အပိုင်း ၂၄
Viewers 23k

မူရင်းဝတ္ထုသည် website တွင် နာမည်ကြီး လူကြိုက်များသော သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်ဝတ္ထု ဖြစ်သည်။ ဒီလိုဝတ္ထုမျိုးအတွက် ဆွဲပေးရတာ ဂုဏ်ယူစရာပဲ..။
မူရင်းဝတ္ထု၏ အရှိန်အဝါကြောင့် ဖုကျန်းသည် အလွန်ကျေနပ်သွားသည်။
".သူ ဘယ်လိုပုံစံမျိုး ဆွဲသင့်လဲ...."
သည်းထိတ်ရင်ဖိုဇာတ်လမ်းအများစုက မှောင်နေတဲ့ လျှောက်လမ်းတွေ၊ ***** အိပ်ရာခင်းတွေ၊ ဖြူဖတ်ဖြူရော်ဖြစ်နေတာတွေချည်းပဲ။
ဖုကျန်းက အလားတူဇာတ်ကောင်ပုံစံများ မဆွဲနိုင်သည်တော့ မဟုတ်။ သူ ကွဲပြားသောပုံစံတစ်မျိုး ရေးဆွဲချင်ရုံသာဖြစ်သည်။ သွေးထွက်သံယိုမြင်ကွင်းမျိုးမဟုတ်ဘဲ ဖတ်ရှုသူကို အမျိုးအမည်မသိရသည့် ခံစားချက် ပေးစွမ်းနိုင်ရန် မျှော်လင့်သည်။
ဖုကျန်းသည် သူ့နဖူးကိုဖိ၍ ခေတ္တမျှ ‌စဉ်းစားလိုက်ပြီးနောက် ကီးဘုတ်ပေါ်တွင် "Guernica" ဟူသော စကားလုံးလေးလုံးကိုချရေးလိုက်သည်။
Guernica သည် စပိန်နိုင်ငံမြောက်ပိုင်းရှိ မြို့ငယ်လေးမှ အပြစ်မဲ့သူများ အသတ်ခံခဲ့ရသည့် အဖြစ်အပျက်ကို နောက်ခံထား၍ ရေးဆွဲထား‌သော ပီကာဆို၏ "Guernica မှ ‌ဗုံးပေါက်ကွဲမှု " ပန်းချီကားဖြစ်သည်
လက်တွေ့ဆန်ခြင်း၊ အိပ်မက်ဆန်ခြင်းနှင့် ဂျီဩမေတြီပုံများဖြင့် ပုံဖော်ရေးဆွဲခြင်းတို့ ပေါင်းစပ်ဖန်တီးထားကာ ကြည့်ရှုသူကို အားကောင်းသည့် စိတ်ပင်ပန်းကြောက်ရွံ့မှုကို ပေးစွမ်းနိုင်သည့် ကြီးမားသော ဆီဆေးပန်းချီကားဖြစ်သည်။
သူသည် ပီကာဆိုနှင့် အဆင့်အတူတူတော့မဟုတ်ပေ။ စာရေးသူအတွက် အရောင်ထည့်သွင်းရာတွင် မှီငြမ်းလိုရုံသာဖြစ်ပြီး မရေးဆွဲခင် စာရေးသူ၏ ထင်မြင်ချက်ကို တောင်းခံရမည်ဖြစ်သည်။ ဒီစတိုင်က လက်မခံနိုင်စရာတော့မရှိပါဘူး။
စာရေးသူသည် ပျော်ပျော်နေတတ်သူဖြစ်သည်။ ဖုကျန်း၏ အိုင်ဒီယာကို သိရပြီးနောက် ချက်ခြင်းပင် တုန့်ပြန်ပြီး ဖုကျန်းအား လွတ်လွတ်လပ်လပ် ရေးဆွဲစေခဲ့သည်။
သူ အင်တာနက်ပေါ်မှ ရှာခဲ့သော ဇာတ်လမ်းအကျဉ်း၊ စာရေးသူပေးပို့ခဲ့သော ဇာတ်ကောင်စရိုက်နှင့် တစ်ဦးချင်းစီအပေါ်မှ ကောက်နုတ်ထားသော အ‌ရေးပါသည့်အချက်များပေါ်မူတည်၍ ဖုကျန်းသည် အထားအသိုကို နေရာချကြည့်သည်။ သူ၏အတွေးများ ပိုမိုရှင်းလင်းလာသောအခါ လျင်မြန်စွာပင် အကြမ်းချရေးခဲ့သည်။ ပုံကြမ်းပြင်ဆင်ပြီးသွားသည့်အခါ မနက်တစ်နာရီရောက်လုပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ပစ္စည်းများကို သိမ်းဆည်း၍ အိပ်ရာဝင်အနားယူခဲ့သည်။
ဇန်နဝါရီလသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ နှစ်သစ်တွင် အပြောင်းအလဲမရှိဟု ထင်ခဲ့ရသော်လည်း များစွာပြောင်းလဲသွားခဲ့သည်။
မနက်ပိုင်းတွင် ဖုကျန်းသည် သူ့ကွန်ပျူတာကို ကွန်ပျူတာပြင်ဆိုင်သို့ ယူသွားသည်။ ပြင်ပေးသူက ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
".မင်းကွန်ပျူတာ....အခုပဲ ပြင်ပေးပါ့မယ်....ဘာနေရာက ပျက်တာလဲဆိုတာ နှစ်ရက်အတွင်းရှာပေးမယ်....သုံးထားတာ နှစ်တွေကြာလှပြီကို ဘာလို့အသစ်မလဲတာလဲ......"
