🌍Chapter 117
တစ်ရက်တာ အနားယူပြီးနောက် ထန်မော့၏ခန္ဓာကိုယ်နှင့်နောက်ကျောရှိ ဒဏ်ရာများ ပိုမိုကောင်းမွန်လာပေသည်။ အနည်းငယ် နက်ရှိုင်းသောဒဏ်ရာများမှလွဲ၍ ဒဏ်ရာအသေးအဖွဲများ ပျောက်ကွယ်သွားပြီဖြစ်သည်။ နေ့လည်ခင်း၌ ထန်မော့ အထည်ဆိုင်သို့ သွားကာ ဖူ၀မ်သော်ကို စောင့်လိုက်သည်။
ဖူ၀မ်သော် ထန်မော့ကို ကြည့်လိုက်၏။ ထိုစဉ် သူ့အကြည့်များက ထန်မော့ဖိနပ်ပေါ်သို့ ရောက်သွားလေသည်။
“မင်း တမင်တကာ ပေါ့ပေါ့ပါးပါးအ၀တ်တွေ ၀တ်ခဲ့တာလား…”
“ဟုတ်တယ်…”
ထန်မော့ မနက်စောစော အိပ်ရာထ၍ အားကစားပစ္စည်းဆိုင်သို့ သွားခဲ့သည်။ ထို့နောက် တစ်ကိုယ်ရည်သုံး အားကစား၀တ်စုံကို ယူကာ အားကစားဖိနပ်ကိုလည်းလဲခဲ့လေသည်။ သူ တကယ် ပိုကောင်းမွန်သည့်တိုက်ခိုက်ရေးနည်းစနစ်များကို သင်ယူလိုပြီး ခွန်အားတိုးတက်လာချင်သည်။ ထိုကြက်ဆင်ဥကြောင့်သာ မဟုတ်ခဲ့လျှင် ပိုင်ရို့ယောင် သူ့ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ပြီဖြစ်သည်။
ထန်မော့ မေးလိုက်သည်။
“ကျွန်တော်တို့ ဘယ်သွားကြမှာလဲ…နှစ်ကီလိုမီတာအကွာမှာတော့ လေ့ကျင့်ဖို့ နေရာကောင်းကောင်းရှိတဲ့ မူလတန်းကျောင်းရှိတယ်…”
ဖူ၀မ်သော် သဘောတူလိုက်သည်။
“ငါ မောလ်ကိုလာတော့ အဲ့နေရာကို ဖြတ်လာရတာ…”
နှစ်ယောက်သား ဘာမှထပ်မပြောတော့ပေ။
သူတို့ မူလတန်းကျောင်းကိုသာ ဦးတည်သွားလိုက်ကြ၏။
မူလတန်းကျောင်းတွင် မောလ်ကဲ့သို့ အရင်းအမြစ်များများ မရှိသဖြင့် ကစားသမားအနည်းငယ်ကသာ ကျောင်းတွင် နေထိုင်ရန် ရွေးချယ်ကြသည်။ ထန်မော့နှင့်ဖူ၀မ်သော်တို့က ကျောင်းရှိအဆောက်အအုံအားလုံးကို တစ်ယောက်ယောက် ၀င်ရောက်ပုန်းအောင်းနေခြင်းမရှိစေရန် ဂရုတစိုက် စစ်ဆေးလိုက်ကြသည်။
မည်သူကမှ သန့်ရှင်းရေးမလုပ်ပေးကြသည့်အတွက် ထိုနေရာက ပေါင်းပင်မြက်ပင်များဖြင့် ဖုံးလွှမ်းနေလေသည်။ ဖူ၀မ်သော်က ကွင်းပြင်အလယ်သို့ သွားလိုက်ပြီး ထိုနေရာရှိ ပေါင်းပင်မြက်ပင်များက ဒူးခေါင်းထိပင် ရောက်လုနီးပါးဖြစ်သည်။ ထန်မော့ ဖူ၀မ်သော်နောက်သို့ တည်ငြိမ်စွာ လိုက်သွားလိုက်၏။
ဖူ၀မ်သော် ရုတ်တရက်ပြောလိုက်၏။
