Chapter 110
Viewers 6k

🌍Chapter 110



သို့​သော် မကြာခင်မှာပင် လူရွယ်မှာ ထန်​မော့ထံမှလျစ်လျူရှုခံလိုက်ရပြန်သည်။ 


ထန်​မော့ လူရွယ်ကို ဂရုစိုက်မ​နေပဲ ​ကောင်​လေးကိုသာ လမ်းကိုဆက်​ရွေးခိုင်း​နေခဲ့သည်။ လမ်းခွဲအလွန်များကာ ​ရွေးချယ်ရခက်​သော ​လမ်းဆုံများကိုကြုံမှ လူရွယ်၏သ​ဘောကို​မေးတတ်သည်။ သူကလူရွယ်ကိုဘယ်ဘယ်ကိုသွားမလဲဟု​မေးတိုင်း သူ၏အပြုံးမှာ စိတ်၀င်စားစရာတစ်ခုခုကို​တွေ့လိုက်ရသည့်နှယ် ပိုပို​တောက်ပလာခဲ့​လေသည်။


လူ၃​ယောက် ၂နာရီ​ကျော်ကြာ ​လျှောက်လာခဲ့ပြီးဖြစ်သည်။


လမ်းခွဲ၇ခုရှိ​သော လမ်းဆုံတစ်ခုကို​ရောက်​သော် ၃​ယောက်လုံးရုတ်ချည်း ရပ်တန့်သွားခဲ့သည်။


"လမ်းခွဲ၃ခုရှိတဲ့ လမ်းဆုံကို​တွေ့ကတည်းက ဂိမ်းကငါတို့ကိုလွယ်လွယ်​တော့လွှတ်​ပေးမှာ မဟုတ်ဘူးလို့ ထင်ထားသားပဲ" 


ထန်​မော့ရုတ်တရက်ဆိုလာလျှင် ကျန်၂​ယောက်က သူ့ကိုကြည့်လာခဲ့သည်။ ထန်​မော့က တပုံစံတည်းတူ​နေ​သော ​ကော်ရစ်တာ၇ခုကိုကြည့်လိုက်သည်။


"ကန့်သတ်ချိန်က၃နာရီ ရတနာ​ကော်ရစ်တာမှာက လမ်းဆုံ ၉၉၉ခုရှိတယ်... သာမာန်ဆို လမ်းဆုံတစ်ခုက​နေ ​နောက်တစ်ခုကိုကူးရင် စက္ကန့်၃၀ပဲကြာတယ်... ၃နာရီက ၁၀၈၀၀စက္ကန့်ရှိတယ်... ငါတို့တစ်စက္ကန့်မှမဖြုန်းတီးဘူးဆိုရင် လမ်းခွဲ၃၆၀စာ​​ရောက်နိုင်တယ်"


​ကောင်​လေးကသ​ဘောတူလာခဲ့သည်။


"ဟုတ်တယ် ကျွန်​တော်အစကတည်းက ထင်သားပဲ အ​ရေးကြီးဆုံးက လမ်းခွဲ​တွေပဲ"


လွန်ခဲ့သည့် ၂နာရီခန့်ကပင် ​ကောင်က​လေးမှာ ထန်​မော့အားဤအ​ကြောင်းကို သတိ​ပေးချင်​နေခဲ့ခြင်းဖြစ်သည်။ 


"အနက်​ရောင်​မျှော်စင်ရဲ့ ဂိမ်းစည်းမျဥ်းက​ပြောခဲ့တာက လမ်းဆုံတစ်ခုတိုင်း အနည်းဆုံး လမ်းဆုံးတစ်ခုစီရှိမယ်ဆိုတာ​လေ... လမ်းခွဲ၂ခုကိုထားလိုက်ပါ​တော့... တစ်ခုမှား​နေရင်​နောက်တစ်ခုကိုသွားလို့ရ​​သေးတယ်...ဒါ​ပေမယ့်ဒီလို လမ်းခွဲ​တွေအများကြီးမှာဆို တစ်လမ်းမှာပဲ အ​စောင့်​တွေရှိမှာဆိုရင် ကျွန်​တော်တို့အတွက် လမ်းမှားကို​ရွေးမိဖို့သိပ်လွယ်မှာ... စစချင်းတစ်လမ်းကို​ရွေးပြီးလို့ဆက်သွားရင် မှန်ချင်မှန်​နေ​လောက်​ပေမယ့် ​အဆုံးကျ လမ်းဆုံး​တွေချည်းလည်းဖြစ်​နေနိုင်တယ် "


သူက​မော့ကြည့်လိုက်သည်။


"အနက်​ရောင်​မျှော်စင်က လမ်းတိုင်းမှာ လမ်းမှန်တစ်ခုစီရှိမယ်လို့​တော့မ​ပြောထားဘူး​လေ" 


