အပိုင်း၁၇၅
Viewers 14k

Chapter 175



တောက်ပသော လရောင်အောက်တွင် ပန်းဟွာနှင့် ရုံရှားတို့သည် ဘေးချင်းကပ်လျက် ချင်ကျန်းခန်းမထဲသို့ ဝင်လာကြသည်။ အရာရှိအားလုံး၏အကြည့်အောက်တွင် ရုံရှားသည် ပန်းဟွာ ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး လူအုပ်ကြီးအား ပြောလိုက်သည်။


"သူမက ပြီးခဲ့တဲ့နှစ်တလျှောက်လုံး ငါကိုယ်တော်ကို အများကြီးကူညီပေးခဲ့တာ၊သူမ မရှိရင် ငါကိုယ်တော်ဆိုရင် ဖြစ်လာစရာအကြောင်းမရှိဘူး၊ ဒီတော့ အရာရှိတွေအားလုံး ပေးတဲ့ ဒီရာထူးကို ငါကိုယ်တော် တစ်ယောက်တည်း လက်မခံနိုင်ဘူး"  


"အရှင်မင်းကြီး ရ..." 


အရာရှိတစ်ယောက်က အမျိုးသားနှင့်အမျိုးသမီးအား တစ်ပြိုင်တည်း နန်းတက်ပွဲပေး၍မရနိုင်ဘူးဟုပြောချင်သော်လည်း ဗိုလ်ချုပ်တစ်ဦးက သူ့ပါးစပ်ကိုအုပ်လိုက်သည်။ထိုအခါ သူ မျက်လုံးပြူးပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်၏။


 "မင်္ဂလာပါ အရှင်မင်းကြီး ဘုန်းတန်ခိုးကြီး အသက်ရှည်ပါစေ" 


ကျောက်ကျုံးက သူ့ဝတ်လုံကို မြှောက်ပြီး နှစ်ယောက်ရှေ့မှာ ဒူးထောက်ထိုင်လိုက်သည်။သူ ဒူးထောက်ပြီးနောက် မရေမတွက်နိုင်သော အခြားဗိုလ်ချုပ်များကလည်း လိုက်ထောက်ကြသည်။ ရုံရှား နှင့် သူငယ်ချင်းဖြစ်ကြသော အရပ်ဘက်အရာရှိများအားလုံးကပါ လိုလိုလားလား ဒူးထောက်ထိုင်ကြသည်။


 ကြမ်ပြင်က အေးစက်နေ၏။ရှစ်ကျင်းသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ လရောင်အောက်တွင် ရပ်နေသော အမျိုးသားနှင့် အမျိုးသမီးကို မော့ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ထားလိုက်သည်။ ယခုအချိန်မှစ၍ ရုံရှားသည် တရားဝင် ဧကရာဇ်ဖြစ်လာမည်ဖြစ်ပြီး ပန်းဟွာကတော့ ဧကရီဖြစ်လာမည်ဖြစ်သည်။ 


ပန်းဟွာ နှင့် ရုံရှားတို့သည် ပင်မနန်းတော်သို့ ချက်ချင်းမပြောင်းခဲ့ပေ။ ယင်းအစား၊ သူတို့သည် မဟာလနန်းတော်၏ ဘေးဘက်ခန်းမတစ်ခုတွင် နေထိုင်ခဲ့ကြသည်။ ပန်းဟွာသည် မဟာ ရွှေလမင်းနန်းတော်သို့ အကြိမ်များစွာ ရောက်ဖူးသော်လည်း ဤနေရာတွင် ပထမဆုံးအကြိမ် နေထိုင်ခြင်းဖြစ်သည်။ ညသန်းခေါင်ကျော်တောင်မှ သူမ အိပ်မပျော်နိုင်သေး။


"ဟွာဟွာ"


 "ကျွန်မကြောင့် နိုးသွားရင်တောင်းပန်ပါတယ်" 