“အရင်တုန်းက စစ်တပ်က ခြောက်လတိုင်းလေ့ကျင့်ရေးဆင်းဖို့ လူသစ်စုဆောင်းလေ့ရှိတယ်…”
ထန်မော့ မေးလိုက်သည်။
“ခင်ဗျားက လေ့ကျင့်ရေးအတွက် တာ၀န်ရှိတဲ့သူလား…”
သူ့ကို လော့ဖုန်းချန်းက ဖူ၀မ်သော်က တရုတ်နိုင်ငံရှိအသက်အငယ်ဆုံးဗိုလ်မှူးဖြစ်သည့်အပြင် အထူးတပ်ဖွဲ့၏ခေါင်းဆောင်လည်းဖြစ်ကြောင်း ပြောပြဖူးသည်။
“ငါက လူသစ်လေ့ကျင့်ရေးအတွက် တာ၀န်ရှိတဲ့သူ မဟုတ်ဘူး…”
ဖူ၀မ်သော် စကားရပ်လိုက်ပြီး ထန်မော့ကို ကြည့်လိုက်သည်။ သူ ပြုံးနေသော်လည်း သူ့မျက်လုံးများက နက်ရှိုင်းထူးဆန်းနေကာ စိတ်၀င်စားစရာတစ်ခုခု တွေးနေပုံပေါ်၏။
ထန်မော့ သာမာန်ကာလျှံကာ မေးလိုက်သည်။
“ဘာလို့လဲ…”
“ဘာလို့ဆို ငါ သူတို့ကို လေ့ကျင့်ပေးရင် သူတို့ ငါ သတ်တာ ခံရလိမ့်မယ်…”
ထန်မော့ ပြန်မဖြေပေ။ သူ တစ်ဖက်လူနောက်သာ လိုက်နေ၏။
ဒီလူက တော်တော်စိတ်၀င်စားစရာကောင်းတာပဲ…
သူတို့ အလယ်ဗဟိုသို့ ရောက်ပြီးနောက် ဖူ၀မ်သော် ထန်မော့နှင့်အတူ ရပ်လိုက်သည်။
ထန်မော့ တစ်ဖက်လူ၏လှုပ်ရှားမှုကို စောင့်ဆိုင်းနေစဉ် ဖူ၀မ်သော်က တိုးတိုးပြောလာလေသည်။
“ဘာစွမ်းရည်၊ ဘာလက်နက်မှ မသုံးဘဲ ငါ့ကို တိုက်ခိုက်ဖို့ ကြိုးစားကြည့်…”
ထန်မော့ သဘောပေါက်သွားသည်။
“ခင်ဗျား ကျွန်တော့်အခြေခံကို အရင်စစ်ကြည့်ချင်တာလား…”
ဖူ၀မ်သော် ပြောလိုက်သည်။
“ဒီနေရာက အနက်ရောင်မျှော်စင်ဂိမ်း…ပြီးတော့ ငါက မင်းရဲ့ရန်သူ…မင်း လုပ်ဖို့ လိုတာက…”
ငါ့ကို သတ်ဖို့ပဲ…
ဖူ၀မ်သော် စကားပင် မဆုံးမီ ထန်မော့ လျှပ်စီးလက်သလို ဖူ၀မ်သော်ပေါ်သို့ ခုန်အုပ်လိုက်သည်။ သူ ညာဘက်လက်သီးဖြင့် လေပြင်းတိုက်သလို ဖူ၀မ်သော်၏မျက်နှာကို ထိုးလိုက်သော်လည်း ဖူ၀မ်သော်က ခေါင်းကို ဘေးဘက်စောင်းရှောင်တိမ်းလိုက်၏။ ထန်မော့ ယင်းကို မျှော်လင့်ထားပြီးဖြစ်သည့်အတွက် ညာခြေထောက်ဖြင့် ဖူ၀မ်သော်ကို ကန်လိုက်သည်။
ဖူ၀မ်သော် ညာလက်ကို သုံးကာ ထန်မော့ ခြေထောက်ကို ဖိလိုက်သည့်အခိုက် ပြင်းထန်သည့်အရှိန်ကြောင့် ပေါင်းပင်မြက်ပင်များ ကွေးညွှတ်ကျကုန်၏။ မကြာမီပင် သူတို့နှစ်ယောက် လုံးထွေးသွားကြလေသည်။
ဖူ၀မ်သော်က ထန်မော့၏တိုက်ခိုက်မှုအားလုံးနီးပါး ရှောင်တိမ်းနိုင်ခဲ့သည်။
