အပိုင်း၁၇၈
Viewers 14k

Chapter 178



"ဦးရီးတော်က ကျွန်မလုပ်ရပ်ကို ဘာကိစ္စပြစ်တင်ရတာလဲ၊ကျွန်မကို လှောင်ပြောင်ချင်ရင် လှောင်လို့ရတယ်၊ အပြစ်လာမပြောနဲ့၊ ကျွန်မ ယောက်ျားရဲ့ လက်တွေက ပြည်သူတွေအတွက် သွေးတွေ စွန်းထင်းနေရတာ၊ ဒါပေမယ့် ဦးရီးတော်က…” 


ပန်းဟွာသည် မင်းသားချန်ချင်ဝမ်ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။


"ဘယ်သူ့လက်ကကမှ မသန့်ရှင်းနေဘူး၊ဒါကြောင့် သူ့လက်တွေ ဘာကြောင့် ညစ်ပတ်နေလဲဆိုတာကို အပြစ်လာမပြောပါနဲ့"


ပန်းဟွာသည် မင်းသားချန်ချင်ဝမ်၏ စကားကိုဂရုမစိုက်စွာပင် "ကျွန်မယောက်ျား" ဟူသောစကားလုံးကိုအသုံးပြုခဲ့သည်။


 "ပါးစပ်ပိတ်ထား၊ မင်း ဘာသိသလဲ…” 


ပန်းဟွာက ခေါင်းကိုလှည့်ပြီး လျှိုပန်းရှန် ကိုပြောသည်။


"သခင်လျှို သူ့ကို စောင့်ကြည့်ဖို့ လူတွေကို လွှတ်လိုက်၊ ဘယ်သူ့ကိုမှ အနားမကပ်စေနဲ့၊ အရှင်မင်းကြီး နန်းတက်ပွဲပြီးရင် သူ့ကိုကြည့်လုပ်လိမ့်မယ်"


 "ဟုတ်ကဲ့" 


လျှိုပန်းရှန်က မင်းသားချန်ချင်ဝမ်ကို ကြည့်ကာ ပြောလိုက်သည်။ မင်းသားချန်ချင်ဝမ်သည် နှုတ်က ပွစိပွစိဆက်ရွတ်နေသော်လည်း သူဘာမှပြန်မပြောမီတွင် ပန်းဟွာက စိတ်ဝင်တစားမရှိဘဲ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသည်။သူ့စကားကိုအလေးမထား၊သူ့မကျေနပ်ချက်များကိုလည်း အရေးမစိုက်သော ပန်းဟွာ၏ သဘောထားက သူ့ကို အော်ငေါက်တာထက်တောင် ပိုဆိုးသွားသလို ခံစားရသည်။ လူတိုင်းလိုပင် အဆင့်အတန်းမြင့်မြတ်သူများသည် အတော်လေး ဒေါသကြီးသူများဖြစ်ပေ၏။


လျှိုပန်းရှန်သည် ရူးသွပ်သွားတော့မည့် မင်းသားချန်ချင်ဝမ်ကို ကြည့်ပြီး နေရာကို စောင့်ကြပ်ဖို့ စစ်သားအများအပြားကို စီစဉ်ပေးကာ စကားတစ်ခွန်းမှ မပြောဘဲ ထောင်မှထွက်လာခဲ့သည်။


မင်းသားချန်ချင်ဝမ်ကဲ့သို့ လူတစ်ယောက်အတွက်၊ အခြားသူများက သူ့ကို အလေးအနက်မထားသဖြင့် မခံမရပ်နိုင်ဖြစ်ရသည်။တခြားသူများက သူ့ကို ဂရုမစိုက်သည့်အခါ ဒေါသများ အလိပ်လိုက်ထွက်လာတတ်သည်။သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည့် ဖားတစ်ကောင်လို ခုန်ပေါက်ဒေါသထွက်နေရုံကလွဲ၍ တခြားမလုပ်နိုင်တော့။


ပန်းဟွာသည် ထောင်မှထွက်လာပြီး မဟာ ရွှေလမင်းနန်းတော်သို့ တန်းတန်းမတ်မတ်ပြန်သွားခဲ့သည်။   ရုံရှားသည် အရာရှိနှင့် စကားပြောနေသည်ကိုတွေ့ရ၍ သူမ သူတို့ကို ခေါင်းညိတ်ပြပြီး အရင်ထွက်သွားလိုက်သည်။ သူမ မဟာရွှေလမင်းနန်းတော်ထဲ ဝင်လာသည်ကို မြင်လိုက်ရသော် အရာရှိများက အကြည့်ချင်းဖလှယ်ကာ ခေါင်းငုံ့ထွက်သွားကြသည်။


