အပိုင်း၁၇၀
Viewers 14k

Chapter 170



မိဘမဲ့ဂေဟာရှိ အစားအစာသည် လူသတ်အဖွဲ့အစည်းထက် မဆိုးပေ။  သူ့ကိုလည်း ဖမ်းမိသွားပြီဖြစ်၍  သူသိသမျှကို ပြောပြ၏။ သူသည် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်း၏ ဘရိန်းဝေ့ါရှ်အလုပ်မခံခဲ့ရသေး၍ အဖွဲ့အစည်းကို သစ္စာဖောက်သောအခါတွင် ဖိအားတစ်စုံတစ်ရာ မခံစားရပေ။


ဤလူသတ်အဖွဲ့အစည်းက ရုံရှားကို လုပ်ကြံသည့်အဖွဲ့ဖြစ်ကြောင်း ပန်းဟွာ သိထားသည်။သားသမီးများကို လွှတ်ထားရခြင်းမှာ ကြီးမားသော ဆုံးရှုံးမှုများ ကြောင့်ဖြစ်သည်။


 သူတို့၏အခြေစိုက်စခန်းက ဘယ်မှာရှိမှန်း သိပြီးနောက် ပန်းဟွာ မြို့တော်ကို ပြန်ရောက်သည့်အခါ ဤလူသတ်အဖွဲ့အစည်းကို ဖြိုဖျက်မည်ဟု ဆုံးဖြတ်ခဲ့သည်


 သုံးရက်လောက်ကြာသော် စစ်တပ်က ထွက်သွားသည်။ ရုံမိသားစုစစ်တပ်သည် အတားအဆီးအားလုံးကိုဖြတ်ကျော်ကာ ရန်သူအားလုံးကို ချေမှုန်းပစ်လိုက်သည်။ သူတို့ကို ဘယ်သူမှ မတားနိုင်ခဲ့ပေ။ သုံးလမပြည့်မီတွင် သူတို့သည် မြို့တော် ယွင်ကျင့် ပြည်နယ်နှင့် အနီးဆုံးပြည်နယ်သို့ ရောက်ရှိခဲ့ကြသည်။


ယွင်ကျင့် ပြည်နယ်သည် ချမ်းသာသောနေရာဖြစ်သည်။တစ်ချိန်က မြို့တော်ရှိ  ယွင်ကျင့်ပြည်နယ်တွင် နယ်မြေချဲ့ထွင်မှု ပိုမိုအားကောင်းလာမည်ဟု ကျွမ်းကျင်သူတစ်ဦးရှိခဲ့ဖူးသည်။ဧကရာဇ်တရားရုံးအတွက်၊ ယွင်ကျင့် ပြည်နယ်သည် နောက်ဆုံးကာကွယ်ရေးခံစစ်ဖြစ်သည်။


ရုံရှားသည် ယွင်ကျင့် ပြည်နယ်သို့ ရောက်ရှိနေပြီဟု ကြားသောအခါ ကျန်းလော မစားမအိပ်နိုင် ဖြစ်နေကသည်။ယခင်က သူသည် မြို့တော်ကို စွန့်ခွာပြီး ထွက်ပြေးချင်ခဲ့သည်။သို့သော်  ရုံရှား ၏ လူများ ဝိုင်းရံထားသည်ကို သိလိုက်ရသောအခါမှ ထိုအကြံကို စွန့်လွှတ်လိုက်သည်။


 ယွင်ကျင့်ပြည်နယ်နှင့် ကျင်းမြို့တော်သည် အားလုံးလိုချင်နေသောအသားတစ်ပိုင်းဖြစ်သည်။ စားရမည့်နေ့ကို စောင့်နေကြတာပင်။ဆာလောင်နေသည့် ဝံပုလွေအချင်းချင်း ရန်စောင်ကာ ချောင်းမြောင်းနေခြင်းဖြစ်ပေ၏။


