အပိုင်း၁၇၇
Viewers 14k

Chapter 177


 ဖီးနစ်မြင်းရထားသည် မဟာရွှေလမင်းနန်းတော်ရှေ့တွင် ရပ်သွားသည်။ ပန်းဟွာသည် နန်းတော် အစေခံအကူတစ်ယောက်၏အကူအညီဖြင့် မြင်းရထားပေါ်မှဆင်းလာသောအခါတွင်၊ မဟာ ရွှေလမင်းနန်းတော်ရှေ့တွင် မီးပုံကိုင်ဆောင်ထားရင်း ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။


 နန်းတော်အစေခံများနှင့် မိန်းမစိုးများအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။ သူမ ကြည့်နေရင်း အသံထွက်၍ပင် ပြုံးမိသွားရသည်။


 "ဘာရယ်တာလဲ"  ရုံရှားသည် မီးပုံးနှင့်အတူ သူမဘက်သို့ လျှောက်သွားသည်။ ထို့နောက် သူမလက်ကိုကိုင်ကာ မီးပုံးကို ဝမ်ကုန်းကုန်းအား ပေးလိုက်သည်။  


"ဘယ်လိုလဲ၊ ပျော်ခဲ့ရဲ့လား"


ပန်းဟွာက ခေါင်းညိတ်လိုက်ရင်း ဝမ်ကုန်းကုန်း၏ လက်ထဲက မီးပုံးကိုကြည့်ပြီး "ရှင်က ဘာလို့ မီးပုံးကြီး ကိုင်ထားရတာလဲ၊ အစေခံတွေက ကူမကိုင်ပေးဘူးလား"

 

ရုံရှားက သူမလက်ကိုဆွဲကာ အထဲကို လှမ်းဝင်လိုက်သည်။


 "သူတို့က ကူညီဖို့ပြောပါတယ်၊ ဒါပေမယ့် မီးပုံးကိုင်ထားမှ ကိုယ့်ကို မင်း မြင်နိုင်မှာ‌လေ၊ မင်းကြိုက်တဲ့ ဟင်းလျာတွေကို ချက်ခိုင်းထားတယ်၊ကိုယ်နဲ့ အတူ စားမယ်လေ"


 "နောက်ကျနေပြီ ရှင်က မစားရသေးဘူးလား"


ရုံရှားသည် သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် သူမ၏နားနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်သည်။


"ဟွာဟွာ ဘုရင်မ ဒီမှာ မရှိဘူးလေ၊ကိုယ် ဘယ်လိုလုပ် စားနိုင်၊အိပ်နိုင်ပါ့မလဲ"


ပန်းဟွာက သူ့ကို စိုက်ကြည့်နေသည်။  နောက်ဆုံးတော့ ကျင့်ထင်အိမ်တော်  မှာ စားပြီးပြီဟု သူမ မပြောခဲ့ပေ။ ရုံရှားနှင့် အတူ တစ်ခေါက်ထပ်စားပြီးနောက် ရေချိုးကာ အိပ်ရာဝင်ခဲ့သည်။


ယခုတော့ တစ်တိုင်းပြည်လုံး အရှုပ်အထွေးများဖြစ်ကာ အင်ပါယာတရားရုံးသည်လည်း ပရမ်းပတာဖြစ်နေသည်။ ရုံရှားသည် ပညာရှင်တစ်ဦးဖြစ်သော်လည်း စစ်သူကြီးတစ်ယောက်လို ပြတ်ပြတ်သားသား လုပ်ဆောင်သည်။ ထောင်ကျသင့်သူများကို ထောင်ချပြီး ပြည်နှင်ဒဏ်သင့်သူများကို ပြည်နှင်ဒဏ်ပေးသည်။  အမိန့်များ တစ်ခုပြီးတစ်ခု ထုတ်ပြန်ပြီး  ရက်အနည်းငယ်အတွင်း မြို့တော်ကို ယခင်အတိုင်း ပြန်လည်တည်ဆောက်ခဲ့သည်။ စိုးရွံ့ထိတ်လန့်နေသူအချို့ ရှိနေဆဲဖြစ်သော်လည်း အနည်းဆုံး လမ်းများနှင့် လမ်းဆက်သွယ်ရေးလမ်းကြောင်းများသည် ယခင်ကလို အသက်ကောင်းကောင်းမဝင်သေးချေ။


