စစ်ကျွင်းတောက်က သူ့မေးခွန်းကြောင့် စိတ်ပျော့သွားရပြီး အနမ်းတစ်ပွင့်ဖြင့်ပြန်ဖြေလာသည်။
"မင်း တရားဝင်လက်ထပ်လို့ရတဲ့အသက်အရွယ်ကြရင်ပေါ့ကွာ.... အခုတော့ မင်းရဲ့အသက်အရွယ်ကြောင့် လက်ထပ်လို့မရသေးဘူးလေ...."
ဝမ်မင်ယီက ပြုံးလိုက်သည်။
"အိုကေလေ...."
အချိန်အကြာကြီးစောင့်ဆိုင်းရပေဦးမည်။ ဝမ်မင်ယီက ပထမဆုံးအကြိမ်အဖြစ် ငယ်ရွယ်ရတာ မကောင်းကြောင်းခံစားလိုက်မိသည်။
နောက်တစ်နေ့မနက်တွင်ကျောက် ဝမ်ယွီနိုးချိန်၌ ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်တို့က မနက်စာစားပြီးကြလေပြီ။ သူက ရီဝေဝေဖြ့င့် ရေသောက်ရင်းပြောလိုက်သည်။
"ငါကအရက်သောက်ဖို့ အရမ်းကိုအိုနေပြီပဲ...."
စစ်ကျွင်းတောက်က သူ့အတွက် မနက်စာပြန်နွှေးပေးလိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်စောင့်ခိုင်းထားလေသည်။
ကျောက် ဝမ်ယွီက ဆန်ပြုတ်သောက်ရင်း ဝမ်မင်ယီကိုပြောလိုက်သည်။
"နောက်နှစ်ရက်အတောအတွင်း ပါး ပွဲတွေသွားတက်ရမယ်... သားပါး နဲ့လိုက်ခဲ့လို့ရတယ်...."
"အာ...."
ဝမ်မင်ယီက အတော်ကြီးတွန့်ဆုတ်နေသည်။
"ကျွန်တော်မသွားချင်ဘူး...."
"သားပဲအရင်ကပြောထားတယ်လေ... သားဆုရတာနဲ့ ပါး ကသားရဲ့ အဖေပါဆိုပြီး ဝန်ခံပါမယ်ဆို... ကိုယ့်စကားကိုယ်တည်လေကွာ...."
ဝမ်မင်ယီက ကိုယ့်စကားနှင့်ကိုယ် ချောင်ပိတ်မိ၍ နောင်တများပင်ရသွားရသည်။
ဝမ်မင်ယီက စစ်ကျွင်းတောက်ကိုသူမတရားခံနေရသလိုကြည့်လိုက်ပြီး စစ်ကျွင်းတောက်ကလည်း သူ့ကိုနှစ်သိမ့်ပေးလာသည်။
"မင်းအဖေရဲ့ သူငယ်ချင်းတွေနဲ့တွေ့ထားတာ ကောင်းတာပေါ့... နောက်ပိုင်းကြရင် သူတို့က မင်းကိုစောင့်ရှောက်ပေးလိမ့်မယ်...."
