အပိုင်း၁၇၆
Viewers 14k

Chapter 176



"ကျွန်မ မိသားစုကို သွားတွေ့ချင်တယ်၊ မတွေ့တာတစ်နှစ်လောက်ရှိပြီ၊ အခုသူတို့ဘယ်လိုနေလဲ သိချင်လိုက်တာ"


 "စိတ်မပူနဲ့၊ သူတို့ကို ကာကွယ်ဖို့ လူတွေ လွှတ်လိုက်မယ်၊ကိုယ်လည်း မင်းနဲ့လိုက်ခဲ့မယ်"


 "မလုပ်ပါနဲ့၊ ရှင့်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ သိပါတယ်၊ ဒါပေမယ့် ရှင် အခု နန်းတော်ထဲက ထွက်သွားဖို့ မသင့်တော်ဘူး၊ ကျန်းလောက ရှင့်ကိုဒုက္ခပေးဖို့ အရှုပ်အထွေးတွေ ချန်ထားခဲ့တာ၊ဒါ့ပြင် ဒီကိစ္စ ပြန့်နှံ့သွားရင် ကျွန်မတို့ ပန်းမိသားစုကို အပြစ်ပြောကြလိမ့်မယ်၊ နဂိုကတည်းက အာဏာကို လက်ဝါးကြီးအုပ်ထားတယ်လို့ သတင်းထွက်နေတာဆိုတော့ တချို့က အကောင်းမြင်ကြမယ်မထင်ဘူး"


ရုံရှား: ……


သူသည် ပန်းမိသားစုအား ဂုဏ်ပြုချင်သော်လည်း၊ဟွာဟွာ စကားကိုကြားသော် ဆွံ့အ၍ပင်သွား၏။ 


 "ကျွန်မတို့မိသားစုက ပျင်းရိပြီး ထင်ရှားကျော်ကြားချင်ကြတယ်၊ ဘယ်သူကမှ မစော်ကားဝံ့တဲ့ ချမ်းသာတဲ့ မိသားစု ဖြစ်ချင်ကြတယ်၊ ဒါပေမယ့် ကျွန်မတို့က သိပ်ပြီးစီမံခန့်ခွဲရတာတွေကို မကြိုက်ဘူးလေ၊ပြီး‌တော့ ကျွန်မ အဖေနဲ့ မောင်လေးကလည်း…” 


ပန်းဟွာ ပြောနေရင်း ချောင်းဟန့်ကာ "သိတယ်မလား၊သူတို့က သိပ်ပြီးအရည်အချင်းမရှိဘူးဆိုတာကိုလေ"


"ဟာ မဟုတ်တာတွေ... အဖေနဲ့ ညီလေးဟမ်က သိပ်တော်ပါတယ်"


 "မှန်ပါတယ်၊ သူတို့ နှစ်ယောက်က မြို့တော်ရဲ့ ထိပ်တန်းချမ်းသာတဲ့ မိသားစုတွေ ဆိုတော့ အားလုံးကိုအခန့်သားခံစားခဲ့ရတာလေ၊တချို့အရာတွေကို သူတို့မကိုင်တွယ်တတ်ဘူး၊ ကောင်းပြီ၊ ဒါဆို ပြေလည်သွားပြီ၊ ရှင် ကျွန်မနဲ့အတူ နန်းတော်ထဲက အခြွေအရံတချို့စေလွှတ်သင့်တယ်၊ဒါဆို အမေတို့ကိုလည်း လေးစာရာရောက်တယ်လေ"


