အပိုင်း ၂၂
Viewers 990

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၂၂

 

 

 

 

 

 

 

အနုပညာရှင်များအတွက် အချိန်က ပိုက်ဆံပဲဖြစ်သည်ဆိုသောကြောင့် ဇာတ်ကား မရိုက်ခင်ကတည်းက တစ်ခဏလောက် အချိန်ညှိပေးရလေ့ရှိသည်။

 

 

ထန်ယီသည် ကောက်ညှင်းဖက်ထုပ်လိုဖြစ်နေသည်။ သူနှင့်ဖက်ထားရာမှ ယွင်ကျန့်သည် သူမခန္ဓာကိုယ်ကို သူ့ခန္ဓာကိုယ်ကနေ မနဲခွာထုတ်ခဲ့ရသည်။

 

 

မတ်တပ်ထရပ်လိုက်သောအခါ သူမအဝတ်အစားများသည် ထန်ယီကြောင့် တွန့်ကြေသွားကြောင်း တွေ့လိုက်ရသည်။

 

 

ထန်ယီသည် အမြှီးကြီးကြီးနှင့် ဝံပုလွေတစ်ကောင်ကဲ့သို့ဖြစ်နေပြီး သူသည် သူ့အဝတ်အစားများကို ယွင်ကျန့်၏ရှေ့တွင် စတိုင်လ်ကျအောင် တမင်တကာ ပြင်ဆင်ခဲ့သည်။ ချောင်းတစ်ချက်ဟန့်ပြီးနောက် အဝတ်လဲခန်းထဲမှ အေးဆေးတည်ငြိမ်စွာ ထွက်လာခဲ့သည်။

 

 

အခန်းထဲမှ ထွက်လာသောအခါ ကျန့်ကျင်းယုနှင့် လူငါးယောက်ကို တံခါးနှင့် မလှမ်းမကမ်း နေရာတွင် တန်းစီစောင့်နေသည်ကို တွေ့လိုက်ရသည်။

 

 

သူတို့နှစ်ယောက်သား၏ မြင်ကွင်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ ထန်ယီ အဝေးသို့ ထွက်သွားတာတောင် ယွင်ကျန့်မှာ မျက်နှာမကောင်းဖြစ်နေသည်။ သူတို့နှစ်ဦး စကားများရန်ဖြစ်နေသည်ကို ကြားသိရသောအခါတွင် ထိုလူများက သူတို့အကြီးအကျယ် ရန်ဖြစ်ကြမည်ဟု ထင်နေကြသည်

ထန်ယီသည် သူတို့ကို သိပ်ဂရုမစိုက်ပဲ ရိုက်ကွင်းဆီ ချက်ချင်းထွက်သွားခဲ့သည်။

 

 

နောက်ဆက်တွဲ ရိုက်ချက်များမှာ ချောချောမွေ့မွေ့ ဖြစ်သွားခဲ့သည်။

 

 

ထန်ယီသည် ပိုမိုပူးပေါင်းဆောင်ရွက်လာကာ ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့သည်။ သရုပ်ဆောင်တစ်ယောက်၏ အဆိုးအကောင်းများကိုလည်း ပြသနိုင်ခဲ့သည်။ တရားဝင်သရုပ်ဆောင်ခြင်းမပြုမီတွင် သူသည် ဇာတ်လမ်းထဲသို့ စီးမြောနေပြီဟု ထင်ရသည်။

 

 

ဟယ်ယီရှား၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အမြဲပို၍ကောင်းမွန်နေပြီး ရိုက်ကူးရေး လုပ်ငန်းအားလုံးသည် အလွန်လျင်မြန်စွာ ပြီးမြောက်ခဲ့သည်။

 

 

သူတို့နှစ်ယောက်သား နောက်ထပ် ဗီဒီယိုအတိုလေး ဖန်တီးပြီးနောက် ဟယ်ယီရှားက သူမ၏ဆံပင်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး တစ်ချိန်တည်းတွင် ထန်ယီအား “ရှင်၊ ရှင် ဒါကို သန့်ရှင်းရေးလုပ်ပေးဖို့ အကြွေးတင်နေပြီ”

 

 

“ငါက ယွင်ကျန့် တစ်ယောက်တည်းကိုပဲ ဂရုစိုက်ပေးမှာ၊ တခြားသူတွေကို မလုပ်ပေးနိုင်ဘူး”

 

 

“အိုး၊ ကျွန်မ နားလည်ပါပြီ” ဟယ်ယီရှားက မဲ့ပြုံးပြုံးပြီး ရယ်မောကာ ထန်ယီအနားသို့ ချဉ်းကပ်ကာ မေးလိုက်သည်။ “စည်းဝါးကိုက်တတ်ဖို့ ရှင့်ကို သင်ပေးမှရမယ်မလား”

