အပိုင်း ၂၅
Viewers 23k

ရုပ်ရှင်ရုံအပြင်ဘက်ရှိ ကိုယ်တိုင်လက်မှတ်ဖြတ်သည့်စက်ရှေ့တွင် လူများစွာ တန်းစီနေကြပြီး အများစုမှာ စုံတွဲများဖြစ်ကြသည်။ ခေါင်းချင်းဆိုင်ကာ နှစ်ကိုယ်ကြား တီးတိုးစကားပြောနေကြသည်။
အမိုးခုံးပေါ်ရှိ ရောင်စုံမီးသီးများမှာ ကာလာစုံထွန်းလင်းနေပြီး လေထုမှာလည်း ပြောင်းဖူး ပေါက်ပေါက်နံ့ သင်းပျံ့နေသည်။
အမှန်အတိုင်းပြောရလျှင် ဖုကျန်း ရုပ်ရှင်ရုံမရောက်ဖြစ်သည်မှာ ကြာမြင့်နေပြီး လွန်ခဲ့သော ၂ နှစ်ခန့်က ရုပ်ရှင် နောက်ဆုံးကြည့်ခဲ့ခြင်းဖြစ်သည်။ ၎င်းကလည်း ဖုကျန်းချန် ထန်ဝမ်ဝမ်၏ရုပ်ရှင်အတွက် ရုံသီးသန့်ငှားပြီး တစ်မိသားစုလုံးကို မဖြစ်မနေကြည့်ခိုင်းခဲ့စဉ်ကဖြစ်သည်။
ဖုကျန်း နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။ စိတ်ညစ်ညူးဖွယ်အတိတ်များကို ပြန်လည် မတွေးချင်တော့ပေ။
လူအုပ်ကြီးမှာ ပုစဉ်းရင်ကွဲကောင် အခွံမာထဲမှ ထိုးထွက်နေသကဲ့သို့ တ‌ဖြေးဖြေး ရွေ့လျားနေသည်။ ခေါင်းခြင်းဆိုင်ကာ တီးတိုးပြောနေသံများနှင့် အောက်ထပ်ရှိ သီချင်းသံတို့ ရောနှောကာ ဆူညံနေပြီး ဘာကိုမျှ သဲသဲကွဲကွဲ မကြားရချေ။
နောက်ဆုံး သူတို့အလှည့်ရောက်လာချိန်တွင် ကျန်းဟန်ရှု ဖုကျန်းကို လှည့်၍ မေးလိုက်သည်။
".ဘာကြည့်ချင်လဲ ....."
ဖုကျန်း အရှေ့မှ စခရင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ ဒီနေ့ ကျန်းဟန်ရှုနှင့် ရုပ်ရှင်လာကြည့်ရန် မမျှော်မှန်းထား၍ ရုံတင်နေသောဇာတ်ကားများကို မစစ်ကြည့်ရသေး။
"...မင်းပဲရွေးလိုက်..."