 သေချာစဉ်းစားပြီးနောက်၊ ရုံရှားသည် တုကျိုး၊ ဝမ်ကုန်းကုန်း နှင့် သူ၏ယုံကြည်ရသော လက်ထောက်နှစ်ဦးကို ခေါ်ယူခဲ့သည်။ ထို့နောက် သူတို့ကို ပန်းဟွာနှင့်အတူ ကျင့်ထင်အိမ်တော်သို့လိုက်ပါစေသည်။ပန်းဟွာ နန်းတက်ပွဲ မကျင်းပရသေးသော်လည်း၊ ရုံရှားသည် သူမအပေါ် အလွန်ချစ်ခင်နေတာကြောင့် အစေခံများသည် သခင်မအသစ်ကို လိုလားတောင့်တခဲ့ကြသည်။  သူတို့ မြင်းရထားတွဲများကို တတ်နိုင်သမျှ အမြန်ပြင်ဆင်ကြသည်။  သက်တော်စောင့်များ၊ မိန်းမစိုးများနှင့် အစေခံများ အရေအတွက်ကို ဧကရီ၏ရာထူးအလိုက် စီစဉ်ပေးခဲ့သည်။


ပန်းဟွာကတော့ အစီအစဉ်ကို မကန့်ကွက်ပေ။ယခုအချိန်မှာ သူမ၏ အနေအထားက ပို၍တည်ငြိမ်လာသဖြင့် ပန်းမိသားစုကို ဘယ်သူမှ မစော်ကားရဲကြချေ။


မြင်းရထားပေါ်မတက်ခင် ပန်းဟွာက "ကျွန်မတို့မိသားစုက ကျင့်ထင်အိမ်တော်ကို ဘယ်တုန်းက ပြန်ပြောင်းလာတာလဲ"


ဝမ်ကုန်းကုန်း က ဦးညွှတ်ပြီးပြောသည်။


 "ဧကရီ၊ မနေ့ညက အရှင်မင်းကြီးက ကျင့်ထင်အိမ်တော်ကို သန့်ရှင်းရေးလုပ်ဖို့ စီစဉ်ခဲ့ပြီး ‌ကောကုန်း နဲ့သခင်မကို အိမ်တော်ကို ပြန်လည်ဖိတ်ခေါ်စေခဲ့တာပါ၊ဧကရီ ဧကရာဇ် ပြင်ဆင်ထားတဲ့ လက်ဆောင်တွေ ထုပ်ပိုးပြီးသွားပြီ၊ အခုသွားလို့ရပါပြီ" 


 "လက်ဆောင်လား...."  


ပန်းဟွာ ယခုမှပင်သတိရသည်။ရုံရှားက လက်ဆောင်များ ကြိုတင်ပြင်ဆင်ပေးထားသည်။သမီးတစ်ယောက်အနေနှင့် မိသားစုကိုတွေ့ချင်စိတ်ပြင်းပြသော်လည်း လက်ဆောင်အကြောင်း မေ့နေခဲ့၏။


 "အင်း၊ သွားရအောင်"


 "သွားကြရအောင်!"


ကျင့်ထင်အိမ်တော်တွင် ပန်းမိသားစု သုံးယောက်လုံးက ခြံဝင်းထဲမှာ ထိုင်နေသည်။သူတို့ သုံးယောက်လုံး ဂုဏ်သိက္ခာရှိစွာတည်ကြည်နေသည်။အိမ်တော်သည်လည်း အလွန်သန့်ရှင်းလျက်ရှိသည်။သိမ်းယူခြင်းမပြုမီကနှင့် အတိအကျနီးပါးတူသည်။ သို့သော် ယခုချိန်မှာတော့ သူတို့ အိမ်တော်ကို အာရုံမစိုက်အားပေ။


 သူတို့သမီးအတွက် အရည်အချင်းရှိပြီး ချောမောပြီး စာနာတတ်သည့် ယောက်ျားကိုသာ သူတို့ ရွေးချယ်ခဲ့၏။သူတို့သည် နှစ်အနည်းငယ်ကြာအောင် ငြိမ်းချမ်းသောဘဝဖြင့် နေထိုင်နိုင်မည်ဟု တွေးထင်ခဲ့ကြသည်။ မကြာခင်မှာပင် ကျန်းလော နန်းတက်၍ သူတို့မိသားစုအားလုံး ရာထူးက ဖယ်ရှားခံခဲ့ရ၏။


ဤသည်က ကိစ္စ ကြီးကြီးမားမားတော့ မဟုတ်။မည်သို့ပင်ဆိုစေကာမူ သူတို့ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သည်။ အဓိကအချက်ကတော့ ... ရုံရှားက သူပုန်စစ်တပ်နှင့် မျက်လုံးတစ်မှိတ်အတွင်းမှာ ဘယ်လိုပူးပေါင်းခဲ့သလဲ ဆိုခြင်းပင်....


