အပိုင်း ၂၆
Viewers 23k

ကျန်းဟန်ရှုက ပြောလိုက်သည်။
"...ပျော်ရွှင်စရာ နှစ်ကူးအခါသမယ ဖြစ်ပါစေ...."
ထို့နောက် ဘာမှ ဆက်မပြောတော့။
ကျန်းဟန်ရှုက အနည်းငယ် စိတ်ရှုပ်စရာကောင်းသည်ဟု ဖုကျန်း ခံစားမိသည်။ ကျန်းဟန်ရှု၏ လေကာအင်္ကျီကို ပြန်ပေးပြီးနောက် ဒီညတော့ သူတို့နှစ်ယောက်ကြား တစ်ခုခုဖြစ်လိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့သော်ငြား ကံမကောင်းစွာပဲ ဘာမှမဖြစ်ခဲ့။
နှစ်ယောက်သား ဧည့်ခန်းထဲသို့ တိတ်တဆိတ် ဝင်လာခဲ့သည်။ အခြားအိမ်ငှားအားလုံးမှာ အသီးသီး အနားယူရန် အခန်းပြန်ကြပြီဖြစ်သည်။ ဧည့်ခန်းမှာ မှောင်မဲနေပြီး လရောင်အနည်းငယ်သာလျှင် ပြတင်းပေါက်၏ အလင်းဖောက်မှန်ကိုဖြတ်ကာ ဧည့်ခန်းဗဟိုရှိ ကော်ဖီစားပွဲပေါ်သို့ ဖြာကျနေသည်။ သူတို့အခန်းများမှာ ဘေးချင်းကပ်ဖြစ်၍ ခွဲခွါရပေတော့မည်။
ဖုကျန်းနှင့် ကျန်းဟန်ရှု၏ လှုပ်ရှားမှုများမှာ တူညီလုနီးပါးပင်။ သူတို့ တစ်ချိန်တည်းမှာပင် အခန်းရှေ့တွင်ရပ်၊ သော့ကိုထုတ်ကာ တစ်ပြိုင်တည်း လက်မြှောက်၍ သော့ပေါက်ထိုးလိုက်သည်။
"....ကျန်းဟန်ရှု...."
သို့သော် ဖုကျန်း ရပ်တန့်ကာ ကျန်းဟန်ရှုကို လှည့်၍ ရပ်တန့်စေလိုက်သည်။
ကျန်းဟန်ရှုလဲ တစ်ဖက်သို့လှည့်၍ ဖုကျန်းကို ကြည့်လိုက်သည်။
"...ကိစ္စရှိလို့လား..."
လရောင်ဖျော့ဖျော့အောက်မှ ကျန်းဟန်ရှု၏ တည်ငြိမ်သော မျက်နှာကို ကြည့်ကာ ဖုကျန်းသည် ရုတ်တရက် ဆွံ့အသွားသည်။
သူဘာလို့ ကျန်းဟန်ရှုကို ခေါ်လိုက်မိပါလိမ့်။ ငါ့ကိုကြိုက်လားလို့ မေးမလို့လား....
..ပြီးတော့ရော....
.တကယ်လို့ ကျန်းဟန်ရှုက ငြင်းလိုက်ရင်ရော ဘယ်လိုလုပ်ရပါ့မလဲ....
ဖုကျန်း တုန့်ဆိုင်းနေခဲ့သည်မှာ ယခင်က ခေါင်းမာကြီး မာနကြီးသော သခင်ငယ်လေး မဟုတ်တော့သယောင်။
ဒီတစ်ခေါက် ဖုကျန်း၏ အပြုအမူမှာ စိတ်ပူပန်စရာဖြစ်နေသည်ကြောင့်လား ဒါမှမဟုတ် ကျန်းဟန်ရှုလည်းပဲ တစ်ခုခု လုပ်လိုသည်ကြောင့်လားမသိ ကျန်းဟန်ရှုသည် သော့ကို လက်ထဲထည့်ကာ ဖုကျန်းထံ ဖြေးဖြေးလေး လျှောက်လာခဲ့သည်။ သူ့အသံကို နှိမ့်လိုက်ကာ ဖုကျန်းကို မေးလိုက်သည်။
"....ဘာပြောချင်လို့လဲ...."