 

 

ထိုစကားလုံးများကြောင့် ထန်ယီမှာ စိတ်မဆိုးသည့်အပြင် ရယ်ပါရယ်သွားခဲ့သည်။

 

 

သူသည် ပြန်လည်း မဖြေ၊ ပြန်လည်း မချေပခဲ့ချေ။ ဟယ်ယီရှားပြောသည့်စကားကို နားလည်ကြောင်း အမူအရာလုပ်ပြခဲ့ပြီး ထွက်သွားလိုက်သည်။

 

 

ထန်ယီ၏ စိတ်ဆန္ဒပြင်းပြမှုနှင့် ဒေါသကို ဤအသိုင်းအဝိုင်းထဲက လူတော်တော်များများ သိကြသည်။ ဤအရာမှာ ထန်ယီ၏ အကျင့်စရိုက်ကို သက်သေပြရန် လုံလောက်သော ဒေါသမဟုတ်ပေ။

 

 

ဟယ်ယီရှားသည် ထန်ယီကိုကြည့်ကာ သူမ၏ နှလုံးသားထဲမှ စကားတစ်ခွန်းက ရူးသွပ်စွာ ထွက်ပေါ်လာသည် -“အိုး သွားသေလိုက်လေ!”

 

 

သို့သော်လည်း ယခုအခါ သူမသည် နတ်ဘုရားမနှင့်တူသော ပုံစံဖြစ်နေပြီဖြစ်သောကြောင့် ထိုပုံစံမှာ မပြိုလဲသေးသည့်အတွက် အံ့သြသွားရသည်။

 

 

သူမသည် မိတ်ကပ်ကို အလွန်တည်ငြိမ်စွာနှင့် ဖျက်နေခဲ့ပြီး သူမ၏စိတ်ထဲတွင် ယွင်ကျန့်မှာ သူမအား မပြောခဲ့ကြောင်းကို ညည်းညူခဲ့သော်လည်း ယွင်ကျန့်က သူမအား ဝန်ခံမည့် အချိန်ကို မြင်ချင်မိသည်။

 

 

ထန်ယီသည် မိတ်ကပ်ဖျက်ရန် အဝတ်လဲခန်းသို့ ပြန်သွားပြီး ယွင်ကျန့်က ထိုအခန်းထဲသို့ တန်းဝင်လာပြီး “ရှင် ဘယ်တော့လောက် အချိန်ရနိုင်မလဲ” ဟုမေးလိုက်သည်။

 

 

သူမတွေ့လိုက်ရသည်မှာ ကျန့်ကျင်းယုသည် ထန်ယီ၏အဝတ်အစားများကို သူ့လက်ထဲတွင် ကိုင်ထားပြီး ဘေးတွင်ရပ်နေသော ထန်ယီသည် အင်္ကျီကျွတ်ကြီးနှင့် မှန်ရှေ့တွင် ရပ်ကာ သူ့လည်ပင်းကိုကြည့်နေသည်။

 

 

ထန်ယီက လှည့်ပြီး ယွင်ကျန့်ကို ကြည့်လိုက်သည်။ “မင်းဘယ်အချိန်တွေကို လာပြောနေတာလဲ”

 

 

ယွင်ကျန့်၏ မျက်လုံးများသည် ထန်ယီ၏ ခန္ဓာကိုယ်တစ်ဝိုက်ကို လှည့်ပတ်ကြည့်လိုက်ရာ ထန်ယီ၏ အသားအရေသည် ယောက်ျားလေးများထဲတွင် ပိုဖြူနေသေးသော်လည်း သူ့ခန္ဓာကိုယ်တွင် ကြွက်သားများ ပြည့်နှက်နေသည်ကို တွေ့ရသည်။ နံရိုးကြွက်သားမြောင်းများ၊ ရင်ဘတ်ကြွက်သားများ၊ ဗိုက်ကြွက်သားများ စသည်တို့၏ ကြွက်သားအမြောင်းများသည် ချောမွတ်ပြေပြစ်နေကြသည်။

 

 

ဓါတ်ပုံထဲမှ ခန္ဓာကိုယ်နှင့် မိမိကိုယ်တိုင်ရှေ့က မျက်မြင်တွေ့ရနေသော ခန္ဓာကိုယ်သည် တကယ့်ကို ကွဲပြားလှသည်။

 

 

