Chapter 87
Viewers 5k


Chapter 87

 â€˘ June 19 at 07:57 AM

👥️Chapter 87




ချစ်စရာကောင်းသောမုန့်နွော်​လေးက ဧည့်သည်သရုပ်ဆောင်အဖြစ် 'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' ထုတ်လုပ်ရေး အဖွဲ့ထံ ရောက်လာပြီး လူတိုင်း၏ နွေးထွေးစွာ ကြိုဆိုမှုကို ချက်ချင်းရရှိခဲ့သည်။




မုန့်​နွော်​လေး၏ မျက်လုံးရွဲကြီးများသည် နက်မှောင်နေပြီး သူ့တစ်ကိုယ်လုံးတွင် ချိုမြိန်သော နို့နံ့သင်းသင်းလေး ရှိနေကာ သူ့မျက်နှာငယ်လေးမှာ ကော်လာဂျင် အပြည့်ရှိနေသည်။ထိုအိုင်ဒေါလေးက သီချင်းဆိုတတ် ကတတ်ပါသေးပြီး လုံးဝကို ချစ်စရာကောင်းကာ အဖွဲ့သားအားလုံးကို အရည်​ပျော်သွားစေခဲ့သည်။




မုန့်နွော်က ဝိညာဥ်မြေခွေးမျိုးနွယ်စုတွင် အငယ်ဆုံးညီလေး 'ရှောင်ရှောင်လီ' ဖြစ်ကာ 'အားချယ်ကော' ဟု အသံချိုချိုလေးနှင့် ခေါ်ကာ ဇာတ်လိုက်၏နောက်သို့ တ​ကောက်​ကောက်လိုက်နေတတ်သည်။ သူ အပြင်ထွက်တိုင်း အရသာရှိသော အသီးအနှံတွေကို အမြဲခူးပြီး အားယူ စားဖို့ ပြန်ယူလာပေးတတ်၏။ရှောင်ရှောင်လီက အငယ်ဆုံးဖြစ်သော်လည်း စကားသိပ်မပြောသလို ထိန်းမနိုင်သိမ်းမရ နေရာအနှံ့ ပြေးလွှားမ​နေတတ်ပါချေ။ ယင်းအစား သူက အတော်လေး ကျိုးနွံပြီး လိမ္မာရေးခြားရှိ​လေသည်။




သို့သော် ဤအသေးဆုံးမြေခွေး​လေးကိုပင် ရက်ရက်စက်စက်သတ်ပစ်ခဲ့သည်။ ထိုအချိန်ရောက်သောအခါ မျက်ရည်လှိုင်းများ ကျလာမည်ဟု ခန့်မှန်းရသည်။ ပရိသတ်က ဇာတ်ညွှန်းရေးသူများဆီ ဓါးများပို့ချင်မှာ သေချာလေသည်။




ယနေ့မွန်းလွဲပိုင်းတွင် ယန်အန်းယု cupcakeနှင့် ချောကလက်ဘီစကွတ်များ ယူလာခဲ့ပြီး မုန့်နွော်လေးနှင့်သွားကစားရန်ရည်ရွယ်ခဲ့သည်။ လမ်းခုလတ်၌ တိုက်တိုင်ဆိုင်ဆိုင် ချောင်ယုနှင့် တွေ့​လေသည်။




"မစ္စတာယန် ထပ်ပြီး မုန့်နွော်ကိုတွေ့ဖိုလာတာလား"


​​ချောင်ယုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။


"သူနိုးနေလောက်ပြီ ...ကျွန်တော် မင်းကိုခေါ်သွားပေးပါ့မယ်"




"အင်း ခင်ဗျားကိုဒုက္ခပေးမိပါပြီ မစ္စတာချောင်"




မုန့်နွော်က ဟွားချန်အင်တာတိန်းမန့်၏ ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် ၎င်း၏မန်နေဂျာကျဲကျဲက သူ့ကို ဂရုစိုက်​​ပေးသည်။ 'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' ရိုက်ကူး​ရေးအဖွဲ့ထံ ရောက်ရှိလာသောအခါတွင်၊ သူက နှစ်ရက်သုံးရက်လောက်ပဲ ရိုက်ကူးစရာပြီး ချောင်ယုကလည်း တိုက်တိုက်ဆိုင်ဆိုင် အားနေသောကြောင့် ကောင်လေးကို ပြုစုစောင့်ရှောက်ရန် တာဝန်ယူခဲ့သည်။