 ထိတ်လန့်တုန်လှုပ်နေသော မှူးမတ်များ၊ တော်ဝင်မိသားစုတို့နှင့် နှိုင်းယှဉ်ပါက မြို့တော်ရှိ လူများသည် ပို၍ ငြိမ်သက်နေသည်။ ကောကုန်းချမ်အမ်၏ ခရီးသည် ဘုရားသခင်၏ အကူအညီကိုပင်ရရှိခဲ့သည်ဟု သူတို့ကြားသိခဲ့ရသည်။ တိုတောင်းသောနှစ်ဝက်ခန့်တွင်၊ သူသည် တယဲ့၏ နယ်မြေတစ်ဝက်ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။တိုင်းနှင့်ပြည်နယ်အချို့က သူ ရောက်ရှိလာခြင်းကိုပင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ ကောကုန်းချမ်အမ်၏ စစ်တပ်သည် မြို့ထဲသို့ ဝင်ရောက်ပြီးနောက် လူများကို မနှောင့်ယှက်သလို၊ပစ္စည်းကိုလည်း မခိုးပေ။အင်ပါယာ တရားရုံး၏ စစ်တပ်ထက် အများကြီး ကြင်နာသဘောကောင်းသည်။


 အရည်အချင်းမရှိသောအုပ်စိုးရှင်ကို အစားထိုးရန် ပညာရှိအုပ်စိုးရှင်တစ်ဦးအာ ဘုရားသခင်က စေလွှတ်ခဲ့ခြင်းဖြစ်သည်။ပညာရှိအုပ်ချုပ်သူမှာ ကောကုန်းချမ်အမ် ဖြစ်ပြီး အရည်အချင်းမရှိသော အုပ်စိုးရှင်မှာ ယခုအခါ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသူဖြစ်သည်။


မြို့တော်ထဲက မိသားစုဝင်အချင်းချင်း တံခါးပိတ်ပြီးနောက် တိတ်တဆိတ်မေးကြမြန်းကြသည်မှာ- "ဒီနေ့ ကောကုန်းချမ်အမ် မြို့တော်ကို လာတိုက်ခိုက်ပြီလား"


 "မတိုက်သေးဘူး"


 "ရက်အတော်ကြာနေပြီ၊ ကောကုန်းချမ်အမ် တိုက်ခိုက်ပြီလား"


 "မတိုက်သေးဘူး"


ကောကုန်းချမ်အမ်ဘယ်တော့ဝင်တိုက်မှာလဲ...လူအများသည် ဦးနှောက်ပျက်စီးနေသည့် ဧကရာဇ်ကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရ၍ ပင်ပန်းကာ ရုံရှားကို မျှော်လင့်နေကြသည်။


 "ငါတို့ ထွက်သွားလို့မရဘူး၊တိုက်ခိုက်လို့လည်း မရဘူး။ ငါတို့ဘာလုပ်သင့်တယ်ထင်လဲ" 


ကျန်းလော သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို ရိုက်ခွဲလိုက်ပြီး အောက်မှာ ရပ်နေသည့် ဝန်ကြီးများကို ကြိမ်းမောင်းသည်။ 


"မင်းတိ့က ငါ့ကို တကယ်ပဲ ထီးနန်းအပ်စေချင်နေတာလား"


 "အရှင်မင်းကြီး၊ ကောကုန်းချမ်အမ် နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ဝန်ကြီးတစ်ယောက်ကို လက်နက်ချဖို့ ဆွဲဆောင်ဖို့ ဘာကြောင့် မစေလွှတ်တာပါလဲ၊ ရုံရှားကို မင်းသားဘွဲ့ ဒါမှမဟုတ် ဒီလိုမျိုး ရာထူးပေးလိုက်ပါ၊ အဲဒါမှ အဆင်ပြေမှာပါ" 


ကျန်းလော ရှေ့မှာ အများအားဖြင့် လေးစားခံရသည့် ဝန်ကြီးတစ်ဦးကလည်း ‌ဆိုသည်။ 


"ကျွန်တော်တို့က ရိုးသားမှုကို ပြသလိုက်ပါမယ်၊ ကောကုန်းချမ်အမ်သာ သူ့အတွက်သူ မတွေးတတ်ရင် သူ့အနာဂါတ်က သေချာပေါက် ဆိုးပါလိမ့်မယ်"