 "ရှင်ပြောတာ ဟုတ်ပါတယ်၊ မင်းသားချန်ချင်ဝမ်က ဒီနေ့ မြို့ထဲကနေ ခိုးထွက်ချင်ခဲ့တာ"  ပန်းဟွာသည် ရုံရှား ဆီသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။


  "သူက မျက်နှာတွေ မီးလောင်ထားတဲ့ လူလို ဟန်ဆောင်ထားတာ၊ရှင် ပြောသလိုပဲအကုန်မှန်ပါတယ်"


 မနက်ခင်း နေမထွက်ခင်မှာ မင်းသားချန်ချင်ဝမ်သည် သာမန်လူများနှင့် ရောယှက်ပြီး မြို့ထဲကနေ ထွက်ပြေးဖို့ အလားအလာကောင်းသည်ဟု ရုံရှား သူမကို ပြောခဲ့သည်။ကင်းလှည့်တပ်သားများ မမှတ်မိစေရန်အတွက် သူတောင်းစား သို့မဟုတ် ရုပ်ပျက်ဆင်းပျက် မျက်နှာထားရှိသော လူများအဖြစ် ၀တ်ဆင်မည်ဖြစ်သည်။ ပန်းဟွာက ထိုအယူအဆ မှန်းဆချက်သက်သက်ပဲဟု ထင်ခဲ့သည်။ ရုံရှား မျှော်လင့်ထားသည့်အတိုင်း အမှန်ဖြစ်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။


ရုံရှားက စုတ်တံကိုချလိုက်ပြီး ပန်းဟွာကို ပြုံးပြလိုက်သည်။ 


 "သူက သူ့ရဲ့ရုပ်ရည်အသွင်အပြင်နဲ့ ပတ်သက်ပြီး အမြဲတမ်း ကျေနပ်နေတာမို့ သူ ထွက်ပြေးရင် ပထမဆုံး သူလုပ်ချင်တာက သူ့မျက်နှာကို ရုပ်‌ဆိုးအောင် ပြုပြင်မှာပဲ၊ သူ့လို အရမ်းမာနကြီးတဲ့သူက တခြားလူတွေ သူ့မျက်နှာကို ဂရုစိုက်တာကို သိပ်ကြိုက်တာလေ"


 "စိတ်ညစ်စရာတွေမပြောနဲ့တော့....." ရုံရှားက သူမလက်ကို ကိုင်လိုက်သည်။  "လာ ထမင်းစားကြရအောင်"


 နန်းတော်မှ အစေခံများ၏ အကူအညီဖြင့် နှစ်ယောက်သား လက်ဆေးကြသည်။ ပြီးသွားလျှင် ပန်းဟွာက ပြောသည်။


"နန်းတက်ပွဲက သဘက်ခါ ဆိုတော့ ရှင် ကြောက်နေလား"


"မင်း ကိုယ့်ကို စင်အောက်ကနေ ကြည့်နေရင် ကိုယ် ဘယ်ကြောက်မလဲ"


ပန်းဟွာ မရယ်ဘဲမနေနိုင်တော့။ 


 "ကျွန်မက အဲ့ဒီလောက် အစွမ်းထက်နေတာလား"


 "ကိုယ့်အတွက်ကတော့ ဟွာဟွာက အစွမ်းအထက်ဆုံးပါဗျာ"


 "ကောင်းပြီ၊ ဆက်ပြီး အဲဒီလိုစိတ်မျိုး မွေးဖို့ မမေ့နဲ့"


 ထမင်းစားပြီးနောက် အိမ်ရှေ့စံက ရုံရှားကို တွေ့ချင်ကြောင်း အမတ်တစ်ဦး ရောက်လာပြီး ပြောသည်။ ပန်းဟွာ က မတ်တပ်ထရပ်ပြီး "ကဲ ဒါဆို ရှင်တို့တွေ စကားပြောကြ၊ ကျွန်မ ခဏလောက် အနားယူလိုက်မယ်"   