ချောင်ယုက နား​နေခန်းကိုဖွင့်ပြီးနောက် သူ့မျက်ခုံးများ ချက်ချင်းကျုံ့သွားသည်။ခုနကရှိ​နေသော လက်ထောက်ကျဲကျဲက မရှိတော့ဘဲ ထိုအစား...




ယန်အန်းယုလည်း အနည်းငယ်နားမလည်ဖြစ်သွားပြီး အတွင်းထဲသို့ လှမ်းကြည့်လိုက်သည်။




မုန့်​နွော်လေးက နေ့ခင်းတစ်ရေးအိပ်ရာမှ နိုးလာခါစဖြစ်၍ အလွန်အိပ်ချင်မူးတူးဖြစ်နေကာ တစ်ခါတည်း နှစ်ကြိမ်ဆက်တိုက်ပင်သန်းနေသည်။ပြီးလျှင် ယောကျာ်းတစ်ယောက်က သူ့ခြေ​ထောက်ရှေ့မှာ ထိုင်နေပြီး ဖိနပ်စီးပေးနေ၏။




"သူ... သူက စီ... စီနီယာရှု"




ယန်အန်းယု ထိတ်လန့်သွားပြီး ချက်ချင်းပင် တောင့်တင်းလာကာ စိတ်လှုပ်ရှားစပြုလာသည်။




အွန်လိုင်းမှာ မဲပေးသည့်အခါတိုင်း၊ အင်တာနက်သုံးစွဲသူများ၏ မဲပေးရွေးချယ်မှုမှာ အလိုချင်ဆုံး အမျိုးသားက ချန်းယန် ဖြစ်ပြီး 'တစ်ညတာအဖော်အဖြစ်ချင်ဆုံးသူက ရှုစစ်ယွမ်' ဖြစ်လေသည်။




ရှုစစ်ယွမ်မှာ ကောင်းမွန်သော မျက်နှာရှိပြီး သူ၏ခန္ဓာကိုယ်မှာ ထိပ်တန်းအရည်အသွေးရှိသည်။ယီချန်းယန်ကို tsundereဟု ပြောလျှင် သူက ပြောင်ပြောင်တင်းတင်း ပရောပရည်လုပ်တတ်သူဖြစ်သည်။ ရှုစစ်ယွမ်က မကြာခဏ ရင်ဘတ်ဟောင်းလောင်းနှင့် နေတတ်၏။သူ့မှာ  ရှည်လျားသော ခြေတံများ ရှိရုံသာမကဘဲ ဖန်များအား အမြဲတစေ 'ခွ​ကြားကြည့်ကြောင်များ' ၏ပြယုဒ်များ မဖြစ်ဘဲမနေနိုင်အောင်လုပ်တတ်သည်။ပွဲဦးထွက်ကတည်းက သူ၏ ဂန္တဝင် ဇာတ်ရုပ်တိုင်း၏ဇာတ်ကောင်စာသားများက(သူ့ဇာတ်​ကောင်များပြောရသည့်စကားများ)က သည်းမခံနိုင်လောက်အောင် နှလုံးသားကို စည်းချက်မမှန်မဖြစ်စေလေသည်။




ဤအရာများအားလုံးအပြင်ကို သူ၏သရုပ်ဆောင်စွမ်းရည်ကလည်း အလွန်ကောင်းပြီး သူ၏ရုပ်ရှင်ဧကရာဇ်ဟူသောနာမည်နှင့် သူ၏ ရုပ်ရှင်လောကထဲရှိ မြင့်မားသော အဆင့်အတန်းနှင့် အမှန်တကယ် ထိုက်တန်လေသည်။




"နွော်နွော်က ချစ်စရာကောင်းလိုက်တာနော်"