ဖုကျန်းက ပြောလိုက်သည်။
"ခဏ စောင့်ကြည့်ပါဦးမယ်...."
ပြင်ဆင်မှုအနည်းငယ်လုပ်ပြီးနောက် ကွန်ပျူတာကို မကြာခင် ပုံမှန်လို အသုံးပြုနိုင်တော့မည်ဖြစ်သည်။ ဖုကျန်း ယွမ်ငါးဆယ်ပေးချေ၍ ကွန်ပျူတာကိုပိုက်ကာ အငှားအိမ်သို့ပြန်လာပြီး မနေ့ညက မပြီးသေးသော အရောင်ခြယ်ခြင်းကို ဆက်လုပ်ခဲ့သည်။
ဒီနေ့ကနှစ်သစ်ကူးနေ့ဖြစ်သဖြင့် အိမ်ငှားတော်တော်များများမှာ အပြင်ထွက်လည်ကြကာ နေ့လည် ၂နာရီ ၃နာရီ မတိုင်ခင်အထိ အိတ်ကြီးအိတ်ငယ်အသွယ်သွယ်ဖြင့် ပြန်လာကြဦးမည်မဟုတ်။
ဖုကျန်းသည် အခန်းထဲတွင် ပုံဆွဲရင်း တိတ်တိတ်လေး‌ နေနေခဲ့သည်။ မိုးချုပ်လာပြီး အခန်းထဲမှမီးများ ဖွင့်ရမည့်အချိန်တွင် ခေါင်းကိုမော့၍ ကွန်ပျူတာ ညာဘက်အစွန်းကို တစ်ချက်ကြည့်လိုက်သည်။ ငါးနာရီထိုးပြီ။
ကျန်းဟန်ရှု ပြန်လာချိန်နီးပြီပဲ။
ဖုကျန်း ကွန်ပျူတာကိုပိတ်၍ အခန်းအပြင်သို့ ထွက်လာပြီး အပြင်ဘက်ဧည့်ခန်းမှ ဆိုဖာပေါ်တွင် ထိုင်နေလိုက်သည်။ မနီးမဝေးတွင် အိမ်ငှားများက ကတ်ကစားနေသည်။ ဆဲဆိုသံ၊ ရယ်မောသံများက မီးဖိုချောင်ဘက်မှ အဆက်မပြတ်ထွက်ပေါ်လာသည်။ ခမ်းနားသောညစာ ပြင်ဆင်ရာမှ ထွက်ပေါ်လာသော ရနံ့များမှာလည်း ပေါက်ကွဲထွက်လာသည်။
တံခါးဖွင့်လိုက်သံကြားပြီးနောက် ဖုကျန်းသည် ခေါင်းမော့၍ တံခါးဝကိုကြည့်လိုက်သည်။ အထဲဝင်လာသူမှာ ကျန်းဟန်ရှုမဟုတ်ပေ။ ဖုကျန်းသည် ခေါင်းပြန်ငုံ့ကာ ဖုန်းကိုသာ ကြည့်နေခဲ့သည်။
နောက်မိနစ်နှစ်ဆယ်အတွင်း လူများ ဝင်ထွက်သွားလာနေကြသော်လည်း ထိုလူအုပ်ထဲတွင် ကျန်းဟန်ရှု မပါဝင်ပါ။ ဖုကျန်းသည် ဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။
ကျန်းဟန်ရှုက ဘာလို့ပြန်မလာသေးတာလဲ မနေ့ညက ပြောထားတာကို မေ့နေတာလား ချိန်းထားပြီးမှ တစ်ယောက်ထဲစားရမှာလား....
