Chapter 181
ရုံရှား နန်းတက်ပြီးနောက်တွင် သူ၏ အုပ်ချုပ်ရေးနည်းလမ်းများသည် အားကောင်းသော်လည်း တချို့ အရာရှိများနှင့် စိမ်းသက်နေ၏။ လဝက်မပြည့်မီတွင် တရားရုံးမှ အရာရှိများသည် သူ့လုပ်ပုံလုပ်နည်းကို တဖြည်းဖြည်း နားလည်လာကြသည်။
ဧကရာဇ်သည် ဧကရီ၏ နန်းတက်ပွဲကို အလွန်အရေးထားကြောင်း သိသဖြင့် အထူးသဖြင့် ဧကရာဇ်ကိုအမှုထမ်းသော နန်းတော် အစေခံများအား သေချာစိစစ်ကြရသည်။အစေခံတိုင်း၏ မွေးသက္ကရာဇ်ကို တွက်ချက်ပြီး မွေးသက္ကရာဇ် မသိသူများကို အားလုံးကို စီစစ်ထားသည်။ ရုပ်ရည်ညံ့သူများအား လက်မခံသလို အတိတ်ကံဆိုးသူများကိုလည်း လက်မခံပေ။
ကြမ်းပြင်ကို ရေစိုဝတ်ဖြင့် သုတ်နေသော မိန်းမစိုးက သူ၏အဖော်အား ပြောလေသည်။
"အရှင်မင်းကြီးရဲ့ နန်းတက်ပွဲတောင်မှ သိပ်မတင်းကျပ်ဘူး၊ ဧကရီက ဧကရာဇ်ရဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတာပဲ"
အဖော်ဖြစ်သူက သူတို့ကို ဘယ်သူမှ ဂရုမစိုက်မိကြောင်း သေချာအောင် လှည့်ပတ်ကြည့်ရင်း "ကျွတ်....နင်ကလည်း ရိုးရိုးရှင်းရှင်းပဲ ထင်တာကိုး၊ ဒါက အရှင်မင်းကြီးက ဧကရီကို အရေးပေးရုံတင် မဟုတ်ဘူးလေ၊ နင် ဧကရီရဲ့ ဘိုးဘေးတွေရဲ့ မျိုးရိုးနာမည်ကို မေ့နေပြီလား”
မိန်းမစိုးက ခေါင်းယမ်းလိုက်ပြီး "အရှင်မင်းကြီးက ဧကရီအတွက် အရမ်းကောင်းပေးတာက သူမအတွက် အရေးထားတာမဟုတ်ဘူးလား"
အဖော်ဖြစ်သူက
"ဧကရီက စစ်တပ်ထဲမှာ အရမ်းနာမည်ကြီးတယ်လေ၊ဧကရာဇ်က ကမ္ဘာကို သိမ်းပိုက်ပြီးပြီဆိုတော့ ဧကရီအပေါ် အလေးထားကြောင်း ပြသသင့်တယ်မဟုတ်လား၊ မမေ့နဲ့ ဧကရီမှာ အရင် ဧကရာဇ်ရဲ့ သွေးတွေ ရှိနေတုန်းပဲ၊ အခုဧကရာဇ်ရဲ့ ထီးနန်းကို အရင်မင်းဆက်ရဲ့ အိမ်ရှေ့စံက အပ်နှင်းခဲ့တာ၊ နင် နားလည်လား"
မိန်းမစိုး ပို၍ပင် စိတ်ရှုပ်ထွေးလာသည်။ဧကရာဇ်သည် ဤအကြောင်းများကြောင့် ယခုလိုလုပ်နေခြင်းဆိုလျှင် ဤအတိုင်းအတာအထိ သွားစရာ မလိုပေ။ ဧကရီက တရားရုံးကို ချုပ်ကိုင်မှာကို သူ မကြောက်ဘူးလား။
ပန်းဟွာသည် ခန်းမအပြင်ဘက်တွင် ရပ်ကာ နှစ်ယောက်သား စကားဝိုင်းကို နားထောင်သည်။ သူမ လှည့်ကြည့်လိုက်ရာ မျက်နှာဖြူဖျော့ပြီး တုန်လှုပ်နေသည့် နန်းတော်အစေအပါးနှင့် မိန်းမစိုးတို့ကို တွေ့လိုက်ရသည်။ သူမက ပြုံးပြီး
"သွားရအောင်"
အဆင့်နိမ့်မိန်းမစိုး နှစ်ယောက်၏ မသိနားမလည်သော စကားများသာဖြစ်သည်။ သူမ နှလုံးသွင်းဖို့ မလိုပေ။
ဧကရီ ထွက်သွားပြီးနောက်၊ ခန်းမကြီးအတွင်းရှိ ဘဏ္ဍာစိုးများ၊ မိန်းမစိုးများ ထွက်လာပြီး ဘာဖြစ်သွားမှန်းမသိသည့် မိန်းမစိုးနှစ်ယောက်ကို ကန်ထုတ်လိုက်၏။