ထိုအချိန်တွင်၊ ရှုစစ်ယွမ်က ရှောင်မုန့်နွော်ကို ရူးကြောင်ကြောင် ငေးကြည့်ရင်း ခစားနေသည်။




ရှောင်မုန့်နွော်က သူ့ခေါင်းကို ကုတ်လိုက်ကာ ချက်ချင်းဆိုသလို သူ့ဆံပင်ပုံစံကို ဖျက်ဆီးလိုက်ပြီး ရှုစစ်ယွမ်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်​လေသည်။




"ဟားဟား ယွီယွီက တုံးလိုက်တာ"




"ဟုတ်တယ် ဟုတ်တယ် ယွီယွီက ငတုံး...နွော်နွော်က ဉာဏ်အကောင်းဆုံးပဲ"




ရှုစစ်ယွမ်က အဆက်မပြတ် ချီးမွမ်းပြီး  တုနှိုင်းမရသော ချစ်မြတ်နိုးမှုများနှင့် ချော့မော့နေသည်။




"ယွီယွီကို နမ်းပါးဦး"




မုန့်​နွော်ကအနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။


"ဒါပေမဲ့...ပါးပါးသိရင် စိတ်ဆိုး​လိမ့်မယ်"




"ဒါပေမဲ့ ယွီယွီက အရမ်းသနားစရာကောင်းတာလေ... သားပါးပါးက ယွီယွီကိုရှောင်နေတာ...ယွီယွီ အသားမစားရတာ ရက်တော်တော်ကြာနေပြီ" 




ရှုစစ်ယွမ်က မျက်ရည်စက်လက်နှင့် ညည်းညူရင်း မျက်ရည်များကို အဆက်မပြတ်သုတ်ဟန်ပင်ဆောင်နေလေသည်။




"အသား.. အသားက အရမ်းအရေးကြီးတယ် အာ"


မုန့်နွော် ခုခံနိုင်စွမ်းမရှိတော့ဘဲ သူ့ခေါင်းကိုထိလိုက်သည်။




"လိမ္မာ​နော် ယွီယွီ ...မငိုနဲ့တိတ်တိတ် "




ထိုစကားကိုပြောပြီးနောက် ချစ်စရာအရုပ်ကလေးက သူ့ကို ​​ချော့သည့်အနေဖြင့် နမ်းလိုက်ရာ ရှုစစ်ယွမ် ချက်ချင်းပင် အသက်ပြန်ရှင်လာပြီး ကျေနပ်ပျော်ရွှင်သော အမူအရာကို ပြသလိုက်၏။




ထိုအချိန်တွင် ယန်အန်းယု ၎င်းကိုကြည့်ပြီး မှင်တက်သွားသည်။ ဒီ... ဒီရုပ်ရှင်ဧကရာဇ်ရှုက သူထင်ထားတာနဲ့ လုံးဝမတူဘူး...




"အဟမ်း..." 




ချောင်ယုက လည်ချောင်းရှင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကိုသုံး၍ ရှုစစ်ယွမ်နှင့် မုန့်နွော်ကို ကာလိုက်သည်။




"တောင်းပန်ပါတယ် မစ္စတာယန်...ဘာမှ မမြင်လိုက်သလိုပဲ သ​ဘောထားလိုက်ပါ"




ယန်အန်းယု: "..."




ယဲ့လင်းကောက အစားအသောက်​ကြိုက်သူဖြစ်၏။ကုရှင်းကျဲက​ တစ်ခါတစ်ရံမှာ တောင်ဝင်ဘုရင်မတစ်ပါးကဲ့သို့​ဖြစ်သော်လည်း ရံဖန်ရံခါ အလွန် ရူးကြောင်ကြောင်နိုင်စွာ ရယ်တတ်သည်။မစ္စတာချောင်ယုက အကွေ့အကောက်များသော အတွေးအမြင်များဖြင့် ကြောက်စရာကောင်းသော မန်နေဂျာတစ်ဦးဖြစ်သည်။ရှောင်မုန့်နွော်ကိုက ဖယ်ထား၍ရသည်။ ယခု အနှီရုပ်ရှင်ဧကရာဇ်ရှုက..