မင်းသားချန်ချင်ဝမ်သည် ချည်ကြမ်းအဝတ်ကို ၀တ်ဆင်ထားရင်း စိတ်ပျက်လက်ပျက်ဖြင့် မြို့မှထွက်ခွာရန် တန်းစီနေသည်။ 


 သူ သတိပြုမိသည်မှာ ကြာလှပြီဖြစ်သည်။ တင်းကျပ်သော စစ်ဆေးမှုများမှာ ပထမသုံးရက်သာ လုပ်ဆောင်သည်။ သို့သော်လည်း မြို့တွင်းဝင်ရောက်လာသူများကိုသာ သေချာစွာ စစ်ဆေးပြီး မြို့ပြင်ထွက်ဖို့ သတ်မှတ်ချက်များ သိပ်မတင်းကျပ်ပေ။


 သေချာသည်၊ သူ့အလှည့်ရောက်သည့်အခါ အစောင့်များမှ သေသေချာချာ မစစ်ဆေးချေ။ နာမည်နှင့် နေထိုင်သည့်နေရာကို ပြောပေးပြီးနောက်မှာ သူ့ကို လွှတ်ပေးလိုက်သည်။မြို့တံခါးဝ ကြောင့် သူ့ရင်ထဲက အလုံးကြီးတစ်ဝက်ကျသွားပြီး အရှိန်မြှင့်လိုက်သည်။


 မြို့တော်နယ်နိမိတ်မှ ထွက်သွားနိုင်လျှင်၊ ယွင်ကျင့် စီရင်စုမှ လူတစ်ယောက်မှ သူ့ကို လာခေါ်မည်ဖြစ်သည်။သူ ယခင်လိုဘဝမျိုး ပြန်မရောက်ဖို့ စိုးရိမ်နေစရာ မလိုတော့။


 “ရှေ့ကလူ ရပ်လိုက်”


ပန်းဟွာက မြင်းစီးလျက် လက်ထဲမှ ကြာပွတ်နှင့် ကစားနေရင်း ပြောလိုက်သည်။ဤကြာပွတ်ကို ရုံရှားက သူမအတွက် အထူးပြုလုပ်ထားတာပင်။ လှပပြီး ခိုင်ခန့်နေကာ အရိုးထဲအထိ စိမ့်ဝင်နိုင်အောင်ရိုက်နိုင်စွမ်းရှိ၏။


မင်းသားချန်ချင်ဝမ် အေးခဲသွားသည်။ ပန်းဟွာကို ဤနေရာတွင် တွေ့ဆုံမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဒီမိန်းကလေးက နန်းတော်မှာနေမယ့်အစား မြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ ဘာလုပ်နေတာလဲ။


 သူ ရှောင်တိမ်းနေလိုက်လျှင်၊ တခြားသူများပါ သံသယဝင်လာမည်စိုး၍ သူ ရှောင်တိမ်းဖို့စိတ်ကူးမရှိပေ။


 "ဒီက အဆင့်အတန်းမြင့်တဲ့မိန်းကလေးက ကျွန်တော့်လို သာမာန်လူကို ခေါ်တာပါလား"


 သူသည် ကမ္ဘာကြီးကို မမြင်ဖူးသော  သာမန်လူတစ်ယောက်လိုမျိုး အဆင့်အတန်း မြင့်မြတ်သူကိုတွေ့သောအခါ ရှက်ရွံ့၊ ကြောက်လန့်နေပုံမျိုးလုပ်‌၍ မေးလိုက်သည်။


ပန်းဟွာက သူ့ကို ကြာပွတ်နှင့် ညွှန်ပြကာ "ဟုတ်တယ်၊ ခေါင်းမော့စမ်း"


မင်းသားချန်ချင်ဝမ် မထွက်ခင်မှာ သူသည် မိတ်ကပ် အထူကြီးလိမ်းထားပြီးရုပ်ဖျက်ထား၍ ပန်းဟွာ မမှတ်မိနိုင်ဟု ယုံကြည်နေမိသည်။ သူ့မျက်နှာက အလွန်ပုံပန်းဆိုးလျက်ရှိသည်။မီးလောင်ဒဏ်ရာများနှင့် တူနေ၍ အနီးနားရှိလူအချို့က သူ့မျက်နှာကိုကြည့်ကာ လန့်၍ပင်အော်ကြဟစ်ကြလေသည်။ တချို့ကလည်း ပန်းဟွာက အာဏာကို အသုံးချပြီး သူ့ကို တမင်တကာ အရှက်ခွဲဖို့ လုပ်နေသည်ဟု ထင်နေကာ နှာခေါင်းရှုံ့သူများလည်းရှိပေ၏။