ဖုကျန်းက ရွေးချယ်ခွင့်ကို ကျန်းဟန်ရှုသို့ ပြောင်းပေးလိုက်သည်။
ကျန်းဟန်ရှုက နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်သော ဟာသအက်ရှင်ကားကို ရွေးလိုက်သည်။
အားလပ်ရက်ဖြစ်သောကြောင့် ရုပ်ရှင်ရုံမှာ ပုံမှန်ထက် လူစည်ကားနေသည်။ နေရာကောင်းများမှာ ကုန်သွားပြီဖြစ်၍ ကျန်းဟန်ရှုသည် နောက်တန်းနှစ်ခုံကိုသာ ဝယ်နိုင်ခဲ့သည်။ ရုပ်ရှင်မှာ ၈:၅၀ တွင်စပြီး ၁၁ နာရီခန့်မှ ပြီးမည်ဖြစ်သည်။
ဖုကျန်းတက္ကသိုလ်ကျောင်းသားဘဝက electrophotography ကို သင်ယူခဲ့ပြီး ရုပ်ရှင်နှင့်ရုပ်မြင်သံကြားဆိုင်ရာ သုံးသပ်ဝေဖန်ချက်ကိုလည်း semester နှစ်ခုမျှ သင်ကြားဖူးသည်။ သူ့အနေဖြင့် ကျန်းဟန်ရှုအပေါ် မီးစိမ်းပြသော်ငြား သူရွေးခဲ့သည့် ရုပ်ရှင်မှာ အင်မတန်ဆိုးဝါးကြောင်းကိုတော့ ပြောရမည်ဖြစ်သည်။ ပြက်လုံးအများစုမှာ အင်တာနက်ပေါ်တွင် နာမည်ကြီးပြီးသားဟာသများဖြစ်သည်။ ထိုသို့ပြက်လုံးမျိုးကို သုံးလို့မရဟု မဆိုလိုသော်ငြား သရုပ်ဆောင်ရာတွင် ကမောက်ကမ မဖြစ်စေရန် ဇာတ်ညွှန်းရေးသူသည် ဇာတ်ကြောင်း၏ ပုံစံနှင့်လိုက်ဖက်အောင် ချိန်ညှိရမည်ဖြစ်သည်။
တင်ဆက်ပုံကဏ္ဌနှင့်ပတ်သက်၍တော့ သူ မှတ်ချက်မပေးလိုတော့ပေ။
နဖူးကိုပွတ်လိုက်ပြီးနောက် သူ့မျက်နှာပေါ်တွင် အေး‌စက်စက်‌စီးကြောင်းတစ်ခုကို ခံစားလိုက်ရသည်။ ဖုကျန်းသည် လက်ဖြင့်စမ်းကာ နမ်းကြည့်လိုက်သည်။ အနံ့မရှိ။ သရဲဝတ္ထုထဲကလိုတော့ မဖြစ်နိုင်ပေ။
ဖုကျန်းသည် ခေါင်းကိုမော့၍ ရုပ်ရှင်ရုံခေါင်မိုးကို မော့ကြည့်လိုက်သည်။ အမှောင်ထုမှတစ်ပါး မမြင်ရ။ ရေက ဖုကျန်းလက်ထဲသို့ အဆက်မပြတ် ကျဆင်းလာနေသည်။
ဘေးခုံများမှာ လူပြည့်နေပြီး သူ့ဘေးတွင် ကျန်းဟန်ရှုရှိနေသည်။ ဖုကျန်း၏ မူမမှန်မှုကိုသတိပြုမိ၍ ကျန်းဟန်ရှုက မေးလိုက်သည်။
"...ဘာဖြစ်လို့လဲ..."
ဖုကျန်းသည် ခေါင်းယမ်း၍ လိမ်ပြောလိုက်သည်။
"အဆင်ပြေပါတယ်..."
ပိတ်ကားမှ အလင်းရောင်သည် ဖုကျန်း၏မျက်နှာ နှင့် သူ၏ အသာလေးထိလိုက်လျှင်ပင် ကျိုးနိုင်သည့် ဖြူဖွေးသွယ်လျသော လည်တိုင်ပေါ်သို့ အလင်းပြန်နေသည်။ သူ၏မျက်နှာမှာ နီမြန်းနေပြီး အနီးကပ်ကြည့်လျှင်ပင် မြင်နိုင်သည်။
ကျန်းဟန်ရှုတစ်ယောက် ရုပ်ရှင်ရုံမှာ အနည်းငယ်ပူသည်ဟု ရုတ်တရက်ခံစားမိလာသည်။ ဝင်မလာခင် ကိုလာနှစ်ခွက်လောက်ဝယ်ခဲ့သင့်သည်ဟု တွေးမိသွား၏။