အပြင်ဘက်မှ တံခါးဖွင့်သံ ကြားလိုက်ရပြန်သည်။ ဒီတစ်ကြိမ်တွင် ဖုကျန်းက မော့မကြည့်တော့။ ခြေသံသည် တဖြေးဖြေးနီးကပ်လာပြီး ဖုကျန်းအနီးတွင် ရပ်လိုက်သည်။
ဖုကျန်းသည် ဖုန်းကိုချ၍ ခေါင်းကိုမော့လိုက်သည်။ သူနဲ့မနီးမဝေးတွင် မတ်တပ်ရပ်ကြည့်နေသော ကျန်းဟန်ရှုကို တွေ့လိုက်သည်။ သူ၏ မျက်ဝန်းပြာများမှာ ကန်ရေပြင်သဖွယ် ကြည်လင်ငြိမ်သက်နေသည်။ ဖုကျန်းက မတ်တပ်ရပ်ပြီးမေးလိုက်သည်။
".…ပြန်လာပြီလား..."
ကျန်းဟန်ရှုသည် ခေါင်းငြိမ့်ပြပြီး ဖုကျန်းကို ပြောလိုက်သည်။
".....အဝတ်အစားလဲလိုက်ဦးမယ် ...ခဏစောင့်...''
"...အင်း..."
ဖုကျန်း တစ်ဖက်လှည့်လိုက်ပြီး ကျန်းဟန်ရှု အခန်းပြန်သွားသည်ကို ကြည့်လိုက်သည်။
မကြာခင် ကျန်းဟန်ရှုသည် အနက်ရောင်ကုတ်အင်္ကျီအရှည်ကိုဝတ်လျက် အခန်းထဲမှ ထွက်လာသည်ကို တွေ့ရသည်။ ဖုကျန်းဘေးသို့လာလျက် ပြောလိုက်သည်။
"...သွားရအောင်...."
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ လူရှုပ်နေသော ပျားအုံပုံစံအဆောက်အဦးမှ ထွက်လာခဲ့သည်။ သူတို့ အပြင်သို့ရောက်လျှင်ရောက်ချင်း အေးစက်နေသော နှင်းမှုန်များနှင့်အတူ လေအေးတစ်သုတ် တိုက်ခတ်လာသည်။ ဖုကျန်းသည် လည်ပင်းကိုကျုံ့၍ ကျန်းဟန်ရှုဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်သည်။
".မနေ့က မမေးလိုက်ရဘူး ဘာစားချင်လဲ..."
"...ဘာပဲဖြစ်ဖြစ်..."
".မတည့်တာရှိလား..."
".မရှိဘူး...."
ဖုကျန်းသည် မူလက စားသောက်ဆိုင်အများကြီး စဉ်းစားထားသော်လည်း ကျန်းဟန်ရှု နောက်ထပ်မမေးတော့နဲ့ဟု ပြောချင်သယောင် ခံစားရသည်။ ကျန်းဟန်ရှုကို‌ပြောလိုက်သည်။
".ဒါဆို အသားကင်(ဘာဘီကျူး)စားကြမလား..."
"....ကောင်းပြီလေ ..."
