လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၅၂ - မလွှတ်ဘူးလား
“ကျွန်မနာမည်က စုန့်ရှောင်ပါ ” သူမက ယဲ့ဆွေကို သူမရဲ့နာမည်ပြောပြခဲ့သည်။။
"ကျွန်မက ယဲ့ဆွေပါ။ ရှင် ကျွန်မကို ဘာလို့ စောင့်နေတာလဲ?"
စုန့်ရှောင်က ခေါင်းညိတ်ပြလိုက်သည်။ " အရင်ရက်က ရေကန်စပ်မှာ ရှင့်ကိုမြင်ကတည်းက ရှင်သရဲမြင်နိုင်တယ်လို့ မှန်းမိခဲ့တာ " ပြီးခဲ့သည့်အချိန်က ယဲ့ဆွေအနေနဲ့ သူမကိုအလွန်ဆိုးဝါးသော သရဲတစ်ကောင်အဖြစ် မှားယွင်းစွာမှတ်ချက်ချခဲ့ပြီး ချက်ချင်းထွက်ခွာသွားခဲ့သည်။
သရဲများနဲ့ အကြိမ်ပေါင်းများစွာ တွေ့ခဲ့ရပြီးနောက် ယဲ့ဆွေက သူတို့နှင့်ရင်းနှီးလာပြီဖြစ်သည်။ “ နင့်မှာမပြီးဆုံးသေးတဲ့ ကိစ္စတစ်ခုခုရှိတာလား? ”
စုန့်ရှောင်ရဲ့ မျက်နှာက တင်းမာလာသည်။ မကြာခင်မှာ သူမ မျက်ရည်က သစ်သားကြမ်းပြင်ပေါ် ကျလာခဲ့သည်။ “ ဒီပန်းချီဆရာကို ကျွန်မ အချိန်အကြာကြီး တစ်ဖက်သတ်ချစ်နေခဲ့တာ”
စုန့်ရှောင်က ကျောင်းဝင်းထဲမှာ အနိုင်ကျင့်ခံခဲ့ ရသူဖြစ်သည်။ သူမနှင့်ပန်းချီဆရာက အထက်တန်းကျောင်းမှ ကျောင်းသားများဖြစ်ပြီး သူက သူမရဲ့စီနီယာဖြစ်သည်။ သူက သူမ ငယ်ငယ်လေးကတည်းက တွေ့ခဲ့ဖူးသမျှလူတွေထက် ကြင်နာတတ်ဆုံးသူဖြစ်သည်။
စုန့်ရှောင်က သူမတို့ကျောင်းက ကလပ်ရဲ့ အကသမားဖြစ်သော်လည်း သူမရဲ့အေးစက်တဲ့ အကျင့်စရိုက်ကြောင့် သူမသည် မာနထောင်လွှားတယ် လို့အထင်ခဲ့ရပြီး အခြားသူများရဲ့ အထင်အမြင်သေးတာကို ခံရသည်။ အဲ့ဒါကြောင့်ဘဲ သူမကျောင်းနေဖက်များရဲ့ မကြာခဏ အနိုင်ကျင့်ခြင်းကိုခံခဲ့ရသည်။ သူတို့က သူမရဲ့အကဖိနပ်ကို ယူသွားကြတယ်၊ စားပွဲခုံထဲမှာ စာအုပ်တွေအားလုံး ဖြည့်ထားတယ်၊ သူမရဲ့ ဆံပင်ရှည်တွေကို လှမ်းဆွဲတယ်၊ ပြီးတော့ သူမကို နံရံပေါ် တွန်းတင်ကြတယ်...........
