အပိုင်း ၂၀
Viewers 23k

လျိုဟန်က အေးစက်စက်ဖြင့်ထေ့ငေါ့ပြီးနှာမှုတ်သံတစ်သံပြုလိုက်သော်လည်း ဖုကျန်းကတော့ သူ့အားကြောက်လန့်နေသည့်ပုံမပေါ်ပေ။
ဖုကျန်းချန်က သူ၏သားငယ်လေးအတွက်အမှန်တကယ်ပင် ဂရုမစိုက်သည်လားသို့မဟုတ် သူကလျိုဟန် သတိလက်လွတ်ဖြစ်မည့်အချိန်ကိုစောင့်နေကာ ဖုကျန်းကတန်ဖိုးမရှိသည်ကိုသိရှိပြီး ပြန်လွှတ်ပေးမည်ဟုမျှော်လင့်နေသည်များဖြစ်မည်လား။
လျိုဟန်တစ်ယောက် ရင်ထဲမှကြိတ်ကာလှောင်ရယ်လိုက်သည်။ အကယ်၍များဖုကျန်းချန်က ဤသို့အမှန်တကယ်များတွေးနေသည်ဆိုလျင် ထိုသူကသူ့အားအလွန်ပင်လျှော့တွက်မိနေပြီဖြစ်၏။ သူတို့အနေဖြင့်သိန်း ၈၀၀ ကိုမရခဲ့လျှင်တောင်မှ သူ့အနေဖြင့်ဖုကျန်းကိုသက်သက်သာသာဖြင့်လွှတ်ပေးလိုက်မည်မဟုတ်သည်မှာတော့ သေချာသည်။
ဤသို့ဖြင့် ညတစ်ညကတော့ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးသွားပြန်သည်။ သို့သော်ထိုငြိမ်းချမ်းမှုက ဖုကျန်းနှင့်လျို့ညီအစ်ကိုအတွက်တော့ ကောင်းခြင်းဖြစ်မနေပေ။ဖုမိသားစု၌ မည်သည့်ကိစ္စမှမဖြစ်လာသောကြောင့် သူတို့အနေဖြင့်ဖုကျန်း ပြန်ပေးဆွဲခံရသည့်ကိစ္စကို အမှန်တကယ်ပင်ဂရုမစိုက်ကြတာဖြစ်သည်။
နောက်တစ်နေ့နံနက်တွင် နွေးထွေးလှသောနံနက်ခင်း၏အလင်းရောင်က အခန်းကျဉ်းလေး၏ရှေ့ဘက် မှန်ပြတင်းမှနေ၍အခန်းထဲသို့ ဝင်လာလေသည်။ ဖုကျန်း၏နှုတ်ခမ်းထောင့်၌ အစိမ်းပုပ်ရောင်သန်းနေသောဒဏ်ရာတစ်ခုရှိနေလေ၏။ ယခင်ညက လျိုဟန်ကြောင့်ရရှိခဲ့သောဒဏ်ရာပင်ဖြစ်လေသည်။
သူကခေါင်းကိုမော့ကာ ပြတင်းပေါက်မှတဆင့်အပြင်ကို ကြည့်လိုက်သည်။ အပြင်၌ သူမြင်ရသည်က အညိုရောင်သစ်ပင်သစ်တောများနှင့် အဆုံးမရှိနိုင်သော ခြုံနွယ်ပိတ်ပေါင်းများပင်ဖြစ်သည်။ နေရောင်ခြည်က ထိုအရာများပေါ်၌
ရွှေရောင်အလွှာတစ်ခုခြုံကျလာသကဲ့သို့ ကျရောက်နေလေသည်။
ဖုကျန်းက အပြင်ဘက်သို့ အချိန်အကြာကြီးငေးကြည့်နေမိသည်။ လျိုဟန်နှင့်လျိုဝမ်တို့ညီအစ်ကို ၂ ယောက် ပြန်ဝင်လာမှသာအကြည့်ကိုရုတ်သိမ်းကာ ခေါင်းကိုငုံ့လိုက်ပြီးမြေပြင်ကိုသာကြည့်နေမိတော့သည်။လျိုဟန်က ဖုကျန်းရှိရာဘက်သို့လမ်းလျှောက်လာကာ သူ့ခြေသလုံးအားဆောင့်ကန်ပြန်၏။ ဖုကျန်းကခေါင်းကိုမော့ကြည့်လိုက်သည်။ သူ၏မျက်နှာ၌ဒဏ်ရာဒဏ်ချက်အပြည့်ရှိနေကာ သွေးဆုတ်ကာဖြူလျော်နေလေသည်။
သူ၏မျက်လုံးများက ရဲရဲနီနေပြီး နှုတ်ခမ်းများက ဖြူဆုတ်နေလေ၏။ လျိုဟန်က တစ်ဖက်သို့လှည့်ကာစားပွဲပေါ်၌ထိုင်လိုက်ပြီး စီးကရက်တစ်လိပ် မီးညှိကာပါးစပ်ထဲထည့်လျက် သက်ပြင်းအရှည်ကြီးတစ်ခုသာ ချလိုက်တော့သည်။လျိုဝမ်က နံရံကိုမှီလျက် ဖုန်းကိုအချိန်အတန်ကြာကစားနေပြီးနောက် ခေါင်းထောင်လာကာ အစ်ကိုဖြစ်သူအားမေးလေသည်။
"ဖုတင်းကိုရောဆက်သွယ်ပြီးပြီလား..."