အိမ်ရှေ့စံသည် သူမ ရှိနေပါက၊ညစိတ်အေးလက်အေးပြောဆိုနိုင်မည် မဟုတ်ပေ။ သူ့ကို ရှောင်တာက ပိုကောင်းသည်။


အိမ်ရှေ့စံသည် မဟာ ရွှေလမင်းနန်းတော်၏ ဘေးဘက်ခန်းမဆောင်သို့ ဝင်ရောက်လာခဲ့သည်။ မိန်းမစိုးအနည်းငယ်မှလွဲ၍ ရုံရှား သာရှိသေးသည်။ သူ ရှေ့တိုးပြီး ဦးညွတ်ချင်သော်လည်း ရုံရှားက သူ့ကို တားလိုက်သည်။


 "မဟုတ်တာပဲ၊အိမ်ရှေ့စံ သိပ်ယဉ်ကျေးနေစရာမလိုပါဘူး"


အိမ်ရှေ့စံက ခေါင်းကိုခါကာ   "ကျင့်ဝတ်ကိုတော့ လျစ်လျူရှုလို့ မရဘူးလေ"


 သူ ဆက်ပြီး ရုံရှားကို ဦးညွတ်နေဆဲဖြစ်သည်။ ရုံရှားကလည်း တစ်ဝက်ခန့်ဦးညွတ်လိုက်၏။သူတို့နှစ်ယောက်ကြားက အငွေ့အသက်များမှာ အရင်မင်းဆက်က အိမ်ရှေ့စံနှင့် ဧကရာဇ်များလောက် တင်းမာမနေပေ။


"အရှင်မင်းကြီးကို ပေးစရာရှိလို့ ဒီနေ့ လာခဲ့တာပါ"  အိမ်ရှေ့စံသည် လက်ထဲမှ သစ်သားသေတ္တာတစ်ခုကို ရုံရှား ရှေ့တွင် ထားလိုက်သည်။  "အခု ကျွန်တော့်မှာ အဖိုးတန်တာ မရှိဘူး၊ အရှင်မင်းကြီးကို နန်းတက်ပွဲအတွက် ဂုဏ်ပြုဖို့ ဒါပဲ ပေးစရာရှိပါတယ်"


ရုံရှားသည် သေတ္တာကို ယူ၍ ဖွင့်လိုက်ရာာဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို တွေ့ရသည်။ဧကရာဇ်ကျောက်စိမ်းတံ ဆိပ်အောက်တွင် တော်ဝင်အမိန့်စာတစ်ခုရှိသည်။ထိုအမိန့်ကို အိမ်ရှေ့စံမင်းသားကိုယ်တိုင် ရေးသားခဲ့သည်။ စာထဲတွင် ရုံရှား၏ စရိုက်နှင့် စွမ်းရည်ကို ချီးကျူးကြသည်။ ကျန်စာတစ်ဝက်က အိမ်ရှေ့စံသည် ထီးနန်းစွန့်ပြီး ရုံရှားကို ကမ္ဘာကြီးအား အုပ်စိုးခွင့်ပေးရန် ဆန္ဒရှိကြောင်း ရေးသားထားခဲ့သည်။


 "အိမ်ရှေ့စံရဲ့ ဖြောင့်မတ်မှုအတွက် ကျေးဇူးတင်ပါတယ်"


အိမ်ရှေ့စံက ပြုံးပြီး ခေါင်းယမ်းသည်။ ရုံရှားနှင့် စကားအနည်းငယ်ပြောပြီးသောအခါ သူ မတ်တပ်ရပ်ကာ ထွက်ခွာသွားခဲ့သည်။သူ့မှာ ရာဇပလ္လင်နှင့်ပတ်သက်သော စိတ်ကူးယဉ်မှုမျိုး မရှိတာမဟုတ်၊ လက်တွေ့ဘဝက လက်တွေ့ဘဝဟု ခံယူထားသည်။ သူ လိုချင်နေရုံဖြင့် တကယ်ဖြစ်လာနိုင်သည့်အရာ မဟုတ်ပေ။သူသည် လက်ရှိအချိန်တွင် အရှေ့နန်းတော်၌ နေထိုင်ဆဲဖြစ်သော်လည်း  လက်ရှိအခြေအနေအရ ဤနေရာတွင် နေထိုင်ရန် အနည်းငယ် အဆင်မပြေဖြစ်ရသည်။


