🌍Chapter 105
"သူပဲ မျဥ်းပေါ်ကမလျှောက်နဲ့လို့ မပြောခဲ့ဘူးလား"
လူရွယ်က ပန်းကိုလက်ညှိုးထိုးလျက် တည်တံ့စွာဆိုလာသည်။
လရောင်ပန်းက ပြဇာတ်တစ်ပုဒ်ကိုကြည့်နေသည့်နှယ် သူတို့ကိုစိတ်၀င်စားစွာကြည့်နေခဲ့သည်။ သူ၏အမည်ကို ထည့်ပြောခံလိုက်ရသည်နှင့် သူကခတ္တမျှအေးခဲသွားပြီးမှ ညင်သာစွာလှုပ်ခါလိုက်ပြီး ဆိုလာခဲ့သည်။
"အင်းလေ မျဥ်းပေါ်ကလျှောက်ရင် နှစ်ဖက်လုံးကိုရွေးတာနဲ့အတူတူပဲ...ငါမလိမ်ဘူး"
ကလေးမျက်နှာနှင့်လူရွယ်က ပြုံးလိုက်သည်။
"ငါမင်းကို ယုံတယ်"
လရောင်ပန်း "..."
လရောင်ပန်းသည် သူ့ကို ယုံကြည်မည့်သူရှိသည်ဟု ထင်ထားပုံမရချေ။ သူကဖန်ပေါင်းချောင်အောက်တွင် သူ၏ပွင့်ဖတ်များကို အတော်ကြာလှုပ်ခါနေခဲ့လေသည်။
ထန်မော့ လရောင်ပန်းနှင့် လူရွယ်တို့က်ို ကြည့်လိုက်ပြီးမှ ဆက်ပြောလာခဲ့သည်။
"ငါလည်း မျဥ်းပေါ်ကလျှောက်ဖို့ အားမပေးချင်ဘူး ဒီမျဥ်းကပါးလွန်းတယ်... ခြေဖျားထောက်ပြီးလျှောက်ရင်တောင် နှစ်ဖက်လုံးကို ထိနေဦးမှာပဲ "
သူကကလေးမျက်နှာနှင့် လူရွယ်ကိုကြည့်လိုက်သည်။
"မစ်စတာဘရုစ်ခင်များ ဘယ်ဘက်ကို ရွေးမလဲ"
လူရွယ်ကတုန့်ပြန်လာသည်။
"မင်းတို့ရွေးတာအရင်ကြည့်ပြီးမှ"
ထန်မော့အမျိုးသမီးကိုကြည့်လိုက်မိသည်။ အမျိုးသမီးမှာ အနည်းငယ်တုန့်ဆိုင်းနေလျက် ခတ္တမျှတွေးတောနေပြီးမှ ဆိုလာသည်။
"ရှင်ကရော"
ထန်မော့သည် ဤလူ၂ဦးက သူ၏ဂိမ်းကူပစ္စည်းကို မြင်ရတော့မှာဖြစ်၍ ဘာမှဖုံးကွယ်နေတော့ချေ။ တိုက်ရိုက်ပြောလိုက်သည်ကပိုကောင်းလေသည်။
"နံရံပေါ်ကနေလျှောက်မလို့ ကျွန်တော့်မှာ မြေဆွဲအားကိုဆန့်ကျင်ပြီး ဘယ်နံရံမှာမဆို ၁၀မိနစ်လောက်လျှောက်လို့ရတဲ့ ပစ္စည်းရှိတယ်"
ဤသည်မှာ ထန်မော့ဤဂိမ်းကူပစ္စည်းကို ပထမအကြိမ်အသုံးပြုခြင်းဖြစ်သည်။
"ဘယ်လမ်းပဲရွေးရွေး အန္တရာယ်ရှိတယ်လေ ဒါကြောင့် နံရံပေါ်ပဲလျှောက်မလို့"
အမျိုးသမီးက ထန်မော့ကို အံ့သြစွာ ကြည့်လျက်ရေရွတ်လိုက်သည်။
"အဲလိုလည်းရတာလား"
ထန်မော့ကလရောင်ပန်းကိုကြည့်လိုက်ကာ...
