အပိုင်း ၁၈
Viewers 23k

ဖုကျန်းက သူ၏အခန်းသို့ပြန်လာပြီး သူ၏ပုံများနှင့်အလုပ်ရှုပ်နေပြန်သည်။ သူက အရင်နေ့ကဆွဲထားသော ပုံများကိုပြင်လိုက်အရောင်သွင်းလိုက်လုပ်ကာ ဝယ်သူများထံသို့ပို့ရသည်။ သိပ်မကြာခင်မှာပင် သူ၏ဖုန်းလေးအသံမြည်လာပြီး ငွေများလက်ခံရရှိလာ၏။
ဖုကျန်းကသူ၏ Alipay ကိုဖွင့်ကာလက်ကျန်ငွေကို ကြည့်လိုက်ရာငွေက ယွမ်၃၀၀၀ အောက်လျော့နေသေးသည်။ရက်အနည်းငယ်အကြာ၌ ခရစ်စမတ်ကာလရောက်လာမည်ဖြစ်သောကြောင့် သူကကျန်းဟန်ရှုကို ကျေးဇူးတင်ကြောင်းပြသည့်အနေဖြင့် လက်ဆောင်တစ်ခုဝယ်ပေးချင်သေးသည်။
ထောင်ပေါင်(online app) ၌မွှေနှောက်ကာရှာပြီးသော်လည်း သူကျေနပ်လောက်သည့်အရာမျိုးမတွေ့သေးပေ။
ဖုကျန်းက ထောင်ပေါင် မှထွက်လိုက်ပြီး ါဝေ့ပေါ် ၌ post တင်လိုက်၏။ ယခုတွင်သူ၏ ဝေ့ပေါ် မှဖန်များမှာ သူ့ alipay လက်ကျန်ငွေထက်အနည်းငယ်ပင်ပိုများနေသေးသည်။ သူ့အား တိုက်ရိုက်လာပြီး ပုံဆွဲခိုင်းသည့်ဖန်များလည်းမနည်းပေ။
အများစုကတော့ Shazou Chronicle ၏ဖန်များဖြစ်ကြ၏။ ယခုတကြိမ်တွင်တော့သူက Shazou Chronicle စတိုင်ကိုမတင်ပေ။သူကတခြားစတိုင်တစ်မျိုးကို စမ်းကြည့်ချင်သေးသည်။ဖုကျန်း၏ အိပ်မက်မှာ ဒါရိုက်တာတစ်ယောက်ဖြစ်လာရန်ပင် ဖြစ်၏။ သို့ရာတွင် ဖုမိသားစုမှနှင်ထုတ်ခံလိုက်ရပြီးသည့်နေ့မှစ၍ ဤအိပ်မက်ကတော့ ယခုဘဝတွင်အမှန်တကယ်ဖြစ်မလာနိုင်လောက်တော့သည်ကို သိထားသည်။
သူကိုယ်တိုင်က မစွမ်းဆောင်နိုင်ခြင်းမျိုးမဟုတ်သော်ငြားလည်း ဖခင်ဖြစ်သူ ဖုကျန်းချန်က သူ့အားထန်ဝမ်ဝမ်နှင့်အနုပညာလောကတွင် အတူတူရပ်တည်နိုင်ခွင့်ပေးမည်မဟုတ်ပေ၊ ဖုကျန်းကလည်း ဤသည်ကိုတွန်းလှန်နိုင်စွမ်းမရှိပေ။