"ချီးကိုဆက်သွယ်ရမှာလား အဲဒီလူတွေရဲ့နှလုံးသားက နက်မှောင်နေကြတာချည်းပဲ...'
လျိုဟန်က စားပွဲပေါ်မှဆင်းချလာပြီး ဆဲရေးလေသည်။
"ငါဖုတင်းကို အခုလေးတင်တီဗွီမှာမြင်လာတာ အဲဒီကောင်က သူ့ညီမအတွက်တော့သတင်းစာရှင်းလင်းပွဲလုပ်ပေးဖို့ စိတ်ပါလက်ပါရှိနေပြီး ညီလုပ်တဲ့သူကိုကယ်ဖို့ကျတော့အချိန်မရှိနေဘူးလေ... အဲဒီကောင်ကို ထည့်တွက်မနေနဲ့တော့..."
"သတင်းစာရှင်းလင်းပွဲက ဘာအတွက်လဲ..."
လျိုဝမ်မှာ ဖုတင်းကယခုကဲ့သို့အချိန်မျိုးတွင်ထန်ဝမ်ဝမ်အတွက် သတင်းစာရှင်းလင်းပွဲလုပ်ပေးနေသည်ဆိုသည်ကို မယုံနိုင်ဘဲရှိလေသည်။လျိုဟန်က ခနဲ့သလိုဖြင့်ပြောလေသည်။
"ထန်ဝမ်ဝမ်မနေ့က လဲကျသွားခဲ့တာလေ..."
"အဲဒါလေးအတွက်နဲ့ သတင်းစာရှင်းလင်းပွဲ
လုပ်တယ်လား..."
လျိုဟန်က ခေါင်းခါကာ မည်သည့်အဖြေမျှပြန်မပေးတော့ဘဲ ဖုကျန်းထံသို့သာလျှောက်သွားပြီး ကိုယ်ကိုကိုင်း၍မေးလေသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းဘယ်လိုထင်လဲ..."
ဖုကျန်းမှာ ရေမသောက်ရတာ နှစ်ညနှင့်တစ်ရက်ရှိနေပြီဖြစ်သောကြောင့် နှုတ်ခမ်းများကခြောက်သွေ့ကာ အက်ကွဲနေလေသည်။ လျိုဟန်၏မေးခွန်းကို ကြားပြီးနောက် ခေါင်းကိုထောင်ကာတခဏမျှ ကြည့်နေပြီးမှခေါင်းခါပြ
လိုက်၏။
"ဘာမှပြောစရာမရှိဘူး..."
သူ၏အသံမှာ အလွန်တိုးလျှနေသည်ကြောင့်သေသေချာချာသာနားမထောင်လျှင် သူဘာပြောလိုက်သည်ကိုပင် မကြားရနိုင်ပေ။
"ချီးပဲကွာ..."