ကျန်းဟန်ရှု၏ အသက်ရှူသံမှာ ဖုကျန်း၏မျက်နှာသို့ ရိုက်ခတ်လာသောကြောင့် သူ့မျက်နှာမှာ ရှက်သွေးဖြန်းသွားသည်။
ကျန်းဟန်ရှုသည် လရောင်ကိုကျောပေးကာ ရပ်နေပြီး သူ့မျက်နှာမှာ အမှောင်ထဲတွင် ရောက်နေသဖြင့် ရှင်းရှင်းလင်းလင်းမမြင်ရ။
သို့သော် အမှောင်ထဲတွင်ပင် ကျန်းဟန်ရှုကသူ့တစ်ကိုယ်လုံးကိုထိုးဖောက်ကာ အတွေးအားလုံးကို မြင်နိုင်ကြောင်း မှန်းဆမိသည်။ သူ့နှုတ်ခမ်းကို ဟလိုက်သော်ငြား ဘာပြောရမှန်းမသိ။
လူနှစ်ဦးကြားမှ အကွာအဝေးမှာ အလွန်နီးကပ်နေပြီး ဖုကျန်းမှာ ကျန်းဟန်ရှု၏ ပွေ့ဖက်ခံထားရသည့်နှယ် သူ့၏အနွေးဓာတ်က လွှမ်းခြုံထားသည်။
ဖုကျန်း လက်သီးဆုပ်လိုက်ပြီး သူ့ကိုယ်သူ ပိုပြီး သတ္တိကောင်းလာစေရန် မျှော်လင့်မိသည်။
ရလဒ်အနေဖြင့် သူစကားမပြောခင် ဘေးခန်းမှ တံခါးဖွင့်လာသောကြောင့် ဖုကျန်း ထိတ်လန့်သွားသည်။ အခန်းနီးချင်းမှ တံခါးကိုကိုင်ကာ သမ်းရင်း‌ ခေါင်းမော့ကြည့်လိုက်သည်။ အခန်းရှေ့တွင် စုဝေးနေသော ဖုကျန်းနှင့် ကျန်းဟန်ရှုကိုတွေ့၍ မေးလိုက်သည်။
".ညဉ့်နက်နေပြီကို ဘာလို့ မအိပ်ကြသေးတာလဲ..."
"ဘာလို့မှ မဟုတ်ပါဘူး...."
ဖုကျန်းက တိုးတိုးလေး ပြောလိုက်သည်။
ထိုသူလည်း ခေါင်းယမ်းကာ တီးတိုးရေရွတ်လိုက်ပြီးနောက် သန့်စင်ခန်းသို့ လျှောက်သွားလေသည်။
ကျန်းဟန်ရှု ခေတ္တ တိတ်ပြီးနောက် ဖုကျန်းကို ပြောလိုက်သည်။
"...မင်းအခန်းကိုသွားပြီး စကားပြောရအောင်..."
ဖုကျန်း သော့ကို အလျင်စလိုထုတ်ကာ သော့ပေါက်ထဲသို့ ထည့်လိုက်သည်။ သူ့အခန်းတံခါးကို တွန်းဖွင့်ကာ နံရံပေါ်မှ မီးခလုတ်ကို ဖွင့်လိုက်သည်။ ကျန်းဟန်ရှုက နောက်မှ လိုက်ဝင်လာသည်။
ဖုကျန်း၏အခန်းမှာ အလွန်ကျဉ်းပြီး အရွယ်ရောက်ပြီးသား အမျိုးသားနှစ်ဦးအတွက်မူ လှောင်ချိုင့်ထဲမှ သားရဲနှစ်ကောင်သဖွယ် ကျဉ်းကြုတ်လှသည်။ ရွေ့လျားရန်နေရာ မရှိသလောက်ပင်။
"....အဆင်ပြေသလိုသာ ထိုင်လိုက်...."
ဖုကျန်းသည် ထိုသို့ပြောပြီးမှ အနည်းငယ် ရှက်ရွံ့မိသည်။ သူ့အခန်းထဲတွင် အိပ်ရာမှတစ်ပါး အခြား ထိုင်စရာနေရာ ရှိဟန်မတူ။
ကျန်းဟန်ရှုက ကုတင်ပေါ်တွင် ထိုင်လိုက်သည်။
"...ဟုတ်သားပဲ...."
