Chapter 114
Viewers 6k

🌍Chapter 114




ဆေးရည်က ဒဏ်ရာပေါ် ရောက်သောအခါ အနည်းငယ် စပ်ဖျင်းဖျင်းဖြစ်သည့်ခံစားချက်ကို ခံစားရသော်လည်း ထန်မော့က ယင်းကို စိတ်ထဲ မထားပေ။ သူ ပြတင်းပေါက်ကို မျက်နှာမူကာ ထိုင်နေ၏။ အပြင်ဘက်တွင် ဆေးပေးခန်း၏‌မှောင်မိုက်သော မြေအောက်ကားပါကင် နေရာရှိပေသည်။ အခန်းထဲမှ မီးရောင်က ပြတင်းပေါက်ကို မှန်ဖြစ်သွားစေသဖြင့် သူ့ကို ဆေးလိမ်းပေးနေသည့် ဖူ၀မ်သော်ကို မြင်နေရ၏။


သူ့နောက်ကျော ထိတွေ့ခံနေရသည့်အတွက် ထူးဆန်းသလို ခံစားနေရပြီး သက်‌တော့သက်သာ မရှိချေ။


ထန်မော့ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်၏။


“အဲ့ကောင်လေး…အာ…ခင်ဗျားရဲ့၀မ်းကွဲ ဖူ၀မ်ရှန်း…”


လက်တစ်ဖက်တွင် ဇာဂနာကိုင်ထားသည့် ဖူ၀မ်သော် ပြောလိုက်၏။


“ဟုတ်တယ်…မင်း အမှားလုပ်မိခဲ့တာမဟုတ် ဘူးဆို သူက တကယ် ငါသိတဲ့ ဖူ၀မ်ရှန်းပဲ….”


“ခင်ဗျားကို မသိဘူးလို့ သူက အတည်ပေါက် ပြောနေတာဆိုတော့လေ…”


ကောင်လေးက လိမ်ညာနေသည့်ပုံ လုံး၀မပေါ်သည့်အတွက် သူနှင့်ပိုင်ရို့ယောင် လုံး၀လှည့်စားခံလိုက်ရလေသည်။


“ငါ သူနဲ့ အရမ်းရင်းနှီးတာတော့ မဟုတ်ဘူး…သူက ငါ့ထက် ၁၆နှစ်ငယ်တယ်…သူ မွေးတုန်းက သူ့ကို သွားတွေ့ဖူးတယ်…နောက် ငါ စစ်တပ်ထဲ ၀င်လိုက်တော့ အိမ်ပြန်လာချိန်က နည်းတဲ့အတွက် သူနဲ့သိပ်မတွေ့ဖြစ်တော့ဘူး….”


ဖူ၀မ်သော် တည်ငြိမ်စွာ ပြောလိုက်သည်။


“သူ ငါ့ကို မသိဘူးလို့ငြင်းတာ နားလည်ပေးလို့ ရပါတယ်…တကယ်လို့ ဂိမ်းထဲမှာ တစ်ယောက်ယောက်က မင်းကို ငါနဲ့သိသလားလို့မေးရင်…ထန်မော့…”


ဖူ၀မ်သော် ခဏရပ်ထားလိုက်ပြီး ခေါင်းမော့ကာ မှန်သဖွယ်ဖြစ်နေသည့် ပြတင်းပေါက်မှတစ်ဆင့် ထန်မော့ကို ကြည့်လိုက်သည်။


“မင်း အမှန်အတိုင်း ၀န်ခံမှာလား…”


ထန်မော့၏ချောင်းကြည့်နေခြင်း လူမိသွားလေသည်။


ထန်မော့ ချက်ချင်း အကြည့်ကိုရုတ်လိုက်ပြီး ပြောလိုက်သည်။


“ကျွန်တော် လုံး၀ ၀န်ခံမှာ မဟုတ်ဘူး…”


ဖူ၀မ်သော် ရယ်မောလိုက်ပြီး ခေါင်းစဉ် ပြောင်းလိုက်သည်။


“မင်း ဂိမ်းသိမ်းမှတ်ကို ပထမဆုံးအကြိမ်သုံးတာ ဘယ်လိုခံစားရလဲ…”


ထန်မော့နှင့်ဖူ၀မ်သော် အချင်းချင်း သိသွားရသည့် အကြောင်းရင်းမှာ ကြက်ဆင်ဥကြောင့်ဖြစ်၏။


