အပိုင်း၁၈၀
Viewers 14k

Chapter 180



"အရာရှိတို့ နှစ်ယောက်လည်း ဒီ နန်းတက်ပွဲက တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား"


 "ဘာမှားနေတာလဲ" ကျိုးပင်းအမ်၏ မျက်နှာမှာ အပြစ်ကင်းစင်ပုံ ပေါက်နေပြီး စိတ်ရှုပ်ထွေးနေဟန်လည်းရှိ၏။  "ဧကရီကို အရာရှိတို့က မကျေနပ်ဘူးလား"


 "ကျေနပ်ပါတယ် ဒါပေမယ့် ဒီအခမ်းအနားက ခမ်းနားလွန်းတယ်..."


ယောင်ဖေးကျီသည် ဝတ်ပြုရေး ဝန်ကြီးဌာန အရာရှိ၏ ပခုံးကို ပုတ်လိုက်သည်။


  "သခင်ဝမ်၊ စည်းမျဥ်းစည်းကမ်းလို အရာတွေဆိုတာက အထောက်အထားတွေ ရှိနေရင် ရပြီလေ၊ ကျွန်တော့်အမြင်အရတော့ ဧကရီက သတ္တိရှိပြီး စစ်တိုက်ရာမှာ ကျွမ်းကျင်တယ်၊သူမက ဧကရာဇ်နဲ့ အေးအတူပူအမျှ ဖြတ်သန်းခဲ့ပြီး အများကြီး အနစ်နာခံခဲ့တာ၊ ဒီစည်းမျဥ်းတွေနဲ့လိုက်ပြီး တိုင်းတာမနေပါနဲ့"


 ဝန်ကြီးဌာနမှ အရာရှိက ယောင်ဖေးကျီလည်း အလိုတူအလိုပါဖြစ်သွားသဖြင့် ကြောင်စီစီဖြစ်သွားရ၏။သူတစ်ယောက်တည်း အိုဗာဖြစ်နေသလားဟုပင် ခံစားလိုက်ရ၏။


 နန်းတက်ပွဲ အခမ်းအနားအား တရားရုံး၏ အရေးပါသော အရာရှိများက ကန့်ကွက်ခြင်း မရှိသလို၊ ကန့်ကွက်ဖို့လည်း မဝံ့ရဲကြပေ။ လက်ရှိဧကရာဇ်သည် အုပ်ချုပ်ရန်နည်းလမ်းရှိရုံသာမက တရားရုံးနှင့် စစ်အာဏာကို ပိုင်ဆိုင်ထားသည်။ထို့ကြောင့် တရားရုံးမှ အရာရှိများသည် အထူးပင် နာခံမှု ရှိကြသည်။


မည်သို့ပင်ဆိုစေကာမူ ပန်းဟွာသည် ကိုယ်လုပ်တော်မဟုတ်၊ဧကရီဖြစ်၍  သမိုင်းတစ်လျှောက်ရှိခဲ့သော နန်းတက်ပွဲများထက် အလိုရှိသလောက် ကြီးကျယ်ခမ်းနားနိုင်သည်။


 နန်းတက်ပွဲ အခမ်းအနားတွင် ဝန်ကြီး ဌာနမှ တာဝန်ရှိသူများက အလုပ်ရှုပ်နေကြသည်။ စစ်ပွဲများ ကမောက်ကမ ဖြစ်ခဲ့ရသည့် ပြည်နယ်နှင့် တိုင်းများသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်နေပါပြီ။ ရုံရှားသည် နန်းတက်ပွဲနှင့်ပတ်သက်သည့် တရားရုံးစာစောင်များကို ပြည်နယ်များနှင့် ပတ်ဝန်းကျင်နိုင်ငံများသို့ ပေးပို့ခဲ့သည်။