ကားထဲတွင် လေအေးပေးစက်ဖွင့်ထားသော်လည်း အနည်းငယ် မွန်းကြပ်နေသယောင်။
ဖုကျန်း ကားပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်လိုက်သည်။ လမ်းတစ်လျောက်ထွန်းလင်းနေသော လမ်းမီးတိုင်များကြောင့် မြို့စွန်ဆင်ခြေဖုံးနေရာများကိုပင် နေ့အချိန်နှင့်မတူစွာ လှပနေသည်။
ခရစ္စမတ်မှာ ကျော်လွန်သွားပြီဖြစ်သော်လည်း အလှဆင်ထားသည်များမှာ အကုန်အစင် မဖယ်ရှားရသေး။ လမ်းတစ်လျှောက် မီးလုံးသေးသေးလေးများဖြင့် အလှဆင်ကာ အဝါရောင်ပြတင်းပေါက်တွင် စန်တာကလော့၏ ရုပ်ပုံစတစ်ကာများ ကပ်ထားပြီး မြို့သူမြို့သားတို့က ဈေးဝယ်စင်တာအရှေ့တွင် စုဝေးကာ တီးဝိုင်းဖျော်‌ဖြေမှုကို ကြည့်ရှုနေသည်။
ဖုကျန်းရွေးလိုက်သော အသားကင်ဆိုင်က သူတို့နေရာနှင့် မဝေးလှ။ ကားငှားခမှာ ယွမ်နှစ်ဆယ်ပင်မကျချေ။ အသားကင်ဆိုင်မှာ လူပြည့်နေလေသည်။ ဖုကျန်းနှင့် အခြားသူများမှာ နေရာရရန် တစ်နာရီခွဲခန့် စောင့်လိုက်ရပြီး နောက်ဆုံးတွင် ပြတင်းပေါက်ဘေးနေရာရရခဲ့သည်။
ဖုကျန်းသည် ကျန်းဟန်ရှုနှင့် မျက်နှာခြင်းဆိုင်ထိုင်လိုက်သည်။ အကင်ဆိုင်နှင့် မျက်နှာခြင်းဆိုင်တွင် ရုပ်ရှင်ရုံရှိသည်။
သူ ပြတင်းပေါက်မှန်ကိုဖြတ်၍ အဝေးမှ စုံတွဲတစ်တွဲ လက်ချင်းတွဲလျက် ရုပ်ရှင်ရုံသို့ လာနေသည်ကို တွေ့လိုက်သည်။ လမ်းမီးတိုင်များရှိသော်ငြား မှိုင်းပျပျရာသီဥတုကြောင့် ဖုကျန်းသည် သူတို့ကို ကောင်းစွာမမြင်ရသော်လည်း နှစ်ယောက်စလုံး ပြုံးနေကြမည်ကို ခံစားမိသည်။
ကျန်းဟန်ရှုက ဖုကျန်း ပြတင်းပေါက်အပြင်ဘက်သို့ ငေးမောနေသည်ကို သတိထားမိပြီးနောက် သူ့ကိုမေးလိုက်သည်။
"....ဘာကိုကြည့်နေတာလဲ..."
ဖုကျန်းသည် မျက်တောင်ခတ်ကာ အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျန်းဟန်ရှုကို ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။
"...ဘာမှမကြည့်ပါဘူး..."
ကျန်းဟန်ရှု ခေါင်းလှည့်ကြည့်လိုက်ချိန် မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် တင်းကြပ်စွာဖက်တွယ်ထားကြသော စုံတွဲအနက် ပိုအရပ်ရှည်သူက အခြားသူ၏နဖူးကို နမ်းလိုက်သည်အား တွေ့လိုက်ရသည်။
ကျန်းဟန်ရှု ခပ်တည်တည်ဖြင့် ပြန်လှည့်လာပြီးနောက် စားပွဲထိုးလေးက သူတို့မှာထားသည်များကို လျင်မြန်စွာ လာချပေးခဲ့သည်။
ဝက်ဗိုက်သားကို အကင်ဖိုပေါ်တွင် ဆီပူထိုးကာ ကြော်ထားသောကြောင့် အဆီများ စိမ့်ထွက်နေသည်။ ပေါင်မုန့်ကင်(squid bread)မှာ ရွှေညိုရောင်သမ်းနေသည်။ မွှေးရနံ့က သင်းပျံ့နေသည်။
တူကိုကိုင်ကာ အသီးသီး စားသောက်နေပြီး အကင်ဆိုင်၏ အသက်ဝင်သောလေထုနှင့် ကွဲထွက်နေသည်။ ဖုကျန်းသည် စကားပြောရန် အကြိမ်များစွာ ကြိုးစားသော်လည်း ဘာပြောရမှန်းမသိချေ။
ထိုညစာသည် သူတို့အတွက် ပြီးမြောက်အောင်လုပ်ရမည့် တာဝန်တစ်ခုကဲ့သို့ပင်။
ငွေရှင်းပြီးနောက် ဖုကျန်းသည် ကောင်တာ၏ ဘယ်ဘက်ဘေးတွင် ရေခဲမုန့်စက်ကို တွေ့၍ ရေခဲမုန့်နှစ်ခုဝယ်ခဲ့ပြီး ကျန်းဟန်ရှုအား တစ်ခုပေးလိုက်သည်။
"...ဒီမှာ..."