ယခုဆို သုံးလခန့်ရှိပြီဖြစ်သည်။ ဖူ၀မ်သော် ဂိမ်းသိမ်းမှတ်ကို သုံးဖူးလေသည်။ ထိုစဉ်က သူ ‌အနက်ရောင်မျှော်စင်ဒုတိယထပ်တိုက်ခိုက်ရေးဂိမ်းထဲသို့ အတင်းဆွဲသွင်းခံရသဖြင့် ထန်မော့အား ကြက်ဆင်ဥ၏လုပ်ဆောင်ချက်အမှန်ကို ပြောပြရန်သာ ရွေးချယ်စရာရှိတော့သည်။ ထိုစဉ်က မျှော်စင်ကို နားမလည်နိုင်သေးသည့်အတွက် ဂိမ်းသိမ်းမှတ်ကို သုံး၍ မိမိ လုံခြုံရေးကို စိတ်ချရအောင်လုပ်ခဲ့လေသည်။


နောက်ဆုံးတွင် သူ ဖိုင်သိမ်းရန် အချိန်မမှီလိုက်သဖြင့် ကိုယ့်ကိုကိုယ်သတ်သေခဲ့ရပြီး ပြန်လည်စတင်ခဲ့ရသည်။


ထန်မော့က ကွဲပြားသည်။


ထန်မော့က မာရီယိုဂိမ်းတွင် ဂိမ်းသိမ်းမှတ်ကို ဖွင့်ခဲ့သော်လည်း ပြန်စတင်စရာမလိုခဲ့ပေ။ ပီနိုကီရိုဂိမ်းတွင်လည်း မလိုအပ်ခဲ့ပေ။ 


ထို့အတွက်ကြောင့် ဤကား ထန်မော့ ပထမဆုံး ဖိုင်သိမ်း၍ပြန်လည် အသုံးပြုခြင်းဖြစ်သည်။


ထန်မော့ လေးနက်စွာ ပြောလိုက်သည်။


“ဒါက အရမ်း အံ့အားသင့်စရာကောင်းတယ်…ကျွန်တော် ဖိုင်ကို တင်ပြီး  ခင်ဗျားနဲ့ စကားပြောတာ…ခင်ဗျားနဲ့ကျွန်တော်ကြားမှာရှိတဲ့အချိန်က မပြောင်းဘူး…ဒါပေမဲ့ ဂိမ်းထဲမှာတော့ အချိန်နောက်ပြန်ဆုတ်သွားတယ်…ကျွန်တော် အသင်း‌ဖော်တွေနဲ့တွေ့တဲ့ စမှတ်ကို ပြန်ရောက်သွားပြီး လွန်ခဲ့တဲ့မိနစ်၅၀ကို ပြန်ရောက်သွားတယ်…ဒါပေမဲ့ တခြားလူတွေက ဒါကို သတိထားမိပုံမပေါ်ဘူး…ကျွန်တော်ကပဲ ဒါတွေကို သိနေတာ…တချို့အန္တရာယ်တွေကို အလွယ်တကူရှောင်ရှားနိုင်ခဲ့တာလွဲ၍ နောက်ပိုင်းဖြစ်ရပ်တွေက အတူတူပဲ…”


ထန်မော့ ခေါင်းမော့ကာ ပြောလိုက်၏။


“ဖိုင်ကို တင်တာက အချိန်နောက်ပြန်ဆုတ်သွားတာလား…”


ဖူ၀မ်သော်၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီး မှန်ထဲမှ ထန်မော့ကို ကြည့်လိုက်သည်။


မှောင်မိုက်နေသော မှန်ပြတင်းပေါက်‌တွင် လူနှစ်ယောက်အကြည့်ချင်းဆုံနေ၏။


ဖူ၀မ်သော်ပြောလိုက်သည်။


“ဖြစ်နိုင်တာတွေ အများကြီးရှိတယ်…ဒါပေမဲ့ ငါ သဘောမတူဆုံးက အချိန်နောက်ပြန်ဆုတ်တာပဲ…”


“ဘာလို့လဲ…”