တစ်နေ့မှာ စုန့်ရှောင်က အကခန်းမရဲ့ဘေးဘက် လှေကားမှာ ထိုင်ပြီး ဒူးထောက်ငိုကြွေးနေခဲ့သည်။
ထို့နောက် သူမအသိအမှတ်ပြုထားတဲ့ ကောင်လေးတစ်ယောက်က သူမဆီကိုလမ်းလျှောက်လာခဲ့သည်။ သူက သူမ စီနီယာဖြစ်ပြီး အောက်ထပ်ရှိ ပန်းချီအလုပ်ခန်းမှာ ဆွဲနေရင်း သူ့အယ်လ်ဘမ်ကို တိတ်တဆိတ်အမြဲတမ်း ကိုင်ထားလေ့ရှိသည်။
စုန့်ရှောင်ရဲ့ပါးပြင်က အနီရောင်သမ်းနေကာ ဖူးယောင်နေပြီး မျက်ရည်တွေက သူမခံစားခဲ့ရတဲ့ နာကျင်မှုကိုသက်သာစေမှာ မဟုတ်ပေ။ စုန့်ရှောင်ကို သူတို့မနှစ်သက်တာက ပိုပြီးနက်ရှိုင်းလာသည်။ မကြာခဏရယ်မောရင်း သူမကိုသီးခြားခွဲထုတ်ပြီး တိုက်ခိုက်ကြသည်။
ထိုနေ့မွန်းလွဲပိုင်းမှာ စီနီယာက စုန့်ရှောင် ဘေးမှာ နှစ်သိမ့်စကားတစ်စုံတစ်ရာမပြောဘဲ ထိုင်ကာ သူမကိုတစ်သျှူးပေးလိုက်သည်။
ဒီကမ္ဘာပေါ်မှာ မကောင်းမှုတွေ များလွန်းနေပေမယ့် စုန်ရှောင်ကတော့ ကောင်းကင်က အလင်းရောင်အနည်းငယ် ထွက်လာသည်ကို တွေ့လိုက်ရသည်။
နောက်ပိုင်းမှာ ကောင်မလေးတစ်ယောက်က စုန့်ရှောင်ရဲ့ ဆံပင်ကိုဆွဲပြီး သူမကို နံရံနဲ့ဆောင့်ကာ နောက်တစ်ကြိမ် အနိုင်ကျင့်တာကို စုန့်ရှောင်ခံခဲ့ရသည်။ သူမက ညံ့ဖျင်းသောမောက်စ်ကို ဝိုင်းရံထားကာ ရုန်းကန်ရန်ပင် ခွန်အားမရှိခဲ့ပေ။
သို့သော် သင်ကြားရေးဒါရိုက်တာက တံခါးကိုခေါက်လာပြီး စုန့်ရှောင်ကို အနိုင်ကျင့်သူတိုင်းကို ဖယ်ရှားခဲ့သည်။ သူတို့ထွက်ခွာသွားပြီးနောက်မှာ စုန့်ရှောင်က တံခါးဖွင့်ထားတဲ့ အပြင်ဘက်မှာ ရပ်နေတဲ့ စီနီယာကို တွေ့လိုက်ရသည်။
စုန့်ရှောင်ရဲ့မိသားစုက ဆင်းရဲသည်။ သူမလိုလူတွေက သူတို့ရဲ့အခြေအနေကို တိုးတက်ဖို့ ခက်ခဲစွာလေ့လာခဲ့သည်။
သူမ စီနီယာက အဆင့်မြင့် အနုပညာတက္ကသိုလ်ကို ၀င်ရောက်ခဲ့တာကို သူမကြားခဲ့ရသည်။ သူမက ကြိုးစားပြီး နောက်ပိုင်းမှာ စေတနာ့ဝန်ထမ်းပုံစံကို ဖြည့်ပြီး သူ့မြို့ကိုသွားခဲ့သည်။
စုန်ရှောင်အနေနဲ့ အခြားသူများက သူမကိုဘယ်လို အနိုင်ကျင့်ခဲ့ပါစေ သူမကဂရုမစိုက်ခဲ့ပေ။ စတူဒီယိုကိုဖြတ်သန်းသွားချိန်မှာ သူမအဝေးက လျှို့ဝှက်စွာချစ်မြတ်နိုးရသူတစ်ဦး ရှိတယ်လို့ထင်ခဲ့သည်။
သူမစီနီယာနှစ်ရောက်လာတဲ့ နွေရာသီတစ်ခုမှာ စုန့်ရှောင်က တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် ရေထဲကိုကျသွားခဲ့ပြီး ရေသရဲအစစ်က ရေအောက်ထဲကိုဆွဲချသွားခဲ့သည်။
သူမကတစ်ချိန်လုံးမှာ သူ့ကိုအပေါ် နှစ်သက်ခဲ့ကြောင်း သူမစီနီယာကို ပြောပြဖို့ အခွင့်အရေးမရှိခဲ့ဘူး။
နောက်ပိုင်းမှာ စုန့်ရှောင်က ရေနစ်တဲ့သူတွေကို သူမတွေ့သမျှ ကယ်တင်ဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။