သို့သော်လည်း ဤအမျိုးသမီး၏ အဝတ်အစားများက သပ်ရပ်လှပပြီး သူ့နောက်မှာလည်း အစောင့်အကြပ်များစွာ ရှိနေသည်ကို တွေ့လိုက်ရလျှင်၊ နှုတ်က ဘာမှမပြောရဲကြပေ။


“ဒီမျက်နှာ…” ပန်းဟွာက ပြောနေရင်းပင် ရယ်မောလိုက်သည်။  "ဒါကြီးက အစစ်မဟုတ်ဘူးလေ၊ တစ်ခုခုမှားနေတယ်"


 "ကျွန်တော့်မှာ အပြစ်ရှိပါတယ်၊ကျွန်တော့်မှာ တကယ်အပြစ်ရှိပါတယ်" 


မင်းသားချန်ချင်ဝမ် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။သို့သော် သူ့မျက်နှာမှာ တုံ့ဆိုင်းမှု မပြဘဲ ပန်းဟွာရှေ့မှာ ဒူးထောက်ထိုင်ချလိုက်၏။  


"ကျွန်တော့်ကို ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်"


ဘေးကလူများလည်း သည်းမခံနိုင်တော့။ဒီအဆင့်အတန်းမြင့်တဲ့ မိန်းကလေးက ငွေရှိတယ်၊အာဏာရှိတယ်ဆိုရုံနဲ့ ဒီလောက် သနားစရာကောင်းတဲ့လူကို ဘာလို့ ခက်ခဲအောင်လုပ်‌တာလဲ...


 "သခင်မလေး...."  


အဆင့်အတန်းမြင့် ၀တ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးသည် လူအုပ်ထဲမှ ရုန်းထွက်ခဲ့သည်။ သူမ၏ မျက်လုံးထဲတွင် ရှက်ရွံ့မှုအချို့ ရှိနေဆဲဖြစ်သော်လည်း အမှန်တရားအတွက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်၏။

 

 "ဒီလူနဲ့ အဆင့်အတန်း မတူတာကို သခင်မ‌လေးက ဘာလို့ ကိုယ့်ကိုကိုယ် နှိမ့်ချနေရတာလဲ၊ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားခွင့်ပေးလိုက်တာ မကောင်းဘူးလား"


ပန်းဟွာက သူ့အစောင့်များကို တန်းစီစေကာ ထိုမိန်းကလေးဘက်လှည့်ကာ ပြုံးပြသည်။


  "သခင်မလေးရဲ့စကားတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ ဘယ်မိသားစုကလဲ၊ မြို့တော်မှာ သခင်မလေးကို  ကျွန်မ တစ်ခါမှ  မတွေ့ဖူးဘူး"


 "ကျွန်မက အဆင့်အတန်း နိမ့်ပါတယ်၊သခင်မလေး မတွေ့ဖူးဘူးဆိုတာ သဘာဝကျပါတယ်" 


မိန်းကလေးက ပန်းဟွာကို ခပ်တည်တည်ပင် ပြောပြသည်။သူမသည် ပန်းဟွာ၏ အမည်နာမကို သူမ မသိသော်လည်း ဝတ်ဆင်ထားသည့်အဝတ်အစားများကို ရွှေချည်ထိုး၍ ချုပ်လုပ်ထားသည်ကို သူမတွေ့လိုက်ရသည်။ဤအထူးအချိန်ကာလတွင်ပင် သူမနှင့်အတူ အစောင့်အကြပ်များစွာ ခေါ်ဆောင်လာတာကြောင့် ဧကရာဇ်အသစ်၏ရှေ့မှောက်တွင် အလွန်လေးစားခံရသော မိသားစုမှ ဖြစ်သည်ကိုတွေ့မြင်နိုင်သည်။


ပန်းဟွာ၏ နောက်ကွယ်မှ အမျိုးသမီး အစောင့်က မြင်းဖြင့် ရှေ့သို့ တိုးလိုက်ပြီး ပန်းဟွာအနီးကိုကပ်ကာ တိုးတိုးပြောသည်။ ပန်းဟွာက ခေါင်းညိတ်လိုက်သည်။