ထန်မော့ အလျင်လူသားစွမ်းရည်ကို သတိရသွားသည်။ ထိုစွမ်းရည်က မသိလျှင် အချိန်ရပ်တန့်စေသည့်စွမ်းရည်နှင့်တူပေသည်။ (ရတနာရဲတိုက်တွင် ပိုင်ရို့ယောင်က ထန်မော့၏စွမ်းရည်ကို အချိန်ရပ်တန့်စေသောစွမ်းရည်ဟုအထင်မှားခဲ့ဖူးသည်) အမှန်တွင် ၍စွမ်းရည်ကအသုံးပြုသူကို အရှိန်မြင့်ပေးခြင်းဖြစ်၏။ သူ လှုပ်ရှားမှုများက အလွန်မြန်ဆန်သည့်အတွက် သူ့မျက်လုံးထဲတွင် အခြားလူများ၏လှုပ်ရှားမှုက ရပ်တန့်နေသလိုဖြစ်သွားသည်။


ထို့အတွက်ကြောင့် ဤစွမ်းရည်က အချိန်ရပ်တန့်စေသောစွမ်းရည်မဟုတ်။ အရှိန်မြင့်ပေးသောစွမ်းရည်ဖြစ်သည်။


“လူသားတွေက စကြာ၀ဠာကို သုံးဖက်မြင်အမြင်တဲ့ မြင်ကြတဲ့သူတွေ…ဒါပေမဲ့ ငါတို့ နေ‌နေတဲ့စကြ၀ဠာက လေးဖက်ရှိတာ…”


ဖူ၀မ်သော် ထန်မော့၏ဒဏ်ရာကို ပိုးသတ်ပေးနေစဉ် ပြောလိုက်သည်။


“စကြာ၀ဠာရဲ့မမြင်နိုင်တဲ့ အခြားတစ်ဖက်ကို အချိန်လို့ ယူဆလို့ရတယ်…ကံမကောင်းစွာနဲ့ငါတို့ အဲ့ဒါကို သိပေမဲ့လည်း အဲ့ဒါကို မထိန်းချုပ်နိုင်ဘူး…ငါတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အချိန်၀င်ရိုးတစ်လျှောက် နာရီလက်တံအတိုင်းသွားနေဖို့ပဲ…”


ဤရိုးရှင်းသည့်သဘောတရားကို ထန်မော့လည်း သိပေသည်။ ထို့အတွက်ကြောင့် သူ ဖူ၀မ်သော် ပြောချင်သည့်စကားအဓိပ္ပာယ်ကို နား‌လည်သည်။


“ကြက်ဆင်ဥရဲ့လုပ်ဆောင်ချက်က သိမ်းလိုက်တာနဲ့ စတာဖြစ်နိုင်တယ်…သူက အချိန်၀င်ရိုးပေါ်မှာအမှတ်တစ်ခုထားခဲ့တယ်…ကျွန်တော်တို့ ဖိုင်ကို တင်လိုက်တဲ့အချိန် သူက မှတ်ထားတဲ့အမှတ်နေရာကို တိုက်ရိုက်ပြန်ရောက်သွားတာပဲ…”


“ဒါပေမဲ့ ထန်မော့ ငါကတော့ အချိန်ပြန်ဆုတ်သွားတာမဟုတ်ဘူး…”


ဖူ၀မ်သော် ပြောလိုက်သည်။


“မင်းက စမှတ်ပြန်ရောက်နေချိန် ငါ့အချိန်ကတော့ ပုံမှန်အတိုင်း ဆက်သွားနေတုန်းပဲ…”


ထန်မော့ အတွေးနက်နဲသွားသည်။


ဖူ၀မ်သော်၏စကားက မှန်ပေသည်။  ကြက်ဆင်ဥက အလွန်စိတ်၀င်စားစရာကောင်းသည်။ ဂိမ်းသိမ်းမှတ်ကိုဖွင့်ပြီးသည်နှင့် ကစားသမားနှစ်ယောက်က အချက်အလက်များ စတင်မျှဝေနိုင်ပေသည်။ အချက်အလက်များ မျှဝေရန်လည်း အတင်းအကြပ်မလုပ်နိုင်ပေ။ ထန်မော့ ဖိုင်ကိုသိမ်းရန် ‌ရွေးချယ်လိုက်သည့်အခါ ဖူ၀မ်သော်က မလွဲဧကန် ထန်မော့၏အသံကို သူ့စိတ်ထဲတွင် ကြားရမည်ဖြစ်သည်။


ဖူ၀မ်သော်က တစ်ဖက်မှပုံရိပ်များကို မမြင်နိုင်သော်လည်း တစ်ဖက်မှ အသံအားလုံးကို ကြားနိုင်ပေသည်။


