အပိုင်း ၁၇
Viewers 23k

သိမ်မွေ့ညင်သာသောနံနက်ခင်း၏အလင်းရောင်လေးက ခုတင်ဘေးလိုက်ကာဟနေသောနေရာမှ တိုးဝင်လာကာ ဖုကျန်း၏မျက်နှာပေါ်သို့ကျရောက်လာသည်။ သူက ပျင်းရိပျင်းတွဲဖြင့်လက်မြှောက်ကာ မျက်လုံးကိုကာလိုက်သည်။ ခဏအကြာမှ သူ၏လက်ချောင်းလေးများကိုဟကာမျက်လုံးများကိုဖွင့်ကြည့်လိုက်သောအခါတွင်အထက်၌ မညီမညာရှိနေသော အဖြူရောင်
မျက်နှာကျက်ကိုသာ မြင်လိုက်ရ၏။
သူကခေါင်းကိုလှည့်ကာ ခုတင်ဘေးရှိစားပွဲပေါ်မှ alarm နာရီလေးကို ကြည့်လိုက်ရာမနက် ၈ နာရီပင်မထိုးသေးပေ။ဖုကျန်း အိပ်ရာမှထလိုက်သည်။အဝတ်အစားများထပ်၍ဝတ်လိုက်ပြီး သွားတိုက်တံကိုယူ၍ရေချိုခန်းထဲသို့ မျက်နှာသစ်ကိုယ်လက်ဆေးရန် ဝင်လာခဲ့၏။ သူအခန်းသို့ပြန်လာသောအခါ ကျန်းဟန်ရှူး၏ အခန်းရှေ့မှဖြတ်ရသည်။ ထိုသူ၏အခန်းကမူ သော့ခတ်ထားလျက်ရှိပြီး အထဲ၌လည်းအလွန်ပင်တိတ်ဆိတ်နေသည်ကြောင့် ထိုသူကလုပ်ငန်းခွင်သို့ သွားပြီထင်သည်။
ဖုကျန်းက ခေါင်းကိုငိုက်ကာ အခန်းထဲသို့စိတ်ပျက်လက်ပျက် ပြန်လာလိုက်သည်။ကြောင်အိမ်ထဲတွင် သိမ်းထားသော ခေါက်ဆွဲခြောက်များကလည်း စား၍ကုန်နေသည်မို့အသီးအရွက်နှင့် ဆန်ကိုမနက်ခင်းဈေးထဲမှဝယ်ပြီးပြန်ရန် စဉ်းစားကာ ကုတ်အင်္ကျီကိုဝတ်ဆင်လိုက်ပြီး အောက်ထပ်သို့ဆင်းသွားလိုက်၏။
နံနက်စာစားပြီးနောက်တွင် ကွန်ပြူတာရှေ့ထိုင်ကာ အလုပ်ကိုစလုပ်တော့သည်။ သူအပြင်ထွက်တုန်းက အကိုက်အခဲပျောက်ဆေးဝယ်ဖို့မေ့ခဲ့သည်ကိုသတိရလိုက်သော်လည်းယခုလက်ရှိအချိန်တွင် သူ၏ခြေထောက်များက မနာတော့သည်ကတစ်ကြောင်း၊တကယ်တမ်းတွင်ထိုဆေးများမှာ အလွန်ခါးသည်ကတစ်ကြောင်း၊ ထိုအခြင်းအရာများကိုစဉ်းစားပြီး ဖုကျန်းတစ်ယောက် ပုံသာဆက်ဆွဲရန်ဆုံးဖြတ်လိုက်ပြီး နောက်တစ်ခါအပြင်သွားမှသာ ဝယ်ယူရန်ဆုံးဖြတ်လိုက်သည်။
ရာသီဥတုက အေးသထက်အေးလာပြီးမည်မျှပင်ထူသည့်အဝတ်အစားကို ဝတ်ထားသည်ဖြစ်စေကာမူ အရိုးခိုက်လောက်သည့် အအေးဒဏ်ကိုမတားဆီးနိုင်ပေ။ ဖုကျန်းကတော့ အလုပ်အသစ်လည်းရနေပြီဖြစ်သောကြောင့် ယခုအချိန်မျိုးတွင်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့သွားကာ အအေးဒဏ်ကိုဆက်လက် ခံစားနေစရာမလိုတော့ချေ။ကျန်းဟန်ရှူးက ထိုဆောက်လုပ်ရေး
လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည်ဖြစ်စေ
ကာမူ၊ ဖုကျန်းက သူ့ကိုမည်မျှပင်သဘောကျ
နေသည်ဖြစ်စေကာမူ၊ သူ၏ကိုယ်ခန္ဓာကိုတော့ ထိုသူ့အတွက်နှင့်အပျက်စီးမခံနိုင်ပေ။
၂ ရက်မျှအနားယူပြီးနောက်တွင် ဖုကျန်း၏ပုံဆွဲခြင်းလုပ်ငန်းလည်း ပြီးလုပြီးခင်ဖြစ်သွား၏။ ထို့ကြောင့်နောက်တစ်ရက်တွင် နှင်းများဝေနေသည့်နံနက်ခင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျန်းဟန်ရှူးနှင့်အတူ လိုက်သွားကာအလုပ်ရှင်အားပြောလိုက်လေသည်။
"ကျွန်တော် ဒီရက်တွေအတွင်း ခြေထောက်ကနာနေလို့ ဒီမှာဆက်ပြီးအလုပ်မလုပ်နိုင်လောက်တော့ဘူး..."
အလုပ်ရှင်က မျက်မှောင်ကြုံ့လေသည်။အကယ်၍များ ဖုကျန်းက လွန်ခဲ့သည့်ရက်အနည်းငယ်က လာပြောခဲ့သည်ဆိုလျှင် သူကစဉ်းတောင်မစဉ်းစားဘဲ လက်ခံမည်ဖြစ်သော်လည်း ယခုတွင်မူ ထိုရက်အနည်းငယ်အတွင်း၌ အလုပ်သမားအများစုကလည်း
ထွက်သွားကြသည်လေ။ထို့ကြောင့် သူကစီးကရက်ကိုတစ်ဖွာရှိုက်လိုက်ရင်း ဖုကျန်းအားပြောလေသည်။
"ရှောင်ဖု.. အစ်ကိုချန်က မင်းအပေါ်ကောင်းခဲ့
တယ် ဟုတ်တယ်မလား..."
ဖုကျန်းကခေါင်းငြိမ့်ပြီးဘာမှမပြောပေ၊ ဒီတစ်ခေါက်တော့ အလုပ်ထွက်ရန်မလွယ်ကူနိုင်သည်ကို သိလိုက်သည်။အလုပ်ရှင်က သက်ပြင်းချလိုက်ရာစီးကရက်၏အငွေ့ဖြူဖြူများက လေနှင့်အတူဖုကျန်းဘက်သို့ရွေ့လာသည်။ ထို့နောက်သူ့ကိုအလုပ်ရှင်ကပြော၏။
"လွန်ခဲ့တဲ့ ၂ ရက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်တွေအများကြီးပုံနေတာ မင်းသာနောက်တစ်ပတ်လောက် ဆက်လုပ်ပေးနိုင်မယ်ဆိုရင် ငါလုပ်အားခကိုအပြည့်ရှင်းပေးမယ်..."
ဖုကျန်းလည်း ယခင်ကအရေးတကြီးအသုံးလိုသဖြင့် အလုပ်ရှင်ထံမှ ယွမ် ၂၀၀၀ ချေးသုံးဖူးသည်ကြောင့် ထိုအတွက်ကျေးဇူးကြွေးတစ်ခလည်းတင်နေသည်ကြောင့် ခဏလောက်စဉ်းစားကြည့်ပြီးမှ ဖုကျန်းကလက်ခံလိုက်သည်။
"ကောင်းပါပြီ..."
အလုပ်ရှင်က လက်မြှောက်ကာ ဖုကျန်း၏ပုခုံးကို ပုတ်ပေးရင်းအပြုံးဖြင့်ဆိုလေသည်။
"ကြိုးစားပါ ဒါပြီးသွားရင်လည်းနောက်ပိုင်းမင်းခြေထောက်တွေပြန်ကောင်းသွားရင်ပြန်လာလို့ရတယ်..."