လျိုဟန်က ဖုကျန်း၏ခေါင်းကိုတစ်ချက်ရိုက်လိုက်ပြန်၏။ဖုကျန်းမှာ ခေါင်း၏တစ်ဖက်သို့လည်ထွက်သွားအောင်ပင်အရိုက်ခံလိုက်ရသည်ကြောင့်ခေါင်းကိုပြန်လှည့်နိုင်ရန် အချိန်တော်တော်ယူလိုက်ရသည်။လျိုဝမ်က သူ၏ဖုန်းထဲမှ အနုပညာအသိုင်းအဝိုင်း၏သတင်းများကိုကြည့်နေပြီးဘာကြောင့်ရယ်မသိ အတန်ငယ်စိတ်ပူသလိုရှိလာကာ အစ်ကိုဖြစ်သူကို မေးပြန်သည်။
"သူတို့တွေ ငါတို့ကိုဒီမှာရှာမတွေ့လောက်ပါ
ဘူးနော် ဟုတ်တယ်မလား..."
"ဘာပြောတာလဲ ငါကသူတို့ကိုရှာတွေ့စေချင်နေတာကို..."
လျိုဟန်ပြောသည်မှာ အကယ်၍ဖုကျန်းချန်သာ ဤကိစ္စကို စုံစမ်းစစ်ဆေးချင်သည်ဆိုလျှင် အနည်းဆုံးတော့ဖုကျန်းသည်သူ၏နှလုံးသားထဲ၌ တစ်နေရာစာလောက်တော့ ကျန်သေးသည်ဟုဆိုနိုင်သေးသည်လေ။ သူကြောက်သည်က ဖုကျန်းချန်ကဤသည်ကိုလုံးဝ ဂရုမစိုက်ဘဲသူတို့အနေဖြင့် ဘာမှမဟုတ်သည်အတွက် အချိန်ယူကာတိုက်ခိုက်နေသည့်ဟန်ပေါက်သွားမည်ကိုပင်။
လျိုဝမ်မှာတော့ စိတ်မအေးနိုင်သေးပေ။ ယခုအကြိမ်မှာ သူ့အနေနှင့်လျိုဟန်၏နောက်မှလိုက်ကာ ဤကဲ့သို့အမှုမျိုးကိုလုပ်သည်ကပထမဦးဆုံးအကြိမ်ဖြစ်သည်ကြောင့်သူ၏စိတ်ထဲ၌ ယုံကြည်ချက်ရှိမနေပေ။ လျိုဟန်ကသူ၏ စိုးရိမ်မှုကိုမြင်ကာပြောလေသည်။
"မင်းကဘာကိုကြောက်နေတာလဲ အဆိုးဆုံးအခြေအနေက ငါတို့ဒီမှာအတူတူသေကြဖို့ပဲ
လေ.. သရဲတွေလိုပုန်းလျှိုးကွယ်လျှိုးနေခဲ့ရတဲ့ရက်တွေက ဘာများကောင်းတာရှိခဲ့လို့လဲ..."
လျိုဝမ်က ပါးစပ်ပိတ်သွားကာ ဘာမှဆက်မပြောတော့ပေ။ ထို့အပြင်သူသာ အစ်ကိုဖြစ်သူနှင့်အတူရှိနေရသည်ဆိုလျင် မည်သို့သောဘဝမျိုးမဆိုကို တောင့်ခံနိုင်သည်။ သို့သော်လျိုဟန်က ယခုကဲ့သို့မှောင်မိုက်သည့်လမ်းကိုရွေးလိုက်သည်ဖြစ်သောကြောင့် သူ့အနေဖြင့်အစ်ကိုဖြစ်သူကိုစွန့်ပစ်မထားခဲ့နိုင်ပေ။
နောက်ထပ်နေ့တစ်နေ့ကုန်ဆုံးသွားပြန်၏။ ဖုကျန်းချန်နှင့် ဖုတင်းတို့ဘက်မှလည်း စာမလာသတင်းမကြားရသေးပေ။ လျိုညီအစ်ကိုတို့ဆက်သမျှဖုန်းများအားလုံးကိုလည်း သူတို့က block ထားကြသည်ကြောင့် ဖုကျန်း၏သေခြင်းရှင်ခြင်းကိစ္စများကို ဖုကျန်းချန်တို့ဘက်မှ လုံးဝဂရုမစိုက်ဟုဆိုလိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။
ဖုကျန်း အစားမစားရသည်မှာ ၂ ရက်ရှိပြီဖြစ်သည်။ သူ၏ဆံပင်များက ရှုပ်ထွေးနေပြီး မျက်နှာကမီးခိုးရောင်သမ်းနေသည်။သူ၏မျက်ဝန်းများထဲမှ တောက်ပမှုလေးကအရောင်လျော့သွားပြီဖြစ်ကာ ယခုဆိုလျှင်ရုပ်ဆိုးအကျည်းတန်နေပြီဖြစ်လေသည်။
"ဖုကျန်းချန်ဆိုတဲ့လူက တကယ်ကိုအသည်းမာတဲ့လူပဲ..."