ထန်မော့ Mobius ringနှင့် အနီရောင်နှလုံးသားဘုရင်မသီအိုရီအကြောင်းပြောသောအခါ ဖူ၀မ်သော် တိတ်တဆိတ် နားထောင်နေခဲ့သည်။ သူ ပိုင်ရို့ယောင်၏လျှပ်တပြက်တိုက်ခိုက်မှုခံရပြီး လရောင်ပန်းလုယူခံရချိန်တွင်လည်း ဖူ၀မ်သော် အားလုံးကြားနေရပေသည်။ ဘာမှ လုပ်မပေးနိုင်သည့်အတွက်ကြောင့်သာ တိတ်တဆိတ်နားထောင်နေရခြင်းဖြစ်သည်။


ထန်မော့ ဖိုင်ကို တင်၍ မိနစ်၅၀ခန့် နောက်ပြန်ဆုတ်သွားသောအခါတွင်လည်း အစစ်အမှန်ကမ္ဘာရှိဖူ၀မ်သော်က မူလအချိန်၀င်ရိုးအတိုင်း သွားနေဆဲဖြစ်သည်။ သို့သော်လည်း သူက ထန်မော့ ပိုင်ရို့ယောင်ကို အနိုင်ရသွားကြောင်း ကြားရပေသည်။


ထို့အတွက်ကြောင့် ကြက်ဆင်ဥကို သုံး၍ အချိန်နောက်ပြန်ဆုတ်သွားခြင်းက အနက်ရောင်မျှော်စင်တွင်သာ ဖြစ်ပျက်နေစဉ်ဖြစ်ပြီး လက်တွေ့ကမ္ဘာကို သက်ရောက်မှုမရှိချေ။


သို့သော်…


ထန်မော့ အခြားဖြစ်နိုင်ချေကို တွေးမိသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူ နောက်လှည့်ပြောလိုက်၏။


"ဂိမ်းသိမ်းမှတ်ကို ဖွင့်ပြီး ဖြစ်ပျက်ခဲ့သမျှက အတုအယောင်တွေများလား…အနက်ရောင်မျှော်စင်က ခင်ဗျားနဲ့ကျွန်တော်ကြား အချိန်စီးဆင်းမှုကို ပြောင်းလဲသွားစေတယ်…အဲ့အချိန်မှာ ကျွန်တော့်အသင်းဖော်တွေရဲ့အသိဉာဏ်ကို သုံးပြီး ဖြစ်နိုင်ချေအရှိဆုံးအနာဂတ်ကို တွက်ချက်လိုက်တာများလား…”


ထန်မော့ စကားရပ်သွားသည်။


သူ ရုတ်တရက် နောက်ပြန်လှည့်လိုက်ခြင်းကြောင့် လူနှစ်ယောက် မျက်လုံးချင်းဆုံသွားလေသည်။


ဖူ၀မ်သော်က ဂွမ်းဖြင့် ထန်မော့၏ဒဏ်ရာများကို‌ ပိုးသတ်ပေးနေခြင်းဖြစ်သည့်အတွက် ခေါင်းငုံ့ထားလေသည်။ ထိုစဉ် ထန်မော့က ရုတ်တရက် နောက်လှည့်လာသည့်အတွက် သူတို့နှစ်ယောက်ကြား အကွာအဝေးက အလွန်ကျဉ်းမြောင်းသွား၏။ မျက်နှာနှစ်ခုက ငါးစင်တီမီတာခန့်သာ ကွာဝေးတော့၏။ ထို့အတွက်ကြောင့် ဖူ၀မ်သော်၏မျက်နှာပေါ်တွင် ကြုံတောင့်ကြုံခဲ အံ့အားသင့်သည့်အမူအရာပေါ်နေပြီး ထိုအမူအရာကိုကြည့်ကာ ထန်မော့လည်း ထိတ်လန့်သွားသည်။


ထန်မော့၏မျက်လုံးများက တုန်လှုပ်နေပြီး ပါးစပ်ဟလိုက်သော်လည်း စကားမပြောနိုင်ပေ။


ထိုအခိုက်အတန့်တွင် ဖူ၀မ်သော် လတ်ဆတ်သန့်ရှင်းသောရနံ့ကို ရလိုက်သည်။ ထိုရနံ့က အလွန်ပေါ့ပါးသော်လည်း ကောင်းမွန်ပေသည်။


