အပိုင်း ၅
Viewers 23k

ဖုတင်း ထန်ဝမ်ဝမ်နှင့် ဖုန်းပြောပြီး
နောက်တွင် အောက်ထပ်သို့ဆင်းသွားလိုက်
သည်။ ထန်ဝမ်ဝမ်ကို ထိခိုက်အောင်လုပ်ခဲ့
သော လျိုညီအကိုနှစ်ယောက်ကို ကိုယ်ရံတော်
များက အိမ်အပြင်သို့ ဆွဲထုတ်သွားကြလေ
သည်။ ညီအကိုနှစ်ယောက်က အော်ဟစ်ကျိန်ဆဲရင်း မကြာခင်အချိန်အတွင်း လက်စားချေမည်ဖြစ်ကြောင်း ကျိန်ဆိုနေကြလေသည်။
ဖုတင်းက ဂရုပင်မစိုက်ဘဲ ထမင်းစား
ခန်းထဲရှိစားပွဲရှေ့တွင် ငြိမ်သက်စွာထိုင်နေ
သော ဖခင်ဖြစ်သူ ဖုကျန်းချန်ကိုကြည့်လိုက်ရင်း ပြောသင့်မပြောသင့် တွန့်ဆုတ်နေပြီးမှနောက်ဆုံးပြောလိုက်သည်။
"အဖေ ကျွန်တော် ဟိုတစ်နေ့ညက ဖုကျန်း
ကိုတွေ့လိုက်တယ်..."
ဖုကျန်းချန်မှာ ဖုကျန်း၏အမည်ကို ကြားလိုက်
သောအခါ တစ်ခဏမျှ ကြောင်အမ်း၍
သွားလေသည်။ ထိုသူကို မေ့လျှော့ကာ နေ
ခဲ့၍ထင်သည်။စဉ်းစားဟန်လုပ်ကာ ဖတ်လက်စ သတင်းစာကို လှန်လိုက်ရင်းမေးလေသည်။
"ဪ သူအခု ဘယ်လိုနေလဲ..."
ဖုတင်းသည် ဖုကျန်းချန်၏ ဆန့်ကျင်ဘက်ရှိ ခုံ
တွင်ထိုင်ချလိုက်ရင်းပြန်ဖြေသည်။
“သူ့ကိုကြည့်ရတာ အဆင်ပြေနေတဲ့ပုံတော့ မပေါ်ဘူး..."
ထိုနေ့က ဖုကျန်း ဝတ်ထားသည်ကို ကြည့်ရ
သည်မှာ ဘားတစ်ခုတွင် စားပွဲထိုးအနေနှင့်
အလုပ်လုပ်နေပုံရ၏။ဖုကျန်းချန်က ရယ်မောလိုက်ကာ ပြောလေသည်။
"သူက ဘာဆိုဘာမှမသိတဲ့လူလေ.. ဖုမိသားစု
မပါဘဲ သူဘာများလုပ်နိုင်မှာမို့လဲ...အသက်ရှင်နေတာတောင် တော်တော်မဆိုးဘူးပြောရမယ်..."
"ဟုတ်တယ်..."
နှစ်ယောက်လုံး တစ်ခဏမျှ အသံတိတ်သွားလေသည်။
လီမာက ညစာကို မီးဖိုချောင်ထဲမှ
သယ်လာပြီး တစ်ခုပြီးတစ်ခု စားပွဲပေါ်သို့ချလိုက်ပြီးနောက် ပြန်လှည့်ထွက်သွား၏။
ဖုတင်း စားသောက်ရန် တူများကိုကိုင်လိုက်ပြီးနောက် တစ်ခုခုကို သတိရသွားရာ
တစ်ဖက်တွင်ထိုင်နေသော ဖုကျန်းချန်ဘက်သို့
ဦးလှည့်လိုက်ပြီး ပြောလိုက်၏။
"ဒါနဲ့ သူ့ခြေထောက်က တစ်ခုခုဖြစ်နေသလိုပဲ..."
