အပိုင်း ၁၁၆ (Extra 2)
Viewers 12k

ချန်မန်က စစ်ကျွင်းတောက်နှင့်ဝမ်မင်ယီကြား အကြည့်များ ကူးခတ်နေသည်။
စစ်ကျွင်းတောက်က ဝမ်မင်ယီကိုတစ်ချက်ကြည့်ပြီးပြောလိုက်သည်။
"အရင်သွားကြရအောင်..."
"ကျွန်တော်က ကောအတွက်ဘာလဲဆိုတာ အရင်ပြော...."
သို့သော် စစ်ကျွင်းတောက်က ချန်းမန်ကိုကြည့်၍ "ခဏလေးနော်..."ဟု ပြောလိုက်ကာ ဝမ်မင်ယီကိုဘေးသို့ဆွဲသွားလိုက်လေသည်။
"မင်းကိုယ်မင်း စတားဆိုတာတောင် မှတ်မိသေးရဲ့လားကွာ...."
"ကျွန်တော်ဂရုစိုက်လို့လား...."
ဝမ်မင်ယီကမေးလိုက်သည်။
"ဒါပေမဲ့ ကောပဲကျွန်တော့်ကို ညီလေးကိုပြောလိုက်တာလေ.... ဘယ်သူကများ သူ့ညီနဲ့ ဗယ်လင်တိုင်းနေ့မှာ ရုပ်ရှင်အတူကြည့်လို့လဲ... ဒါဗယ်လင်တိုင်းနေ့နော် နွေဦးလယ်ပွဲတော်မဟုတ်ဘူး..."
စစ်ကျွင်းတောက်က ရယ်လိုက်သည်။
"ဒါဆို မင်းကတကယ် ပြောပြချင်တာလား..."
ဝမ်မင်ယီ၏အချစ်စိတ်တို့ ပွင့်အာလာရသည်။
"ဒါပေါ့...."
"အဲ့ဒါ အရမ်းမဆိုးဘူးလေ...."
ဝမ်မင်ယီက ကြောက်လန့်မနေပေ။
"အခြားလူတွေက သူတို့ချစ်တဲ့လူကို ပွင့်ပွင့်လင်းလင်း ထုတ်ပြတယ်... ကျွန်တော်ကဘာလို့ဖုံးကွယ်ထားရမှာလဲ... ကောကလည်း မသမာသူမှမဟုတ်ပဲလေ... ကောကအရမ်းကောင်းတဲ့ဟာကို..."
စစ်ကျွင်းတောက်က သက်ပြင်းချလိုက်ပြီးသူ့ကိုပြောလိုက်သည်။
"မလိုပါဘူးကွာ... မင်းရဲ့အလုပ်က အခုမှတက်လမ်းပေါ်ရောက်နေတုန်းလေ... အခုလိုအချိန်မျိုးမှာ မင်းရဲအချစ်ရေးကို လူသိရှင်ကြားချပြဖို့မလိုဘူး.. အဲ့တာက မင်းရဲ့တိုးတက်မှုအတွက်မှ မကောင်းတာ...."
"ဒါပေမဲ့ ကောကို တခြားလူတွေက ကျွန်တော်နဲ့ဘာတော်လဲမေးရင် ညီလေးဆိုပြီး ပြောလို့မရဘူးလေ..."
ဝမ်မင်ယီက ထိုအကြောင်းတွေးလိုက်ပြီး ရုတ်တရက်သံသယဝင်လာသည်။
"ကျွန်တော်က အခု ကောရဲ့ကောင်လေးဖြစ်နေတာကို ဘယ်သူ့ကိုမှမပြောပြသေးဘူးမလား... ကျွန်တော့်ကိုညီလေးလို့ပဲ ပြောထားတာမလား...."
စစ်ကျွင်းတောက် "...."