လွန်ခဲ့သည့် ၂ ရက်အတွင်း ပင်းဟိုင်မြို့လေး၏ ရာသီဥတုက သာယာနေ၏။လေပြည်လေညင်းက ငြင်သာစွာတိုက်ခတ်နေပြီး ကောင်းကင်ကကြည်လင်လျက်ရှိ၏။ ဖုကျန်းတစ်ယောက် ယခုအချိန်အထိဆေးဝယ်မသောက်ရသေးပေ၊ သူ၏ဘယ်ခြေထောက်ကလည်း ယခုရက်ပိုင်းတွင် သိပ်ပြီးဒုက္ခမပေးသောကြောင့်လည်းဖြစ်သည်။
အပြာရောင် အလုပ်သမားဝတ်စုံနှင့်အလုပ်သမားများက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် ရပ်နားခြင်းမရှိဘဲအလုပ်ကိုဆက်တိုက်လုပ်နေကြ၏။ ဖုကျန်းက သဲအပြည့်သယ်လာသော တွန်းလှည်းလေးကိုတွန်းကာဦးတည်ရာနေရာသို့ပို့ပြီးနောက်တွင်ဖုန်းကိုထုတ်ကာ အချိန်ကြည့်လိုက်ပြီးတွန်းလှည်းလေးကိုဘေးသို့ဖယ်လိုက်ပြီးတစ်ဖက်လှည့်ကာအလုပ်ခွင်ထဲရှိ ကျန်းဟန်ရှု၏ပုံရိပ်ကိုရှာလိုက်သည်။
သူက ကျန်းဟန်ရှုကိုစောင့်ပြီး အိမ်အတူတူ
ပြန်ချင်သည်ကြောင့် ထိုသူအားရှာဖွေပြီးနောက်တွင် သူ၏ပုံဆွဲစာအုပ်ကိုထုတ်လိုက်ကာ အုတ်ခဲတစ်ခဲပေါ်၌ထိုင်ချလိုက်ပြီးလက်ထဲ၌ခဲတံတစ်ချောင်းကိုင်ကာ စာရွက်ပေါ်၌ခဲခြစ်သံဆက်တိုက်ထွက်ပေါ်လာစေပြီး တစ်ချက်တစ်ချက်၌ ကျန်းဟန်ရှုကိုမော့ကြည့်ရင်းပုံဆွဲနေလေ၏။
ဖုကျန်းက ပိုပိုကာအာရုံစိုက်ကာ ဆွဲပြီးနောက်မကြာခင်မှာပင် ကျန်းဟန်ရှု သစ်ပင်အောက်၌ထိုင်ကာ ညာဘက်ဒူးကိုကွေးထားလျက် မေးတစ်ဖက်ကိုမော့လျက်ရှိကာဂျစ်ကန်ကန်လုပ်နေသည့်ပုံရိပ်ကသူ့၏စာရွက်ပေါ်၌ ပေါ်တက်လာတော့သည်။ဤသည်ကိုကြည့်သော်လည်း သူစိတ်မကျေနပ်သေးပေ။သူဆွဲနေသည့်ပုံကဆွဲဆောင်မှုတစ်ခုလိုအပ်နေသေးသည်ဟု ထင်မိ၏။
ထို့ကြောင့် လက်လှုပ်ရှားနေမှုကိုရပ်လိုက်ကာသဲအိတ်တစ်အိတ်ကိုပုခုံးပေါ်၌ထမ်းထားသောကျန်းဟန်ရှုကိုကြည့်လိုက်သည်။ သူကအဝတ်အစားကို ပါးပါးလျလျပင်ဝတ်စားထားသည်ကြောင့် အပြာရောင်အလုပ်သမားဝတ်စုံကိုဖောက်ထွင်းလျက် သူ၏ sexy ကျသောလည်ပင်းမှနေ၍ ဝမ်းဗိုက်ကြွက်သားများအထိ မြင်နေရလေ၏။
