Chapter 89
• June 19 at 07:58 AM
👥️ Chapter 89
မနက်စောစောတွင် ယီချန်းယန် ဖြည်းညင်းစွာ နိုးလာလေသည်။
ကောင်းကင်ကြီးက ပထမဆုံးလင်းရောင်ခြည်ထုတ်ဖော်၍လာသည်။
သူအသိစိတ်ပြန်ဝင်လာသောအခါ ယီချန်းယန် အနည်းငယ်မိန်းမောနေဆဲပင်။ ဒဏ်ရာရထားသည့် သူ၏ ဘယ်ဘက်လက်ကို တင်းကျပ်စွာ ပတ်တီးစီထားပြီး ညာလက်က ဆုပ်ကိုင်ခြင်းခံထားရသည်။ ခေါင်းကို အနည်းငယ်စောင်းငဲ့ကြည့်လိုက်သည့်အခါဝယ် ကုတင်ဘေး၌ ခေါင်းငိုက်လျက်ကလေးရှိနေသည့် ယန်အန်းယုကို တွေ့လိုက်ရ၏။
ယီချန်းယန်၏နှုတ်ခမ်းများ မထိန်းနိုင်ဘဲ ကွေးညွတ်သွားခဲ့သည်။ ထိုအချိန်တွင် ထိုကိုယ်ဟန်အနေအထားအတိုင်း ဆက်တိုက်နေနေ၍ ခြေထောက်များထုံလာသော ယန်အန်းယုက တိုက်တိုက်ဆိုင်ဆိုင် မျက်လုံးဖွင့်လိုက်သည်။
"ချန်း...ချန်းယန် နိုးလာပြီလား"
ယန်အန်းယုက စိတ်လှုပ်ရှားစွာပြောလေသည်။ သူပြုံးလိုက်သည်နှင့် သူ့နှုတ်ခမ်းထောင့်တွင် ပါးချိုင့်လေးနှစ်ခုက ချိတ်ဆွဲထားသည်။
"အင်း"
ယီချန်းယန်က အသာအယာပြန်ဖြေ၏။ သူပြောချင်သေးပေမဲ့ သူ့လည်ချောင်းက အနည်းငယ်ခြောက်သွေ့ပြီး နာကျင်နေသဖြင့် ချောင်းဆိုးမိသွားခဲ့သည်။
"အဟွတ် အဟွတ် ရှောင်ယု..."
ယန်အန်းယု ချက်ချင်း ထိတ်လန့်သွားသည်။
"ချန်းယန် နာနေလား... ရေသောက်မလား"
ယီချန်းယန်က ခေါင်းညိတ်လိုက်သည်။ ထိုသို့ဖြင့် ယန်အန်းယု အလျင်အမြန် ရေနွေးတစ်ခွက်ငှဲ့ပေးလိုက်သည်။ယီချန်းယန် အပူလောင်မှာကို စိုးရိမ်၍ ဖြစ်မည်၊ သူက ဆက်ပြီး မှုတ်နေသည်။
"ရပြီ ရှောင်ယု"
ယီချန်းယန်က အသာအယာ ပြုံးပြီး သူ့ညာဘက်လက်ကို ဆန့်ထုတ်ကာ ခွက်ကို ယူချင်ခဲ့သည်။
မမျှော်လင့်ဘဲ ယန်အန်းယုက ခေါင်းခါလိုက်သည်။
"ချန်းယန် လိမ်လိမ်မာမာလှဲနေ...လျှောက်မလှုပ်နဲ့...ကျွန်တော် ခွံ့တိုက်မယ်"
"ခွံ့တိုက်မယ်...ရှောင်ယု မင်းက ကိုယ့်ကို ကလေးလို ဆက်ဆံနေပြန်ပြီ"
"ဘာပဲဖြစ်ဖြစ် နေမကောင်းတဲ့သူက အရေးကြီးဆုံးပဲ...ဒဏ်ရာရနေတဲ့ ချန်းယန်က ပိုတောင်အရေးကြီးဆုံးဖြစ်သေးတယ်... ချန်းယန်...ချန်းယန် ကျွန်တော်ကို မရွံလောက်ပါဘူးနော်"
သူ့ရဲ့ရှောင်ယုကို ရွံရမှာလား...
ယီချန်းယန် စိတ်ထဲမှာ ရယ်ချင်လာသည်။သူ သူ့ကို ဘယ်တုန်းက ရွံခဲ့လို့လဲ...