ဝမ်မင်ယီက သူစကားပြန်ပြောမလာတော့မှန်းမြင်လိုက်သည်နှင့် သူပြောတာမှန်သွားကြောင်း သိလိုက်သည်။
သူမယုံနိုင်အောင်ပင်ဖြစ်သွားရသည်။
"ကျွန်တော်တို့တွဲနေတာ တစ်နှစ်ပြည့်တော့မယ်.... ဒါကို ကောသူငယ်ချင်းတွေမိတ်ဆွေတွေကို ကျွန်တော်တို့ဆက်ဆံရေးကို မပြောပြရသေးဘူး.. ကျွန်တော့်ကို ဒေါသထွက်အောင် တမင်လုပ်နေတာလား...."
စစ်ကျွင်းတောက်က ချက်ချင်းချော့လိုက်သည်။
"မင်းထင်သလိုမဟုတ်ပါဘူး... ကိုယ်က ဒီအတိုင်း..."
"ဘာကိုဒီအတိုင်းလဲ...."
စစ်ကျွင်းတောက်က သူ့ကိုအချိန်အကြာကြီး ငေးကြည့်ပြီးမှ ခပ်တိုးတိုးလေးပြောလိုက်သည်။
"ကိုယ်က မင်းအတွက် လမ်းလေးတစ်ခုထားထားပေးရုံပါပဲ... တစ်နေ့ကိုယ်တို့ လမ်းခွဲသွားကြရင်လည်း အဆင်ပြေတယ်ဆိုပြီး ဟန်ဆောင်လို့ရတာပေါ့...."
ဝမ်မင်ယီ "...."
ဝမ်မင်ယီတစ်ယောက် သူတကယ်ဒေါသထွက်လာတော့မည်ဟု တွေးနေမိသည်။
"ကျွန်တော်အခု ကောနဲ့ စကားမပြောချင်တော့ဘူး... အခုကိုယ့်ကိုယ်ကိုယ် ဆီတိုင်ကီကြီးလိုခံစားနေရတယ်... ရင်ထဲမှ ဓာတ်ဆီတွေအရမ်းပြည့်နေလို့ ဘယ်အချိန်မဆို ဘန်းခနဲပေါက်ကွဲမိတော့မယ်..."
စစ်ကျွင်းတောက် "...."
စစ်ကျွင်းတောက် သူ့ရှေ့ရှိအခန်းတံခါးကိုခေါက်လိုက်သည်။ မည်သူမှပြန်မဖြေသောအခါမှ တံခါးကိုဖွင့်ကာ ဝမ်မင်ယီကိုဆွဲသွင်းပြီး လော့ချလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်...."
သူဝမ်မင်ယီကိုပြောလိုက်သည်။
"ကိုယ်အရင်က အဲ့လိုပဲတွေးခဲ့မိတော့ မင်းနဲ့ကိုယ့်ရဲ့ဆက်ဆံရေးကို အခြားလူတွေကို မပြောပြခဲ့မိတာပါ...."
ဝမ်မင်ယီက ၎င်းကိုကြားပြီး ပိုမိုဒေါသထွက်လာရသည်။
"ကျွန်တော်ကဖြင့် လူတိုင်းကိုပြောပြခဲ့ရတာ...."
သူ မတရားခံရသလိုပြောလိုက်သည်။
"လုယွင်ဖေးနဲ့ လီယွမ်ချင်းရော အကုန်လုံးသိတယ်... သူတို့အားလုံးသိတယ်လို့ ကောသိရဲ့လား...."
စစ်ကျွင်းတောက်က သူ့ကိုဖက်လိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်နော်..."
သူက ငြင်ငြင်သာသာလေးပြောလိုက်သည်။
"ကိုယ့်အမှားပါ... ကိုယ်က မင်းအကြောင်းတွေးနေမိတာ အချိန်အတော်ကြီးကြာနေခဲ့ပြီလေ... မင်းကို နောက်ပြန်ဆုတ်ဖို့လမ်းလေးချန်ထားပေးချင်ရုံပါ... ဒါကြောင့် ကိုယ်တို့တွဲနေကြတာတောင် ဘာသံမှမထွက်ခဲ့တာ.. တစ်နေ့ မင်းဘက်က နောင်တရသွားမှာကို ကြောက်နေခဲ့တာ... ဒါပေမဲ့ အဲ့တာက မင်းအတွက် မတရားဘူးဆိုတာ ကိုယ်လျစ်လျူရှုထားမိခဲ့တယ်..."