ကျန်းဟန်ရှုကို မြင်ရသည့်အချိန်တိုင်းတွင်သူ၏စိတ်ထဲ၌ တစ်လောကလုံးမှာ သူတို့နှစ်ယောက်သာရှိတော့သည်ဟုပင် ခံစားမိလာသည်။ သို့သော်ဤသည်က စိတ်ကူးယဉ်သက်သက်သာဖြစ်ကြောင်းကို သူသိသည်။ ထို့ကြောင့်ပင် သူ့အနေနှင့်မကြာမီနိုးထလာသင့်ပေသည်။
ထို့နောက်တွင်တော့ ဖုကျန်းလည်းသူဆွဲနေသည့်ပုံပေါ်တွင်ဆက်ကာအာရုံစိုက်၍ဆွဲရင်း တဖြည်းဖြည်းသူ၏စာအုပ်ပေါ်၌ ကျန်းဟန်ရှု၏ပုံရိပ်က ပိုပိုကာထင်ရှားလာတော့သည်။ကောင်းကင်မှ နှင်းများကျဆင်းလျက်ရှိနေသော်လည်း ဤသည်ကိုဖုကျန်းတစ်ယောက် သတိမထားမိဘဲ ကျန်းဟန်ရှု၏ပုံကိုသာအသေးစိတ်ဆွဲရန်အာရုံစိုက်မိလေသည်။
ထိုသူ၏ အနည်းငယ်လိပ်တင်ထားသော ဘောင်းဘီမှစတင်ကာ တွန့်ကြေနေသောအင်္ကျီကော်လာအလယ်ထား၍ ထောင့်များ၌တွန့်ကာကွေးနေသော နှုတ်ခမ်းများအဆုံး အသေးစိတ်ဆွဲကာ ထိုသူ၏ပုံရိပ်အတိအကျပေါ်လာသည်အထိ အာရုံစိုက်ကာဆွဲနေလေသည်။အရိပ်တစ်ခု သူ့အပေါ်ကျရောက်လာသည်ကြောင့် ဖုကျန်းတစ်ယောက် ခပ်မြန်မြန်ပင်လက်ထဲမှ ပုံဆွဲစာအုပ်ကိုပိတ်လိုက်ပြီး ခေါင်းမော့ကာ ထိုအရိပ်၏ပိုင်ရှင်ဖြစ်သော ကျန်းဟန်ရှုကိုကြည့်လိုက်လေသည်။
ဖုကျန်းက မျက်တောင်ခတ်ကာ မသိလိုက်မသိဘာသာပင် ပုံဆွဲစာအုပ်ကိုင်ထားသောလက်များကို လှုပ်ရှားမိလိုက်ကာ ကျန်းဟန်ရှုအားမေးလိုက်သည်။
"အလုပ်ဆင်းပြီလား..."
ကျန်းဟန်ရှုကခေါင်းတစ်ချက်သာငြိမ့်ပြလိုက်ပြီး သူ၏အကြည့်က ဖုကျန်း၏လက်ထဲရှိ ပုံဆွဲစာအုပ်ပေါ်၌ ခဏမျှရပ်တန့်သွားပြီး ခပ်မြန်မြန်ပင်အခြားဘက်သို့ပြန်ရွှေ့သွားလေ၏။ ဖုကျန်းက ကျန်းဟန်ရှု၏မျက်နှာကိုကြည့်ကာ မူမမှန်ခြင်းရှိမရှိကြည့်လိုက်သည်။ယခုလေးတင်သူကြည့်လိုက်သောပုံ၌ သူ့ကိုယ်သူမမှတ်မိနိုင်လောက်ပေ။
လေပြည်လေညင်းက ညင်သာစွာတိုက်ခတ်လျက်ရှိပြီး ဖုကျန်းက အုတ်ပုံထဲမှ ပုံဆွဲစာအုပ်
ကိုကိုင်၍ ထလိုက်သည်မှာ နဂါးပျိုတစ်ကောင် ရွှေပြားကိုင်ထားသည့်အတိုင်းပင်ရှိနေလေသည်။
"သွားကြမယ်..."