ဝမ်မင်ယီက သူ့လက်မောင်းထဲပစ်ဝင်လိုက်ပြီး သူ့ကိုယ်သူ အတော်လေး သနားစဖွယ်ကောင်းသညိဟု ခံစားနေရသည်။။
ကျောက် ဝမ်ယွီပြောသည့် ပါတီမှာ ဒါရိုက်တာဟူ၏ပါတီဖြစ်သည်။
ဒါရိုက်တာဟူက သူ့ထက်အသက်ကြီးပြီး ဖျော်ဖြေရေးလောကထဲ သူ့ထက်အရင်ဝင်ရောက်လာခဲ့သူဖြစ်သည်။ သူကအတော်လေးကျော်ကြားဖြစ်သည်။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကျန်းမာရေအခြေအနေမကောင်းသဖြင့် ရိုက်ကူးရေးကိုရပ်လိုက်ပြီး အိမ်တွင်သာနေတော့သည်။
ဒါရိုက်တာဟူက ဤလောကထဲတွင် အတော်လေး နာမည်ရှိသူဖြစ်သည်။ များစွာသော ဒါရိုက်တာငယ်များနှင့် သရုပ်ဆောင်ငယ်များက သူနှင့်အတူ လက်တွဲလုပ်ကိုင်လိုပြီး ကျောက် ဝမ်ယွီက သူနှင့်အတူ ရိုက်ကူးရေးလုပ်ဖူးလေသည်။ ထို့ကြောင့် သူတို့တွင် ဆက်ဆံရေးကောင်းရှိပြီး သူ၏အသက်ခုနစ်ဆယ်ပြည့်မွေးနေ့ကို လာရခြင်းလည်းဖြစ်သည်။
ဝမ်မင်ယီက ကျောက် ဝမ်ယွီလုပ်နေသည်မှာ သူ့ကိုအဆက်အသွယ်များများရစေရန် လုပ်ပေးနေကြောင်းသိသည်။ သူတကယ်ကိုမသွားချင်ပါသော်လည်း ကျိုးဝမ်ယွီက လက်ဆောင်များပြင်ပြီးပြီဖြစ်၍ မသွား၍မကောင်းတော့ပေဟ
မွေးနေ့ပွဲတွင် ဝမ်မင်ယီက ကျောက် ဝမ်ယွီနောက်မှနေ၍ ဟိုတယ်ထဲဝင်လိုက်သည်။ သူတို့ ပွဲကျင်းပရာ ခန်းမထဲရောက်သည်နှင့် ကျောက် ဝမ်ယွီဆီသို့ လာနှုတ်ဆက်ကြသော ဒါရိုက်တာများစွာဖြင့် ဆုံရလေသည်။
သူတို့ ဝမ်မင်ယီကိုမြင်သည်နှင့် အတော်လေးအံ့ဩသွားကြသည်။ ကျောက် ဝမ်ယွီက ဤသရုပ်ဆောင်ငယ်လေးကို သဘောကျကြောင်းသိကြသော်လည်း ဒါရိုက်တာဟူ၏မွေးနေ့ပွဲကို ခေါ်လာသည်အထိဆိုသည်မှာ အတော်လေးသဘောကျမှသာဖြစ်ပေမည်။
"ဒီရှောင်ဝမ်က.... အတော်လေးအရည်အချင်းရှိတဲ့ ကောင်လေးပဲ..."
ကျောက် ဝမ်ယွီက ရယ်မောရင်းနှင့် ထောက်ခံလိုက်သည်။
"အမှန်ပဲဗျာ...."
တစ်ဖက်လူမှာ ရယ်ရုံသာရယ်လိုက်ပြီးကျောက်ဝမ်ယွီက ဤသရုပ်ဆောင်ငယ်လေးကို အလွန်သဘောကျသည်ဟု တွေးလိုက်မိသည်။
ယွီရွှမ်းဝမ်က ခပ်လှမ်းလှမ်းမှနေ၍ ဝမ်မင်ယီကိုတွေ့လိုက်ရ၍ သေချာအောင်လာကြည့်ချိန်တွင် ဝမ်မင်ယ်ဖြစ်မှန်း သိလိုက်ရသည်။
"မင်းပဲ...."
ယွီရွှမ်းဝမ် အံ့ဩသွားသည်။
ဝမ်မင်ယီက သူ့ကိုမတွေ့ရတာအတော်ကြာပြီဖြစ်၍ ယခုတွေ့လိုက်ရချိန်တွင် အတော်အံ့ဩသွားရသည်။
"မင်းပဲ...."
ယွီရွှမ်းဝမ်က သူ့နားချဉ်းကပ်လာပြီးပြောသည်။
"ရုပ်ရှင်ဘုရင် အသစ်လေးအတွက် ဂုဏ်ယူပါတယ်ကွာ...."
ဝမ်မင်ယီက အနည်းငယ်ရှက်သွားသည်။
"ဒါရိုက်တာကျောက် ရိုက်တာကောင်းလို့ပါဗျာ...."
ယွီရွှမ်းဝမ်ကရယ်မောလိုက်သည်။
"မင်းက အရမ်းနှိမ့်ချတာပဲ... မင်းသရုပ်ဆောင်တာလည်း ကောင်းပါတယ်ကွ..."