 ဧကရာဇ်အသစ်သည် အလွန်ကောင်းသော ဧကရာဇ် ဆိုသည်ကို တိုင်းနှင့်တိုင်းဒေသခံများက ကြားသိသောအခါတွင် အားလုံးက ဝမ်းသာအားရ လက်ခုပ်တီးကြသည်။ နိုင်ငံငယ်များအနေနှင့် ပြည်တွင်းစစ်ဖြစ်စဉ်က၊ မလှုပ်ရှားဝံ့ကြချေ။ယခုဧကရာဇ်သစ် နန်းတက်သည့်အခါ ဧကရာဇ်သစ်ကို ဂုဏ်ပြုဖို့ သံတမန်စေလွှတ်ပြီး ပတ်ဝန်းကျင်နိုင်ငံများနှင့် ပတ်သက်ပြီး ဧကရာဇ်သစ်က ဘယ်လိုသဘောထားသလဲဆိုသည်ကို မေးမြန်းဆက်သွယ်ကြသည်။


 နန်းတက် ဧကရာဇ်သည် အရည်အချင်းမရှိဘဲ ပတ်ဝန်းကျင်နိုင်ငံများနှင့် စစ်တိုက်ဖို့ပင် ပူးပေါင်း၍မရပါက၊ သူတို့လို နိုင်ငံငယ်များလည်း အသက်ရှင်နိုင်မည်မဟုတ်ပေ။


 "အရှင်မင်းကြီး၊ ခြေလှမ်းကိုသတိထားပါ"


 အကျဉ်းချခံထားရသော ကျန်းလောသည် အပြင်မှထွက်လာသောအသံများကိုကြားရပြီး ထောင်တံခါးဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သည်။ ဤရက်ပိုင်းအတွင်း ဘယ်သူမှ သူ့ကို စကားမပြောတာကြောင့် သူ ရူးသွပ်လုနီးပါး ဖြစ်နေပြီ။ယခုနောက်ဆုံးတော့ အသံများကြားရ၍ သူအသက်ရှင်နေသေးသည်ဟု ခံစားရသည်။ ရုံရှား ဝင်လာခဲ့လျှင်တောင် သူ ဝမ်းသာနေမိမလားမသိ။


 "ရုံရှား၊ ငါ့ကို ခွင့်လွတ်ပါ၊ ထွက်သွားခွင့်ပေး"


"အကြမ်းဖက်ဧကရာဇ်၊ အမိန့်တော်ကို ခံယူပါ"


 ဤအမိန့်စာတွင် ကျန်းလော၏ ရာဇ၀တ်မှုများကို အသေးစိတ်ဖော်ပြထားပြီး နောက်ဆုံးတွင် သူ့ကို အကြမ်းဖက်ဧကရာဇ်ဟု နာမည်တပ်ကာ တစ်သက်တစ်ကျွန်း ထောင်ချခဲ့သည်။


 "မင်းငါ့ကိုဒီလိုလုပ်လို့မရဘူး၊ ငါကဧကရာဇ်ပဲ"  ကျန်းလောကို ထောင်တံခါးဝအနားသို့ အရူးအမူး ဆွဲခေါ်သွားသည်။ 


"မင်းငါ့ကို ဒီလိုလုပ်လို့မရဘူး"


ရုံရှားသည် ကျန်းလော၏ ရူးသွပ်သောအသွင်အပြင်ကို အေးအေးဆေးဆေး  ကုလားထိုင်ပေါ်တွင် ထိုင်ကာ သဘောတကျကြည့်နေလိုက်သည်။  


"အကြမ်းဖက်ဧကရာဇ်၊ မင်းက အကြင်နာကင်းမဲ့တယ်၊ မယ်တော်ဧကရီအတွက် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးထားတာ၊ မဟုတ်ရင် လူတွေကို ပြချင်ရုံသက်သက်နဲ့ပဲ မင်းခေါင်းကို ဖြတ်ထားပြီးပြီ"


ကျန်းလောသည် ထောင်တံခါးကို မှီ၍ ရုံရှားကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။  "ရုံရှား မင်းက ကြောင်သူတော်ပဲ"