ရုံရှားက သူမကို သူ့လက်နှစ်ဖက်ဖြင့်ဖက်ထားလိုက်ပြီး "ဟင့်အင်း ကိုယ်လည်း အိပ်လို့မရဘူး"


 "ဒါဆို ကျွန်မကို ပုံပြင်လေးပြောပြပါ" ပန်းဟွာက ရုံရှား၏ ရင်ခွင်ထဲကို မှီထားပြီး "ချိုမြိန်တဲ့ အစကနေစပြီး ပျော်ရွှင်စရာအဆုံးသတ်နဲ့ အဆုံးသတ်တဲ့ ဇာတ်လမ်းတစ်ပုဒ် ပြောပြပါ" 


"ကောင်းပြီ" 


"ဟိုးရှေးရှေးတုန်းက ရှုပြည်မှာ ထူးဆန်းတဲ့ ကျောက်တုံးကြီးတစ်ခု ရှိတယ်၊ ကျောက်တုံးကြီးက အပေါ်ပိုင်းကြီးပြီး အောက်ပိုင်းကသေးပေမယ့် တောင်ပေါ် မှာ ရှိနေနိုင်တယ်"


ဇာတ်လမ်းမပြီးခင်မှာ ပန်းဟွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့‌ေပပြီ ။ ရုံရှားသည် သူမ၏ နှုတ်ခမ်းထောင့်ကို နမ်းလိုက်ပြီး မျက်လုံးကိုမှိတ်ထားရင်း ဆံပင်က မွှေးရနံ့ကို နမ်းရှိုက်ရင်း အိပ်ပျော်သွားသည်။


ရုံရှား ငယ်ငယ်လေးကတည်းက အိမ်မက်မမက်ဖူးသော်လည်း ယခုညမှာတော့ ထူးဆန်းသည့် အိပ်မက်တစ်ခု မက်ခဲ့၏။ အေးခဲနေသော ရေကန်ပေါ်တွင် သူရပ်နေ၏။ နူးညံ့ပျော့ပျောင်းသော အဝတ်အစားကို ၀တ်ဆင်ထားသည့် ကလေးမလေးသည် သူ့ရှေ့တွင်ရပ်ကာ မျက်လုံးရွဲကြီးကြီးဖြင့် သူ့ကိုကြည့်နေ၏။


"အစ်ကို ရေကစားဖို့ ခေါ်သွားလို့ရမလား"


 ရေခဲပြင်က အန္တရာယ်များသည်ဟု သူပြောချင်သော်လည်း၊ ကလေးမလေး၏ မျက်နှာက ပန်းဟွာ အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သူမ သူ့ကို ပြုံးပြလိုက်သဖြင့် သူ့နှလုံးသားလည်း ပျော့ပျောင်းသွားခဲ့သည်။ သို့ရာတွင်နောက်အခိုက်အတန့်မှာ ပန်းဟွာပျောက်သွား၏။သူသည် ထိတ်လန့်တကြား လှည့်ပတ်ကြည့်ရင်း ထူထပ်သော မြူခိုးများနှင့် လွတ်နေသော ပတ်ဝန်းကျင်ကို မြင်လိုက်ရသည်။


"ချောက်..."


ရုံရှား မျက်လုံးဖွင့်ပြီး ဘေးကို လှည့်ကြည့်လိုက်ရာ ဘယ်သူ့ကိုမှ မတွေ့ရတော့ပေ။


 "တစ်ယောက်ယောက် လာပါ"


 "အရှင်မင်းကြီး၊ ဘာများခိုင်းချင်လို့ပါလဲ"


 "ဧကရီ"


 "အရှင်မင်းကြီး ဧကရီက...." ဝမ်ကုန်းကုန်းက ဧကရာဇ် တစ်ခုခုဖြစ်နေသည်ကိုမြင်ပြီး ပြောပြသည်။ "ဧကရီက အရှင်မင်းကြီး ကောင်းကောင်းအိပ်မပျော်တာကြာပြီလို့ ပြောတယ်၊ဒါကြောင့် အရှင်မင်းကြီး မနိုးအောင်အပြင်ထွက်သွားတာပါ"