မိန်းမစိုး တစ်ယောက်က သူ့ကိုကူညီဖို့ လာခဲ့သော်လည်း သူ့လက်ကို ဝှေ့ယမ်းပြီး ငြင်းခဲ့၏။အရှေ့နန်းတော်၏ တံခါးဝမှ လျှောက်လာရင်း အေးစက်သော မျက်နှာထားဖြင့် အိမ်ရှေ့စံမင်းသမီးကို တွေ့လိုက်ရသည်။သူ့ခြေလှမ်းများ ရပ်တန့်သွားကာ တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ ကြည့်နေကြသည်။


 သူတို့နှစ်ယောက်စလုံး ပြောစရာမရှိချေ။အိမ်ရှေ့စံမင်းသမီးသည် အခြားသူအား ထီးနန်းအပ်နှင်းခြင်းအတွက် မနှစ်သက်ကြောင်း အိမ်ရှေ့စံ သိသော်လည်း၊ အရှေ့နန်းတော်နှင့် မယ်တော်ကို စဉ်းစားရမည်ဖြစ်သည်။


 အိမ်ရှေ့စံမင်းသမီးက  စကားပြောခါနီးတွင် အိမ်ရှေ့စံ လှည့်သွားသည်ကို တွေ့လိုက်ရသည်။


“အိမ်ရှေ့စံ ဘယ်သွားမလို့လဲ” 


 "စာသွားဖတ်တော့မယ်"


ရှစ်ရှစ်က သူ့ကို မကျေမနပ် ကြည့်နေရင်း


 "အိမ်ရှေ့စံက ကျွန်မကို စကားမပြောချင်ဘူးလား၊ ကျွန်မ ရှင်နဲ့လက်ထပ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ၊ကျွန်မ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ခဲ့ရင်တောင် အလုပ်ကြိုးစားခဲ့တယ်၊ အိမ်ရှေ့စံက ကျွန်မအပေါ်ဘာလို့ ဒီလောက်အကြင်နာမဲ့နေရတာလဲ"


"ရှစ်ရှစ်..." 


အိမ်ရှေ့စံက နဖူးကို ငြီးငွေ့စွာ ပွတ်သပ်လိုက်သည်။ ဖုန်းနင်း ဧကရာဇ် နေအိမ်အကျယ်ချုပ်ကျခံရပြီးနောက် သူသည် နေ့ရက်တိုင်းနှင့်အမျှ ပိုပိန်လာသည်။  သူဝတ်ထားသည့် ဘရိုကိတ်ဝတ်ရုံကပင် အတော်ချောင်ကျနေ၏။သူသက်ပြင်းချကာ "ငါ့ကို အိမ်ရှေ့စံလို့ မခေါ်နဲ့တော့၊ ငါ အိမ်ရှေ့စံ မဟုတ်တော့ဘူး"


 အိမ်ရှေ့စံမင်းသမီးက "ကျွန်မ နားမလည်ဘူး၊ အရှင့်သားက ထီးနန်းတက်ဖို့ ရုံရှား တောင်းဆိုတာကို ဘာလို့ငြင်းခဲ့တာလဲ"


အိမ်ရှေ့စံ ဒေါသအနည်းငယ်ထွက်သွားရ၏။


 "ရှစ်ရှစ်၊ ငါ နန်းမတက်နိုင်ဘူး၊ ငါ နန်းမတက်နိုင်ဘူး.... မင်းနားလည်လား၊မင်းက အိမ်ရှေ့စံမင်းသမီးမဟုတ်တော့ဘူး၊ မင်းနားလည်လား"


 "ရှင် နန်းတက်ရင် ရှင် အသက်မရှင်နိုင်ဘူးလို့ ပြောချင်နေတာလား၊ကျွန်မကတော့ ဧကရီ တစ်ရက်ပဲ ​​ဖြစ်ဖြစ်၊ နေ့တစ်ဝက်ပဲ လုပ်နိုင်ရင်တောင် ဘာဖြစ်လဲ၊ သမိုင်းမှာ အနည်းဆုံးတော့ ကျွန်မက ဧကရီတစ်ပါးလို အမှတ်သားခံရဘူး၊ ကိုယ်လုပ်တော်မဟုတ်ဘူး၊အိမ်ရှေ့စံ မင်းသမီးလည်းမဟုတ်ဘူး၊ဧကရီရှင့်၊ ဧကရီ"


အိမ်ရှေ့စံ ဒေါသထွက်လာတော့သည်။


 "မင်းဟာ တကယ်ကို ဆင်ခြင်တုံတရားမဲ့သူပဲ၊မင်း ဧကရီဖြစ်ချင်ရင် ဧကရီဖြစ်အောင်လုပ်ပေးနိုင်တဲ့သူကိုရှာပါ၊ မင်းလိုချင်တာကို ငါမပေးနိုင်ဘူး!"