ဖုကျန်းချန်က မျက်ခုံးပင့်ရင်းမေးလိုက်သည်။
"ဘယ်သူလဲ"
"ဖုကျန်း"
ဖုကျန်းချန်သည် ဖုကျန်းအကြောင်းကို
တကယ်ပင် မကြားချင်ပါ။သူ့ခြေထောက်
များ မည်သို့ဖြစ်နေမည်ကိုလဲ မသိချင်ပေ။
ထို့ကြောင့် စကားလမ်းကြောင်းလွှဲကာ ဖုတင်းကိုပြောလိုက်သည်။
"နောက်လကျရင် ဝမ်ဝမ်လေးရဲ့လက်ထပ်ပွဲရှိတယ်နော် … ဘာမှ တလွဲမဖြစ်စေနဲ့..."
ဖုတင်းက ခေါင်းငြိမ့်လိုက်သည်။
"သိပါပြီ..."
"ဒါဆိုလည်းစားရအောင်..."
ညစာစားပြီးနောက်တွင် ထိုလူနှစ်ယောက်
ဆိုဖာတွင်ထိုင်လိုက်ကြပြီး တစ်
ယောက်ကို စီးပွါးရေးနှင့်ပတ်သက်သော
မဂ္ဂဇင်းတစ်စောင်စီကိုင်လျှက် တိတ်ဆိတ်နေကြလေသည်။မဂ္ဂဇင်းထဲရှိစာလုံးများက လေထဲ၌ မျောနေသလိုပင်။အချိန်အတန်ကြာဖတ်
ပြီးနောက်တွင် ဖုတင်း၏ မျက်လုံးများက
နာကျင်လာလေသည်။ လက်ထဲရှိမဂ္ဂဇင်း
စာအုပ်ကို ရှေ့ရှိစားပွဲပေါ်သို့ တင်လိုက်
ပြီး နှဖူးကိုပွတ်လိုက်မိကာ နောက်တွင်ရှိ
သော ဆိုဖာကို မှီချလိုက်သည်။
သူ၏ခေါင်းပေါ်၌ နှင်းကဲ့သို့စွတ်စွတ်ဖြူနေသော မျက်နှာကျက်နှင့် တင့်တယ်လှသော မီးဆိုင်းတစ်ခုရှိနေသည်။ နှာခေါင်းထဲသို့ Daffodil ပန်းရနံ့
လေးက တိုးဝင်လာသည်။ စိတ်ကူးထဲ၌ ဖု
တင်း၏ ပိန်သွယ်သော ပုံရိပ်လေးတစ်ခုကို
မြင်လိုက်ရသည်။သို့သော် မျက်စိတစ်မှိတ်
အတွင်းမှာပင် ထိုပုံရိပ်လေးက ပျောက်ကွယ်သွားလေ၏။
ဖုတင်း၏ ရင်ထဲ၌ သူ၏မိသားစုသည်
ယခုကဲ့သို့ဖြစ်မနေသင့်ဟု ခံစားလိုက်ရသည်။သို့သော် အတိတ်က ဤမိသားစုသည် မည်ကဲ့သို့ဖြစ်ခဲ့သင့်သနည်း။သူ တိတိကျကျပင် မမှတ်မိတော့ချေ။
မကြာခင် ဝမ်ဝမ်ပြန်လာရင် အားလုံးအဆင်ပြေသွားမှာပါလေ။
သူ သက်ပြင်းဖွဖွချလိုက်ရင်း ဘေးရှိဖခင်ဖြစ်သူကိုမေးလိုက်သည်။
"ဝမ်ဝမ်က ဘယ်တော့ပြန်လာမယ်ပြောသွားလဲ အဖေ..."
"ဝမ်ဝမ်က မြို့ပြင်ဘက်မှာ ရုပ်ရှင်ရိုက်ဖို့သွားနေတာဆိုတော့ နောက်အပတ်လောက်ထိတော့ ပြန်မလာသေးဘူးထင်တယ်..."