ယန်အန်းယုက ယခုတွေးနေမိသည်။ဟွားချန်က တုံးအပြီး ရယ်စရာကောင်းသော လူများစွာကို မွေးထုတ်ပေးသည်ဟု မကြာခဏ အခိုင်အမာဆို​တတ်ခြင်းအတွက် မစ္စတာလီယဲ့မှာ ကျိုးကြောင်းပြချက်အချို့ရှိ​ပေသည်။




မုန့်နွော်လေးက 'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' အဖွဲ့နှင့်အတူ နှစ်ရက်သုံးရက်လောက်နေခဲ့ပြီး သူ့အပိုင်းများကို ချောချောမောမော အဆုံးသတ်​ခဲ့သည်။




အငယ်ဆုံးသရုပ်ဆောင်လေးနှင့် လမ်းခွဲလိုက်ရသောအခါ အားလုံးက ကြေကွဲဝမ်းနည်းနေကြ၏။သူထွက်မသွားခင် အကုန်လုံး စု​ပြီး ထမင်းအတူစားခဲ့ကြလေသည်။ထို့ကြောင့် ချောင်ယုက မုန့်​နွော်လေးကို ပြန်ခေါ်သွားသည့်အခါ မုန့်နှင့် အရုပ်များ အပုံလိုက်ကြီး ပါသွား၏။




ထိုနောက်မှာ ဧည့်သည်သရုပ်ဆောင်ဖြစ်သော မြေခွေးနီချင်​နွော်ရှီ ရိုက်ကူး​ရေး​အဖွဲ့ထဲကို ဝင်ရောက်လာခဲ့သည်။




ယန်အန်းယု အတော်​လေး ​​ပျော်သွား၏။ တစ်ခြားဝန်ထမ်းများနှင့် အဓိကသရုပ်​ဆောင်များက သူတို့ စိတ်ထဲမှာ တခြားထင်မြင်ချက်များရှိနေလျှင်ပင် အပေါ်မှာ ထုတ်မပြရဲကြပါချေ။




တစ်ချိန်တည်းမှာပင်၊ ဒါရိုက်တာနှင့် ထုတ်လုပ်ရေးအဖွဲ့က ချင်နွော်ရှီအတွက် ဇာတ်သိမ်းသီချင်းနှင့် OSTနှစ်ပုဒ်ကို လွှဲပြောင်းပေးရန် သဘောတူခဲ့ပြီး တေးသွား ရေးစပ်ပြီး သီဆိုခွင့်ပေးခဲ့သည်။သူ့မှာ အငြင်းပွားဖွယ်ကိစ္စများ အများကြီးရှိသော်လည်း သူ၏ဂီတပါရမီနှင့် အဆိုစွမ်းရည်က သိသိသာသာ ထင်းထွက်နေ​ပေသည်။ယင်းကို အပြစ်ရှာ၍မရပေ။




ယန်အန်းယုက 'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' ကို ရိုက်ကူးရန် အလုပ်များနေပြီး တစ်ဖက်တွင် ယီချန်းယန်က ဇာတ်​ကောင်အသစ်တစ်ခုကို လက်ခံထားပြီး ယခုအခါ 'အိပ်တစ်ဝက် နိုးတစ်ဝက်' ရုပ်ရှင်တွင် အမျိုးသားဇာတ်လိုက်အဖြစ် ပါဝင်ရမှာ​ဖြစ်သည်။အဓိကသရုပ်ဆောင်များထဲတွင် တက်သစ်စ ထန်းရှောင်လည်း ပါဝင်လေသည်။




'အိပ်တစ်ဝက် နိုးတစ်ဝက်' ရုပ်ရှင်တွင် အမျိုးသားဇာတ်လိုက် ယီချန်းယန်က ဖိုသီဖတ်သီနိုင်သော လူလတ်ပိုင်းအရွယ် ဦးလေးတစ်ဦးအဖြစ် သရုပ်ဆောင်ရမည်ဖြစ်၏။အခုတလော သူ၏ အိပ်မပျော်မှုသည် ပိုပို၍ပြင်းထန်လာကာ သူ၏လုပ်ငန်းစွမ်းဆောင်ရည်ကိုပင် ကျဆင်းစေခဲ့ပြီး  များစွာသော သူဌေးများ၏ ဆက်တိုက်အလုပ်ထုတ်ခြင်းခံခဲ့ရသည်။