"သူကမရဘူးလို့မပြောဘူးလေ"
လရောင်ပန်းကဆိုလိုက်သည်။
"ငါလည်း အဲဒါကို မတွေးကြည့်ဖူးဘူး ဒါပေမယ့်ရမယ်ထင်တယ်"
အမျိုးသမီးက ထန်မော့စကားကို နားထောင်ပြီးနောက် နံရံဘက်သို့လျှောက်သွားလျက် ဖြစ်နိုင်ချေများကို တွေးတောတော့သည်။ သို့သော် သူမ မကြာခင်မှာပင် လက်မှိုင်ချသွားခဲ့သည်။
ထန်မော့သည်လည်း နံရံပေါ်၁၀မီတာခန့်ကို သူ့ဖိနပ်မပါပဲ လျှောက်၍မရချေ။ ဤနံရံပေါ်လျှောက်သည့်နည်းမှာ ထန်မော့တစ်ယောက်တည်းအတွက်သာအလုပ်ဖြစ်လေသည်။ သူမနှင့် လူရွယ်ကလိုက်မလုပ်နိုင်ချေ။
အချိန်များကုန်လွန်သွားပြီး အမျိုးသမီးက လမ်းနှစ်လမ်းကြားဗျာများနေခဲ့သည်။ သူမ ဘယ်ဘက်ကိုသွားလိုက် ညာဘက်ကိုသွားလိုက်ဖြင့် မဆုံးဖြတ်နိုင်ချေ။ ထန်မော့လည်းနားလည်လေသည်။ မည်သူမျှ ပထမဆုံးသူမဖြစ်ချင်ကြချေ။ ဤကဲ့သို့ဆက်လုပ်နေမည်ဆိုပါက မည်သူမျှရှေ့ဆက်သွားနိုင်တော့မည် မဟုတ်။
အမျိုးသမီးက အကြံပေးလာခဲ့သည်။
"ငါတို့၃ယောက်လုံးတစ်ချိန်တည်းသွားရအောင်"
ထန်မော့သူမကိုကြည့်လိုက်မိသည်။
အမျိုးသမီးက ထန်မော့၏ အကြည့်ကြောင့် တုန်လှုပ်မသွားပဲ တည်ငြိမ်စွာဆိုလိုက်သည်။
"ဘယ်သူမှ အရင်မသွားချင်ဘူး... အမှန်အတိုင်းပြောရရင် ကျွန်မလည်းမသွားချင်ဘူး... ဒီအတိုင်းသာဆို အရံမစ်ရှင်ကို အပြီးသတ်နိုင်တော့မှာမဟုတ်ဘူ ဒီတော့အတူသွားရအောင် မျှတတယ်မလား"
အမျိုးသမီး ကလေးမျက်နှာနှင့် လူရွယ်ကိုကြည့်လိုက်သည်။
သူကပြုံးလျက်...