ကျန်းဟန်ရှု ဖုကျန်းလှမ်းပေးသော ရေခဲမုန့်တစ်ခုကို ယူလိုက်သည်။ တကယ်တမ်း သူ ဒီလိုဟာမျိုးကို လုံးဝမကြိုက်၊ သို့သော် ဖုကျန်း၏ မျက်ဝန်းတောက်တောက်များကို ကြည့်မိသည့်ခဏတွင် ငြင်းရန် မေ့သွားခဲ့သည်။
ညမှာ စည်ကားစပြု‌နေပြီ။ ရှစ်နာရီပင်မရှိသေးသော်ငြား သူတို့သည် ပြန်ရန်ပြင်လိုက်သည်။ စားသောက်ဆိုင်မှထွက်လာပြီးနောက် လေအေးတစ်သုတ် တိုက်ခတ်လာလျှင် ဖုကျန်း သူ့လက်ထဲမှ ရေခဲမုန့်ကို တစ်ကိုက်ကိုက်လိုက်ပြီး လုံးဝလိုက်ဖက်မညီသော လေအေးနှင့် အအေး(ရေခဲမုန့်)ကို တွဲဖက်လိုက်သည်။
လမ်းမထက်မှ ယာဉ်ကြောတန်းမှာ ဆူညံနေသည်။
ကျန်းဟန်ရှု ဖုကျန်းကို ငေးကြည့်လိုက်သည်။
ဖုကျန်းက ရေခဲမုန့်ကတော့ကို ကိုင်ထားပြီး နှူတ်ခမ်းထောင့်စွန်းတွင် အဖြူရောင်cream ပေနေသည်။ ကျန်းဟန်ရှုသည် မတတ်သာဘဲ ဖုကျန်းကို ရပ်၍ ကြည့်လိုက်သည်။
".....ဘာဖြစ်လို့လဲ..."
ကျန်းဟန်ရှုက မတ်တပ်ရပ်ပြီး သူ့ကိုဆက်ကြည့်နေသောကြောင့် ဖုကျန်း တစ်ခုခုမှားသလို ခံစားရသည်။ မျက်တောင်ခတ်ကာ ကျန်းဟန်ရှုကိုမေးလိုက်သည်။
"....တစ်ခုခုဖြစ်လို့လား...."
လမ်းမီးမှိန်မှိန်အောက်တွင် ဖုကျန်း သူ့ကိုကြည့်လိုက်သည်။ သူ၏ မဟူ‌ရာရောင်မျက်ဝန်းများမှာ ကျန်းဟန်ရှု၏ ပုံရိပ်ဖြင့် ပြည့်နှက်နေသည်။ ဖုကျန်း၏ မျက်နှာမှာ အအေးဓာတ်ကြောင့် နီမြန်းနေသည်။ သူ၏နှုတ်ခမ်းမှာလည်း ရေခဲမုန့်စားထားသောကြောင့် ပုံမှန်ထက်ပင် ပိုမိုအရောင်စိုနေသည်။
ကျန်းဟန်ရှု လှုံ့ဆော်ခံလိုက်ရလိုပင် သူ့လက်ကိုမြှောက်ကာ ဖုကျန်း၏နှုတ်ခမ်းကို သူ့လက်မဖြင့် ညင်သာစွာပွတ်၍ နှုတ်ခမ်းထောင့်စွန်းတွင်ပေနေသည်ကို သုတ်ပေးလိုက်သည်။
ဖုကျန်းမှာ ကြက်သေသေသွားလေသည်။ သူ့နှုတ်ခမ်းမှာ အနည်းငယ်ဟနေပြီး ထိုနေရာတွင်ပင် မတုန်မလှုပ် မတ်တပ်ရပ်နေသည်။ လေတိုက်လာ၍ လက်ထဲမှ အရည်ပျော်နေသော ရေခဲမုန့်သည် သူ့ခြေထောက်အောက်ရှိ အနီရောင်ကြမ်းပြင်ပေါ်မှ စာရွင်ပေါ်သို့ ကျဆင်းသွားသည်။