လူပေါင်းများစွာက အချင်းချင်း စကားဖလှယ်နေကြသည်။ ယွီရွှမ်းဝမ်က ဝမ်မင်ယီကိုတစ်နေရာဆွဲခေါ်ပြီးမေးလေသည်။
"မင်းဒါရိုက်တာဟူရဲ့မွေးနေ့ပွဲကို ဘယ်လိုလုပ်ရောက်လာတာလဲ..."
ဝမ်မင်ယီက ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"ဒါရိုက်တာကျောက် က ကျွန်တော့်ကို ခေါ်လာတာလေ...."
ယွီရွှမ်းဝမ်က မကျေနပ်ပေ။
"သူကလည်း တကယ့်အရူးပဲ... ပွဲခင်းထဲမှာရှိသမျှ သရုပ်ဆောင်တွေကိုကြည့်လိုက်ဦး သူတို့အားလုံးက ဒါရိုက်တာတွေရဲ့ သားတွေ၊ သမီးတွေပဲ... အချင်းချင်းမိတ်ဆက်ထားပြီး အနာဂတ်မှာအကူအညီ ယူကြရအောင်လုပ်နေကြတာ.. ဒီနေရာက မင်းနဲ့တော့ အတော်လေးမသက်ဆိုင်ဘူးဖြစ်နေတယ်...."
ဝမ်မင်ယီက ယွီရွှမ်းဝမ်က သူ့အတွက်တွေးပေး၍ ဤစကားများပြောကြောင်းသိပေသည်။ သူ့ကို လျှို့ဝှက်ထားရန် ရှက်လာ၍ ခပ်တိုးတိုးလေးပြောပြလိုက်သည်။
"တကယ်တော့ ကျွန်တော်ကလည်း ဒါရိုက်တာတစ်ယောက်ရဲ့သားဗျ...."
ယွီရွှမ်းဝမ်က သူ့ကို သံသယဖြစ်စွာကြည့်လာည်။
"မင်းက... မင်းက ဘယ်သူ့သားလဲ ကျောက် ဝမ်ယွီလား...."
ဝမ်မင်ယီက ခေါင်းငြိမ့်ပြလိုက်သည်။
ယွီရွှမ်းဝမ်က ရယ်လိုက်သည်။
"ငါ့ကိုနောက်နေတာပဲ...."
ထိုသို့ပြောပြီး ဝမ်မင်ယီကျောကိုပုတ်လိုက်သည်။
ခဏမျှစဉ်းစားပြီးနောက်တွင် တစ်စုံတစ်ခုကိုအမှတ်ရလာသည်။
"နေပါဦး.... ကျောက် ဝမ်ယွီမှာ ကလေးတစ်ယောက်ရှိတယ်လို့တော့ ကြားဖူးသေးတယ်...."
ဝမ်မင်ယီက ခေါင်းငြိမ့်လိုက်သည်။
"အဲ့တာ ကျွန်တော်ပဲလေ...."
"တကယ်ကြီးပြောနေတာလား...."
ယွီရွှမ်းဝမ် အံ့ဩသွားသည်။
"တကယ်ကြီး သူ့သားလား...."
ဝမ်မင်ယီ၏ နှလုံးသားလေး ပင်ပန်းသွားရသည်။
"တကယ်ပြောနေတာပါဗျာ.... ကျွန်တော်က နောက်စရာလား...."
"ဒါပေမဲ့ မင်းရဲ့မျိုးရိုးနာမည်က ကျောက် မှမဟုတ်တာ...."
"ကျွန်တော့်အမေရဲ့ မျိုးရိုးကိုယူထားတာလေ...."
ဝမ်မင်ယီကဖြေသည်။
"ပြောတော့ အဖေ့မှာကလေးရှိတယ်ဆိုတာသိတယ်ဆို... သူ့မိန်းမကိုကြတော့ ဘာလို့မသိရတာလဲ...."
ယွီရွှမ်းဝမ်က သက်ပြင်းချလိုက်သည်။
"သူမ ပြောပြဘဲ ငါ့ဘာသာ သူ့အိမ်အကြောင်းမေးတာက ရှက်စရာကြီးလေ...."
"ဒါဆို ကျွန်တော်လည်း မပြောပြနိုင်ဘူး...."