"သဘောတူတယ်"
သူမကထန်မော့ကိုကြည့်လာပြန်သည်။
ထန်မော့ကတည်ငြိမ်စွာပင်ဆိုသည်။
"ကောင်းပြီ"
အမျိုးသမီးမှာ အသက်ကို ပြင်းပြင်းရှုသွင်းလျက် ပြန်ရှုထုတ်လိုက်သည်။
"ဒါဆို အတူသွားကြစို့... ငါတို့အခုဒီမျဥ်းမှာရပ်နေတယ် ၁၀စက္ကန့်ထဲမှာ ငါတို့လမ်းကိုရွေးပြီး အတူသွားကြမယ် အသင့်ဖြစ်တာနဲ့ တစ်ယောက်ရဲ့ကျောမှာတစ်ယောက်လက်ကိုကာထားပြီး နောက်ပြန်ဆုတ်လို့မရအောင်တားထားမယ်"
၄င်းနားထောင်နေပြီးနောက် လူရွယ်က အမျိုးသမီးအား စိတ်၀င်စားစွာကြည့်လာခဲ့သည်။ ထန်မော့ကမူ သူမကို အမူအယာမဲ့စွာပင်ကြည့်နေခဲ့သည်။
မိနစ်၀က်ကြာပြီးသည်နှင့် ထန်မော့ရော လူရွယ်ပါ အတူတကွဆိုလာခဲ့သည်။
"ကန့်ကွက်စရာမရှိဘူး"
အမျိုးသမီးကဆိုလာသည်။
"ဒါဆို ဒီနားလာရပ်ပါ"
ထန်မော့အမျိုးသမီး၏ စကားကို နားလည်လေသည်။ အမျိုးသမီးမှ ဤအကြံကိုထုတ်မပြောလာခင်ကပင် ထန်မော့လည်းထိုသို့ တွေးနေခဲ့ခြင်းဖြစ်သည်။
လရောင်ပန်းကိုဖမ်းဆုပ်ခြင်းဂိမ်းကို မစတင်ရသေးခင်မှာပင် လူ၃ယောက်ကြားတွင် သံသယမျိုးစေ့က ပျိုးထားနှင့်ပြီးဖြစ်သည်။ မိမိတို့၃ဦးမှာ သူငယ်ချင်းများမဟုတ်ချေ။ အကယ်၍ ဂိမ်းကို သေချာမတွေးတောမိပါက လူသုံးယောက်မှာ မှန်ကန်သောလမ်းကိုလည်း ရွေးချယ်နိုင်မည်မဟုတ်ပဲ လူ၃ယောက်မှာလည်း ထိပ်တိုက်တွေ့လာနိုင်လေသည်။
အဘယ်ကြောင့်မူ မည်သူကမျှ ပထမတစ်ယောက်မဖြစ်ချင်ကြ၍ပင်။
ရွေးချယ်စရာ၂လမ်းသာရှိသည်။ ပထမလူကတစ်လမ်းကိုရွေးလိုက်သ၍ ကျန်လူ၂ဦးမှာ မှန်ကန်သောလမ်းကို လွယ်ကူစွာရွေးနိုင်ပြီဖြစ်သည်။ သို့ဆိုလျှင် ပထမလူမှာ ကျန်လူ၂ယောက်အတွက် ငါးစာဖြစ်သွားမည်မဟုတ်ပါလား။
ထိုစဥ်မှာပင်အမျိုးသမီးမှာ ၃ယောက်လုံးအတွက် ထိုအကြံကိုပေးလာခဲ့သည်။
၃ယောက်လုံးအတူသွားခြင်းကသာ အငြင်းပွားမှုကို ရှောင်ရှားနိုင်ချေမည်။ ၄င်းမှာ အမျှတဆုံးနည်းဖြစ်သော်လည်း ပါးစပ်မှထုတ်ပြောရသည်မှာ ရက်စက်လွန်းလှသည်။ မည်သူမှ တိတ်တဆိတ်နောက်မဆုတ်နိုင်စေရန် တစ်ယောက်ကိုတစ်ယောက် နောက်မှ တွန်းထားရချေမည်။ အချိန်ပြည့်သည်နှင့် ကိုယ့်အသင်းဖော်ကိုကိုယ် အပြန်အလှန်တွန်းထုတ်ကြရမည်ဖြစ်သည်။