ထန်​​မော့ ဤတည်ငြိမ်ပြီး စဥ်းစား​တွေး​ခေါ်တတ်​သော က​​လေးကိုကြည့်လိုက်သည်။ 


"အင်း ငါတို့လမ်းဆုံးရှိပဲရှိတဲ့ လမ်းဆုံတစ်ခုကိုလည်း​ရောက်လာနိုင်တယ်...ဘာလို့ဆို ငါတို့အစကတည်းက လမ်းမှားကို​ရွေးခဲ့မိတာမို့လို့ပဲ .. လမ်းဆုံတစ်ခုမှာ ငါတို့​ရွေးခဲတဲ့လမ်းကမှန်တယ်ထင်ခဲ့​ပေမယ့် တကယ်တမ်းမှာ လမ်းမှားဖြစ်​နေတာမျိုး​ပေါ့...ဒီလမ်း​ကြောင့်ငါတို့အ​နှေးနဲ့အမြန် လမ်းဆုံးကို​ရောက်သွားမှာပဲ  ဒီဟာက၀င်္ကပါလိုပဲ... ငါတို့လမ်းမှားကို​​ရွေးမိမှန်းကို သတိထားမိဖို့​တောင် အချိန်အ​တော်ကြာ​လောက်တယ်"


လူရွယ်ကလက်​ထောင်လာလျက်ဆိုသည်။ 


"ဒါကိုအခုမှ​ပြော​နေလို့ ဘာအသုံး၀င်လို့လဲ" 


ထန်​မော့သူ့အားကြည့်လိုက်သည်။ 


" အသုံး၀င်တာ​ပေါ့...ငါတို့ ​ပေးထားတဲ့အချိန်နဲ့ ၉၉၉လမ်းဆုံလုံးကိုမ​ရောက်နိုင်ဘူး ပြီး​တော့လမ်းမှားကိုပဲ ထပ်ခါထပ်ခါ​ရွေးမိနိုင်တဲ့ဖြစ်နိုင်​ချေလည်းရှိ​သေးတယ်...ပြီး​တော့ငါတို့လမ်းမှား​နေသ၍ အ​စောင့်​တွေနဲ့လည်းတိုးဦးမှာ... အ​စောင့်​တွေရဲ့ သန်မာမှုကလည်း ပိုပိုတိုးလာတာဆို​တော့ ငါတို့သူတို့ကို မနိုင်နိုင်ဘူး... အ​နှေးနဲ့အမြန်​သေကြမှာပဲ... ဒီ​တော့ ငါက​တော့ ​ကော်ရစ်တာကထွက်နိုင်တဲ့လမ်းရှိမယ်မထင်ဘူး... ဘယ်သူမှလဲ မထွက်နိုင်​လောက်ဘူး"


လူရွယ်၏အမူအယာမှာ ရှုပ်​ထွေးသွားသည်။ 


"ဒါ​ပေမယ့်တစ်​ယောက်​ယောက်ကထွက်သွားတယ်​လေ...အဲဒီကျီးကန်းနှစ်​ကောင်​ပြော​တော့ ​ကောင်မ​လေးတစ်​ယောက်က ထွက်သွားတယ်ဆို"


၄င်းမှာ ပထမအရံမစ်ရှင်တုန်းက ထန်​မော့ လူရွယ်နှင့် ​ကော်လာဖြူအမျိုးသမီးတို့အတူတကွကြားခဲ့ရ​သော စကားပင်။ ၄င်းဆို့က ရတနာ​ကော်ရစ်တာမှ ထွက်သွားနိုင်​သော ​မိန်းက​လေးတစ်ဦးသာရှိဖူးသည်ဟုဆိုခဲ့သည်။


ထန်​မော့က​ဖျော့​တော့စွာပြုံးလျက် ဆိုသည်။


"အင်း ငါသိတယ် ဒီ​ကော်ရစ်တာကထွက်ဖို့ နည်းလမ်းရှိမှာပါ"


လူရွယ်ကထပ်၍ပြုံးလာခဲ့ပြန်သည်။


​ကောင်​လေးမှာလည်း တစ်ခုခုကိုနားလည်သွားသည့်နှယ်


"အစ်ကိုလမ်းမှန်ကိုရှာ​တွေ့ပြီလား"


ထန်​​မော့သူ့ကို ငုံ့ကြည့်လိုက်သည်။ 


"မင်း ​ရေပန်းရုပ်ထုကိုမှတ်မိ​သေးလား ဂျိုမွန်ဂန်ဒါဆိုတဲ့ ဒဏ္ဍာရီလာသတ္တ၀ါကြီး​လေ... သူ့အမြှီးကိုသူပြန်စား​နေတဲ့ ​အဲဒီ​မြွေလိုပဲ ဒီ​ကော်ရစ်တာက အဆုံးမရှိဘူး"