ယီချန်းယန်က ခေါင်းယမ်းလိုက်သည်။ထို့နောက် ယန်အန်းယုက သူကိုယ်တိုင် တငုံသောက်ပြီး ပါးစပ်ထဲမှာ ငုံထားကာ အနားကို တိုးလာပြီး ယီချန်းယန်ကို နမ်းလိုက်လေသည်။
ယီချန်းယန် အနည်းငယ် အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် လိမ်လိမ်မာမာဖြင့် နှုတ်ခမ်းကို ဟပြီး ယန်အန်းယုကို ပါးစပ်ဖြင့် ရေခွံ့တိုက်ခွင့်ပြုလိုက်သည်။
"ချန်းယန် ဒီလိုမျိုးဆို မပူတော့ဘူး ဟုတ်တယ်မလား"
"အင်း တော်တော်လေးတောင်ချိုသေးတယ်"
နောက်ပိုင်းတွင် မနက်စာစားချိန်ရောက်သောအခါ ယန်အန်းယုကပဲ အာဟာရဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ ယီချန်းယန်ကို ဇွန်းဖြင့်ခွံ့ကျွေးလေသည်။သူက အတော်လေး ကောင်းကောင်း ခစားခဲ့ပြီး တစ်ယောက်သော ရုပ်ရှင်ဧကရာဇ်ကြီးက ၎င်းကို အလွန်နှစ်ခြိုက်တော်မူခဲ့လေသည်။
ယီချန်းယန်တစ်ယောက် ရံဖန်ရံခါ ဖျားခြင်းက အတော်လေး ကောင်းမွန်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့မိသားစုကရှောင်ယု၏ ဂရုစိုက်မှုကို ကဏ္ဍပေါင်းစုံမှ ခံစားနိုင်မည်ဖြစ်သည်။
"ချန်းယန် ပြန်ကောင်းလာတဲ့အခါ ကျွန်တော့်ကို စန္ဒယားတီး သင်ပေးပါလား"
ယီချန်းယန်က ထိုစကားကိုကြားလိုက်သည်နှင့် အနည်းငယ် ရှုပ်ထွေးသွားသည်။
"ဘာလို့ ရုတ်တရက်ကြီး ထပြီး စန္ဒယားသင်ချင်တာလဲ ရှောင်ယု"
ထိုနှစ်တုန်းက ယီချန်းယန်၏လည်ချောင်း ဒဏ်ရာရသွားသောအခါ သူ့အသံကို အတိုင်းအတာတစ်ခုအထိ ထိခိုက်သွားသောကြောင့် သူ့အသံက ဩလာသည်။ ကြည်လင်ပြီး အမြင့်ဆုံးအသံဖြင့်ဆိုရသည့် ဆိုပရာနိုအပိုင်းများကို ကောင်းစွာသီဆိုရန် သူ့အတွက် ခက်ခဲသည်။သူ၏ အသံကာလာ ပြောင်းလဲမှုကြောင့်သာမက၊ သူ၏ စိတ်သဘောထားကလည်း လုံးလုံးလျားလျား ကွဲပြားသွားသဖြင့် သူသည် သူ့အတိတ်ကသီချင်းများထဲရှိ များစွာသော ခံစားချက်များကို မသီဆိုနိုင်တော့ပေ။
ယီချန်းယန်၏နှလုံးသားထဲတွင် နောင်တရမှုများ အနည်းနှင့်အများ ရှိနေသည်ကို ယန်အန်းယု သိသည်။
"ချန်းယန် ခင်ဗျားက အခု အဆိုတော် မဟုတ်တော့ရင်တောင် သီချင်းဆိုရတာကို ကြိုက်တုန်းပဲလေ..."