ဖူ၀မ်သော် ပြောထားသကဲ့သို့ ထန်မော့တိုက်ခိုက်ရာတွင် မည်သည့်စွမ်းရည်ကိုမှ မသုံးခဲ့ချေ။ အမှန်တွင် ထန်မော့၏စွမ်းရည်က တိုက်ခိုက်ရေးစွမ်းရည်မဟုတ်ပေ။ မီးမှုတ်ခြင်း၊ လေပြင်းခြင်းနှင့် အနီးကပ်တိုက်ပွဲတို့တွင် အနိုင်ရရန် အခွင့်အရေးကို တိုးမြင့်ပေးသည့် အလျင်လူသားမှလွဲ၍ အခြားတိုက်ခိုက်ရေးစွမ်းရည်များ မရှိချေ။ သူက အမှန်ပင် သူ့၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို အားကိုးရလေသည်။
ယင်းကား လွန်ကဲသည့်တုံ့ပြန်မှုစွမ်းရည်နှင့်လျင်မြန်သည့် မြင်နိုင်စွမ်းကို သူ့၏မြင့်မားသည့် အရှိန်၊ ခွန်အားတို့နှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထန်မော့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံနှင့်ရင်ဆိုင်ရလျှင်ပင် နောက်တွင် ကျန်ခဲ့မည်မဟုတ်ပေ။ သူ တစ်ဖက်လူကို ထိသရွေ့ သူတို့ ကျရှုံးသွားနိုင်ပေသည်။
ကိုယ်ခံပညာရှင်များအား အနိုင်ယူရန် မဖြစ်နိုင်သော်လည်း သူတို့ထဲမှ ၁၀ယောက်ကို အနိုင်ယူနိုင်ပေသည်။
ထန်မော့၏လှုပ်ရှားမှုအားလုံး ရက်စက်ကြမ်းကြုတ်ပြီး လူသတ်နိုင်သည့်အကွက်များဖြစ်သည်။ သူ ဖူ၀မ်သော်၏သေစေနိုင်လောက်သည့်နေရာများ(ဥပမာ -မျက်လုံး၊ နားသယ်စပ်)ကို အဆက်မပြတ် တိုက်ခိုက်နေသည်။ သို့သော်လည်း ဖူ၀မ်သော်က အချိန်တိုင်း ရှောင်တိမ်းနိုင်ခဲ့သည်။ သူထန်မော့၏ နောက်ထပ်တိုက်ကွက်များကို လည်း တားဆီးနိုင်ခဲ့လေသည်။
လူနှစ်ယောက် ကွင်းပြင်အလယ်တွင် ဒါဇင်နှင့်ချီသော တိုက်ကွက်များ ဖလှယ်နေကြသည်။
ထို့အတွက်ကြောင့် ပေါင်းပင်မြက်ပင်များပြတ်တောက်သွားပြီး အဝါရောင်ဖုန်မှုန့်များက ကောင်းကင်ကို ဖုံးလွှမ်းသွားလေသည်။ ထန်မော့ ဖူ၀မ်သော်ကို ကြည့်လိုက်ကာ တိုက်ခိုက်မည့်အစား မြေပြင်ကို ကန်လိုက်ပြီး ဖုန်မှုန့်များကို လွင့်မျောပျံသန်းသွားစေလိုက်သည်။
ဖူ၀မ်သော်၏မျက်လုံးထဲ၌ ပထမဆုံးအကြိမ် အံ့ဩသည့်အရိပ်အယောင် ပေါ်လာလေသည်။ အဝါရောင်သဲမှုန့်များကြောင့် သူ့မျက်လုံးများမှိတ်သွားပြီး ခေတ္တမျှ တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ခဲ့ချေ။ ထိုအချိန်တွင် ထန်မော့၏ညာဘက်လက်သီးက ဖူ၀မ်သော်၏ဘယ်ဘက်နားသယ်စပ်ကို ထိုးလိုက်သော်လည်း မထိမီ လက်ဖဝါးတစ်ဖက်က သူ့လက်သီးကို ပိတ်ဆို့လိုက်၏။