လျိုဟန်ကအနားရောက်လာကာ ဖုကျန်း၏မေးကိုပင့်ကိုင်ကာ အားဖြင့်ခေါင်းမော့လာအောင်လုပ်ပြီး သူ၏ရှေ့၌ရှိနေသောအားအင်ချည့်နဲ့နေပြီဖြစ်သည့် လူငယ်လေးကိုငုံ့ကြည့်ကာ မေးလေသည်။
"မင်းက သူမွေးထားတဲ့သားရော ဟုတ်ရဲ့လား..."
ဖုကျန်းက ခဏမျှစဉ်းစားပြီးမှ ပြန်ဖြေလိုက်၏။
"ဘယ်သူသိမှာလဲ..."
လျိုဟန်သည် လွန်ခဲ့သည့်နှစ်ရက်အတွင်းမှာပင် သူ၏သည်းခံနိုင်သည့်စွမ်းရည်ကုန်နေပြီဖြစ်ကာ ယခုဖုကျန်း၏ပြောစကားကိုကြားလိုက်ရသည့်အခါ၌ သူ့အားမခံချင်အောင်ပြောသည်ဟုပင် ခံစားလာရသည်။သူ၏စိတ်ထဲ၌ချုပ်တည်းထားသော ဒေါသမှာလည်းထိုအချိန်ခဏ၌ပင် ပေါက်ကွဲထွက်လာကာဖုကျန်းထိုင်နေသည့်ခုံကိုဝုန်းခနဲကန်လိုက်ရာ ထိုင်ခုံလေးမှာတုန်ခါလာပြီးနောက် ဖုကျန်းနှင့်အတူမြေပြင်ပေါ်သို့ လဲကျမတတ်ပင်ဖြစ်သွားလေသည်။
သူကလက်သီးကိုမြှောက်ကာ ဖုကျန်း၏မျက်နှာထက်သို့ထိုးကြိတ်လိုက်လေသည်။ ဖုကျန်းမှာ ထိုင်ခုံ၌ချုပ်နှောင်ခံထားရသည်ဖြစ်သောကြောင့် ရှောင်တိမ်းရန်မှာ မဖြစ်နိုင်ချေ။ သူ့မှာအင့်ခနဲတစ်ချက်သာအသံထွက်လိုက်နိုင်ပြီး မကြာခင်မှာပင်သူ၏နှုတ်ခမ်းထောင့်၌ အနီရောင်သမ်းလာ
ကာ သူ၏မျက်နှာမှာတော့ ပို၍ပင်သွေးဆုတ်
ဖြူလျော်သွားလေသည်။
လျိုဟန်မှာ ရက်စက်ပြီးကြောက်စရာကောင်းလောက်အောင်ပင် သူ၏လက်သီးများကစားပွဲပေါ်နှင့်ထိုင်ခုံများပေါ်သို့ကျရောက်ကာဝုန်းဒိုင်းကျဲနေတော့သည်။ လျိုဝမ်မှာလည်းလျိုဟန်၏ ဒေါသကြောင့်လန့်ကာ သူကဖုကျန်းအားသတ်ပစ်လိုက်မည်ကို စိုးရိမ်လာပြီးအမြန်ရှေ့သို့တိုးလာကာ လျိုဟန်ကိုတားမြစ်လေသည်။
"ထားလိုက်ပါတော့ အစ်ကိုရာ... မင်းစိတ်လျှော့ဦးမှပေါ့ ငွေဆိုတာပြန်ရှာလို့ရပါတယ် တခြားနည်းလမ်းစဉ်းစားကြရအောင်လေ လူတော့မသတ်ပါနဲ့..."