ဖုကျန်းက အလုပ်ရှင်ကိုကျေးဇူးတင်စကားတိုးတိုးဆိုလိုက်ပြီး ဘေးဘက်၌ရှိသောသူ၏ တွန်းလှည်းလေးကိုသွားယူကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ခေါက်တုံ့ခေါက်ပြန် သွားလာရင်းသဲများကိုအတင်အချလုပ်နေလိုက်တော့သည်။အေးစိမ့်နေသောလေက မြေပြင်ပေါ်ရှိသဲများကိုပွတ်တိုက်ကာသယ်ယူလာသည်မှာလူ၏အသားကိုထိလိုက်သည်နှင့်ဓားတစ်လက်အလား စူးရှနေလေ၏။ ဖုကျန်းကသူ၏ခေါင်းကိုငုံ့ထားသည်မှာ သူ့ရင်ခွင်ထဲတွင်ခေါင်းကိုပြန်ဖွက်ထားသည့်အတိုင်းပင်ရှိကာ ထိုသို့လုပ်မှပင် သူလည်းအနည်းငယ်သက်သာရရသည်ပို့ပင်။
မနက်ခင်းတွင် အလုပ်လုပ်နေရင်း ကျန်းဟန်ရှုအနားမှ အကြိမ်ရေများစွာ ဖြတ်သွားရ၏။သို့သော်ထိုသူက သူ၏အလုပ်၌သာ အာရုံစိုက်
ထားလျက် တစ်ချက်ကလေးတောင်မကြည့်ပေ။ ဖုကျန်းတစ်ယောက်မှာတော့ ကျန်းဟန်ရှူးအား တားမနိုင်ဆီးမရ အာရုံစိုက်မိနေပြီးအရူးတစ်ယောက်ကဲ့သို့ပင်ရှိလေတော့၏။
ဖုကျန်းကတော့ ဖုမိသားစု၏အရိပ်မည်းကြီးအောက်၌ပင်ရှိကာ ထိုအရာကိုပြောင်းလဲပစ်နိုင်စွမ်းလည်းမရှိပေ။ ကျန်းဟန်ရှုကတော့ သူနှင့်မတူပေ သူသည်လူကောင်းတစ်ယောက်ဖြစ်သည်။ ဖုကျန်းအနေဖြင့် ကျန်းဟန်ရှူးအားသူ၏ဘဝထက် ပို၍ပျော်ရွှင်ရသော၊ သူချစ်ရသည့်သူအားပိုင်ဆိုင်ရသော၊ ကောင်းမွန်သောဘဝလေးကိုပိုင်ဆိုင်ရပါစေဟုသာမျှော်လင့်မိသည်။
သူက ကျန်းဟန်ရှုအတွက်တစ်ခုခုလုပ်ပေး
ချင်သော်လည်း ယခုအချိန်တွင်တော့ ဘာမှလုပ်မပေးနိုင်ပေ။ကျန်းဟန်ရှုကိုကြည့်နေရင်း တွေးမိသည်ကသူသည် ထိုသူအကြောင်းအနည်းငယ်သာသိသည်။ သို့သော် သံသယအနည်းငယ်ပင်မရှိဘဲ သူ့အားချစ်မိသွားလေ၏။ ဤအချစ်က ဝမ်းနည်းဖွယ်အဆုံးသတ်ဖြစ်ဖို့ ကံပါလာသည်။
ဖုကျန်းက ကျန်းဟန်ရှုသဘောကျရသည်ဟူသည့်သူက မည်သို့သောသူဖြစ်မည်ကို သိချင်မိသေး၏။ ရုတ်တရက်မနေ့ညက မက်ခဲ့သောအိပ်မက်ကိုမြင်ယောင်လာကာ ထိုအကြောင်းတွေးမိလေတော့ သူ၏မျက်နှာ၌ အနီရောင်ပင်သန်းလာလေသည်။
သူသာဒီထက်ပိုပြီး အရည်ထူခဲ့လျှင် ကျန်းဟန်