စုန့်ရှောင်က ကျောင်းဝင်းအတွင်း အထက်တန်းကျောင်းမှာ ၃ နှစ်ကြာ အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသည်။ သူမက ခါးသီးလှတဲ့ ကံတရားကို ခံရပ်ခဲ့ရသော်လည်း သူမနှလုံးသားထဲက ကြင်နာမှုကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
စုန့်ရှောင်ကို အနိုင်ကျင့်တဲ့ ဆယ်ကျော်သက်တွေက ရန်လိုမုန်းတီးမှုများပြည့်နှက်နေပြီး သူတို့ကလူအုပ်နောက် မျက်စိကန်းစွာဖြင့် လိုက်နေလျှင်ပင် အလွန်နာကျင်နေကြဆဲဖြစ်သည်။
ဒါပေမယ့် သူတို့က စုန့်ရှောင်ကို သူတို့ဘယ်လောက်အထိ ထိခိုက်စေခဲ့တယ်ဆိုတာကို မမှတ်မိကြတော့ပေ။
ကန်ထဲရှိအချိန်က ရှည်လျားလွန်းသဖြင့် စုန့်ရှောင်က သူမ စီနီယာကို ဘယ်တော့မှ နောက်တခါ မတွေ့ရတော့ဘူးလို့ ထင်ခဲ့သော်လည်း တစ်နေ့မှာ သူ့ကိုမြစ်ကမ်းနားတွင်တွေ့ခဲ့သည်။
သူမစီနီယာမိသားစုက ကျဆင်းနေသည်။ သူက သူ့ကျူရှင်ကြေးအတွက် အခြားသူများကို နေ့စဉ်နေ့တိုင်းပန်းချီဆွဲပေးသည်။ စီးပွားရေးအရ ဆွဲစရာ မရှိသည့်အခါ သူကြိုက်နှစ်သက်ရာများကို သူရေးဆွဲခဲ့သည်။
စီနီယာက အာ့ဟိုင် ရေကန်ကိုဆွဲနေခဲ့ပြီး စုန့်ရှောင်က အနီးအနားက ကြည့်နေခဲ့သည်။
တစ်နေ့တွင် သူမစီနီယာရဲ့ ပန်းချီကားများက ရေကန်ထဲကို မျောပါသွားခဲ့သည်။ သူက မတော်တဆ ရေထဲကျသွားတဲ့ပန်းချီကားများကို ကောက်ဖို့ကြိုးစားနေခဲ့သည်။ စုန့်ရှောင်က သူမစီနီယာကို အခြားသူတစ်ယောက်ရဲ့ သားကောင်ဖြစ်လာမှာကို ကြောက်ခဲ့သည်။ သူမ သူ့ကိုကယ်တင်ရမည်။
တစ်ချိန်က သူကသူမကို ကူညီခဲ့ပြီး စိတ်အားငယ်ခြင်းမှရုန်းထွက်နိုင်အောင် သူမကို ခေါ်ဆောင်ပေးခဲ့သည်။
စုန့်ရှောင် သေဆုံးပြီးနောက်မှာ သူမစီနီယာက သူမကြိုက်နေတာကို မသိခဲ့ပေမယ့်လည်း စုန့်ရှောင်က သူ့ဘဝက ဆက်လက်တည်ရှိလိမ့်မယ်လို့ မျှော်လင့်နေဆဲဖြစ်သည်။
နောက်ဆုံးတွင် သူ့တောက်ပမှုက သူမဘဝရဲ့ အမှောင်ထုကိုလင်းစေခဲ့သည်။
သူမက စီနီယာကို ကယ်တင်ပြီးနောက် သူသည် အာ့ဟိုင် ရေကန်သို့ မကြာခဏလာရောက်လေ့ရှိရာ သူမနှင့်မကြာခဏ တွေ့ရလေ့ရှိသော်လည်း သူမကထွက်ခွာသွားရတော့မယ်လို့ ခံစားနေရသည်။
စုန့်ရှောင်ရဲ့ ဇာတ်လမ်းကိုကြားပြီးနောက် ယဲ့ဆွေက သူမရဲ့ မျက်ရည်များက သူမမျက်လုံးများမှ ကျလာတာကိုမြင်လိုက်ရသည်။ သူမမျက်လုံးများစိုစွတ်နေပြီး ပြောလာသည်။ "ကျွန်မရဲ့တောင်းဆိုချက်က အရမ်းရိုးရှင်းပါတယ်။ "
ယဲ့ဆွေက ရေသရဲရဲ့စကားကို ကြားချိန်မှာ အံ့သြသွားသည်။ ပြီးတော့ သူမနားရွက်ကနေ ခေါင်းပေါ်ထိကိုတက်လာပြီး သူမမျက်နှာ တစ်ခုလုံးနီလာနေသည်။ သူမရဲ့နှုတ်ခမ်းတွေကို တင်းတင်းကျပ်ကျပ်ပိတ်ပြီး ဘာမှမပြောဘဲနေခဲ့သည်။
ယဲ့ဆွေက နည်းနည်းထူးဆန်းသွားသည်။ ရေသရဲ ကောင်မလေးက သာမန်စကားလုံးတစ်လုံးပဲ ပြောလိုက်တာပါ ဒီတော့ သူမဘာလို့ ရှက်သွေးဖြာနေရတာလဲ?