 မျက်စိတစ်မှိတ်အတွင်းမှာပဲ ရုံရှားသည် သူပုန်စစ်တပ်၏ခေါင်းဆောင်ဖြစ်လာသည်။သူသည် စစ်တပ်ကို မြို့တော်သို့ပင် ခရီးနှင်ပို့ပြီး ဧကရာဇ်အသစ် ဖြစ်လာခဲ့သည်။


 မနေ့ညက သူတို့ကို အိမ်တော်သို့ ပြန်လာပို့သော အစေခံများက ပန်းဟွာကို ဧကရီ၊ ရုံရှားကို ဧကရာဇ်ဟုာ‌ေခါ်ကြသည်။ဤသည်က စိတ်ကူးယဉ်ထက် ပိုအဓိပ္ပါယ်မဲ့သည့် အရာကို သူတို့ ပထမဆုံး မြင်ဖူးတာပင်။


 "အဖေ အိပ်မက်မက်နေတယ်ထင်လား"  ပန်းဟမ်က ပန်းဟွိုက်ကို စိုက်ကြည့်ပြီး မယုံကြည်နိုင်သလိုပြောလိုက်၏ယ "ကျွန်တော်က ဧကရာဇ်ရဲ့ ယောက်ဖဖြစ်သွားပြီ"


ပန်းဟွိုက်က ပန်းဟမ်၏ လက်ကို လှမ်းဆွဲလိုက်ရင်း ခေါင်းခါယမ်းကာ “မင်းအိပ်မက်မက်နေတာမဟုတ်ဘူး”


  ယင်းရှစ်က စားပွဲပေါ်ကို လက်ဝါးဖြင့်ပုတ်လိုက်ပြီးပြောသည်။ 


 " ဘာတွေ ပြောနေတာလဲ၊ ဧကရာဇ်ရဲ့ ယောက္ခမဖြစ်တာက လွယ်မယ်ထင်လား" 


 ရှေးခေတ်ကတည်းက ဧကရာဇ်၏ မိသားစုများဆိုလျှင် ဘဝအဆုံးသတ်သိပ်မကောင်းခဲ့ပေ။ နောက်ဆုံးတွင် သူတို့ကို သေဒဏ်ပေးရုံသာမက မိသားစုတစ်ခုလုံးကိုပါ သေဒဏ်ပေးခဲ့ခြင်းမျိုးရှိဖူးသည်။


ပန်းဟွိုက် နှင့် ပန်းဟမ် နှစ်ယောက်စလုံး ခေါင်းညွှတ်ကာ နာခံကြသည်။


 "ဟွာဟွာက ရုံရှားကို လက်မထပ်ခင်မှာ၊ သူ့မှာ ဒီလို ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ဘယ်သူမှ မသိကြရဘူး၊ သူ့အကြံအစည်ကလည်း ငါတို့နှစ်ယောက်လုံး စိတ်ကူးယဉ်လို့ မရနိုင်တဲ့ အရာတစ်ခုပါ…"


ပန်းဟွိုက်က


"ငါတို့ ဘယ်လိုပဲတွေးကြည့်ကြည့်၊  သူ့ရဲ့ပုန်ကန်မှုက အောင်မြင်မယ်လို့တောင် မတွေးဖူးဘူး၊ငါတို့အစကတည်းက မမြင်ဘူးဆိုတာ သဘာဝကျပါတယ်"


 "ရှင် ပါးစပ်ပိတ်ထားပေးပါလား..."