ဖူ၀မ်သော်၏ဇာဂနာကိုင်ထားသည့်လက်က တဖြည်းဖြည်းတင်းကြပ်လာ၏။


လူနှစ်ယောက် အချင်းချင်းနီးကပ်စွာ စိုက်ကြည့်နေကြပြီး မည်သူမှ မလှုပ်ရှားကြပေ။


အကွာအဝေးက အလွန်နီးကပ်နေသည့်အတွက် မသိလျှင် နမ်းနေပုံပေါ်ပေသည်။ ‌သို့သော် နောက်တစ်ခဏတွင် တံခါး၀မှအသံတစ်သံကို ကြားလိုက်ရသည်။


“အာ…ငါ မင်းတို့ကို နှောင့်ယှက်မိသွားသလား…”


ထန်မော့နှင့်ဖူ၀မ်သော် တံခါး၀သို့ လှည့်ကြည့်လိုက်၏။


ထိုအခါ အဖြူရောင်သုတေသနကုတ်အင်္ကျီ၀တ်ဆင်ထားသည့် လော့ဖုန်းချန်းက တံခါးကို မြင်ကာ ရယ်မောနေသည်ကို တွေ့လိုက်ရ၏။


“နောက်တာပါ…ငါ့နေရာက ကြည့်ရင် မင်းတို့ နမ်းနေကြတာနဲ့တူတယ်…”


လော့ဖုန်းချန်း တည်ငြိမ်စွာ ပြောလိုက်သည်။


နောက်ဆုံးတွင် သူတို့က ယောကျာ်းနှစ်ယောက်သာဖြစ်ပြီး ယောက်ျားနှင့်မိန်းမ မဟုတ်သည့်အတွက် ထိုသို့စနောက်ခြင်းက ကြီးကြီးမားမားမဟုတ်ပေ။ သို့သော်လည်း ထိုစကားကို ကြားလိုက်ရသောအခါ ထန်မော့၏လည်ချောင်းထဲ၌ တစ်ခုခုတစ်ဆို့သွားသည့်ခံစားချက်မျိုး ခံစားလိုက်ရလေသည်။


ဖူ၀မ်သော်က ဂေးမဟုတ်သော်လည်း ထန်မော့က ဂေးဖြစ်သည်။


လော့ဖုန်းချန်းက ယောကျာ်းနှစ်ယောက်ကြား အထူးဆက်ဆံရေး‌ရှိနိုင်ချေ ရှားပါးသောကြောင့် ဟာသလုပ်လိုက်ခြင်းဖြစ်သည်။ ယင်းကား ဖူ၀မ်သော်အတွက်မူ ဟာသတစ်ခုသာ ဖြစ်သော်လည်း သူ့အကြောင်း သူသိသည့် ထန်မော့အတွက်မူ အနည်းငယ်ရှက်စရာကောင်းပေသည်။ ထို့ကြောင့် ဖူ၀မ်သော်နှင့်‌ ဝေးကွာစေရန် ကုတင်အစွန်းသို့ တမင်ရွှေ့ထိုင်လိုက်၏။


ထိုအချိန်တွင် ဖူ၀မ်သော်က ထန်မော့၏ကျောပေါ်ရှိ အနက်ဆုံးဒဏ်ရာပေါ်သို့ ဆေးတို့ထားသည့်ဂွမ်းအား ဖိချလိုက်သည့်အတွက် ထန်မော့ တစ်ကိုယ်လုံး ကျဉ်တက်သွားပြီး ဖူ၀မ်သော်၏မေး‌စေ့ကိုပင် ရိုက်မိတော့မလိုပင် ဖြစ်သွား၏။


ဖူ၀မ်သော် အသံတိုးတိုးပြောလိုက်သည်။


“မင်းကျောရိုးပေါ်မှာ ဒဏ်ရာရှိတယ်…မင်း ဂရုစိုက်သင့်တယ်…ဒဏ်ရာကို ပိုမဆိုးသွားစေနဲ့…နောက်ထပ်နှစ်စင်တီမီတာလောက်ဆို မင်းရဲ့ သုံးခုမြောက်ခါးဆစ်ရိုးကို သွားထိနေပြီ…မင်းရဲ့ကုသနိုင်စွမ်းနဲ့ဆို အောက်ပိုင်းသေသွားတာမျိုး မဖြစ်ပေမဲ့ မင်း ခဏလောက်တော့ မတ်တပ်ရပ်လို့ရမှာ မဟုတ်ဘူး…ခဏလောက်တော့ ပြန်တိုက်ခိုက်လို့ရမှာ မဟုတ်ဘူး…”