ကမ္ဘာပေါ်ရှိ အကောင်းဆုံးရုပ်ရှင်များတွင် ယေဘုယျ တူညီမှုတစ်ခုခုရှိကြသော်လည်း မကောင်းသောရုပ်ရှင်များမှာမူ အဘက်ဘက်မှ ယိုယွင်းပျက်စီးနိုင်သည်။ ဒီနေ့ကြည့်ခဲ့သောရုပ်ရှင်မှာ ဖုကျန်းအတွက် လောကသစ်သို့ တံခါးတစ်ချပ် ဖွင့်ပေးလိုက်သလိုပင်။
နောက်နှစ်နာရီအတွင်း ဖုကျန်းသည် တစ်နာရီခွဲခန့်ကို ခက်ခက်ခဲခဲ ကြည့်ခဲ့သည်။ သူသည် ဘေးမှ ကျန်းဟန်ရှုကို ခိုးကြည့်လိုက်သည်။ ကျန်းဟန်ရှုက သူရွေးထားသော ရုပ်ရှင်ကို အလွန်ပင် သဘောကျနေဟန်တူသည်။ အာရုံစူးစိုက်‌နေပြီး တစ်ခါတစ်ရံ အပြုံးများကိုပင် လှစ်ဟပြနေသေးသည်။
ဖုကျန်း တစ်ဖြည်းဖြည်း အတင့်ရဲလာပြီး ကျန်းဟန်ရှုကို ခပ်တည်တည်ဖြင့် လှည့်ကြည့်တော့သည်။
ကျန်းဟန်ရှုမှာ အမှန်တကယ် ကြည့်ကောင်းသူတစ်ဦးဖြစ်သည်။ မီးရောင်အောက်တွင် မျင်ဝန်းပြာများမှာ တလက်လက်တောက်နေသည်။ နှာတံမှာမြင့်ပြီး နှုတ်ခမ်းပါးများမှာ ယောင်ယောင်လေး ဟထားသည်။ သူရယ်လိုက်လျှင် နှုတ်ခမ်းထောင့်စွန်းများမှာ မရည်ရွယ်ဘဲ ကော့တက်သွားသည်။
နှစ်နာရီကြာရုပ်ရှင်မှာ နောက်ဆုံးတွင်တော့ ပြီးဆုံးသွားပြီ။ ဖုကျန်းသည် ရုပ်ရှင်က ဘာဖြစ်သွားမှန်းမသိလိုက်။ သူမှတ်မိသည်မှာ ကျန်းဟန်ရှု၏ ပြုံးနေသော နှုတ်ခမ်းများသာဖြစ်သည်။
ဆောင်းရာသီညများမှာ ကြောက်စရာကောင်းလောက်အောင် ချမ်းအေးလှသည်။ ရုပ်ရှင်ရုံထဲကထွင်လာသည်နှင့် ချွန်ထက်သောဓားသွားသဖွယ် လေအေးများ တိုက်ခတ်လာသည်။
သူ တခိုက်ခိုက်တုန်သွားပြီး နှာချေလိုက်မိသည်။ ဒီနေ့အပြင်ထွက်လာစဉ်က ဖုကျန်းသည် တစ်ထပ်ထဲသာ ဝတ်ခဲ့ခြင်းဖြစ်သည်။ ပိုထူသော သိုး‌မွှေးဂျက်ကတ်ကို ဝတ်သင့်သည်ဖြစ်သော်ငြား အဝတ်ဗီရိုထဲရှိ ဂျက်ကတ်မှာ လွန်ခဲ့သော၂နှစ်က အင်္ကျီဖြစ်ပြီး အနည်းငယ်ဟောင်းနွမ်းနေသည်။ ကျန်းဟန်ရှုနှင့်အတူရှိနေစဉ်တွင် သူ ပိုကြည့်ကောင်းရန် အမြဲမျှော်လင့်သည်။
သူ့ဘေးမှ လျှောက်လာသော ကျန်းဟန်ရှုက နှာ ချေသံကြားပြီးနောက် ရပ်တန့်လိုက်သည်။ သူဘာလုပ်မည်ကိုမသိ၍ ဖုကျန်းကလည်း ခေါင်းကိုစောင်းကာ ကြည့်လိုက်သည်။ ထို့နောက်တွင် ကျန်းဟန်ရှုသည် သူ၏လေကာအင်္ကျီကိုချွတ်၍ သူ့ကိုဝတ်ပေးသည်ကို တွေ့လိုက်ရသည်။
ဖုကျန်း နောက်တစ်ကြိမ် မှင်သက်သွားပြန်သည်။ ကျန်းဟန်ရှု ဒီနေ့ သူ့ကို ကြင်နာနေသည်မှာ အိပ်မက်မက်နေသယောင်ခံစားမိ၏။
သူ့ကိုယ်သူ တိတ်တိတ်လေး ဆိတ်‌ဆွဲကြည့်လိုက်သည်။ အိပ်မက်မဟုတ်ဘူးပဲ။
" ငါမလိုပါဘူး ..."