"မင်းတို့နှစ်ယောက်က အသက်မရှင်ချင်ပေမယ့် မင်းတို့အဘိုး ငါက အသက်ရှင်ချင်သေးတယ်၊ မင်းတို့ တော်တော် သတ္တိကောင်းပါလား၊ ဧကရာဇ်နဲ့ ဧကရီအကြောင်း ဇာတ်လမ်းတွေ ရေးပြဖို့တောင် သတ္တိရှိသလား၊လာခဲ့…… "
တာဝန်ခံမိန်းမစိုးသည် ဒေါသအမျက်ဒေါသထွက်နေသကဲ့သို့ ၀တ်ကောင်းစားလှဝတ်ထားသော အမျိုးသမီးငယ်ဆီသို့ လမ်းလျှောက်လာသည်။
"မင်းက ဒီမှာ အုပ်ချုပ်ရတဲ့သူလား"
မိန်းမစိုးက ထိုအမျိုးသမီးကို ကြည့်လိုက်သည်။သူမ၏ မျက်နှာသွင်ပြင်သည် လှပသည်၊ သူမ၏အဝတ်အစားများမှာ သာမန်မဟုတ်ပဲ၊ ခါးပတ်တွင် မဟာရွှေလမင်းနန်းတော်၏ သင်္ကေတတစ်ခုပါရှိသည်။သူမက ဆောလျင်စွာ ခေါင်းညိတ်ကာ ဦးညွတ်လျက် "ဟုတ်ကဲ့၊ ကျွန်မ ဘာလုပ်ပေးရမလဲ"
"ငါတို့ အမိန့်မပေးဝံ့ဘူး၊ငါတို့ရဲ့ ဧကရီက ဒီကောင်နှစ်ကောင်ပြောတာကို သေချာပေါက် ဂရုစိုက်မှာမဟုတ်ဘူး....ဒါပေမယ့် နန်းတော်ထဲမှာ၊ ပေါ့ပေါ့ဆဆ ပြောရင် နောက်တစ်ခါ မင်းကို စည်းကမ်းအရ အရေးယူမယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ၊ဟုတ်ကဲ့ နောက် မဖြစ်စေရပါဘူး"
သူက မြေပြင်ပေါ်တွင် ဒူးထောက်နေသော မိန်းမစိုးနှစ်ဦးကို ကန်လိုက်ပြန်သည်။
"မင်းတို့နှစ်ယောက် ငါတို့ကို ကျေးဇူးတင်...ကြားလား"
ယွီကျူးကလည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒါဆို လုံလောက်ပါပြီ၊ မင်းက အစေခံခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းပတ်ဝန်းကျင်က လူတွေကို ဂရုစိုက်သင့်တယ်၊ မင်းရဲ့လက်အောက်ငယ်သားတွေ အမှားလုပ်မိရင် မင်းလည်း အပြစ်ပေးခံရမှာပဲ"
ထိုအစေခံခေါင်းဆောင်ခမျာ ဒူးများ တုန်နေသည်။ ယွီကျူး ထွက်သွားပြီးသည့်တိုင် တည့်တည့်မတ်တပ်မရပ်ရဲချေ။
“ကုန်းကုန်း…”
ငယ်ရွယ်သော မိန်းမစိုးတစ်ဦးက ထသွားကာ ဖြောင်းဖျဖို့ ကြိုးစားသော်လည်း မိန်းမစိုးက တွန်းဖယ်လိုက်လေသည်။
ဧကရီအသစ်သည် ကြင်နာတတ်ပြီး စည်းကမ်းတင်းကြပ်သည်။သူမ၏ အကျင့်စရိုက်သည် မယ်တော်ဧကရီနှင့် လုံးဝ ကွဲပြားသည်။ ကျေးကျွန်များအနေနှင့် ပို၍သတိထားရမည်။ သူမ ကျွင်းကျူး ဖြစ်စဥ်အချိန်က ပြုမူခဲ့သော အပြုအမူအချို့ကို တွေးတောရင်း သူမ ကျောရိုးထဲကပင် စိမ့်အေးသွားရသည်။
တစ်ဖက်တွင် ရူရီက ပန်းဟွာနောက်သို့ လိုက်သွားပြီး ပြောသည်။ "ဒါတွေက သိပ်မသိတဲ့ မိန်းမစိုး ငယ်တွေပါ၊ သူတို့ပြောတာတွေက မမှန်ပါဘူး၊ဧကရီ စိတ်ထဲမှာ စွဲလန်းမနေပါနဲ့၊"