ရုံရှား သူ့နဖူးကို ပွတ်လိုက်ပြီး


 "သိပါတယ်…လာ၊ငါကိုယ်တော်ကို မျက်နှာသစ်ဖို့ကူညီ‌ပေးပါဦး၊ ဧကရီ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ"


 "ကွမ်းနှစ်ရာညက်လောက်တော့ ကြာပါပြီ" ဝမ်ကုန်းကုန်းက တုံ့ဆိုင်းဆိုင်းနှင့် "အရှင်မင်းကြီး၊ဧကရီကို မေးစရာရှိရင် ကျွန်တော် သွားမေးလိုက်ပါ့မယ်" 


ရုံရှားက ချီတုံချတုံနှင့် ပြော၏။


"မလိုပါဘူး၊ ဧကရီလည်း ဒီနန်းတော်မှာ နောက်ဆုံးပြောစရာရှိသေးတယ်၊သူမကို လွှတ်လိုက်ပါ"


 "ဟုတ်ကဲ့"  


ပန်းဟွာသည် မယ်တော် ဧကရီ၏ အောက်တွင် ထိုင်နေ၏။မယ်တော် ဧကရီသည် ကျင့်ဝတ်နှင့်အညီ

သိမ်မွေ့စွာ ထိုင်နေကာ မျက်နှာထားကလည်း အဆင်ပြေပြေရှိသော်ငြား၊ ယခင်ကကဲ့သို့ သူမနှင့် မနီးစပ်ကြောင်း ပန်းဟွာ ခံစားနိုင်သည်။


 "သမီးလေး" မယ်တော် ဧကရီ၏ အပြုံးသည် ရင်းနှီးသည်ဆိုခြင်းထက် ပိုယဉ်ကျေးနေသည်။ 


"မတွေ့တာ တစ်နှစ်ရှိပြီ၊မင်းက အရင်ကထက် ပိုပြီး သိက္ခာရှိလာတယ်"


 "မယ်တော် ဧကရီ နောက်နေတာလား..."  ပန်းဟွာ လက်ဖက်ရည်တစ်ငုံကိုသောက်ရင်း "ကျွန်မ ငယ်ငယ်ကတည်းက ဘယ်တုန်းက သိက္ခာရှိဖူးလို့လဲ"


မယ်တော် ဧကရီသည် သူမ၏ အကြောင်းပြချက်များကို ဂရုမစိုက်ပုံရ၏။


 "ဒီနှစ်တွေမှာ မင်းကို ငါ ဘယ်လို ဆက်ဆံခဲ့သလဲ၊ ငါ မင်းကို ဆိုးဆိုးရွားရွား တစ်ခါလေးတောင် ဆက်ဆံဖူးလား"


 "မယ်တော် ဧကရီက ကျွန်မကို သမီးတစ်ယေက်လို ဆက်ဆံပါတယ်၊ကျွန်မကို ဘယ်တုန်းကမှ ဆိုးဆိုးရွားရွား မဆက်ဆံဖူးဘူး"  ပန်းဟွာက ခေါင်းခါလိုက်သည်။


 "ဒါဆို ငါ့ကိုပြောပါ၊ မင်းက ဧကရာဇ်ကို နန်းစွန့်ခိုင်းဖို့ ရုံရှားနဲ့ ဘာကြောင့်ပူးပေါင်းခဲ့တာလဲ၊ဒါက မင်း ငါ့ ကျေးဇူးကိုပြန်ဆပ်လိုက်တာလား" 