မသွားချင်ရင်လည်း သွားကိုသွားရတော့မည်။
ထန်မော့နံရံပေါ်မှလျှောက်ရန်ရွေးချယ်ခဲ့သည်။ သူကလမ်း၂လမ်းကိုကြည့်လျက် သူ၏အင်္ကျီလက်မှ ကြယ်သီးဆွဲဖြုတ်လိုက်သည်။ ထို့နောက် ကြယ်သီးကို လေထဲပစ်လိုက်ပြီးမှ ပြန်လည်ဖမ်းယူလိုက်သည်။ ထို့နောက်သူသည်လက်ကိုပြန်ဖွင့်လျက် ကြယ်သီးအရှေ့လားအနောက်လားဆိုသည်ကို စစ်ဆေးကြည့်လိုက်သည်။
လူရွယ်ကသူ၏အနားသို့လျှောက်လာကာဆိုသည်။
"ကျောက်ကျောက် မင်းဒါတွေကိုယုံနေတုန်းလား"
ထန်မော့မှာ အေးခဲသွားလျက် ကျောက်ကျောက်ဟူသောခေါ်သံကို ရုတ်ချည်းမတုန့်ပြန်နိုင်ခဲ့ချေ။ လူရွယ်က သူ၏လက်ကို ထန်မော့မျက်နှာရှေ့သို့ဝေ့ယမ်းလာခဲ့လျှင် သူကသတိပြန်၀င်လာပြီး အေးစက်စွာဆိုလိုက်သည်။
"မစ်စတာဘရုစ် ကျွန်တော့်မျိုးရိုးနာမည်က ကျောက်ပါ... ကျောက်ကျောက်လို့မခေါ်ပါနဲ့ ရွံစရာကောင်းလွန်းတယ်"
လူရွယ်ကပေါတောတောနှင့်ပြုံးလိုက်ကာ
"နာမည်ပြောင်လေးပေးတာလေ မကောင်းဘူးလားမင်းရဲ့ မျိုးရိုးနာမည်ကသူ့ထက်ပိုခေါ်လို့ကောင်းသေးတယ် သူ့ကိုခေါ်ရင်ကျ ၀မ်၀မ်တဲ့"
အမျိုးသမီးမှာ နှာခေါင်းရှုံ့လိုက်သည်။
"ငါ့ကိုအဲလိုမခေါ်နဲ့ ကျေးဇူး"
သို့နှင့်တင်းကြပ်နေသောလေထုမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။ ထန်မော့က ဘယ်ဘက်တွင်ဖြစ်ကာ အမျိုးသမီးက အလယ်တွင်ဖြစ်ပြီး လူရွယ်မှာမူ ညာဘက်တွင်ဖြစ်သည်။ လူသုံးယောက်မှာ ငွေရောင်မျဥ်း၏ အစပိုင်းတွင်ရပ်နေခဲ့ကြသည်။
"ငါနံပါတ်စဥ်ရေပေးရင်ရော ဘယ်လိုလဲ"
လူရွယ်ကရုတ်တရက်ဆိုလာသည်။ ထန်မော့နှင့်အမျိုးသမီးမှာ သူ့ကိုကြည့်လိုက်လျှက် သူကဆိုလာခဲ့သည်။
"ဘယ်သူပဲရေရေရပါတယ် တပြိုင်တည်း တွန်းလွှတ်ဖို့ပဲလိုတာလေ မျှတပါတယ် ငါတို့အတူတူသွားကြမှာပဲလေ ဒီတော့ ငါရေမယ်လေ ငါကကံကောင်းတယ်နော် လူတွေကငါ့ကို ဖိုးကံကောင်း ယောင် ကံကောင်းတဲ့ ဘရုစ်လို့ခေါ်ကြတာ"
ယောင်...ယောင်ကသူ့နာမည်လား...