လျိုဟန်က လက်ကိုပြန်ရုတ်လိုက်ကာ ဖုကျန်းအားစူးစူးဝါးဝါးစိုက်ကြည့်လေတော့သည်။သူ့အနေဖြင့် ဖုကျန်းကို မနာမကျင်စေဘဲနှင့်တော့ ပြန်မလွှတ်နိုင်ပေ။သို့သော် ညီဖြစ်သူ၏ရှေ့တွင်လည်း သူ့ကိုမသတ်လိုသည်ကြောင့် နည်းလမ်းပေါင်းစုံစဉ်းစားလိုက်ကာနောက်ဆုံးတွင် လျိုဝမ်အားပြောလေသည်။
"သွားရအောင်..."
"ဒီတိုင်းသွားမှာလား..."
လျိုဝမ်က သူ့အစ်ကိုဖြစ်သူ၏အကြံကိုသိလေသည်။
"မင်းက မသွားချင်ဘူးဆိုရင် ဒီမှာသူနဲ့နေခဲ့မလို့လား..."
လျိုဝမ်မှာ အသံတိတ်သွားကာ လျိုဟန်၏နောက်မှလိုက်၍ အခန်းကျဉ်းလေးထဲမှ ထွက်သွားကြလေသည်။ ဖုကျန်းမှာ လျိုဟန်၏လက်သီးချက်များကြောင့်မူးဝေနေလေသည်။ သူကထိုင်ခုံ၌ထိုင်လျက်သားဖြင့်ခေါင်းငိုက်စိုက်ကျလျက်ရှိနေပြီး နေမင်းကြီးကတော့ သူ့အပေါ်၌ညှာတာခြင်းမရှိပူလောင်စွာ ရောင်ခြည်ဖြာကျလျက်ရှိလေသည်။လျိုဟန်က တံခါးဝမှထွက်လာပြီးနောက်တွင်ရပ်တန့်သွားကာ ဖုန်းကိုထုတ်၌ တစ်ဖက်သို့ပြန်လှည့်ပြီး ဖုကျန်းကိုဓာတ်ပုံရိုက်လိုက်ပြီးနောက် ဖုကျန်းချန်၏ဖုန်းသို့ပို့လိုက်လေသည်။
ဖုကျန်းချန်မြင်သည့်အချိန်တွင် သူမည်သည့်
အမူအရာမျိုးဖြစ်သွားမည်ဆိုသည်ကတော့သူနှင့်လားလားမျှမဆိုင်တော့သည်ပင်။ဖုကျန်းကတော့ ဤနေရာတွင်တစ်သက်လုံးနေသွားရတော့မည်ဖြစ်ပြီး သူဆက်လက်ရှင်သန်နိုင်မည်လားဟူသည်ကတော့ ဖုကျန်းချန်နှင့်အခြားသူများက သူ့အားကယ်တင်ချင်ကြရဲ့လားဆိုသည်ကိုပင် ကြည့်ရပေတော့မည်။
သူကတော့ ဖုကျန်းကိုသတ်မည်မဟုတ်ပေ။အကယ်၍သူတကယ်သေသွားခဲ့လျှင်လည်း ဖုကျန်းချန်နှင့်ဖုတင်းတို့၏ မထုံတတ်တေးမသိချင်ယောင်ဆောင်မှုကြောင့်ပင်ဖြစ်လေသည်။လျိုဟန်က ရယ်မောလိုက်ပြီးနောက် လျိုဝမ်ကိုခေါ်ကာသစ်တောအုပ်ထဲမှ အတူတူထွက်သွားကြတော့သည်။
အပြင်ဘက်ရှိကောင်းကင်က တဖြည်းဖြည်းမှောင်လာလေပြီ။
နေမှာအနောက်အရပ်မှဝင်နေပြီဖြစ်ကာ အနောက်ဘက်ရှိတောင်ထိပ်ပေါ်တွင် မေးဖျားတင်နေပြီဖြစ်၏။ လျိုညီအစ်ကိုကတော့ ဖုကျန်း၏ရှေ့တွင် နောက်တစ်ကြိမ်ထပ်မပေါ်လာကြတော့ပေ။ယနေ့သည် ဖုကျန်းပြန်ပေးဆွဲခံရသည့် စတုတ္ထမြောက်နေ့ဖြစ်၏။ ဤအချိန်လေးရက်တာအတွင်း ဖုကျန်းမှာရေတစ်ပေါက် ထမင်းတစ်စေ့လေးမျှပင်မစားခဲ့ရပေ။
သူသည်အသက်ရှူမဝခြင်းကို ခံစားလာရပြီဖြစ်ကာ သူ၏မျက်ခွံများမှာလည်း တဖြည်းဖြည်းလေးလံ၍လာလေပြီ။ ယခုတွင်သူသည် မျက်လုံးများကိုသာမှိတ်လိုက်ကာ ကောင်းကောင်းအိပ်လိုက်ချင်ပြီဖြစ်ပြီး အိပ်ပျော်သွား၍မဖြစ်သည်ကိုလည်းသူသိထား၏။ အကယ်၍ အိပ်လိုက်