ဖုကျန်းပြောလိုသည်များမှာ လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ တစ်ဖန် ပြန်ဝင်သွားသည်။ အခုအချိန်တွင် ထိုအရာများကို ပြန်အစဖော်ရန် သတ္တိမရှိပေ။ တစ်ဖက်လှည့်လိုက်ပြီး အထူးကွန်ပျူတာကို ကျန်းဟန်ရှုသို့ ပေးလိုက်သည်။
"...ငါ့ကွန်ပျူတာက ပြင်ပြီးသွားပြီ မင်းကို ပြန်ပေးလိုက်မယ် မနေ့ကအတွက် ကျေးဇူးပါ..."
ကျန်းဟန်ရှုက တစ်ချက်ဝေ့ကြည့်လိုက်သော်ငြား ပြန်မယူခဲ့။
".ငါကအသုံးမလိုသေးဘူး မင်းပဲ အရင်သုံးထားလိုက်...."
".ဒါပေမယ့်....."
ဖုကျန်း နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။
"မင်း အိမ်ပြန်မှာမဟုတ်လား....."
ကျန်းဟန်ရှု ခေါင်းကိုမော့ကာ ဖုကျန်းကို ကြည့်နေလိုက်ပြီး ခဏမျှကြာမှ ပြန်ဖြေလိုက်သည်။
".နောက်ရက်နည်းနည်းလောက်ကြာမှပါ..."
ဘယ်နှရက်ဆိုတာ‌ကိုတော့ ကျန်းဟန်ရှု မဆုံးဖြတ်ရသေး။
ဖုကျန်း ခေါင်းကိုငုံ့ကာ တိုးတိုးလေးမြည်တမ်းလိုက်သည်။ ကျန်းဟန်ရှု တစ်နေ့နေ့တွင် ထွက်ခွါသွားမည်ကို သူသိနေသည်။ ဆောက်လုပ်ရေးလူပ်ငန်းခွင်သို့ အလုပ်လုပ်ရန် သွားသည်မှာလည်း အခြားအကြောင်းပြချက်ကြောင့်ပင်။ သူသည် ကွန်ပျူတာကို ကျန်းဟန်ရှု၏ပေါင်ပေါ်တင်၍ ပြောလိုက်သည်။
"...တစ်ခြားကွန်ပျူတာပဲ ပြောင်းလိုက်ပါ့မယ်..."
ကျန်းဟန်ရှု မျက်လွှာချကာ သူ့ပေါင်ကို ငေးကြည့်နေလိုက်သည်။ ထို့နောက် ဖုကျန်းအိပ်ရာပေါ်သို့ထားကာ မတ်တပ်ရပ်ပြီး ဖုကျန်းထံ လျှောက်လာခဲ့သည်။
ဖုကျန်းက အေးစက်စက်နံရံကိုမှီကာ သူ့ခြေထောက်ကို ငုံ့ကြည့်နေသည်။ မကြာခင် ကျန်းဟန်ရှုက သူ့ရှေ့မတ်တပ်ရပ်လိုက်ပြီး ကြီးမားသောအရိပ်ရှည်ကြီးဖြင့် လွှမ်းခြုံလိုက်သည်။
ဖုကျန်း ခေါင်းကိုမော့ကာ သူ့ကိုကြည့်လိုက်သည်။ မီးရောင်ဝိုးတဝါးအောက်တွင် သူသည် ကျန်းဟန်ရှု၏ မုတ်‌ဆိတ်မွှေးရေးရေးရှိနေသော မေးစေ့၊ နှာတံမြင့်မြင့်နှင့် ပင်လယ်သဖွယ် နက်ရှိုင်းလှသော မျက်ဝန်းပြာတို့ကို ကြည့်နေလိုက်သည်။
ကျန်းဟန်ရှု၏နှုတ်ခမ်းများမှာ သာသာလေး ရွေ့လာပြီး သူသည် ဖုကျန်းအနီးသို့ ပိုတိုးလာသည်မှာ ကိုယ်ချင်းထပ်လုနီးပါးပင်။ သူကမေးလိုက်သည်။
"...အခန်းအပြင်မှာတုန်းက ဘာပြောမလို့လဲ..."