ရှုနှင့်ပိုနီးစပ်အောင်ကပ်နိုင်မည်ဖြစ်သည်။သို့ရာတွင် သူ၏ပုံပျက်နေပြီဖြစ်သောခန္ဓာကိုယ်အကြောင်းတွေးမိသောအခါ၌မူ ထိုအတွေးများကချက်ချင်းပျောက်ချင်းမလှပျောက်ကုန်ကြ၏။ တစ်ခါတစ်ရံ၌ သူအဘယ်ကကြောင့်များမိန်းကလေးတစ်ယောက်မဖြစ်နိုင်ရသနည်းဟုပင် တွေးမိလေသည်။
သို့သော် ယခုတွင်မူသူက မှောင်မည်းနေသောထောင့်လေးတစ်ခုတွင်သာထိုင်ကာ ကျန်းဟန်ရှုအား တိတ်တဆိတ်သာ ကြည့်၍နေနိုင်လေသည်။ တစ်ကြိမ်တစ်ခါလေးများ ထိုလူသားက သူ့ဘက်ကိုလှည့်ကြည့်လာကာ သူ့အားပြုံးပြလာခဲ့မည်ဆိုပါက ဖုကျန်းတစ်ယောက်တော့ အချိန်အကြာကြီး ပျော်နေမိမှာအမှန်ပင်။သူကဆောင်းရာသီတွင်ပွေးသတ္တဝါလေးများ တွင်းအောင်းနေသကဲ့သို့ သူ့အချစ်တွေကို မှောင်မိုက်နေသော သားရဲတွင်းလေးထဲ၌သာ ဖုံးကွယ်သိုဝှက်၍ထားနိုင်သည်။
ထိုမြေအောင်းသတ္တဝါလေးများတောင် မည်သူ
ကမှသူတို့ကို ထိုတွင်းထဲကဆွဲမထုတ်ဘဲ နူးနူးညံ့ညံ့ဖြင့်သတိထားကာ ကြည့်နေမည့်အချိန်မှသာ သူတို့ကမြေကြီးထဲမှ ထွက်လာကာနွေဦး၏အငွေ့အသက်ကို ခံစားကြသည်လေ။
အလုပ်သမားများထဲမှ တစ်ယောက်ကသူ၏လက်ကိုမြှောက်ကာ ကျန်းဟန်ရှုကိုတို့ရင်း မေးလိုက်သည်။
"မင်းသတိထားမိလား... အဲဒီခြေကျိုးလေးကမင်းကိုတောက်လျှောက်ကြည့်နေတာ...
ကျန်းဟန်ရှုက အင်းဟုတစ်ချက်သာပြန်ဖြေကာ ဘာစကားမှမပြောပေ။ သူ၏မျက်နှာပေါ်မှအမူအရာကလည်း ပြောင်းလည်းခြင်းမရှိပေ။
"သူက gay လား..."
ထိုမေးခွန်းကိုမေးပြီးနောက် ထိုအလုပ်သမားက သူ့လက်မောင်းများကိုသူ ပွတ်သပ်လိုက်သည်။ သူ့အတွေးကို သူ့ဘာသာသူ မသတီဖြစ်နေသည်။
ကျန်းဟန်ရှုက ခေါင်းမော့ကာ ဖုကျန်းရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် ဖုကျန်းကတော့ သူ့အကြည့်ကိုသူ ရုတ်သိမ်းသွားပြီဖြစ်ကာ ခေါင်းကိုငိုက်လျှက်သူ၏နေ့လယ်စာကိုသာ စားနေ၏။ မကြာမီတွင်မူ သူ့လက်ထဲမှနေ့လယ်စာဘူးကို အောက်ချလိုက်ကာ ဖုန်းကိုထုတ်ပြီး ဟိုရွှေ့သည်ရွှေ့လုပ်နေလေသည်။ သူ့ခေါင်းကိုတော့ ငိုက်စိုက်ထားလျက်ပင်။
ဤသည်ကိုကြည့်ပြီး ကျန်းဟန်ရှုက စကားမပြောပေ အလုပ်သမားကလည်း ပါးစပ်ကိုပိတ်ထားပြီး နောက်မကြာခင်မှ ဆက်ပြောပြန်လေ၏။
"မင်းမနေ့က ငါ့ဆီက စုံစမ်းခိုင်းတဲ့ကိစ္စကစိတ်ဝင်စားဖို့ကောင်းတယ်..."