ချန်ရှု့က အနီးအနားမှ လှုပ်ရှားမှုများကို မကြားခဲ့သလို ယဲ့ဆွေကလည်း စကားမပြောခဲ့ပေ။ သူမ၏ဘာသာပြန်ဆိုမှုက အသံတိတ်သွားသည့်အလား ခဏတာရပ်တန့်သွားခဲ့သည်။
ချန်ရှု့က ထူးဆန်းနေသလို ခေါင်းကိုငုံ့ပြီး ယဲ့ဆွေ ကိုကြည့်လိုက်သည်။ “ သူမအစောက ဘာပြောလိုက်တာလဲ ? ”
"သူမကကျွန်မကို တကယ်လှတယ်လို့ ပြောတယ် " ယဲ့ဆွေက အပြစ်ရှိတယ်လို့ခံစားခဲ့ရပြီး ချန်ရှု့ကို ပြန်လှည့်မကြည့်ရဲခဲ့ဘူး။
ချန်ရှု့ - "... "
စုန့်ရှောင် ဆက်ပြောနေစဉ်မှာ ယဲ့ဆွေက စိတ်ရှည်ရှည်နဲ့ နားထောင်ခဲ့သည်။ “သူ့ကိုရှာပြီး ပုံတစ်ပုံဆွဲဖို့ ကျွန်မကိုကူညီပေးနိုင်မလား?”
စုန့်ရှောင် ရဲ့ အဖြစ်အပျက်ပြီးတဲ့နောက် သူမရဲ့မိသားစုက ဒီဝမ်းနည်းစရာကောင်းတဲ့နေရာဖြစ်တဲ့ ယူနန်မှထွက်ခွာသွားခဲ့သည်။ သူမက ယဲ့ဆွေကို သူမရဲ့အထက်တန်းကျောင်းက အကြောင်းကို ပြောပြပြီး သူမရဲ့ဓာတ်ပုံကို အဲ့နေရာမှာ ရှာတွေ့နိုင်တယ်လို့ပြောခဲ့သည်။
“ လုံခြုံရေးက အရမ်းတင်းကျပ်တယ်။ တကယ်လို့ နင်ဂိတ်တံခါးအတွင်းထဲ ဝင်လို့မရရင် ကျောင်းရဲ့ဘေးနံရံကနေ ခုန်ကျော်လို့ရတယ်” လို့ စုန့်ရှောင်က ယဲ့ဆွေကို ကြင်နာစွာနဲ့ သတိပေးခဲ့သည်။
စုန့်ရှောင်က ဓာတ်ပုံနံရံ အတိအကျရှိတဲ့နေရာကို ယဲ့ဆွေအား ပြောပြခဲ့သည်။
နောက်တစ်နေ့တွင် ယဲ့ဆွေက စုန့်ရှောင်ရဲ့ အထက်တန်းကျောင်းကိုသွားဖို့ ဆုံးဖြတ်ခဲ့သည်။ အကယ်၍ သူမနံရံကိုကျော်တက်ခဲ့လျှင်ပင် သူမအဲ့တာကို ခံနိုင်ရည်ရှိလိမ့်မည်။ ဒါပေမယ့် သူမ ချန်ရှု့ကို သူမနှင့်အတူ ခေါ်ဆောင်ခဲ့ရသည်။
ယဲ့ဆွေနဲ့ ချန်ရှု့တို့ရောက်သွားခဲ့ချိန်မှာ ကျောင်းထဲမှာ အတန်းတွေ ရှိနေဆဲဖြစ်ပြီး ကျောင်းဂိတ်ဝမှာ ကျောင်းသားများက လမ်းလျှောက်နေခြင်းမရှိပေ။ လုံးဝဗလာဖြစ်နေခဲ့သည်။
ကျောင်းထဲကို ခိုးကြောင်ခိုးဝှက်နဲ့ဝင်ပြီး အခြားသူတွေနဲ့ ရောရောနှောနှောလုပ်ဖို့ ယဲ့ဆွေမှာ ကျောင်းဝတ်စုံ မရှိပေ။ ဒါကြောင့် သူမအနေဖြင့် အခြားနည်းလမ်းရှာဖို့နှင့် ဖြတ်လမ်းကို ရှာရမည်ဖြစ်သည်။
ယဲ့ဆွေက ကျောင်းရဲ့အခြားဘက်ခြမ်းရှိ နံရံအပြင်ဘက်တွင် ရပ်နေသည်။ သူမခဏတာလောက် မြင့်မားသောနံရံကိုမော့ကြည့်လိုက်ပြီးနောက် ချန်ရှု့ကို ကြည့်လိုက်သည်။ “ ရှင်အရင်က နံရံကိုကျော်တက်ဖူးလား?”