ဖုကျန်း ထိတ်လန့်တကြား နောက်ဆုတ်လိုက်သော်လည်း သူ၏နောက်တွင် နံရံသာရှိပြီး နောက်ဆုတ်ရန် နေရာလွတ် မရှိတော့ပေ။
တစ်ခါပဲ...ဒီတစ်ခါပဲ ကြိုးစားကြည့်ရအောင်....
ကျန်းဟန်ရှု ပြန်ထွက်သွားတော့မည်ဖြစ်၍ ဖုကျန်းသည် တိတ်တိတ်လေး ရေရွတ်လိုက်သည်။ သူပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ သူတို့သည် အနာဂတ်တွင် ထပ်တွေ့ရန်အခွင့်အ‌ရေး ရှိတော့မည်မဟုတ်ချေ။ သူ့မှာ တစ်ညသာ ကျန်တော့သည်။ ကျန်းဟန်ရှုနှင့် တစ်ကြိမ်လွဲချော်ပြီးဖြစ်သည်။ နောက်တစ်ကြိမ်ပြန်တွေ့သည်မှာ ဘုရားသခင်၏ ဂရုဏာတော်ကြောင့်ဖြစ်သည်။ သူ နောက်တစ်ခါ နောင်တမရချင်တော့။
နောက်ဆုံးတွင်တော့ ဖုကျန်းသည် ပါးစပ်ဟလိုက်သည်။ ၎င်းက ကျန်းဟန်ရှုကို ပထမဆုံးတွေ့စဉ်ကပင် သူပြောချင်ခဲ့သောအရာဖြစ်သည်။ သူသည် ကျန်းဟန်ရှု၏ မျက်ဝန်းမှတစ်ဆင့် သူ၏အတွေးများကို ဖတ်နိုင်မလားဟူသော မျှော်လင့်ချင်ဖြင့် ကြည့်လိုက်သည်။
ဖုကျန်း တကယ်ကို မပြောနိုင်ဘူး။
"...ငါ ...ငါ မင်းကိုကြိုက်တယ်...."
နောက်ဆုံးမှာတော့ ဖုကျန်းသည် ထိုစကားလုံးလေးလုံးကို ပြောထွက်နိုင်ခဲ့ပြီဖြစ်သည်။
သူ ကျန်းဟန်ရှု၏ အမူအယာကို မကြည့်ရဲ၍ ခေါင်းကို ငုံ့ချလိုက်သည်။
နှစ်ဦးလုံးမှာ တစ်ပြိုင်တည်း တိတ်ဆိတ်သွားသည်။
ဖုကျန်း အနည်းငယ် စိတ်မကောင်းဖြစ်လာပြီး သူဖွင့်ပြောခြင်းသည် ကျန်းဟန်ရှုအတွက် စိတ်အနှောင့်အယှက်မဖြစ်မိစေရန် မျှော်လင့်သည်။
အကယ်၍ ထိုအချိန်ကသာ ဖုကျန်းသည် သူ့ခေါင်းကို မော့ကြည့်ခဲ့ပါလျှင် ကျန်းဟန်ရှု၏ မျက်ဝန်းအတွင်းမှ အကြင်နာများ လျှံကျနေသည်ကို တွေ့မည်ဖြစ်သည်။ မီးရောင်အောက်တွင် သူ၏ တင်းမာသော မျက်နှာအစိတ်အပိုင်းများမှာ သိမ်မွေ့နေပြီး ချစ်ခြင်းမေတ္တာကရုဏာများ ပြည့်လျှံနေသည်။
".စောစောနားတော့...."
ကျန်းဟန်ရှုသည် လက်ကိုမြှောက်ကာ ဖုကျန်းခေါင်းကို ပွတ်ပေးလိုက်သည်။
ဖုကျန်း သူ ကျန်းဟန်ရှုငြင်းတာကို ခံလိုက်ရပြီဟု တွေးမိသည်။
ကျန်းဟန်ရှုက တကယ်ကို ကြင်နာတတ်တဲ့သူ.. သူငြင်းရင်တောင် ရှင်းရှင်းလင်းလင်းပြောမှာမဟုတ်ဘူး....
ဖုကျန်း၏နှာခေါင်းမှာ အနည်းငယ် ချဉ်စူးလာသော်လည်း ငိုရန်အကြောင်းမရှိပေ။ အသက်ပြင်းပြင်းရှူကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"...ဒီနေ့အတွက် တောင်းပန်ပါတယ်..."