ပန်းဟွိုက်"…"


"စိတ်ကူးယဉ်ဧကရာဇ်ပဲ၊ ဟွာဟွာရှိနေတာတောင် သူမကိုအသိမပေးဘဲ လှည့်ကွက်တွေထားထားတာလေ၊သူ့ကို ဘယ်သူမှ နိုင်မှာမဟုတ်ဘူး"


 ပန်းဟမ်က သူ့အမေက တော်တော်ရက်စက်သည်ဟု ခံစားလိုက်ရ၏။သူတို့မိသားစုသည် ဧကရာဇ်မိသားစု၏ ဘုန်းကျက်သရေကို မလိုလားခဲ့ပေ။  သူ့အစ်မက ဧကရာဇ်အသစ်ကို အနိုင်ယူထားဖို့သာ လိုလားသည်။ သူ့အမေ၏ ခံယူချက်က တခြားဧကရာဇ်ယောက္ခမများနှင့်ကွာခြားနေပေလိမ့်မည်။ ပန်းဟမ်က ဂုဏ်ယူစွာ မေးစေ့ကို မြှောက်ပြီး


 "ကျွန်တော်က ကြွားတာမဟုတ်ပါဘူး၊ ဒါပေမယ့် အစ်မက ဧကရာဇ်ကို လွယ်လွယ်နဲ့ အနိုင်ယူနိုင်တယ်၊ အစ်မက စစ်မြေပြင်မှာကတည်းက စစ်သားတွေရဲ့ လေးစားမှုကို ခံရတယ် ဆိုပြီး မနေ့က လူတွေဆီက ကြားခဲ့ရတယ်"


ယင်းရှစ်က ပန်းဟမ် ဘက်လှည့်ပြီး


 "မင်းသာ မင်းအစ်မထက် ထက်ဝက်လောက် အရည်အချင်းရှိရင် ငါ သိပ်စိတ်ပူနေစရာတောင် မလိုဘူး၊ မင်းကိုကြည့်စမ်း၊မင်းကို ဟွာဟွာရဲ့ မောင်‌ေလးလို့ ပြောရမှာ ရှက်တောင်ရှက်တယ်"


 "ဆယ်နှစ်တောင်ကျော်သွားပြီ၊ ကျွန်တော် တစ်ခါတည်းတော့ အရည်အချင်းတွေ အကုန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဒါနဲ့ အမေ ကျွန်တော်က အမေ့ရဲ့သားအရင်းပဲ"


ယင်းရှစ်က အသက်ပြင်းပြင်းရှူရင်း


 "မင်းသာ ငါ့သားအရင်းမဟုတ်ရင် မင်းကို ငါ မောင်းထုတ်ပစ်လိုက်တာကြာပြီ၊ ကောင်းပြီ သားအဖနှစ်ယောက် နောက်မနေကြနဲ့၊ငါတို့ သတိထားရမှာက နှစ်ခုရှိတယ်၊ အရင်ဆုံး၊ နောက်ဆို ဘယ်သူကပဲ ငါတို့ကို အကူအညီတောင်းနေပါစေ၊ လွယ်လွယ်နဲ့ သဘောမတူရဘူး"


 "ဒုတိယအချက်ကတော့ ဟမ်လေးရဲ့ဇနီးကို သေသေချာချာရွေးချယ်ရပါမယ်၊ ငါတို့ ပန်းမိသားစုက ချွေးမကို မညှင်းဆဲဘူး၊ ဒါပေမယ့် ချွေးမကြောင့် မိသားစုတစ်ခုလုံး ဂုဏ်သိက္ခာစွန်းထင်းရမှာမျိုးမလိုလားဘူး၊ ဟမ်လေး၊ မင်းလည်း မကောင်းတဲ့မိန်းကလေးတွေဆီကနေ အဆွဲဆောင်မခံရစေနဲ့"


ပန်းဟမ်က ရိုးရိုးသားသားပြောသည်။


"အမေ၊ စိတ်မပူပါနဲ့၊ အစ်မရဲ့မျက်နှာကို မြင်ဖူးတယ်လေ၊ကျွန်တော့်မျက်လုံးထဲမှာတော့ ကမ္ဘာပေါ်က အမျိုးသမီးတွေအားလုံးက သာမန်လူတွေပဲ"