ဝမ်မင်ယီပြုံးလိုက်သည်။
ယွီရွှမ်းဝမ်က အလွန်ဒေါသထွက်သွားပြီး ပြောလိုက်သည်။
"မင်းက တအားအလိုလိုက်ခံရလို့ ပျက်စီးနေတဲ့ကလေးပဲ...."
ဝမ်မင်ယီက ပြုံးရုံသာပြုံးပြီး ပြန်မဖြေပေ။
ယွီရွှမ်းဝမ်က သူ့ကိုကြည့်ပြီး ခံစားချက်အပြည့်ဖြင့် ပြောလာသည်။
"ကျောက် ဝမ်ယွီရဲ့ ဘဝက အရမ်းကောင်းတာပဲ.... ဉာဏ်ကောင်းပြီး သရုပ်ဆောင်တဲ့နေရာမှာတော်တဲ့ သင်ယူနိုင်စွမ်းရှိတဲ့ မင်းလိုသားရှိနေတယ်.... အခု မင်းက ဆုပါရသွားပြီ.... တကယ့်ကို မနာလိုစရာကြီး...."
ထိုသို့ပြောပြီးနောက်တွင် ချက်ချင်းကြီးစကားလမ်းကြောင်းပြောင်းသွားသည်ာ
"မင်မင်... မင်းမှာရည်းစားရှိလား... ငါမင်းကိုမိတ်ဆက်ပေးမလို့..."
"ရှိတယ်.... "
ဝမ်မင်ယီက ရိုးရိုးသားသားငြင်းလိုက်သည်။
"နောက်သုံးနှစ်လောက်နေရင် လက်ထပ်တော့မှာ.... ကျွန်တော့်ကိုစိတ်ပူမနေပါနဲ့... ခန်ကောကိုပဲ မိတ်ဆက်ပေးလိုက်...."
ယွီရွှမ်းဝမ်က သက်ပြင်းချလိုက်သည်။
"ခန်းကျယ်က အရမ်းကို ရည်မှန်းချက်ကြီးတယ်... အခုအချိန်မှာ သူက အချစ်ဆိုတဲ့ စကားကိုတောင် မကြားချင်သေးဘူး... အိုက်ယား...."
သူတို့စကားပြောနေကြချိန်တွင် ကျောက် ဝမ်ယွီရောက်လာပြီး ဝမ်မင်ယီကိုခေါ်ကာ ဒါရိုက်တာဟူနှင့် မိတ်ဆက်ပေးလေသည်။ ထိုအချိန်တွင် ဒါရိုက်တာဟူက မျိုးဆက်သစ် သရုပ်ဆောင်အချို့နှင့် စကားလက်ဆုံကျနေသည်။ သူက ကျောက် ဝမ်ယွီလာသည်ကိုမြင်သည်နှင့် ပြုံးလိုက်သည်။
"ဝမ်ယွီလာပြီလား..."
ကျောက် ဝမ်ယွီနှင့် ဝမ်မင်ယီတို့က ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး ဒါရိုက်တာဟူက သူတို့ကို စကားပြောလေသည်။
သူက ဝမ်မင်ယီကိုကြည့်ပြီး ပြုံးရင်းပြောလိုက်သည်။
"မင်းဒီကို ကလေးတစ်ယောက်ခေါ်လာတာရှားပါတယ်... ဒါမင်းရဲ့သားလား...."
ဘေးနားမှလူများက မဟုတ်ပါဟု ပြောခါနီးတွင် ကျောက် ဝမ်ယွီပြောသည်ကို ကြားလိုက်ရသည်။
"ဟုတ်ပါ့ဗျာ... မင်မင်ဒီကိုလာ... ဒါက ဟူထောင်တဲ့..."
လူတိုင်းက သူနှင့်ဝမ်မင်ယီကို ပြူးကြောင်ကြောင်ကြည့်လာကြသည်။
သူတို့ပဲမှားကြားမိတာလား....
ဝမ်မင်ယီက ကျောက် ဝမ်ယွီရဲ့သားတဲ့လေ....
ဝမ်မင်ယီက ယဉ်ကျေးလိမ္မာစွာပြောလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ်... ဒါရိုက်တာ ဟူဗျ..."