အိမ်ရှေ့စံက ရှစ်ရှစ်ကို သိပ်စိတ်မကောင်းဖြစ်စရာကိစ္စမျိုး တစ်ခါမှ မပြောဖူးပေ။ယနေ့ သူ့စကားက သူပြောဖူးသမျှထဲမှာ အပြတ်သားဆုံးပင်။


အိမ်ရှေ့စံ ထွက်သွားသည်ကို မြင်လိုက်ရလျှင် ရှစ်ရှစ် နေရာမှာတင်မှင်တက်စွာရပ်နေမိသည်။ အိမ်ရှေ့စံက သူမကို မကျေမနပ်ဖြစ်နေတာလား။


 "အိမ်ရှေ့စံမင်းသမီး၊ အဆင်ပြေရဲ့လား..."


ဖြန်း.....


  ရှစ်ရှစ်က အစေခံ၏ မျက်နှာကို ပါးရိုက်လိုက်ပြီး "နင်ဘာတွေ  လာပြောနေတာလဲ၊ အိမ်ရှေ့စံပြောတာ မကြားဘူးလား၊ ငါက အိမ်ရှေ့စံမင်းသမီး မဟုတ်တော့ဘူး"


 အရိုက်ခံရသည့် နန်းတော်အစေခံက မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ရင်း မျက်လုံးထဲမှ မျက်ရည်တို့ စီးကျလာတော့သည်။


 ဤအရှေ့နန်းတော်သည် ယခု သင်္ချိုင်းဂူတစ်ခုလိုပင်။အထဲမှ လူများက အသက်မရှိသလို အပြင်ကလူလည်း မဝင်ချင်ကြချေ။


ရုံရှား နန်းတက်သောနေ့သည် နေသာပြီး လေထန်သည်။ တိမ်ဖြူဆုပ်အနည်းငယ်က ကောင်းကင်ပြာပြာကို လွှမ်းခြုံထားတာကြောင့် လူများကို အကြောင်းပြချက်မရှိဘဲ ရွှင်လန်းစေလေသည်။


 နန်းတက်ပွဲ၏ စည်းမျဉ်းတွေကရှုပ်ထွေးလှသည်။အရှေ့ဘက်မှာ ဒူးထောက်ပြီး အနောက်ဘက်ကို ဦးညွှတ်ကြရသည်။အရာရှိများပင်ပင်ပန်းသည်မဟုတ်၊ ဧကရာဇ် ကိုယ်တိုင်ပင် စိတ်မသက်မသာဖြစ်ရသည်အထိ လုပ်နည်းများပြားလွန်းလှ၏။


 "ဧကရာဇ်ကျောက်စိမ်းတံဆိပ်"


အခမ်းအနားကျင်းပရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အော်ပြောလိုက်သည်။  ထိုအခါ ရွှေရောင်ပန်းထိုးပန်းထိုးထားသည့် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် နန်းတော်ခန်းမထဲသို့ ဝင်လာခဲ့သည်။ သူမသည် ရွှေချည်ကြိုးဖြင့် အလှဆင်ထားသော သစ်သားသေတ္တာကို ကိုင်ကာ ခန်းမပေါ်သို့ လှေကားမှ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လာခဲ့သည်။


ဧကရာဇ်ကျောက်စိမ်းတံဆိပ် ကိုင်ဆောင်ထားသူ အမျိုးသမီးတစ်ဦးသည် အမှန်တကယ်ပင် ကျက်သရေအပေါင်းပြည့်စူံလှပေ၏။ 


အရာရှိအချို့မှာ လှုပ်လှုပ်ရွရွဖြစ်သွားကြပြီး အချို့မှာ ငြိမ်သက်နေကာ တုံ့ပြန်ခြင်းမပြုပေ။ မည်သို့ပင်တွေးနေပါစေ၊ နန်းတွင်းဝတ်ရုံနှင့် ရွှေသရဖူကို ၀တ်ဆင်ထားသော ဤအမျိုးသမီးသည် သန်မာသော အစောင့်အကြပ်သုံးဆယ့်နှစ်ယောက်ကို ဦး‌ဆောင်ကာ ခန်းမအလယ်တွင် ဒူးထောက်ခစားလိုက်သည်။