"သူက လက်ထပ်တော့မှာလေ.. လျှောက်သွားမနေသင့်တော့ဘူး..."
ဖုကျန်းချန်က ပြုံးလိုက်ရင်းဖုတင်းကိုပြော
လိုက်လေသည်။
"သူကြိုက်တာလုပ်နေတာပဲ... ပြီးတော့ အဲ့
ဒီ ချင်အိမ်က ကောင်လေးကလဲ သူ့ကို
အလိုလိုက်ရတာ ကြိုက်တယ်လေ.. အဲ့တော့အကိုတစ်ယောက်အနေနဲ့ မင်းကတော့ သူ့ကို
လိုက်ချုပ်ချယ်မနေနဲ့တော့.."
ဖုတင်း ခေါင်းငြိမ့်လိုက်၏။ သူက
အစ်ကိုတစ်ယောက်သာဖြစ်သော်လည်း
လောကတွင် မည်သူကမျှ သူ့ညီမလေး
နှင့် မတန်ဟု အမြဲတွေးနေမိသည်။ သို့သော်ချင်ကျောက်၏ အနေအထားမှာလဲ အလွန်ကောင်းသည်ဖြစ်လေရာ သူ့ ညီမလေး ဝမ်ဝမ်
အား သူတို့မိသားစုမှာကဲ့သို့ပင် မျက်နှာတစ်ချက် မငယ်ရအောင် ထားပေးနိုင်လေသည်။
ရုတ်တရက် ဖုတင်း၏ နှလုံးသားတွင် အပ်
တစ်ချောင်းနှင့် ထိုးခံရသကဲ့သို့ စူးရှစွာ
နာကျင်မှုတစ်ခု တိုးဝင်လာသည်။ သူ ထန်ဝမ်ဝမ်တစ်ယောက် လက်ထပ်ကာ အိမ်
မှ ထွက်သွားတော့မည်ကို ဒီတိုင်းကြည့်၍ နေပေးနိုင်မည်ထင်ခဲ့သည်လေ။ ဆိုဖာမှ ထ
လိုက်ပြီးနောက် ဖုကျန်းချန်ကိုပြောလိုက်၏။
"အဖေ ကျွန်တော် အခန်းပြန်ပြီးနားတော့
မယ်..."
ဖုကျန်းချန်သည် လက်ထဲမှ မဂ္ဂဇင်းကို ချ
လိုက်ပြီး ဖုတင်းထွက်သွားသော ခြေသံများ
ကို နားထောင်ရသည်မှာ နားစည်အတွင်းသို့
တစ်ခုခုနှင့် တို့ထိနေသကဲ့သို့ ခံစားလိုက်ရ
သည်။ တိတ်ဆိတ်သွားသော အခန်းထဲတွင်
သူ၏ ခန္ဓာကိုယ်က အသံများပါထွက်အောင်တုန်ယင်လို့နေသည်။
သတိပင်မထားမိဘဲရင်ဘတ်သို့ဖိလိုက်မိလေသည်။ မည်သည့်အကြောင်းကြောင့်မသိသော်လည်း တစ်ခုခုက မိမိနှလုံးသားထဲတွင် ပျောက်ဆုံးနေသည်ကိုခံစားနေရသည်မှာ အချိန်အတော်ကြာနေလေပြီ။
"တကယ်ပဲ ဘာကများပျောက်ဆုံးနေပါလိမ့်..."