ရွှေသစ်ရွက်ဆုပေးပွဲမှာ တရုတ်နိုင်ငံ၏ ရုပ်ရှင်လောကတွင် အဓိက ကျသော ပွဲဖြစ်သည်။ ထို့ကြောင့် ဒါရိုက်တာဟူက ဝမ်မင်ယီကိုမြင်ဖူးသလို ခံစားရ၍မေးလိုက်သည်။
"မင်းက ဒီနှစ်ရွှေသစ်ရွက်ရဲ့ ရုပ်ရှင်အင်ပါယာလားကွဲ့...."
ဝမ်မင်ယီက ပြုံးစစနှင့် ခေါင်းငြိမ့်ပြလိုက်သည်။
ဒါရိုက်တာဟူက ချီးကျူးလာသည်။
"အနာဂတ်မျိုးဆက်သစ်လေးတွေကတော့ တကယ့်ကို ထူးချွန်ကြတာပဲ.... ကျားအဖေရဲ့သားက ခွေးမဖြစ်နိုင်ဘူးဆိုသလိုပေါ့... မင်းအဖေ မင်းအရွယ်က ဆုမရသေးဘူး...."
၎င်းကိုကြားပြီး ကျောက် ဝမ်ယွီက ရယ်မောလိုက်သည်။
"ကျွန်တော်တကယ်မလုပ်နိုင်တာဗျာ.... ကျွန်တော် ကျောင်းတက်တုန်းကအဆင့်တွေက သာမန်ဆိုပေမဲ့ မင်မင်ကတော့ ထိပ်တန်းကောလိပ်မှာ ဝင်ခွင့်ရခဲ့တာ..."
ဝမ်မင်ယီ : တော်ပါတော့... မကြွားပါနဲ့တော့...
သို့သော် ကျောက် ဝမ်ယွီက သူ့သားကို ချီးကျူးချင်နေ၍ မရပ်တန့်နိုင်ခဲ့ပေ။
"မစ္စတာဟူယုံမှာမဟုတ်လောက်ပေမဲ့ ကျွန်တော့်ဇာတ်ကားမရိုက်ခင်အထိ သူရိုက်ကူးရေးတွေ စလုပ်နေမှန်းမသိခဲ့တာ အမှန်ပဲ.. သူလူရွေးပွဲဝင်ဖြေတော့မှပဲ သူကအတော်လေးကျော်ကြားနေမှန်း သိလိုက်ရတာ...."
ဟူထောင်မှာ အတော်လေးအံ့အားသင့်သွားရသည်။
"ဒါဆို မင်းကသူ့ကို ဒီလောကထဲခေါ်သွင်းထားတာ မဟုတ်ဘူးပေါ့လေ..."
"မဟုတ်ပါဘူးဗျာ... သူငယ်ငယ်တုန်းက သရုပ်ဆောင်ဖို့ စိတ်ဝင်စားကြောင်းမပြခဲ့ဘူးလေ... ကျွန်တော်တို့ ကွယ်ရာမှာသရုပ်ဆောင်စလုပ်နေပြီး အတော်လေးနာမည်ရနေမယ်လို့ ဘယ်လိုလုပ်ထင်မိမှာလဲ..."
ပတ်ပတ်လည်မှလူများက ထိုစကားကိုကြားချိန်တွင် ဝမ်မင်ယီကို ထပ်ကြည့်လိုက်ကြပြီး သူတို့မျက်လုံးထဲတွင် မနာလိုအားကျမှုတို့ ရောပြွမ်းနေသည်။
သူတို့အားလုံးက မိဘများဖြစ်ကြသည်။ အချို့ဆို သူတို့၏ကလေးများကို မိတ်ဆွေအချို့ရစေကာ အနာဂတ်တွင် ပိုမိုလွယ်ကူစေရန်အတွက် ဤပွဲကိုခေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ကျောက် ဝမ်ယွီမှာ ထိုကိစ္စများကိုစိတ်ပူစရာမလိုအပ်ခဲ့ပေ။ သူ့သားက စာပေသင်ယူခြင်းတွင်ရော သရုပ်ဆောင်ဘက်တွင်ပါ တစ်ဖက်ကမ်းခပ်နေလေသည်။ အရေးအကြီးဆုံးအရာမှာ ထိုကောင်လေးက ယခုအထိငယ်ရွယ်နေသေးပြီး ဘွဲ့ပင်မရသေးချေ။
ဘယ်သူက မနာလိုပဲ နေနိုင်မှာလဲလို့.....