ထန်မော့ အံ့အားသင့်သွားပြီး လက်ပြန်ရုတ်ရန် ကြိုးစားသော်လည်း ဖူ၀မ်သော်က လက်ကို ရှေ့ဆွဲယူလိုက်ကာ ထန်မော့ကို ကန်လိုက်ပြီး ထန်မော့၏ခန္ဓာကိုယ်ကို မြေပြင်ပေါ် ဖိထားလိုက်ကာ ဘယ်ဘက်လက်ဖြင့် ထန်မော့၏လက်သီးကို ဆုပ်ကိုင်ထားပြီး ညာဘက်လက်ဖြင့် ထန်မော့၏လည်ပင်းကို ဆုပ်ကိုင်ထားကာ မြေပြင်ပေါ် ဖိထားလိုက်သည်။
ဖူ၀မ်သော် မျက်လုံးကိုဖွင့်ကာ ပြောလိုက်သည်။
“အခုလေးတင် ငါ မျက်လုံးမှိတ်သွားအချိန် အကြီးမားဆုံး အားနည်းချက်က ဘယ်ဘက်နားသပ်စပ်ပဲ…မင်း အဲ့နေရာကို ထပ်မထိသင့်ဘူး…ဘာလို့ဆို မင်း ငါ့အားနည်းချက်ကို သိသွားသလို ငါလည်းပဲ သိတဲ့အတွက်ကြောင့် ကာကွယ်မှာမို့လို့ပဲ…”
ထန်မော့ ဆယ်မိနစ်ကြာ ကြိုးစားခဲ့သော်လည်း အမှတ်ကောင်းကောင်း မရခဲ့ချေ။
ထန်မော့ မောဟိုက်နေသည့်အတွက် ဖူ၀မ်သော် တစ်ဖက်လူလည်ပင်းကို လွှတ်ပေးလိုက်သည်။
နှစ်ယောက်သား အနားယူနေစဉ် ဖူ၀မ်သော်ပြောလိုက်၏။
“ထပ်လုပ်…”
ထန်မော့ ဘာမှမပြောတော့ပေ။ ထပ်မံသာ တိုက်ခိုက်လိုက်သည်။
နေ့လည်မှ ညနေထိ တိုက်ခိုက်ခဲ့ကြပြီး ထန်မော့ ပထမဆုံးအကြိမ် စိတ်ပျက်အားငယ်ခြင်းကို ခံစားလိုက်ရသည်။
ဖူ၀မ်သော် တကယ်မလိမ်ခဲ့ပေ။ ဖူ၀မ်သော်လူသစ်သင်တန်းမပေးရသည့်အကြောင်းရင်းမှာ အမှန်ဖြစ်သည်။ ထန်မော့ တကယ် သေသည့်အထိ ရိုက်နှက်ခံခဲ့ရလေသည်။ သူသာ မတားလျှင် ထိုလူက သူ့ကို တကယ်သတ်သွားလိမ့်မည်ဟု ခံစားရ၏။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းပြီး ကြောက်စရာကောင်းလောက်အောင် သတိရှိမှုတို့ကြောင့် ထိုလူက လုံခြုံဘေးကင်းလေသည်။ သူ့တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်မားမလာခဲ့လျှင် ထိုလူအား သတ်ရန် ခက်ခဲမည်ဖြစ်သည်။
နောက်ဆုံးတွင် ဤကား အစစ်အမှန် အနီးကပ်တိုက်ပွဲဖြစ်၏။ ဖူဝမ်သော် ထန်မော့ခန္ဓာကိုယ်ပေါ်တွင် အတွင်းကြေဒဏ်ရာများစွာ ချန်ခဲ့လေသည်။ ထန်မော့ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး ပြန်ထလိုက်သည်။