 "သခင်မလေးရဲ့ အဖေက တော်ဝင်ကောလိပ်ရဲ့ သဘာပတိ ဖေးတုံ့ရှန်း လား"


မိန်းကလေး၏ မျက်နှာမှာ အံ့သြသွားသည်။ဤ အဆင့်အတန်းမြင့်မြတ်သူသည် သူမအား မသိသော်လည်း သူမအနားရှိ အစောင့်အကြပ်သည် မြို့တော်၏အခြေအနေနှင့် အလွန်ရင်းနှီးနေပုံရသည်။ ဘယ်လိုမျိုး ထင်ရှားကျော်ကြားတဲ့ မိသားစုမျိုးက ဒီလို သိပ်တော်တဲ့အစောင့်ကို မွေးထားတာလဲ…


 "ကျွန်မ အဖေက အရင် တော်ဝင်ကောလိပ်ရဲ့ သဘာပတိပါပဲ"


ပန်းဟွာက ခေါင်းခါသည်။  "သခင်မလေးရဲ့ အဖေက သိပ်တော်တဲ့သူပါ၊  တော်ဝင်ကောလိပ်ရဲ့ ‌သဘာပတိ ရာထူးက သူ့အတွက် အသင့်တော်ဆုံးပါပဲ"


သခင်မလေးဖေး၏ နှလုံးသား နွေးထွေးသွားသည်။ ဖုန်းနင်း ဧကရာဇ် နန်းတက်ပြီးနောက် သူမ၏ဖခင်သည် ဖုန်းနင်း ဧကရာဇ်၏ အမိန့်များကို သဘောမတူခဲ့ပေ။ ဖုန်းနင်း ဧကရာဇ်ထံ စာလွှာများပေးပို့ကာ တချို့ကိစ္စများကို တိုင်တန်းခဲ့တာကြောင့် သူ၏ တရားဝင်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။  အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ အားလုံးရှေ့မှာ သူ့အဖေက သဘာပတိဖြစ်ဖို့ အရည်အချင်းမရှိဘူးဟုဆိုကာ ရာထူးဖြုတ်ခံရခြင်းပင်။ 


သူမ၏ ဖခင်ဖြစ်သူသည် တစ်သက်လုံး သတိကြီးကြီးထားပြီး အသိစိတ်ရှိစွာ ပြုမူခဲ့သော်လည်း အသက်ကြီးလာသောအခါမှ ထိုသို့အပြောအဆိုခံခဲ့ရ၏။ သူသည် စိတ်ဓာတ်ကျပြီး ရက်ပေါင်းများစွာ အိပ်ယာပေါ်တွင် လှဲနေခဲ့သည်။ သူမသည် ယနေ့ မြို့တော်၏ ဆင်ခြေဖုံးတွင် ဆေးဖက်ဝင် အပင်တစ်မျိုးကို ရွေးရန် မြို့တော်မှ ထွက်ခွာခဲ့ခြင်းဖြစ်၍ ယခုလို ချီးမွမ်းခံရဖို့ မမျှော်လင့်ထားချေ။ ရန်လိုပုံရသော ‌ဤအဆင့်အတန်းမြင့်မြတ်သောအမျိုးသမီးသည် သူမ၏ အဖေအတွက် အကောင်းပြောမည်ဟုလည်း သူမ မမျှော်လင့်ခဲ့ပေ။


 သူမ၏ အဖေသည် သူ့ဘဝတစ်လျှောက်လုံး တရားမျှတပြီး ရိုးသားခဲ့သူပင်။ယခုအချိန်တွင် မြို့တော်ရှိ မှူးမတ်များအားလုံးသည် ဧကရာဇ်အသစ်က လိုလားတောင့်တရန် အပြိုင်အဆိုင်ကြိုးစားနေကြချိန်ဖြစ်သည်။သူမရဲ့ အဖေကို ဘယ်သူက အာရုံစိုက်မှာလဲ။ ရုတ်တရက် ချီးမွမ်းစကားက််ို ကြားလိုက်ရ၍ သူမရင်ဘတ်ထဲတွင် နွေးထွေးပီတိဖြာသွားရသည်။


 "သခင်မလေးကို ကျေးဇူးအများကြီးတင်ပါတယ်"


