အပိုင်း ၁၃
Viewers 23k

ဖုကျန်းက သူ့ထံမှ Shazou Chronicle၏မူပိုင်ခွင့်ကိုဝယ်ယူရန်လာသောသူမှာ ဖုတင်းလွှတ်လိုက်သောသူမှန်းမသိပေ။ သူ၏အတွင်းရေးမှူးမှ မဝယ်ယူနိုင်သည့်အတွက် သူကိုယ်တိုင်ရောက်လာမည်ကိုပို၍ပင်မသိခဲ့ပေ။နေ့လယ်ခင်း၌ ကောင်းကင်ကမှောင်မည်းလာပြီး လေပြင်းများက မြေကြီးပေါ်၌ ဖုန်များသဲများအားဖြတ်တိုက်ကာ သူ၏နားမှဝှီးခနဲမြည်အောင်ဖြတ်သန်းကာ တောင်ဘက်အရပ်မှတဆင့် ကောင်းကင်ဆီသို့တိုက်ခတ်သွားလေသည်။
ဖုကျန်း၏ခြေထောက်များမှာ ဤကဲ့သို့ရာသီဥတုမျိုးတွင် မခံမရပ်နိုင်အောင်နာကျင်မှုကို ခံစားရလေ၏။တွန်းလှည်းလေးကိုတွန်းရင်းဖြင့်
အလုပ်သမားပေါင်းများစွာရှိနေသောဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ၌ အလုပ်ရှုပ်
နေရင်း အလုပ်ရှင်ထံမှ အိမ်ပြန်ပြီး
ပုံသာဆွဲနေရန်ခွင့်တောင်းသင့်မတောင်းသင့်စဉ်းစားနေသည်။
ဖုကျန်းက တွန့်ဆုတ်တွန့်ဆုတ်စဉ်းစားနေစဉ်
မှာပင် အလုပ်ရှင်က လုံခြုံရေးခန်းထဲမှထွက်လာပြီး သူ့အားခေါ်လေ၏။
"ဖုကျန်း မင်းကိုလူတစ်ယောက်လာရှာနေတယ်..."
ဖုကျန်းက တခဏမျှ ရပ်တန့်သွားပြီးအတန်ငယ်မျှစဉ်းစားသွားရသည်။ယခုအချိန်တွင် သူ့အားလာရှာနိုင်မည့်လူကို သူစဉ်းစား၍မရနိုင်သောကြောင့်ပင်။ သူ၌ဆွေမျိုး၊မိတ်ဆွေ၊သူငယ်ချင်းဟူသည် မရှိတော့တာကြာပြီဖြစ်သည်။အခု ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှေ့မှာစောင့်နေတဲ့သူက ဘယ်သူများဖြစ်နိုင်မည်နည်း။
သူက လက်တွန်းလှည်းကို ဘေးကိုဖယ်လိုက်ပြီး တံခါးဘက်သို့ သူ၏နာကျင်နေသောခြေထောက်အား တရွတ်ဆွဲသွားလိုက်သည်။အလုပ်ရှင်က ခရုတစ်ကောင်ကဲ့သို့နှေးကွေးနေသော ဖုကျန်းအားကြည့်ကာ နောက်တစ်ခွန်းပြောပြန်လေသည်။
"၁၀ မိနစ်ပဲအနားပေးမှာနော် မြန်မြန်ပြန်လာခဲ့..."