ကျန်းဟန်ရှုကပြောလာ၏။
ဖုကျန်းက ကျန်းဟန်ရှု၏နောက်ကလိုက်ကာဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှ ထွက်လာသည်။ နှင်းများကလည်း ပိုပို၍ကျဆင်းလာသည်။ဖုကျန်းက ခေါင်းပေါ်တွင်သိုးမွှေးဦးထုပ်ကို ဆောင်းထားပြီးထိုဦးထုပ်ပေါ်သို့နှင်းများကျနေသဖြင့် မြင်ရသည်မှာ အနက်ရောင်တောအုပ်ပုံစံကိတ်မုန့်တစ်လုံးကဲ့သို့ပင်ရှိလေသည်။
သူ့နောက်ကလိုက်လာသော ဖုကျန်းအားဂရုစိုက်သည့်အနေဖြင့် ကျန်းဟန်ရှုက လမ်းကိုအမြန်ကြီးမလျှောက်ပေ။ ဖုကျန်းကအရှေ့ဘက်ရှိ လူသွားလမ်းလေးကိုကြည့်လိုက်ရင်း နောက်ခံပုံစံဖြစ်နေသော မီးခိုးပြာရောင်ကောင်းကင်ပေါ်ရှိ ဝိုင်ယာကြိုးများကို ငေးကြည့်နေလိုက်သည်။ မီးခိုးရောင်အဆင်းရှိသော စာကလေးအနည်းငယ်က ထိုဝိုင်ယာကြိုးပေါ်၌နားခိုလျက်ရှိကာ တကျီကျီမြည်နေကြ၏။
သူတို့ နှစ်ယောက်ဘတ်စ်ကားမှတ်တိုင်ရှေ့တွင် ရပ်လိုက်ကြသည်။ ဖုကျန်းကလက်တွင်ပုံဆွဲစာအုပ်ကိုကိုင်ထားဆဲဖြစ်ပြီး မှောင်နေပြီဖြစ်သည့်ကောင်းကင်ကိုမော့ကြည့်လိုက်ပြန်သည်။ ဆီးနှင်းပွင့်လေးများကလည်း သစ်ရွက်ခြောက်များကဲ့သို့ပင် တစ်ခုပြီးတစ်ခုဆက်တိုက်ကျဆင်းနေသည်။ အရှိန်မြှင့်တင်ထားသောယာဉ်များကလည်း လမ်းမထပ်တွင် မရပ်မနားသွားလာနေကြပြီး လေအေးများလည်းတိုက်လျက်ရှိကာထိုလေအေးထဲ၌နှင်းပွင့်များရောပါနေလေသည်။
ဖုကျန်းက ချမ်းလာသဖြင့်တုန်ရီလာကာကျန်းဟန်ရှုနားသို့အနည်းငယ်ကပ်လိုက်မိ၏။ ကျန်းဟန်ရှုကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဘက်သို့ ခေါင်းလှည့်ကာကြည့်နေပြီး ဖုကျန်း၏ အပြုအမူကို ဂရုထားသည့်ဟန်မရှိပေ။သိပ်မကြာခင်မှာပင် ဘတ်စ်ကားရောက်ရှိလာလေသည်။ ဖုကျန်းနှင့်ကျန်းဟန်ရှုတို့လည်းရှေ့ဆင့်နောက်ဆင့် ကားပေါ်တက်လိုက်ကြ၏။ ကားပေါ်၌ လူကပြည့်နေပြီဖြစ်သောကြောင့် ထိုင်ခုံလည်းမကျန်တော့ပေ။
ဖုကျန်းကကျန်းဟန်ရှုနှင့်အတူ ကား၏နောက်ဘက်ခြမ်းသို့လိုက်သွားလိုက်သည်။ ကျန်းဟန်ရှုကလက်မြှောက်ကာလက်ကိုင်တန်းကိုကိုင်ထားပြီး ဖုကျန်းကတော့ အနောက်ဘက်တံခါးနားရှိ