ဝမ်ကုန်းကုန်းသည် ထောင်တံခါးကိုဖွင့်ပြီး ကျန်းလော ၏မျက်နှာကို အကြိမ်အနည်းငယ် ရိုက်လိုက်သည်။  ထို့နောက် သူ့လက်ကို လက်ကိုင်ပုဝါဖြင့် သုတ်ကာ ပြုံးလိုက်သည်။  


"အကြမ်းဖက်ဧကရာဇ်၊ မင်း ဧကရာဇ်ကို မရိုမသေလုပ်လို့မရဘူး၊ ငါ့လက်သုံးချောင်းကို ဖြတ်ထားတာတောင် ငါ ရိုက်နိုင်သေးတယ်နော်"


 "မင်းက ဘယ်လိုခွေးမျိုးလဲ၊ ငါ့ရှေ့မှာ မင်း ဟောင်ဖို့ အရည်အချင်းမရှိဘူး၊အား........ "  ကျန်းလော ပါးစပ်ထဲ သွေးတွေ ထွက်လာသည်။  "လူတိုင်းက အဖေ့ကို အဆိပ်နဲ့သတ်ခဲ့တယ်လို့ ငါ့ကို စွပ်စွဲကြတယ်၊ ဒါပေမယ့် မင်း အဲဒီနေ့က ငါပေးတဲ့ အဆိပ်ပုလင်းကို မယူခဲ့ဘူးလေ၊ လူတိုင်းက ရုံရှားကို ချီးကျူးကြပေမယ့် ငါ့အဖေရဲ့အသက်ကို သူတို့ပဲ နုတ်ယူကြတယ်ဆိုတာ မသိကြဘူး"


ရုံရှားက သူ့ကျိန်စာကို နားထောင်ပြီး ဘာမှ မပြောပေ။


ဝမ်ကုန်းကုန်းသည် ကျန်းလောကို နောက်ထပ် ပါးနှစ်ချက် ရိုက်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျန်းလောအား ရိုသေစွာ ဦးညွှတ်ကာ "အကြမ်းဖက်ဧကရာဇ်...ဧကရာဇ်ကို မထီမဲ့မြင်မပြုပါနဲ့၊ ကျွန်တော် အဲဒီအဆိပ်ကို မယူသွားပေမယ့် တခြားမိန်းမစိုးတွေက ယူသွားတယ်လေ၊ မင်းရဲ့အပြစ်တွေကို ဖုံးကွယ်လို့မရဘူး"


"ဟားဟားဟား......" ကျန်းလောက မြေပြင်ပေါ်တွင် လှဲနေရာမှ မထဘဲ နေလိုက်သည်။  


"မင်းက ရုံရှားနဲ့ ကမ္ဘာကြီးကို လှည့်ဖြားဖို့ ပူးပေါင်းခဲ့တာပဲ၊ဘာလို့ ငါ့ရှေ့မှာ ဟန်ဆောင်နေသေးတာလဲ"


"အကြမ်းဖက်ဧကရာဇ်၊ မင်းမှားပြန်ပြီ၊ ဧကရာဇ်က အရင်ဧကရာဇ်ကိုလွမ်းဆွတ်ပြီး အရင်ဧကရာဇ်အပေါ်  ငါ့ရဲ့သစ္စာစောင့်သိမှုကို တန်ဖိုးထားတဲ့အတွက်ကြောင့် ငါ့ကို သူ့ဘေးမှာ ထားထားတာပါ"


ကျန်းလောက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။  "ဟားဟားဟား၊ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ၊ မင်းတို့က ဧကရာဇ်ကို သတ်ပစ်ပြီး အကျိုးအမြတ်အတွက် ပုန်ကန်ခဲ့ပေမဲ့ဒီလို ဂုဏ်သိက္ခာရှိတဲ့ ပုံစံမျိုးနဲ့ ပြောနေတာလား၊မင်းကို ချီးကျူးသူတွေကလေ မျက်မမြင်၊နားမကြားသူတွေပဲနေမယ်" 