 "ကျွန်မက သူ့ကို ချီးကျူးတာမျိုးမဟုတ်ပါဘူး၊ အမှန်အတိုင်း ပြောတာပါ"  


ပန်းဟွာသည် မြင်းကုန်းနှီးပေါ်မှဆင်းကာ ဒူးထောက်နေသော မင်းသားချန်ချင်ဝမ်ကို ကန်ထုတ်လိုက်သည်။


 "ဒါပေမယ့် သခင်မလေးတို့ မိသားစုက ဖြောင့်မတ်လွန်းတော့ သနားစရာ ကောင်းဟန်ဆောင်တတ်တဲ့ ဒီကမ္ဘာပေါ်မှာ လူတချို့ရှိတယ်ဆိုတာ မသိဘူးနော်"


 "တစ်​​ယောက်​​ယောက်​လာပြီး သူ့မျက်​နှာကို ဖယ်​လိုက်​!"


မကြာမီ ဤသနားစရာကောင်းသော သူ၏ မျက်နှာပေါ်ရှိ မီးလောင်ဒဏ်ရာများမှာ အစစ်အမှန်မဟုတ်ကြောင်း တွေ့ရတော့ အားလုံး အံ့အားသင့်သွားသည်။ မီးခိုးရောင်နှင့် အနက်ရောင်  မိတ်ကပ်မှုန်များအား ဖယ်ရှားပြီးနောက် လှပချောမောသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။


 "မင်းသားချန်ချင်ဝမ်က သိပ်ဟန်ဆောင်ကောင်းတာပဲ"   


ပန်းဟွာသည် အစောင့်များ၏ ချုပ်နှောင်ခြင်းကို ခံနေရသော မင်းသားချန်ချင်ဝမ်ကို ကြည့်ရင်း ပြုံးလိုက်သည်။  


"ဒီလောက် အလောတကြီး ဘယ်သွားမလို့လဲ"


မင်းသားချန်ချင်ဝမ်က သူ့ပါးစပ်ထဲမှ ရုပ်ဖျက်ပစ္စည်းများကို ထွေးထုတ်ပြီး ရယ်မောလိုက်သည်။ 


 "ချစ်တူမလေးရဲ့ အမြင်အာရုံက တကယ်ကောင်းတာပဲ၊ဦးရီးတော် ဒီလောက်ရုပ်ဖျက်ထားတာတောင် ချစ်တူမလေးက မှတ်မိနေတုန်းပဲ၊ အဲဒီကနေပြီးတော့ တူမက ဦးရီးတော်ကို စိတ်ထဲမှာ ဘယ်လောက် အလေးထားကြောင်းမြင်နေရတယ်" 


 "ခွပ်" သူ့ကို ချုပ်ထားသည့် အစောင့်က သူ့မျက်နှာကို လက်သီးနှင့်ထိုးရာ သူ့မျက်နှာတစ်ခုလုံး ချက်ချင်း နီရဲသွားသည်။


"ဦးရီး‌တော် ဒီလိုလုပ်လို့မရဘူး၊ ကျွန်မ အစောင့်တွေက ဒေါသကြီးတယ်၊ ကျွန်မကို စိတ်ဆိုးအောင်လုပ်ရင် ဦးရီးတော်နာကျင်ရလိမ့်မယ်၊ နည်းနည်းပိုရိုးသားလိုက်ရင် ဒုက္ခရောက်တာ သက်သာမယ် မဟုတ်လား"


"အောင်နိုင်သူက ဘုရင်ဖြစ်မယ်၊ အရှုံးသမားကတော့ သူတောင်းစားပဲလေ  ငါ့ကိုသတ်ချင်ရင် မင်း ကြိုက်သလိုလုပ်၊ဒီလောက် ဟန်ဆောင်နေဖို့ မလိုပါဘူး"


ပန်းဟွာ သည် ကြောက်ရွံ့တုန်လှုပ်နေသော မင်းသားချန်ချင်ဝမ် ၏ လက်သည်းများကို ကြည့်လိုက်သည်။ 


 "ဒါဆို ဦးရီးတော်က ဘာလို့ ထွက်ပြေးတာလဲ၊ ပြောတော့သေမှာမကြောက်ဘူးဆို၊ ဒါပေမယ့် လူကတော့ ရအောင်ရုန်းတယ်မဟုတ်လား"


 "ဒါဆို သူက မင်းသားချန်ချင်ဝမ် လား"