သူ ခဏနားပြီးနောက် ဆက်ပြောလိုက်၏။


“မင်း တခြားလူတွေနဲ့တိုက်ခိုက်တဲ့အချိန် ဒီအားနည်းချက်ကို ဖုံးကွယ်ဖို့ ကြိုးစားသင့်တယ်…”


“အင်း…”


ဤကား အသိတရား ကွာခြားမှုဖြစ်သည်။ ထန်မော့ အတွက်မူ တိုက်ခိုက်ရသည်မှာ ကြုံတောင့်ကြုံခဲဖြစ်လေသည်။ ကျန်းနန်ရှိလူအများစုသည် ဖော်ရွေကြပြီး စကားဖြင့် ငြင်းခုံရန်ဖြစ်ခြင်းပင် နည်းပါးလေသည်။ သို့သော် ယခုမူ အချို့နေရာများတွင် တိုက်ခိုက်လိုက်ခြင်းက ပိုကောင်း၏။ သို့သော်လည်း သူက ယခု သာမာန်တိုက်ခိုက်ရေးနည်းလမ်းများဖြင့်သာ တိုက်ခိုက်နိုင်ပေသည်။


လော့ဖုန်းချန်း ဖူ၀မ်သော်၏စကားကို ကြားသောအခါ ထန်မော့အနားသို့ လျှောက်သွားလိုက်သည်။


“ဒီဒဏ်ရာက နည်းနည်းပြင်းတယ်…ထန်မော့ မင်း ဒီလိုပြင်းထန်တဲ့ဒဏ်ရာရတာတောင် အသက်ရှင်နေသေးတယ်…ဒါက ရှားတယ်…”


လွန်ခဲ့သည့်နာရီ၀က်ခန့် ထန်မော့ ဖူ၀မ်သော်၏ဒဏ်ရာကို ကုသပေးစဉ်ကလည်း ထိုသို့ ‌တွေးခဲ့ဖူးလေသည်။


“ကျွန်တော်က ကံကောင်းတယ်…အဓိကက အဲ့မွန်းစတားရဲ့လက်နက်က  ထူးခြားလို့ ပြန်လည်ကုသနိုင်စွမ်းက အားနည်းသွားတာပဲ…”


သုံးယောက်သား ထိုကိစ္စကို ဆက်မပြောတော့ချေ။


လော့ဖုန်းချန်း မေးလိုက်သည်။


“မင်းတို့ စောစောက ဘာအကြောင်းပြောနေကြတာလဲ…”


လော့ဖုန်းချန်းက ဆေးပေးခန်းထဲသို့ ပုံမှန်အတိုင်း ၀င်သွားခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် ဖူ၀မ်သော်နှင့်ထန်မော့က ခြေသံကို ကြားနိုင်သော်လည်း ထိုအချိန်ကမူ ရှက်စရာကောင်းသည့်အခြေအနေအောက် ရောက်နေကြသည့်အတွက် လော့ဖုန်းချန်း ရောက်လာသည်ကို မသိလိုက်ကြပေ။


ကြက်ဆင်ဥ၏ပြဿနာတွင် အချိန်၊ အသိဉာဏ်နှင့် လူသားဦးနှောက်နှင့်ပင် ဆက်စပ်နေနိုင်လေသည်။ ပရော်ဖက်ရှင်နယ်ပြဿနာကို ပရော်ဖက်ရှင်နယ်က ဖြေရှင်းသင့်အတွက် လော့ဖုန်းချန်းက အလွန် အသင့်တော်ဆုံးဖြစ်၏။


ထန်မော့ လော့ဖုန်းချန်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။


ထိုစဉ် ဖူ၀မ်သော်၏အသံကို ကြားလိုက်ရ၏။


“ဘာမှမဟုတ်ပါဘူး…ကျွန်တော်တို့ အရင်ဂိမ်းအကြောင်းပြောနေကြတာ…”


ထန်မော့ ထပ်ဖြည့်ပြောလိုက်သည်။


“ဟုတ်တယ်…ဂိမ်းက အရမ်းခက်တယ်…ဗိုလ်မှူးဖူနဲ့ကျွန်တော်တို့ ကစားခဲ့တဲ့ ခရစ်စမတ်Eventဂိမ်းလေ…ကျွန်တော် အရင်က ခင်ဗျားကို ပြောခဲ့ဖူးတဲ့ဟာ…”