ဖုကျန်းက တုံ့ပြန်သည့်အနေဖြင့် နာကျင်မှုကိုတောင့်ခံကာ ခြေလှမ်းကို မြန်မြန်လှမ်းလိုက်သည်။
ဖုတင်းတစ်ယောက် သူယနေ့၌မြင်ရ
မည့်မြင်ကွင်းမှာ ဤကဲ့သို့ဆိုးဝါးလိမ့်မည်
မထင်ထားမိပေ။ သူ၏မှတ်ဉာဏ်ထဲ၌ရှိနေ
သော အမြဲတမ်းအဝတ်အစားကိုသေသပ်စွာဝတ်ဆင်လျက်နေတတ်သော အထက်တန်းဆန်လှသော သူ၏ညီဖြစ်သူက ယခုတွင်မူ အပြာရောင် အလုပ်သမားဝတ်စုံနှင့် ရွှံ့များဘိလပ်မြေများပေကျံလျက်ရှိပြီးသူ၏မျက်နှာမှာလည်း ဖုန်များဖြင့်ဖုံးလွှမ်းနေကာ သူလမ်းတစ်ချက်လျှောက်လိုက်တိုင်းနောက်ကျောဘက်ကတုန်ယင်လျက်ရှိနေလေသည်။
သူသည် ဖုကျန်း၏ အလုပ်ခွင်ထဲမှပုံများကို မြင်ပြီးပြီဖြစ်သော်လည်း ထိုအချိန်က ဤသည်မှာအမှန်မဟုတ်ဟုတွေးထားလေသည်။ ဖုမိသားစု၏သခင်လေးတစ်ယောက်က ဤအလုပ်များကိုလုပ်မည်လည်းမဟုတ်သည်မို့ သူ့မျက်လုံး ၂ လုံးနှင့်တပ်အပ်တွေ့မှပင် အမှန်ဖြစ်သည်ဟုလက်ခံရတော့သည်။
ဖုကျန်းကလည်း သူ့ ကိုရှာနေ သူမှာ ဖုတင်းဟုမထင်မှတ်ထားသည်ကြောင့်သူ၏ခြေလှမ်းများရုတ်တရက်ရပ်တန့်သွားပြီး ပြန်ထွက်သွားရန်လှည်လိုက်သော်လည်း ဖုတင်းကသူ့ကိုတားလိုက်၏။
"ငါမင်းကို ပြောစရာရှိတယ်..."
ဖုကျန်းက သူ့ထံ၌ ဖုတင်းအားပြောစရာစကားမရှိဟုခံယူထားသည်ကြောင့်သူ၏နောက်ကျောမှာ ရုတ်တရက်ပင်တောင်
တောင့်ကြီးဖြစ်သွားလေသည်။ သူအနောက်
သို့ လုံးဝလှည့်မကြည့်ချင်ပါ။သူ့ထံသို့ဖုတင်းကမည်သည့်အကြောင်းဖြင့်လာသည်ကို သူမည်သို့မှစဉ်းစား၍မရပေ။
လွန်ခဲ့သည့် ၂ နှစ်အတွင်းစဉ်းစားကြည့်ရင် သူထိုအချိန်က ဖုကျန်းအပေါ်သို့ညှာတာလိုက်မိသည်ဟုတွေးမိ၍များ ယခုတွင်သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကိုများ ထန်ဝမ်ဝမ်အားပေးချင်၍ ရောက်လာသည်လား။
ဖုတင်းက အေးစက်စွာပင်ပြောလာသည်။
"မင်းမနက်ဖြန်ဒီမှာ ဆက်လုပ်ချင်သေးတယ်ဆိုရင် အခုကိစ္စကိုသဘောတူလိုက်တာကောင်းလိမ့်မယ်..."