 "မင်းပြောတာ မှန်တယ်၊မင်းပြောတဲ့အတိုင်း ငါတို့လုပ်မယ်၊ ဒါပေမယ့် ငါတို့က ဘယ်သူကို ပို့ရမှာလဲ"  


ကျန်းလောသည် မည်သူက ရုံရှား နှင့် ဆက်ဆံရေးကောင်းမှန်းမသိ။သူ့အထင်အရ၊ သူ့ဖခင် အာဏာရလာသောအခါ ရုံရှား သည် ဝန်ကြီးတိုင်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိပုံရသည်။


 ဝန်ကြီးက မျက်လုံးပြူးကာ ဝမ်းပန်းတသာ ပြောလိုက်သည်။


 "ယောင်ဖေးကျီကို သွားခွင့်ပြုလိုက်ပါလား"


 "ကောင်းပြီ၊ သူ့ကို ပို့ရအောင်"


ယောင်ဖေးကျီသည် တော်ဝင်အမိန့်ကို လက်ခံရရှိချိန်က၊ မြေးဖြစ်သူနှင့်အတူ အိမ်တွင် ကစားနေချိန်ဖြစ်သည်။ အမိန့်ပြန်တမ်းကြေညာသည့် မိန်းမစိုးက ယောင်ဖေးကျီ၏အိတ်ကိုယူပြီးနောက် မျက်နှာမပြဘဲ လှည့်ထွက်သွားသည်။


 "ဘာတွေ မာနကြီးနေတာလဲ၊ သူ့သခင်က ပြိုလဲနေတဲ့ တိုင်းပြည်ကို အုပ်စိုးတော့မယ့်ဟာကို၊အကျင့်မကောင်းတဲ့ မြွေဆိုး‌တွေ...." ယောင်လင်းက ဆူပုပ်နေရင်းပြောလိုက်၏။

  

ယောင်ဖေးကျီသည် အမိန့်စာကို တစ်ဖက်သို့ ပစ်ချလိုက်ကာ မုတ်ဆိတ်များကို ပွတ်ရင်း ရေရွတ်လိုက်သည်။


“အင်ပါယာ တရားရုံးက နုံအလွန်းတယ်” 


ရုံရှား၏ အောင်ပွဲက မျက်စိရှေ့မှာတင် ဖြစ်နေတာကို မင်းသားရာထူးကို ဘာလို့ ဂရုစိုက်နေမှာလဲ...  တော်တော် ရယ်စရာကောင်းတယ်။  


ဤကမ္ဘာကြီးတွင် အရှုံးသမားကသာ အတင်းအဖျင်းစကားကို ဂရုစိုက်သည်။  စစ်မှန်သောသမိုင်းကို အောင်နိုင်သူများကမူ ကိုယ်တိုင်ရေးသားကြသည်။


 "အဖေ၊ သမီးတို့ အခု ဘာလုပ်ရမလဲ"  ယောင်လင်း သည် သူမ၏မျက်နှာကို ကိုင်ထားကာ မေးလိုက်၏။  


"ပန်းဟွာကျွင်းကျူး က ဘယ်လိုနေလဲမသိဘူး၊ ကောကုန်းချမ်အမ် နဲ့အတူ စစ်မြေပြင်ကိုသွားပြီး သွေးထွက်သံယိုတွေနဲ့ ထိတွေ့ခဲ့ရတာ ဆိုတော့ တကယ်ကို စိုးရိမ်စရာပဲ"


ယောင်ဖေးကျီသည် သူ့သမီးအငယ်ဆုံးကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ 


 "သမီး ဘယ်တုန်းက ပန်းဟွာကျွင်းကျူး နဲ့ ဒီလောက်ရင်းနှီးလာတာလဲ"


နှစ်ဝက်အတွင်းမှာ သမီးဖြစ်သူက ပန်းဟွာကျွင်းကျူး အကြောင်းကို ခဏခဏ မေးသည်။အရင်က တစ်ခုခု မှားနေသည်ဟု မထင်ထားသော်လည်း အခု တစ်ခုခုတော့ မှားနေပြီဟု သူခံစားလိုက်ရ၏။သမီးဖြစ်သူ၏ အမူအရာက နည်းနည်းတော့ ထူးဆန်းနေပုံပင်။