ဒါရိုက်တာဟူပင် ကျောက် ဝမ်ယွီ၏ဘဝက အတော်လေးကောင်းသည်ဟု တွေးမိလေသည်။ သူကဝမ်မင်ယွီကိုကြည့်ပြီး ခံစားချက်အပြည့်ဖြင့်ပြောလေသည်။
"ရုပ်ရှင်လောကဆိုတာ လူငယ်တွေလက်ထဲမှာပဲရှိနေတာ... ကြိုးစားနော် ကောင်လေး...."
ဝမ်မင်ယီက ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့...."
မွေးနေ့ပွဲပြီးသည့်နောက်တွင် ဝမ်မင်ယီက ဒါရိုက်တာအသိုင်းအဝိုင်းတွင် နာမည်တစ်ခုကျန်လာပြီး ဒါရိုက်တာတစ်ယောက်၏သားဖြစ်လာခဲ့သည်။ ကျောက် ဝမ်ယွီက စိတ်အခြေအနေကောင်းနေသည်။ ဝမ်မင်ယီက သူ၏ပျော်နေသော အမူအရာကိုကြည့်ကာ ကာကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
"ဒါပေါ့....နောက်ဆုံးတော့ သားက ပါး ကို မင်းရဲ့အဖေဖြစ်ကြောင်း ကြေငြာလိုက်ပြီလေ...."
ဝမ်မင်ယီကမေးလိုက်သည်။
"အကယ်၍ ကျွန်တော်သာဆုမရရင်... ကျွန်တော်သာ စာမတော်ခဲ့ရင်... သာမန်လူပဲဖြစ်နေပြီး ဘယ်အရာကိုမှ ကောင်းကောင်းမတတ်ကျွမ်းရင်ရော ပါး ပျော်မှာလား... လူတွေအများကြီးရဲ့ရှေ့မှာပါး သားပါလို့ ပြောဖို့စိတ်ကူးရှိမလား..."
ကျောက် ဝမ်ယွီက သူတစ်ခုခုအထင်လွဲနေပြီဟုတွေးမိ၍ ပြောလိုက်သည်။
"မင်မင်.... သားဆုရမှ ပါး တို့ရဲ့ဆက်ဆံရေးကိုကြေငြာမယ်လို့ပြောတာ သားပဲလေ...ပါး မဟုတ်ဘူးလေ...ပါး ကဖြင့် အရင်ကတည်းက ကြေငြာချင်နေခဲ့တာ... သားခွင့်မပြု့လို့ရယ်...."
သူဝမ်မင်ယီကို ကြည့်လိုက်သည်။
"ပါး အတွက်တော့ သားဘာသာ သာမန်လူဖြစ်နေပါစေ ပါး ရဲ့သားပဲ... သားသာ အရမ်းမတော်ဘဲ ဆုတွေမရလည်း ချန်ပီယံမဖြစ်လည်း ပါး သားက တကယ်ချောတယ်လို့ တွေးမှာပဲ... ကမ္ဘာပေါ်မှာ အချောဆုံးပဲ... သားက ကြည့်မကောင်းခဲ့ရင်တောင် သားက နှစ်လိုဖွယ်ကောင်းပြီး စိတ်သဘောထားကောင်းတယ်လို့ တွေးမှာပဲ... မိဘတွေဆိုတာ သူတိူ့သားသမီးနဲ့ပတ်သတ်ရင် မျက်ကန်းဖြစ်သွားကြတယ်လေ...."
ဝမ်မင်ယီက ထိုစကားကိုကြားပြီး ဘာပြန်ပြောရမလဲမသိတော့ပေ။ အချိန်အတော်ကြာပြီးမှ ပြန်ပြောလာသည်။
"ပါး ကဘာထင်လို့လဲ... ကျွန်တော်က ဘာလို့အကုန်မတော်ရမှာလဲ... ကျွန်တော်ကစွယ်စုံတော်တာဗျ...."