ဖုကျန်းစကားအဆုံး၌ ထပ်မံနှာချေလိုက်ပြန်သည်။ သူ့စကားမှာ ယုံချင်စရာတစ်စက်မျှမရှိ။
"...ဝတ်ထားလိုက် ငါက မအေးဘူး...."
ကျန်းဟန်ရှုက ပြောလိုက်သည်။
ကျန်းဟန်ရှုသည် လေကာအင်္ကျီအောက်တွင် အနက်ရောင် လည်ပိတ်ဆွယ်တာတစ်ထည်သာ ဝတ်ထားပြီး မီးရောင်စုံအောက်တွင် အထီးကျန်ထင်းရှုးပင်သဖွယ် မတ်တပ်ရပ်နေသည်။
ဒါပေမယ့် ကံကောင်းတာက တက္ကစီငှားဖို့ နည်းနည်းပဲ ဆက်လျှောက်ရန် လိုတော့တာပဲ။
ဖုကျန်း လက်နှစ်ဖက်ဖြင့် လေကာအင်္ကျီ၏ ကော်လာကို စုကိုင်လိုက်သည်။ ကျန်းဟန်ရှုနောက်မှလိုက်ရင်း သူ့နောက်ကျောကို ငေးကြည့်မိသည်။ လေကာအင်္ကျီထဲမှ အနွေးဓာတ်မှာ သူ့ခန္ဓာကိုယ်တစ်လျှောက် တဖြေးဖြေးပျံ့နှံ့နေသည်ကို ခံစားမိသည်။ ထိုခဏတွင် ဖုကျန်းသည် ကျန်းဟန်ရှုနှင့် ထိုက်တန်သည့် ပိုကောင်းသောလူတစ်ယောက်ဖြစ်ရန် ကြိုးစားရေးအတွက် အဆုံးမဲ့သော စိတ်ခွန်အားကို ရုတ်တရက် ရရှိလာခဲ့သည်။
ကားထဲရှိလေထုမှာ သူတို့လာစဉ်ကကဲ့သို့ပင်။ ဖုကျန်းက ကျန်းဟန်ရှု၏ လေကာအင်္ကျီကို လက်မောင်းများကြား ပိုက်ထားလိုက်ပြီး ကားပြတင်းပေါက်မှ အပြင်ကို ကြည့်လိုက်သည်။ ကျန်းဟန်ရှုက သူ့ဘေးမှာပဲ။
ကားထဲမှာ တိတ်ဆိတ်လွန်းနေသည်။ ဖုကျန်းသည် သူ့လက်ချောင်းများကို သာသာလေး ရွှေ့လိုက်ပြီး ခေါင်းကိုလှည့်ကာ ကျန်းဟန်ရှုကို မေးလိုက်သည်။
"....အခုကြည့်ခဲ့တဲ့ရုပ်ရှင်က ဘယ်လိုနေလဲ..."
"...လက်ခံနိုင်စရာပါပဲ...."
ကြည့်ရတာ ဒါနဲ့ပတ်သက်ပြီး ဆက်ပြောစရာစကား မရှိတော့ဘူးပဲ....