 "အဖေ နားမလည်ပါဘူး၊ သူမလို မိန်မချောလေးကလေ သမီးတို့ကို ကောင်းကင်ကပေးတဲ့ ရတနာပဲ၊ရုပ်ရည်လှတဲ့သူဆိုတာပေါပေမယ့်  တကယ့်အလှတရားတွေက ရှာရခက်တယ်"


 "အဓိပ္ပာယ်မရှိဘူး၊ သမီး အသက်မငယ်တော့ဘူးလို့ အဖေ မြင်တယ်၊ တည်ငြိမ်လာတဲ့အခါ သမီးအတွက် လက်ထပ်ဖို့ အဖေ စီစဉ်မယ်"


 "ပန်းဟွာကျွင်းကျူးရဲ့  မောင်လေးဆို မဆိုးဘူးထင်တယ်၊ သူပြုံးရင် ချစ်စရာကောင်းတယ်"


 "ပန်းဟမ်လား.." ယောင်ဖေးကျီ မျက်လုံးများ ပြူးကျယ်သွားသည်။


  "ပန်းမိသားစုက ကောင်လေးလား"


 "သူက သာမာန်လူမဟုတ်ဘူး၊ တခြားသူတွေနဲ့ မတူဘူး" ယောင်လင်းက လေးနက်စွာပြောသည်။  


"သူ့ကိုလက်​ထပ်​တာ​ကောင်းပါတယ်​"


 "သမီးက သူ့ကိုလက်ထပ်ချင်ပေမယ့် သမီးကို သူက လက်ထပ်ဖို့ ဆန္ဒရှိရမယ်လေ" 


 သူ့သမီးကို စကားမပြောနိုင်အောင်ပင် လက်ဖျားခါသွားရသော ယောင်ဖေးကျီ သည် အရာရှိအနည်းငယ်ကို သူနှင့်အတူ ခေါ်သွားပြီး နောက်တစ်နေ့နံနက်တွင် မြို့တော်မှ ယွင်ကျင့် စီရင်စုသို့ ထွက်ခွာခဲ့သည်။


ယွင်ကျင့် စီရင်စု။


ပန်းဟွာသည် စစ်သားများအား လှံအသုံးပြုနည်းကို သင်ကြားပေးခဲ့သည်။  မြို့တော်မှ သံတမန် လာသည်ဟု ကြားသောအခါ၊ သူမ လက်ထဲက ငွေလှံကို တပ်သားတစ်ဦးထံ ပစ်ပေးလိုက်သည်။  သူမသည် နဖူးပေါ်က ချွေးကို သုတ်ရင်း မေးသည်။ 


“ဘယ်သူလဲ” 


 "ယောင်ဖေးကျီ" တုကျိုးက ပြန်ဖြေသည်။


 "သူလား....."  ပန်းဟွာ မျက်ခုံးပင့်ကာ ပင်မတဲဆီသို့ အမြန်လျှောက်လာသည်။ ပင်မတဲထဲတွင် ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများ ထည့်လာသော သေတ္တာများကို မြင်လိုက်ရသည်။ အပြင်က မိန်းမစိုးများသည် သူမကိုတွေ့သော် ခေါင်းတောင် မော်မကြည့်ရဲတော့ပေ။သူတို့အားလုံးသည် နန်းတော်မှစေလွှတ်သော မိန်းမစိုးများဖြစ်ကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ယောင်ဖေးကျီ ကို စောင့်ကြည့်ရန်ဖြစ်သည်။


 တဲကိုဖွင့်ပြီး ဝင်လိုက်သောအခါ မိန်းမစိုးတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။


 "ကောကုန်းချမ်အမ်က နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ချင်တာလား"