အိမ်မှာ အလုပ်လက်မဲ့ဖြစ်နေသော အမျိုးသားဇာတ်လိုက်က ပို၍ နုံးချိပြီးထိုင်းမှိုင်းလာကာ လက်တွေ့နှင့် အိပ်မက်များကြားတွင်ပင် မခွဲခြားနိုင်​တော့​ပေ။ထို့ကြောင့် သူ ကုသမှုခံယူရန် ဆရာဝန်ဆီသွားရတော့သည်။ဆရာဝန်၏ အိပ်မွှေ့ချကုထုံးကို ပထမဆုံးအကြိမ်ခံယူသည့်အခါ အမျိုးသားဇာတ်လိုက်၏ အတွေးများက အတိတ်ဆီသို့ ကူးပြောင်းသွားခဲ့သည်။ပြီးလျှင် ဤရုပ်ရှင်က တရားဝင်စ​​လေပြီ...




ခြုံငုံကြည့်လျှင် ဤရုပ်ရှင်က အမျိုးသားဇာတ်လိုက်၏ ငယ်ရွယ်နုနယ်ချိန်ကို ထုတ်ဖော်ပြသပြီး အမျိုးသားဇာတ်လိုက်ကို သူ့အရင်တုန်းက လွမ်းဆွတ်မှုများနှင့် သူ့မှာရှိခဲ့သော နောင်တများကို ဖြည်းဖြည်းချင်း ပြန်အမှတ်ရစေမည့်ဇာတ်ကားဖြစ်၏။


ယင်းက သူ့ကို ထိုနောင်တများကိုပြန်လည်ပြင်ဆင်ပြီး သူ့ဘဝကိုပြောင်းလဲခွင့်ရစေခဲ့သည်။




ယီချန်းယန်က အမျိုးသားဇာတ်လိုက်ဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်ကလည်း အလွန်နာမည်ကြီးသည့် ရှင်းရှာ ဖြစ်လေသည်။ထန်းရှောင်က စတုတ္ထအမျိုးသားဇာတ်လိုက်ဖြစ်ပြီး အမျိုးသားဇာတ်လိုက်၏ ယခင်ကအတန်းဖော်ဖြစ်သည်။




ထန်းရှောင်က ဟွမ်ချွမ်း နှင့် မတူဘဲ စင်ပေါ်မှအလွယ်တကူ မကန်ချနိုင်ပေ။သူသည် လူအများရှေ့တွင် အလွန်ဖော်ရွေပြီး ကလိမ်ကျစ်အရိပ်အယောင်မရှိသလောက်ဖြစ်နေသည့်အပြင်၊ သူ့နောက်ခံမှာလည်း ကောင်းလွန်းလှသည်။ထို့ကြောင့် သူသရုပ်ဆောင်သည်ကမကြာသေးသော်လည်း ရုပ်ရှင်များကို ထိတွေ့နိုင်ခဲ့၏။




ထန်းရှောင်က ဆိုလည်းဆိုနိုင် သရုပ်ဆောင်လည်းသရုပ်ဆောင်တတ်သဖြင့် သူ၏ လက်ရှိရေပန်းစားမှုက ယန်အန်းယု နှင့် နှိုင်းယှဥ်နိုင်သည်။သို့​သော်လည်း နောက်ဆုံးတွင် သူဆက်​ပြီးရေပန်းစားနိုင်ဦးမည်လား။




ဖျော်ဖြေရေးလောကထဲက သတင်းမီဒီယာ များက ဤသည်ကို အလွန်ယုံမှားသံယရှိနေကြာင်း ဖော်ပြခဲ့ကြသည်။