ဖုကျန်း ကျန်းဟန်ရှုကို အကဲခတ်လိုက်ပြီးနောက် ရုပ်ရှင်က တကယ်အဆင်ပြေတယ်လို့ သူတွေးနေမှန်း သိလိုက်သည်။
ပထမဆုံးအကြိမ် သူနှင့် ကျန်းဟန်ရှုအကြား ရုပ်ရှင်‌အပေါ် ခံစားတတ်မှုမှာ အနည်းငယ် ကွာခြားကြောင်း သိလိုက်ရသည်။
ဒါပေမယ့် ကိစ္စမရှိပါဘူး။
သူက ကျန်းဟန်ရှု၏ ခြားနားချက်ကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားမည်ဖြစ်သည်။ သို့သော် ဘယ်အချက်က ကျန်းဟန်ရှုကို ရုပ်ရှင်က အဆင်ပြေပါသည်ဟု ကောက်ချက်ချစေခဲ့သလဲဆိုတာကိုတော့ သူတကယ်ကို သိချင်မိ၍ မေးလိုက်သည်။
".ဘာက ကောင်းတယ်လို့ ထင်တာလဲ...."
ကျန်းဟန်ရှုက ခေတ္တ တွေးလိုက်သည်။
"အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...."
သူ့အမူအရာက တကယ်အတည်ကြီးဖြစ်ပြီးတော့ ရုပ်ရှင်ရုံထဲက သူပြုံးနေတာနဲ့ မတူတော့ဘူး။
ဖုကျန်း ရုပ်ရှင်အစောပိုင်းက ဇာတ်ကွက်အချို့ကို ပြန်စဉ်းစားနေစဉ်မှာပင် ကျန်းဟန်ရှုက ထပ်ပြောလိုက်သည်။
".အဲဒါက အရမ်းစိတ်ဝင်စားစရာကောင်းတယ်..."
သူ စကားဘယ်လိုဆက်ပြောရမည်ကို မသိတော့။ ရုပ်ရှင်ရုံထဲတွင် ကျန်းဟန်ရှုကိုသာ ကြည့်နေမိခဲ့ခြင်းကို နောင်တရစပြုလာသည်။ ရုပ်ရှင်အကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုမှ ဆက်မပြောတတ်တော့ဘူး။
"...လီဟွားလန်က သရုပ်ဆောင်ကောင်းတယ်နော်...."
သူကြည့်ခဲ့သမျှထဲက တစ်ခုတည်းသော ကောင်းကွက်ကို မှတ်ချက်ပြုလိုက်သည်။
ကျန်းဟန်ရှု : "....တကယ်မဆိုးဘူး။ အရင်က သူ့ရဲ့ နောက်ရုပ်ရှင်တစ်ခုကို ကြည့်ဖူးတယ်။ အဲ့ထဲမှာ သူကရဲလေ။ အဲ့တစ်ခုကိုလဲ ကြိုက်တယ်...."
ဖုကျန်းသည် လက်ကိုမြှောက်ကာ နဖူးကိုဖိလိုက်ပြန်သည်။ သူမှတ်မိတာ မမှားလျှင် ကျန်းဟန်ရှုပြောသော ရုပ်ရှင်သည် မနှစ်က နွေဦးပွဲတော်တွင် ရုံတင်ခဲ့သည့် Douban အဆင့် ၄၁ ရခဲ့သော ဆိုးဝါးသည့် ရုပ်ရှင်ဖြစ်သည်။ ဒါပေမယ့် ကျေးဇူးတင်စရာကောင်းသည်က ဒီရုပ်ရှင်ကိုတော့ အစအဆုံးကြည့်ဖူးခြင်းဖြစ်သည်။
ထို့ကြောင့် သူ ကျန်းဟန်ရှုကို ပြုံး၍ ပြောလိုက်သည်။
"...ငါလည်း အဲဒါကို အရမ်းကြိုက်တာ ကုန်တိုက် သုံးလွှာကနေ ခုန်ချလိုက်တဲ့ပုံကဆို တအားခန့်ညားတာပဲ..."