ထန်မော့တွေးလိုက်မိသည်။
အမျိုးသမီးကဆိုလိုက်သည်။
"ကျွန်မမှာ ပြောစရာမရှိဘူး"
"အဆင်ပြေတယ်"
ကလေးမျက်နှာနှင့်လူရွယ်က ပြုံးလိုက်သည်။ သူကအမျိုးသမီး၏ကျောကိုလက်ဖြင့် တွန်းထားပြံး အမျိုးသမီးမှာတော့ ထန်မော့နှင့် လူရွယ်၏ကျောကို တွန်းထားခဲ့သည်။ လူ၃ယောက်မှာ ရှေ့သို့တူရှုကြည့်နေခဲ့ကြသည်။
တိတ်ဆိတ်သော ကော်ရစ်တာတွင် ကီးမကျသော သီချင်းသံတစ်ခုထွက်လာခဲ့သည်။
"တစ်ဆယ်..."
ထန်မော့နှင့် အမျိုးသမီးမှာ မျက်မှောင်ကျုံ့လိုက်မိကြသည်။
လူရွယ်မှာ ထူးဆန်းသော အသံဖြင့်သီဆိုနေခဲ့ပြီး ၄င်းမှာ သူ၏ကိုယ်ပိုင် သံစဥ်ဖြစ်ပုံပင်။
"၉လေးလာနေပါပြီ ၈လေးကဘယ်မှာလဲ ၇လေးလည်းရှိတာပဲ..."
"တော်လောက်ပြီ နင် လူလိုမရေနိုင်ရင် ငါရေမယ်"
အမျိုးသမီးမှာသည်းမခံနိုင်တော့ချေ။
လူရွယ်မှာ ညှိုးငယ်သောအမူအယာဖြင့် ဆိုသည်။
"စိတ်သိပ်မလှုပ်ရှားရအောင်လို့ပါ ဒါဆိုလည်း ရိုးရိုးပဲရေမယ် ၁၀ ၉ ၈..."
လူရွယ်အတည်အတံ့ ရေလာသည်ကို ကြားလျှင် ထန်မော့ အသက်ရှူအောင့်လိုက်မိသည်။ သူ၏မှော်ဖိနပ်ကို သုံး၍ ဘယ်ဘက်နံရံပေါ်ပြေးရန် အသင့်ပြင်ထားခဲ့သည်။ ဤသည်မှာ သူ၏ကြယ်သီးခေါင်းပန်းလှန်ရာမှ ရလဒ်ဖြစ်သည်။ သူသည် ဘယ်ဘက်နံရံနှင့် ညာဘက်နံရံကို ကြယ်သီးခေါင်းပန်းလှန်လျက် ရွေးချယ်ခဲ့ရလေသည်။
"၆ ၅ ၄ ၃ ၂ ၁"
နောက်ဆုံး၄စက္ကန့်မှာ ပို၍လျင်မြန်လာခဲ့ကာ စက္ကန့်တည်းဖြစ်လုနီးပါးပင်။ ထန်မော့နှင့် အမျိုးသမီး အသင့်မဖြစ်ခင်မှာပင် လူရွယ်က အမျိုးသမီးကိုရှေ့သို့တွန်းပို့လိုက်တော့သည်။ အမျိုးသမီးကလည်ူ အလျော့မပေးလိုပဲ ထန်မော့နှင့် လူရွယ်တို့ကို အားကုန်သုံးလျက် တွန်းလိုက်တော့သည်။
ထန်မော့ နံရံပေါ်တက်ကာ ပထမတစ်လှမ်းကို လှမ်းလိုက်လေသည်။ သူ၏မှော်ဖိနပ်များ အကူအညီနှင့် သူ၏ကိုယ်ကိုလျင်မြန်စွာ တည်ငြိမ်အောင် ထိန်းနိုင်လိုက်သည်။ ထို့နောက် သူကမော့ကြည့်လိုက်လျှင် အံ့အားသင့်မိသွားတော့သည်။
လူရွယ်နှင့် အမျိုးသမီးမှာ လမ်းမှန်ကိုတကယ်ကြီး ရွေးချယ်မိလေသည်။