 "ပေါက်ကရ၊မိန်းမတစ်ယောက်ရဲ့ အလှတရားက ရုပ်ရည်ပုံပန်းအသွင်အပြင်နဲ့ မဆိုင်ဘူး၊မင်းသာ ကောင်မလေးတွေကို  အဲဒီလိုလိုက်ကြည့်နေရင် မင်း အိမ်ထောင်မပြုရဘူး၊ ကောင်းတဲ့ မိန်းကလေးကို သိက္ခာမချနဲ့"


ပန်းဟမ်၏ မျက်နှာအမူအရာမှာ လေးနက်လာသည်၊ "အမေ၊ ကျွန်တော် နောက်ပြောင်နေတာတော့ မဟုတ်ဘူး..."


ထိုစဉ် အိမ်တော်ထိန်းက ဝင်လာပြီး ပြောသည်။ "သခင်ကြီး၊ဧကရီက လာတွေ့ပါတယ်၊ အခု အိမ်တော်အပြင်မှာ မြင်းရထားတွေ၊ မြင်းတွေ အများကြီး ရောက်နေပါတယ်၊ ဧကရီကတော့ ဖီးနစ်မြင်းရထားနဲ့ ဝင်လာပါတယ်"


ပန်းမိသားစုဝင် သုံးဦးသည် ခဏတာ အံ့အားသင့်သွားကြသည်။အိမ်တော်ထိန်း ပြောသော ဧကရီသည် သူပုန်တပ်ထဲပါဝင်ရန် ပြန်ပေးဆွဲခြင်းခံခဲ့ရသော သူတို့၏သမီးမှလွဲ၍ အခြားသူမဟုတ်ပေ။


ယင်းရှစ် စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်သည်။ "ဒီအချိန်ကြီး သူဘာလို့ လာတာလဲ၊ အင်ပါယာတရားရုံးက ကန့်ကွက်မယ် မဟုတ်လား"


 သူမ ရေရွတ်မိသော်လည်း ကမန်းကတန်း ပြေးထွက်သွားသည်။ ပန်းဟွာ၏ ဖီးနစ်မြင်းရထားသည် မြို့တော်၏ လမ်းမကြီးကို ဖြတ်လာခဲ့သည်။အစောင့်များသည် မိန်းမစိုးများနှင့် နန်းတော်အစေခံများအား လမ်းရှင်းပေးနေပုံမှာ ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။ မြင်းရထားပေါ်မှာ နဂါးနှင့် ဖီးနစ်ငှက်ပုံတို့ ရေးထွင်းထားပြီး မြင်းဆယ့်ရှစ်ကောင် မောင်းနှင်သဖြင့် စပ်စုသော သာမန်လူများပင်  အရှိန်အဝါကြောင့် မြင်းရထားနှင့် ခပ်ဝေးဝေးမှာ ရှိနေကြသည်။


မြင်းရထားသည် ကျင့်ထင်အိမ်တော်သို့ ခမ်းနားစွာ ရောက်ရှိလာသည်။ပန်းဟွာသည် နန်းတော်မှ အစေခံတစ်ဦး၏ လက်ကို ဆုပ်ကိုင်ထားပြီး ရထားပေါ်မှ ဆင်းလာသည်။ တံခါးဝက ရင်းနှီးပြီးသား ကမ္ဗည်းကို ကြည့်လိုက်ရင်း ရင်ခုန်သံမြန်ဆန်လာရ၏။ သူမက အစေခံများ ပြင်ဆင်ထားသည့် ဝေါယာဉ်ကိုစီးမနေဘဲ ဂါဝန်စကိုမကာ ဂိတ်ပေါက်ကို ဖြတ်လျှောက်လိုက်သည်။ မြက်ပင်နှင့်သစ်ပင်တိုင်းသည် ခါတိုင်းလ်ိုပင်ဖြစ်ကာ သူမနှင့် အရင်ကလို ရင်းနှီးနေသည်။