ဖုကျန်းချန် သက်ပြင်းချလိုက်သည်။ကျန်းမာရေးစစ်ဆေးရန်အတွက် ဆေးရုံသို့သွားဖို့ လိုနေပြီထင်သည်။ သူ၏အသက်မှာလည်း ကြီးလာပြီဖြစ်ကာ ငယ်စဉ်ကကဲ့သို့အလုပ်ပင်ပင်ပန်းပန်း မလုပ်နိုင်တော့ပေ။ကျန်းမာရေး ထိန်းသိမ်းရန် ဂရုတစိုက်လုပ်သင့်နေပြီဖြစ်သည်။
သူတွေဝေနေစဉ်မှာပင် လူငယ်လေးတစ်
ယောက်က တရင်းတနှီးဖြင့် သူ့ပုခုံးပေါ်သို့
ခေါင်းမှီလာပြီး တိုးတိုးလေးပြောလိုက်သည်
ကို ကြားလိုက်သယောင်ပင်။
"အဖေက အသက်မကြီးသေးပါဘူး ခုထိ ငယ်
ငယ်လေးရှိသေးတာကို.."
ဖုကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။သို့သော် ထိုအပြုံးက တဒင်္ဂမျှသာပင် မကြာခင်တွင်ပင် မည်သည့်အချိန်ကမျှ ထိုအပြုံးက မရှိခဲ့သကဲ့သို့ ပျောက်ဆုံး
သွားပြန်သည်။
ဖုကျန်းချန်မှာ ဆိုဖာမှ ဖြည်းဖြည်းချင်းထ
လိုက်ပြီး ပတ်ဝန်းကျင်သို့ ဝေ့ပတ်ကာ ကြည့်လိုက်၏။ ထို့နောက်တွင် ကြီးမားသော
ပြတင်းပေါက်ဆီသို့လျှောက်သွားလိုက်
ပြီး ထိုပြတင်းပေါက်မှတဆင့် အပြင်ဘက်
ကောင်းကင်မှ နှင်းမြူမှုန်များက မြေပြင်ရှိ
အဝါရောင်ပန်းခင်းပေါ်သို့ကျဆင်းကာ အဖြူရောင်အဖြစ် ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသည်။
ထို့နောက်တွင်တော့ ဖုကျန်းချန်
အပေါ်ထပ်သို့ ဦးလှည့်လိုက်ကာ သူ၏
အိပ်ခန်းရှိရာသို့ လျှောက်လှမ်းသွားလိုက်ကာ
အခန်းမီးကို ပိတ်လိုက်ပြီးနောက် အိပ်ရာပေါ်
သို့လှဲချလိုက်သည်။ မှောင်မဲနေသော အခန်း
ထဲ၌ သူ၏အသက်ရှူသံနှင့် နာရီလက်တံမှမြည်
သံ တို့ကိုသာ ကြားနေရတော့သည်။
အချိန်မည်မျှကြာသွားသည် မသိ။နောက်ဆုံး ဖုကျန်းချန်တစ်ယောက် အိပ်ပျော်
သွားလေပြီ။
သူအိပ်မက်တစ်ခုမက်သည်။အသက် ခြောက်နှစ် ခုနစ်နှစ်မျှသာရှိသေးသော ဖုကျန်းသည် အပြာရောင် အပြင်ထပ်ဝတ်စုံကို ဝတ်ဆင်ထားကာ လက်ထဲ၌ အနီရောင် ဘောလုံးသေးသေးလေးကို ကိုင်ထားရင်း လည်တစ်ဆန့်ဆန့်နှင့် တံခါးနားတွင်ဖခင်ဖြစ်သူ ပြန်အလာကို စောင့်မျှော်နေလေ
သည်။
ဖုကျန်းချန်၏ ကားက သူ၏မြင်ကွင်း
ထဲသို့ ဝင်လာသည်နှင့် လက်ထဲရှိ ဘောလုံး
လေးကို ဘေးသို့ပစ်လိုက်ရင်း လှောင်အိမ်ထဲ
မှ လွှတ်လိုက်သော စာကလေးတစ်ကောင်
အတောင်ပံများခတ်နေသကဲ့သို့ ပျော်မြူးနေလေသည်။
ဖုကျန်းချန် ကားထဲမှ ထွက်လိုက်သည်နှင့်
တစ်ပြိုင်နက်ပင် ဖုကျန်းက သူ၏ခြေထောက်
တိုတိုလေးများနှင့် ခုန်ဆွခုန်ဆွလုပ်ကာ"ဖေဖေ ဖေဖေ"ဟု ခေါ်လျှက် ပြေးလာသည်ကို မြင်လိုက်ရသည်။ ဖုကျန်းချန်က ပြုံးကာ ထိုင်ချလိုက်ပြီး ဖုကျန်း၏ ခေါင်းပေါ်မှာတင်နေသော သစ်ရွက်လေးများကို ဖယ်ရှားပေးလိုက်တာ ပြောလိုက်သည်။
"ဖြည်းဖြည်းပြေးပါ သားရယ်.. ချော်လဲကျနေ
ပါဦးမယ်..."