ကျန်းဟန်ရှုက ဖုကျန်း၏ စကားကို ဖြတ်ပြောလိုက်သည်။
"...မလိုပါဘူး...ကိစ္စမရှိဘူး..."
ဖုကျန်း ခေတ္တမျှ ဆွံ့အသွားသည်။
ကျန်းဟန်ရှုက သာသာလေး ဘေးသို့ယိုင်လာပြီး သူ့နှုတ်ခမ်းများသည် ဖုကျန်း၏ ပန်းရောင်သမ်းနေသော နားရွက်ဖျားကို ပွတ်တိုက်သွားသည်။ သူ့အသံဩရှရှမှာ ဖုကျန်း၏နားထဲတွင် ပန်းရနံ့ကို သယ်ဆောင်လာသော လေပြေတိုက်ခတ်နေသဖွယ်။
သူသည် ကျန်းဟန်ရှုပြောလိုက်သည်ကို ကြားလိုက်သည်။
".ကိုယ်လည်း မင်းကို သဘောကျတယ်..."
ဖုကျန်း၏စိတ်ထဲတွင် မီးရှူးမီးပန်းအတွဲလိုက် ဖောက်လိုက်သလိုပင်။ ဖုကျန်းမှာ ဘာလုပ်လို့လုပ်ရမှန်းမသိတော့။ ကျန်းဟန်ရှုကိုသာ ငေးကြည့်နေမိသည်။
အိပ်မက်ဆန်လိုက်တာ....။
ကျန်းဟန်ရှု၏နားများမှာ နီမြန်းနေသော်လည်း ဖုကျန်း သူ့ကို တည့်တည့်ကြည့်နေချိန်တွင်တော့ ဟန်မပျက် တည်ငြိမ်နေသည်။
ထိုအခိုက်အတန့်တွင် ဖုကျန်းသည် အိပ်မက်ပင်လယ်ထဲ၌ လက်ပစ်ကူးနေသယောင်။ ကျန်းဟန်ရှုကို အကြာကြီးကြည့်လိုက်ပြီးမှ သကြားလုံးပူဆာသော ကလေးသဖွယ် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်။
"...အနမ်းတစ်ပွင့်လောက် မပေးချင်ဘူးလား..."
ကျန်းဟန်ရှုသည် ဖွဖွလေးပြုံးလိုက်သည်။ ခေါင်းကိုနှိမ့်ကာ ဖုကျန်း၏နှဖူးထက်သို့ သူ့နှုတ်ခမ်းဖြင့် တံဆိပ်ရိုက်လိုက်သည်။
"....အိုကေ ...စောစောအိပ်တော့နော် ...အိပ်မက်လှလှမက်ပါစေ...."
ကျန်းဟန်ရှုထွက်သွားချိန်အထိ ဖုကျန်း ရပ်ကျန်နေခဲ့ဆဲဖြစ်သည်။ မျက်နှာသစ်ဆေးကြောပြီးနောက် အိပ်ရာသို့ ပြန်လာကာ မျက်နှာကြက်ကို ငေးကြည့်နေခဲ့သည်။ ညာလက်ကိုမြှောက်လိုက်ကာ ကျန်းဟန်ရှုနမ်းသွားသော နဖူးကို သာသာလေးထိလိုက်သည်။
အခန်းထဲရှိ မီး မှိတ်သွားပြီး အ‌မှောင်ကျသွားပြီဖြစ်သော်လည်း ဖုကျန်းမှာ မျက်စိကြောင်နေသည်။ ညဉ့်နက်နေပြီဖြစ်သော်ငြား အိပ်မပျော်‌နိုင်သေး။
အိပ်မပျော်နိုင်သူမှာ ဖုကျန်းတစ်ဦးတည်းတော့မဟုတ်။ ဘေးခန်းရှိ ကျန်းဟန်ရှုမှာလည်း ထိုနည်းတူစွာပင်။ ကျန်းဟန်ရှုသည် ဖုကျန်းရှေ့တွင် အမြဲတမ်း တည်ငြိမ်ကာ အပူအပင်ကင်းသော်လည်း ယခု အခန်းထဲတွင် တစ်ယောက်ထဲရှိနေစဉ်မှာမူ အနည်းငယ် ကွဲပြားနေသည်။ တူညီသောခံစားချက်များ ထွက်ပေါ်လာသည်။