ယဲ့ဆွေက ချန်ရှု့ရဲ့ ကျောင်းတက်ရက်တွေအကြောင်းကို တော်တော်လေးသိချင်ခဲ့သည်။ သူကိုကြည့်ရတာ အရမ်းလိမ္မာတယ်၊ ဒါကြောင့် သူဟာအတန်းတွေလစ်ဖို့ ဒီလိုအရာတွေကို ဘယ်တော့မှ မလုပ်လောက်ဘူး။
လေထုက တိတ်ဆိတ်နေခဲ့သည်။ ချန်ရှု့က ယဲ့ဆွေရဲ့ မေးခွန်းကိုဖြေဆိုဖို့ မလိုလားသောကြောင့် စကားမပြောခဲ့ပေ။
ယဲ့ဆွေက ချန်ရှု့ရဲ့ အတွေးတွေကို အပြည့်အဝနားလည်ခဲ့သည်။ သူမက ထိုသရဲတွေကို ကူညီနိုင်ဖို့အတွက် သူမမှာအရာအားလုံးကို လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကိုသာ ခံစားရသည်။
ကံကောင်းထောက်မစွာနဲ့ ဒီမှာသတင်းထောက်တွေမရှိဘူး။ တကယ်လို့ ဒီမြင်ကွင်းကို ရိုက်ကူးခဲ့မယ်ဆိုရင် မနက်ဖြန်ရဲ့ခေါင်းစဉ်မှာ ယဲ့ဆွေ ဖြစ်နေလိမ့်မည်။ ခေါင်းစဉ်ကိုပင် သူစဉ်းစားခဲ့သေးသည်။
[နာမည်ကြီးပြီး မကောင်းတဲ့ မင်းသမီးတစ်ယောက်က ကျယ်ပြန့်တဲ့ အလင်းရောင်အောက်မှာ အထက်တန်းကျောင်းထဲဝင်ဖို့ နံရံပေါ်ကိုခုန်တက်နေပါတယ် ]
ယဲ့ဆွေက သူမရဲ့အိတ်ကပ်ထဲမှ mask ၂ ခုကိုထုတ်ပြီး ရတနာတစ်ခုလိုမျိုးနဲ့ ချန်ရှု့ကို ပေးလိုက်သည်။ "ကြည့်လိုက်ပါဦး။ ကျွန်မ ရှင့်အတွက် ဒီဟာကိုအထူးပြင်ဆင်ပေးထားတာ"
ချန်ရှု့က ရှုပ်ထွေးနေတဲ့အမူအရာနဲ့ mask ကိုကြည့်လိုက်ပြီး အချိန်အကြာကြီး မည်သည့်တုံ့ပြန်မှုကိုမှ မပေးခဲ့ပေ။
ချန်ရှု့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒီမှာရှိနေရင် သူတို့ကအံသြဖွယ်စိတ်ခံစားမှုနဲ့ သက်ပြင်းချလိမ့်မည်။ သူ့ဇနီးနောက်ကိုလိုက်ဖို့ ဟွာရွေ့ရဲ့ဥက္ကဌက နံရံပေါ်သို့တက်ခြင်းကိုပင် ပြုလုပ်ခဲ့သည်။
ယဲ့ဆွေ က ချန်ရှု့ ရဲ့အတွေးတွေကို လျစ်လျူရှုပြီး သူ့မျက်နှာပေါ်မှာ maskကို တပ်ဖို့ ကူညီပေးခဲ့သည်။ ဒီမှာ CCTV ကင်မရာရှိတယ်၊ ဒါကြောင့် သူတို့မျက်နှာတွေကို ဓာတ်ပုံရိုက်ခဲ့ရင် အဲ့တာကကောင်းမှာမဟုတ်ချေ။
ချန်ရှု့ရဲ့ မျက်နှာကို maskဖြင့် ဖုံးအုပ်ထားပြီးနောက် ယဲ့ဆွေက အလျင်အမြန် မိမိကိုယ်ကို ဖုံးကွယ်လိုက်ပြီး နံရံရဲ့အစွန်အဖျားသို့ ရောက်လာခဲ့သည်။ သူမ လှည့်ပြီးပြုံးလိုက်ကာ ချန်ရှု့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ကျွန်မက ဒါကိုတက်နိုင်လောက်တဲ့အထိ အရပ်မရှည်ဘူး။ ကျွန်မကိုကူညီပေးဦး" ယဲ့ဆွေက သူမရဲ့တောင်းဆိုမှုကို တရားမျှတစွာပြောခဲ့သည်။