မယ်တော် ဧကရီ သည် ပန်းဟွာနှင့် ရုံရှားကို မကျေမနပ်ဖြစ်နေ၏။


ပန်းဟွာက စကားပြန်မပြော။


 “အခု ဒီကိစ္စတွေဖြစ်လာတော့ ငါ့မှာ တောင်းဆိုစရာ ဘာမှမရှိတော့ပါဘူး” 


မယ်တော်ဧကရီက ခါးသီးစွာပြုံးကာ  ပန်းဟွာကို နီရဲသောမျက်လုံးများဖြင့် ကြည့်နေ၏။ 


"မင်းက ဧကရာဇ်သစ်ရှေ့မှာ မျက်နှာသာတွေ အများကြီး ရထားတာပဲ၊ဒါဖြင့် ငါ့တောင်းဆိုချက်ကို မင်းသဘောတူနိုင်မလား"


 "ကျေးဇူးပြုပြီးပြောပါ၊ မယ်တော်ဧကရီ"


မယ်တော် ဧကရီသည် သူမ၏လက်ထဲရှိ လက်ကိုင်ပုဝါကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။


 "လောအာကို လွှတ်​​ပေးဖို့ ဧကရာဇ်​အသစ်​ကို ​တောင်းဆိုနိုင်​မလား.....သူ အမှားတွေအများကြီးလုပ်ထားတာ ငါသိပါတယ်၊ ဒါပေမယ့် အကြီးမားဆုံးအမှားက ငါပဲလေ၊ငါ သူ့ကို ကောင်းကောင်းမသင်ပေးခဲ့ဘူး၊ သူ့ကို ငါကိုယ်တိုင် ဖြောင်းဖျပြောဆိုလိုက်ပါ့မယ်......"


"ဘာလို့အဲဒီလို လုပ်ရမှာလဲ"


ထိုစဉ် ရှဲ့ဝမ်ယွီ တံခါးကိုရုတ်တရက်တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။ သူမက မယ်တော် ဧကရီကို မကျေမနပ် ကြည့်ပြီး


 "မကောင်းတာ တွေ အများကြီးလုပ်ထားတဲ့ လုပ်ထားတဲ့သူ့ကို ဘာကိစ္စ အသက်ချမ်းသာပေးရမှာလဲ၊ ကျန်းမင်းဆက်ရဲ့ သွေးတွေဟာ သူ့သွေးကြောထဲမှာ စီးဆင်းနေတာကြောင့်လား၊ဒါဆို သူ့ကြောင့် သေခဲ့ရသူတွေက တန်ဖိုးမရှိတော့ဘူးလား"


 "မယ်တော် ဧကရီမှာ သားရှိတယ်၊ ကမ္ဘာပေါ်မှာရှိတဲ့ မိဘတိုင်းမှာလည်း သားသမီးဆိုတာရှိတာပဲလေ၊ ကျန်းလော သတ်လိုက်တဲ့ လူတွေရဲ့မိဘတွေလည်း ဝမ်းနည်းလိမ့်မယ်လို့ တွေးဖူးလား"  ရှဲ့ဝမ်ယွီ၏ မျက်လုံးများ နီရဲနေပြီး အသံမှာလည်း မကျေနပ်မှုများရှိနေသည်။ "ကျန်းလောရဲ့ ဒီနေ့ နိဂုံးချုပ်အဖြစ်က သူ့ကိုယ်ပိုင် လုပ်ရပ်ကြောင့်ပါပဲ၊ သူ ထိုက်တန်ပါတယ်"


 "ရှဲ့ဝမ်ယွီ……" 


မယ်တော် ဧကရီသည် ရှဲ့ဝမ်ယွီ ရုတ်တရက် ပေါ်လာမည်ဟု မမျှော်လင့်ထားပေ။ သူမသည် ကုလားထိုင်ပေါ်တွင် မှင်တက်စွာထိုင်ကာ စကားတစ်ခွန်းမှ မချေပနိုင်ဖြစ်နေ၏။