ထန်ယီ၏ ပုံပန်းသွင်ပြင်သည် သွယ်သွယ်လျလျဖြစ်နေသည်။ ရလဒ်အနေနှင့် သူ့အဝတ်အစားများကို မချွတ်လျှင် ထိုပုံစံကို ခန့်မှန်း၍မရပေ။

 

 

“ရှင် မိတ်ကပ် သေချာဖျက်ပြီးပြီလား” ယွင်ကျန့်က မေးလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ် လက်တစ်ဖက်တည်း တင်ကာ မေးလိုက်သည်။

 

 

 “အင်း ငါ့လည်ပင်းမှာ တစ်ခုခုရှိနေသလိုပဲ၊ ချွေးထွက်တာကိုတော့ ကြိုက်ပါတယ်၊ ပြီးတော့ ချွေးထွက်လာရင် အရမ်းအဆင်မပြေဖြစ်လာတော့ အားလုံးကိုဆေးကြောပစ်လိုက်တယ်” ထန်ယီက ဘာမှစိတ်မ၀င်စားပဲ မှန်ရှေ့မှာရပ်ပြီး လိုးရှင်းကို ညှစ်ထုတ်လိုက်ကာ လည်ပင်းနှင့် ခန္ဓာကိုယ်ကို လိမ်းလိုက်သည်။

 

 

ယွင်ကျန့်က ထန်ယီကို ကူပေးရန် လုပ်နေသော်လည်း ထန်ယီက သူမအကူအညီကို ငြင်းနေဆဲဖြစ်သည်။

 

 

သရုပ်ဆောင်များသည် ငပေငတေများလို နေရသည်ကို နှစ်သက်ကြသည်။ ဒါရိုက်တာများသည် သူတို့လို ငပေငတေများလို လိုက်နေ၍မဖြစ်ပေ၊ မဟုတ်လျှင် အဖွဲ့သားများက ဘယ်လိုထင်ကြမလဲ။

 

 

“ကောင်းပြီ၊ ကျွန်မတို့က သရုပ်ဆောင်တွေ အတူတူ ထမင်းစားကြရအောင်လို့ လူလိုက်စုနေတာ။ ရှင်သာ လာမယ်ဆိုရင် အခြေအနေတွေက အရမ်းကောင်းသွားလိမ့်မယ်” ယွင်ကျန့်က ပြောလိုက်သည်။

 

 

“အဲ့တော့ ငါက ရိုက်ကွင်းကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးသလို ဖြစ်သွားမယ်မလား”

 

 

“ဟုတ်တယ်၊ မှန်တာပေါ့” ယွင်ကျန့်က ဖုံးကွယ်မထားပဲ တိုက်ရိုက်ဝန်ခံခဲ့သည်။

 

 

“ရင်းနှီးမြုပ်နှံမယ့်လူတွေရော လာမှာလား”

 

 

“လာမှာ”

 

 

ထန်ယီက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကျန့်ကျင်းယုဆီမှ အဝတ်အစားများကို ယူကာ ဝတ်လိုက်သည်။ ကြယ်သီးများကို တပ်ပြီးနောက် ယွင်ကျန့်ဆီ လျှောက်သွားပြီး မေးလိုက်သည်။ “မင်းအရင်က တီဗွီရှိုးတွေ လုပ်တုန်းက ဒီလိုပွဲတွေ မင်းသွားခဲ့ဖူးလို့လား၊ ပြီးတော့ သောက်ရော သောက်ခဲ့ဖူးလို့လား”

 

 

ယွင်ကျန့်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး “ငါက အဲ့တုန်းက ဒေါသကြီးတတ်တော့ ပုံမှန်အချိန်တွေမှာ အဲ့လိုပွဲတွေတောင် မသွားဖြစ်ဘူး။ ဒီတစ်ခါတော့ တကယ် သွားမှဖြစ်မယ်။ နည်းနည်းတော့ သောက်ပါရစေ၊ ဒါပေမယ့် အရမ်းမူးအောင်တော့ မသောက်ပါဘူး”

 

 

“အခုမှဘာလို့...” ထန်ယီက စကားပြောလတ်စကို ရပ်လိုက်ပြီး သူ့နှုတ်ခမ်းများကို စေ့ကာ ခေါင်းညိမ့်ပြလိုက်သည် “ကောင်းပြီ၊ ငါတတ်နိုင်သလောက် အချိန်ရအောင် လုပ်ထားလိုက်မယ်။ ငါမလာနိုင်ရင် မင်းကို တခြားသူတွေနဲ့ သောက်ခွင့်တော့ပေးမယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး အရမ်းမသောက်နဲ့၊ အရက်သောက်လိုက်ရင် မင်းကအရူးတစ်ယောက်လိုပဲ”

 

 