ချန်ရှု့ ကြိတ်မှိတ်သည်းခံပြီး ခါးကုန်းပေးလိုက်ကာ သူ့ရဲ့လက်တွေကိုဆုပ်ကိုင်လိုက်ပြီး ယဲ့ဆွေကို ပင့်တင်ပေးလိုက်သည်။ သူ့ရဲ့လှုပ်ရှားမှုများက အလွန်တည်ငြိမ်ခဲ့သည်။ ယဲ့ဆွေ နံရံပေါ်မှာ ထိုင်လိုက်တဲ့အခါ သူကလွှတ်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ချန်ရှု့က သူ့ရဲ့လက်ကိုနံရံပေါ်သို့တင်ကာ အင်အားစိုက်ထုတ်ခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သပ်ရပ်တဲ့လှုပ်ရှားမှုနဲ့ နံရံ ပေါ်တက်လာခဲ့သည်။
"ရှင်ကကျွန်မထက်တောင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ နံရံကို ကျော်တက်နိုင်တာပဲ" ယဲ့ဆွေ က ချန်ရှု့ရဲ့လုပ်ရပ်တွေကိုကြည့်ပြီး အကူအညီမပေးနိုင်ခဲ့ပေမယ့် သက်ပြင်းချလိုက်မိသည်။
ယဲ့ဆွေ ရဲ့စိတ်ရင်းမှန်နဲ့ ချီးမွမ်းမှုကိုကြားရတဲ့အချိန်မှာ
သူ့ခြေထောက်အဆစ် လွဲသွားလုနီးပါးဖြစ်နေတဲ့ ချန်ရှု့က အခုချိန်ထိ သူ့ကိုယ်သူ မထူထောင်ရသေးပေ။
ယဲ့ဆွေက အထိတ်တလန့်ဖြစ်သွားပြီး “ သတိထား ” လို့ မြန်မြန်ဆန်ဆန် သတိပေးလိုက်သည်။
ချန်ရှု့က ယခုလောလောဆယ်မှာ ယဲ့ဆွေ ထိုင်နေတဲ့နံရံပေါ်သို့ လျှောက်လာခဲ့သည်။ နံရံက သူမအတွက် အနည်းငယ်မြင့်ပြီး တကယ်လို့ သူမတိုက်ရိုက်ခုန်ချလိုက်မယ်ဆိုရင် ထိခိုက်သွားနိုင်သည်။
ချန်ရှု့ လာနေတာကို ကြည့်ရင်း ယဲ့ဆွေက ချက်ချင်းပဲ ချန်ရှု့ဆီကို သူမရဲ့လက်မောင်းအား ဖွင့်ပေးလိုက်သည်။ ဒါပေမယ့် သူမကမြေကြီးကိုထိလို့ မရနိုင်ခြင်းကြောင့် ဖက်ဖို့အတွက် တောင်းခံရန် ကိုယ်ဟန်အနေအထားဖြင့် နံရံပေါ်တွင်အချိန်အကြာကြီး နေခဲ့သည်။ ယဲ့ဆွေ ပျာယာခတ်နေသည်။
ချန်ရှု့က ယဲ့ဆွေရဲ့ခါးကို ဆွဲယူလိုက်ပြီး သူမကိုနံရံကနေ ချပေးလိုက်သည်။ ဘာကြောင့်လဲဆိုတော့ အပေါ်ဘက်မှလာခြင်းကြောင့် သူမအား ချန်ရှု့က ကိုင်ထားပြီး သူမမျက်နှာက ချန်ရှု့ရဲ့ လည်ပင်းကြားတွင်ကပ်ထားခဲ့သည်။
ယဲ့ဆွေ ရဲ့ ဝင်သက်ထွက်သက်က သူ့လည်ပင်းကို ပေါ့ပေါ့ပါးပါးနဲ့ ကြင်နာစွာထွေးပိုက်ထားသည်။ သူတို့ကမြန်မြန်ဆန်ဆန် အရမ်းနီးကပ်စွာ ယိမ်းယိုင်နေခဲ့ကြကာ သူလုပ်ခဲ့တဲ့ လှုပ်ရှားမှုတိုင်းက တရွရွဖြစ်စေတဲ့အတွေ့အထိလို သူခံစားရသည်။
ချန်ရှု့က မှင်သက်နေပြီး သူ့ခန္ဓာကိုယ်က တောင့်သွားခဲ့သည်။
သူ့ရဲ့အာရုံခံစားမှု ပြန်ရမလာခင်မှာ ယဲ့ဆွေ မတ်မတ် ရပ်နေခဲ့ပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ထူးဆန်းနေတာကို သူမ ဘာမှမရှာတွေ့ခဲ့ဘဲ ဒီတိုတောင်းတဲ့ ပွေ့ဖက်ခြင်းကို အဆုံးသတ်ခဲ့သည်။
"ကောင်းပြီ၊ အကခန်းမကို သွားကြစို့ " ယဲ့ဆွေက သူတို့လက်ရှိအနေအထားကို အသိအမှတ်ပြုပြီး ချန်ရှု့ ကိုလှည့်ကြည့် လိုက်ပေမယ့်သူ့ရဲ့မှင်သက်နေတဲ့ ပုံစံကိုမမျှော်လင့်ဘဲ တွေ့သွားခဲ့ူည်။
ယဲ့ဆွေ စူးစမ်းမိသွားသည်။ "ဘာဖြစ်လို့လဲ?"