ထို့နောက် လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြပြီး ထပ်မံတိုက်ခိုက်ကြပြန်သည်။
တိုက်ပွဲသည် သင်ယူရန် အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။
တစ်နေ့လည်လုံး ရုန်းကန်ပြီးနောက် ထန်မော့ ကျရှုံးမှုများမှတစ်ဆင့် သင်ယူနိုင်ခဲ့ပြီး သူ့ကြွက်သားများကလည်း အလိုအလျောက် တုံ့ပြန်မှုတိုးတက်လာသည်။ သူ့ခန္ဓာကိုယ်ကလည်း လှုပ်ရှားမှုများကို မှတ်မိနေပြီး အလိုအလျောက် ရွေ့လျားနေပြီဖြစ်၏။
ဖူ၀မ်သော်၏အားနည်းချက်ကို သူ အခွင့်ကောင်းယူ တိုက်ခိုက်နေသော်လည်း ဖူ၀မ်သော်က အလွယ်တကူ တားဆီးလိုက်နိုင်လေသည်။ ထန်မော့ ဖူ၀မ်သော်ကို အယောင်ပြကန်လိုက်သည်။
ဖူ၀မ်သော်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ထန်မော့၏ခြေထောက်ကို ဖမ်းရန် လက်နှစ်ဖက်လုံး အသုံးပြုခဲ့သော်လည်း ထန်မော့၏ထောင်ချောက်ထဲသို့ ပြုတ်ကျသွားလေသည်။ ထန်မော့ သင်ယူထားသည့် လှုပ်ရှားမှုများကို အသုံးပြုကာ လက်သီး၊ ခြေထောက်များဖြင့် အဆက်မပြတ် တိုက်ခိုက်လိုက်သည်။ ဖူ၀မ်သော် နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်စဥ် ထန်မော့ ဖူ၀မ်သော်ခေါင်းကို ထိုးလိုက်သည့်အတွက် ဖူ၀မ်သော် ခါးကိုင်းကာ ရှောင်တိမ်းလိုက်၏။
ထိုအခြေအနေအတွက် ထန်မော့ ပြင်ဆင်ထားပြီးဖြစ်သည်။ သူ ညာခြေကို မြှောက်လိုက်ကာ ကန်လိုက်၏။ သို့သော် ထိုအခိုက်အတန့်၌ သူ့ခြေချင်း၀တ်နားတွင် အေးစက်သည့်သံကွင်းကို ခံစားလိုက်ရပြီး ခြေထောက်ဆွဲယူခံလိုက်ရကာ မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်နိုင်စဉ် မြေပြင်ပေါ်သို့ ဆွဲချခံလိုက်ရလေသည်။ ဖူ၀မ်သော် လက်တစ်ဖက်ဖြင့် လည်ပင်းကို ထိကာ ကျန်လက်တစ်ဖက်ဖြင့် ထန်မော့၏ ညာခြေထောက်ကို ကွေးကာ ခြေချင်း၀တ်ကို ဖိထားပြီး ဖူ၀မ်သော်တစ်ကိုယ်လုံးဖြင့် ထန်မော့လှုပ်ရှားမှုများကို ဖိနှိပ်လိုက်သည်။
ထန်မော့၏တိုက်ကွက်များ နင်းခြေခံလိုက်ရပြီဖြစ်သည်။
ထန်မော့ နဖူး တင်းကြပ်သွား၏။ ထိုစဉ် ဖူ၀မ်သော် မေးလိုက်သည်။
“မင်း ငါနဲ့လေ့ကျင့်ဖို့ အားကစားဖိနပ်စီးလာတာလား…”