ပန်းဟွာ၏ နန်းတော်ဝတ်စုံရှည်သည် သန့်ရှင်းသော ထုံးကျောက်ကြမ်းပြင်ပေါ်တွင် ဝဲနေသည်။သူမ၏ ခြေလှမ်းများက အလွန်မြန်ဆန်သဖြင့် နန်းတော်အစေခံများနှင့် မိန်းမစိုးတို့သည် သူမနောက်သို့ အမြန်လိုက်လာကြ၏။ ဒုတိယ တံခါးနား ရောက်သော် သူမ ရုတ်တရက် ရပ်သွားရသည်။


 ဒုတိယတံခါးအတွင်းတွင် ပန်းမိသားစုဝင် သုံးဦးသည် နေရာတွင် ရပ်နေကာ သူမကို မျှော်ကြည့်နေကြသည်။ သူမကို မြင်သောအခါ ပန်းဟမ်က အရင်နှုတ်ဆက်သည်။


 "အစ်မ!"  


ပန်းဟမ် လှမ်းနှုတ်ဆက်ပြီး ပန်းဟွာကို ဝိုင်းပြီး မေးခွန်းများ မေးသည်။ထိုစဉ်တွင် နန်းတော်အစေခံ ကိုင်ထားပေးသော ဝတ်စုံအနားစကို သူက ပြောင်းကိုင်ကာ သူမနောက်မှနေ၍ သခင်ကိုခင်တွယ်သော ခွေးကလေးတစ်ကောင်လို တကောက်ကောက် လိုက်ပါလာခဲ့သည်။ သူ့ကိုမြင်သည်နှင့် ပန်းဟွာ  မျက်လုံးများမှိတ်သွားသည့်အထိ ပြုံးလိုက်မိသည်။သူမက သူ့နဖူးကို ပုတ်ရင်း "ကြည့်စမ်း၊ မင်း နည်းနည်း အရပ်မြင့်လာပြီပဲ..."


ပန်းဟမ်က တောက်ပစွာ ပြုးပြီး


 "ကျွန်တော် တကယ် အရပ်မြင့်လာတာလား၊ကျွန်တော်က ကိုယ်ခံပညာကို မနှစ်ကတည်းက လေ့ကျင့်ခဲ့တယ်လေ၊ဒီတော့ ကြံ့ခိုင်လာတာပေါ့"


 သူမက ပန်းဟမ်၏ ပခုံးကို ပုတ်လိုက်သည်။ အမှန်တော့ သူ အရင်ကထက် ကြွက်သားများ ပိုသန်မာလာခြင်းဖြစ်သည်။ ပန်းဟွိုက် နှင့် ယင်းရှစ် ရှေ့သို့ရောက်သောအခါ မောင်နှမနှစ်ယောက် စကားစရပ်သွား၏။


 "အဖေ၊အမေ" ပန်းဟွာက မိဘ နှစ်ပါးရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး "သမီး အမေတို့ကို စိတ်ပူအောင်လုပ်လိုက်မိလို့ တောင်းပန်ပါတယ်"


 "ထ၊ မြန်မြန်ထ" ယင်းရှစ် မျက်ရည် သုတ်လိုက်ပြီး ပန်းဟွာကို အတင်းဆွဲထူလိုက်သည်။ "သမီး ပြန်လာတာ ကောင်းပါတယ်၊ ပြန်လာတာ ကောင်းပါတယ်"


ပန်းဟွာသည် ယင်းရှစ်၏ ခန္ဓာကိုယ်ကို ကလေးမလေးကဲ့သို့ ပွတ်သပ်မှီတွယ်လိုက်သည်။ပြီးလျှင် သူမ နောက်က နန်းတော်အစေအပါးများ၊ မိန်းမစိုးများကို ကြည့်ပြီး ဝမ်ကုန်းကုန်းကိုပြော၏။