ချန်ရှု့က တစ်စက္ကန့်လောက် ရပ်တန့်သွားသည်။ “ ဘာမှမဖြစ်ဘူး”
ဤအချိန်တွင် မည်သူမျှ အကခန်းမတွင်မရှိသဖြင့် အလင်းရောင်က မှေးမှိန်နေသည်။ ယဲ့ဆွေက အကခန်းမရဲ့အပြင်ဘက်နံရံ၌ စုန့်ရှောင်ရဲ့ ဖျော်ဖြေမှုမှာ ရိုက်ထားခဲ့တဲ့ အဖွဲ့လိုက်ဓာတ်ပုံတစ်ပုံကို တွေ့ရှိခဲ့သည်။
ဓာတ်ပုံတွင်လူများစွာရှိပြီး စုန့်ရှောင်က အလယ်တွင်ရပ်နေသည်။ လှပသောလူအများစုထဲမှ သူမကအထင်ရှားဆုံးဖြစ်သည်။ ယဲ့ဆွေ အကြည့်တစ်ချက်တည်းနဲ့ သူမကိုရှာတွေ့ခဲ့သည်။
ဓာတ်ပုံထဲက စုန့်ရှောင်က ချိုမြိန်စွာဖြင့်ပြုံးနေသည်။ သူမက ဖျော်ဖြေမှုရဲ့ အောင်မြင်မှုနှင့်အတူ ပျော်ရွှင်နေပုံရသည်။ ဓာတ်ပုံထဲမှ သူမရဲ့စိတ်က အခြားသူများကိုကူးစက်သွားစေသည်။
ယဲ့ဆွေ စုန့်ရှောင်ရဲ့ ဓာတ်ပုံကိုသူမရဲ့ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုက်ပြီး ကိစ္စကို ဖြေရှင်းခဲ့သည်။ နောက်ဆုံးတော့ သူမစိတ်သက်သာရာရသွားသည်။ "မူလလမ်းကြောင်းကနေ ပြန်ရအောင် "
ချန်ရှု့ - "......…"
ယဲ့ဆွေနဲ့ ချန်ရှု့တို့ သူတို့ရဲ့မူလနေရာကိုမရောက်မီ ခေါင်းလောင်းက ရုတ်တရက်မြည်လာပြီး အဆောက်အဦးကို ဖြည့်ဖို့ ဆူညံသံကစတင်လာခဲ့သည်။ ကျောင်းသားတွေအားလုံး စာသင်ခန်းထဲမှ ထွက်လာကြသည်။
ယဲ့ဆွေ ချက်ချင်းပဲ ထိတ်လန့်သွားသည်။ သူမနဲ့ ချန်ရှု့ တို့က ပုံမှန်မဟုတ်သည့် အခြေအနေသို့ရောက်ရှိနေသည်။ စုန့်ရှောင်ရဲ့ ဓာတ်ပုံကိုရိုက်ဖို့ သူတို့ဒီမှာရှိနေတယ်ဆိုတာကို ဘယ်သူကယုံမှာလဲ?
ယဲ့ဆွေက ဘေးပတ်ဝန်းကျင်ကို အလျင်အမြန် ကြည့်လိုက်ပြီး ပုန်းခိုဖို့အတွက် နေရာကိုရှာနေသည်။
နောက်စက္ကန့်မှာ ချန်ရှု့က ယဲ့ဆွေ ရဲ့လက်ကိုဆောင့်ဆွဲလိုက်ပြီး အင်အားအနည်းငယ်ဖြင့် သူမကိုချောင်ကျတဲ့ထောင့်ဆီ ဆွဲခေါ်သွားလိုက်သည်။
ဒီမှာ ကျောင်းသားတွေ အများကြီးမရှိဘူး။ အရမ်းတိတ်ဆိတ်နေခဲ့သည်။ ဘယ်သူမှ ဖြတ်မသွားနိုင်ဘူးလို့ ဆိုလိုတာဖြစ်သည်။ ဒါပေမယ့် အနီးအနားမှ ကျောင်းသားတွေရဲ့ ရယ်မောသံက ပျံ့နှံနေပြီးအဲ့တာက သူတို့ကိုအကြောင်းရင်းမရှိဘဲ အနည်းငယ် စိတ်ရှုပ်စေသည်။
“ ရှူး” ချန်ရှု့က နှုတ်ဆိတ်နေဖို့ အမူအရာကို ပြုလုပ်ခဲ့သည်။ ထို့နောက် သူ့ရဲ့ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး ယဲ့ဆွေကို ညင်ညင်သာသာ ဖုံးအုပ်ခဲ့သည်။
ချန်ရှု့က သူ့ရဲ့ကုတ်အင်္ကျီကို ဖုံးအုပ်လိုက်တော့ ရုတ်တရက် အမှောင်ထုက ယဲ့ဆွေရဲ့အမြင်အာရုံကို ပိတ်ဆို့လိုက်သည်။ သူမရဲ့ အမြင်က ရုတ်တရက် မည်းမှောင်သွားပြီး အလင်းက ချက်ချင်းပျောက်ကွယ်သွားသည်။