"ကျွန်တော့်အတွက်တကယ်မတရားဘူး..."
ဝမ်မင်ယီက မကျေမနပ်ပြောလိုက်သည်။
"ကောက ကျွန်တော့်အပေါ်မှာ ယုံကြည်ချက်မရှိဘူးလား... ကျွန်တော်ကဖြင့် ကောအပေါ်ယုံကြည်လွန်းလို့ တခြားလူတွေကိုတောင် မဖုံးကွယ်ဘဲ အကုန်ပြောပြထားခဲ့တာ...."
စစ်ကျွင်းတောက်က သူ့ကိုနမ်းလိုက်သည်။
"ဒီနေ့ပြီးရင် ကိုယ်သူတို့ကိုပြောလိုက်ပါ့မယ်... ဟုတ်ပြီလား..."
"တကယ်လား...."
ဝမ်မင်ယီက အတော်လေး သံသယဖြစ်နေသည်။
စစ်ကျွင်းတောက်က ခေါင်းငြိမ့်ပြလိုက်သည်။
"တကယ်ပေါ့...."
"ကျွန်တော် စစ်ကြည့်မှာနော်..."
"ဘယ်လိုများစစ်မှာလဲ..."
စစ်ကျွင်းတောက်က ထိုစကားလေးက အလွန်ချစ်ဖို့ကောင်းသည်ဟု တွေးနေမိသည်။
"ကိုယ့်ဖုန်းကိုကြည့်မှာလား...."
"အဲ့လိုလည်းရတာပဲလေ... ဘာလဲ ကျွန်တော်ကြည့်လို့မရဘူးလား...."
ဝမ်မင်ယီကပြောလိုက်သည်။
"ရတာပေါ့ကွာ...."
စစ်ကျွင်းတောက်က ပြောလိုက်သည်။
"ဒါဆို ကိုယ့်ကိုခွင့်လွှတ်ပေးနိုင်မလား...."
"ဒါဆို ကောရဲ့သူငယ်ချင်းအသိုင်းအဝိုင်းမှာ အခုပဲပို့စ်တင်စေချင်တယ်...."
ဝမ်မင်ယီက သူ့ကိုကြည့်လိုက်သည်။
"မင်မင်နဲ့အတူ ဖြတ်သန်းရတဲ့ ပျော်ရွှင်စရာဗယ်လက်တိုင်းနေ့ပါ လို့ရေးပြီးတင်... ကျွန်တော်ကောကိုပုံပို့ပေးလိုက်မယ်... မနက်က ကောပေးတဲ့ ပန်းတွေရဲ့ပုံကို ရိုက်လာခဲ့တယ်... အဲ့တာနဲ့တွဲတင်...."
စစ်ကျွင်းတောက် "...."
စစ်ကျွင်းတောက်က သူ့ကောင်လေးမှာ အလွန်တရာဉာဏ်ကောင်းပြီး ဖြတ်ထိုးဉာဏ်ရှိလှသည်ဟု တွေးလိုက်မိသည်။ သူ့ကို သူငယ်ချင်းအသိုင်းအဝိုင်းတွင် ပို့စ်တင်ခိုင်းသည်။ captionနှင့်အတူ တင်ရမည့်ပုံကိုပါ စဉ်းစားပေးခဲ့သေးသည်။
"ဒင်...."
ဝမ်မင်ယီ ဝီချက်မှတစ်ဆင့်ပို့ပေးသော ပုံရောက်လာခဲ့သည်။
ဝမ်မင်ယီက သူ့ကိုတိုက်တွန်းလိုက်သည်။
"မြန်မြန်လေးလုပ်...."
စစ်ကျွင်းတောက်မှာ မလွန်ဆန်နိုင်၍ တစ်ဖက်လူပြောသည့်အတိုင်း သူ၏သူငယ်ချင်းအသိုင်းအဝိုင်းတွင် ပို့စ်တင်လိုက်သည်။
"ရပြီလား...."
ဝမ်မင်ယီက ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"နောက်တစ်ခေါက် တခြားလူတွေက ကောကို ကျွန်တော်တို့က ဘယ်လိုဆက်ဆံရေးရှိလဲဆိုရင် ရည်းစားကောင်လေးလို့ပြောရမှာနော် ညီလေးကိုပြောလို့မရဘူးနော်..."