 "ဖုန်းနင်း ဧကရာဇ်နဲ့  ပူးပေါင်းတဲ့သူလား"


 "အဲဒါ သူပဲ၊ သေအောင်ရိုက်သတ်ပစ်"


စောစောက “သနားစရာလူ” ဟုဆိုကာ သနားကြင်နာခဲ့သည့် ကြည့်ရှုသူများသည် ယခု အမြင်မှန်ရကာ မကောင်းဆိုးဝါး မင်းသားချန်ချင်ဝမ်မှန်း သိသွားကြသည်။ သူတို့ဒေါသများအလိပ်လိပ်ထွက်ကာ ချန်ချင်ဝမ်ကို ရိုက်နှက်ဖို့ပြင်ကြသည်။သို့သော်လည်း အစောင့်များဝန်းရံထား၍ လုပ်ခွင့်မသာသေးပေ။


ရှားပါးသော ကြက်ဥများ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ပစ်ပေါက်ဖို့ရာနှမြော၍ မြေကြီးခဲများ၊ကျောက်ခဲများဖြင့် ပေါက်ကြသည်။တချို့တလေက လက်မတည့်၍ အစောင့်များကိုတောင် မတော်တဆ ထိခိုက်ဒဏ်ရာရစေခဲ့၏။


ပန်းဟွာသည် မင်းသားချန်ချင်ဝမ်၏ အဖြစ်အပျက်ကို ဂရုမစိုက်သော်လည်း သူ့ဘေးနားရှိ အစောင့်များကို အနှောက်အယှက်မဖြစ်စေလိုပေ။ ထို့ကြောင့် သူမက 


"ရွာသားတွေ ငြိမ်ငြိမ်လေးနေပေးပါ၊နန်းတွင်းက ဒီလိုယုတ်မာတဲ့လူမျိုးကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး"


ထို့နောက် သူမကလည်း မင်းသားချန်ချင်ဝမ်ကို ခြေဖြင့်နှစ်ချက်ဆော့ကန်လိုက်၏။ သူမ ကန်ပြီးနောက် မင်းသားချန်ချင်ဝမ်ကို ကြိုးဖြင့်ချည်ပြီး အိတ်တစ်လုံးကဲ့သို့ မြင်းနောက်ဘက်ပေါ်သို့ တင်လိုက်သည်။


 "ပန်းဟွာ၊ စစ်သားဆိုတာ လူမဆန်တာထက် သေတာကိုပဲ တောင့်တကြတယ်၊ မင်း သတ်ချင်ရင်သတ်ပစ်လိုက်"


မင်းသားချန်ချင်ဝမ်သည် ပန်းဟွာ အနေဖြင့် သူ့ကို ဤကဲ့သို့ ဆက်ဆံမည်ဟု မမျှော်လင့်ထားပေ။  


 "ဦးရီးတော်ပဲ အောင်နိုင်သူက ဘုရင်လို့ မပြောဘူးလား၊ ရှုံးတဲ့သူက သူတောင်းစားဆို...."  ပန်းဟွာသည် ကြာပွတ်ဖြင့် မင်းသားချန်ချင်ဝမ်ကို ပုတ်လိုက်သည်။


  "အောင်နိုင်သူ ကျွန်မက ဦးရီးတော်လို အရှုံးသမားကို ဘာပဲလုပ်လုပ်၊ဦးရီးတော် နာခံမှုရှိရှိ လက်ခံသင့်တယ်"


 အစမှအဆုံးအထိ ထိတ်လန့်တုန်လှုပ်နေသော သခင်မလေးဖေးသည် အချိန်အတော်ကြာအောင် အသိစိတ်ပြန်မကပ်နိုင်ပေ။  


ဒါက ဘယ်မိသားစုရဲ့ သခင်မလေးလဲ။  သူမက ဘာလို့ ဒီလောက် မောက်မာနေတာလဲ၊သူမသာဆို ယခုလို ပြုမူဝံ့မည်မဟုတ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ဤသခင်မလေးကိုကြည့်ပြီး အားပင်ကျလာမိသည်။


"အားလုံးကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်။  နှုတ်ဆက်ပါတယ်” 


ပန်းဟွာ မြင်းပေါ်ပြန်တက်ပြီး လူအုပ်ဆီဦးညွတ်ကာ ဇက်ကြိုးကိုဆွဲပြီး လူတိုင်း၏မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။ ဖြတ်သွားဖြတ်လာများက အံအားသင့်သွားပြီး၊မကြာမီ စိတ်လှုပ်ရှားစွာ လက်ခုပ်တီးကြ၏။