သူတို့နှစ်ယောက်လုံး အပြန်အလှန်နားလည်မှုဖြင့် ကြက်ဆင်ဥပြဿနာကို ရှောင်လိုက်ကြသည်။


ကြက်ဆင်ဥက ထန်မော့နှင့်ဖူ၀မ်သော်၏အဓိကအရေးပါဆုံးဂိမ်းကူပစ္စည်းဖြစ်လေသည်။


သူတို့ အခြားတစ်ယောက်ကို မပြောပြချင်ပေ။ ထိုလူက လော့ဖုန်းချန်းဖြစ်လျှင်ပင် မရပေ။


လော့ဖုန်းချန်း မေးလိုက်သည်။


“ရုံးမှာ ထန်မော့ပြောတာကြားခဲ့တယ်…ဗိုလ်မှူးဖူရဲ့၀မ်းကွဲကလည်း အနက်ရောင်မျှော်စင်ပထမထပ်ကို ရှင်းလင်းခဲ့တယ်ဆို…သူက ရှန်ဟိုင်းမှာပဲလား…”


ဖူ၀မ်သော် ဒဏ်ရာကို ပိုးသတ်ပြီးနောက် ဂွမ်းစဖြင့် အုပ်ပေးလိုက်လေသည်။


ထန်မော့ မတ်တပ်ရပ်လိုက်ပြီး ရှပ်အင်္ကျီအဖြူပြန်၀တ်လိုက်ကာ ပြောလိုက်သည်။


“သူ ရှန်ဟိုင်းမှာ မရှိသင့်ဘူး…အနက်ရောင်မျှော်စင်ဂိမ်းရှင်းလင်းပြီးကြောင်း အသံလွှင့်တဲ့အခါသူ့ကို တရုတ် စီရင်စု၆၏ လို့ ကြေညာသွားတယ်…ရှန်ဟိုင်းက စီရင်စု၂လေ…စီရင်စု ၆က ဘယ်နေရာလဲကျွန်တော်မသိဘူး…ရှန်ဟိုင်းမဟုတ်တာတော့ ကျိန်းသေတယ်…”


ဖူ၀မ်သော်် ပြောလိုက်သည်။


“စီရင်စု ၁က ပေကျင်းဖြစ်‌နိုင်တယ်…”


ဖူ၀မ်သော် ပေကျင်းတွင် ရှိနေစဉ် အနက်ရောင်မျှော်စင်က “တရုတ်စီရင်စု၁၏ ခိုး၀င်သူ ဖူ၀မ်သော်အနက်ရောင်မျှော်စင်ပထမထပ်ကို ရှင်းလင်းပြီးပါပြီ”ဟု ကြေညာသံ ကြားဖူး၏။ ရက်အနည်းငယ်ကြားပြီးနောက် ဖူ၀မ်သော် အနက်ရောင်မျှော်စင်ဒုတိယထပ်ကို ရှင်းလင်းပြီးသည့်အခါ မျှော်စင်က “တရုတ်စီရင်စု၂၏ခိုး၀င်သူဖူ၀မ်သော်”ဟု ကြေညာခဲ့သည်။ ကစားသမားအများစုက ထိုကွဲပြားမှုကို သတိမပြုမိကြသော်လည်း ထန်မော့နှင့်လော့ဖုန်းချန်းက ယင်းကို သတိပြုမိကြ၏။ ကြိုတင်ပြင်ဆင်တတ်ကြသည့် ကစားသမားများမှာလည်း ထိုအချက်ကို သတိပြုမိကြပေသည်။


လော့ဖုန်းချန်း မှန်းဆကြည့်လိုက်သည်။


“တရုတ်စီရင်စု၁က ပေကျင်း၊ စီရင်စု၂က ရှန်ဟိုင်း…ဒါတွေက အနက်ရောင်မျှော်စင်ရဲ့နယ်မြေတွေပဲ…မြို့တိုင်းမှာ သူတို့နယ်မြေတွေရှိတယ်…စတုရန်းကီလိုမီတာ ၁၀၀၀၀တိုင်းမှာ အနက်ရောင်မျှော်စင်ရှိတယ်…တရုတ်မြို့ပြစီမံကိန်းအရ မြို့အများစုက စတုရန်းကီလိုမီတာ၁၀၀၀၀ရှိတယ်…ဧရိယာခွဲ‌ဝေမှုက အနက်ရောင်မျှော်စင်တည်နေရာပေါ် မူတည်တာဖြစ်နိုင်တယ်…အဲ့ဒါကြောင့် အနက်ရောင်မျှော်စင်က စီရင်စုပဲ…”