ကျန်းဟန်ရှုက သူ့အကြည့်ကိုပြန်ရုတ်လိုက်ပြီးမေးလေသည်။
"အဲဒါက ဘယ်လိုဖြစ်ခဲ့တာလဲ..."
"ငါတို့ရဲ့ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတကယ်ပဲလူသေခဲ့ဖူးတယ်တဲ့ ဒီနှစ် ၄ လပိုင်းတုန်းက ဒီဆောက်လုပ်ရေးနောက်ဘက်ကရေမြောင်းထဲမှာအလောင်းကိုတွေ့တာ ရေထဲမှာပဲရှိနေပြီး ရက်တော်တော်ကြာမှ ရှာတွေ့ကြတာတစ်ယောက်ယောက်ကများ ဒီအမှုကိုဖုံးဖိလိုက်တာလားတော့ငါမသိဘူး ရဲကို အကြောင်းမကြားကြသလို အလောင်းကိုလည်းဒီတိုင်းရိုးရိုးပဲ မြှုပ်နှံလိုက်တာ..."
အလုပ်သမားက စကားပြောရပ်သွားပြီး အနောက်ဘက်ဆီမှ အေးစိမ့်မှုတစ်ခုခံစားလာရ၍ နောက်ဘက်သို့လှည့်ကာ ထိုအလောင်းရှာတွေ့ခဲ့သည့်နေရာကို ကြည့်လိုက်သော်လည်း ညစ်ပတ်နေသည့်အမှိုက်များသာတွေ့လိုက်ရ၏။ သူကချောင်းဆိုးရင်းဆက်ပြောလေသည်။
"ဒါက အမှန်လည်းဟုတ်ချင်မှဟုတ်မှာနော် ငါကဒီတိုင်း နားစွန်နားဖျားကြားလာတာမို့လို့..."
"ကျေးဇူးပဲ.."
ကျန်းဟန်ရှုက ပြန်ဖြေလေ၏။
"မင်းကဘာလို့ ဒီလောက်ယဉ်ကျေးနေတာလဲ
..."
အလုပ်သမားက သူ၏နေ့လည်စာကိုစားပြီးသွား၍ စီးကရက်တစ်လိပ်ကို ပါးစပ်ထဲထည့်ရှိုက်သွင်းလိုက်ရင်း စိတ်ပျော်ရွှင်သွားပုံနှင့် မျက်လုံးများကိုမှေးစင်းလိုက်သည်။ သူကကျန်းဟန်ရှုကိုကြည့်လိုက်ရင်း မေးပြန်သည်။
"မင်းကို အခုလိုကြည့်ရတာ မင်းကဒီလိုမျိုးဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်
တဲ့သူနဲ့ မတူနေဘူး... ဟုတ်တယ်မလား... မင်း
ဘာလို့ ဒီအလုပ်ကိုရွေးလုပ်တာလဲ..."
"ငွေလိုနေလို့..."
အလုပ်သမားက ကျန်းဟန်ရှု၏စကားကိုကြားသော် သက်ပြင်းချလိုက်ပြီး စီးကရက်ကိုနောက်တစ်ကြိမ်ဖွာလိုက်ပြန်သည်။
"ငွေ.. အဲဒါကတကယ်ကောင်းတဲ့အရာပဲ..."