လျှင် ပြန်နိုးထမလာနိုင်တော့မည်ကို သူကြောက်သည်။
ဖုကျန်းက လျိုဟန်၏အကြံအစည်ကိုရိပ်စားမိသည်။ သူ့ကိုဤနေရာ၌ ပိတ်လှောင်ထားခဲ့ချင်ရုံသက်သက်သာဖြစ်ပြီး သူ့လိုမျိုးဆွေမျိုးသားချင်းပင်မရှိသောသူကအကြောင်းပြချက်မရှိပျောက်ကွယ်သွားလျှင်တောင် မည်သူကမျှလိုက်ရှာမည်မဟုတ်သည်ကြောင့်ပင်။ သူ၏အရိုးများကို ရှာတွေ့ကြရန်ပင်အချိန်မည်မျှကြာနိုင်သည်ကို သူမသိပေ။အကယ်၍များသူ့အနေနှင့် ဤကဲ့သို့အဖြစ်မျိုးနှင့်ကြုံမည်ကိုကြိုသိခဲ့လျှင် သေတမ်းစာတစ်စောင်တော့ကြိုရေးထားပြီး သူစုဆောင်းထားခဲ့သမျှငွေလေးအနည်းငယ်ကို ကျန်းဟန်ရှူးအတွက်ချန်ထားခဲ့ချင်သေး၏။
ဖုကျန်းက တိုးတိတ်စွာပင်သက်ပြင်းတစ်ချက်
ချလိုက်သည်။ ယခုတွင် သူအရမ်းပင်ပန်းနေပြီဖြစ်ကာ သူ၏စိတ်အစဉ်မှာလည်း ငြိမ်းချမ်းနေပြီဖြစ်၏။ သူ၏မျက်လုံးထဲ၌လည်း မြူတစ်လွှာအုပ်ထားသကဲ့သို့ အရာအားလုံး ဝေဝေဝါးဝါးသာမြင်ရတော့သည်။ သူ၏မျက်ခွံများက တဖြည်းဖြည်းချင်းမှိတ်ကျလာပြီး အမှောင်ထုထဲသို့တဖြည်းဖြည်းနစ်မြုပ်သွားလေတော့သည်။
ဖုကျန်းတစ်ယောက် အခန်းတံခါးကိုအပြင်ဘက်မှလာခေါက်သော အသံအကျယ်ကြီးကြောင့်တစ်ဖန်သတိရလာပြန်၏။ သူအချိန်မည်မျှအိပ်ပျော်သွားသည်ကို သူမသိပေ။သူ၏လေးပင်နေသော မျက်ခွံကိုဖွင့်လိုက်ပြီး တံခါးရှိရာဘက်သို့ကြည်လိုက်သည်။လျိုဟန်၌ ဤအခန်း၏တံခါးသော့ရှိနေသည်ကြောင့် အပြင်ဘက်ရှိလူမှာ သူတော့မဖြစ်နိုင်ပေ။
ဖုကျန်းအကူအညီတောင်းရန် ပါးစပ်ဟလိုက်သော်လည်း သူ့အသံကခြင်တစ်ကောင်အသံလောက်ပင်မရှိအောင် သေးငယ်စွာထွက်လာလေသည်။ဖုကျန်းက နှုတ်ခမ်းကိုခပ်ပြင်းပြင်းကိုက်ကာ ကိုယ့်ကိုယ်ကိုယ်နိုးနိုးကြားကြားဖြစ်လာအောင်လုပ်ပြီး အသံကျယ်ကျယ်အော်လိုက်
သော်လည်း အသံမှာအခန်းကျဉ်းလေးတွင်ပိတ်လှောင်ခံထားရသော သားရဲတစ်ကောင်ကဲ့သို့ပင် သေးငယ်နေသေး၏။
သို့သော်ကံကောင်းစွာပင် အပြင်ဘက်ရှိလူများကလည်း လက်မလျှော့ကြပေ။ သံတံခါးကြီးမှာနောက်ဆုံးတွင် ဝုန်းခနဲမြည်ကာလဲပြိုကျသွားလေ၏။ အရပ်ရှည်ရှည်ပုံသဏ္ဍာန်တစ်ခုက တံခါးဝတွင်ရပ်နေ၏။ လရောင်ကထိုသူအပေါ်သို့လွှမ်းမိုးကာကျရောက်နေပြီးအနောက်ဘက်၌လည်းကြယ်ရောင်များလင်းလက်နေသေး၏။လေပြည်လေညင်းက ဖြည်းညင်းစွာတိုက်ခတ်နေကာ ဆောင်း၏ရေခဲနှင့်နှင်းမြူများက တစ်နေရာလုံးတွင် ပန်းပွင့်များကျဲပက်ထားသည့်အတိုင်း အပြည့်နေယူကြကုန်သည်။ဖုကျန်းကတော့ သူစိတ်ထင်ရာမြင်ကုန်ပြီဟု
တွေးမိလေတော့သည်။
ဤလူက…ကျန်းဟန်ရှုဖြစ်နေလေသည်။
"ခင်ဗျား...ဘာလို့ဒီကိုရောက်လာတာလဲ..."