လမ်းမှန်ကိုရွေးချယ်မိနှုန်းမှာ ၅၀ရာခိုင်နှုန်းရှိသော်လည်း နှစ်ယောက်လုံးလမ်းမှန်ကိုရွေးချယ်မိနှုန်းမှာတော့ ၄ပုံ၁ပုံသာရှိလေသည်။ ဤဖြစ်နိုင်ချေမှာ တကယ်တော့ သိပ်မနိမ့်လှချေ။ ထန်မော့မှာ ခတ္တမျှသာ အံ့သြနေလျက် ရှေ့သို့အရှိန်မြှင့်ကာဆက်ပြေးသွားလိုက်သည်။
သူ၏အလျင်နှင့်ဆိုပါက ၁၀မီတာကို ၂စက္ကန့်အတွင်းအရောက်သွားနိုင်သည်။ သို့သော် သူရှေ့ကိုလှမ်းလိုက်ချိန်မှာပင် နားကွဲနိုင်လောက်သည်အထိကျယ်လောင်သော အသံကြီးက ကော်ရစ်တာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။
ထန်မော့ရပ်နေသော နံရံမှလွဲလျှင် ကော်ရစ်တာ၏ ကြမ်းပြင်မှာ ရုတ်ချည်ပြိုကျလာခဲ့လေသည်။
၄င်းမှာ သူ၏ဘက်ရှိ ကော်ရစ်တာသာမဟုတ်ပဲ အမျိုးသမီးနှင့်လူရွယ်ရပ်နေသော ကော်ရစ်တာကပါ ပြိုကျသွားခြင်းဖြစ်လေသည်။
၃ယောက်သားမှာ ချက်ချင်းနားလည်သွားခဲ့သည်။
အမျိုးသမီးမှာ အော်ဟစ်လိုက်သည်။
"နင်လိမ်တယ် နှစ်ဘက်လုံးက ထောင်ချောက်ပဲ"
လရောင်ပန်းက ရယ်မောလိုက်သည်။
လမ်း၂လမ်းလုံးမှာ ထောင်ချောက်များရှိသော်လည်း နှစ်ဘက်လုံးရှိ ထောင်ချောက်များမှာ မတူညီချေ။ ထန်မော့ဘက်ခြမ်းရှိကြမ်းပြင်မှာ ပြိုကျသွားပြီးနောက် အောက်တွင် အဆုံးမဲ့သောအနက်ရောင် တွင်းပေါက်ကြီးရှိသည်။ ငွေရောင်မျဥ်းရှိခဲ့သောနေရာတွင်မူ ထွင်းဖောက်မြင်ရသော နံရံတစ်ခုရှိနေခဲ့ပြီး တခြားတစ်ဖက်နှင့်ခွဲခြားထားလေသည်။
လူရွယ်၏တုန့်ပြန်မှုမှာ အမြန်ဆုံးပင်။ ထိုကြမ်းပြင်ပြိုကျချိန်မှာပင် သူကဓါးမြှောင်တစ်လက်ကို အလျင်အမြန်ပစ်လိုက်သည်။ ထိုဓါးမြှောင်မှာ လရောင်ပန်းရှိနေသော သစ်သားစင်ကိုစိုက်နေခြင်းပင်။
လူရွယ်မှာ ထိုဓါးမြှောင်နှင့်တွဲလျက်၀ါယာကြိုးကိုဆွဲလျက် နံရံကိုနင်းလိုက်သည်။ သူသည်ထိုဓါးမြှောင်၏ဆွဲအားကိုသုံးလျက် လေထဲတွင်ခုန်လိုက်ကာ သစ်သားစင်၏ဘေးရှိကြမ်းပြင်ပေါ်ကျသွားခဲ့သည်။
ထန်မော့ဘက်တွင်ကား အလွန်ဆိုးရွားလှသည်။