ပန်းဟွာက ဧကရာဇ်ကျောက်စိမ်းတံဆိပ်ထည့်ထားသည့်  သစ်သားသေတ္တာကို ကိုင်ပြီး ကျယ်လောင်စွာ ပြောလိုက်ပါ၏။


"ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ၊ ပြည်သူပြည်သား အေးချမ်းသာယာစွာ နေထိုင်နိုင်ပါစေ"  


 သူမ ထရပ်လိုက်သည်။အစောင့် ၃၂ ယောက်ကတော့ မြေပြင်ပေါ်တွင် ဒူးထောက်ကာ မလှုပ်မယှက် ဖြစ်နေသည်။


 နန်းတော်ခန်းမအတွင်းရှိ လှေကားထစ်များကို ရွှေစင်ဖြင့် ပြုလုပ်ထားသည်။  ပန်းဟွာသည် သူမ၏ ညာခြေဖြင့် ခြေလှမ်းများကို လှမ်းပြီး ရုံရှား ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။


‌လှေကားများကို အပိုင်းငါးပိုင်းခွဲထားပြီး အပိုင်းတစ်ခုစီတွင် လှေကားကိုးဆင့်ရှိသည်။ သူမသည် သစ်သားသေတ္တာကို ကိုင်ကာ နောက်ဆုံး လှေကားသို့ ရောက်သည်အထိ မှန်မှန်လျှောက်လှမ်းခဲ့သည်။


 "အရှင်မင်းကြီး"  


သူမသည် ဒူးထောက်ကာ ဧကရာဇ်ကျောက်စိမ်းတံဆိပ် ကို ရုံရှားအား ပေးဖို့ပြင်သော်လည်း ရုံရှားက သူမ၏လက်များကို ဆုပ်ကိုင်ကာ ဧကရာဇ်ကျောက်စိမ်းတံဆိပ်ကို လှမ်းယူလိုက်၏။


ရုံရှသည် ဘယ်လက်တွင် ဧကရာဇ် ကျောက်စိမ်းတံဆိပ်ကို ကိုင်ထားပြီး ပန်းဟွာကို သူမ၏ ညာလက်ဖြင့် ဆုပ်ကိုင်ထားသည်။ သူက ခေါင်းကိုလှည့်ပြီး ပန်းဟွာကို ပြုံးပြသည်။


 တာဝန်ရှိသူများက ဒူးထောက်ကာ “အသက်ရှည်ပါစေ” ဟူ၍ သုံးကြိမ်တိုင်တိုင် ကြွေးကြော်ခဲ့သည်။


 ယင်မင်းဆက်ကို စတင်တည်ထောင်ခဲ့သော ဧကရာဇ် ရုံရှားသည် အသက် 26 နှစ်သာရှိသေးပြီး ထီးနန်းတက်ခဲ့သည်။ ယခုနှစ်ကိုလည်း ချမ်အမ် ပထမနှစ်ဟု ခေါ်တွင်သည်။


ရုံရှား နန်းတက်ပြီးနောက် ပထမဆုံး တော်ဝင်အမိန့်တော်မှာ အိမ်ရှေ့စံကို ဟယ်ချင်မင်းသား ဘွဲ့ အပ်နှင်းပြီး စံအိမ်တစ်ခု ပေးဆောင်ရန် ဖြစ်သည်။ ထိုအကြောင်းကို လူများကြားသောအခါ အားလုံးက ရုံရှားကို ယခင်မင်းဆက်၏ အိမ်ရှေ့စံအား အလွန်ကြင်နာသနားတတ်၍ ချီးကျူးခဲ့ကြသည်။


 ဧကရာဇ်သစ် နန်းတက်ပြီးနောက် အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်မှကင်းလွတ်ခွင့်ပေးရန် အရာရှိများက တောင်းဆိုကြသည်။ သို့သော်လည်း ရုံရှားက ငြင်းဆိုခဲ့သည်။