ကျန်းဟန်ရှုက ဘာမှပြန်မပြောပေ။ သူကနေ့လယ်စာဘူးကိုသာ ဘေးကိုချလိုက်ပြီး မျက်စိကိုမှိတ်ကာနံရံသို့မှီချလိုက်သည်။ဖုကျန်းက သစ်ပင်တစ်ပင်၏ အမြစ်တန်းအောက်တွင် ထိုင်ကာကျန်းဟန်ရှုအား ပြုံးကာကြည့်နေမိသည်။ ကျန်းဟန်ရှုက သူ့အပေါ်တွင်တော့ အေးစက်စက်နိုင်သော်လည်းသူမဟုတ်သည့် အခြားအလုပ်သမားများနှင့်တော့ မိတ်ဆွေဖွဲ့၍နေနိုင်ပေ။
ဖုကျန်းတစ်ယောက် အနည်းငယ်သဝန်တိုလိုသလိုခံစားရသော်လည်း ဤသည်ကသိပ်တော့လည်း ကိစ္စမရှိပေ။နေ့လယ်ပိုင်းတွင်လုပ်ရသောအလုပ်က မနက်ပိုင်းတုန်းကလိုပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်။ လှုပ်ရှားမှုတိုင်းကိုစက်ပစ္စည်းများကဲ့သို့ ထပ်ခါတလဲလဲလှုပ်ရှားနေရသည်ကြောင့်ပင်။ တစ်နေ့တာအချိန်ကုန်သွားသည့်အခါတွင်တော့ သူတို့၏အလုပ်ကို ဖြည်းဖြည်းချင်းရပ်တန့်လိုက်ကြ၏။
အလုပ်ကိုအချိန်အနည်းငယ်စောပြီးနေနှင့်သော ဖုကျန်းကတော့ ပျဉ်ပြားတစ်ချပ်၏ အစွန်းတွင်ထိုင်ကာ ကျန်ဟန်ရှုနှင့်အတူအလုပ်ဆင်းပြီး အိမ်အတူပြန်ရန်စောင့်ဆိုင်း၍နေလေသည်။နေမင်းကြီးက အနောက်ဖက်အရပ်သို့တရွေ့ရွေ့သွားနေပြီး ဝင်တော့မည့်နေကကောင်းကင်ယံအား နှင်းဆီနီရောင်သန်းသွားစေပြီး ရွှေငါးတို့၏အကြေးခွံနှယ်ဖြစ်နေသော တိမ်စိုင်များကလည်း တဖြည်းဖြည်းမှိန်ဝါးလာလေသည်။
ဖုကျန်းနှင့်ကျန်းဟန်ရှုတို့နှစ်ယောက်ဘတ်စ်ကားစီးနေကြပြီးအတိတ်တုန်းကပုံစံအတိုင်းပင် လူများနေသည့်အချိန်၌ ကျန်းဟန်ရှုက ဖုကျန်းအား နွေးထွေးစွာကိုယ်ဖြင့်ဝန်းရံပြီး ကာကွယ်ထားပေး
လေ၏။လေပြည်နွေးနွေးလေးက သူ့အနား၌ဖြတ်ကာတိုက်တိုက်သွားသည်။ ဒရိုင်ဘာက မပြောမဆိုဘရိတ်ခ်အုပ်လိုက်သည့်အခါ ဖုကျန်းတစ်ယောက်သတိမထားမိဘဲ ကျန်းဟန်ရှု၏ရင်ခွင်ထဲသို့ တွန်းကာဖယ်ကာကျရောက်
သွားလေတော့သည်။
ခရီးသည်များထံမှ မကျေမနပ်အော်သံများက ချက်ချင်းပင် ဘတ်စ်ကားပေါ်၌ပြည့်နှက်သွားလေတော့သည်။ ဖုကျန်းက ခပ်မြန်မြန်ပင် မတ်မတ်ပြန်ရပ်လိုက်ပြီး ကျန်းဟန်ရှု၏ရင်ခွင်ထဲမှ ခေါင်းကိုပြန်မတ်လိုက်တော့သည်။
သူကခေါင်းကို အနည်းငယ်မော့ကာ ကျန်းဟန်ရရုအားခိုး၍ကြည့်လိုက်ရာ သူ (ကျန်းဟန်ရှု)ကလည်း သူ့အား ငုံ့ပြီးကြည့်နေသည်မို့မျက်ဝန်းနှစ်စုံက အကြည့်ချင်းဆုံသွားကြတော့သည်။ ကျန်းဟန်ရှု၏မျက်ဝန်းများထဲမှနူးညံ့ညင်သာမှုအရိပ်အယောင်လေးကိုမြင်နေရသည်။