ချန်ရှု့ ရဲ့ကုတ်အင်္ကျီက သူ့ရဲ့ကိုယ်သင်းနံ့ပြည့်နေတာကြောင့် တစ်ကြိမ်တည်းမှာပဲ ယဲ့ဆွေရဲ့နှာခေါင်းတစ်ခုလုံးကို အမွှေးနံ့တွေသင်းပျံသွားစေသည်။
ချန်ရှု့က သူ့ရဲ့ကုတ်အင်္ကျီကို ပိတ်လိုက်တော့ ယဲ့ဆွေရဲ့ မျက်နှာကို ဖုံးအုပ်သွားစေသည်။ သူကပုံမှန်ထက်အသံကို လျှော့ချလိုက်သည်။ "လိုရမယ်ရ ကိုယ်မင်းကိုနည်းနည်းတော့ ဒုက္ခပေးရလိမ့်မယ်။ ကိုယ်စိတ်မကောင်းပါဘူး "
ချန်ရှု့ရဲ့အသံက ကုတ်အင်္ကျီကနေ ဖြတ်ဝင်လာပေမယ့် သူမရဲ့နားရွက်နား အရမ်းနီးကပ်နေပုံရသည်။
ချန်ရှု့ရဲ့ အမွှေးနံနှင့် ဝိုင်းရံထားသည့် အမှုမဲ့အမှတ်မဲ့ရှက်သွေးဖြာမှုက ယဲ့ဆွေရဲ့ နားရွက်တစ်ဖက်မှနောက်တစ်ဖက်ဆီသို့ ကူးစက်သွားကာ သူမရဲ့မျက်နှာ ပူနေတာကိုပင် ခံစားမိနိုင်သည်။
ကုတ်အင်္ကျီအတွင်းရှိ ကွာဟမှုမှတဆင့် ယဲ့ဆွေက ချန်ရှု့ရဲ့ နောက်ကျောကို မြင်နေခဲ့ပြီး သူမရဲ့နှလုံးခုန်သံက မြန်လာခဲ့သည်။ သူမ အလိုလို ထိတ်လန့်တုန်လှုပ်နေပေမယ့် ပုန်းဖို့ နေရာမရှိခဲ့ချေ။
မိနစ်အနည်းငယ်အကြာတွင် ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် စာသင်ခန်းထဲသို့ ပြန်လျှောက်သွားခဲ့ကြသည်။ ကျောင်းက အများအားဖြင့် ဗလာဖြစ်နေပြီး တိတ်ဆိတ်ငြိမ်သက်မှုကိုလည်း တစ်ဖန် ပြန်ရရှိခဲ့သည်။
သူတို့အားလုံး အရမ်းဝေးတဲ့နေရာကို သွားလိုက်ကြတာကို ချန်ရှု့ မြင်လိုက်ပြီးတော့ ယဲ့ဆွေနဲ့ ကျောင်းမှတတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားဖို့ ပြင်ဆင်နေသည်။ မဟုတ်လို့ တွေ့သွားခဲ့ရင် သူမကို မှတ်မိသွားကြလိမ့်မည်။
"သွားရအောင်"
ထို့နောက်သူက ယဲ့ဆွေ ကို ထုတ်လိုက်ပေမယ့် သူ့ရဲ့လက်ကို သူမကရုတ်တရက် လှမ်းဆွဲလိုက်သည်။ သူ့နောက်မှာ သူမရဲ့အကူအညီမဲ့နေတဲ့ အသံကထွက်လာသည်။
“ချန်ရှု့!”
ချန်ရှု့ ရဲ့လက်က ကုတ်အင်္ကျီအစွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားနေတုန်းဖြစ်ပြီး ယဲ့ဆွေရဲ့ ခေါင်းတစ်ခုလုံးက အတွင်းပိုင်းမှာ ဖုံးအုပ်နေခဲ့သည်။ ဤအချိန်၌ လေက ကုန်ခန်းလုနီးပါးဖြစ်သွားသည်။
ယဲ့ဆွေ ရဲ့စိတ်ခံစားမှုက အနည်းငယ်အေးဆေး တည်ငြိမ်နေသည်။ သူမ ချန်ရှု့ ရဲ့လက်ကို ဆွဲပြီး သူမရဲ့ခေါင်းပေါ်မှ ကုတ်အင်္ကျီကို ချွတ်လိုက်ကာ လွှတ်ခနဲအော်လိုက်သည်။
"ရှင်မလွှတ်ဘဲနဲ့ ကျွန်မက ဘယ်လိုသွားရမှာလဲ?"