ဝမ်ကုန်းကုန်းသည် သူ့ဒေါသကို မထိန်းနိုင်ဘဲ ကျန်းလောအား နောက်ထပ် အကြိမ်အနည်းငယ် ကန်လိုက်၏။


 "ဒါဆို လုံလောက်ပြီ" ရုံရှားက ဝမ်ကုန်းကုန်းကို တားပြီး ကျန်းလောအား တည်ငြိမ်စွာ ပြောလိုက်သည်။  "မင်းငါ့ကို စိတ်မချမ်းသာအောင် တစ်ခုခုလုပ်ရင် မင်း ဒီနေ့ အမြန်သေသွားနိုင်တယ်"


 "ဘာ!"  ကျန်းလောသည် ရုံရှား၏ ဦးတည်ရာသို့ တံတွေးထွေးလိုက်သည်။


 "တုကျိုး သူ့လက်တစ်ဖက်ကို ချိုးလိုက်" 


ရုံရှားက လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးဖို့ ပြောနေသကဲ့သို့ ပေါ့ပေါ့တန်တန်ပြောလိုက်သည်။


ရုံရှား၏ နောက်တွင်ရပ်နေသော တုကျိုး သည် ရှေ့သို့ တိုးလာပြီး အရိုအသေပြုလိုက်သည်။  


"ဘယ်လက်ပါလဲ၊ အရှင်မင်းကြီး"


ရုံရှားသည် ခဏမျှ တိတ်ဆိတ်သွားပြီး "ဘယ်ဖက်"


တုကျိုးသည် အချုပ်ခန်းထဲသို့ ဝင်လာပြီး ကျန်းလော၏ ဘယ်ဖက်လက်မောင်းကို လှမ်းကိုင်လိုက်သည်။ ချက်ချင်းပင် ဖျောင်းကနဲ အက်ကွဲသံနှင့်အတူ ကျန်းလော၏ လက်တစ်ဖက်က ကျိုးသွားသည်။


 "အားယား......"


ကျန်းလော နာကျင်လွန်း၍ မျက်နှာပင် ဖြူဖျော့သွားသည်။ဖားတစ်ကောင်မောဟိုက်နေသလိုမျိုး ရင်ဘတ်ကနိမ့်လိုက်မြင့်လိုက်ဖြစ်ကာ  ရယ်စရာကောင်းပြီး ကြောက်စရာကောင်းနေသည်။


ရုံရှားသည် ကျန်းလော၏ နာကျင်သော အမူအရာကို သဘောကျကာ မတ်တပ်ရပ်လိုက်၏။ 


"မသေပါစေနဲ့ဦး၊ သွားကြရအောင်"


 "အရူး၊ အရူး" 


ဘယ်ချိန်က ခေါ်လာမှန်းမသိသော မင်းသားချန်ချင်ဝမ် သည်လည်း မျက်နှာကဖြူဖျော့သွားကာအော်ပြောသည်။ 


 "ရုံရှား၊ မင်းပြောတော့ ကျန်းလောက ရက်စက်တယ်ဆို၊ အခု မင်းလည်း သူ့ထက် ဘာများကောင်းနေလို့လဲ"


 ချုပ်နှောင်ခံထားရသော ရှဲ့ချီလင်း မှာလည်း မျက်နှာကဖြူဖျော့နေသည်။  သို့သော်လည်း နာကျင်စွာ ငိုနေသော ကျန်းလောကိုကြည့်ရင်း စကားမပြောဖြစ်ပေ။


ရုံရှားက သူ့ကို ဂရုမစိုက်ဘဲ စိုက်ကြည့်နေပြီး သူ့မျက်လုံးများက လျစ်လျူရှုမှုအပြည့်နှင့်ပင်။ မင်းသားချန်ချင်ဝမ်သည် ဤအကြည့်ကို သတိပြုမိပြီး သူ့နှလုံးသားထဲတွင် အေးခဲသွားခဲ့သည်။ 


 "မင်းက ဒီလိုမျိုး လူတွေကို နှိပ်စက်နေတာလား၊ မင်း သူ့ကို အမြန်သေအောင် ဘာလို့မသတ်တာလဲ"