ဖုကျန်းခေါင်းကိုပြန်လှည့်လိုက်ပြီးသူ၏ဆန့်ကျင်ဘက်ရှိဖုတင်းအားစိုက်ကြည့်လိုက်ပြီးနောက်တွင် သူ့နှလုံးသားထဲရှိအပေါက်ဖြစ်နေသောနေရာမှာ ထပ်၍ကွဲကြေသွားပြန်ကာ မြောက်ပိုင်းမှလာသော လေထုကလည်း သူ့အနားမှဝှီးခနဲဖြတ်၍သွားပြန်လေသည်။
သူဖုတင်းအားနောက်ဆုံးတွေ့သည်မှာဘား၏အပြင်ဘက်တွင်ဖြစ်ကာ သူ့ဘက်မှ အတိအလင်းစိတ်ဖြတ်နိုင်ခဲ့ပြီဟုထင်ခဲ့မိသော်လည်း ယနေ့ဖုတင်းအားသူပြန်တွေ့သောအခါတွင်မူ ဓာတ်ပုံများဖျက်ပစ်လိုက်သည်က လူတစ်ယောက်လုံးသူ့ဘဝထဲမှပျောက်ကွယ်သွားသည်မဟုတ်ကြောင်း သိလိုက်ရသည်။
ထိုသူတို့အကြောင်းတွေးခြင်း၊ သူတို့နှင့်တွေ့ဆုံရခြင်းသည်မှာ ဖုကျန်းအတွက်တော့ထက်လှစွာသောဓားနှင့် အသားစိုင်များအားလှီးခံနေရသကဲ့သို့ပင် ထိုကဲ့သို့ ကြောက်စရာကောင်းလိမ့်မည်ဟုလည်းမသိခဲ့ပေ။ အရေခွံကိုဆုတ်၍ အသွေးအသားများကိုဓားထက်ထက်ဖြင့်ပါးပါးလှီးနေသဖြင့် သွေးများလွန်စွာထွက်ပြီး အမြင်များပင်ဝေဝါးနေသကဲ့သို့ပင်ခံစားရလေသည်။သူကဖုတင်းကိုပြန်ပြောလိုက်သည်။
"ကျွန်တော်အလုပ်လုပ်စရာရှိသေးတယ် အခုလိုမျိုးကျွန်တော်အလုပ်လုပ်တဲ့နေရာအထိရောက်လာရတဲ့အကြောင်းအရင်းကိုပြောကြ
ရအောင်လေ..."
ဖုကျန်းပြန်ဖြေသည်ကို ဂရုပင်မစိုက်ဘဲဖုတင်း
က
"ငါ့အချိန်ကလည်း အတိုင်းအတာနဲ့ပဲရှိတာ..."
ဖုကျန်းကခါးသက်စွာရယ်လိုက်ပြီး မျက်နှာ
အမူအရာကအေးစက်စက်ဖြင့်ပင် ဖုတင်းအား
မေးလိုက်၏။
"ဒါဆိုရင် ဖုလူကြီးမင်းအနေနဲ့ ကျွန်တော့်ကိုနေ့တစ်ဝက်လုပ်အားခပေးရလိမ့်မယ်..."
ဖုကျန်းအားကြည့်လိုက်ရာ သူ့မျက်နှာအမူအရာက လုံးဝတည်ငြိမ်နေသည်ဖြစ်ပြီးသူ့မျက်လုံးများတွင်လည်း စနောက်လိုသောအရိပ်အယောင်မတွေ့ရပေ။ဖုတင်းက ဖုကျန်း၏ပါးစပ်မှ ဤကဲ့သို့
အပေါစားဆန်သောစကားလုံးများထွက်လာ
မည်ဟု မထင်မှတ်ထားဟန်ဖြင့် မျက်မှောင်ကြုံ့လိုက်မိသည်။
သူ၏ပိုက်ဆံအိတ်ထဲမှ ယွမ်တစ်ရာတန်တစ်ရွက်ထုတ်ကာ ဖုကျန်းထံသို့ပစ်ပေါက်ပြီးသူ့အားလှောင်ရယ်ကာ ထေ့ငေါ့သောစကားအနည်းငယ်ပင်ပြောလိုက်သင့်သေးသည်။သို့သော် ယခုမူသူဘာကိုမှမလုပ်နိုင်ပေ။ဖုကျန်း၏မျက်လုံးများထဲမှတစ်ဆင့်သူ၏ပုံကိုမြင်နိုင်သည်မို့ ထိုသူ၏မျက်ဝန်းများထဲရှိသူ၏သဏ္ဍာန်မှာ အစွယ်များလက်သည်းရှည်များနှင့် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ရှိနေလေ၏။
ဖုတင်း သူ့ကိုယ်ပေါ်လို့ရေတစ်ပုံးလောင်းချခံလိုက်သရလိုပင် အေးစက်လာပြီး သူ၏အရိုးများ သွေးသားနှင့် ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားသကဲ့သို့ပင်ခံစားလိုက်ရလေသည်။အချိန်အတန်ကြာမှသူက စကားစပြောလာ၏။
"ငါမင်းဆီကို ဒီညထပ်လာခဲ့မယ်..."