ထန်မော့ အဘယ်ကြောင့် ဖူ၀မ်သော် ထိုမေးခွန်းမျိုး ရုတ်တရက် မေးရခြင်းကို နားမလည်နိုင်သော်လည်း ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်…အားကစားဖိနပ်ဆိုတော့ ပိုအဆင်ပြေမယ်ထင်လို့…တစ်ခုခု မှားနေလို့လား…”
“အားကစားဖိနပ်တွေက အားကစားအတွက် ပိုသင့်တော်တယ်…အဲ့ဒါကြောင့် အားကစားဖိနပ်လို့ ခေါ်တာပေါ့…”
ဖူ၀မ်သော် ရှင်းပြလိုက်သည်။
“ဒါပေမဲ့ လူတွေနဲ့တိုက်ခိုက်တဲ့အချိန် မင်း ဒီဟာ၀တ်ထားရင် မင်း သေလူတစ်ဝက်ဖြစ်နေပြီ…”
ဖူ၀မ်သော် ဘယ်လက်ဖြင့် ထန်မော့ ခြေချင်း၀တ်ကို ဖိလိုက်စဉ် အအေးဓာတ်က ထန်မော့ကို မျက်မှောင်ကြုတ်သွားစေ၏။ ဖူ၀မ်သော် အကြောင်းရင်း ပြောပြလိုက်သည်။
“ခြေချင်း၀တ်က လူ့ခန္ဓာကိုယ်မှာရှိတဲ့ ပျော့ကွက်နေရာပဲ…တကယ်လို့ ငါ ဓားကိုသုံးပြီး ဒီနေရာကိုဖြတ်လိုက်ပြီး မင်း ရပ်နေနိုင်ဦးမယ်ထင်လား…”
ထန်မော့ ဖူ၀မ်သော်ကို တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်သည်။
ဖူ၀မ်သော် လက်ပြန်ရုတ်လိုက်ပြီး ထန်မော့ကိုယ်ပေါ်မှ ထလိုက်သည်။
“ခြေချင်း၀တ်ကို ကာကွယ်ဖို့၊ တခြားအရာတွေ ဖိနပ်ထဲ ၀င်လာတာကနေ ကာကွယ်ဖို့ ငါတို့ ပုံမှန်ဆို စစ်ဘွတ်ဖိနပ်တွေ စီးကြတယ်…အားကစားဖိနပ်မျိုး လုံး၀စီးမှာမဟုတ်ဘူး…”
ထို့နောက် သူ ထန်မော့ကို ပြန်ကြည့်လိုက်၏။
“မှောင်နေပြီ…မနက်ဖြန် မင်းလာဦးမှာလား…”
ထန်မော့ ခေတ္တမျှ တိတ်ဆိတ်သွားပြီး ထရပ်လိုက်ကာ ကိုယ်တွင် ကပ်ငြိနေသည့် မြက်ပင်များကို ပုတ်ခါလိုက်သည်။
“ကျွန်တော် လာမယ်…”
“ကောင်းတယ်…ဒါဆို မနက်ဖြန်နေ့လည် အထည်ဆိုင်မှာ တွေ့မယ်…”
ညမှောင်နေပြီဖြစ်သည့်အတွက် နှစ်ယောက်သား လမ်းခွဲလိုက်ကြပြီး မောလ်သို့ သီးခြားစီ ပြန်သွားလိုက်သည်။
ထန်မော့ ဖူ၀မ်သော်၏ပုံရိပ် ညအမှောင်ထဲသို့ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ကြည့်လိုက်သည်။ ထိုလူသွားပြီဖြစ်ကြောင်းအတည်ပြုပြီးနောက် သူ နာကျင်နေသည့် လက်ကောက်၀တ်ကို လှည့်လိုက်သည်။
သေစမ်း… သူ ဖူ၀မ်သော်ကို ရိုက်တာ ဖူ၀မ်သော်က မနာဘဲ သူ့လက်ပဲ နာသွားတယ်…