ကျန်းဟန်ရှုသည် ခေတ္တမျှ အသံတိတ်သွားသည်။
"ကောင်းပါတယ်....."
ချက်ခြင်းလက်ငင်းပင် လီဟွားလန်အပေါ် စိတ်ဝင်စားမှုပျောက်ဆုံးသွားသကဲ့သို့ သူ့လေသံက တောင့်တင်းနေသည်။
ဖုကျန်းသည် ထိုအရာကို သတိမမူမိခဲ့။ လမ်းတစ်လျှောက် ကျန်းဟန်ရှုနှင့် လွန်ခဲ့သောနှစ်က လီဟွားလန် သရုပ်ဆောင်ခဲ့သော ဇာတ်လမ်းများအကြောင်း ဆွေးနွေးနေခဲ့သည်။
ကားသည် အဆောက်အဦးအပြင်ဘက်ရှိ လမ်းပေါ်တွင် ရပ်တန့်သွားသည်။ ကျန်းဟန်ရှုက ဦးစွာ ကျသင့်ငွေရှင်းလိုက်သည်။ ကားပေါ်မှထွက်လာပြီးနောက် တိတ်ဆိတ်နေသော လမ်းမပေါ်တွင် ရံဖန်ရံခါမှ ယာဉ်များ ဖြတ်သန်းသွားလာနေသည်ကို တွေ့ရသည်။ လမ်းတစ်ဖက်တစ်ချက်ဆီမှ မေပယ်ပင်များသည် လမ်းမီးရောင်ကို ဖုံးကွယ်ထား၍ ဝန်းကျင်တစ်ခုလုံး အမှောင်ဖုံးနေသည်။
ဖုကျန်း ကျန်းဟန်ရှု၏ဘေးမှ ကပ်လျှောက်ကာ ကော်ရစ်ဒါသို့ ဝင်လိုက်သည်။ သူသည် တုန့်ဆိုင်းနေပြီးမှ အသံနှိမ့်ကာ ကျန်းဟန်ရှုကို မေးလိုက်သည်။
"မင်းသဘောကျနေတဲ့သူအကြောင်း ပြောပြပါလား...."
ကျန်းဟန်ရှု၏ ခြေလှမ်းများသည် ခေတ္တရပ်လိုက်ပြီးမှ အထွေအထူးမဟုတ်ဘဲ ဆက်လျှောက်သွားသည်။ သူ့ခေါင်းကိုယမ်းကာ ဖုကျန်းကိုပြောလိုက်သည်။
".ပြောစရာမရှိဘူး...."
တကယ်တမ်း သူမပြောချင်တာမဟုတ်ဘဲ ပြောစရာမရှိတာဖြစ်သည်။ ထိုညနှင့်ပတ်သက်သည့်မှတ်ဉာဏ်မှာ ရှုပ်ထွေးနေပြီး ရေသူမလေးနှင့်ပတ်သက်၍တော့ ဝေဝေဝါးဝါးပုံရိပ်ကိုသာ မှတ်မိသည်။
သူ တကယ်ပဲ အဲဒီ့ရေသူမလေးကို သဘောကျခဲ့တာလား။ အက်စီးဒန့်ကြောင့်နဲ့တော့ သူစိမ်းတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း မငြိတွယ်နိုင်ဟု ကျန်းဟန်ရှုက တွေးလိုက်မိသည်။ သူက မှိုင်တွေနေသော ရေသူမ၏ မျက်ရည်များကို သုတ်ပေးရုံသာဖြစ်သည်။ သူ့ကိုရှာကာ တစ်ခုခုလုပ်နေသည်ဟု တစ်ခါတွေးခဲ့ဖူးသည်။ ဒါနဲ့ပတ်သက်ပြီး တစ်ခါမှ သူမတွေးဖူး။