ပြောပြီးနောက်တွင် သူကဖုကျန်းကို တစ်ချက်စိုက်ကြည့်လိုက်ပြီးမှ နောက်ပြန်လှည့်ကာ ကားမောင်း၍ထွက်သွားလေတော့၏။ဖုတင်း၏ ပြန်လှည့်သွားသောပုံမှာအနည်းငယ်ရှက်ရွံ့နေသကဲ့သို့ရှိသော်လည်း ဖုကျန်းကထိုမူမမှန်ပုံကိုလစ်လျူရှုလိုက်၏။ သူက ဖုတင်းမည်သည်ကိုတွေးနေမည် သူ့ထံမှမည်သည်ကိုလာရောက်ရှာဖွေသည်ကိုလည်းတွေးမနေချင်တော့ပေ။ထိုသူအားနောက်တစ်ကြိမ်ထပ်မတွေ့ရန်ပင်မျှော်လင့်မိတော့သည်။
သို့သော်လည်း သူ၏မျှော်လင့်ချက်က အချည်းနှီးပင်။ ညနေပိုင်းသူအလုပ်ဆင်းချိန်တွင် ဖုတင်းအားသူထပ်တွေ့ရပြန်သည်။ သူနေ့လယ်ကပြောသွားသည့်အတိုင်းသူ့ထံပြန်ရောက်လာချေပြီ။ဖုကျန်းက နံရံဘက်သို့ကျောကိုမှီကာ သူ့ခြေထောက်ကိုအားသိပ်မစိုက်ရမည့် အနေအထားလုပ်လိုက်သည်။
သူ၏ဆန့်ကျင်ဘက်တွင်ရပ်နေသော ဖုတင်း
က သစ်သားတုံးတစ်တုံးကဲ့သို့ပင်ရှိနေကာ
မည်သည့်စကားမျှမဆိုပေ။ထိုအချိန်တွင် ဖုကျန်းမှာအိမ်ကိုစောစောပြန်၍အလုပ်အပ်လက်ခံထားသော ပုံများကိုဆွဲရန်အလျင်လိုနေသည်ဖြစ်ရာ သူက ဖုတင်းအားမေးလိုက်၏။
"ဖုလူကြီးမင်းက ကျွန်တော့်ဆီကဘာများလိုချင်လို့လဲ..."
"ငါ Shazon Chronicle ရဲ့ရုပ်ရှင်နဲ့ဇာတ်လမ်းမူ
ပိုင်ခွင့်ဝယ်ချင်တယ်..."
ထိုအတွက်ကြောင့်သူရောက်လာသည်ကို ဖုကျန်းက သူ့အတွင်းရေးမှူးလည်းဤကိစ္စအတွက်လွန်ခဲ့သည့်ရက်အနည်းငယ်ကရောက်လာခဲ့သည်ကို သတိရလိုက်မိ၏။ သို့သော်သူက ငြင်းလိုက်သည်ဖြစ်ရာသူ၏ပုံစံကအမှန်တကယ်ပင်ဝယ်လိုသည့်ဟန်ဖြစ်နေကာ လူကိုယ်တိုင်ပင်ရောက်ချလာသေးသည်။သို့ရာတွင် သူကအဘယ်ကြောင့်များ
ရုတ်တရက်ကြီး Shazou Chronicle ၏မူပိုင်ခွင့်
ကိုဝယ်ယူလိုသနည်း။
ဖုအဖွဲ့အစည်းမှာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမဟုတ်ပေ။အနည်းငယ်မျှစဉ်းစားပြီးနောက်မှ ဖုကျန်းနားလည်လိုက်လေသည်။ ဖုမိသားစုက ဖျော်ဖြေရေးကုမ္ပဏီတည်ထောင်ထားခြင်းမရှိသော်လည်း ထိုလောကထဲ၌သူတို့၏မင်းသမီးလေးရှိနေသည်လေ။မူပိုင်ခွင့်ကိုဝယ်ပြီးသည်နှင့် ထန်ဝမ်ဝမ်ဆီသို့ပေးလိုက်နိုင်၏။တွန့်ဆုတ်ခြင်းအလျင်းမရှိဘဲ ဖုကျန်းကငြင်းပယ်လိုက်သည်။
"ကျွန်တော်မရောင်းနိုင်ဘူး..."