ဖုကျန်းတစ်ခဏမျှ ရင်ဖိုမိသွားသည်။ထိုလူသားက ပုံမှန်ဆိုလျှင်လည်း ကြင်နာတတ်ပြီး ဂရုစိုက်တတ်သည်ကိုသိထားသဖြင့်ပါးစပ်ကိုတင်းတင်းပိတ်ကာ ဘာမှမဖြစ်ခဲ့သည့်အတိုင်း အခြားတစ်ဖက်ကိုသာ ကြည့်လိုက်တော့သည်။ဘတ်စ်ကားကခပ်မြန်မြန်ပင် သူတို့နေထိုင်ရာဆီသို့ရောက်လာလေရာ ဖုကျန်းနှင့်ကျန်းဟန်ရှုလည်း ဆင်းလာပြီး သူတို့နေထိုင်ရာအဆောက်အဦလေးဆီသို့ လမ်းလျှောက်လာခဲ့ကြသည်။
လူသားနှစ်ယောက်၏အရိပ်ကလေးများက လမ်းမီးရောင်များ၏အောက်၌ထပ်၍တည်ရှိနေလေ၏။ရုတ်တရက် ကျန်းဟန်ရှုကရပ်လိုက်ပြီး သူ့အနောက်တောင်ဘက်ခြမ်းတွင်ရှိနေသောလမ်းကြားထဲသို့ လှည့်ကာကြည့်လိုက်သည်။ကောင်းကင်ကမှောင်သွားပြီဖြစ်ကာ ထိုလမ်းကြားထဲ၌လည်း လမ်းမီးလည်းမရှိသည်ကြောင် စုတ်ပြတ်ကာမှောင်မည်းနေသောလမ်းကြားလေးထဲ၌ ဘာရှိနေသည်ကို မမြင်နိုင်ပေ။
ဖုကျန်းကလည်း ခေါင်းကိုဆန့်ကာ ကြည့်ကြည့်လိုက်သော်လည်း အလင်းရောင်ပင်မရှိသည်ကြောင့် သိချင်စိတ်ဖြင့်မေးလိုက်၏။
"ဘာဖြစ်လို့လဲ..."
ကျန်းဟန်ရှူးက ခေါင်းပြန်လှည့်လာပြီးဖုကျန်းကို ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ပါဘူး သွားကြရအောင်..."
ဖုကျန်းနှင့် ကျန်းဟန်ရှူးတို့အပေါ်ထပ်တက်သွားပြီးနောက်တွင် လမ်းကြားထဲ၌ ပုန်းအောင်းနေသော လူနှစ်ယောက်က လမ်းလျှောက်ထွက်လာ၏။ မှိန်ပြပြမီးအလင်းရောင်အောက်တွင် ထို
နှစ်ယောက်လုံး၏ ပုံသဏ္ဍာန်များကကြည့်၍ကောင်းမနေပေ။ထိုလူနှစ်ယောက်မှာ လျိုညီအစ်ကိုဖြစ်သည်။ထန်ဝမ်ဝမ်ကို ထိခိုက်စေမိ၍ ဖုမိသားစုနှင့်ချင်ကျောက်တို့၏ ပစ်မှတ်ထားခံရပြီး သိပ်မကြာခင်မှာပင် လျိုမိသားစုတစ်ခုလုံး ဒေဝါလီခံသွားရကာ လျိုညီအစ်ကိုနှစ်ယောက်မှာလဲအကြွေးရှင်များလိုက်နေသဖြင့် ပြန်းအောင်းကာ နေနေကြရ၏။
သူတို့က ဖုအိမ်တော်သို့သွားကာ ဖုကျန်းချန်အားဒူးပင်ထောက်ပြီး တောင်းပန်ခဲ့သော်လည်း သူတို့မှာမည်သည့်အရာကိုမျှ ပြန်မကယ်ဆယ်လိုက်နိုင်ပေ။ သူတို့က ဤမြို့ထဲတွင်လည်း အမြဲတမ်းပုန်းအောင်းပြီး မနေချင်ကြပေ။သူတို့နှစ်ယောက်က အနီးအနားရှိအသားကင်ဆိုင်ထဲသို့ ဝင်ထိုင်လိုက်ကြသည်။ ညီငယ်ဖြစ်သူက အသံကိုနှိမ့်ကာ အစ်ကိုဖြစ်သူအားသံသယအချို့ဖြင့် မေးလေ၏။
"သူဆိုတာ သေချာလို့လား..."