 သူမ ရှေ့ကို လှမ်းပြီး အော်ဟစ်နေသော သံတမန်ကို မြေပြင်ပေါ်သို့ ကန်ထုတ်လိုက်သည်။ စစ်စခန်းမှာ အနေကြာလာပြီဖြစ်၍ သူမ၏လုပ်ရပ်က လိမ္မာပါးနပ်မှု နည်းပါးလာသည်။ သံတမန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မည်သို့တုံ့ပြန်ရမှန်း မသိဖြစ်နေ၏။ခဏကြာတော့ သူက 


“ဘယ်သူလဲ၊ ဘယ်သူက ငါ့ကို ကန်ရဲလဲ”


ပန်းဟွာသည် သံတမန်၏ နောက်ကျောပေါ်သို့ တက်နင်းလိုက်ပြီး 


"မင်းက ကျန်းလော ရဲ့ ခွေးတွေထဲက တစ်ကောင်ပဲ၊ ဒီမှာလာဟောင်ရဲတယ် ဟုတ်လား၊ ဒီနေရာက ရုံမိသားစုစစ်တပ်ရဲ့ အဓိက တဲပါ၊ ကျန်းလော ရဲ့ နန်းတော်မဟုတ်ဘူး၊ မင်းပါးစပ်ကို ပိတ်ထားလိုက်တာ ပိုကောင်းမယ်၊ မဟုတ်ရင်၊  မင်းကို ဆွဲထုတ်ပြီး မင်းလျှာကို ဖြတ်ခိုင်းလိုက်မယ်"


 "ပန်းဟွာကျွင်းကျူး၊ ဘယ်လိုသတ္တိမျိုးနဲ့ပြောတာလဲ"  


နန်းတော်ရှိ မိန်းမစိုးများအားလုံး ပန်းဟွာကို သိသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေ၍ ပန်းဟွာ၏ မျက်နှာကို သူ မမြင်ရသော်လည်း အသံကို နားထောင်ရုံဖြင့် ဘယ်သူက သူ့ကို ကန်ခဲ့မှန်း သူသိသည်။


 "မင်းက ပြန်လုပ်ချင်တာလား၊ ကြိုးစားချင် ကြိုးစားလို့ရတယ်" ပန်းဟွာ လှောင်ပြောင်ပြီး သံတမန်၏ ခြေဖဝါးကို လွှတ်လိုက်၏။


သံတမန်၏ မျက်နှာသည် နီရဲလာကာ ဖြူလိုက်၊ နီလိုက်၊ စိမ်းလိုက်ဖြစ်ပြီး ထပ်မအော်ရဲတော့ပေ။


 "မင်း ပါးစပ်ပိတ်ထားရင် ပိုကောင်းမှာ" 


ပန်းဟွာသည် ရုံရှား ဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။  နှစ်ယောက်သား ရှည်လျားကျယ်ဝန်းသော ကုလားထိုင်ပေါ်တွင် ထိုင်ကြသည်။  အရပ်အမောင်း ကွာခြားမှုမရှိပေ။မတ်မတ်ဖြစ်နေသော ပန်းဟွာက ရုံရှား၏ အရပ်နှင့်ပင် မတိမ်မယိမ်းဖြစ်နေတော့၏။


ရုံရှားသည် သူမ၏ နဖူးနှင့် နှာခေါင်းတွင် ထွက်နေသော ချွေးများကို မြင်လိုက်ရ၍ လက်ကိုင်ပုဝါတစ်ထည်ဖြင့် သုတ်ပေးလိုက်၏။


 "ဘာလို့ ဒီလိုမျိုး ဒေါသထွက်နေတာလဲ၊ သူတို့နဲ့မထိ‌နဲ့၊ မင်းညစ်ပတ်မှာစိုးလို့ပြောတာပါ"


 "ခွေးလိမ္မာတွေကို ကျွန်မ သည်းခံမယ်လို့ ထင်သလား" ပန်းဟွာက လက်ဖက်ရည်ခွက်တစ်ဝက်လောက် မော့သောက်ပြီးဆက်ပြောသည်။


 "ရှင်တို့တွေပြောချင်တာပြော၊ ကျွန်မ ဒီမှာထိုင်မယ်၊ရှင်တို့ကို မနှောင့်ယှက်ဘူး"