ရှဲ့ဝမ်ယွီသည် မယ်တော် ဧကရီ ရှေ့မှာ ဒူးထောက်ပြီး သုံးကြိမ်ဦးညွတ်၍ ပြောလိုက်သည်။


 "မယ်တော် ဧကရီ၊ ကျွန်မအသက်ကို ကျန်းလောဆီက ကာကွယ်ပေးခဲ့တာ အရမ်းပဲ ကျေးဇူးတင်ပါတယ်၊ဒါပေမယ့် ဒီအချက်ကိုတော့ ကျွန်မ သဘောမတူဘူး"


သူမက တဖန် ပြန်ထပြီး ပန်းဟွာကို ရိုသေစွာ ဦးညွတ်လိုက်၏။ "မနေ့ညက ဧကရီရဲ့ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်"


 မူလက သူမသည်လည်း ကျန်းလော ကဲ့သို့ ဧကရာဇ်အကျဉ်းထောင်တွင် ပိတ်လှောင်ခံရတော့မည်ဖြစ်သည်။  သို့သော် ပန်းဟွာက စကားအနည်းငယ်ကူပြောသောကြောင့် သူမနှင့် အစေခံများကို နန်းတော်ခန်းမထဲသို့သာ ခေါ်ဆောင်သွားခဲ့သည်။ အထဲမှာ နည်းနည်း လူရှုပ်သော်လည်း အခန်းက အနည်းဆုံးတော့ သန့်ပြန့်၏။ ရေနွေးလည်းရှိကာ၊အစားအသောက်ကိုလည်း အလျှံအပယ်လည်း ကျွေးသည်။ဧကရာဇ်အကျဉ်းထောင်ထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုကောင်းမွန်သည်။


 "ကျန်းလောရဲ့ အမှားတွေက တကယ်ဆို မင်းနဲ့ ဘာမှမဆိုင်ပါဘူး၊ သူ့ဘာသာ မှားချင်မှား မမှားချင်နေ မင်း ဝင်ပါမနေနဲ့"


ရှဲ့ဝမ်ယွီသည် စိတ်ဓာတ်ကျနေပုံရပြီး သူမ၏မျက်လုံးထောင့်များတွင်လည်း အရေးအကြောင်းများ ရှိနေသည်ကို ပန်းဟွာ မြင်လိုက်သည်။ သူမသည် ရှဲ့ဝမ်ယွီ ယခုလိုမျိုး ဖြစ်လာဖို့ မမျှော်လင့်ထားပေ။


ရှဲ့ဝမ်ယွီက လှောင်ပြုံးပြုံးရင်း ပြောလိုက်၏။ "လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တော်ဝင်မိသားစုမှာ လက်ထပ်ရတော့မယ်ဆိုတာကို ကျွန်မ ဂုဏ်ယူခဲ့တာ၊ နောက်ဆုံးတော့ ပန်းဟွာက ငါ့ကို ဦးညွတ်ရပြီဆိုပြီးတော့ ပျော်ခဲ့တာလေ၊ဒါပေမယ့် ခုလို ရှုပ်ကုန်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး……"


 နှစ်ထောင်ပေါင်းများစွာကြာသော် ပန်းဟွာကို လူအများက မှတ်မိနေကြဦးမည်ဖြစ်ကာ သူမကတော့ သမိုင်းစာအုပ်များတွင် သနားစရာကောင်းသူ ဖြစ်ကောင်းဖြစ်မည်။သူမ၏ မိသားစုနာမည်ကိုတောင် နာမည်ကျန်နေမလားဆိုသည်က မသေချာပေ။


 "ကဲပါ၊ ကျွန်မ ဒီအကြောင်းကို မပြောချင်တော့ဘူး" ရှဲ့ဝမ်ယွီက ပန်းဟွာကို ဖြည်းညှင်းစွာ ဦးညွှတ်ကာ "ကျွန်မ သွားအနားယူလိုက်ပါ့မယ်"