"မင်းရဲ့အလုပ်ကို ထိခိုက်မှာတကယ်မကြောက်ဘူးလားကွာ...."
စစ်ကျွင်းတောက်က ၎င်းကို အလွန်ကလေးဆန်သည်ဟု တွေးမိလိုက်သည်။
"မကြောက်ပါဘူး...."
ဝမ်မင်ယီက စိုးရိမ်စရာမလိုဟု တွေးနေမိသည်။
"အခြားလူတွေက ကျွန်တော်နဲ့ ကျွန်တော့်လူအပေါ် အထင်သေးရအောင် ကျွန်တော့်အဖေဒါရိုက်တာကျိုးက ခွင်ပြုမယ်ထင်လို့လား... ဒါကိုတောင် ကျွန်တော်က ကိုယ့်အလုပ်အတွက် စိတ်ပူရဦးမယ်ပေါ့လေ.... ပြီးတော့ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲ ဆက်မလုပ်နိုင်တော့ရင်တောင် ကောရှိသေးတယ်လေ... ကောကုမ္ပဏီမှာ လက်ထောက်လေးလာလုပ်မှာပေါ့..."
စစ်ကျွင်းတောက်က ရယ်လိုက်သည်။
"ကိုယ်က မင်းကို ကိုယ့်ရဲ့လက်ထောက်လေးမဖြစ်စေချင်ဘူး..."
"ဒါဆိုရင် ဘာဖြစ်စေချင်တာလဲ....
"အရင်ဆုံး မင်းကို ဌာနတစ်ခုဆီကိုပို့ပြီး ဘယ်ဌာနကိုစိတ်ဝင်စားလဲ ရွေးချယ်ခိုင်းမယ်..."
စစ်ကျွင်းတောက်က လေးနက်စွာပြောလိုက်သည်။
ဝမ်မင်ယီက အပြုံးလေးဖြင့်ပြောလိုက်သည်။
"တွေ့လား ကောရဲ့အစီအစဉ်က အရမ်းကောင်းတာပါ... ဒီတော့ ကျွန်တော့်ရဲ့ အလုပ်မထိခိုက်တော့ဘူးလေ...."
သူတကယ်ဂရုမစိုက်ကြောင်းမြင်မှ စစ်ကျွင်းတောက်က စိတ်ချလက်ချဖြစ်ကာ သဘောတူလိုက်သည်။
ဝမ်မင်ယီက သူတို့နှစ်ယောက်လုံး ရုပ်ရှင်ခန်းထဲရောက်နေပြီဖြစ်ကြောင်း မြင်လိုက်ရ၍ ထိုအခန်းထဲတွင်သာ ရုပ်ရှင်ကြည့်လေတော့သည်။ သူ၏ အတွေ့အကြုံများမှသင်ယးပြီး ဤတစ်ကြိမ်တွင် သည်းထိတ်ရင်ဖိုဇာတ်ကားကိုသာရွေးလိုက်သည်။ ဇာတ်ကားစပြီး ဆယ်မိနစ်အကြာတွင် စစ်ကျွင်းတောက် လက်မောင်းများကြားထဲလူတစ်ယောက်ရောက်လာပြီး တုန်ယင်နေသောအသံလေးဖြင့် ပြောလာသည်။
"ကျွန်တော်ကြောက်တယ်...."
ကြောက်ရင်ဘာလို့ ရွေးလိုက်သေးလဲ....မေးရင် ကောကို အသားယူဖို့ပေါ့လို့......
ဝမ်မင်ယီက ဆရာတစ်ဆူဖြစ်နေလပြီ။
စစ်ကျွင်းတောက်မှာ remoteကိုယူပြီး ဇာတ်ကားအသစ်ကိုပြောင်းလိုက်သည်။ ဝမ်မင်ယီက မပြောင်းစေချင်၍ သူ့လက်မောင်းကိုကိုင်လိုက်သည်။
"အဲ့ဒါမကြည့်ပါနဲ့... ကောကြိုက်တာသာကြည့်ပါ... စိတ်မပူပါနဲ့ရပါတယ်...."