 ဘေးမှာထိုင်နေသည့် ယောင်ဖေးကျီက ပန်းဟွာ၏ အပြုအမူကို ဘာမှမမြင်ရသလို ပြုမူနေ၏။ပန်းဟွာ၏စကားကိုကြားသောအခါ သူထရပ်ပြီး ရုံရှားအား ဦးညွတ်လိုက်၏။


 "ကောကုန်းချမ်အမ် ကို ကျွန်တော်၊  နှုတ်ဆက်ပါတယ်"


"သခင်ယောင်၊ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ကျေးဇူးပြုပြီး ထိုင်ပါ"  


ရုံရှားသည် ယောင်ဖေးကျီ ကို အဘယ်ကြောင့်လာသလဲဆိုသည်ကို မမေးခဲ့ပေ။ သူတို့နှစ်ယောက် အချိန်အတော်ကြာ ဟိုဟိုသည်သည်ပြောပြီးနောက် ယောင်ဖေးကျီက သူ့ရည်ရွယ်ချက်ကို ပြောပြသည်။


 "မင်းသားဘွဲ့....ဟုတ်လား....ဘာအတွက်လဲ"  


ရုံရှား မျက်ခုံးပင့်လိုက်သည်။ သူ့မျက်နှာမှာ အပြုံးတစ်ချက်မပျက်သွားပေ။


 "သစ္စာစောင့်သိတဲ့အတွက်...."


 "သစ္စာစောင့်သိတယ် ဟုတ်လား၊ ဘယ်သူက ကျွန်တော်က သစ္စာစောင့်သိတယ်လို့ သက်သပြနိုင်သလဲ"


ရုံရှားသည် ပန်းဟွာ၏ လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။ သူက ခေါင်းကို ဖြည်းညှင်းစွာခါကာ


 "ဒီဘွဲ့က မကောင်းဘူး"


 "ကောကုန်းချမ်အမ်က ဘယ်ဘွဲ့မျိုးကို ကြိုက်တာလဲ၊အင်ပါယာတရားရုံးက ကျေနပ်အောင် ဆောင်ရွက်ပေးမှာပါ"


 "ဘွဲ့က အရေးမကြီးပါဘူး၊ ဧကရာဇ်နဲ့ အိမ်ရှေ့စံကို တွေ့ချင်တယ်" ရုံရှား လက်ဖက်ရည်ခွက်ကို ချရင်း 


"ဧကရာဇ်နဲ့ အိမ်ရှေ့စံကို မတွေ့ရင် ကျွန်တော် အေးအေးဆေးဆေးလည်း မအိပ်နိုင်၊မစားနိုင်ဘူး"


ရုံရှားက 'ဧကရာဇ်' ဟု ပြောနေသော်လည်း ဖုန်းနင်း ဧကရာဇ်ကို ရည်ညွှန်းခြင်းမဟုတ်ပဲ အချိန်အတော်ကြာ မပေါ်ထွက်လာခဲ့သည့် ဧကရာဇ် ယွင်ချင်ကို ပြောနေခြင်းပင်။ယောင်ဖေးကျီက နားမလည်သလို ဟန်ဆောင်ကာ လက်ဖက်ရည်သောက်ရန် ခေါင်းငုံ့လိုက်သည်။


အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော မိန်းမစိုးက ဝင်ပြော၏။


 "ကောကုန်း၊ ဧကရာဇ်က အငြိမ်းစားဧကရာဇ် ခန့်အပ်ထားတဲ့ အမွေဆက်ခံသူပါ၊ အခု ကောကုန်းက ဘာကိုဆိုလိုချင်တာလဲ၊ကောကုန်းက အငြိမ်းစားဧကရာဇ်ရဲ့ သားတော်ဆိုတာ ဟုတ်နေတာလား"


 "ခွမ်း"  လက်ဖက်ရည်ခွက်က သူ့ခြေထောက်အနီးမှာ ပေါက်ကွဲသွားသည်။


 ရုံရှားက အေးစက်သည့်မျက်နှာနှင့်


 "ငါ သခင်ယောင်နဲ့ စကားပြောနေတာ၊ မင်းလိုလူက ဘယ်လိုလုပ် နှောက်ယှက်ရဲတာလဲ"