ပန်းဟွာသည်  ထွက်ခွာသွားသော ရှဲ့ဝမ်ယွီကို ကြည့်‌နေမိသည်။


 "ဟွာဟွာ ငါ……"


 ပန်းဟွာက မယ်တော် ဧကရီ ၏စကားကို နှောင့်ယှက်ပြီး ပြောလိုက်၏


 " မယ်တော် ဧကရီ၊ ရုံရှားက ကျွန်မလူပဲ" 


 ဧကရီအေးခဲသွားသည်။သူမ ဘာကို ဆိုလိုတာလဲ။


 "သူက ကျွန်မကို ကောင်းကောင်း ဆက်ဆံတတ်တာကြောင့် သူ့စကားကိုသာ နားထောင်ဖို့ ဆန္ဒရှိပါတယ်၊ ဒါပေမယ့် အထူးသဖြင့် သူ့အတွက် အကျိုးမရှိတဲ့ တောင်းဆိုမှုတစ်ခုဆိုလည်း ကျွန်မ ပါးစပ်ကနေ ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ပါဘူး"


ပန်းဟွာက ကုလားထိုင်ပေါ်ကနေ မတ်တပ်ထရပ်ပြီး မယ်တော် ဧကရီကို ဖြည်းညှင်းစွာ ဦးညွှတ်လိုက်၏။


"သူက ကျွန်မကို အရမ်းချစ်တော့ ကျွန်မလည်း သူ့ကို ကာကွယ်ပေးချင်တယ်၊ အပြင်လူ တစ်ယောက်ကြောင့် သူ့အကျိုးကို ထိခိုက်ဖို့ရာ ကျွန်မ ဘယ်တော့မှ မလုပ်ပါဘူး၊ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ မယ်တော် ဧကရီ ၊ ကျွန်မ မကူညီနိုင်ဘူး"  


သူမ လှည့်ထွက်ဖို့ ပြင်ဆင်သော်လည်း မယ်တော် ဧကရီသည် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။


 "ဟွာဟွာ၊ ငါ မင်းကို တောင်းဆိုနေတာပါ၊ တောင်းဆိုနေတာပါ"


မယ်တော်ဧကရီသည် သူမ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူမရှေ့တွင် ဒူးထောက်လိုက်သည်။  တစ်သက်လုံး မီးရောင်အောက်တွင်နေခဲ့ရသော ဤအမျိုးသမီးသည် သူမ၏ သိက္ခာကို စွန့်ပစ်ပြီး သားဖြစ်သူ၏အသက်ကို ကယ်တင်ရန်သာ ဆန္ဒရှိနေတော့သည်။


ပန်းဟွာသည် မယ်တော်ဧကရီကို ကြည့်ကာ လက်ကို တွန်းဖယ်လိုက်၏။ “လူထုအတွက် ငဲ့ပြီး ဧကရီ့ရဲ့ တောင်းဆိုမှုကို ကျွန်မ သဘောမတူနိုင်ဘူး၊  ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကြောင့်လည်းပါပါတယ်၊အရင်ဧကရာဇ်ကိုသာ လွှတ်လိုက်ရင် ကျွန်မ ခင်ပွန်းအတွက် ဒုက္ခဖြစ်စေပါတယ်၊ ဧကရီ ဒူးထောက်ရင်တောင်  ကျွန်မ ဒီတောင်းဆိုမှုကို သဘောတူမှာမဟုတ်ဘူး"


 "မင်းက တကယ်ရက်စက်တာလား၊မင်းက ဘာလို့ဒီလောက်ရက်စက်ရတာလဲ"