​ကောင်​လေးမှာ တစ်ခုခုကို သ​ဘော​ပေါက်သွား​တော့သည်။ 


သူ၏မျက်လုံးမှာ တဖြည်းဖြည်းပြူးကျယ်လာလျက် အ​တော်ကြာပြီး​နောက်သူက ​အော်​ပြောလာခဲ့သည်။ 


"အဆုံးမဲ့ခြင်း Mobius စက်၀ိုင်းလိုပဲ သူ့မှာမျက်နှာပြင်တစ်ခုပဲရှိတာလား"


ထန်​မော့ကပြန်​ဖြေလာသည်။ 


"အင်း မင်းက ​ရေပန်းရုပ်ထုကိုမြင်ခဲ့တယ် ငါကထူးဆန်းတဲ့ မျဥ်း​ကွေး​တွေကို​မြင်ခဲ့တယ်...ငါအဲဒီမျဥ်း​ကွေး​တွေကို ရင်းနှီး​နေတယ်လို့ ခံစား​နေရ​ပေမယ့် ​သေချာမမှတ်မိနိုင်ခဲ့ဘူး... ဘုံတူ​နေတဲ့အချက်ကဘာလဲ...မင်း​​ပြောတဲ့ ​မြွေရုပ်ထုကိုသတိရ​တော့မှ Mobius စက်၀ိုင်းရဲ့ အဆုံးမဲ့ဆက်နွယ်ခြင်းကို ​တွေးမိသွားတာ"


၁၉ရာစုနှစ်တွင် သင်္ချာပညာရှင် Mobiusမှ  ၁၈၀ဒီဂရီ​ကွေးထားသည့် စာရွက်တစ်ရွက်မှာ တစ်ဖက်နှင့် တစ်ဖက် ​မှော်လက်စွပ်နှယ် ဆက်​နေ​ကြောင်း​တွေ့လိုက်ရသည်။ ထိုစက်၀ိုင်းတွင် မျက်နှာပြင်တစ်ခုတည်းသာရှိသည်။


၄င်းမှာ mobius စက်၀ိုင်းပင်။


"မီးအိမ်​ပေါ်က မျဥ်း​တွေ​တွေက တစ်ခုနဲ့တစ်ခုဆက်ပြီး ပိတ်​နေကြတာ... တချို့ဟာ​တွေကထူးထူးဆန်း​ဆန်းပုံစံနဲ့ infinityသင်္ကေတကို ၀ှက်ထားတယ်...

သတိထားမိဖို့ ခက်ခဲ​နေရုံပဲ" 


ထန်​မော့ကရှင်းပြလိုက်သည်။


ခရမ်း​ရောင်အသင်းရရှိခဲ့​သော အခြားသဲလွန်စများလည်းရှိနိုင်သည်။ သို့​သော်၄င်းတို့ကို သူတို့နှင့်အတူမျှ​ဝေနိုင်​လောက်​အောင်အထိ အသက်မရှည်ခဲ့ရုံသာ။ ထို့​ကြောင့် ထန်​မော့မှာ ပထမ အရံမစ်ရှင်ခွဲနှစ်ခုကတကယ်တမ်းတွင် ရတနာ​ကော်ရစ်တာအတွက် သဲလွန်စများ​ပေး​နေခဲ့ခြင်းဖြစ်​ကြောင်း အခုမှသာ နားလည်သွားခြင်းဖြစ်သည်။


ရတနာ​ကော်ရစ်တာကိုယ်တိုင်မှာ mobiusစက်၀ိုင်းဖြစ်သည်။


သူတို့ ၉၉၉လမ်းခွဲကိုဖြတ်​ကျော်လာလျှင်​တောင် ဘယ်​တော့မှ လွတ်​မြောက်မည်မဟုတ်။ အဘယ်​ကြောင့်​ဆို​သော် ​ကော်ရစ်တာမှာ အဆုံးမရှိပဲ တစ်ခုနှင့်တစ်ခုဆက်​နေခဲ့၍ပင်။


၄င်းကိုနားလည်ပြီးသည့်​နောက် ​ကောင်​လေးက​ဆိုလာသည်။ 


"ဒါ​ပေမယ့် ဒါကိုသိပြီးရင်​တောင် ကျွန်​တော်​တို့ဘယ်လိုထွက်ကြမလဲ"


ထန်​မော့လှည့်ကြည့်လိုက်လျှင် ​ကောင်​လေးမှာအလွန်သိချင်​နေသည်ကို​တွေ့လိုက်ရသည်။


"မင်း Alice in the wonderland ကြည့်ဖူးလား"