 "ဒီလို လူဆိုးမျိုးကိုတောင် သူမက ဖမ်းနိုင်ပါလား"


 "ဒီမြင့်မြတ်တဲ့ သခင်မလေးက ဘယ်မိသားစုက လာတာလဲ၊သူမ အရမ်းအမြင်ရှိတာပဲ၊သူမကြောင့်သာ မဟုတ်ရင် ဒီလူဆိုးလည်း လွတ်သွားလိမ့်မယ်"


 "သူမရဲ့ ရုပ်ရည်ကြည့်လိုက်၊ သူမက ကျွင်းကျူးလား၊ ဒါမှမဟုတ် ဧကရာဇ်ရဲ့သမီးတော်လား"


 "ဟင်း.... ဧကရာဇ်အသစ်က အိမ်ထောင်သက် နှစ်နှစ်ပဲ ရှိသေးတယ်၊သူ့မှာ ဒီလောက်ကြီးတဲ့ သမီးတော် ဘယ်လိုလုပ် ရှိမလဲ"


ပန်းဟွာ သည် မင်းသားချန်ချင်ဝမ် ကို အင်ပါယာအကျဉ်းထောင်သို့ တိုက်ရိုက်ခေါ်ဆောင်ခဲ့သည်။သူ့ကို သော့ခတ်ပြီးနောက်မှာ အကျဉ်းထောင် သံတိုင်များ၏အပြင်မှာ ရပ်ပြီး


 "ဦးရီးတော်၊ ထောင်ထဲမှာနေပါ၊ ညတိုင်း အေးချမ်းစွာ အိပ်ပျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊မတရားခံရတဲ့ လူတွေရဲ့ဝိဉာဉ်တွေကလည်း ဦးရီးတော်ကို လိုက်ရှာမှာ မဟုတ်ဘူး"


မင်းသားချန်ချင်ဝမ်က အေးစက်စွာ ရယ်မောလိုက်သည်


 "ငါ သရဲတစ္ဆေတွေကို မယုံဘူး၊ ဒီစကားတွေနဲ့ မင်း ငါ့ကို ခြောက်လှန့်စရာ မလိုဘူး၊ မင်းခင်ပွန်းရဲ့လက်ကလည်း ဘယ်လောက်သန့်ရှင်းတယ် ထင်လဲ"


 "သူများတွေရဲ့ လက်တွေ ညစ်ပတ်နေတာကို ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မ ခင်ပွန်းရဲ့ လက်တွေကလည်း ဘယ်လောက်ပဲ ညစ်ပတ်နေပါစေ၊ ကျွန်မ မထီမဲ့မြင်မပြုဘူး..ကျွန်မက အမြဲအလိုက်လိုက်ခံထားရတော့ နည်းနည်းဆိုးတယ်ဆိုတာ ဦးရီးတော် မေ့နေတာလား"


 ဘေးတွင်ရပ်နေသော လျှိုပန်းရှန် သည် စိတ်ရှုပ်ထွေးစွာဖြင့် ပန်းဟွာကို စိုက်ကြည့်နေသည်။ သူ ကြည့်နေမိသည်မှာလည်းတခြားမဟုတ်။ပန်းဟွာပြောသောစကားက ခြိမ်းခြောက်ခြင်းထက် ကလေးအချင်းချင်းစနောက်နေသလို ဖြစ်နေတာကြောင့်ပင်။


ပန်းဟွာ၏ စကားကြောင့် ထိတ်လန့်သွားသော မင်းသားချန်ချင်ဝမ်သည်လည်း အံသြသွားခဲ့သည်။ ပန်းဟွာက သူ့စကားနောက်ကို လိုက်ကာ ရုံရှား ဘာတွေများလုပ်ခဲ့သလဲဟု မေးမည်ဟု သူထင်ခဲ့သည်။  မထင်မှတ်ဘဲ၊ သူမသည် သူ့ထောင်ချောက်ထဲကို ဝင်မလာပေ။


 ပန်းဟွိုက်က သူ့သမီးကို ဘယ်လိုများ သင်ပေးထားတာလဲ...သူ ဦးနှောက််များ ပျက်နေတာလား...




xxxxxx