တန်းလေးကိုသာကိုင်ထားလိုက်သည်။ဘတ်စ်ကားပေါ်၌လူကတဖြည်းဖြည်းပိုများလာကာ ကျန်းဟန်ရှု နှင့်ဖုကျန်းတို့အနား၌လည်းပြည့်နေလေသည်။ သူတို့၏ခန္ဓာကိုယ်များက အချင်းချင်းပူးကပ်နေသည်မှာ ကျန်းဟန်ရှု ရှူထုတ်လိုက်သည့်လေကိုပင်ခံစားမိသည်အထိရှိလေသည်။
ဖုကျန်းတစ်ယောက်မှာတော့ သူ၏နှလုံးသားမှ နွေဦးရာသီတွင်လိပ်ပြာလေးများ တောင်ပံခတ်နေသည့်အသံကဲ့သို့ လှုပ်ခတ်နေသည့်အသံကိုပီပီသသပင်ကြားနေရလေသည်။
ဘတ်စ်ကားကြီးက ရှုပ်ယှက်ခတ်နေသည့်လမ်းများနှင့် မြို့ကိုဖြတ်သန်းကာမောင်းနှင်နေပြီး ကျောင်းတစ်ကျောင်းရှေ့၌ရပ်လေသည်။ လူတစ်အုပ်လိုက်ကြီး နောက်ပေါက်မှတစ်ဆင့် ဆင်းသွားကြပြီး နောက်ထပ်လူတစ်အုပ်ကြီး ထပ်တက်လာပြန်သည်။
အရာအားလုံးကတော့ အရင်လိုပဲ မတရားကျပ်
ပိတ်သိပ်နေသည်။မှတ်တိုင်အနည်းငယ် ထပ်ပြီးဖြတ်ကျော်ပြီးနောက်တွင် ဘတ်စ်ကားပေါ်၌ နေရာလွတ်များပေါ်လာ၏။ ကျန်းဟန်ရှုက တစ်နေရာကိုဦးလိုက်ကာ ဖုကျန်းကိုခေါ်ကာ ပေးထိုင်လိုက်သည်။ဤကဲ့သို့ဖြစ်ပုံမျိုးက နေ့တိုင်းအလုပ်ဆင်းချိန်တွင်ဖြစ်နေကျပင်ဖြစ်၏။
ဖုကျန်းကကျန်းဟန်ရှုကိုအလွန်ပင်ကျေးဇူးတင်မိကာမျက်နှာကရှက်ရွံနေဟန်ဖြင့်တိုးတိုးပင်ပြော
လိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ကျန်းဟန်ရှုကလည်း နူးညံ့ညင်သာစွာအင်းဟုတိုးတိုးပြန်ဖြေပြီးနောက်ဘတ်စ်ကား၏ ပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေလေသည်။ သူ၏မျက်လုံးထဲ၌လမ်းမပေါ်မှသစ်ပင်များက ခပ်မြန်မြန်ပင်ဖြတ်သန်းသွားကြပြီး နေဝင်ဆည်းဆာချိန်ကလည်းတဖြည်းဖြည်း ကျော်လွန်သွားလေသည်။
ဆောင်းရာသီ၏ ညအချိန်များသည် နွေရာသီ
အချိန်ထက်ပို၍စောကာ လာတတ်၏။ဘတ်စ်ကားမှာ မှောင်မိုက်နေပြီး ကားထဲရှိလူအုပ်ကြီး၏အရိပ်က ဖုကျန်း၏မျက်လုံးထဲပင်ထင်ပေါ်နေ၏။ ဖုကျန်းကခေါင်းကိုမော့လိုက်ကာ ကျန်းဟန်ရှုအားကြည့်လိုက်ပြီးမေးလေသည်။
"ခင်ဗျားကျွန်တော့ကိုမှတ်မိသေးလား..."
"ဘာဖြစ်တယ်..."
ကျန်းဟန်ရှူးက ဖုကျန်းပြောလိုက်သည်ကို မကြားသဖြင့်ဖုကျန်းအားကြည့်ကာ မေးလိုက်ခြင်းဖြစ်၏။
"ကျွန်တော်တို့ အဲဒီနေ့ကဘတ်စ်ကားပေါ်မှာ
တွေ့ခဲ့ကြတယ်လေ ဒီနေ့လိုပဲ..."
ဖုကျန်းက ထိုသို့ပြောပြီးနောက်ခေါင်းကိုငုံ့ကာ
သူ့မျက်နှာပေါ်မှ အမူအရာကိုမီးရောင်မှိန်မှိန်အောက်တွင် ဖုံးကွယ်ထားလိုက်၏။
"မှတ်မိတယ်..."