ထန်မော့ တိုက်ခိုက်ရေးစွမ်းရည်ကို သင်ယူလိုခြင်းဖြစ်သော်လည်း တစ်နေ့ခင်းလုံးဖူ၀မ်သော် ထိုးနှက်သည်ကိုသာ ခံလိုက်ရလေသည်။ အကယ်၍ သူတို့ စွမ်းရည်နှင့် ဂိမ်းကူပစ္စည်းများကို အသုံးပြုခဲ့လျှင်လည်း မည်သူအနိုင်ရမည်မှန်း မသေချာပေ။(ထန်မော့ အလျင်လူသားအပေါ် အလွန်ယုံကြည်မှုရှိ)သို့သော်လည်း ယင်းတို့ကို မသုံးနိုင််သည့်အတွက် သူတို့ နှစ်ယောက်ကြား ကွာခြားချက်က ကြီးမားလွန်းသည်။
တိုက်ခိုက်ရေးစွမ်းရည်အပေါ်ကိုသာ အခြေခံလျှင် ထန်မော့ ပိုင်ရို့ယောင်အား မနိုင်သလို ပိုင်ရို့ယောင်သည်လည်း ဖူ၀မ်သော်ကို မနိုင်ပေ။
ရလဒ်အနေနှင့် သူ့ကို ဖူ၀မ်သော် မြေပေါ်သို့ပစ်ချခြင်းကိုသာ ခံနေရလေသည်။ သို့သော် ယင်းက သူ့ကို စိတ်ဓာတ်မကျစေပေ။ သူ ကားဆီသို့ပြန်ကာ ဖူ၀မ်သော်ထံမှ သင်ယူလာခဲ့သော လှုပ်ရှားမှုအချို့ကို ပြန်လည်တွေးတောလိုက်သည်။ တစ်ညတာ ကုန်ဆုံးသွားပြီးနောက် နောက်တစ်နေ့ နေ့လည်တွင်ထန်မော့ အထည်ဆိုင်သို့ သွားလိုက်သည်။
ဖူ၀မ်သော်က အထည်ဆိုင်တွင် ရောက်နှင့်ပြီးဖြစ်သည်။ သူ ထန်မော့၏ခြေထောက်ကို ငုံ့ကြည့်လိုက်သောအခါ ထန်မော့ ဘွတ်ဖိနပ်ထူကြီးအား စီးထားသည်ကို တွေ့လိုက်ရ၏။ ဖူ၀မ်သော် ပြုံးကာ မေးလိုက်သည်။
“လဲလိုက်ပြီပေါ့…”
“ဟုတ်တယ်…”
“သွားကြစို့…”
လ၀က်မျှကြာပြီးနောက် ထန်မော့ ပရော်ဖက်ရှင်နယ်နှင့် အပျော်တမ်းကြား သဘာ၀ကျကျ ကွာခြားမှုကို ခံစားလာရသည်။ ကြောက်စရာအကောင်းဆုံးအချက်မှာ ထန်မော့ကို အပျော်တမ်းအဖြစ် မသတ်မှတ်ခြင်းဖြစ်၏။ ကလေးဘ၀မှ အရွယ်ရောက်သည်အထိ သူ အကြိမ်အနည်းငယ်သာတိုက်ခိုက်ခဲ့ဖူးသည်။ ထန်မော့ ဖူ၀မ်သော်၏ထိုးနှက်မှုကို ခံနေရပြီး သူ့အမေပင် သူ့ကို မှတ်မိနိုင်မည်မဟုတ်ချေ။
လူနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် သတ်ပစ်ရန်အထိ အလေးအနက်ထား တိုက်ခိုက်နေခြင်းမဟုတ်သော်လည်း ထန်မော့ သူ့ကြံ့ခိုင်မှုကို တဖြည်းဖြည်း သံသယ၀င်လာလေသည်။
သူ့ကြံ့ခိုင်မှု တိုးတက်လာသော်လည်း ဖူ၀မ်သော်သည်လည်း အတူတူပင်ဖြစ်သည်။ တစ်နည်းဆိုသော် သူတို့နှစ်ယောက် တိုက်ခိုက်နေသော်ငြားလည်း မည်သူကမှ ရုတ်တရက် အသာစီးမရနိုင်ပေ။ အထူးတပ်ဖွဲ့၏ခေါင်းဆောင်နှင့် တိုက်ခိုက်နေသည့် သာမာန်စာကြည့်တိုက်မှူးနှင့် ညီမျှပေသည်။ ဖူ၀မ်သော်တွင် လှည့်ကွက်အချို့ရှိပြီး ထန်မော့တွင်လည်း ထန်မော့၏အရှိန်နှင့်ခွန်အားက အလွန်ပြင်းထန်ကာ သူ့၏အားနည်းချက်များကို ကျော်လွန်စေသည့်အထိပင်ဖြစ်သည်။