ယန်အန်းယုက ရွှန်းလဲ့သောမျက်လုံးများဖြင့် ယီချန်းယန်ကို စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးများက တလက်လက်တောက်ပနေခဲ့၏။
"နောင်မှာ ချန်းယန်နဲ့အတူတူ သီချင်းဆိုမယ် စန္ဒယားတီးမယ်... ချန်းယန်ကြိုက်တဲ့ သီချင်းတွေ ဆိုချင်တယ်"
ယန်အန်းယု စကားဆုံးသွားသည်နှင့်
ယီချန်းယန်၏ နှလုံးသား အရည်ပျော်သွားခဲ့လေသည်။
သူ ယန်အန်းယု၏ပါးကို ပွတ်သပ်ကာ နွေးနွေးထွေးထွေး ပြုံးပြလိုက်မိ၏။
"ကောင်းပြီ"
ဆေးရုံမှာ အကြာကြီး မနေဘဲ ယီချန်းယန် မကြာခင်မှာပဲ ဆေးရုံက ဆင်းလာခဲ့သည်။သူ အိမ်မှာနေရင်း နာလန်ပြန်ထူချင်သည်။
အပူလောင်သွားသော ထန်းရှောင်ကလည်း သူ့ထက်စောပြီး နိုးလာခဲ့သည်။ ဒဏ်ရာကို ကုသပြီးနောက် အိမ်၌ပင် ပြန်နာလန်ထူရန် ရွေးချယ်ခဲ့သည်။
သရုပ်ဆောင်နှစ်ဦး ဒဏ်ရာရသွားခြင်းကြောင့် 'အိပ်တစ်ဝက်နိုးတစ်ဝက်' အဖွဲ့သားများသည် အချိန်ဇယားပြောင်းပြီး အခြားသူများ၏ အပိုင်းများကို အရင်ရိုက်ရန်သာ တတ်နိုင်ခဲ့သည်။
*****
S မြို့တော် အနောက်ဘက် အဆင့်မြင့်ဗီလာခရိုင်မှာ ထန်းရှောင်ဆီသို့ ဧည့်သည်တစ်ဦး ရုတ်တရက် ရောက်လာသည်။
"ခဲ့ချင်းကော ဘာ... ဘာလို့ ဒီကို ပြန်ရောက်နေတာလဲ"
အိမ်တော်ထိန်းက ခဲ့ချင်းကို ခေါ်လာသောအခါ ထန်းရှောင် အံ့အားသင့်သွားပြီး လမ်းကောင်းကောင်းမလျှောက်နိုင်သော ခဲ့ချင်းကို ထိုင်ရန် အပြေး ကူညီပေးလိုက်သည်။
ခဲ့ချင်းက အသာအယာ ပြုံးပြီး သူ့လက်ထဲက လမ်းလျှောက်တုတ်ကို ဘေးသို့ ချထားလိုက်သည်။
"မင်း ဒဏ်ရာ ရသွားတယ်လို့ ကြားလို့လေ...နည်းနည်း စိတ်ပူလို့ လာတွေ့တာ"
"ပြန်ကောင်းနေပါပြီ"
ထန်းရှောင်က ပြုံးရုံသာပြုံးသည်။ မီးလောင်သွားသည့်နေရာက သေးငယ်ပြီး မပြင်းထန်ပါချေ။ ဆေးဖက်ဝင်အပင်များကို အချိန်ကြာကြာ လိမ်းနေသရွေ့ လုံးဝပြန်ကောင်းလာမှာဖြစ်ပြီး ရုပ်ဆိုးဆိုးအမာရွတ်များလည်း ကျန်မှာမဟုတ်ပေ။
"ခဲ့ချင်းကော... ဒါဆို မုန့်အိုက်ကိုရော ကောနဲ့အတူတူ ခေါ်လာခဲ့လား"
"အင်း"
ခဲ့ချင်းက ခေါင်းညိတ်လိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပုံစံမျိုးနဲ့ သူ(မ)ကို ဂရုစိုက်ဖို့ တစ်စုံတစ်ယောက် လိုအပ်တာ သေချာပေါက်ပဲလေ... သူ့ကို နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း ထားခဲ့ဖို့က စိတ်မချဘူး"
"ဒီရက်ပိုင်း သူ့ကို တစ်ရက်လောက်ခေါ်လာပါဦး... နောက်ပြီး ကောတို့ ခဏနေဖို့ နေရာရှာမတွေ့ရင် ကျွန်တော့်နေရာကို ရွှေ့လာခဲ့လိုက်"
ခဲ့ချင်းက ယဉ်ကျေးစွာ ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ်... ငါ စဉ်းစားပါ့မယ်"
"အားရှောင် မင်းက အရမ်းနာမည်ကြီးနေပြီပဲ"