ယွင်ကျန့်က ခေါင်းညိမ့်ပြပြီး လှည့်ထွက်သွားသော်လည်း ထန်ယီက သူမကို လှမ်းဆွဲလိုက်သည်။ “မင်းဘယ်သွားမလို့လဲ”

 

 

“အလုပ်”

 

 

“မင်းငါ့နဲ့ခဏလောက် အဖော်နေပေးလို့မရဘူးလား။ ငါ့လေယာဉ်က ည ၇နာရီ၊ အခုက သွားဖို့အချိန်နီးနေပြီ”

 

 

 “အစောကြီး ပြန်တော့မလို့လား၊ ခဏနေ ရှင်နဲ့အတူ ထမင်းစားလို့ရမယ်ထင်နေတာ”

 

 

“ငါလည်း မတတ်နိုင်တော့ဘူး၊ ပြန်ပြီး ကောင်းကောင်း အိပ်ရမယ်၊ ဒါမှ မနက်ဖြန် ရိုက်ကူးရေးမှာ အခြေအနေ ပိုကောင်းလာမှာ”

 

 

ယွင်ကျန့်က လက်ကို မြှောက်လိုက်ပြီး နာရီကို ကြည့်လိုက်သည်။ အချိန်က ငါးနာရီခွဲလောက်ရှိပြီ။ လေဆိပ်ကိုရောက်ဖို့ မိနစ် ၄၀ ကြာတတ်သည်။ ထန်ယီသည် ဤနေရာမှာ အချိန်အနည်းငယ်သာ နေနိုင်ပြီး လေယာဉ်ပေါ်တွင် ညစာစားလိမ့်မည်ဟု သူခန့်မှန်းမိသည်။

 

 

သူမသည် ထိုသို့စဉ်းစားလိုက်ပြီး သူ့နားမှာ နေပေးလိုက်သည်။

 

 

ကျန့်ကျင်းယုသည် ဘေးဖက်သို့ တဖြည်းဖြည်းရွေ့သွားကာ တံခါးဆီသို့ တစ်လှမ်းချင်း လှမ်းသွားပြီးနောက် တံခါးကိုဖွင့်ကာ ထွက်သွားလိုက်သည်။

 

 

“သူ့မှာလုပ်စရာရှိလို့လား” ယွင်ကျန့်က ထန်ယီကို မေးလိုက်သည်။

 

 

“သူက အလိုက်သိတတ်တယ်လေ”

 

 

ယွင်ကျန့်သည် မျက်မှောင်ကြုတ်ကာ အဓိပ္ပါယ်ကို နားမလည်သဖြင့် ထန်ယီက သူ့ရင်ခွင်ထဲသို့ သူမကို ဆွဲသွင်းလိုက်ပြီး “မင်းကို ဖက်လိုက်ရတာ အရမ်းကျေနပ်မိတယ်”

 

 

“ဟယ်ယီရှားကလည်း မိန်းမလှလေး တစ်ယောက်ပါပဲ”

 

 

“ငါ့မျက်လုံးထဲမှာ မင်းတစ်ယောက်တည်းပဲ လှတယ်”

 

 

ယွင်ကျန့်ကို ထန်ယီက ချော့မော့ကာ ချွဲနေပြီး သူ့ရင်ခွင်ထဲတွင် အချိန်အတော်ကြာ ရယ်မောနေခဲ့သည်။ သူမခေါင်းကို မော့လိုက်သည်နှင့် ထန်ယီက သူမနှုတ်ခမ်းကို နမ်းလိုက်သည်။

 

 

အစကတည်းက နက်နက်ရှိုင်းရှုင်းနမ်းဖို့ စီစဉ်ထားပေမယ့် ယွင်ကျန့်က ရှောင်လိုက်ပြီး သူ့လည်ပင်းကိုကိုင်ကာ အော်ပြောလိုက်သည်။ “ဟင့်အင်း၊ လည်ပင်းရိုးက ခံနိုင်မှာ မဟုတ်ဘူး။ ခေါင်းကို ၉၀ ဒီဂရီလောက် မော့ထားနေရတယ်၊ ယောဂလုပ်ရင်တောင် အဲ့လိုမလုပ်ဖူးဘူး”

 

 

ထန်ယီက ခေါင်းမမာတော့ပဲ သူမအနားတွင် ရယ်မောကာ သူ့လက်ကို ဆန့်ထုတ်ပြီး ခေါင်းကို ပွတ်ရင်း “မင်းကို ဘယ်သူက ဒီလောက်အရပ်ပုအောင်လုပ်ခဲ့တာလဲ”

 

 