ထန်မော့ လော့ဖုန်းချန်း ဆိုလိုချင်သည်ကို သဘောပေါက်သွား၏။


“ပေကျင်းက စီရင်စု၁၊ ရှန်ဟိုင်းက စီရင်စု ၂…တရုတ်နိုင်ငံရဲ့အဆင့်တွေအရ ပိုင်းခြားထားတာပေါ့…”


လော့ဖုန်းချန်း ခေါင်းငြိမ့်လိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။


“ငါ ဒါကို သတိထားမိတာကြာပြီ…ဒါအပြင် တခြားတစ်ခုကိုလည်း သတိထားမိသေးတယ်…ထန်မော့ ၊ဗိုလ်မှူးဖူ ၊ ကမ္ဘာဒေသတစ်ခုချင်းစီက ကစားသမားတွေ ပထမဆုံးအကြိမ် အနက်ရောင်မျှော်စင်ကို ရှင်းလင်းတဲ့အခါ သူက တစ်ကမ္ဘာလုံးကို ကြေညာပေးတယ်….မစ္စတာဖူကတော့ ခြွင်းချက်ပေါ့…မစ္စတာဖူ အနက်ရောင်မျှော်စင်ကို ရှင်းလင်းတော့ သူက သုံးကြိမ်လောက် ကြေညာပေးတယ်လေ…အခြားနယ်မြေဒေသတွေက ကစားသမားတွေကိုတော့ တစ်ကြိမ်ပဲ ကြေညာပေးတာ…USနဲ့ဥရောပတို့လိုပေါ့…”


ပထမလူက အမြဲ အထူးအခွင့်အရေးရပေသည်။


ထန်မော့ မျှော်စင်တိုက်ခိုက်ရေးဂိမ်းခက်ခဲသည့် မုဒ်အား ပထမဆုံးအကြိမ်ရှင်းလင်းနိုင်ခဲ့သူဖြစ်သည့်အတွက် အနက်ရောင်မျှော်စင်ထံမှ“အထူးဂရုစိုက်မှု”ရရှိပြီး စိတ်ထိခိုက်ခဲ့ရလေသည်။


ဖူ၀မ်သော်၏တည်ငြိမ်သည့်အသံ ထွက်ပေါ်လာ၏။


“ဘာလို့ ဥရောပဇုန်လဲ…”


ထန်မော့ ပြဿနာ၏သော့ချက်ကို နားလည်သွားပြီး အနည်းငယ် ထိတ်လန့်သွားသည်။


ထန်မော့နှင့်ဖူ၀မ်သော်တို့အမူအရာများကို မြင်သောအခါ လော့ဖုန်းချန်း ပြုံးမိသွားသည်။ဉာဏ်ကောင်းသည့်လူများက ပြောဆိုရလွယ်ပေသည်။ ဤနေရာတွင် ဂျက်သာရှိနေလျှင် ထိုကိစ္စကို နားလည်နိုင်မည်မဟုတ်ချေ။ သူ ထောက်ပြလိုက်သည်နှင့် ထန်မော့နှင့်ဖူ၀မ်ရှန်းက သူ ပြောချင်သည့်အဓိပ္ပာယ်ကို နားလည်သွားကြ၏။


“ဟုတ်တယ်…အမေရိကန်၊ တရုတ်နဲ့ ဥရောပနယ်မြေတွေရှိတယ်…ဘာလို့ UK၊ ဂျာမနီ၊ပြင်သစ်နယ်မြေတွေ မဟုတ်ရတာလဲ…အရှေ့အာရှနိုင်ငံတွေ‌ကရော…တရုတ်ကိုတော့ ခွဲပြီးပြီး ဂျပန်နဲ့တောင်ကိုးရီးယားတို့လို အရှေ့အာရှနယ်မြေတွေကိုရော ဘာလို့မခွဲတာလဲ…ပေကျင်းက တရုတ်စီရင်စု၁၊ ရှန်ဟိုင်းက တရုတ်စီရင်စု ၂…အနက်ရောင်မျှော်စင်မှာ ဘာလို့ ဒီလိုရှင်းလင်းတဲ့ နယ်မြေခွဲဝေမှုတွေ ရှိနေတာလဲ…”



🪩