မကြာသေးမီက ထန်းရှောင်က နောက်ထပ်သီချင်းအသစ်တစ်ပုဒ်ကို ထုတ်ခဲ့ပြီး ယင်းက လူကြိုက်အများဆုံးသီချင်းစာရင်းများစွာထဲသို့ဝင်ခဲ့လေသည်။ခဲ့ချင်းပြည်တွင်းကို ပြန်ရောက်ပြီး ရက်အနည်းပဲရှိသေးသော်လည်း သူ့သီချင်းကို နားထောင်နေသည့် လူတော်တော်များများကို တွေ့လိုက်ရသည်။မြို့၏ နေရာတိုင်းက စတိုးဆိုင်များက သူ့သီချင်းများကို ဖွင့်ထားကြသည်။
ယခုလအတွင်း ထန်းရှောင်က ယီချန်းယန်နှင့် ထပ်မံရိုက်ကူးခဲ့သည်။ 'အိပ်တစ်ဝက် နိုးတစ်ဝက်' ရုပ်ရှင်က selling pointမြင့်ပြီး များပြားလှသော ပရိုမိုးရှင်းများလည်း ရှိခဲ့သည်။ တရားဝင်ထုတ်လွှင့်ပြီးသည်နှင့် ၎င်းသည် အလွန်ကောင်းမွန်သော ရုံတင်ငွေကို သေချာပေါက်ရရှိမည်ဟု ယုံကြည်နိုင်သည်။
သို့ပေမဲ့ ထန်းရှောင်က သိပ်ဂရုစိုက်ပုံမပေါ်ဘဲ ပေါ့ပေါ့ပါးပါးသာဆိုလာသည်။
"အခုထိတော့ အဆင်ပြေနေသေးတာပဲ...ဒီလိုပါပဲ"
"မင်းက နှိမ့်ချနေတာပဲ"
"အားရှောင် ဒီတစ်ခါ သူ ဒဏ်ရာထပ်ရသွားပြန်ပြီ..."
ခဲ့ချင်း၏ ပါးစပ်မှ 'သူ' ကို ထုတ်ပြောနေစရာ မလိုပေ။နှစ်ယောက်လုံး နားလည်လေသည်။
"အဲတော့..."
၎င်းကိုကြားသောအခါ ထန်းရှောင်၏ မျက်လုံးများ နက်မှောင်သွားခဲ့၏။
"မင်း ငါ့အတွက်နဲ့ သူများကို ဘယ်တော့မှ ဒုက္ခမပေးနဲ့"
"..."
ထန်းရှောင်က ဘာမှပြန်မပြောဘဲ စိတ်မပါလက်မပါ ခေါင်းညိတ်လိုက်လေသည်။
သုံးရက်အကြာ နေ့လည်နှစ်နာရီတွင် ယန်အန်းယု နှင့် ထန်းရှောင် တရုတ်စားသောက်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံရန် သဘောတူခဲ့ကြသည်။
ယန်အန်းယုက ရှေးခေတ်က သက်တော်စောင့်တစ်ဦးဖြစ်သောကြောင့် အနောက်တိုင်းအစားအစာများနှင့် နှိုင်းယှဉ်ပါက တရုတ်အစားအစာကို နှစ်သက်ဆဲဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ အစားအသောက်နှင့် ယဉ်ကျေးမှုက ကျယ်ပြန့်သည်။နိုင်ငံ၏ ဒေသအသီးသီးက အထူးထုတ်ကုန်များ၏အရသာများကို မြည်းစမ်းကြည့်နိုင်လျှင် သူကျေနပ်လိမ့်မည်ပင်။
စားသောက်ဆိုင်၏ VIP သီးသန့်ခန်းတွင်၊ သူတို့နှစ်ဦးစလုံးသည် ထူးခြားပြီး ၎င်းတို့၏မျက်နှာများကို ထုတ်ဖော်ပြ၍မရသောကြောင့် ယန်အန်းယု မည်သူ့ကိုမျှ မပြောဘဲ ထန်းရှောင်နှင့် တစ်ယောက်တည်း တွေ့ဆုံရန် လာခဲ့သည်။ထန်းရှောင်လည်း တစ်ယောက်တည်းလာခြင်းဖြစ်၏။
"ထန်းရှောင် မင်းနဲ့ ချန်းယန် အရင်တစ်ခေါက်ရိုက်ကူးတုန်းက မင်းတို့နှစ်ယောက်လုံး မတော်တဆ ဒဏ်ရာရသွားခဲ့တယ်...ဒါပေမဲ့ ဒါက တကယ့်မတော်တဆမှုပဲလား"
ယန်အန်းယု၏ မျက်လုံးများသည် ဓားသွားများကဲ့သို့ စူးရှနေသည်။
ထန်းရှောင်က ပြန်မဖြေဘဲ ပြုံးရုံသာပြုသည်။
"ရောက်တာနဲ့ ငါ့ကို ဒီလိုအရာမျိုး တန်းလာမေးတာ...ရှောင်ယု မင်းက တကယ်ကို စိတ်ကျဆေးပဲ"
"ကွေ့ပတ်မနေဘဲ လိုရင်းကိုတန်းသွားတာကောင်းမယ်... ရှင်းရှင်းလင်းလင်းပြော"
"နေပါဦး"
ထန်းရှောင်က ခေါင်းခါလိုက်သည်။ သူက အရက်နှစ်ခွက်ငှဲ့ကာ ယန်အန်းယုဆီကိုပင် တစ်ခွက် ကမ်းပေးလိုက်သေးသည်။
"ရှောင်ယု ငါနဲ့ အရင် တစ်ခွက်လောက်သောက်ပါ အိုကေ..."