ရုံရှားက နဂါးပလ္လင်ပေါ်မှာထိုင်ပြီး တည်ငြိမ်သည့် မျက်နှာအမူအရာဖြင့်ပြောသည်။


 "အလုပ်သမားအကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ အကျဉ်းသားတွေ အားလုံးမှာ အပြစ်တွေရှိပါတယ်၊သူတို့ရဲ့ ရာဇ၀တ်မှုတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဟာ ပြည်သူတွေရဲ့ ဂုဏ်ပြုပွဲမဟုတ်ဘူး၊ သာမန်ပြည်သူလူထုအတွက် တရားမျှတမှုကို လိုချင်ရင်၊   ဒုက္ခရောက်နေတဲ့ ဒေသတချို့ကနေ တစ်နှစ်ကို အခွန်တွေ ကင်းလွတ်ခွင့် မပေးတာမျိုးကသာ ပြည်သူတွေရဲ့ အောင်မြင်မှုပါပဲ”


ကျိုးပင်အမ်က မတ်တပ်ထရပ်လိုက်ပြီး "အရှင်မင်းကြီးက ပညာရှိပါ၊ဒါက ကောင်းတဲ့ လုပ်ရပ်ပါပဲ"


 "အရှင်မင်းကြီး"


 ယင်းနောက် ရုံရှားသည် အတူတူအလုပ်လုပ်ခဲ့ကြသော စစ်သူကြီးများနှင့် စစ်သည်အချို့ကို ဆုချသည်။ အလုပ်ဖြုတ်ထားသော အရပ်ဘက်အရာရှိများကိုလည်း သူ့ထံပြန်ခေါ်ခဲ့သည်။အင်ပါယာတရားရုံးတွင် လုပ်ဆောင်ရန် စောင့်ဆိုင်းရမည့် အရာများစွာရှိသော်လည်း ပရမ်းပတာမဖြစ်သွားပေ။


 အထူးသဖြင့် ရုံရှားသည် လွတ်ငြိမ်းချမ်းသာခွင့် မပေးလိုသော်လည်း အခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရရန် ပြောဆိုလာသောအခါတွင် ပြည်သူအားလုံး လက်ခုပ်တီးပြီး ချီးကျူးခဲ့ကြသည်။  တစ်ချိန်တည်းမှာပင် သူတို့သည် ငဲ့ညာခြင်းမရှိသည့် ယခင် ဧကရာဇ်အား  ဆဲဆိုကြိမ်းမောင်းခဲ့သည်။


 အရပ်ဘက်အရာရှိ အများအပြားကို  ရာထူးများ ပြန်လည်ပေးအပ်ခဲ့သည်။  ဖေးတုံ့ရှန်းသည် နန်းတော်မှ အလုပ်ခန့်သည့် အမိန့်စာကို လက်ခံရရှိသောအခါ ဝမ်းသာမျက်ရည်များဖြင့် ချက်ချင်း ငိုကြွေးလေ၏။နှစ်ရက်လောက်ကြာတော့ သူ့ရောဂါ တစ်ဝက်လည်းသက်သာသွားသည်။


သခင်မလေးဖေးသည် လွန်ခဲ့သော ဆယ်ရက်က တွေ့ခဲ့သော မြင့်မြတ်သော မိန်းကလေးကို ရုတ်တရက် တွေးမိသည်။ထိုမိန်းကလေးသည် သူမ၏ဖခင်က တော်ဝင်ကောလိပ် ၏ အဓိပတိဖြစ်ရန် အသင့်တော်ဆုံးလူဖြစ်ကြောင်း ပြောခဲ့ဖူးသည်။သို့သော်လည်း သိပ်မကြာခင်မှာပဲ သူမ၏အဖေရာထူးပြန်ရလာခဲ့၏။အဲဒီ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲ... မင်းသားချန်ချင်ဝမ်ကို သူမက လို့ ပြစ်ဒဏ်ပေးရဲတာလဲ...


 တချို့က ရုံရှားအတွက် အလုပ်လုပ်ရတရသည်ကိုပျော်ကြသည်။ တချို့ကလည်း အလုပ်ပြန်လုပ်ဖို့စိတ်မဝင်စားဘဲ အိမ်မှာသာနေ၍ ယခင်မင်းဆက်အပေါ် သစ္စာစောင့်သိဟန်ဆောင်ခဲ့ကြသည်။ 


 သို့သော်၊ သူတို့၏ သဘောထားသည် ပန်းမိသားစုထံမှ အရှက်ခွဲမခံရသည်အထိသာ ကြာရှည်ခဲ့၏။



xxxxxx