ဤတစ်ကြိမ်တွင် ထန်းရှောင် နှင့် ယီချန်းယန်တို့က တစ်အဖွဲ့တည်းမှာဖြစ်ကြသဖြင့် ယန်အန်းယု အတော်လေးစိုးရိမ်မိသလိုခံစားရသည်။သူတို့နှစ်ဦးသည် ယခင်က အကြိမ်အနည်းငယ်တွေ့ဆုံဖူးပြီး တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ကြပေ။ထန်းရှောင်ပြဿနာမရှာရန်သာ ယန်အန်းယု မျှော်လင့်မိသည်။မဟုတ်ပါက ယီချန်းယန်ကိုသွားစလျှင် သူ့တွင် ကောင်းကျိုးတစ်စုံတစ်ရာ ရှိမည်မဟုတ်ပေ။




နေ့ရက်များ အလွန်လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး ယခု နွေရာသီသို့ရောက်ရှိလာပြီဖြစ်၏။ 'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' ဇာတ်ကားရိုက်ကူးရန် S မြို့တော် နှင့် ကပ်လျက်ရှိ မြို့အနည်းငယ်သို့ ရောက်ရှိလာသော ရိုက်ကူး​ရေးအဖွဲ့သားများသည် မကြာသေးမီက တုန်းလင်ခရိုင် ရုပ်ရှင်မြို့တော်ထဲက နေရာတစ်​နေရာကို ရွေးချယ်ပြီး Sမြိုတော်သို့ ပြန်လာခဲ့သည်။




ဇာတ်ဝင်ခန်းတစ်ခုအပြီးမှာ ယန်အန်းယု ရိုက်ကွင်းအပြင်ဘက်တွင် ထိုင်ပြီးအနားယူရင်း အားလပ်ချိန်မှာ Taobaoထဲ​မွှေကြည့်နေလိုက်သည်။




ထန်းကော်က လက်ထဲတွင် လျှပ်စစ်ပန်ကာငယ်လေးကို ကိုင်ကာ ဝင်လာ၏။


"သခင်လေး ဘာဝယ်ချင်လို့လဲ"




"ခရီးဆောင် hard drive တစ်ခု"




"အမ်...သခင်လေးမှာ နှစ်ခုရှိတယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်"


ထန်း​ကော်က စိတ်ရှုပ်ထွေးစွာပြော​လေသည်။




"အင်း...သူ့ပုံတူတွေ၊ သူ့ရဲ့အစောပိုင်းသီချင်းတွေနဲ့ MV တွေ၊ သူသရုပ်ဆောင်ခဲ့တဲ့ တီဗီဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေအပြင် သူပါဝင်ခဲ့တဲ့ ပရိုဂရမ်နဲ့ လှုပ်ရှားမှုတွေရဲ့ ဗီဒီယိုတချို့လိုမျိုး ချန်းယန်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို ငါ သိမ်းလိုက်တာ..." 


ယန်အန်းယုက ထန်းကော်ကို တစ်ခုပြီးတစ်ခုရှင်းပြလိုက်၏။




 "ကံမကောင်းစွာနဲ့ပဲ နှစ်ခုက လုံးဝမလောက်သေးဘူး...နှစ်ခုလုံးက ပြည့်နေပြီမို့ နောက်ထပ်တစ်ခု ထပ်ဝယ်ရဦးမယ်"




ထန်းကော် : "..."




megadareသခင်လေးက တကယ်လွန်နေပြီနော်...


သူ စကားမပြောချင်တော့ဘဲ ရှုခင်းကိုပဲ တိတ်တဆိတ် ကြည့်နေလိုက်သည်။ 




"ရှောင်ယု"


ရုတ်တရက် ချီစန်းက ဖုန်းကို ကိုင်ပြီးပြေးလာလေသည်။




သူ၏စိုးရိမ်​နေ​သောအမူအရာကိုမြင်သောအခါ ယန်အန်းယု၏ မျက်ခွံများ လှုပ်ယမ်းသွားခဲ့သည်။




"မစ္စတာလီက ရုပ်ရှင်ရိုက်နေတုန်း ယီချန်းယန်ဒဏ်ရာရသွားတယ်လို့ ဖုန်းဆက်ပြောတယ်...သူ့ကို ဆေးရုံပို့လိုက်ပြီတဲ့"