“ကျွန်မလည်း အရပ် အရမ်းပုချင်တယ်လို့ ထင်နေလား။ ဘယ်သူက အရပ် ၁.၈ မီတာလောက် မဖြစ်ချင်ရမှာလဲ။ ကျွန်မလည်း Victoria's Secret ကို သွားပြီး ဒီလောကထဲကိုစဝင်ချင်ခဲ့တာ၊ ဒါပေမယ့် အမြဲတမ်း အရမ်းဆိုးတဲ့ဟာတွေပဲ ဖြစ်နေခဲ့တယ်၊ အဲ့တော့ ကျွန်မလည်း ဘာမှမတတ်နိုင်တော့ဘူး”

 

 

ယွင်ကျန့်က သူမလည်ပင်းကို ပွတ်ပြီး ထိုင်ချလိုက်ကာ ထန်ယီ ကိုယ်တိုင်ပေးခဲ့သော နှုတ်ခမ်းနီကို စူးစမ်းနေသည်။ ထန်ယီသည် ခရီးဆောင်အိတ်ဇစ်ကို ဖွင့်ကာ အထဲရှိပစ္စည်းများကို မြင်စေ၍ အထုပ်များ ဖောက်စေခြင်းနှင့် စစ်ဆေးခြင်းစသည်တို့ကို လုပ်ပေးရန် ကူညီပေးခဲ့သည်။

 

 

သူတို့နှစ်ယောက်သား နှုတ်ခမ်းနီများကို ခဏလောက် ကြည့်နေပြီး ကျန့်ကျင်းယုက တံခါးကို ဖွင့်ကာ အမြန်ပြေးလာလိုက်သည်။ “အစ်ကိုထန်၊ ကျွန်တော်တို့ လေဆိပ်ကို သွားရတော့မယ်”

 

 

ယွင်ကျန့်နှင့် ခွဲရဖို့ ဝန်လေးနေသည်ကို ထန်ယီတစ်ယောက် စိတ်ထဲမှာ ခံစားနေရပြီး ယွင်ကျန့်ကို မကျေမနပ်နှင့် ကြည့်လိုက်သည်။

 

 

“လိုက်ပို့ပေးရမလား” ယွင်ကျန့်က မေးလိုက်သည်။

 

 

“ဒီကနေပဲ နှုတ်ဆက်လိုက်ပါတယ်၊ လေဆိပ်လိုနေရာမျိုးမှာက သတင်းထောက်တွေ အများဆုံးရှိတယ် ပြီးတော့  ပရိတ်သတ်တွေရောပဲ။ မင်း ကောလဟလတွေနဲ့ တည့်တည့်တိုးချင်လို့လား” ထန်ယီသည် ကြီးစွာသောနောင်တဖြင့် ငြင်းဆန်နိုင်ခဲ့ပြီး ကိုယ်ကိုလှည့်ကာ မှန်တင်ခုံပေါ်မှ မျက်ခုံးမွှေးဆွဲသည့်ခဲတံကို ယူကာ ယွင်ကျန့်ထံ နောက်ထပ် လျှောက်သွားခဲ့သည်။

 

 

ယွင်ကျန့်သည် ခရီးဆောင်အိတ်ရှေ့တွင် ထိုင်ချလိုက်ပြီး ထန်ယီက သူမရှေ့တွင် ငုတ်တုတ်ထိုင်နေပြီး သူမလက်ကိုကိုင်ကာ လက်ဖမိုးပေါ်တွင် စာရေးလိုက်သည်။

 

 

ထန်ယီက ရေးလိုက်သည်မှာ ယွင်ကျန့်တစ်ယောက်တည်းကိုသာ ပေးခဲ့သော မှတ်စုတိုတစ်ခုဖြစ်သည်။

 

 

၁။ မင်းယောကျ်ားနဲ့ ဗီဒီယိုကောခေါ်ဖို့ မမေ့ပါနဲ့။

 

 

၂။ နောက်တစ်ကြိမ်တွေ့တဲ့အခါ မင်းယောကျ်ားကို အရင်စနမ်းဖို့ သတိရပါ။

 

 

၃။ မင်းယောကျ်ားအကြောင်း တွေးဖို့ မမေ့ပါနဲ့။

 

 

၄။ မင်းယောကျ်ားက မင်းကို အချစ်ဆုံးဆိုတာကို မမေ့ပါနဲ့။

 

 

ထိုသို့ရေးပြီးနောက် ယွင်ကျန့်၏ လက်ဖမိုးပေါ်တွင် နာမည်တစ်ခု ရေးထိုးခဲ့သည်။ ရေးစရာနေရာမရှိတော့သောကြောင့် နာမည်ကို လက်ညှိုးပေါ်တွင် တိုက်ရိုက် ရေးထိုးပြီးနောက် ရပ်လိုက်သည်။