ကျန်းဟန်ရှုက သူ၏ပုံမှန်ဖြစ်သော အေးစက်စက်အသံဖြင့်သာပြန်ဖြေလေသည်။သူမှတ်မိသည်က ထိုညနေခင်း၌ဖုကျန်းကဘတ်စ်ကားပေါ်၌ ယခုကဲ့သို့ပင်အထီးကျန်နေသော တိရိစ္ဆာန်လေးတစ်ကောင်ကဲ့သို့ ရပ်နေသည်ကိုပင်။ ထိုည၌ သူနှင့်ထိုလူငယ်လေးမတော်တဆနီးစပ်သွားခဲ့သည့် အဖြစ်ကိုတော့
ကျန်းဟန်ရှုတစ်ယောက်မှတ်မိခြင်းမရှိသေးပေ။
ဖုကျန်းကတော့ ထိုည၌ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ကျန်းဟန်ရှုမေ့ပျောက်သွားခဲ့
လျှင်လည်း ဂရုမစိုက်ပေ။။ သို့သော် ကျန်းဟန်ရှုကထိုကဲ့သို့ ဘတ်စ်ကားပေါ်၌ တခဏတာမျှလေးဆုံတွေ့ခဲ့သည့်အဖြစ်ကိုတောင်မှတ်မိသည်ဟု ဆိုလာသောအခါ ဖုကျန်းကအလွန်ပင်အံ့ဩသွားပြီး မျက်လုံးများက ထိုသူ့ကိုမော့ကြည့်လာကာ မေးပြန်လေသည်။
"ခင်ဗျားက ဘာလို့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ဖို့ကိုရွေးခဲ့တာလဲ..."
ထိုနေ့က ကျန်းဟန်ရှု၏အဝတ်အစားများကိုမှတ်မိနေသေးသည်။သူ၏ပုံစံက သူဌေးတစ်ယောက်ဖြစ်လျှင်ဖြစ် မဖြစ်လျှင်တောင်ပညာရှင်တစ်ယောက်၏အလုပ်အကိုင်မျိုးရှိမည့်လူဖြစ်နိုင်သည်။ မည်သည့်အခြေအနေနှင့်မျှ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အုတ်သယ်ဖို့လာပြီးအလုပ်လုပ်မည့်လူတစ်ယောက်၏ပုံမပေါက်နေပေ။ကျန်းဟန်ရှုက တခြားအလုပ်သမားများကိုပေးနေကြဆင်ခြေကိုသာသုံးပြီး ပြောပြလိုက်
သည်။
"လတ်တလော ငါ့မှာငွေလိုနေလို့..."
"ဪ..."
ဖုကျန်းကတော့ ကျန်းဟန်ရှု အမှန်အတိုင်းပြောနေသည်ဟုမထင်ပေ။ အမှန်ဆိုလျှင် အုတ်သယ်ရသည့်အလုပ်ဟူသည်မှာ ငွေအမြန်ရနိုင်သောအလုပ်တစ်ခုမှ မဟုတ်သည်ပေ။သို့သော်သူကခေါင်းသာငြိမ့်ကာ ဘာတစ်ခွန်းမှဆက်မပြောတော့ပေ။ကျန်းဟန်ရှုလိုနေသည်ဆိုသည့်ငွေက မည်သည့်ပမာဏဖြစ်ပြီး သူကရောမည်သည့်
ပမာဏကူညီနိုင်လိမ့်မည်ကို သူမသိပေ။
ဖုကျန်းကသူ၏ ဘဏ်ကတ်ထဲတွင် ငွေများတိုးနေပြီဖြစ်သော်လည်း ထိုငွေကလုံလောက်သေးမည်မထင်သောကြောင့် အိမ်ပြန်ရောက်သည်နှင့် ပုံဆွဲသည့်အလုပ်ကို များများလက်ခံမည်ဟုဆုံးဖြတ်လိုက်လေသည်။လေထန်သောနေ့တစ်နေ့၏ နေ့ခင်းအချိန်အခါတွင် ဖုကျန်းက သဲများသယ်ပြီးသည့်နောက်တွင် ယခင်ကအတိုင်းပင် အုတ်ခဲပုံတစ်ပုံပေါ်၌ထိုင်ကာ သူ၏ပုံဆွဲစာအုပ်ကိုကိုင်၍စတင်ကာပုံဆွဲလေသည်။