ဖုကျန်း၏အသံမှာ အလွန်ပင်ကွဲအက်နေကာ စကားပြောလိုက်တိုင်းတွင် နာကျင်မှုကြောင့် အသံကသေးသေးလေးပင်ထွက်လာသောကြောင့် သူပြောသည်ကိုကျန်းဟန်ရှူးကြားနိုင်ပါ့မလားဟုပင် တွေးမိလေသည်။ကျန်းဟန်ရှူးက ဖုကျန်းအနားသို့တိတ်တဆိတ်ပင်လျှောက်လာကာ သူ့ရှေ့၌ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကြိုးကိုဖြည်ပေးလိုက်၏။
ဖုကျန်းကတော့ သူ့ရှေ့ရှိအရာအားလုံးကိုစိုက်သာကြည့်လျက်ရှိကာ အိပ်မက်မက်နေသည်ဟု ထင်ပုံရ၏။ သူကြောက်နေသည်က သူအိပ်မက်မှနိုးလာလျှင် သူ့ရှေ့တွင်ရှိနေသောကျန်းဟန်ရှုပျောက်ကွယ်သွားမည်ကိုပင်၊ သူမည်ကဲ့သို့လုပ်လျှင် ကျန်းဟန်ရှုကိုသူ့ရှေ့တွင်သာ ထားနိုင်မည်ကိုမသိတော့ပေ။ပုလဲလုံးများကဲ့သို့သော မျက်ရည်များတစ်ပေါက်ပြီးတစ်ပေါက် သူ၏မျက်ဝန်းများထဲမှကျလာကာ ကျန်းဟန်ရှု၏လက်ဖမိုးပေါ်သို့ကျဆင်းသွားကြလေသည်။
ကျန်းဟန်ရှုလည်း ၎င်းကိုခံစားမိသောကြောင့် ခေါင်းမော့ကာ ဖုကျန်းနှင့်မျက်လုံးချင်းဆုံလိုက်လေသည်။သူကသက်ပြင်းဖွဖွချလိုက်ပြီး လက်ကိုမြှောက်ကာ ဖုကျန်း၏မျက်နှာပေါ်ရှိမျက်ရည်များကို ဂရုတစိုက်သုတ်ပေးလိုက်ပြီးနောက်မတ်တပ်ထလိုက်ပြီးပြောလေသည်။
"သွားကြရအောင်..."
ဖုကျန်းကတစ်ခုခုကိုသူ၏အသံတိုးတိုးလေးဖြင့်ပြောပြန်သည်။ သူ့၌ခြေထောက်ဒဏ်ရာရှိနေသည့်အပြင် ဤအခန်းလေးထဲ၌ ရက်ပေါင်းများစွာအေးခဲနေခဲ့သည်ကြောင့် သူလမ်းလုံးဝမလျှောက်နိုင်တော့ပေ။ ဖုကျန်းကခေါင်းမော့ကာ မျက်ရည်အပြည့်နှင့်မျက်လုံးများဖြင့် ကျန်းဟန်ရှုအားသနားစဖွယ်ကြည့်လိုက်လေသည်။
"မထနိုင်ဘူးလား..."