ဖုကျန်းလေးမှာ ရယ်မောရင်းဖြင့်ပင်
သူ၏လက်များကို ဖြန့်ကားလျှက် ဖုကျန်းချန်
အား ပြောလေသည်။
"ဖေဖေ သားကိုချီ..."
ဖုကျန်းချန်က လက်မြောက်လျက် ဖုကျန်း၏
နှာခေါင်းကို ဖွဖွညစ်လိုက်ရင်း ရယ်မောကာ
ဆူလေသည်။
"ငပျင်းလေး..."
ထို့နောက် သူ့လက်များကို ဖြန့်ကားလိုက်ကာ
သားငယ်လေးအား မြေပြင်ပေါ်မှ ကောက်ချီ
လိုက်လေသည်။အချိန်က ထိုတစ်ခဏမှာပင် ရပ်တန့်သွားသည့်ဟန်ပင်… ညနေခင်းလေပြည်က ဖုကျန်းချန်၏ မျက်နှာပြင်ကို ပွတ်သပ်သွားလေ၏။သူခေါင်းငုံ့ရင်း သူ့လက်ထဲ၌ချီထားသောကလေးငယ်ကို ချစ်မြတ်နိုးစွာပင် ကြည့်လိုက်သည်။
ဖုကျန်းလေး၏ ဆံပင်ကောက်ကောက်လေးများမှာ လေပြည်တိုက်ခတ်နေမှုကြောင့်လှုပ်ရမ်းနေကာ ဖခင်ဖြစ်သူကို မော့ကြည့်လာသောအခါ၌ သူ၏ မျက်ဝန်းထဲ၌ ကြယ်ကလေးပေါင်းများစွာက လင်းလက်နေသယောင် ရွှန်းလဲ့ကာနေလေ၏။
ဖုကျန်းချန်သည် သူ့နှလုံးသားတစ်ခုလုံး
အရည်ပျော်သွားမတတ်ပင် ခံစားလိုက်ရသည်။သို့သော် မကြာမီမှာပင် သူ့လက်ပေါ်၌ရှိနေ
သော ကလေးငယ်သည် ထိုးထွင်းမြင်နိုင်သော
အရောင်သို့ပြောင်းလဲလာသည်။မျက်တောင်
တစ်ခတ်စာ အချိန်လေးမှာပင် သူ၏လက်
ပေါ်၌ ဘာမှမရှိတော့ပေ။ ဖုကျန်းချန်မှာ ကူ
ကယ်ရာမဲ့စွာပင် သူ၏လက်ကို ငုံ့ကြည့်လိုက်
လေသည်။ သူ၏ နှလုံးသားမှာ ဘာခံစားချက်
မျိုးမှ ရှိမနေတော့ပေ။လက်လှမ်းကာ အကြိမ်
ပေါင်းမြောက်များစွာ လေထဲသို့ လှမ်း၍ ဖမ်း
ဆုပ်ကြည့်သော်လည်း သူလက်ထဲသို့ မည်
သည့်အရာမျှ ပါလာခြင်းမရှိပေ။
နေမင်းကြီးက ကမ္ဘာတစ်ခြမ်းဘက်သို့
လျှင်မြန်စွာပင် ထွက်ပြေးပျောက်ကွယ်
သွားကာ သူ၏ခြေထောက်အောက်၌ ရှိ
နေသော မြေကြီးမှာလည်း စွန့်ပစ်ခံထားရ
သော သဲကန္တာရကဲ့သို့ ပြောင်းလဲသွား၏။ ဖုကျန်းချန် ထိုနေရာ၌ပင် ရပ်တန့်နေကာ