သို့သော်သူဘယ်လောက်မှမစရသေးခင်မှာပင် ဗိုက်ထဲမှနာလာသည်ကြောင့် ပုံဆွဲစာအုပ်ကိုအောက်သို့ချကာ ဗိုက်ကိုနှိပ်၍ သန့်စင်ခန်းသို့ အမြန်ပင်ပြေးရလေသည်။ပုံဆွဲစာအုပ်လေးမှာ နဂိုကအုတ်ပုံပေါ်၌တင်ထားခဲ့ခြင်းဖြစ်သော်လည်း အလုပ်သမားတစ်ယောက်က သဲအိတ်တစ်အိတ်ကိုထမ်းကာ အနားမှဖြတ်သွားရာ ထိုပုံဆွဲစာအုပ်လေးကို သတိမထားမိဘဲမတော်တဆတိုက်ချသွားလေ၏။ စာအုပ်လေး၏အဖုံးက ပွင့်ထွက်
ကာ အတွင်းရှိပုံများအားလုံး ပြန့်ကျဲသွားလေ
သည်။
အလုပ်သမားများမှာ ငွေရှာရန်သာအာရုံစိုက်ထားကြပြီး အလုပ်များနေကြသဖြင့် ထိုစာရွက်များပေါ်၌ ဘာကိုဆွဲထားသည်ကို ကြည့်ရန်အချိန်မရကြချေ။ ကျန်းဟန်ရှုတစ်ယောက်သာရပ်တန့်သွားပြီး ဖုကျန်း၏ပုံဆွဲထားသောစာရွက်တစ်ရွက်ပေါ်၌ သူ့ကိုယ်သူမြင်လိုက်ရလေသည်။
မြောက်အရပ်မှလေကလည်းဆက်လက်၍ တိုက်ခတ်နေသည်ကြောင့် စာရွက်များကတစ်
ရွက်ပြီးတစ်ရွက်ပွင့်ကာ စာမျက်နှာတိုင်း၌ သူ့
ပုံပါနေသည်ကို မြင်လိုက်ရလေ၏။ကျန်းဟန်ရှုက ထိုနေရာ၌ပင်သဲအိတ်တစ်အိတ်ကိုထမ်းကာ ရပ်နေလေ၏။ သူ့အားအခြားအလုပ်သမားများပြောကြသည်ကိုသတိရမိလာသည်။သူတို့ကထိုသူသည်နှာဘူးတစ်ယောက်ဖြစ်ကြောင်းပြောကြ
ပြီး တစ်ယောက်ဆိုလျှင်သူ Gay ဘားများ
ထဲသို့ဝင်ထွက်သည်ကို မြင်ဖူးသည်ဟုပင်ဆို
ထား၏။
ထိုအချိန်က ကျန်းဟန်ရှုလည်း ဖုကျန်းကမိန်းကလေးများကိုပဲကြိုက်ကြိုက် ယောက်ျား
လေးများကိုပဲကြိုက်ကြိုက် သူနှင့်မဆိုင်သည်
ကြောင့် ဂရုမထားခဲ့ပေ။သို့သော်ယခုတွင်မူ သူကိုယ်တိုင်၏ပုံများကိုအခြားယောက်ျားတစ်ယောက်၏ ပုံဆွဲစာအုပ်ပေါ်၌ မြင်လိုက်ရမှ ကျန်းဟန်ရှုတစ်ယောက်တစ်ခုခုကိုနားလည်လာသည်။
ကျန်းဟန်ရှုက ဘာကိုမှမမြင်လိုက်ဟန်ဆောင်ကာ ရှေ့သို့ဆက်လျှောက်လိုက်သော်လည်း ခြေလှမ်းအများကြီးမလှမ်းရသေးခင် ရပ်သွားပြန်၏။ သူကပြန်လှည့်ကာ မြေပြင်ပေါ်မှ ပုံဆွဲစာအုပ်ကိုကောက်၍ပိတ်ကာ ယခင်မူနေရာ၌ပြန်ထားလိုက်သည်။
ထို့နောက်တွင်တော့ သက်ပြင်းချသံသဲ့သဲ့လေးတစ်ခု ကြားလိုက်ရကာ တခဏအတွင်းပင်
လေထုထဲ၌ပျောက်ကွယ်သွားလေတော့သည်။
၁၀မိနစ်ကြာပြီးနောက်တွင် ဖုကျန်းကသန့်စင်ခန်းမှ ပြန်ရောက်လာလေသည်။ ခုနလေးတင်ကဖြစ်ပျက်သွားသည်များအား မသိပါပဲ ပုံဆွဲစာအုပ်လေးကိုယူ၍ ကောင်းကင်ကြီးမှောင်သွားသည့်အချိန်အထိ ပုံများဆက်၍ဆွဲနေတော့သည်။