အိပ်ရာခေါင်းရင်းရှိ စားပွဲတင်မီးအိမ်မှာ နွေးထွေးသော အဝါရောင်ဖြစ်သည်။ ကျန်းဟန်ရှုသည် ကုတင်ပေါ်တွင် ခေါင်းအုံးကိုမှီကာထိုင်နေပြီး သူ၏ အေးစက်စက်မျက်နှာအစိတ်အပိုင်းများမှာတော့ မျက်ဝန်းမှအပြုံးရေးရေးလေးကြောင့် များစွာ နူးညံ့နေဟန်ရှိသည်။ ထိုအကြောင်းစဉ်းစားပြီးနောက် ကျန်းဟန်ရှုသည် ဖုန်းကိုယူကာ ဝမ်ထုန်ကို ဖုန်းဆက်လိုက်သည်။
ဝမ်ထုန်မှာ အိပ်ပျော်ပြီးပြီးချင်းပင် ကျန်းဟန်ရှု၏ ဖုန်းသံကြောင့် နိုးလာခဲ့သည်။
"...သူဌေးရေ ဘာကိစ္စရှိလို့လဲ ဘယ်အချိန်ရှိနေပြီလဲရော သိရဲ့လား...."
"....ညစာစားဖို့ အချိန်အားလား..."
"...ဘာတွေလုပ်နေတာလဲ...." ဝမ်ထုန်သည် သမ်းရင်း မေးလိုက်သည်။
"....မင်းကို အနာဂတ် မရီးလောင်းနဲ့ မိတ်ဆက်ပေးမလို့...."
"... !!!!! ...." ထိုအခိုက်အတန့်တွင် မျက်လုံးများပင် မဖွင့်နိုင်ဘဲ ပြန်အိပ်ပျော်တော့မည့် ဝမ်ထုန်သည် အိပ်ရာမှ ခုန်ဆင်းကာ မတ်တပ်ရပ်လိုက်သည်။
"...သူဌေးရေ အိပ်မက်ယောင်နေတာလား....."
"....မဟုတ်ဘူး...."
ကျန်းဟန်ရှုက ပြောလိုက်သည်။
"...ဒါဆို ငါပဲ အိပ်မက်မက်ရင်းယောင်နေတာလား..."
ဝမ်ထုန်က သူ့ကိုယ်သူပြောလိုက်သည်။
"...လာမှာလား မလာဘူးလား မလာရင် ဖုန်းချလိုက်တော့မယ်...."
ဝမ်ထုန်သည် ထိုအဖြစ်အပျက်မှာ ယုံနိုင်စရာမရှိဟု ခံစားရသေး၍ အတည်ပြုရန် ကျန်းဟန်ရှုကို ထပ်မေးလိုက်သည်။
"...သူဌေး တကယ်ကို လက်တွဲဖော်ရှာတွေ့ပြီပေါ့..."
ကျန်းဟန်ရှုက သူ့ကို သံပြတ်တစ်ခုသာ တုန့်ပြန်သော်ငြား သူ့လေသံထဲတွင်ပင် ပျော်ရွှင်နေကြောင်း ကြားနိုင်သည်။ ဝမ်ထုန်ပင်လျှင် ဒီလိုလေသံမျိုးကို တစ်ခါမှမကြားဖူး။
"...ဒီရက်ပိုင်းအားလား မင်းနဲ့တစ်ရက်လောက်တွေ့ပြီး မိတ်ဆက်ပေးမလို့..."
ဝမ်ထုန်က အားရဝမ်းသာတုန့်ပြန်လိုက်သည်။
"...အားရမှာပေါ့ အားရမှာပေါ့...."
ဖုန်းချပြီးနောက် ကျန်းဟန်ရှု၏ မျက်ဝန်းပြာမှာ ပြုံးရိပ်ထင်ဟပ်နေသည်။ ဖုန်းကိုဖွင့်ကာ ရင်းနှီးသော သူငယ်ချင်းအချို့ကို ဖုန်းဆက်လိုက်သည်။
"...အပြင်ထွက်စားဖို့ အချိန်ရှိလား ငါ့ချစ်သူ ကောင်လေးနဲ့ မိတ်ဆက်ပေးမလို့ ....."