ဝမ်မင်ယီက သေချာတွေးပြီးပြောလိုက်သည်။
"ရပါတယ်...."
ထို့နောက်တွင် နှစ်ယောက်စလုံးက အမှုလိုက်ကားတစ်ကားကိုရွေးပြီး အတူတူကြည့်လိုက်ကြသည်။
ဝမ်မင်ယီက အာလူးကြော်ကိုယူပြီး စစ်ကျွင်းတောက်ကို တစ်ခုပြီးတစ်ခုခွံ့ကျွေးလေသည်။
ရုတ်တရက် တစ်ခုခုကိုတွေးမိသွားသည်။ အာလူးကြော်ကိုသူ့ပါးစပ်ဖြင့်ကိုက်ကာ စစ်ကျွင်းတောက်နားကပ်လိုက်သည်။
စစ်ကျွင်းတောက်က သူ့အနားကပ်ကာ အာလူးကြော်ကို ကိုက်လိုက်သည်။ ကျန်သည့်တစ်ဝက်ကို ကိုက်စားခိုက်သည်။ သူဝမ်မင်ယီကို နမ်းခါနီးတွင် တစ်ဖက်လူက အာလူးကြော်ကိုဂျွမ်းခနဲမြည်အောင် ကိုက်ဝါးလိုက်ပြီး နောက်ဆုတ်ကာ ရယ်မောလေတော့သည်။
စစ်ကျွင်းတောက်လည်း သူ့ကိုကြည့်ပြီး စိတ်ရွှင်မြူးလာကာ ခဏမျှရယ်လိုက်သည်။ သူ့ပါးစပ်ထဲရှိ အာလူးကြေည်ကို ကုန်အောင်စားပစ်ပြီးနောက်တွင် ဝမ်မင်ယီကိုဖက်လိုက်ကာ တိုက်ရိုက်နမ်းချလိုက်သည်။
၎င်းက ခရမ်းချဉ်သီးအရသာ အနမ်းလေးပင်။
ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့ ဇာတ်ကားကြည့်ခဲ့ကြသည်။ ဇာတ်ကားအဆုံးတွင် ဇာတ်လိုက်နှစ်ယောက်မှာ အချင်းချင်း မွတ်သိပ်စွာနမ်းလိုကိကြသည်။ ဝမ်မင်ယီလည်း စစ်ကျွင်းတောက်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ စစ်ကျွင်းတောက်က သူ့ကိုကြည့်လာချိန်တွင် ဝမ့မင်ယီက သူ့ပေါင်ပေါ်ခွထိုင်ကာ နမ်းလိုက်လေတော့သည်။
ဇာတ်ကားပြီးသွားသောအခါတွင် ညစာစားချိန်ရောက်နေလေပြီ။
စစ်ကျွင်းတောက်က ပိုက်ဆံပေးချေချင်သော်လည်း ချန်းမန်မှာ ငြင်းဆန်လေသည်။ ဝမ်မင်ယီက စစ်ကျွင်းတောက်ကို တို့ထိလိုက်သည်။
"ကောက ပိုင်ရှင်ကို ကျွန်တော်တို့အကြောင်း မပြောရသေးသလိုပဲနော်...."
စစ်ကျွင်းတောက် မငြင်းဆန်နိုင်တော့၍ အမှန်အတိုင်းပြောလိုက်သည်။
"သူက ငါ့ကောင်လေးပါ....."
ချန်းမန် : !!!
သူခန့်မှန်းမိခဲ့သော်လည်း တိုက်ရိုက်ကြီးပြောပြလာမည်ဟုမထင်ခဲ့ပေ။ ချန်းမန်မေ့လဲမလိုပင်ဖြစ်သွားရသည်။
"လျှို့ဝှက်ထားပေးမယ်မလား...."
စစ်ကျွင်းတောက်က ပြေလိုက်သည်။
ချန်းမန်က ခေါင်းငြိမ့်ပြလေသည်။
"စိတ်မပူပါနဲ့ စီနီယာ.... ကျွန်တော်ဘယ်သူ့ကိုမှမပြောပါဘူး..တကယ်ကျိန်ရဲပါတယ်..."