မည်သို့ပင်ဆိုစေကာမူ သူသည် မနေ့ညက အိပ်မက်ထဲတွင် သူ့ရေသူမလေးနှင့် နောက်တစ်ကြိမ် ပြန်တွေ့ခဲ့သည်။ ဒီတစ်ကြိမ်‌တွင်‌တော့ သူ့ရှေ့မှ ရေသူမရုပ်ပုံသည် ပထမဆုံးအကြိမ် ကြည်လင်ပြတ်သားလာခဲ့သည်။ အဲဒါ ဖုကျန်းပဲ။
သူ့မျက်နှာပေါ်မှ မျက်ရည်စက်များကို နမ်းရှိုက်စဉ်တွင် သူသည် မတတ်သာပဲ သူ့ကိုပိုပြီး တောင်းဆိုစေရန် အလျင်စလိုလုပ်ခဲ့သည်။ သူသည် သူ့ကို(ဖုကျန်း) ဂရုစိုက်ပေးလိုပြီး သူ့ခန္ဓာကိုယ်နှင့် ပွတ်သပ်လိုသည်။
သူ ဖုကျန်းကိုမြင်လိုက်တိုင်း သူ့နှလုံးသားထဲမှ အကြင်နာများ လျှံကျလာသောကြောင့် မိန်းမောနေရာမှ တစ်စုံတစ်ခုကို သဘောပေါက်‌လိုက်သည်။
သူက ကြင်နာတတ်သူတစ်ဦးမဟုတ်သော်ငြား ဖုကျန်းနှင့် ဘတ်စကားပေါ်တွင် ပထမဆုံးတွေ့စဉ်ကပင် သူ့နှလုံးသားမှာ အကြောင်းမဲ့ နူးညံ့သွားပြီး သူ့ရင်ဘတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားသည်။ ထိူအခိုက်အတန့်တွင်ပင် ဖူးစာကြိုးနီသည် သူတို့လက်ဖျားများကို ရစ်ပတ်နှောင်ဖွဲ့ပြီးဟန်တူသည်။
သူတို့နှစ်ဦးကြားမှ ကံကြမ္မာသည် သူတွေးထင်ထားသည်ထက် ပိုမိုနှောင်ဖွဲ့ထားသော်လည်း ကျန်းဟန်ရှုသည် အခုအချိန်အထိ မသိသေး။
ကျန်းဟန်ရှု၏အဖြေသည် သူ့အတွက်မည်သို့ သဘောရသည်ကို မသိ၍ ဖုကျန်း ဘာမှ ဆက်မပြောတော့ပေ။
မှောင်မဲနေသော ကော်ရစ်ဒါတွင် လူနှစ်ယောက်၏ ခြေသံများမှာ ပြတင်းပေါက်သို့ လာမှန်နေသော မိုးစက်များသဖွယ် စည်းချက်ကျကျ ထွက်ပေါ်လာပြီး အသံနှင့်ထိန်းချုပ်ထားသော ကော်ရစ်ဒါမီးမှာလည်း ခြေသံနှင့်အတူ တစ်ခုပြီးတစ်ခုလင်းလာပြီး ပြန်လည်ပျောက်ကွယ်သွားသည်။
နောက်ဆုံးတွင် အိမ်ပေါက်ဝသို့ ရောက်ရှိလာသည်။ နှစ်ယောက်သား ခွဲခွါ၍ အခန်းအသီးသီးသို့ ဝင်ရမည်ဖြစ်သည်။
အခန်းပေါက်ဝရှေ့တွင် ဖုကျန်း ရပ်တန့်လိုက်ပြီး ကျန်းဟန်ရှု သော့ကိုထုတ်ကာ ‌တံခါးဖွင့်နေသည်ကို ကြည့်လိုက်သည်။ လက်တစ်ချက်အလှည့်မှာပဲ တံခါးပွင့်သွားသည်။
ဖုကျန်း လေကာအင်္ကျီကိုချွတ်ကာ ကျန်းဟန်ရှုကို ပြန်ပေးလိုက်သည်။
"ကျေးဇူး..."
"...‌ပျော်ရွှင်စရာနှစ်သစ်ကူးနေ့ပါ...."
ဖုကျန်းကပြောလိုက်သည်။