ပန်းဟွာသည် မယ်တော် ဧကရီ၏ ဆူပူကြိမ်းမောင်းမှုကို လျစ်လျူရှုပြီး ဆက်ပြော၏။


"စိတ်မပူပါနဲ့၊ နန်းတက်ပွဲပြီးရင် ဧကရာဇ်က မယ်တော် ဧကရီ ဘွဲ့ကိုပဲ  အပ်နှင်းပေးမှာပါ၊ မယ်တော် ဧကရီကတခြားနန်းတော်မှာ စံမြန်းရမှာ ဖြစ်ပြီး ဘယ်လိုဆင်းရဲဒုက္ခမျိုးမှလည်း မခံစားရပါဘူး"


ပန်းဟွာက ခေတ္တရပ်ပြီး “ ပြီးတော့ညအိမ်ရှေ့စံကိုလည်း ဧကရာဇ်က သတ်မှာမဟုတ်ဘူး"


မယ်တော် ဧကရီသည် ပန်းဟွာ၏ ဝတ်စုံကို  လွှတ်လိုက်ပြီး ငိုယိုတော့သည်။


 "မယ်တော် ဧကရီ ၊ ကျွန်မသာ ဧကရီဆိုရင် ဒီအချိန်မှာ ကျွန်မ ဘာမှဆက်လုပ်မှာမဟုတ်ဘူး၊ ဧကရီ ဆက်ပြီး ဇွတ်အတင်း ဧကရာဇ်ကို စော်ကားရင် အိမ်ရှေ့စံပါ အသက်ဆုံးရှုံးရလိမ့်မယ်"


မယ်တော် ဧကရီသည် ပန်းဟွာကို ထိတ်လန့်စွာ ကြည့်နေသည်။ ယခင်က ပေါ့ပေါ့‌နေ၊ ပေါ့ပေါ့စားခဲ့သော ပန်းဟွာသည် ထိုသို့သော စကားမျိုး ပြောလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။


 "မယ်တော် ဧကရီ ၊ ကျွန်မ အဖိုး ဆုံးသွားတာ ဘာလို့လဲဆိုတာ သိလား"  ပန်းဟွာသည် အရာအားလုံးကို သိနေသကဲ့သို့ ကြည်လင်တောက်ပနေသည့် မျက်လုံးများဖြင့် မယ်တော် ဧကရီကိုကြည့်လိုက်၏။ သူမ မသိသော မေးခွန်းတစ်ခုကို မယ်တော်ဧကရီအား ရိုးရိုးရှင်းရှင်း မေးနေသကဲ့သို့ပင်။


မယ်တော် ဧကရီသည် ကြောင်စီစီဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေ၏။ ပန်းဟွာ ထွက်သွားပြီးသည့်တိုင် သူမ အသိစိတ်ပြန်မဝင်ခဲ့ပေ။ မူလက ပန်းဟွာ၏ အဘိုးဖြစ်သူ ဘယ်လိုသေသွားမှန်း မသိခဲ့။သို့သော် ဧကရာဇ်ယွင်ချင် နာမကျန်းဖြစ်ပြီးနောက် အမှန်တရားကို တဖြည်းဖြည်း မှန်းဆခဲ့သည်။ ပန်းဟွာက ဘာကြောင့် ဒီလိုမေးတာလဲ။  သူမ...သိပြီးပြီလား? သူမတစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။  ပန်းဟွာ...  ဘယ်တုန်းက သိသွားတာလဲ။


ပန်းဟွာသည် မဟာ ရွှေလမင်းနန်းတော်၏ ဘေးဘက်ခန်းမသို့ ပြန်ရောက်သောအခါ အနက်ရောင်ဝတ်ဆင်ထားသော ရုံရှားသည် စားပွဲခုံရှေ့တွင် ထိုင်ကာ တရားဝင်စာရွက်စာတမ်းအချို့ကို ဖတ်နေလေသည်။ သို့သော်လည်း၊ ရုံရှား နှင့် အချိန်အတော်ကြာ အတူနေလာသူဖြစ်၍၊သူ စာဖတ်နေခြင်းက တကယ်မဟုတ်ဘဲ ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်း  တစ်ချက်တည်းနှင့် ပြောပြနိုင်သည်။