ထိုကြမ်းပြင်ပြိုကျသွားပြီးနောက် အောက်မှ သွေးများစိုရွှဲနေသော ကြီးမားသောလက်ကြီးတစ်ဖက်က ထိုတွင်းပေါက်ထဲမှ ထွက်လာပြီး ထန်မော့ကို ဆွဲလိုက်သည်။ ထန်မော့ နံရံတစ်လျှောက်ဆက်တိုက်ပြေးလျက် ထိုလက်ကိုရှောင်ရှားလိုက်သည်။ လက်ဖ၀ါးကြီးမှာ နံရံကို တဘုန်းဘုန်းရိုက်နေခဲ့သည်။ ထို့နောက် ၄င်းကပျောက်ကွယ်သွားပြီးနောက် ပြင်းထန်သော စုပ်အားကြီးတစ်ခု ထိုတွင်းပေါက်ကြီးထဲမှ ထွက်ပေါ်လာခဲ့ပြန်သည်။
အမျိုးသမီးမှာလည်း အဆုံးမှတ်ကိုရောက်ရှိရန် လက်နက်တစ်မျိုးကို အသုံးပြုနေခဲ့လေသည်။ သို့သော် ထိုစုပ်အားကြီးကြောင့် သူမ၏လက်နက်မှာလည်း ပြုတ်ကျသွားခဲ့သည်။ သူမမှာ အဆုံးသတ်ကိုရောက်ခါနီး ၁မီတာအလိုတွင် ပြန်လည်ဆွဲယူခံလိုက်ရကာ ကြောက်လန့်တကြား အော်ဟစ်လိုက်တော့သည်။
ထန်မော့အတွက်လည်း အတူတူပင်။ သူသည်နံရံပေါ်တွင် လမ်းလျှောက်နိုင်သော်လည်း နံရံမှာ ပြိုလာပြီး အောက်မှလဲ လေ၀ဲကြီးက စုပ်ယူနေသေးသည်။
ထိုစဥ် ထန်မော့က အဆုံးသတ်မျဥ်းပေါ်မှ ကလေးမျက်နှာနှင့် လူရွယ်ကို မော့ကြည့်ရန် တွန့်ဆုတ်မနေခဲ့ချေ။
ဘရုစ်ခေါ် မျိုးရိုးအမည် ယောင်ဖြစ်သူမှာ သူ၏အသင်းဖော်၂ဦးကို စိတ်၀င်စားစွာ ကြည့်ရှုနေခဲ့သည်။
ထန်မော့ လက်ကိုဆန့်လျက် သူ၏လက်၀ါးကို လူရွယ်၏မျက်နှာထံ ချိန်ရွယ်လိုက်သည်။ ရာဘာကြိုးတစ်ခူက သူ၏လက်ဖ၀ါးမှထွက်လာပြီး လူရွယ်၏လက်မောင်းကို ချည်နှောင်ပြီးသားဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အမျိုးသမီးကလည်း လုံး၀ပြုတ်ကျမသွားခင် လူရွယ်၏ဘောင်းဘီကို တင်းကြပ်စွာ ဖမ်းဆွဲထားခဲ့လေသည်။
ထိတ်လန့်မှုတစ်ခုက လူရွယ်၏မျက်နှာတွင် ထင်ဟပ်လာခဲ့သည်။
လေ၀ဲမှာ အလွန်ပြင်းထန်လှကာ ထန်မော့ရော အမျိုးသမီးပါ ၄င်းထံမှ ဆွဲယူခံနေရလေသည်။ လူရွယ်မှာ သူတို့၂ဦးကို ကြည့်နေခဲ့ကာ သူ၏ကိုယ်မှာလည်း အဆုံးမဲ့သော တွင်းထံသို့တဖြည်းဖြည်းနီးကပ်လာခဲ့သည်။
သူ၏မျက်လုံးများမှာ အေးစက်နေသော်လည်း သူကပြောင်စပ်စပ်စကားများကို ဆိုနေဆဲပင်။
"ဟေး ငါ့ကို ဆွဲမချနဲ့လေ"
အမျိုးသမီးက သူ့အား အသနားခံစွာဆိုလာသည်။
"ငါ့ကို ကယ်ပါ"
🪩