 "တစ်ယောက်ယောက်လာခဲ့"


 သံချပ်ကာတပ်သားအချို့က သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်နှာများဖြင့်ဝင်လာသည်။


 "ဒီမိန်းမစိုးကို ဆွဲထုတ်ပြီး သူ့လျှာကို ဖြတ်လိုက်၊သူ့စကား နားထောင်ရတာ စိတ်ရှုပ်စရာပဲ"


 စစ်သားများသည် မိန်းမစိုး ရုန်းကန်နေသည်ကို လျစ်လျူရှုကာ အတင်းဆွဲခေါ်ကြသည်။ သူနှင့်အတူပါလာသည့် တခြားမိန်းမစိုးများလည်း စကားမပြောရဲကြချေ။ယခုမှပင် သူတို့လည်း နိုးကြားလာရ၏။ ဤနေရာသည်  တယဲ့နန်းတော် မဟုတ်သလို၊ တရားရုံးအရာရှိများပင် သူတို့အား မျက်နှာချိုသွေးနေကြသည့် ဧကရာဇ်၏ အားကိုးအားထားပြုရသူများမဟုတ်ပေ။ဘယ်သူမှ သူတို့ကို မျက်နှာချိုသွေးမည့်သူမရှိ။ 


ကောကုန်းချမ်အမ်သည် သတိပေးခြင်းမရှိဘဲ ပြုမူဝံ့သူဖြစ်သည်။သူ့ကို ဘယ်လိုလုပ် စော်ကားဝံ့ကြမလဲ။


 စကားပြောသည့် မိန်းမစိုးအား ဆွဲထုတ်သွားသည်ကို ယောင်ဖေးကျီ စိတ်မပျက်ပေ။သူ ထရပ်ပြီး ရုံရှားကို တောင်းပန်လိုက်၏။


 "သခင်ယောင် အဲဒါကို စိတ်ထဲမထားပါနဲ့၊ တခြားသူတွေရဲ့ အမှားပဲ၊ သခင်ယောင်နဲ့ မဆိုင်ပါဘူး... သခင်ယောင်၊ နင်းဝမ်မင်းသားဆီကို ပြန်သွားပြီး ရာထူးကို ဂရုမစိုက်ဘူးလို့ပြောပေးပါ၊ ဧကရာဇ်နဲ့ အိမ်ရှေ့စံတို့ ဘေးကင်းကြောင်းသက်သေပြဖို့ အပြင်ကိုခေါ်လာပြဖို့သာ နင်းဝမ်မင်းသားကို ပြောခိုင်းချင်ပါတယ်"


ယောင်ဖေးကျီက ချက်ချင်းသဘောတူလိုက်ပြီး


 "ကျွန်တော် ကောကုန်းချမ်အမ်ရဲ့ သတင်းစကားကို သေချာပေါက် ပြောပေးမှာပါ"


ယောင်ဖေးကျီသည် မြို့တော်ကို မပြန်သေးချေ။ရုံရှားသည် ဧကရာဇ်နှင့် အိမ်ရှေ့စံ ဘေးကင်းရေးအတွက် သက်သေပြကာ၊ နင်းဝမ်ဘွဲ့ကိုလည်း စွန့်လွှတ်စေချင်ကြောင်း ပြည်နယ်နှင့် ခရိုင်များစွာကို သတင်းဖြန့်ခဲ့သည်။မြို့တော်ကလူများပင် ထိုအကြောင်းကို သိကြ၏။


အာဏာကို ဦးမညွတ်သည့် ရုံရှား ကို လူအချို့က ချီးကျူးကြသည်။  အခြားသူများက ရုံရှား အား သူ၏သစ္စာစောင့်သိမှုအတွက် ချီးကျူးကြသည်။ ယင်းက ကျန်းလော ၏ ဧကရာဇ်ရာထူးကို သင့်လျော်သောနည်းလမ်းဖြင့် ရယူခြင်းမရှိကြောင်း ထပ်မံအတည်ပြုခဲ့သည်။