ဖုတင်းက သူ၏ရှေ့တွင်ရှိနေသော ဖုကျန်းကိုကြည့်လိုက်သည်။ သူ၏မျက်နှာမှာ ပုတ်သိုးနေကာပေါက်ကွဲထွက်တော့မည့်အလားရှိနေလေ၏။သူကခြေတစ်လှမ်းရှေ့တိုးလိုက်ရာ ဖုကျန်းကနောက်သို့တစ်လှမ်းဆုတ်လိုက်သော်လည်း သူ၏ခြေထောက်များကမတ်မတ်မရပ်နိုင်လောက်အောင် နာကျင်မှုကထိုးဖောက်လာပြန်သဖြင့် ထိုနေရာ၌သာရပ်မြဲတိုင်းဆက်၍ရပ်နေကာ အသက်ကိုပြင်းပြင်းရှူလျက် နညကျင်မှုကိုမခံစားရသကဲ့သို့ နေနေလိုက်၏။
ဖုတင်းက သူ၏ခေါင်းကိုငုံ့ကာ ဖုကျန်း၏ဘယ်ဘက်ခြေထောက်ကိုကြည့်လိုက်ရင်း အတန်ကြာမှပြောလေသည်။
"မင်းရဲ့ခြေထောက်က..."
ဖုကျန်း၏အမူအရာမှာ အနည်းငယ်ငေးငိုင်သွားသကဲ့သို့ရှိပြီး ခဏအကြာမှသူကခေါင်းကိုမော့ကာ မျက်ဝန်းထဲများ၌ ထေ့ငေါ့ချင်သည့်အရိပ်အယောင်အပြည့်နှင့် ဖုတင်းအားမော့ကြည့်လာလေသည်။ သူကနူးနူးညံ့ညံ့ပင်ဖုတင်းအားပြောလိုက်လေသည်။
"ဖုလူကြီးမင်းက ကျွန်တော့်ကိုခြိမ်းခြောက်ပြီးတော့ နောက်ခြေထောက်တစ်ချောင်းကိုပါ
ထပ်ချိုးချင်တာများလား...'
ဖုကျန်းက ထိုစကားများပြောပြီးနောက်ခေါင်းကိုပြန်ငုံ့သွားလေရာ သူ၏ရှည်လျားလှသော မျက်တောင်များက အရိပ်လေးပင်ကျနေလေ၏။ ယခုအချိန်တွင် သူ့ခေါင်းထဲ၌ဘာတွေးနေသည်ကို မည်သူမျှမသိနိုင်ပေ။ဖုတင်းမှာမူဆွံ့အသွားလေသည်။ ခုနကသူမေးလိုက်သည်မှာ ထိုသဘောမဟုတ်ဘဲ သူက ဖုကျန်း၏ခြေထောက်များယခုဘယ်လိုနေသေးလဲဟုမေးချင်ရုံသက်သက်သာဖြစ်သည်။
သူက ဖုကျန်းကိုရှင်းပြမနေတော့ဘဲစီးပွားရေးကိစ္စဆွေးနွေးနေသောသူတစ်ယောက်ကဲ့သို့ပင် စိတ်မပါလက်မပါအသံဖြင့်ပြန်ဖြေလေ၏။
"Shazon Chronicle ရဲ့စတူဒီယိုက အဖေနဲ့ငါ
က မင်းအတွက်ဆိုပြီး ထူထောင်ပေးခဲ့တာ...