 "မင်းတို့အားလုံး အပြင်မှာစောင့်နေတယ်၊ အထဲဝင်စရာ မလိုဘူး"


 "ဟုတ်ကဲ့" ဝမ်ကုန်းကုန်းက လေးစားစွာဖြင့် ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်။


 ယင်းရှစ်က ဝမ်ကုန်ကုန်းသည် ဧကရာဇ်ယွင်ချင်ဆီမှာ အမှုထမ်းသည့် မိန်းမစိုးမှန်း မှတ်မိနေသည်။ သို့သော် သူမ မျက်နှာတွင် ခံစားချက်တစ်စုံတစ်ရာ မပြခဲ့ပေ။  မိသားစုလေးယောက်သား ခြံဝင်းအတွင်းကို ဝင်သွားပြီးနောက် "ဝမ်ကုန်းကုန်းက ရုံရှားရဲ လူလား"


 ပန်းဟွာက ခေါင်းညိတ်သည်။ "ဟုတ်ကဲ့"


"မဆန်းပါဘူး…" 


ဧကရာဇ် နေရာကိုတောင်ယူနိုင်သေးတာ၊ ဝမ်ကုန်းကုန်းကိုလည်း ဆွဲဆောင်နိုင်မှာ‌ေပါ့၊ ရုံရှားမှ ဧကရာဇ်မဟုတ်ရင် ဘယ်သူဖြစ်မလဲ။


သူတို့ သုံးယောက်သား ပန်းဟွာကို ဝိုင်းပြီး သူမ မြို့တော်ကနေ ထွက်သွားပြီး‌နောက် ဖြစ်ပျက်ခဲ့သည်များအား မေးမြန်းကြသည်။ပန်းဟွာကလည်း စိတ်ဝင်စားစရာအချက်အချို့ကို ကောက်နုတ်ပြီး ပြောပြသည်။ သုံးယောက်သား ဟက်ဟက်ပက်ပက် ရယ်ကြမောကြသည်။ မသိလိုက်ဘဲ မိုးစုန်းစုန်းချုပ်ကာ မှောင်သွားပြီဖြစ်သည်။


နေ့လည်ကနေ ယခုအချိန်အထိ လက်ဖက်ရည်နှင့် အဆာပြေကလွဲ၍ ဘာမှမစားရသေးမှန်း ယခုမှ လေးယောက်လုံး သတိရကြသည်။ 


ယင်းရှစ်က ကောင်းကင်ကို မော့ကြည့်ပြီး ပန်းဟွာကို ညစာစားဖို့ တောင်းဆိုလိုက်သည်။သို့သော် ပန်းဟွာက နန်းတော်သို့ ပြန်သင့်သည်ဟုဆိုကာ အကြောင်းပြချက်ကို ပြောပြသည်။ သမီးဖြစ်သူ၏ လက်ကိုထိလိုက်ကာ ယင်းရှစ် တုန်တုန်ယင်ယင်ဖြင့် ပြုံးလိုက်သည်။


 "ညဘက်ဆို ခရီးသွားရတာ ခက်ခဲတယ်၊ သတိထားနော်"


ပန်းဟွာ ပြုံးပြီး ယင်းရှစ်ကိုကြည့်နေသည်။ 


"အမေက သမီးကို ညစာစားဖို့ မတောင်းဆိုဘူးလား"


ယင်းရှစ် တစ်ဖက်သို ခေါင်းလှည့်ပြီး မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် ပန်းဟွာကို ပြုံးကာ 


"ဒါဆို အမေ မီးဖိုချောင်မှာ ညစာပြင်ထားလိုက်မယ်" 


 ဒုတိယတံခါး၏ ဧည့်ခန်းထဲမှာ မိန်းမစိုးငယ်တစ်ယောက်က ဝမ်ကုန်းကုန်း နံဘေးကို ရောက်လာပြီးပြောသည်။


 "ဝမ်ကုန်းကုန်း၊ နောက်ကျနေပြီ၊ ဧကရီ၊ သူမက..."



xxxxx