*****




Sမြို့တော် ​မြူနီစီပယ်ဆေးရုံ။




ယန်အန်းယု ဆေးရုံသို့ ရောက်သွားသောအခါတွင် ဆရာဝန်များနှင့် သူနာပြုများက ယီချန်းယန်၏ ဒဏ်ရာကို ကုသပေးနေဆဲဖြစ်ပြီး လီယဲ့နှင့် လက်ထောက်နှစ်ဦးအပြင် ရိုက်ကူး​ရေးအဖွဲ့ထဲမှ ဝန်ထမ်းများပါရှိနေသည်။ကျန်းကျီချမ်ပင်လျှင် အပြေးအလွှားရောက်ရှိလာသည်။




'အိပ်တစ်ဝက် နိုးတစ်ဝက်' အတွက် ယနေ့ဇာတ်ဝင်ခန်းတွင် ကျောင်းဓာတ်ခွဲခန်းအတွင်း ပေါက်ကွဲမှုကို သရုပ်ဖော်ထားသော်လည်း လုပ်ငန်းစဉ်အတွင်း အမှားအယွင်းအချို့ရှိသောကြောင့်၊ ဤတစ်ကြိမ်တွင် ယီချန်းယန်သာမက၊ သူနှင့်အတူ သရုပ်​ဆောင်သည့် ထန်းရှောင်မှာလည်း ဒဏ်ရာများရရှိခဲ့ပြီး သူလက်မောင်း၏ အစိတ်အပိုင်းတချို့မီးလောင်သွားခဲ့သည်။




ယီချန်းယန်၏ ဘယ်ဘက်လက်သည် ပြုတ်ကျလာသော လေးလံသော အရာဝတ္တုတစ်ခုနှင့် ထိမှန်ခဲ့ပြီး မီးခိုးငွေ့ရှူရှိုက်မိခြင်းကြောင့် သူ၏လည်ချောင်းတွင် မီးခိုးများ ပြည့်နေခဲ့သည်။




ဤအခြေအနေကို သိရှိပြီးနောက် ယန်အန်းယု စိတ်မသက်မသာဖြင့် လက်သီးများကို ဆုပ်လိုက်ပြီး ကျန်းကျီချမ်လည်း စိတ်ပူနေသည့်မျက်နှာနှင့်ဖြစ်သွား၏။




"သူ့လည်ချောင်းက..."




"ဘယ်လိုပဲဖြစ်ဖြစ် သူကအရင်ကတည်းက သီချင်းမှမဆိုနိုင်တော့တာ... သူ့လည်ချောင်းက အရေးမကြီးတော့ပါဘူး"




ထိုအချိန်တွင် ထန်း​ရှောင်၏မန်နေဂျာ ဝူရှောက်က သူ့နှုတ်ခမ်းပေါ်တွင် လှောင်ပြောင်လိုရိပ်များနှင့်အတူ ရုတ်တရက် လျှောက်လာသည်။




ကျန်းကျီချမ်၏မျက်နှာက မည်းမှောင်သွားသည်။သူက ရှေ့တိုးသွားတော့မည်သော်လည်း လီယဲ့က သူ့အား လှမ်းဆွဲပြီးတားလိုက်၏။




"မစ္စတာကျန်း ကိုယ့်ကိုကိုယ် ဒီလိုလူအဆင့်ထိ မနှိမ့်ရဘူး"




"ထန်းရှောင်က ဒဏ်ရာနည်းနည်းပဲရပြီး ပြန်နိုးလာပြီ...မစ္စတာယီလည်း ဒဏ်ရာကြီးကြီးမားမားမရဘူး...သူမြန်မြန်ပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်..."




