီချင်သော်လည်း ပန်းဟွာမှ သူမကို တားလိုက်သည်။
"သခင်မကျောက်"
ပန်းဟွာသည် စောစောကထက် ပို၍ပို၍ ဝမ်းနည်းစွာ ငိုနေသော ကလေးအား ကြည့်လိုက်ရင်း အေးစက်စွာ ပြောလေသည်။
"အခုလို ပရမ်းပတာ ဖြစ်နေတဲ့အချိန်တွေမှာ၊ တခါတရံမှာ ကလေးတွေက သေချာပေါက် ကလေးတွေချည်းမဟုတ်ဘူး၊သတိထားသင့်တယ်"
သခင်မကျောက် တုန်လှုပ်သွားကာ သနားစရာကောင်းသည့် ကလေးလေးကို သေသေချာချာကြည့်မိသည်။ကလေးက ဘာဖြစ်နေမှန်း သူမလည်း မသိပေ။
"သခင်မ သတိမထားမိဘူးလား၊ တိုက်ခိုက်တတ်တဲ့ ကလေးတွေက ကျွန်မတို့ကိုမြင်ရင် အလိုလိုအသံတိုးသွားတတ်တယ်" ပန်းဟွာက မေးစေ့ကို မြှောက်လိုက်သည်။
"မိဘနဲ့အတူ ရှိမနေတဲ့ ကလေးတွေကို သတိထားသင့်တယ်"
သခင်မကျောက် ချက်ချင်းနားလည်သွားကာ သူမ၏ အပြုအမူကို တွေးတောရင်း အသက်သာရှုက်လိုက်မိ၏။ဒီကလေးမှာ တကယ်ပြဿနာရှိခဲ့ရင်...
ပန်းဟွာက သက်တော်စောင့်များကို လက်ပြလိုက်သည်။ "ဒီကလေးကို မိဘမဲ့ဂေဟာကို ခေါ်သွားပါ၊ သူ့ကို အာရုံစိုက်ဖို့ ပြောပါ၊ ဒါပေမယ့် ဖိအားလည်းမပေးပါစေနဲ့"
"ဟုတ်ကဲ့"
သခင်မကျောက်သည် မြတ်နိုးခြင်းများဖြင့် ပန်းဟွာကျွင်းကျူး ကို ကြည့်လိုက်သည်။ပန်းဟွာသည် တပ်မတော်ရှိ စစ်သည်များအားလုံး သဘောကျနှစ်သက်သော စစ်သူကြီးဖြစ်ထိုက်သူဖြစ်၏။ သူမသည် အရာရာတိုင်းကို တိထားပြီး ဆင်ခြင်တုံတရားဖြင့် ပြုမူသည်။ သူမလို အမျိုးသမီးတစ်ယောက်ထက် များစွာပို၍ ဥာဏ်ပညာကြီးမားသူဖြစ်ပေ၏။သခင်မကျောက် ဘာကြောင့်မှန်းမသိသော်လည်း အနည်းငယ် အားကျစိတ်ဖြစ်သွားမိ၏။
မိန်းကလေးတစ်ယောက်က ယခုလိုနေထိုင်နေသည်မှာ စိတ်ဝင်စားဖို့ကောင်းနေသည်။
မိဘမဲ့ဂေဟာသို့ ပို့ဆောင်ခံခဲ့ရသော ကလေးအား ရက်အနည်းငယ်အတွင်း စုံစမ်းစစ်ဆေးခဲ့သည်။ အမှန်တကယ်ပင် သူက လေ့ကျင့်ထားသည့် လူငယ် လူသတ်သမားဖြစ်၏။သူက အဖွဲ့အစည်းထဲမှာ မနေဖြစ်တာ ကြာပြီဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်က နှင်းမုန်တိုင်းအတွင်း သူ့ကို လုပ်ကြံသတ်ဖြတ်သည့်အဖွဲ့အစည်းက ရွေးချယ်ခဲ့သည်။ မကြာသေးမီက ဆိုးရွားသော အခြေအနေကြောင့် ဤလူငယ် လုပ်ကြံသတ်ဖြတ်သူများကိုလည်း မစ်ရှင်များဆောင်ရွက်ရန် စေလွှတ်ခဲ့သည်။ ဤလူငယ်လူသတ်သမားသည် ထမင်းတစ်ပန်းကန် စားရဖို့အရေး လူသတ်အဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့သည်။ ဤသည်က သူ ပထမဆုံးအကြိမ် သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရလဒ်မှာ ရှုံးနိမ့်ခဲ့လေသည်။
xxxxxx