ယန်အန်းယုမှာ ရွေးချယ်စရာမရှိပေ။တစ်ဖက်က ကိစ္စတချို့ထုတ်ပြောဖို့ ဆန္ဒရှိရန် သူထန်းရှောင်းနှင့် တစ်ခွက်သောက်ပေးရမည့်ပုံရသည်။
ထို့ကြောင့် ယန်အန်းယု ဖန်ခွက်ကိုလက်ခံပြီး တစ်ကျိုက်တည်း သောက်ချလိုက်လေသည်။
"အခု မင်းပြောလို့ရပြီနော်"
ထန်းရှောင် မှင်တက်သွားပြီး၊ အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။
"ရှောင်ယု မင်းအတွေးလွန်နေတာပါ...အရင်တစ်ခေါက်က မတော်တဆမှုတစ်ခုသက်သက်ပဲ... လူတွေအများကြီးရှိနေတာ ငါဘယ်လိုလုပ် လုပ်နိုင်မှာလဲ...ဒါပေမဲ့ ငါတကယ်ပဲ စီနီယာယီကို သတိပေးချက်တစ်ခုပေးခဲ့ပြီး မမေသွားသင့်တဲ့ လူတစ်ချို့ကို ပြန်သတိရစေခဲ့တယ်"
"တော်လောက်ပြီ...မရိုးမသားတွေလုပ်နေတာ ရပ်လိုက်"
ယန်အန်းယုက အသံခပ်ပြတ်ပြတ်နှင့်ပြောလိုက်ပြီး ထန်းရှောင်၏ မျက်လုံးများကို အနီးကပ် စိုက်ကြည့်လိုက်၏။
"ခဲ့ချင်းကိုသိတယ်မလား...မင်းနဲ့သူရဲ့ ဆက်ဆံရေးက ဘာလဲ"
အတိတ်ကကိစ္စများက ယီချန်းယန်၏နှလုံးသားထဲက နာကျင်စရာများဖြစ်လေသည်။သူ့ဘက်က ထိုအကြောင်းကို ပြောဆိုရန် အစပြုခြင်းရှိမလာသဖြင့် ယန်အန်းယု မမေးဝံ့သော်လည်း ထန်းရှောင်က သူအရာအားလုံးကို သိရှိပြီး သူ့လက်ထဲတွင် သက်သေများစွာရှိနေသည်ဟုဆိုသောကြောင့် ယန်အန်းယု ယနေ့ သူနှင့် တွေ့ဆုံရန် စီစဉ်ရခြင်း ဖြစ်သည်။
"ခဲ့ချင်းနဲ့ ငါက..."
ထန်းရှောင်က ၎င်းကိုစဉ်းစားနေပြီးမှ ဖြည်းညှင်းစွာဆိုလေသည်။
"ရှင်းရှင်းပြောရရင်... ငါ သူ့သမီးကို အရင်ဆုံးသိခဲ့တယ်၊ပြီးတော့..."
"သမီးလား..."
ယန်အန်းယု ရုတ်တရက် အနည်းငယ် ခေါင်းမူးလာသည်။
"အင်း သူက ဖခင်ကောင်းတစ်ယောက်ပါ"
ခဲ့ချင်းက မထင်မှတ်ပဲ အိမ်ထောင်ကျပြီး ကလေးရနေပြီလား...
ယန်အန်းယု အံသြသွားရင်း သူ့စိတ်တွေ မူးဝေလာသည်။ ထို့နောက် သူ့အကြည့်များက တဖြည်းဖြည်း မှုန်ဝါးလာသည်။
ထူးဆန်းတယ်...သူ့အရက်ခံနိုင်ရည်က အဲလောက် မပျော့ပါဘူး... တစ်ခွက်ထဲနဲ့ ဘယ်လိုလုပ် မူးမှာလဲ...ဖြစ်နိုင်တာက ဒီအရက်ခွက်က...