 "သူက ပုန်ကန်ပြီး သူ့ကိုယ်သူ နာမည်ကောင်းယူခဲ့တာမလား" ကျန်းလောသည် ထိုကောလာဟလများကိုကြားသောအခါ ဒေါသအလွန်ထွက်လွန်းပြီး နှလုံးသွေးများထွက်လုမတတ်ဖြစ်နေသည်။ 


 "မြို့တော်မှာ ဘယ်သူမဆို ရိုင်းစိုင်းတဲ့စကားတွေပြောရင်  ချက်ချင်းထောင်ထဲ ပို့လိုက်ကြ"


 “အရှင်မင်းကြီး၊ ဒါကို မလုပ်နိုင်ပါဘူး” အသိဉာဏ်ရှိဆဲ အရာရှိတစ်ဦးက ပြောသည်။  "ဒီလိုလုပ်ရင် ပြည်သူတွေရဲ့အမြင်မှာ အရှင်မင်းကြီးက အပြစ်ရှိတယ်လို့ မြင်လာလိမ့်မယ်"


ကျန်းလော ၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားသည်။  


"အငြိမ်းစား ဧကရာဇ် နာမကျန်းလို့ သေသွားတယ်ဆိုရင်၊ သူ့ကို တွေ့ဖို့ ဘယ်သူမှ အော်ပြောမှာ မဟုတ်ဘူး"


တခြားသူများ မျက်မှောင်ကြုတ်မိကြသည်။ယခု အငြိမ်းစားဧကရာဇ်ကို နေအိမ်အကျယ်ချုပ် ကျခိုင်းပြီးမှ ထီးနန်းရခြင်းဖြစ်၍၊ ဖခင်ဖြစ်သူကို သတ်ဖြတ်ခြင်းသည် နာမည်ကောင်းမဟုတ်။ ဤကိစ္စက…လွယ်လွယ်နှင့် မပြီးနိုင်ပေ။တိုက်ရိုက်စကားမပြောဝံ့ဘဲ နှုတ်ဆိတ်နေရုံဖြင့် သူတို့၏သဘောထားကို ထုတ်ဖော်ပြနိုင်သည်။


ကျန်းလော သည် အရာရှိတို့၏ သူရဲဘောကြောင်သော အသွင်အပြင်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည်။ သူတို့ကို ကြိမ်ဖန်များစွာ ကြိမ်းမောင်းပြီး ထွက်သွားခိုင်းသည်။


သူ ခန်းမထဲမှာ အချိန်အတော်ကြာ တွေးနေမိသည်။အိမ်ရှေ့စံကို မျက်နှာသာပေးသည့် ဧကရာဇ်ယွင်ချင်၏ လုပ်ရပ်ကို ပြန်တွေးကြည့်ရာ နောက်ဆုံးတွင် သူစိတ်ထဲ ဆုံးဖြတ်ချက်ချလိုက်၏။ပြီးလျှင် သူသည် ဧကရာဇ်ယွင်ချင်၏ ဝမ်ကုန်းကုန်းကိုခေါ်ပြီး ဆေးတစ်ထုပ် ပေးလိုက်သည်။


 "ဧကရာဇ်ဖခမည်းတော်က မကြာသေးခင်က ကောင်းကောင်းမအိပ်ဘဲ မကြာခဏ ရင်တုန်နေတာ မဟုတ်လား"  ကျန်းလော သည် ဝမ်ကုန်းကုန်း ကို မှုန်ကုပ်ကုပ် ကြည့်နေသည် ။ ဝမ်ကုန်းကုန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ စကားပြန်မပြောပေ။


ကျန်းလော ရုတ်​တရက်​ စိတ်​ဆိုးလာပြီး သူ့ကို ကန်​ဖို့ ထရပ်​လိုက်​သည်​။ထိုအချိန်တွင် မိန်းမစိုးတစ်ယောက် ဝင်လာသည်။


 "အရှင်မင်းကြီး၊ မကောင်းတော့ဘူး...."


 "ရုံရှား မြို့တော်ကို တိုက်ခိုက်ပြီ!"



xxxxx