 "ငါ မင်းကို ပြဇာတ်ကြည့်ဖို့ ဒီကို ခေါ်လာတာမဟုတ်ဘူး" ရုံရှား ရုတ်တရက် ရယ်မောလိုက်သည်။  "ဟားဟား၊ဟုတ်တယ် မင်းသာ စကားလာမပြောရက် ငါ မင်းကိုမေ့တော့မလို့ပဲ၊ ဟေ့ သူ့ကိုချည်ထားလိုက်"


 မကြာခင်မှာပဲ မင်းသားချန်ချင်ဝမ်၏ လက်နှစ်ဖက်ကို ဖြန့်ပြီး နံရံမှာ ချည်နှောင်လိုက်သည်။  ရုံရှားသည် နံရံဆီသို့ လျှောက်သွားပြီး ထိုနေရာတွင် ချိတ်ထားသည့် လေးကို ယူလိုက်သည်။ သူသည် လေးညှို့ကို ဆွဲထုတ်လိုက်ပြီး မြှားတစ်စင်းကို ရုတ်တရက် ထုတ်ယူလိုက်သည်။ ထို့နောက် မြှားကို လေးကြိုးပေါ်တွင် တင်ကာ မင်းသားချန်ချင်ဝမ်ဆီသို့ ပစ်လွှတ်လိုက်သည်။


 မြှားသည် မင်းသားချန်ချင်ဝမ် လက်မောင်းကို ထိုးစိုက်သွားကာ နက်လည်းမနက်၊ တိမ်လည်းမတိမ်သော ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့သည်။နောက်ထပ် မြှားတစ်စင်း ထွက်လာသည်။ဤမြှားသည် မင်းသားချန်ချင်ဝမ်၏ အခြား လက်တစ်ဖက်ကို စိုက်သွားသည်။မင်းသားချန်ချင်ဝမ် ၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်ဒဏ်ရာတစ်ခုပေါ်လာသည်။


ရုံရှားအား ပြန်ပြောရဲသည့် မင်းသားချန်ချင်ဝမ် ခမျာ ဒေါသကြောင့်တဆတ်ဆတ် တုန်နေ၏။


 "ကောဝမ့်ရှန်းကို သွားခေါ်...." 


 ရုံရှား သူ့လက်ထဲက လေးကို မြေကြီးပေါ် ပစ်ချလိုက်သည်။


ကောဝမ့်ရှန်းကို ကိုယ်ရေးကိုယ်တာ အစောင့်များ အလျင်အမြန် ခေါ်ဆောင်လာသည်။ ရုံရှားက နံရံမှာ ချိတ်ထားသည့် မင်းသားချန်ချင်ဝမ်ကို ညွှန်ပြရင်း


"ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်၊ တစ်ခုက မင်းတစ်သက်လုံး ထောင်ထဲမှာနေရမယ်၊နောက်တစ်ခုက သူ့ခန္ဓာကိုယ်ကို မသေအောင် မြှားဆယ်ချောင်းနဲ့ ပစ်ပေးရမယ်"


မင်းသားချန်ချင်ဝမ်အား နံရံတွင် ချည်နှောင်ထားသည်ကို မြင်လိုက်ရသောအခါ ကောဝမ့်ရှန်း အလွန်ကြောက်လန့်သွားပြီး ရုံရှား ရှေ့မှာ ဒူးထောက်ထိုင်လိုက်သည်။ သူသည် လေးပစ်ကျွမ်းကျင်သော လေးသမားတစ်ဦးမျှသာဖြစ်သည်။ စစ်သူကြီးပန်းနှင့်တူသည်ဟူ၍ ချီးကျူးခံရလောက်အောင် ကံကောင်းခဲ့သည်။သို့သော် သူသည် စစ်သူကြီးပန်း၏လက်စကို မမှီမှန်း သူ့ကိုယ်သူ သိပေ၏။  