၄င်းမှာ အလွန်နာမည်ကြီး​သော က​လေးပုံပြင်စာအုပ်ဖြစ်ကာ ဇာတ်လမ်းများ ရုပ်ရှင်များအဖြစ်လည်း ပြန်ရိုက်ထားကြသည်။ ဤ​ကောင်​လေးမှာ ကျိန်း​သေ​ပေါက် သိသင့်သည်။ ​မျှော်လင့်ထားသည့်အတိုင်း သူက​ခေါင်းညိတ်လာခဲ့သည်။


ထန်​မော့ဆက်၍ရှင်းပြလိုက်သည်။ 


"အနီ​ရောင်နှလုံးသားဘုရင်မနဲ့ အဲလစ်ဆိုတဲ့​ကောင်မ​လေးရှိတယ်... အဲဒီ၀တ္ထုထဲမှာ အနီ​​ရောင်နှလုံးသားဘုရင်မကအဲလစ်ကိုတစ်ခုခု​ပြောခဲ့ပြီး​တော့ အဲဒီစကားက​နောက်ကျ​တော့ နာမည်ကြီး သီအိုရီတစ်ခုဖြစ်လာတယ်"


​ကောင်က​လေးက ယခုမှာ ၁၀နှစ်​ကျော်ရုံ​​လေးသာရှိ​သေးပုံ​ပေါ်ကာ Alice in the wonderland နှင့် ပတ်သက်သောမည်သည့် သီအိုရီကိုမျှ ကြားဖူးဟန်မတူ​ချေ။ 


ထိုစဥ် လူရွယ်က ရုတ်တရက်ပါးစပ်ဖွင့်လျက်ဆိုသည်။


"အနီ​ရောင်နှလုံးသားဘုရင်မရဲ့ သီအိုရီ"


ထန်​မော့သူ့ကိုလှည့်ကြည့်လိုက်သည်။ 


"ဟုတ်တယ် အနီ​ရောင်နှလုံးသားဘုရင်မရဲ့သီအိုရီပဲ... ဘုရင်မကအဲလစ်ကို​ပြောတာက သူဘယ်​လောက်ပဲကြိုးစားကြိုစား ​ရှေ့ကိုမ​ရောက်နိုင်ပဲ တစ်​နေရာမှာပဲပိတ်မိ​နေမှာတဲ့... အဲလစ်တို့ကမ္ဘာမှာဆို ​တစ်​နေရာကိုဦးတည်ပြီး ​ပြေး​နေသ၍ ​ရှေ့ကို​ရောက်လာမှာပဲ... ဒါ​ပေမယ့်အနီ​ရောင်ဘုရင်မက​ပြောတယ်... ဒီထူးဆန်းတဲ့ကမ္ဘာထဲမှာဆိုရင် အရှိန်၂ဆတင်ပြီး​ပြေးမှ အကျိုးရှိမှာတဲ့"


အနီ​ရောင်နှလုံးဘုရင်မ၏သီအိုရီမှာ ကြိုးစား​နေသည်ဆိုရုံနှင့် ရလဒ်​ကောင်း​တွေရမလာဟုဆိုလိုခြင်းပင်။ ထိုပိတ်​မိ​နေ​သော​နေရာမှ ​ဖောက်ထွက်နိုင်သည်အထိ ကြိုးစားမှုကပို၍ကြီးမားလာ​တော့မှ ​ပြောင်းလဲမှုရှိလာနိုင်သည်။


"အရှိန်တစ်ခုတည်းနဲ့​ပြေးတာ တစ်​နေရာထဲမှာပဲ ပိတ်မိ​နေတာ ထွက်သွားလို့မရတာ" 


​ကောင်က​လေးမှာ ခတ္တမျှ​တွေး​တော​နေပြီး သ​ဘော​​ပေါက်သွားခဲ့သည်။ 


"အရှိန်၂ဆတိုး​ပေးနိုင်တာကဘာလဲ" 


​ပြောင်းလဲမှုကိုဖြစ်​ပေါ်​စေနိုင်သည့်အရာက မည်သည်နည်း...


ထန်​မော့ထီးက​လေးကို​ထုတ်ယူလျက် ထီး၏ထိပ်ဖျားကို ​ချော​မွေ့​နေ​သော ပတ္တမြားနံရံကိုချိန်ရွယ်လိုက်သည်။


ထို့​နောက်ပြုံးလိုက်သည်။


"နံရံကိုဖြိုတာ​ပေါ့" 


ဘုန်း...