စစ်ကျွင်းတောက်က ရယ်ကာမောကာဖြင့် ဝမ်မင်ယီနှင့်အတူ ကိုယ်ပိုင်ရုပ်ရှင်ရုံမှထွက်လာခဲ့သည်။
ညစာအတွက် ဟိုတယ်တစ်ခုကိုလည်း ချိတ်ဆက်ပြီးသားဖြစ်၍ အချိန်မဆွဲတော့ဘဲ ကားပေါ်တက်ပါ ဟိုတယ်သို့သာ တိုက်ရိုက်သွားလေသည်။
ဝမ်မင်ယီက စစ်ကျွင်းတောက်ကို ဖုန်းပေးရန်ပြောလိုက်ပြီး သူငယ်ချင်းအသိုင်းအဝိုင်းထဲဝင်ကာ သူတို့ရုပ်ရှင်မကြည့်ခင်က တင်ခဲ့သည့် ပို့စ်ကိုရှာကာ မည်သူ စာပြန်ထားသလဲကြည့်လေသည်။
စာပြန်ထားသည့်လူမှာ အတော်လေးများပေသည်။
လူတိုင်းနီးပါးထိတ်လန့်သွားခဲ့ကြသည်။
စစ်ကျွင်းတောက် ဘယ်တုန်းက ရည်းစားရသွားရတာလဲ....
အအံ့ဩဆုံးလူများမှာစစ်ကျွင်းတောက်ကိုရော ဝမ်မင်ယီကိုပါ သိသူများဖြစ်သည်။ ထိုအထဲမှတစ်ယောက်က မက်ဆေ့တစ်ခုချန်က မေးထားသေးသည်။
"အဲ့တာ မင်းညီ မဟုတ်ဘူးလား... ဘယ်လိုလုပ်တွဲကုန်ကြတာလဲ..."
ထိုသည်ကိုမြင်ပြီး ဝမ်မင်ယီက သူ့ဖုန်းကိုထုတ်ကာ နောက်ထပ် သူငယ်ချင်းအသိုင်းအဝိုင်းတွင် တင်လိုက်သည်။
"ညီအစ်ကိုတွေမဟုတ်ဘူး အချစ်စစ်ပဲ...."
သူတင်ပြီးသည်နှင့် ဝီချက်ပေ့ဂ်ျကို ပြန်သွားလိုက်သည်။ လူပေါင်းများစွာက စစ်ကျွင်းတောင်ကိုမက်ဆေ့ပို့ထားကြသည်။ ဝမ်မင်ယီက သူသိသည့်လူကိုသာရွေးပြီးဖွင့်ကြည့်လိုက်သည်။ မုကျိအန်းပို့ထားသည်ကိုကြည့်လိုက်သောအခါတွင် မက်ဆေ့အစောင်သုံးဆယ်မျှရှိနေကြောင်း တွေ့လိုက်ရသည်။
မုကျိအန်း : ငါမင်းကိုအရင်က သူ့ကိုသဘောကျလားလို့ မေးဖူးပါတယ် မဟုတ်ဘူးဆို... အခုကြအတော်လေး အနံ့တွေရနေပါပြီ...
မုကျိအန်း : မင်းဘာလို့ ရုတ်တရက်ကြီးတင်လိုက်ရတာလဲ... မင်မင်နဲ့တကယ်တွဲနေတာလား... မိုက်ချက်ပဲကွာ....
မုကျိအန်း : ပြန်ပြောလေကွာ... ဘာလုပ်နေတာလဲ... ငါတကယ်သိချင်နေပြီဟ...
မုကျိအန်း : ဖက်ခ်... မင်းတို့အခုထိ ဒိတ်နေကြတုန်းတော့ မဟုတ်လောက်ပါဘူးနော်... မင်းတို့က ဒိတ်တဲ့နေရာမှာ အရမ်းတော်တာပဲ....
ဝမ်မင်ယီက စစ်ကျွင်းတောက်ကို အသံထွက်ပြီးဖတ်ပြလိုက်သည်။
"သူ့ကိုလွှတ်ထားလိုက်...."