အသံသွင်းတာနဲ့ သီချင်းတွေကလည်း ငါမင်း
အတွက်ရှာပေးထားတဲ့လူနဲ့လုပ်ထားတာ...ငါ
တို့ရဲ့ကူညီထောက်ပံ့မှုသာမပါခဲ့ရင် ဒါကိုထုတ်လွှင့်ဖို့ဆိုတာဖြစ်နိုင်ခဲ့မှာမဟုတ်ဘူး...မင်းပြောကြည့် ဒီစတူဒီယိုအတွက်ငါနဲ့အဖေကဘယ်နှရာခိုင်နှုန်းလောက်ပိုင်ဆိုင်ခွင့်ရှိနိုင်မလဲ..."
ဖုကျန်းကချက်ချင်းခေါင်းကိုပြန်မော့လိုက်ကာ တစ်ဖက်ရှိဖုတင်းအားတည့်တည့်စိုက်ကြည့်လိုက်ရာ သူ၏မျက်လုံးများက ဖုတင်း၏ဝိညာဉ်ကိုပါစုပ်ယူ နေသကဲ့သို့ရှိလေ၏။ဖုတင်း၏နှလုံးသားအတွင်း၌ အလွန်လေးပင်သောတူနှင့်ထုခံနေရသကဲ့သို့ရှိပြီး သူကပါးစပ်များဖွင့်ဟလိုက်သော်လည်းပြောနိုင်ခင်မှာပင် ဖုကျန်းကနောက်ထပ်ပြောလာသောစကားများကိုကြားလိုက်ရပြန်သည်။
"ကောင်းပြီလေ ကျွန်တော်ရောင်းပေးပါမယ်..."
သူ၏အသံက အေးအေးဆေးဆေးရှိနေပြီးနောက်တရသည့်အရိပ်အယောင်မျိုးလည်းရှိမနေပေ။ ဖုတင်းစဉ်းစားလိုက်မိသည်က ခုနလေးတင်ကငြင်းပယ်လိုက်ခြင်းသည် ဖုကျန်းအနေနှင့်ဈေးတင်လို၍ဖြစ်မည်ဟုပင်။
"Shazou Chronicle ရဲ့မူပိုင်ခွင့်ကို လူကြီးမင်း
ကိုပေးလို့ရပါတယ်..."
ဖုကျန်းကထပ်ပြောပြန်၏။
"ဒါပေမဲ့ ကျွန်တော့်မှာအခြေအနေနှစ်ရပ်ရှိတယ်..."
ဖုတင်းက ဖုကျန်းလုပ်နေသည့်ပုံကိုမကြိုက်
တော့ဘဲ ပြောလိုက်သည်။
"တစ်လက်မလောက်ပေးလိုက်တာနဲ့ တစ်မိုင်လောက်လိုချင်တယ်ဆိုပြီးကမ်းတက်မလာနဲ့..."
"ပထမတစ်ချက်က ကျွန်တော့်အနေနဲ့ လူကြီး
မင်းနဲ့ လူကြီးမင်းဖုကျန်းချန်တို့နှစ်ယောက် ကျွန်တော့်ကိုထပ်ပြီးမနှောင့်ယှက်စေချင်တော့ဘူး..."
ခဏလောက်ရပ်လိုက်ပြီးမှ ဆက်ပြောပြန်၏။
"ကျွန်တော်တို့မတော်တဆလမ်းပေါ်မှာတွေ့ခဲ့ရင်တောင်မှ သူစိမ်းတွေလိုမျိုးပဲဆက်ဆံကြရအောင်..."
သူတောင်းဆိုသည်များက အလွန်အကျွံဖြစ်မနေဘဲ ဖုတင်း၏စိတ်ထဲတွင်ရှိနေသည်နှင့်ပင်ကိုက်ညီနေသေးသည်။ အကယ်၍များဝမ်ဝမ်က Shazon Chronicle ကိုရုပ်ရှင်ရိုက်လိုသည်ကြောင့်မဟုတ်လျင် သူ့အနေနှင့်လည်း ဖုကျန်းနှင့်မတွေ့လိုပါ။ဖုတင်းက ချက်ချင်းပင်ပြန်ဖြေလိုက်၏။
"ကောင်းပြီ..."