၁၅ရက်နေ့မြောက်နေ့လည်တွင် နှစ်ယောက်သား ဒါဇင်နှင့်ချီ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ ထန်မော့ ဖုန်မှုန့်များကို ထပ်မံပစ်လိုက်ပြီး ဖူ၀မ်သော် မျက်လုံးမှိတ်ထားချိန် ထန်မော့ တစ်ဖက်လူ နားသယ်စပ်ကို ထိုးပြန်သည်။ သို့သော်လည်း ဖူ၀မ်သော် ပြုံးကာ ထန်မော့လက်သီးကို ကာကွယ်လိုက်ပြီး ထန်မော့၏ကန်လာသည့်ခြေထောက်တစ်ဖက်ကို အခြားလက်ဖြင့် ပိတ်ဆို့လိုက်သည်။
တစ်ချိန်တည်းမှာပင် ထန်မော့ ခါးကိုင်းလိုက်ပြီး လက်တစ်ဖက်ဖြင့် မြေပြင်ပေါ် ထောက်ထားကာ ကျန်လက်တစ်ထပ်ဖြင့် ဖူ၀မ်သော်၏တံကောက်ကြောကို ဆုပ်ကိုင်လိုက်သည်။
ဖူ၀မ်သော်က အနက်ရောင်စစ်ဘွတ်ဖိနပ်၀တ်ဆင်ထားသည့်အတွက် ထန်မော့ ခြေချင်း၀တ်ကို တိုက်ခိုက်၍ မရပေ။ ထို့အတွက်ကြောင့် ဒူးရှိ တံကောက်ကြောကို ဆုပ်ကိုင်လိုက်ခြင်းဖြစ်၏။
နှစ်ယောက်သား၏လှုပ်ရှားမှုများကြောင့် ထန်မော့၏ဒူးက ဖူ၀မ်သော် ရင်ဘက်ပေါ်တွင် ရှိသွား၏။
ထန်မော့ ယင်းကို အခွင့်ကောင်းယူကာ ဖူ၀မ်သော် ရင်ဘတ်ကို ဖိလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
ဖူ၀မ်သော် မလွတ်မြောက်နိုင်တော့သည့်အထိ ထန်မော့၏လက်ကို လွှတ်ပေးလိုက်၏။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
နေ၀င်ချိန်အောက်တွင် ဖူ၀မ်သော် မြေပြင်ပေါ်တွင် လဲနေပြီး ထန်မော့က ဒူးတစ်ဖက်ဖြင့် ဖူ၀မ်သော်ရင်ဘတ်ကို ဖိထားကာ လက်တစ်ဖက်ဖြင့် ဖူ၀မ်သော်လည်ပင်းအား ဆုပ်ကိုင်ထားသည်။
စက္ကန့်အနည်းငယ် ကြားပြီးနောက် ထန်မော့ရယ်မောလိုက်သည်။
“မာစတာဖူ ပြောထားတဲ့အတိုင်း တံကောက်ကြောကို ဆုပ်ကိုင်လိုက်တာပဲ…”
ဖူ၀မ်သော် ထန်မော့ကို ကြည့်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူ ၀န်ခံလိုက်၏။
“ဟုတ်တယ်…တစ်ဖက်ထိသွားတော့ ငါ ခြေထောက်တစ်ဖက်နဲ့ပဲ မတ်တပ်ရပ်နိုင်တော့တယ်…”
🪩
(ဆောရီးပါ တိုက်ခိုက်တဲ့နေရာတွေ သိပ်နားမလည်လို့🥹)