ကြယ်စုံသောကောင်းကင်ပြင်အောက်တွင် အထပ်မြင့်အဆောက်အဦးများ၊ ယာဉ်တန်းများဖြင့် နီယွန်မြို့‌တော်သည် စည်ကားနေသည်။ လမ်းမီးတိုင်၏အလင်းအောက်တွင် သူတို့နှစ်ယောက်၏ အရိပ်များမှာ တစ်ခုနှင့်တစ်ခု ထပ်သွားသည်။ လေမှာ တစ်ဖြေးဖြေးငြိမ်လာပြီး ယာဉ်သံများမှာ ဝေးသွားသည်။ ထိုအခိုက်အတန့်တွင် လောကတစ်ခုလုံး ဆိတ်ညိမ်သွားသည်။
ကျန်းဟန်ရှု သူ့လက်မနှင့် လက်ညှိုးကို သတိလက်လွတ် ပွတ်သပ်နေမိသည်။ သူလုပ်ခဲ့သည်နှင့်ပတ်သက်၍ ခရေစေ့တွင်းကျ သိနေသည်။ အချိန်အတော်ကြာပြီးနောက် တစ်ဖက်သို့ လှည့်လိုက်သည်။ မျက်လွှာချထားပြီး သူ့အပြာရောင်မျက်ဝန်းလှလှများမှာ ရှုပ်ထွေးနေဟန်တူသည်။
"...ပြန်ရအောင်...."
ကျန်းဟန်ရှု ပြောပြီးနောက် လမ်းတစ်ဖက်ကိုကူးပြီးနောက် တက္ကစီငှားလိုက်သည်။
"...ကျန်းဟန်ရှု..."
ဖုကျန်းသည် နံဘေးမှ သူ့နာမည်ကိုခေါ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"....ဘာလို့လဲ..."
ကျန်းဟန်ရှုသည် သူ့ခေါင်းကို လှည့်လိုက်သည်။
ဖုကျန်းက မေးလိုက်သည်။
"ရုပ်ရှင်သွားကြည့်ကြမလား ...."
သူ့မျက်ဝန်းများမှာ မီးရောင်အောက်တွင် တလက်လက်တောက်ပနေသည်။
ကျန်းဟန်ရှုသည် အချိန်အကြာကြီး ပြန်မဖြေဘဲ အသံတိတ်နေသည်။ ထို့ကြောင့် ဖုကျန်းသည် အားပျက်စွာ ခေါင်းငုံ့ချလိုက်သည်။ သူ့ပုံစံမှာ ကြင်နာသ‌နားချင်စရာကောင်းလှသည်။
".သွားကြမယ်...."
ကျန်းဟန်ရှုက ပြောလိုက်သည်။
ဖုကျန်း ကျန်းဟန်ရှု၏နောက်ကျောကို ငေးကြောင်ကြောင်ကြည့်လိုက်သည်။ ကျန်းဟန်ရှုပြောသွားတာနှင့်ပတ်သက်၍ မည်သို့တုန့်ပြန်ရမည်မသိ။
ကျန်းဟန်ရှု ခြေနှစ်လှမ်းခန့်လှမ်းပြီးနောက် ဖုကျန်းလိုက်မလာသည်ကို တွေ့လိုက်ရသည်။ နောက်ပြန်လှည့်ကြည့်လိုက်တော့ ဖုကျန်း ထိုနေရာမှာပဲ ရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ဖုကျန်းကိုမေးလိုက်သည်။
"....ဘာလို့မလာတာလဲ ရုပ်ရှင်မကြည့်ချင်ဘူးလား..."
ဖုကျန်းလိုက်လာခဲ့သည်။
သူဘာတွေးနေတယ်ဆိုတာကို ကျန်းဟန်ရှုက သိနေတာလား အခုရော ဘာတွေးနေလဲ....
ဖုကျန်းတစ်ယောက် သူ့နှုတ်ခမ်းကို သုတ်ပေးခဲ့သော ကျန်းဟန်ရှု လက်ထိပ်ဖျား၏ အပူချိန်ကို အခုချိန်အထိ ခံစားနေရပြီး မရည်ရွယ်ဘဲ သူ့နှုတ်ခမ်းဖျားများမှာ ကော့တက်လာသည်။