တယဲ့မင်းဆက်မရှိတော့သော်လည်း၊သူသည် တော်ဝင်မိသားစုဝင်တစ်ဦးကို နာကျင်အောင်ပြုလုပ်ရန် သတ္တိမရှိခဲ့ပေ။ သူက မြေပြင်ပေါ်တွင် အချိန်အတော်ကြာ ဒူးထောက်လိုက်သည်။  ရုံရှားက လုံးဝမလှုပ်ရှားသောကြောင့် သူ့တွင် ရွေးချယ်ခွင့်မရှိမှန်း နားလည်လိုက်၏။


 ပထမမြှားကို ပစ်လိုက်စဉ် သူ့လက်တုန်သွားသည်။ မြှားခေါင်းသည် အနည်းငယ် ကောက်သွားပြီး တစ်ဖက်လူ၏ ပေါင်ကို ထိသွားသည်။ ပထမတစ်ချက် ပစ်ပြီးနောက် သူ သိပ်စိတ်မလှုပ်ရှားတော့ဘဲ မကြာခင်မှာပဲ ကျန်မြှားကိုးချောင်းလည်း ပစ်နိုင်ခဲ့၏။


 သူသည် သွေးများဖြင့် ဖုံးလွှမ်းနေသော မင်းသားချန်ချင်ဝမ်ကို ကြည့်လိုက်ရင်း၊သူပါ ချွေးအေးများထွက်နေမှန်း သိလိုက်သည်။


ရုံရှား လှည့်ကြည့်လိုက်ပြီး ရှဲ့ချီလင်း ကို အချိန်အတော်ကြာအောင် ကြည့်နေသည်။ ရုတ်​တရက်​ပင်​ သူသည်​ ကိုယ်​​တော်​အ​စောင့်​များအား "သူ့ကိုလွှတ်​​ပေးပါ"


ရှဲ့ချီလင်းသည် ရုံရှားကို မယုံနိုင်စွာ ကြည့်လိုက်သည်။ ရုံရှားက သူ့ကို တကယ်လွှတ်လိုက်တာလား။


ရုံရှား ထွက်သွားပြီးနောက် အစောင့်များက သော့ကိုယူကာ သူ့လက်ထိတ်ကို သော့ဖွင့်လိုက်၏။  "သခင်လေးရှဲ့၊ ကျေးဇူးပြုပြီး လာပါ"


ရှဲ့ချီလင်းသည် အသံတိုးတိုးဖြင့် တအီအီငိုကြွေးနေသော မင်းသားချန်ချင်ဝမ် နှင့် ကျန်းလောကို ပြန်ကြည့်လိုက်သည်။ သူလှည့်ကြည့်လိုက်ပြီး မှောင်မည်းနေသော ဤနေရာမှ အမြန်ထွက်သွားသည်။ နံရံမှာ ချိတ်ဆွဲထားသည့် မင်းသားချန်ချင်ဝမ်က ရှဲ့ချီလင်းကို လှမ်းကြည့်ပြီး ရယ်မောလိုက်၏။


"အရူး၊ အရူး၊ ရုံရှား မင်းက အရူးပဲ"


ရှဲ့ချီလင်းသည် ထိုစကားကိုကြားသောအခါ၊ တံခါးမှထွက်ကာ လူအုပ်ထဲသို့ အမြန်အဆန် ပြေးသွားလိုက်သည်။ ပူနွေးသော နေရောင်ခြည်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး နောက်ဆုံးတွင် သူ အသက်ရှုဝလာတော့သည်။


 "အမေ၊ အဲဒီလူက ဘာလုပ်ထားတာလဲ၊ သူက အရမ်းညစ်ပတ်တယ်"


 "မြန်မြန်သွား၊ လက်ညိုးမထိုးနဲ့"


 သူ့ဘေးနားက တီးတိုးသံများကို ကြားမှ သူ့ပုံက သနားစရာကောင်းမှန်း သတိရလိုက်မိသည်။သူဝတ်ထားသည့် အပြင်ဘက်အကျီက ရုံရှား မြို့ထဲကိုဝင်လာသောနေ့ကတည်းကဖြစ်၍ သွေးများဖြင့် စွန်းထင်းနေသေးသည်။