ဝူရှောက်က ထိုသို့ ပြောလိုက်၏။သို့ပေမဲ့ သူ့စကားထဲမှာ တခြားအဓိပ္ပါယ်ရှိပုံရလေသည်။နားထောင်သူတိုင်း အတော်လေးအဆင်မပြေသလိုခံစားရသည်။




ကျန်းကျီချမ်၏အမူအရာက ပို၍အရုပ်ဆိုးလာပြီး လီယဲ့က မျက်နှာသေအတိုင်းပဲရှိနေ​သည်ကို မြင်လျှင် သူလည်း ဆက်ပြီးအဖက်မလုပ်ခံပြီးဆက်မနေတော့ဘဲ ထွက်သွားလေသည်။




ထိုနေရာရှိ မည်သူမဆို တစ်ခုခုမှားနေသည်ကို မြင်နိုင်သော်လည်း သာမန်ကာလျှံကာ မှန်းဆနိုင်ရုံမျှသာတတ်နိုင်ပြီး စကားတစ်ခွန်းမှ မပြောဝံ့​ကြ​ပေ။ထို့ကြောင့် ယန်အန်းယု၏ နှလုံးသားထဲမှ စနောင့်စနင်းဖြစ်မှုများ ပိုမိုကြီးထွားလာခဲ့သည်။




အချိန်အတော်ကြာ အားထုတ်ပြီးနောက်၊ ဆရာဝန်က ထွက်လာပြီး ယီချန်းယန်မှာ အသေးအမွှား ဒဏ်ရာတချို့သာ ရှိသည်ဟု ဆိုကာ စိုးရိမ်စရာ မလိုကြောင်း ပြောကြားခဲ့သည်။




သူ့ဘယ်ဘက်လက်က အရိုးကို ထိမသွားပေ။ယခု သင့်တင့်လျောက်ပတ်စွာ ပတ်တီးစီးထားပြီဖြစ်ပြီး အချိန်အတော်ကြာအောင် သတိလက်လွှတ်မလှုပ်မိစေရန်သတိထားရမည်ဖြစ်သည်။ယီချန်းယန်က အပူရှင်းအဆိပ်ဖြေဆေးအချို့ သောက်ရန်လိုသေးပြီး အစားအသောက်ကို ဂရုစိုက်ကာ သူ့လည်ချောင်းကို စနစ်တကျကာကွယ်ရန် လိုအပ်သည်။ထိုသို့ဆိုလျှင် သူ့လည်ချောင်းက ပြဿနာ သိပ်ရှိမှာ မဟုတ်ပေ။




"နားလည်ပါပြီ ဒေါက်တာ... ကျေးဇူးတင်ပါတယ်"




ဆရာဝန်၏သတိပေးချက်ကို နားထောင်ပြီးနောက်၊ ယန်အန်းယုနှင့် လီယဲ့က ခေါင်းညိတ်လိုက်ကြသည်။ ကျန်းကျီချမ်၏ စိုးရိမ်သောက​ရောက်​နေ​သော နှလုံးသားလည်း အနည်းငယ် ဖြေလျှော့သွားခဲ့သည်။




လူနာ​ဆောင်အတွင်းတွင် ယီချန်းယန်က သတိလစ်နေဆဲဖြစ်သည်။




လူနာဆောင်ထဲမှာ လူများလွန်းပါက ယီချန်းယန်၏အနားယူမှုကို အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် ယန်အန်းယုနှင့်လီယဲ့က  တခြားလက်​ထောက်များနှင့် ရိုက်ကူးရေးဝန်ထမ်းများကိုထွက်သွားခိုင်းလိုက်၏။




ယန်အန်းယုက ထန်းကော်နှင့်ချီစန်းကိုလည်း အရင်ပြန်နှင့်ရန် ညွှန်ကြားလိုက်သည်။ယနေ့ည သူ ယီချန်းယန်နှင့်နှစ်ယောက်တည်း နေချင်နေမှန်း သေချာလေသည်။




"မစ္စတာလီ Shawnကော ခင်ဗျားတို့တွေ... ကျွန်​တော့်ကို တချို့အရာ​တွေ မပြောသင့်ဘူးလား "




မူလက အိပ်ယာဘေးမှာ ထိုင်​နေသော ယန်အန်းယုက ရုတ်တရက် မျက်လွှာပင့်ကာ သူတို့ကို မော့ကြည့်လာသည်။




"အဲဒီဝူရှောက်မှာ ချန်းယန်နဲ့ပတ်သက်ပြီး ဘာအ​ငြိုး​တွေရှိ​နေတာလဲ"




👥️