စစ်ကျွင်းတောက်ပြောလိုက်သည်။
"ကိုယ့်မှာအချိန်ရှိရင် သူ့ဆီသွားလိုက်မယ်...."
"ဒါဆို "ငါမင်းကို အရင်က သူ့ကိုသဘောကျလားလို့မေးတော့ မဟုတ်ဘူးဆို..."ဆိုတဲ့စကားက ဘာကိုဆိုလိုတာလဲ..."
"အရင်နှစ်ကပါ... ကိုယ်မင်းကိုညီလေးတစ်ယောက်လို ဆက်ဆံတဲ့အချိန်ကလေ...."
"ဒီတော့ ကျွန်တော်ကောကို မလိုက်ခင်က အဲ့လိုမျိုးတစ်ခါမှမတွေးဖူးဘူးပေါ့လေ...."
ဝမ်မင်ယီ မကျေမနပ်ဖြစ်သွားရသည်။
"ကျွန်တော်ကောကိုလိုက်တော့ ကောအတော်လေး အံ့ဩသွားရမှာပေါ့..."
စစ်ကျွင်းတောက်က ရယ်မောလိုက်ပြီး ကားရပ်လိုက်သည်။
"အဲ့အချိန်တုန်းက သူကိုယ့်ကိုမေးခဲ့တုန်းက တကယ်မဟုတ်ခဲ့ဘူးလေ.. ဒါပေမဲ့ အဲ့တာကပြဿနာမဟုတ်ပါဘူး... မင်းကိုယ့်ကို မလိုက်ခင်က ကိုယ်တွေးပြီးသားပါ...."
ဝမ်မင်ယီက သူ့ကို မျက်စောင်းထိုးလိုက်သည်။
"ဟမ့်...."
"ကားပေါ်က ဆင်းပါတော့ဗျာ... ရောက်ပါပြီ..."
ဝမ်မင်ယီက သူ့ကို ဖုန်းပြန်ပေးလိုက်သည်။
"ကျွန်တော် ကောသူငယ်ချင်းအချို့ကိုပဲ ပြန်ပြောလိုက်ပါတယ်...."
စစ်ကျွင်းတောက် ပဟေဠိဖြစ်သွားရသည်။ သူဝမ်မင်ယီ၏စကားများကိုမြင်သလို ချီးကျူးမြှောက်ပင့်နေသော ကောမန့်များကိုလည်း မြင်လိုက်ပေသည်။
စစ်ကျွင်းတောက် ကတွန့်ဆုတ်စွာပြောလိုက်သည်။
"ကြည့်ရတာ ကိုယ်တော့ အခုလက်တလော ငြိမ်နေရမယ့်ပုံပဲ...."
"ကိစ္စမရှိပါဘူး...."
ဝမ်မင်ယီက စေတနာ့ဝန်ထမ်းလုပ်လေသည်။
"ကျွန်တော် ကောအစား စာပြန်ပေးမှာပေါ့..."
စစ်ကျွင်းတောက်က သူ၏ခေါင်းလေးပို ပွတ်လိုက်သည်။
"သွားကြစို့... ညစာသွားစားကြရအောင်...."
လူနှစ်ယောက်က ဓာတ်လှေကားစီးပြီး အပေါ်ထပ်တက်ကာ ဟိုတယ်ထဲဝင်လိုက်သည်။
ဗယ်လင်တိုင်းနေ့ဖြစ်၍ စားပွဲတိုင်းပေါ်တွင် ချောကလက်များအလကားတင်ပေးထးသည်။ ဝမ်မင်ယီက ဖောက်စားကြည့်ပြီး ကောင်းသည်ဟုထင်၍ စစ်ကျွင်းတောက်ကို တစ်ခုကျွေးလိုက်သည်။
"ဘယ်လိုလဲ စားကောင်းလား...."
စစ်ကျွင်းတောက်က ခေါင်းငြိမ့်လိုက်သည်။
"ကိုယ့်အတွက်တော့ နည်းနည်းချိုလွန်းနေတယ်... မင်းဘာသာစားတော့နော်... ကိုယ့်ကိုမကျွေးနဲ့တော့..."