 သူသည် ကျူံးဖျင်နယ်စားမင်းအိမ်တော်သို့ လျှောက်သွားသည်။ တံခါးဝသို့ရောက်သောအခါတွင် တံဆိပ်အသစ်တစ်ခုရှိသည်ကို မြင်ရ၏။ ဤသည်မှာ သူတို့မိသားစု နေထိုင်ရာနေရာ မဟုတ်တော့။


 “ချီလင်း” အနီးနားမှ လမ်းလျှောက်တုတ်ကိုင်ထားသော အဘိုးအိုက သူ့ကို ခေါ်သည်။  " ချီလင်းလား"


 အဘိုးအိုကို လှည့်ကြည့်လိုက်သည်။  "အဖေ!"


အဖေ ဘာလို့ အိုစာသွားရတာလဲ။


 "ပြန်လာတာ ကောင်းပါတယ်၊ ပြန်လာတာ ကောင်းပါတယ်"  


သခင်ကြီးရှဲ့သည် ရှဲ့ချီလင်း ရှေ့သို့ တုန်တုန်ယင်ယင် လျှောက်လာကာ မျက်ရည်များကို သုတ်လိုက်ပြီး “သွားမယ်၊ အဖေနဲ့ပြန်လိုက်ခဲ့"


ရှဲ့ချီလင်းသည် သခင်ကြီးရှဲ့ကို တွဲပြီး တိတ်တဆိတ် ခေါင်းညိတ်သည်။


 "ကြင်ယာတော်..."


ထိုစဉ် ရှစ်ရှစ်က ကန့်လန့်ကာကိုချကာ "ရှဲ့မိသားစုက အခုဘယ်မှာလဲ"


 "သူတို့က ရှစ်လမ်းက အိမ်တစ်လုံးမှာ နေပုံရပါတယ်"


 ရှစ်ရှစ်သည် ရုတ်တရက် အေးစက်စွာ ပြုံးလိုက်သည်။  " ရှဲ့ချီလင်းဟာ အရင်တုန်းက ပန်းဟွာ နဲ့ လက်ထပ်ခဲ့မယ်ဆိုရင် ဒီနေ့လို ပြဿနာအများကြီးရှိမှာမဟုတ်ဘူး"


ပန်းဟွာမရှိလျှင် ရုံရှားသည်လည်း ကျားတံဆိပ်ရှိမည်မဟုတ်သလို စစ်သူကြီးများ၏ ထောက်ခံမှုကိုလည်း ရရှိလိမ့်မည်မဟုတ်ပေ။ ရှဲ့ချီလင်း နှင့် ပန်းဟွာ စေ့စပ်ပွဲ ပျက်သွားချိန်က အမှားအားလုံး စတင်ခဲ့တာပင်။သို့သော်လည်း အရင်တုန်းက ပန်းဟွာနှင့် ရှဲ့ချီလင်းတို့၏ စေ့စပ်မှုကို ချိုးဖျက်ခဲ့သည်က ရှစ်မိသားစု  ဖြစ်သည်။


ယခုလို အကျိုးဆက်များရှိလာမည်မှန်း သိခဲ့လျှင်၊ သူမလည်း ညီမဖြစ်သူ၏ အကြံအစည်ကို ရပ်တန့်မိလိမ့်မည်။


 သိခဲ့ရင်……..သိခဲ့ရင်ပေါ့လေ……


သူမ ရှုပ်ထွေးနေသော ကျင်းမြို့တော်ကို ကြည့်လိုက်သည်။ ရက်အနည်းငယ်သာ ကြာသေးသည်။လူအများက ယခင်ကျန်းမင်းဆက်အကြောင်းကို မေ့သွားပြီး သူတို့၏ သက်ဝင်လှုပ်ရှားသော ဘဝမှာသာ ဆက်လက်ရှင်သန်နေလေတော့သည်။




xxxxx