၁မိနစ်ကြာပြီး​နောက် နားအူသွား​စေသည့်အသံကြီးနှင့်အတူ လက်သီးတစ်ဆုပ်စာ အ​ပေါက်တစ်ခုက ပတ္တမြားနံရံ​ပေါ်တွင် ​ပေါ်လာခဲ့သည်။ ထန်​မော့ လူရွယ်နှင့် ​ကောင်က​လေးမှာ ပို၍အရှိန်တင်လိုက်ကြ​လေသည်။ ထို့​နောက်နံရံမှ အ​ပေါက်မှာ လူတစ်ကိုယ်၀င်စာ​လောက်အထိ တဖြည်းဖြည်းကြီးမားလာခဲ့သည်၊


သူတို့ ထိုအ​ပေါက်မှ ​ခွေးတိုး​ပေါက်နှယ် ကုပ်ကပ်ပြီးတိုးထွက်လာကြရသည်။ ထိုအ​ပေါက်မှထွက်လာပြီး​နောက် ၃​ယောက်သား ကိုယ်ကိုမတ်လျက် ​ရောက်​နေ​သော ​နေရာကိုစူးစမ်းလိုက်သည်။


​ကောင်​လေးက အံ့အားသင့်လျက်ဆိုသည်။ 


"ဘာလို့ဒီမှာပဲရှိ​နေ​သေးတာလဲ"


ဤသည်မှာ သူတို့ပထမဆုံးထွက်ခွာလာခဲ့​သော ​ခရမ်း​ရောင်အသင်း၏ ကော်ရစ်တာပင်။ 


၃​ယောက်သား​လျှောက်လာပြီး​နောက် ကြမ်းပြင်​ပေါ်မှ အနက်​ရောင်အစွန်းကွက်ကို​တွေ့လိုက်ရသည်။ ​ကောင်​လေးကဆိုလိုက်သည်။ 


"ဒီဟာက တကယ်ကြီး ကျွန်​တော်တို့ထွက်လာတဲ့ ​ကော်ရစ်တာပဲ... ကျွန်​တော်တို့အစကတည်းက ​ရတနာ​ကော်ရစ်တာထဲက​နေ ထွက်မသွားခဲ့ဘူး​..."


​ကောင်​လေးမှာ​အ​နောက်ကိုလှည့်ကြည့်ရင်း သူ၏အသံမှာ ရပ်တန့်သွားခဲ့သည်။ အဘယ်​ကြောင့်မူ သူတို့ထွက်လာခဲ့​သော နံရံမှအ​ပေါက်မှာ မရှိ​တော့​၍ပင်။


၃​ယောက်သားစစ်​ဆေးကြည့်လိုက်​သော်လည်း ထိုအ​ပေါက်​ရော ရတနာ​ကော်ရစ်တာပါ မရှိ​တော့ပြီ။ ထို့​နောက်​ရှေ့ကိုသာပြန်လှည့်ကြည့်လိုက်မိကြသည်။


ယခင်ကလ​ရောင်ပန်းကိုချထား​သော​နေရာတွင် နံရံအဖြူကြီးမှာ မရှိ​တော့ပဲ ထိုအစားခိုင်ခံ့သောတံခါးတစ်ခုကို​တွေ့လိုက်ရသည်။ ထိုတံခါးက ထို​နေရာတွင် တိတ်တဆိတ်ရှိ​နေခဲ့ပြီး တစ်စုံတစ်ဦးကို​စောင့်​နေသည့်နှယ်၊


​ကောင်​လေးမှာ နားလည်သွားခဲ့သည်။


"ဒီဟာက အနီ​​ရောင်နှလုံးသားဘုရင်မရဲ့ အိပ်ခန်းပဲ"


ထန်​မော့ကပြုံးလျက်


"ဟုတ်တယ်" 


သူတို့ထွက်လာနိုင်ခဲ့​ချေပြီ။


အနီ​ရောင်နှလုံးသားဘုရင်မ၏ ရတနာ​ကော်ရစ်တာက ရှုပ်​ထွေး​နေ​သော ​နေရာလွတ်ဖြစ်စဥ်အကြား တည်ရှိ​နေခဲ့သည်။ အစမှအဆုံးအထိ ရတနာ​ကော်ရစ်တာက ထောင်​​ချောက်သာဖြစ်သည်။ 


လမ်းခွဲ ၉၉၉ခု​ရော လမ်းဆုံးမှ စစ်သည်များ​ရော ဘာအဓိပ္ပါယ်မျှမရှိ​ချေ။ သူတို့​ကော်ရစ်တာထဲမှ လွတ်​မြောက်လိုလျှင် လမ်းမှန်​ရွေးစရာလည်းမလိုအပ်သလို အ​စောင့်များကိုလည်းတိုက်ခိုက်​နေရန်မလို​ချေ။ သူတို့မှာ mobiusစက်၀ိုင်းကိုချိုးဖြတ်ရန်သာလိုအပ်သည်။ အနီ​ရောင်နှလုံးသားဘုရင်မ၏ သီအိုရီကိုသိ​နေခြင်းက အ​တော်​လေးအကူအညီ​ပေးသွားခဲ့သည်။