အစ်ကိုဖြစ်သူက ပြန်ဖြေ၏။
"ဟုတ်တယ် အသေအချာပဲ၊ သူက လွန်ခဲ့တဲ့နှစ်နှစ်က ဖုကျန်းချန်ကိုယ်တိုင် အိမ်ပေါ်ကနှင်ချလိုက်တဲ့ ဖုမိသားစုကအငယ်ဆုံးသားပဲ..."
ညီငယ်ဖြစ်သူက သံသယမကင်းနိုင်သေးပဲ မေးပြန်၏။
"ဖုမိသားစုကတောင်သူ့ကိုမောင်းထုတ်ထားတာ ကျွန်တော်တို့အတွက်သူကအသုံးဝင်နိုင်မှာမို့လို့လား..."
"ဘယ်လိုပဲဖြစ်ဖြစ် ဖုကျန်းချန်နဲ့ဖုတင်းက ဒီခြေကျိုးလေးရဲ့ကိုယ်ထဲမှာစီးဆင်းနေတဲ့ သူတို့ရဲ့သွေးကို လစ်လျူရှူနိုင်လောက်တဲ့အထိရက်စက်လောက်မယ်လို့ငါမထင်ဘူး..."
အစ်ကိုကြီးက ပြောနေရင်းရပ်လိုက်ပြီး သူ့မေး
ကိုသူပွတ်ကာ ဆက်ပြောသည်။
"ဖုတင်းနဲ့ဖုကျန်းချန် သူ့ကိုလွန်ခဲ့တဲ့ ၂ ရက်လောက်ကလာကြည့်ကြတာ ငါတွေ့တယ် သူတို့ဒီကောင်လေးကိုလက်မလွှတ်နိုင်ကြသေးပါဘူး..."
သူ၏ညီဖြစ်သူက မျက်မှောင်ကြုံ၍မည်သည်ကိုမျှပြန်မပြောသည်ကိုမြင်၍ အစ်ကိုဖြစ်သူကထပ်ပြောပြန်၏။
"ဖုကျန်းချန်နဲ့တခြားသူတွေက ငါတို့ကို ဒီလိုလုပ်လာအောင်တွန်းအားပေးတာ...ထန်ဝမ်ဝမ်မှာက လုံခြုံရေးအပြည့်နဲ့ဆိုတော့ ငါတို့မှာအခွင့်အရေးရှိလာမှာမဟုတ်ဘူး ဒါပေမဲ့ငါတို့ဖုကျန်းကိုတော့လွယ်လွယ်လေး ပြန်ပေးဆွဲသွားလို့ရတယ် ငါတို့သူ့ကိုမသတ်ပါဘူး.. သူ့ကိုပြန်လာရွေးလို့ရတဲ့ငွေနဲ့ ငါတို့နိုင်ငံခြားသွားကြမယ် အဲဒီမှာဆိုသူတို့တွေ ငါတို့ကို ဒုက္ခဒီလောက်ပေးနိုင်မှာမဟုတ်ဘူး..."
ညီဖြစ်သူက သူ့အစ်ကိုပြောသည်မှာ ယုတ္တိရှိသည်ဟုတွေးလိုက်ပြီး ခေါင်းငြိမ့်ကာသဘောတူလိုက်၏။
"ဟုတ်ပြီ... ကောင်းပြီ"
"အဆင်သင့်ပြင်ထားတော့ငါတို့တွေ ထန်ဝမ်ဝမ်ရဲ့လက်ထပ်ပွဲမတိုင်ခင် ဖုကျန်းကိုပြန်ပေးဆွဲမှဖြစ်မယ်…. မဟုတ်ရင် အရမ်းနောက်ကျသွားပြီး ငါတို့နောင်တရနေရမယ်..."