ကျန်းဟန်ရှု၏ အမေးကို ဖုကျန်း ခေါင်းသာငြိမ့်ပြလိုက်၏။
"ငါမင်းကိုသယ်သွားပေးမယ်..."
ကျန်းဟန်ရှုက ဖုကျန်းရှေ့၌ကျောပေးကာထိုင်ချပေးလိုက်သည်။သူ့ကိုမျက်နှာမူလျက်ရှိသော ကျောပြင်မှာကျယ်ဝန်းကာ နွေးထွေးနေသည်။ ဖုကျန်းကထိုကျောပြင်ပေါ်၌ မှီခိုလိုက်ပြီး ခေါင်း
ကိုလည်းကျန်းဟန်ရှုပုခုံးပေါ်သို့တင်ကာမှီလိုက်၏။ သူ၏မျက်ခွံများကတစ်ဖန်လေးလံလာပြန်ပြီး နောက်တစ်ကြိမ်အိပ်ချင်လာပြန်သည်။
ကျန်းဟန်ရှုက သူ၏အိပ်ကပ်ထဲမှ ပူရှိန်းသကြားလုံးဘူးလေးကိုထုတ်ကာ ဖုကျန်းကိုပေးလိုက်ပြီးပြောလေသည်။
"မအိပ်လိုက်နဲ့နော် သကြားလုံးလေးနည်းနည်း
လောက်အရင်စားထားလိုက်...”
သူကဖုကျန်းကိုကျောပေါ်၌သယ်ကာ အပြာရောင်ကွန်တိန်နာခန်းလေးထဲမှ ထွက်လာကာသိပ်မဝေးသည့်လမ်းကျဉ်းလေးထဲမှာရပ်ထားသော သူ၏ကားလေးဆီသို့ လမ်းလျှောက်ကာသွားလိုက်သည်။အေးစက်နေသော လရောင်အောက်တွင် ကျန်းဟန်ရှုနှင့်ဖုကျန်းတို့၏အရိပ်လေးသည် ရှေးခေတ်ကတည်းက အတူယှဉ်တွဲကာကြီးပြင်းလာခဲ့သော အမြွှာသစ်ပင်နှစ်ပင်ကဲ့သို့ ခွဲခွာမရနိုင်အောင် ရစ်ပတ်ကာရှိနေလေသည်။
ညနေခင်း၏လေပြည်က သစ်ကိုင်းသစ်ခက်များကိုရိုက်ခတ်သွားကာ တရှဲရှဲအသံမြည်နေလေ၏။ ဖုကျန်းမှာ အချိုဓာတ်အနည်းငယ်စားပြီးနောက်တွင် သက်သာလာသည်ကြောင့်ထိုသူ၏နာမည်ကိုမခေါ်ဘဲမနေနိုင်အောင်ရှိလာသဖြင့်ခေါ်လိုက်မိသည်။
"ကျန်းဟန်ရှု..."
ကျန်းဟန်ရှုက 'ဟင်'ဟုသာထူးကာ ဘာမျှပြန်
မပြောပေ။
"ကျန်းဟန်ရှု..."
"ဘာဖြစ်လို့လဲ..."
ကျန်းဟန်ရှုက မေးလိုက်သည်။
ကျန်းဟန်ရှုကိုဖက်တွယ်ထားသော ဖုကျန်း၏လက်များက အနည်းငယ်ပို၍တင်းကျပ်လာကာ သူ၏ဝင်သက်
ထွက်သက်တိုင်းက ကျန်းဟန်ရှု၏လည်ပင်း
ထက်သို့ကျရောက်နေလေသည်။ကျရောက်လျက်ရှိသော လရောင်၊ခြောက်သွေ့လျက်ရှိနေသော ထင်းရှူးပင်၊ အိမ်ငယ်လေးတစ်လုံး ၊ အရာအားလုံးက အိပ်မက်ဆန်စွာပင်လှပနေ၏။
ခင်ဗျားကိုကျွန်တော်ချစ်တယ်...
သို့သော် အဆုံးတွင်တော့ သူပြောလိုက်သည်က ဤစကားများမဟုတ်ခဲ့ပေ။
"ဒီနေ့လရောင်က အရမ်းလှတာပဲနော်..."
ဤသို့သာပြောဖြစ်လေသည်။