မည်သို့သွားရမည်ကို မစဉ်းစားနိုင်တော့ချေ
"ဖေဖေ... ဖေဖေ။
ဖုကျန်းချန် အသံလာရာဆီသို့ လှည့်
ကာ ရှာဖွေလိုက်သည်။ သို့သော် သူ့ရှေ့တွင်
ရှိနေသည်က အဖြူရောင်မြူခိုးလွှာပင် ထို
မြူခိုးဖြူဖြူများက သူ့ပတ်ပတ်လည်တွင်
အပြည့်ဖြစ်နေကာ ပတ်ဝန်းကျင်ကို မမြင်နိုင်ပေ။
အသံမှာ တိုးသထက်တိုး ဖျော့သထက်ဖျော့
လာပြီး သူ၏နားထဲတွင်မူ ပဲ့တင်ထပ်လျှက်
ရှိနေတော့သည်။ ထိုအသံက သူ့အားခေါ်နေသည်..
"ဖေဖေ သားကိုကယ်ပါဦး သားအရမ်းနာ
နေပြီ..."
ဖုကျန်းချန်မှာ နှလုံးကြေကွဲသွားသလိုခံစား
လိုက်ရပြီး သူ့ရှေ့ရှိ မြူခိုးများအတွင်းသို့
အော်ဟစ်ကာ ပြောလိုက်သည်။
"သားလေး မပူနဲ့ ဖေဖေအမြန်လာခဲ့မယ်..."
သူ ထူထဲလှသော မြူခိုးများထဲ
တွင် ခေါင်းမပါသော ယင်ကောင်ကဲ့သို့ပင်ဦးတည်ရာမဲ့လျှောက်ပြေးနေကာ ရှာဖွေနေသော်လည်း သူ၏ သားငယ်လေးကိုမူ ရှာမတွေ့နိုင်ချေ။
အချိန်မည်မျှကြာသွားသည်မသိ သူကြား
နေရသော ကလေးငယ်၏ အသံလေးသည်
လုံးဝပင် ပျောက်ကွယ်သွားလေပြီ။ ဖုကျန်းချန်သည် ရင်ထဲ၌ ကြီးမားလှသော ကွက်လပ်ကြီးတစ်ခု ရှိနေသလိုပင် ခံစားလိုက်ရသည်။လေအေးတစ်ချက်ဖြတ်တိုက်သွားပြီးနောက်အဖြူရောင်မြူခိုးများက လွင့်ပြယ်သွားကြရာ နောက်ဆုံး၌ သူရှာဖွေနေခဲ့သော သူ၏အဖိုးတန်ရတနာလေးကို ရှာတွေ့ခဲ့လေပြီ။
သို့သော် ထိုကလေးက သဲပုံထဲတွင်
လဲလျောင်းလို့နေလေသည်။ သူ၏ ခန္ဓာကိုယ်
အောက်၌ အနီရောင်တောက်နေသည်။မျက်နှာမှာလဲ သွေးဆုတ်၍ ဖြူလျော့နေကာဖုကျန်းချန်အား နာကျည်းစွာဖြင့်ကြည့်လို့နေ၏။
ဖုကျန်းချန်သည် အချိန်အနည်းငယ်မျှ
တုန်လှုပ်နေမိ၏။ထို့နောက်တွင်တော့ တစ်
ကိုယ်လုံး သဲပုံအတွင်းသို့ပြေးသွားကာ ဖုကျန်းအားဖက်လိုက်ပြီး ပြောလိုက်သည်။
"ဖေဖေလာပြီ… ဖေဖေလာပြီ..."