"မင်းငါ့ကိုဆေးခတ်လိုက်တာလား"
ယန်အန်းယု အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ယခု သူ့တစ်ကိုယ်လုံးပင် ပျော့ခွေနေပြီဖြစ်သည်။
"ထန်းရှောင် မင်း..."
ယန်အန်းယု နှုတ်ခမ်းကို ကိုက်လိုက်သည်။ စက်ဆုပ်စရာကောင်းလိုက်တာ...
အခုတလော သူ့စိတ်ထဲတွင် ယီချန်းယန်၏ကိစ္စများနှင့် ပြည့်နေသောကြောင့် သတိကလျော့ကျနေခဲ့သည်။
"ယန်အန်းယု သာမာန်လူတစ်ယောက်ဆို သတိလစ်သွားတာကြာပြီ...ဒါပေမဲ့ မင်းက ပိုထူးခြားတယ်... ဒါကြောင့် ငါမင်းကို ဆေးနည်းနည်းထပ်ပေးလိုက်တာ"
ထန်းရှောင်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ ပျော့ပျောင်းသော ဆံပင်များကို ပွတ်သပ်လိုက်သည်။
"စိတ်မပူပါနဲ့...မင်းကို တစ်ရေးတစ်မော အိပ်ခိုင်းရုံပါ"
နာရီအနည်းငယ်ကြာပြီးနောက် Sမြို့တော် အနောက်ပိုင်းခရိုင်၌
ယီချန်းယန်က ထန်းရှောင်၏အိမ်သို့ရောက်ရှိလာသည်။
"ကြိုဆိုပါတယ် စီနီယာယီ..."
ခန်းမထဲမှာ ရက်ပေါင်းများစွာ စောင့်နေခဲ့ရသော ထန်းရှောင်က ယဉ်ကျေးသော အပြုံးနှင့် ရှိနေဆဲဖြစ်လေသည်။
"ရှောင်ယု ဘယ်မှာလဲ"
ယီချန်းယန်၏ အကြည့်များက ရေခဲတမျှအေးစက်နေပြီး သူပတ်ပတ်လည်မှာ ခပ်နိမ့်နိမ့်ဖိအားတစ်ခုခြံရံထားသည်။သူဤမျှ ဒေါသမထွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၏။
ယနေ့နေ့လည် တစ်နာရီလောက်မှာ ယန်အန်းယုက အပြင်ထွက်သွားခဲ့ပြီး လိမ်လိမ်မာမာ ပြန်လာခဲ့မည်ဟု ပြုံးပြီး ပြောခဲ့ပေမဲ့ လေးနာရီလောက်ရောက်သည်အထိ ဘာသံမှမကြားရပေ။
ယန်အန်းယုကို စိတ်ပူသောကြောင့် ယီချန်းယန် သူ့ကိုဖုန်းဆက်လိုက်သည်။ မမျှော်လင့်ဘဲ ဖုန်းကိုင်သူက ထန်းရှောင်ဖြစ်နေခဲ့သည်။
ယီချန်းယန်၏အမူအရာက အတော်လေး အရုပ်ဆိုးနေသော်လည်း သူနှင့် အဓိပ္ပါယ်မရှိသည့်စကားများပြောချင်စိတ်ရှိမနေသည်ကိုမြင်လျှင် ထန်းရှောင်လည်း အလာပသလ္လာပများ မဖလှယ်တော့ဘဲ အသံဖမ်းဘောပင်နှင့် ဖိုင်ကို ထုတ်လိုက်သည်။
ယီချန်းယန်၏ အကြည့်များ ပြောင်းလဲသွား၏။
"ယီချန်းယန် ငါ လုံလောက်တဲ့ စုံစမ်းမှုတွေ လုပ်ထားပြီးသား...လက်စသတ်တော့ မင်းနဲ့ ယန်အန်းယုက လက်ထပ်ပြီးတာ ကြာပြီပဲ..."