 "ဟွာဟွာ ပြန်လာပြီလား" 


ရုံရှား မတ်တပ်ထရပ်ပြီး ပန်းဟွာကို သူ့ဘေးမှာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် ဧကရာဇ် နက္ခတ္တဗေဒင် တွက်ချက်သော နေ့ထူးနေ့မြတ်များကို ပြသသည်။


"ဧကရာဇ်နက္ခတ္တဗေဒပညာရှင်က ယခုကစပြီး နောက်ငါးရက်က နန်းတက်ပွဲကျင်းပဖို့ သင့်တော်တဲ့ နေ့ကောင်းတွေရှိမယ်လို့ပြောတယ်၊ ကိုယ်ကတော့ လောလောဆယ် နန်းတက်ပွဲအတွက် သုံးရက်ရွေးထားတယ်၊ပထမရက်က အခုကစပြီး နောက်ဆယ့်နှစ်ရက်၊ နောက်တစ်ခုက နောက်လရဲ့ ရှစ်ရက်မြောက်၊ နောက်ဆုံးက နောက်နှစ်လပဲ လိုတော့တယ်၊ကိုယ်က‌တော့ အခုကနေပြီး ဆယ့်နှစ်ရက်ကြာရင် နေ့ကောင်းလေးဖြစ်မယ်ထင်တယ်"


 ဤရက်စွဲများတွင် ရုံရှား ရေးမှတ်ထားသည်ကို ပန်းဟွာ မြင်လိုက်သည်။ 


"ဒီအကြောင်းတွေ ကျွန်မ သိပ်မသိပါဘူး၊ ရှင် သင့်တော်တယ်လို့ ထင်ရင် ကောင်းတာပေါ့"


ရုံရှားက သူမ၏ နှာသီးဖျားကို နမ်းလိုက်သည်။


"ကမ္ဘာပေါ်ကလူတိုင်း မင်းကို ဧကရီလို့ခေါ်ဖို့ ကိုယ် အလျင်လိုနေမိတယ်၊ နောက်လက အရမ်းကြာတယ်၊ကိုယ် မစောင့်နိုင်တော့ဘူး"


 "ကျွန်မကို ဘုရင်မလို့ ခေါ်တာက ပိုမကောင်းဘူးလား...."


ပန်းဟွာက လက်ထဲရှိ ဧကရာဇ် နက္ခတ္တဗေဒပညာရှင် ရေးမှတ်ထားသော ရက်စွဲစာအုပ်ငယ်နှင့် ကစားရင်း ပေါ့ပေါ့ပါးပါးပြောလိုက်သည်။


ရုံရှားက ရယ်မောလိုက်ရင်း သူမကို ပွေ့ဖက်ပြီး သူ့ပေါင်ပေါ်မှာ ထိုင်စေလိုက်သည်။  


"မင်းကို ဘုရင်မလို့ ဘယ်သူမှ မခေါ်စေချင်ဘူး၊ ဒီလိုလုပ် လူတိုင်းက ကိုယ့်ကို ဧကရာဇ်လို့ ခေါ်ရမယ်၊ ဒါပေမယ့် မင်းကတော့ ကိုယ့်ဘုရင်မလုပ်လေ၊ ကိုယ်က  ဒုတိယဧကရာဇ်ဖြစ်ပေးမယ်"


  ပန်းဟွာက သူ့ပါးပြင်ကို ပွတ်သပ်ရင်း ပေါင်ပေါ်ကနေ ခုန်ဆင်းသွားသည်။  "အရှက်ကိုမရှိဘူး၊ ဒါတွေလျှောက်တွေးရင် ကျွန်မ ခေါင်းကိုက်လာတယ်"


 "ဘယ်သွားမလို့လဲ"  ရုံရှားက သူမလက်ကို ဆုပ်ကိုင်ရင်း မေးလိုက်သည်။




xxxxxx