 

 

“ကောင်းပြီ ငါအရင်သွားနှင့်လိုက်မယ်၊ ပြီးတော့ မင်းလည်း လုပ်နိုင်မှာပါ” ထန်ယီသည် ထိုသို့ရေးပြီးသည်နှင့် မျက်ခုံးမွှေးဆွဲသည့်ခဲတံကို ဘေးဖယ်ထားလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ကျန့်ကျင်းယုနောက်ကို လိုက်သွားပြီး သူတို့ပစ္စည်းများကို ယူသွားကာ ထွက်သွားခဲ့သည်။

 

 

ထန်ယီ ရေးထားသည်ကို ယွင်ကျန့်က ကြည့်ချင်နေပြီး ထိုအချိန်တွင် သူမကို တခြားဝန်ထမ်းများက ခေါ်သွားလေသည်။ သူမသည် ထိုအဖွဲ့သားများနောက် လိုက်သွားရင် ထွက်သွားခဲ့သည်။ ဓာတ်ပုံအားလုံးကို ကြည့်ပြီးနောက် သူမသည် အလွန်ကောင်းမွန်သည်ဟု ခံစားမိသော ပုံအချို့ကို ရွေးချယ်ခဲ့ပြီးနောက် ထုတ်လုပ်ရေးဝန်ထမ်းများအား ထိုဓာတ်ပုံများကို စတင်တည်းဖြတ်ခွင့်ပေးခဲ့သည်။

 

 

နောက်ဆုံးတွင် ယနေ့အလုပ်များ ပြီးဆုံးသွားခဲ့ပြီးနောက် ယွင်ကျန့်သည် ဝန်ထမ်းများအား ကျေးဇူးတင်စကား ပြောကြားကာ အားလုံး ညစာစားရန်အတွက် စီစဉ်ပေးခဲ့သည်။ ရိုက်ကွင်းမထွက်သွားခင် ရေချိုးခန်းထဲဝင်သွားပြီး လက်ကို ပုံမှန်ဆေးကြောပြီး ထွက်လာခဲ့သည်။ သူမ ခေါင်းငုံ့ကြည့်လိုက်သောအခါ သူမလက်ဖမိုးပေါ်ရှိ စာလုံးများ အားလုံး မှုန်ဝါးသွားမှန်း သိလိုက်သည်။

 

 

သူမက ကပျာကယာ ရပ်လိုက်ပြီး သူမလက်ဖမိုးပေါ်ရှိ စာလုံးများကို ကြည့်ကာ မှန်းပြီးဖတ်ကြည့်နေကာ ရေးထားသည့်အကြောင်းအရာ၏ စာလုံးအစိတ်အပိုင်း အနည်းငယ်ကို ပေါင်းစပ်ကြည့်၍ ခွဲခြားဖတ်နိုင်ရန် ကြိုးစားနေသည်- ဗီဒီယိုကော...မမေ့ပါနဲ့။ မင်း...ကို သတိရပါ။

 

 

သွားပြီ။

 

 

နောက်ဆုံးတွင် သူမသည် လက်လျှော့ကာ လက်ဆေးရန် လက်သန့်ဆေးရည်ကို အကြိမ်အနည်းငယ် နှိပ်ပြီး ညဖက်တွင် ထန်ယီနှင့် ဗီဒီယိုကောပြောတော့မှ သူရေးထားသည့်စာအကြောင်းကို တိုက်ရိုက် မေးကြည့်တော့မည်ဖြစ်သည်။

 

 

ထန်ယီသည် ဟိုတယ်သို့ ပြန်ရောက်ပြီး လောဘီတွင် လက်ဆောင်များ အများအပြား လက်ခံရရှိထားသည်။ သူနှင့် ကျန့်ကျင်းယုက ဓာတ်လှေကားကို အတူတူစီးလာပြီး ဟိုတယ်၏ ၆ လွှာကို ရောက်သွားခဲ့သည်။

 

 

ဟိုတယ်၏ ထိုအထပ်တွင် လူအနည်းငယ်သာ ရှိပြီး သူတို့သည် အဖွဲ့သားများသာ ဖြစ်သည်။ အရေးကြီးသော ဝန်ထမ်းများနှင့် ထူးချွန်သော အနုပညာရှင်များသာ ဤနေရာတွင် နေကြသည်။

 

 