ထန်းရှောင်း စကားပြောနေရင်း သရော်ပြုံးအနည်းငယ်ပြုံးလိုက်၏။
"အခြေအနေကဒီလိုဖြစ်နေပြီဆိုတော့ မင်းတို့နှစ်ယောက်ကို come outလုပ်ဖို့ ငါကူညီပေးမယ်ဆိုရင်ရော... ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာ အသံရော ဓာတ်ပုံတွေရောရှိတယ်"
၎င်းကိုကြားသောအခါ ယီချန်းယန်အသံဖမ်းဘောပင်ထဲမှာ မှတ်တမ်းတင်ထားနိုင်သည်ဆိုခြင်းနှင့် ရှေ့ကဖိုင်ထဲမှာသက်သေအချက်အလက်များရှိနေလောက်မှန်း အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။သို့ပေမဲ့ သူ့မျက်လုံးများမှာ တုန်လှုပ်ခြောက်ခြားမှုမရှိဘဲ တည်ငြိမ်နေဆဲဖြစ်လေသည်။
"ဒီလိုမျိုး ငါ့ကို မခြိမ်းခြောက်နဲ့...အသုံးမဝင်ဘူး။
"ယီချန်းယန် ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ကိုယ်တိုင် လူသိရှင်ကြားချပြပြီး မင်းရဲ့ရိုးသားမှုကို ထုတ်ပြတာနဲ့ တခြားတစ်ယောက်ယောက်က ဒါကိုထုတ်ဖော်တာနဲ့ ကြားက ခြားနားမှုတစ်ခုတော့ ရှိတယ်...မင်းက ဒီလောကမှာ ဆယ်နှစ်လောက်နေခဲ့တယ်... မင်းကိုတကယ်ဆွဲချလို့မရတာဖြစ်နိုင်ပေမဲ့ ယန်အန်းယုအတွက် တွေးဖူးလား"
လက်ရှိတွင် 'မြေခွေးနတ်ဆိုး၏ဒဏ္ဍာရီ' နှင့် 'အိပ်တစ်ဝက်နှိုးတစ်ဝက်' တွင် ယန်အန်းယု နှင့် ယီချန်းယန် နှစ်ယောက်စလုံးက အမျိုးသားဇာတ်လိုက်များဖြစ်သည်။ဒီလိုအချိန်မျိုးမှာ သူတို့က လိင်တူချင်းလက်ထပ်ထားတာ ကြာပြီဆိုတာကို တစ်စုံတစ်ယောက်က ထုတ်ဖော်လိုက်ရင် ဂယက်ကဘယ်လောက်ကြီးသွားမလဲ...
ယီချန်းယန်၏အနေအထားက အလွန်လုံခြုံသော်လည်း ယန်အန်းယုကမတူပေ။
"အဲဒါကို ငါစဉ်းစားထားတာကြာပြီ...ထန်းရှောင် မင်းကိုငါနောက်တစ်ခါထပ်ပြောမယ်...မင်းငါ့ကိုခြိမ်းခြောက်လို့မရဘူး ရှောင်ယုအတွက်လည်းအတူတူပဲ"
ယီချန်းယန်၏ မျက်လုံးများသည် အတိုင်းအတာတစ်ခုအထိ နက်မှောင်သွားခဲ့သည်။ ဟိုးရှေးရှေးကတည်းက ယခုလိုကိစ္စမျိုးကို သူ တွေးထားခဲ့သည်။ရှောင်ယုက သူနှင့်အတူရှိရန် ဆန္ဒရှိနေသရွေ့ သူတို့နှစ်ယောက် ဤလောကက နုတ်ထွက်ရလည်း အရေးမကြီးပါချေ။
"ကောင်းပြီ ဒီအရာတွေနဲ့တင် တကယ်မလုံလောက်ဘူးပဲ"
ဤကိစ္စနှင့်ပတ်သက်ပြီး ယီချန်းယန်၏သဘောထားကို နားလည်ပြီး သူ၏စိတ်ပိုင်းဖြတ်မှုနှင့် စိတ်နှလုံးနှစ်မြုပ်ထားမှုကို သိလိုက်ရသည့်အခါ ထန်ရှောင်၏ နှလုံးသားထဲတွင် အနည်းငယ်နာကျင်သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း သူက ယန်အန်းယုကို အလွန်ချစ်သည်။
ယီချန်းယန်က ယန်အန်းယုကို မြတ်နိုးပြီး ၎င်း၏ အသက်မွေးဝမ်းကြောင်းကို မဖျက်ဆီးချင်သလို ရိုးရိုးသားသားပြောရလျှင် ထန်းရှောင်လည်း မလုပ်ချင်ပေ။ သူ၏ပစ်မှတ်မှာ ယီချန်းယန်ဖြစ်သည်၊ ထို့ကြောင့် ဝူရှောက်ဘက်မှ မည်သို့ပင်ပြောသည်ဖြစ်စေ သူ ထိုအရာကို အမှန်တကယ်ပြုလုပ်မည်မဟုတ်ပေ။
"ယီချန်းယန် မင်းရဲ့ယန်အန်းယုအပေါ်ထားတဲ့ အချစ်ကို ခဏထားလိုက်ပါဦး... လွန်ခဲ့တဲ့ ရှစ်နှစ်ကအကြောင်းပြောကြမယ်ဆိုရင်ရော ဘယ်လိုလဲ"
ထန်းရှောင်၏ မျက်လုံးများ ရုတ်တရတ် နက်မှောင်သွားသည်။
ယီချန်းယန် ကြက်သေသေသွား၏။
"..."