ရတနာ​ကော်ရစ်တာ၏ နံရံကိုဖြိုပြီး​နောက် ထန်​မော့ လ​ရောင်ပန်းအား ​ကောင်​လေးကိုပြန်​ပေးခဲ့သည်။ အဘယ်​ကြောင့်ဆို​သော ဂိမ်း၏​လေးခု​မြောက်စည်းမျဥ်းအရ လ​ရောင်ပန်းကိုကိုင်ထားသူကသာ ရတနာ​ကော်ရစ်တာထဲမှ ထွက်လို့ရမည်ဖြစ်​သော​ကြောင့်ပင်။


သို့နှင့် ၃​ယောက်သားမှာ လ​ရောင်ပန်းကိုယ်စီကိုကိုင်၍ ထွက်လာနိုင်ခဲ့ကြ​လေသည်။ 


ထန်​မော့ကဆိုလိုက်သည်။


"သူ့အခန်းထဲကိုသွားကြစို့" 


ထိုစဥ်​နောက်ဘက်မှ လူရွယ်၏အသံကိုကြားလိုက်ရ​လေသည်။ 


"ဒါဆို ငါတို့ဒီ​လ​ရောင်ပန်း​တွေကို ပန်းအိုးထဲထည့်လိုက်တာနဲ့​ ရတနာကော်ရစ်တာကတသက်လုံးပိတ်သွား​တော့မှာ​ပေါ့"


​ပြောရင်းနှင့် သူက​နောက်မှလိုက်လာခဲ့သည်။ 


"အာ..ဂိမ်းကပြီး​တော့မှာလား... ပျင်းစရာ​ကောင်းလွန်းတယ်... နည်းနည်း​လောက်ထပ်​ဆော့ချင်​သေးတာ...ရတနာ​ကော်ရစ်တာဆီပြန်သွားသင့်လား.. အချိန်လည်း ၃နာရီ​​တောင် ရတာပဲကို"


ထန်​မော့သူ့အား ​အေးစက်စွာကြည့်လိုက်သည်။


"မင်းဆက်​ဆော့ချင်သပဆို ကိုယ်ဘာကိုယ်နံရံကိုသွား​​ဖောက်လိုက်"


လူရွယ်က ပုခုံးကိုတွန့်လျက် ပြုံး​နေဆဲပင်။


၃​ယောက်သားမှာ ဘုရင်မ၏အိပ်ခန်းအနီးသို့​လျှောက်လာစဥ် ​ကောင်​လေးကဆိုလာသည်။ 


"သတိထားဦး အိပ်ခန်းထဲမှာ​ထောင်​ချောက်​တွေရှိနိုင်တယ် ဒါမှမဟုတ် အနီ​ရောင်နှလုံးသားဘုရင်မ..."


၀ှစ်


ထက်မြ​သော ဓါး​မြှောင်တစ်​ချောင်းက ထန်​မော့၏မျက်လုံး​ရှေ့မှဖြတ်သွားပြီး သူ၏မျက်​တောင်များကိုပင် ပွတ်တိုက်သွားလျက် နံရံတွင်သွား၍စိုက်​နေခဲ့သည်။ ထန်​မော့အလွန်လျင်မြန်စွာတုန့်ပြန်လျက် သူ၏မျက်လုံးထံလာ​ရောက်ချိန်ရွယ်​သော ဒုတိယဓါး​မြှောင်တစ်​ချောင်းကို ​ရှောင်တိမ်းလိုက်သည်။ ဤအလစ်တိုက်ခိုက်မှုမှာ ရုတ်တရက်ဆန်လွန်း၍ ​ကောင်​လေးမှာလည်း မတုန့်ပြန်နိုင်လိုက်​ချေ။ 


ထန်​မော့ ၂ကြိမ်ခန့်သာ​ရှောင်နိုင်လိုက်ကာ သူ၏ကိုယ်မှာ ယိုင်သွားခဲ့သည်။


က​လေးမျက်မှာနှင့်လူရွယ်မှာ ပြုံးလိုက်ပြီး သူ၏လက်တစ်ဖက်က လိပ်ပြာဓါးကိုကျင်လည်စွာ လှည့်လိုက်သည်။ ထက်မြ​သောဓါးမှာ သူ၏လက်ထဲ အရိပ်တစ်ခုနှယ် လှုပ်ရှားလျက် ထန်​မော့ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်​နေခဲ့သည်။ ထန်​မော့ ​နောက်ကိုဆက်တိုက်ဆုတ်​နေခဲ့ရပြီး လက်တစ်ဖက်မှာ ကြမ်းပြင်ကို​ထောက်လျက် မလဲကျ​​အောင် ထိန်းထားလိုက်ရသည်။


လူရွယ်က ၄င်းကိုအခွင့်​ကောင်းယူလျက် ထန်​​မော့၏လက်ထဲမှ လ​ရောင်ပန်းကိုဆွဲယူလိုက်သည်။