ဖုကျန်းကလည်း ခေါင်းငြိမ့်ပြလိုက်ပြီးဆက်
ပြောလာသည်။
"ဒုတိယအနေနဲ့က ကျွန်တော်နောက်ပိုင်းဆိုShazou Chronicle ကိုဆက်တင်မှာမဟုတ်တော့တဲ့အတွက်ကြောင့် လူကြီးမင်းတို့ကြိုက်သလိုဇာတ်လမ်းကိုဆက်လို့ရပါတယ် ကျွန်တော့်ကိုလာမမေးပါနဲ့..."
ဖုကျန်း၏အသံက ဖြည်းဖြည်းချင်းတိုးလာကာ ထိုအသံထဲ၌ စိတ်သက်သာမှုများရောပါနေ၏။
"ကောင်းပြီ..."
ဖုတင်းကခေါင်းငြိမ့်လိုက်ပြန်သည်။Shazou Chronicle မှာဖုကျန်းတစ်ယောက်တည်းနှင့် အဆုံးသတ်ထိမတင်နိုင်ခဲ့သဖြင့် ဇာတ်လမ်းကိုဆက်တင်နိုင်ရန်အတွက်စတူဒီယိုတွင် အလုပ်လုပ်ဖို့လူရှာရပေဦးမည်။ဖုကျန်းကလက်မြောက်လိုက်ပြီး ဖုတင်းနှင့်လက်ဝါးခြင်းရိုက်မည့်သဏ္ဍာန်လုပ်ပြလိုက်သည်။
ဆောင်းရာသီ၏ညများက အစဉ်အမြဲပင်စော၍လာတတ်သည်ဖြစ်လေရာ ကောင်းကင်ယံမှာအချိန်ခဏလေးအတွင်းသတိမထားမိစဉ်မှာပင် မှောင်မည်းလာပြီဖြစ်ပြီး နေဝင်ချိန်ဆည်းဆာအရောင်ကလည်းလမ်းမီးရောင်နှင့်ပေါင်းစပ်၍ရှိလေ၏။ဖုတင်းက ဖုကျန်း၏လက်ဖဝါးများထဲ၌ သူအရင်ကတစ်ခါမျှမြင်ဖူးခြင်းမရှိခဲ့သောအသားမာများနှင့် ဒဏ်ရာဒဏ်ချက်များကိုတွေ့လိုက်ရလေသည်။
သူ့ခေါင်းကမူးသလိုဖြစ်ကာ အတိတ်ကဖုကျန်းအားကတိတစ်ခုပေးလိုက်တိုင်းလက်ဝါးခြင်းရိုက်ခဲ့သည်ကို ဝိုးတဝါးသတိရလာ၏။ ဒါကသူကြည့်လေ့ရှိသောကာတွန်းကားများထဲမှ သင်ယူလာခြင်းဖြစ်ပြီး ထိုအချိန်တုန်းက ဖုကျန်းမှာငယ်ငယ်လေးရှိသေးကာ ကျောင်းပင်မတက်ရသေးချေ။တစ်နေ့လုံးဆိုဖာပေါ်၌ဝက်ဝံရုပ်ကြီးကိုဖက်ကာတီဗွီကြည့်လျှင်ကြည့် မဟုတ်လျင် အိမ်တော်အနောက်ဘက်ရှိခြံဝင်းလေးထဲ၌ ဘောလုံးကစားလျင်ကစားဖြင့်နေခဲ့သောအချိန်များဖြစ်သည်။
ဖုတင်းတစ်ယောက်အသိပြန်ဝင်လာချိန်၌ ဖုကျန်းကသူ၏လက်ကိုပြန်ရုတ်သွားပြီဖြစ်ကာရွဲ့သလိုစောင်းသလိုပုံနှင့်ရယ်မောလေ၏။
"ထားလိုက်ပါတော့ ဘယ်သူကလက်ဝါးချင်းရိုက်မှာမို့လို့လဲ ဖုလူကြီးမင်းဘက်က စာချုပ်ကိုပြင်ဆင်ပြီးသွားရင်ကျွန်တော့်ကို ချက်ချင်းပဲလက်မှတ်ထိုးဖို့လုပ်ပေးပါ..."