ဖုကျန်းသည် ဖုအိမ်တော်မှနှင်ထုတ်ခံလိုက်ရပြီးသည့်အချိန်မှစ၍ သူသည်နေရာတိုင်း၌ အလွယ်တကူသတိထားမိတတ်လာ၏။ကျန်းဟန်ရှုက မည်ကဲ့သို့ပင် ယခင်ကနှင့်တစ်ပုံစံတည်းတူအောင် ပြုမူနေသည်ဖြစ်စေကာမူ သူ့အနေနှင့် ကျန်းဟန်ရှုကသူ့အပေါ်၌ပိုပို၍အေးစက်လာသည်ကို အလွယ်တကူပင်သတိထားမိလေသည်။
ဖုကျန်းက သူမည်သည့်နေရာတွင်အမှားလုပ်ထားမိသည်ကို မသိသော်လည်း ကျန်းဟန်ရှုအား သွားမမေးရဲပေ။ သူကဘတ်စ်ကားပေါ်ရှိထိုင်ခုံလေးပေါ်၌ ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်ကိုသာငေး၍ လူများသွားလာနေကြသည်ကို ကြည့်နေကာ ပို၍စိတ်ပျက်မှုကိုခံစားလာရလေသည်။ တစ်နေ့တွင်သူနှင့်ကျန်းဟန်ရှုတို့ ခွဲရမည်ဆိုသည်ကို သိထားသည်။
တကယ်တမ်း အချိန်ကျလာသောအခါတွင်သူကျန်းဟန်ရှုကိုမည်မျှပင်တွေ့ချင်စေကာမူ ထပ်၍မတွေ့နိုင်တော့သည်ကိုလည်း သိထား၏။ရက်ပေါင်းများစွာကြာသည့်အခါတွင်ကျန်းဟန်ရှု၏ အပြုအမူများက အတော်လေးပင် ပို၍အေးစက်လာသည်။ သူ၏ပုံစံက ဖြည်းဖြည်းချင်း ဖုကျန်းနှင့်သူ၏ကြား၌အလွှာတစ်ခုခြားနေသည့်ပုံပင်။
ဖုကျန်းကလည်း ဤသည်ကိုနားလည်သည်ကြောင့် ကျန်းဟန်ရှုနှင့်လိုက်လျောညီထွေစွာပင် သူတို့နှစ်ဦး၏ဆက်ဆံရေးကို ယခင်ကလိုသူစိမ်းများအဖြစ်သို့ ပြန်ရောက်လာရန်ကူညီပေးနေမိတော့သည်။ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဖုကျန်းကအလုပ်ပြီးသည့်နောက် ထိုင်ကာသူ၏ပုံဆွဲစာအုပ်ကို ထုတ်လိုက်သည်။ စာအုပ်ကိုဖွင့်ပင်မဖွင့်ရသေးခင်မှာပင် ကျန်းဟန်ရှုက သူ့အနားသို့လျှောက်လာကာ ပြောလေသည်။
"မင်းအရင်ပြန်နှင့်လိုက် ငါဒီနေ့လုပ်စရာလေး
ရှိလို့ မင်းနဲ့အတူ အိမ်မပြန်နိုင်တော့ဘူး..."
ဖုကျန်းက ခေါင်းကိုမော့ကြည့်လိုက်ကာ ပုံဆွဲစာအုပ်ကိုကိုင်၍ ကျန်းဟန်ရှုအား အချိန်အတန်ကြာ ကြည့်နေမိပြီးမှ ပြန်ပြောလိုက်၏။
"သိပါပြီ..."
ကျန်းဟန်ရှုထွက်သွားပြီးနောက်တွင် ဖုကျန်းလည်း ဖြည်းဖြည်းချင်းထကာ သူ၏ပုံဆွဲစာအုပ်လေးကိုကိုင်၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှ တစ်ယောက်တည်း လေထုအေးအေးကိုရင်ဆိုင်ရင်း ထွက်လာခဲ့လေတော့သည်။