ကျောက် ဝမ်ယွီက သူ့ခေါင်းလေးကိုထိလိုက်သည်။
"ဟုတ်တာပေါ့... အကုန်တော်တယ် စွယ်စုံကိုတော်တာ...."
ဝမ်မင်ယီက ဒါရိုက်တာများအုပ်စုထဲသွားပြီး ပြန်လာချိန့်တွင် ဒါရိုက်များထံမှ များစွာသော ဖိတ်ကြားမှုတို့ကို ခံရလေသည်။ ဝမ်မင်ယီက လက်တလောတွင်ဘာမှ မလုပ်ချင်၍ အကုန်လုံးကို ပညာသားပါပါ ငြင်းလိုက်သည်။ နှစ်သစ်ကူးအထိ ငြိမ်ငြိမ်လေး အပျင်းကြီးနေမည်ဟုတွေးသော်လည်း သူတိတ်တိတ်လေးနေရန် မဖြစ်နိုင်ခဲ့ပေ။
ကျန်းဖုန်းကသူ့ကို ဖုန်းခေါ်ပြီးမေးလာသည်။
"မင်းမှာအချိန်ရှိလား... ရှိရင် ရသစုံရှိုးလာရိုက်ပေးပါလား...."
ဝမ်မင်ယီ သံသယဝင်သွားရသည်။
"ရသစုံရှိုးရိုက်ရမယ်... မင်းကငါ့ကို ဖိတ်တယ်လား... ဘာရှိုးလဲ... ဘာလို့ဒီလောက် သဘောကောင်းနေရတာလဲ...."
ကျန်းဖုန်းမှာ အစအဆုံးရှင်းပြလိုက်ရသည်။
ဤရသစုံရှိုးမှာ ရိုးရှင်းသည့် ခရီးသွားရသစုံရှိုးမျိုးဖြစ်သည်။ ပရိုဂရမ်အဖွဲ့က စတားငါးယောက်ကိုဖိတ်ထားသည်။ စတားများက သူတို့၏လက်တွဲဖော်များကိုခေါ်လာရပြီး အတူအလုပ်ကြိုးစားကာ တောတွင်းတွင် အသက်ရှင်နေထိုင်ရန်၊ အလွန်အမင်းခက်ခဲသည့်အရာများကို စိန်ခေါ်ရန်၊ ယဉ်ကျေးမှူအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ရှုခင်းများကိုရှုစားရန်ဖြစ်သည်။ ပြိုင်ပွဲများမှာ မခက်ခဲဘဲ စတားများ၏ အချစ်ရေးကိုသာ အဓိကထားပြခြင်းဖြစ်သည်။
သူတို့ထဲတွင် ဧည့်သည်တစ်ယောက်မှာ ပြဿနာတက်လေသည်။ ပရိုဂရမ်အဖွဲ့မှ လက်တလောတွင် နာမည်ကြီးသည့် အမျိုးသားသရုပ်ဆောင်တစ်ယောက် ပါမည်ဟု ကြေငြာချက်ထုတ်ထားခဲ့သော်လည်း ထိုအမျိုးသားသရုပ်ဆောင်မှာ မတော်တဆဖြစ်ပြီး လူထုရှေ့တွင် ပေါ်လာ၍မရခဲ့ပေ။
ပရိုဂရမ်အဖွဲ့မှာ အစားထိုးရုံသာရှိတော့သည်။ သို့သော် သူတို့ရှိုး၏ကြည့်ရှုနှုန်းမှာ သာမန်သာဖြစ်ပြီး ချက်ချင်းကြီး နာမည်ကြီးတစ်ယောက်ကို မခေါ်နိုင်ပေ။ ထို့ကြောင့် ဒါရိုက်တာနှင့် ပရိုဂရမ်အဖွဲ့သားများ စိုးရိမ်နေကြချိန်တွင် ကျန်းဖုန်းက ဝမ်မင်ယီနာမည်ကိုထုတ်ပြောလာသည်။
သူက လက်တလောတွင်နာမည်အတော်ကြီးနေပြီး ကျန်းဖုန်းပြောပြောချင်း ပရိုဂရမ်အဖွဲ့က သဘောတူလိုက်သည်။ သို့သော် သူတို့မေးသည့်မေးခွန်းသည်ကား "ဝမ်မင်ယီက လာချင်ပါ့မလား....."