သူ့လက်ထဲရှိ ဖုကျန်းသည် ကောင်းကင်သို့
မော့ကြည့်လိုက်သည်။သူ၏ မျက်ဝန်းထဲ၌
အလင်းရောင်ဖျော့ဖျော့လေးပင် ရှိမနေပေ
။ထို့နောက် သူ့အားပြောလာသည်။
"အရမ်းနောက်ကျသွားပြီ.. သားဖေဖေ့ကိုမ
လိုချင်တော့ဘူး..."
ဖုကျန်းချန် အိပ်မက်မှ လန့်နိုးလာလေသည်။
မျက်လုံးများကိုဖွင့်ထားသော်လည်း တုံ့ပြန်မှုအနည်းငယ်ပင်မလုပ်နိုင်တော့ချေ။ မျက်မှောင်ကြုတ်၍ ဤကဲ့သို့သော အိပ်မက်
မျိုး အဘယ်ကြောင့်မက်သည်ကို စဉ်းစားမရနိုင်ဖြစ်နေလေသည်။
အချိန်အတန်ကြာပြီးနောက်တွင် သူ့ခုတင်
ဘေးရှိစားပွဲပေါ်မှ ဖုန်းကိုယူလိုက်ကာ နေ့စွဲကို
ကြည့်လိုက်သည်။ ဒီဇင်ဘာလ ၉ ရက်နေ့ပင်ဖြစ်
လေသည်။တစ်စုံတစ်ရာကို မေ့နေသည်ဟု ခံစားမိ၍ ဖုကျန်းချန်သည် နှဖူးပြင်ကိုသာ ပွတ်သပ်မိလေတော့သည်။ သားဖြစ်သူ ဖုတင်းက ညနေ
ဘက်တွင် ပြောခဲ့သော စကားများကြောင့်
ဤသို့သော အိပ်မက်မျိုးမက်ရခြင်းဖြစ်မည်..။
....
ကြော်ငြာလက်ကမ်းစာဝေမည့်
စားသောက်ဆိုင်မှာ ဖုကျန်းအားသိပ်သဘောမကျလှချေ။ သို့သော် အခြားမည်သူမှလည်းမလာသည်ကြောင့် မသန်မစွမ်းဖြစ်နေသော ဖုကျန်းကိုသာ လုပ်ခိုင်းရတော့၏။
ဖုကျန်း လေးပင်လှသော အရုပ်ဝတ်စုံ
ကြီးကို ဝတ်လိုက်ပြီးနောက် ကျောင်းအပြင်ဘက်သို့ ထွက်သွားလိုက်သည်။ တွေ့သမျှ
ကလေးတိုင်းအား လက်ကမ်းစာကို ဝေ
ပေးသည် အချို့ကလေးများက လက်ကမ်း
စာကို ယူသွားကြသည်၊ အချို့က ဂရုတစိုက်
ဖတ်ကြည့်ကြ၏၊ အချို့က အမှိုက်ပုံးထဲသို့
တန်းပစ်လိုက်ကြသည်၊ အချို့ကမူ စက္ကူ
လေယာဉ်ပျံလုပ်ကာ လေမှုတ်သွင်း၍ လေထဲသို့ပစ်ကာ ဆော့ကြလေ၏။
ညနေချမ်းအချိန်သို့ရောက်၍ နေဝင်ဆည်းဆာ
အလှဖြင့် ကောင်းကင်က လိမ္မော်ရောင်တောက်နေချိန်တွင် ကလေးများက ကျောင်းကားအသီးသီးပေါ်သို့တက်သွားကြလေသည်။ ဆရာ၊ဆရာမများပါ ပြန်ကုန်ကြသည့်နောက်မှ ဖုကျန်းကအရုပ်ဝတ်စုံကြီးကိုချွတ်လိုက်ကာ ဆိုင်ဆီသို့ပြန်သွားလိုက်သည်။ဝတ်စုံကိုပြန်ပေးပြီးနောက် ဆိုင်မှကျွေးသော ညစာကိုစားကာ နောက်ဆုံးတွင် သူ၏စုတ်ပြတ်နုံချာလှသော အိမ်လေးဆီသို့အမြန်ပြန်ရန် ဘတ်စ်ကားပေါ်သို့ အမြန်တက်ရပေသည်။
.....