"မင်းရဲ့တစ်ဖက်ခြမ်းအကြောင်း လူတိုင်းသိသွားရင်... အဲဒီနှစ်မှာ မင်းရဲ့သူငယ်ချင်းကောင်း ခဲ့ချင်းကို ပြန်ပေးဆွဲပြီး သူ့ခြေထောက်တွေကို ဖျက်ဆီးပစ်တာ၊ နဥ်ရှင်းဝေ မွေးရခက်ပြီး သေသွားတဲ့အထိဖြစ်စေပြီး သူများမိသားစုကို ကြေကွဲစရာအဖြစ်ဆိုးဖြစ်စေခဲ့တာကို သိသွားကြမယ်ဆိုရင် သူတို့ ဘယ်လိုတုံ့ပြန်မလဲ"
"ယီချန်းယန် မင်း ဒီကိစ္စတွေကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားဖို့ စီစဉ်ထားလဲ"
....
တစ်ဖက်တွင် ယန်အန်းယု နိုးလာသောအခါတွင် သူက ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသည်ကိုတွေ့ရသည်။သို့သော်လည်း သူ့လက်နှစ်ဖက်စလုံးကို လက်ပြန် ချည်နှောင်ထားသောကြောင့် လှုပ်ရှားရန် ခက်ခဲသည်။
သူနှင့် မျက်နှာချင်းဆိုင်က ဆိုဖာပေါ်တွင် လှပသော မင်းသမီးလေးလို ၀တ်ဆင်ထားသော ကလေးမလေးတစ်ဦး ရှိသည်။ကြည့်ရသည်မှာ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ရှိပြီဖြစ်၏။
"မင်းက... မင်းက"
ယန်အန်းယု ပဟေဠိဖြစ်စွာ ပြောလိုက်တယ်။ သူ့ကို ဤကလေးမလေးနှင့် ဤအခန်းထဲတွင် သော့ခတ်ထားပုံရသည်။
"ရှောင်ယုကောကော နိုးပြီလား"
ယန်အန်းယု၏စကားကိုကြားသောအခါ ကောင်မလေးက ချက်ချင်း ချိုမြိန်စွာ ပြုံးလိုက်သည်။
"သမီးနာမည်က ခဲ့မုန့်အိုက်လို့ခေါ်တယ် အမ်း သမီးက... သမီးက ကောကောကို ဖန်တစ်ယောက်အနေနဲ့ အရမ်းသဘောကျတာ"
စကားအဆုံးသို့ရောက်သွားသောအခါတွင် ကလေးမလေးက သူမ၏ အိုင်ဒေါနှင့်တွေ့ရသည့်အတွက် အနည်းငယ်ပင်ရှက်နေဟန်ရှိလေသည်။
သူ့ဖန်လေးလား...
ယန်အန်းယုက အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး မသေချာမရေရာဖြစ်နေဆဲဖြစ်လေသည်။
ခဲ့မုန့်အိုက်မှာ နူးညံ့ပြီး ချစ်စရာကောင်းသော မျက်နှာလေးရှိသည်။ သူမ၏ သပ်သပ်ရပ်ရပ် ညှပ်ထားသော ဆံမြိတ်အနားစွန်းများအောက်တွင် ရှည်လျားသော မျက်တောင်ရှည်များဖြင့် အလွန်ကြီးမားသောမျက်လုံးတစ်စုံရှိသည်။ သို့သော်လည်း သူမ၏ မျက်လုံးများထဲတွင် အနည်းငယ်သော တောက်ပမှု သို့မဟုတ် အသက်ဝင်နေမှုတို့ပင် ရှိမနေဘဲ၊ သူမသည် ဦးတည်ရာတစ်ခုတည်းကိုပဲ စွဲမြဲစွာ စိုက်ကြည့်နေသည်။
"မင်း... မင်းကမမြင်ရဘူးလား"
ယန်အန်းယုက မေးသည်။
"အင်း သမီးက မျက်မမြင်ပါ...မွေးကတည်းက မမြင်ရတာ"
👥️