အရာအားလုံးမှာ အလွန်လျင်မြန်စွာဖြစ်ပျက်သွားလျက် ​ကောင်​လေးသတိထားမိချိန်တွင် ထိုထူးဆန်းသောအပြုံးဖြင့်လူက ထန်​မော့၏လ​ရောင်ပန်းကို ဆုပ်ကိုင်ထားခဲ့ပြီဖြစ်သည်။ သို့​သော်ထိုအခိုက်အတန့်တွင် ထန်​မော့မှာ မ​မျှော်လင့်ထားစွာ အသင့်ဖြစ်​နေခဲ့သည်။ သူကကြမ်းပြင်မှ အရှိန်ဖြင်ထလိုက်ပြီး လက်တစ်ဖက်က ထိုလူရွယ်၏လက်ကိုဖမ်းဆုပ်လျက် လ​ရောင်ပန်းကိုခိုးယူသွားခြင်းအား ချက်ချင်းတားလိုက်​လေသည်။


လူရွယ်၏အပြုံးမှာ ​​ပျောက်ကွယ်သွားလျက် ထန်​မော့အား အံ့အားသင့်လျက်ကြည့်လာခဲ့သည်။ 


ထန်​မော့၏ကျန်လက်တစ်ဖက်ကိုလှန်လိုက်လျှင် ကြီးမား​သောမီးခြစ်ဆံကြီးတစ်ခု​ပေါ်လာခဲ့​လေသည်။ ထို့​နောက်ထိုမီးခြစ်ကြီးဖြင့် လူရွယ်၏ညာဘက်လက်​​မောင်းကို အရှိန်ပြင်းစွာ ရိုက်ချလိုက်သည်။တချိန်တည်းမှာပင် ထန်​​မော့၏ လက်၀ါးမှာ မီး​တောက်များထွက်လာခဲ့သည်။


၁၅၃၅ ဒီဂရီစင်တီဂရိတ်ခန့်မြင့်​သော မီး​တောက်များမှာ မီးခြစ်ဆံကြီးနှင့်အတူ လူရွယ်၏လက်​မောင်းကိုပါ ​လောင်ကျွမ်း​စေလိုက်​လေသည်။


ထို့​နောက် ထန်​မော့မီးခြစ်ဆံကြီးကို​ယမ်းလျက် ​လေထဲတွင် ​သေသပ်​သောအ၀ိုင်းတစ်ခုကိုဆွဲလိုက်သည်။ ထို​လောင်ကြွမ်း​နေ​သော မီးခြစ်ဆံကြီးမှာ ကြမ်းပြင်ကိုပွတ်တိုက်သွားသည်နှင့် မီး​တောက်များငြိမ်းသွားလျက် မီးခြစ်ဆံ​ခေါင်းမှာမူ မည်းတူးသွားခဲ့သည်၊ တဖက်တွင် လူရွယ်က ​နောက်သို့၃လှမ်းခန့်ဆုတ်လိုက်မိလျက် ထန်​​​မော့ကိုကြည့်ကာ ​အော်ဟစ်လိုက်သည်။ 


"မင်း..."


ရုတ်ချည်း ​လေဟာနယ်ကိုနင်းမိခြင်းဖြင့်သာအဆုံးသတ်သွားရ​လေသည်။


လူရွယ်၏တုန့်ပြန်မှုမှာ အလွန်လျှင်မြန်လျက် ထန်​မော့၏ ​ဘောင်းဘီစကို ချက်ချင်းဖမ်းဆုပ်လိုက်သည်။


အဆုံးမဲ့​သော တွင်းနက်ကြီးတစ်ခုက ​ကော်ရစ်တာ၏အလယ်တွင်​ပေါ်လာခဲ့​လေသည်။ ဤသည်မှာ ထန်​မော့ကြုံ​တွေ့ခဲ့ရသည်နှင့် တစ်ထပ်တည်းပင်။ လွန်ခဲ့​သော ၃နာရီခန့်က အမျိုးသမီးကစားသမားမှာ တူညီ​သော အဆုံးမဲ့တွင်း​ပေါက်ကြီးထဲ ပြုတ်ကျသွားခဲ့သည်။ ယခုမူ ဤက​လေးမျက်နှာနှင့်လူက ထန်​မော့၏​ဘောင်းဘီစကို ဆုပ်ကိုင်လျက် ထိုတွင်းနက်ကြီး၏ ဆွဲယူမှုကို ​တောင့်ခံ​နေရသည်။


သို့​သော် ဤလူရွယ်မှာ အမျိုးသမီးထက် ပို၍သန်မာလှသည်။ သူ၏ လက်တစ်ဖက်က​လောင်ကျွမ်း​နေစဥ် ကျန်လက်တစ်ဖက်ကထန်​မော့၏​ဘောင်းဘီစကိုဆွဲထားလျက် ထန်​မော့၏အကူအညီမပါပဲ တွယ်တက်ရန် ကြိုးစား​နေခဲ့သည်။ 