ဧည့်ခန်းထဲတွင်
လတ်တလော နာမည်ကြီးနေသော ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုလာနေသည်။ထိုဇာတ်လမ်းတွဲတွင် ထန်ဝမ်ဝမ်က အဓိက သရုပ်ဆောင်အဖြစ်ပါဝင်ထား၏။ဖုကျန်းက သာမာန်ကာလျှံကာ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အသံမထွက်စေဘဲသူ၏အခန်းဆီသို့ ဝင်သွားလိုက်သည်။
ထန်ဝမ်ဝမ်သည် Talent Show တစ်ခုတွင်
ပွဲဦးထွက်အနေဖြင့် ပါဝင်ခဲ့သည်။ထို
ပြိုင်ပွဲ၌ သူမ၏ ကံကောင်းမှု၊ ချောမော
လှပမှု၊ အလုပ်ကြိုးစားမှုတို့ဖြင့် ပရိတ်သတ်အမြောက်အမြား ရရှိခဲ့လေသည်၊ သူမ၏ပရိတ်သတ်များက သူမအား 'Honey Koi ' ဟုခေါ်ကြသည်။
ထိုအချိန်က ဖုကျန်းသည် Graduation Workအတွက် ရုပ်ရှင်တစ်ခု ရိုက်နေကာ အလုပ်များလျှက်ရှိသဖြင့် ထန်ဝမ်ဝမ်ကို သတိပင်မထားမိချေ။ သူမက သူ့အဖေ၏ တရားမဝင်သမီးတစ်ယောက်ဖြစ်နေမည်ဟုလည်း မထင်ထားခဲ့ပေ။
ဖုကျန်းချန်သည် ငယ်စဉ်အခါက အထိန်းအကွပ်မဲ့စွာ အပျော်အပါးမက်လှသည်။သူ
နှင့် ဖုတင်း၏ မိခင်တို့သည် စီးပွါးရေးအရသာလက်ထပ်ထားခြင်းဖြစ်ရာ လက်ထပ်ပြီးနောက်တွင် ကိုယ့်အတွဲနှင့်ကိုယ် နေကြ၏။ မမျှော်လင့်ထားသည်မှာ ဂရုမထားဘဲ ပျော်ပါးခဲ့မိခြင်းကြောင့် ကလေးတစ်ယောက် အဖက်တင်လာခဲ့ခြင်းပင်။
အစပိုင်း၌ ဖုကျန်းချန်သည် ဖုကျန်းအား
သူ၏သားဟု အသိအမှတ်မပြုချင်ခဲ့ပေ..
သို့သော် နောက်ပိုင်းတွင် ထိုကလေးအား အနား၌ခေါ်ထားကာ ကြီးပြင်းသည်အထိ စောင့်ရှောက်ကျွေးမွေးလာခဲ့လေသည်။
၁၈ နှစ်ကြာပြီးနောက်တွင်မူ ဖုကျန်းချန်သည်သမီးတစ်ယောက် ထပ်ရလာခဲ့ပြန်သည်။သူမအား အနုပညာရပ်ဝန်း၌ အားအကျခံရဆုံးသူဖြစ်လောက်သည်အထိ အလိုလိုက်ထားခဲ့သည်။ ထိုသမီးအတွက်နှင့် သူနှစ်နှစ်ဆယ်နီးပါးကျွေးမွေးစောင့်ရှောက်လာခဲ့သော သားအငယ်လေးကိုပင် အိမ်မှမောင်းထုတ်ခဲ့လေသည်။