ဝမ်မင်ယီက ယဉ်ကျေးမနေတော့ဘဲ ယူစားလိုက်သည်။
စားပွဲထိုးရောက်လာပြီး သူတို့ကိုဝန်ဆောင်မှုပေးလေသည်။ ဟင်းပွဲတိုင်းက အများကြီးမပါသော်လည်း အလွန်စားကောင်းသည်။ ဝမ်မင်ယီက အလွန်ကျေနပ်နေပြီး စစ်ကျွင်းတောက်က မဆိုးဘူးဟုတွေးနေသည်။
ညစာစားပြီးနောက်တွင် စစ်ကျွင်းတောက်က သူ့ကိုပြောလိုက်သည်။
"ဘယ်ကိုသွားချင်သေးလဲ... အိမ်ပဲပြန်တော့မလား...."
"အိမ်ပဲပြန်ကြမယ်..."
ဝမ်မင်ယီကပြောလိုက်သည်။
"ကျွန်တော်တို့ နေ့တိုင်းဒိတ်လုပ်နေတာ အတော်ကောင်းတယ် ထင်မိတယ်... ကျွန်တော်တို့ ဗယ်လင်တိုင်းနေ့အတွက် အပြင်ထွက်လည်ပြီးပြီဆိုတော့ အိမ်ပဲပြန်ကြတာပေါ့...."
"ကောင်းပြီလေ...."
စစ်ကျွင်းတောက်က ထိုအကြောင်းတွေးလိုက်ပြီး ထပ်ပြောလိုကိသည်။
"နောက်တစ်ခေါက် ပိတ်ရက်ကြရင် ကိုယ်မင်းကို အပြင်ခေါ်သွားပေးမယ်...."
"တကယ်လား...."
ဝမ်မင်ယီက ပျော်ရွှင်စွာပြောလိုက်သည်။
"ဒါပေမဲ့ ပိတ်ရက်တွေမှာ လူများတယ်လေ...."
"ဒါဆို ကိုယ်တို့နိုင်ငံခြားသွားလို့ရတယ်လေ... တစ်လက်စတည်း မင်းရဲ့အမေနဲ့ ကိုယ့်မိဘတွေကိုပါ တွေ့လို့ရတာပေါ့...."
စစ်ကျွင်းတောက်က ပြောလိုက်သည်။
ဝမ်မင်ယီက အတော်လေးအဆင်ပြေသည်ဟု တွေးမိလိုက်သည်။
"ဒါဆို အဲ့လိုပဲ ဆုံးဖြတ်ကြတာပေါ့...."
"ကောင်းပြီလေ....."
ဝမ်မင်ယီက နောက်ထပ်ချောကလက်တစ်ခုကိုစားလိုက်သည်။ စားပြီးနောက်တွင် အတော်ချိုမြိန်သွားသည်။
ဗယ်လင်တိုင်းနေ့က အတော်လေးကောင်းတဲ့ နေ့ပဲ.....
"နောက်နှစ်ဗယ်လင်တိုင်းမှာလည်း အတူတူအပြင်ထွက်လည်ကြမယ်...."
"ကောင်းတာပေါ့..."
စစ်ကျွင်းတောက်က သူ့ကိုနူးညံ့မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
"နောက်နှစ်ကြရင် ကိုယ်တို့ဒီလောက် အလောတကြီးမလုပ်ပဲ ရုပ်ရှင်အတွက် ခပ်စောစောဘိုကင်တင်ထားကြမယ်... မင်းရယ်ကိုယ်ရယ် ရုပ်ရှင်အတူကြည့်ပြီး ညစာစားကြတာပေါ့...."
ဝမ်မင်ယီက ထိုကဲ့သို့ ရိုးရှင်းကာ ချိုမြိန်သော ဗယ်လင်တိုင်းနေ့လေးကို သဘောကျလေသည်။
"ဒီနေ့ ကျွန်တော်အရမ်းပျော်တယ်...."
"ကောင်းတာပေါ့..."
စစ်ကျွင်းတောက်က ပြုံးပြီးပြောလိုက်သည်။
"ကိုယ်လည်း အရမ်းပျော်တယ်...."