ဓါတ်လှေကားတံခါးနားတွင် အစောင့်နှစ်ယောက်ထားရှိပြီး ထိုအထပ်သို့ လူအဝင်မခံရအောင် ၂၄ နာရီစောင့်ကြပ်ခိုင်းထားသည်။ အနုပညာရှင်များ မပြောင်းရွှေ့မီ အခန်းတိုင်းနှင့် လျှောက်လမ်းတိုင်းတွင် လျှို့ဝှက်ကင်မရာနှင့် ကိရိယာများ တပ်ဆင်ထားခြင်း ရှိမရှိကို အထူးစစ်ဆေးထားပြီး ကြမ်းပြင်ရှိ စောင့်ကြည့်ဗီဒီယို  ကိုလည်း ပိတ်ထားလိုက်သည်။

 

 

သူတို့သည် လျှို့ဝှက် ဓာတ်ပုံရိုက်ခံရမှာကိုလည်း ကြောက်ကြသည်။

 

 

မဟုတ်လျှင် ဇာတ်ကားကောင်းတစ်ကားဟာ မဖွယ်မရာဗီဒီယိုကြောင့် ပျက်စီးသွားမယ်ဆိုရင် တကယ်ကို ဆိုးရွားသွားလိမ့်မည်။

 

 

နှစ်ယောက်သား ဝင်လာပြီးနောက် ခပ်ဝေးဝေးသို့ မသွားခဲ့ကြပေ။ တစ်စုံတစ်ယောက်က သူတို့ကို နှုတ်ဆက်လိုက်ပြီး ထန်ယီကို “အခုမှ ပြန်ရောက်တာလား” ဟုမေးလိုက်သည်။

 

 

ထန်ယီသည် ဆုထုံယုကို ကြည့်ကာ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

 

 

“အို ဒီယုန်လေးက ချစ်ဖို့ကောင်းတယ်!” ဆုထုံယုသည် ထန်ယီဆီသို့ လျှောက်လာပြီး ထန်ယီ၏ လက်နှစ်ဖက်မှ ယုန်အဆင်တန်ဆာတစ်ခုကို လုယူသွားခဲ့သည်။

 

 

ထန်ယီက သူ့နှုတ်ခမ်းများကို စေ့ထားရင်း အနည်းငယ် မကျေနပ်သလိုအကြည့်ဖြင့် ကြည့်လိုက်သော်လည်း မငြင်းသာပဲ “မင်းကြိုက်ရင် ယူလိုက်” ဟုပြောလိုက်သည်။

 

 

“ကျေးဇူးပါနော်!” ဆုထုံယုက ထန်ယီကို ပြုံးပြပြီး ချစ်စရာကောင်းသော ပါးချိုင့်လေးနှစ်ဖက်မှာ ပေါ်လွင်သွားသည်။

 

 

ဆုထုံယုသည် ဇာတ်ကားတစ်ခုတွင် ဇာတ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်သည်။ သူမသည် ရိုးသားဖြူစင်မှုနှင့် ချစ်ဖို့ကောင်းခြင်းတို့ကြောင့် အမြဲလိုလို နာမည်ကြီးသူဖြစ်သည်။ သူမသည် ပါးချိုင့်နှစ်ဖက်ဖြင့် ထူးခြားနေသည်။

 

 

သူမသည် ကလေးသရုပ်ဆောင်အဖြစ် မွေးဖွားလာသူဖြစ်ပြီး ငယ်စဉ်ကတည်းက ချောမောလှပပြီး ကြီးပြင်းလာပြီးနောက် ချစ်စရာကောင်းနေသေးသောကြောင့် သူမအပေါ် အကဲဖြတ်ချက်များက အမြဲကောင်းမွန်နေခဲ့သည်။ သူမသည် အသက် ၂၂နှစ်သာရှိသေးသော်လည်း ဒရာမာသရုပ်ဆောင်ဟောင်းအဖြစ် သတ်မှတ်ခံထားရသည်။

 

 

ထို့အပြင် သူမ၏မိဘများသည်လည်း ဝါရင့်အနုပညာရှင်များဖြစ်ကြပြီး အရင်းခံမှာ ကျန့်မြောင်ဟုန် ဖြစ်သည်။ သူသည် ဤအသိုင်းအဝိုင်းထဲတွင် နာမည်ကြီး ရှောင်ဟွားတန့်တစ်ဦးဖြစ်ပြီး သူ၏ ဂုဏ်သတင်းမှာ ဟယ်ယီရှားနီးပါးဖြစ်သည်။

 

 

(ရှောင်ဟွားတန့်ဆိုသည်မှာ တရုတ်ရိုးရာ အော်ပရာပြဇာတ်များတွင် မျက်နှာကို ဆေးခြယ်ကာ ကပြသည့် ပြဇာတ်ကပြသူအမျိုးအစားတစ်မျိုးဖြစ်သည်)