ထိုစဥ်မှာပင် ထန်​မော့မီးခြစ်ဆံကြီးကို ကြမ်းပြင်​ပေါ်သို့ရိုက်ချလိုက်သည်။ သူကတွယ်တက်ရန်ကြိုးစား​နေ​သော လူရွယ်အား ​တောက်ပစွာ ပြုံးပြလိုက်သည်။ 


"မင်း​ကျေးဇူး​ကြောင့်နဲ့ ဒီမီးခြစ်ဆံကြီးကို ဘယ်လိုသုံးရမလဲဆိုတာ သိသွားပြီ... ၁၅၀၀ဒီဂရီထက်ပိုမြင့်တဲ့ အပူချိန်ကပဲ သူ့ကိုရှို့လို့ရတာ​လေ...သူကတစ်ခုခုကို​​လောင်လိုက်တာနဲ့ ဘယ်​တော့မှ မငြိမ်း​တော့ဘူး"


လူရွယ်က တွယ်တက်​နေခြင်းကိုရပ်တန့်လျက် ထန်​မော့ကို ​မော့ကြည့်လာခဲ့သည်။ 


ထန်​မော့ဆိုလိုက်သည်။ 


"မင်းလက်​မောင်းကိုအခုဖြတ်လိုက်မယ်ဆိုရင် အသက်ရှင်နိုင်​သေးတယ်​နော်...ဒီလိုမှမဟုတ်ရင် ပိုင်ရို့​ယောင် မင်းအရှင်လတ်လတ်တစ်ကိုယ်လုံး မီး​လောင်သွား​တော့မှာ"


ထန်​မော့အားစိုက်ကြည့်​နေ​သော ပိုင်ရို့​ယောင်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ မီး​တောက်များကသူ၏လက်​မောင်းကို ၀ါးမြို​နေဆဲဖြစ်ကာ ပိုင်ရို့​ယောင်မှာ ထန်​မော့အား မျက်​တောင်မခတ်တမ်း စိုက်ကြည့်​နေခဲ့သည်။ ၄င်းမှာ သူ၏ပုံရိပ်ကို နှလုံးသားထဲတွင် တံဆိပ်ခတ်နှိပ်ထားချင်သည့်အလားပင်။ သူကပြုံးမလာခဲ့။ သို့​သော် စက္ကန့်ပိုင်းအတွင်းတွင် ထန်​မော့၏​ဘောင်းဘီစထံမှ သူ၏လက်ကို လွှတ်လိုက်ပြီး ​ငွေ​ရောင်ဓါး​မြှောင်ဖြင့် သူ၏​လောင်ကျွမ်း​နေ​သော လက်ကို ဖြတ်ပစ်ဖို့ တွန့်ဆုတ်မ​နေခဲ့​ချေ။


လူရွယ် အဆုံးမဲ့​သော တွင်းနက်ကြီးထဲပြုတ်ကျသွားခဲ့သည်။ 


သူ၏ရယ်သံမှာ ထိုတွင်းနက်ကြီးနှင့် ​ကော်ရစ်တာတစ်ခုလုံးကိုပဲ့တင်ထပ်လျက်...


"​ကျောက်​ကျောက် ငါတို့​နောက်တစ်ကြိမ်ထပ်​တွေ့ဖို့ ​မျှော်လင့်​နေတယ်​နော်...မင်း ငါ့ကိုထပ်မ​တွေ့​စေနဲ့..."


တစ်ချိန်တည်းမှာပင် ကျယ်​လောင်​သော ​​​​ကြေညာသံကို ကြားလိုက်ရ​တော့သည်။ 


"တင်း​တောင်~ တရုတ်ပြည် ခရိုင်၇ တရား၀င် ကစားသမား ပိုင်ရို့​ယောင်နဲ့ တရုတ်ပြည် ခရိုင် ၆ တရား၀င်ကစားသမား ဖူ၀မ်ရှန်းတို့ဟာ အနက်​ရောင်​မျှော်စင်ပထမထပ် (ရိုးရိုးအဆင့်)ကို ရှင်းလင်းလိုက်ပါပြီ... သူတို့ရဲ့ အဓိကမစ်ရှင်ဖြစ်တဲ့ 'ရတနာ​ကော်ရစ်တာမှ ရူးသွပ်ဖွယ် ရှင်သန်​ရေး'ဂိမ်းကို ၃နာရီကြာရှင်သန်နိုင်ခဲ့ပြီး လမ်းခွဲ ၁၁၂ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်... ကစားသမားပိုင်ရို့​ယောင်က လ​ရောင်ပန်း သုညပွင့်နဲ့ စကားသမား ဖူ၀မ်ရှန်းက လ​ရောင်ပန်း ၁ပွင့်ကို ရရှိပြီး ဆုတစ်ခုကို လက်ခံရရှိသွားပါပြီ"



🪩