"ဟုတ်ပြီ..."
ဖုကျန်းက ပြန်လှည့်ကာထွက်ခွာသွားလေ၏။သူ၏ခြေတစ်လှမ်းခြင်းစီက မြေပြင်ပေါ်ကျရောက်၍ ဖြစ်ပေါ်လာသောအသံများနှင့်အတူ
သူ၏ပုံရိပ်က အမှောင်ထုအတွင်းသို့တိုးဝင်ပျောက်ကွယ်သွားလေသည်။ဖုတင်းကထိုနေရာတွင်အချိန်အတော်ကြာရပ်နေမိပြီး အမှောင်ထုနှင့် သူ၏အနီးတွင်လေထုအေးအေးက သရဲတစ္ဆေခြောက်နေသကဲ့သို့ တိုက်ခတ်လျက်ရှိလေသည်။
အချိန်တစ်ခုစာမျှ ဖုကျန်း သူ့အားပြောသွားသောစကားလုံးများသူ၏စိတ်ထဲ၌ရှိနေသော်လည်း ထန်ဝမ်ဝမ်က သူ့အား ကိုကိုဟု ချွဲပစ်နေသောအသံလေးနှင့်ခေါ်နေသည့်ပုံရိပ်အားသတိရလာသောအခါ ချက်ချင်းပင် လှည့်ကာကားထဲသို့ဝင်၍ ထိုနေရာမှထွက်ခွာသွားလေ
တော့သည်။
လှေကားပေါ်သို့တက်နေရင်း ယခင်က ဖုကျန်းချန်၊ဖုတင်းတို့နှင့် အတူရှိခဲ့သည့်အချိန်ကပုံရိပ်များသူ၏စိတ်ထဲတွင် ပြန်မြင်ယောင်လာ၏။ ဖုကျန်းချန်ကသူ့အား နာမည်ပြောင်လေးကိုခေါ်ကာ လက်မောင်းများကိုကျယ်ကျယ်ဖွင့်ကား၍ မြက်ခင်းပေါ်ရှိသူ့ကိုဖက်ထားသည်။ အစ်ကိုဖြစ်သူက သူ့ကြောင့်ရေစိုသွားသော အိမ်စာစာအုပ်လေးကို ကိုင်ရင်းဘေးဘက်မှကြည့်နေလေသည်။ ဖုတင်းကထို့နောက်တွင် စိတ်ဆိုးဟန်ဆောင်ကာ သူ့ဘက်ကိုလျှောက်လာ၍ ရိုက်တော့မည့်ဟန်နှင့်လက်ကိုမြှောက်လိုက်လျှင် သူကကြောက်ကာငိုပြီး ဖခင်ဖြစ်သူအား လည်တိုင်မှတစ်ဆင့်တင်းတင်းကျပ်ကျပ်ဖက်တွယ်ကာ မလွှတ်တော့မည့်ဟန်နှင့်ရှိလေ၏။
သူထပ်၍ မငိုဖြစ်လောက်တော့ဘူးဟုထင်ထားသော်လည်း မျက်ရည်များကသူ၏မျက်လုံးများထဲမှ တားမနိုင်ဆီးမရထွက်လာကာ ကော်ရစ်ဒါဆီမှ မှိန်ဖျဖျအလင်းရောင်သာရှိနေသောသူ၏ပတ်ဝန်းကျင်ကလည်း ဝမ်းနည်းပူဆွေးမှုကို အားပေးနေသယောင်ပင် မှုန်မှိုင်းနေလေသည်။သူကခြေတစ်လှမ်းထပ်တိုးလိုက်ရာ ထိုနေရာမှ ပြုတ်ကျသွားပြီး ပြန်ထမလာနိုင်တော့ချေ။