 

 

ထန်ယီက လက်ဆောင်တစ်ခု ကိုင်ထားပြီး အခန်းကို ပြန်သွားဖို့ ပြင်နေသည်။ ဆုထုံယုက ထန်ယီနှင့် ထပ်တွေ့ပြန်သွားသည် - “ရှင် ဒီည အလုပ်ရှုပ်နေလား၊ ကျွန်မတို့ ရိုက်ကွင်းကို သွားကြည့်ကြမလား”

 

 

“အလုပ်ရှုပ်နေတယ်” ထန်ယီက ပြန်ပြောလိုက်သည်။

 

 

“ရှင်ဘာတွေလုပ်နေလို့လဲ”

 

 

“မင်းလို ကလေးမလေးတွေ မသိနိုင်တဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်”

 

 

ဆုထုံယုသည် သိချင်စိတ်များလာသော မျက်လုံးများမှာ ပြူးကျယ်လာပြီး “အစ်ကိုကြီးထန်၊ အဲ့လိုမပြောပါနဲ့၊  ကျွန်မအပေါ် အရမ်းအေးစက်တာပဲ!”

 

 

“မင်းက တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ” ထန်ယီက ရပ်လိုက်ပြီး မေးလိုက်သည်။

 

 

“ထန်ရှန့် အသားစားချင်လို့”

 

 

“မင်းက အရိုးစု ဝိညာဉ်လား”

 

 

“ကျွန်မကို ကြည့်ရုံနဲ့တင် ယုန်ဝိညာဉ်မှန်း သိနေတာတောင် ဘာလို့ အရိုးစုဝိညာဉ်ဖြစ်ရမှာလဲ၊ ဒီလိုရုပ်ဆိုးတဲ့ အကောင်ကြီးနဲ့ နှိုင်းရက်တယ်”

 

 

ထန်ယီသည် ဆုထုံယုနှင့် ဤအကြောင်းပြောဖို့ စိတ်မဝင်စားနေပဲ သူ့အခန်းဆီ ဆက်လျှောက်သွားသည်။ ဤအချိန်တွင် ကျန့်ကျင်းယုက သူ့လက်ထဲမှာရှိသည့် ပစ္စည်းအားလုံးကို အခန်းထဲပြန်ပို့ပေးပြီး ထန်ယီအတွက် ပစ္စည်းများ ရွှေ့ပေးဖို့ လာကူညီပေးပေမယ့် တံခါးကို ရောက်လာသောအခါမှာတော့ တံခါးဟာပိတ်သွားပြီး ကတ်ပျောက်နေသည်ကို တွေ့လိုက်ရသည်။ ကျန့်ကျင်းယုက တစ်ခဏလောက် ထိတ်လန့်သွားပြီး ထန်ယီကို တောင်းပန်လိုက်သည်- “အစ်ကိုထန်၊  ကျွန်တော်...ကျွန်တော် အခုလေးတင် အခန်းကတ်နဲ့ လက်ဆောင်တွေကို အခန်းထဲ ထည့်ထားလိုက်မိပုံရတယ်။ ပထမထပ်က ဝန်ဆောင်မှုကောင်တာဆီ သွားမေးကြည့်လိုက်ဦးမယ်”

 

 

သူသည် ထိုသို့မြန်မြန်ပြောပြီးသည်နှင့် ဓာတ်လှေကားဆီ ပြေးသွားလိုက်သည်။

 

 

ဆုထုံယုက စနောက်ပြီး “စီနီယာထန်၊ အစ်ကိုကြီးရဲ့လက်ထောက်က အရမ်း ချစ်ဖို့ကောင်းတယ်” ဟုပြောလိုက်သည်။

 

 

သူမသည် ထိုသို့ပြောပြီးနောက် ထန်ယီ၏ နံဘေးသို့ လျှောက်သွားကာ ထန်ယီ၏ လက်မောင်းကို ဖက်လိုက်သည်။

 

 

ထန်ယီသည် သူ့လက်ကို ချက်ချင်းပြန်ဆွဲထုတ်လိုက်ပြီး ဆုထုံယု၏ နဖူးကို လက်ချောင်းတစ်ချောင်းဖြင့် တွန်းလိုက်သည်။ သူမကို အဝေးသို့ တွန်းထုတ်ပြီးနောက် လက်ကို ချက်ချင်းပြန်ရုတ်လိုက်ပြီး “ဒီလိုမလုပ်စမ်းပါနဲ့၊ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်”

 

 

ဆုထုံယုသည် နောက်ဆုံးတော့ မရယ်ပဲမနေနိုင်ချေ။