"ရီစရာပဲ.. ရူရီရယ်၊ ငါ ဒီအရွယ်ထိရောက်လာပြီး ဘယ်လိုစကားမျိုးမဆို အကုန်ကြားဖူးတယ်....ငါ ကျွင်းကျူးဖြစ်ကတည်းက သူများတွေက ငါ့ကိုမကောင်းပြောလာတာ၊ အခု ငါက ဧကရီဆိုတော့ နောက်မှာ ပြောတဲ့လူတွေလည်း ပိုများလာလိမ့်မယ်"
“ဒါဆို…”
ရူရီသည် ဧကရီနှင့် ဧကရာဇ်ကြားတွင် ရန်ငြိုးရှိမည်ကို စိုးရိမ်နေသည်။ထိုအချိန်တွင် ဒုက္ခရောက်မည့်သူမှာ သူမ၏ ဧကရီသာ ဖြစ်ပေလိမ့်မည်။
"ဘာမှပြောစရာမရှိပါဘူး၊ ငါလည်း စိတ်ထဲမထားဘူး"
ပန်းဟွာက တခြားသူများ ဘာပြောမည်ဆိုသည်ကို မှန်းပြီးသားပင်။ ဥပမာအားဖြင့်၊ သူမသည် ဧကရီဖြစ်ရန် မထိုက်တန်ကြောင်း၊သူမ၏ ဆွေမျိုးများက အာဏာကို လက်ဝါးကြီးအုပ်မည်ကို စိုးရိမ်ကြသည်။
သူတို့က ဧကရာဇ်အတွက် စိတ်ပူတာမှန်သော်လည်း၊ ဧကရာဇ်ကသာ သူမကို သူတို့ပြောနေသလိုမျိူး ဆက်ဆံခဲ့မည်ဆိုလျှင် ယခုလိုပြောမှာမဟုတ်တော့။
"ဧကရာဇ်ဆီက မျက်နှာသာရဖို့ လူတိုင်းလိုချင်နေကြတာ၊ ဧကရာဇ်နှစ်သက်တဲ့ ဘယ်သူမဆို သူတို့ရဲ့ရန်သူပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါက တခြားသူတွေရဲ့ ဆူးပင်ဖြစ်ဖူးပြီးသားပါ၊ ဒီလိုပင်ပန်းတဲ့အလုပ်မျိုး ငါ ကျင့်သားရနေပါပြီ"
ရူရီ:…
ဤကိစ္စသည် ရုံရှား၏နားထဲသို့ လျင်မြန်စွာရောက်ရှိသွားခဲ့သည်။ သူက တုကျိုး၏ အစီရင်ခံစာကို နားထောင်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောသည်။
"ဧကရီ ဘယ်လို တုံ့ပြန်သလဲ"
"ဧကရီ၊ သူမ..." တုကျိုးမျက်နှာအမူအရာ နူးညံ့သိမ်မွေ့လာသည်။ "ဧကရီကပြောတယ်၊သူမကတော့ ကျင့်သားရနေလို့ မဆန်းတော့ဘူးတဲ့"
ရုံရှား ခဏရပ်ပြီး အသံတိုးတိုးလေးနှင့် ရယ်လိုက်၏။
"အရှင်မင်းကြီး" ဧကရာဇ်၏ စိတ်နေစိတ်ထားမှာ တခဏချင်း ပျော်ရွှင်ပုံပေါက်လာသည်ဟု တုကျိုး ခံစားမိသည်။
ရုံရှားသည် လက်ထဲက စုတ်တံကို ချကာ မတ်တပ်ရပ်လိုက်ပြီး "သခင်ကျိုး လာတဲ့အခါ ငါကိုယ်တော်မှာ လုပ်စရာတွေရှိလို့၊ သူ့ကို အရင်ပြန်ခိုင်းပါ"
ဧကရာဇ် နောက်ခန်းထဲသို့သွားသည်ကိုမြင်လျှင် တုကျိုး ကူကယ်ရာမဲ့စွာ နှာခေါင်းကို ပွတ်သပ်လိုက်သည်။
ယခုအချိန်တွင် သူသည် ဧကရာဇ်အစောင့်တပ်၏ တပ်မှူးဖြစ်သည်။ ဧကရာဇ်၏ သူလျှိုအဖွဲ့ဟောင်းများကိုလည်း သူ ဦးဆောင်ခဲ့သည်။ ထို့ကြောင့် နန်းတွင်း၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများစွာကို သူသိသည်။ဥပမာ၊ ဧကရီသည် ဘာမှလုပ်စရာမရှိသည့်အခါ နန်းတော်ကနေ ထွက်သွားတတ်၏။ နောက်ဥပမာတစ်ခုက၊ မယ်တော်ဧကရီသည် အကြမ်းဖက်ဧကရာဇ်အား လွှတ်ပေးဖို့ ဧကရီကို တစ်ချိန်က တောင်းပန်ခဲ့ဖူးသည်။
မယ်တော်ဧကရီ ပြောသမျှ အားလုံးကို ဧကရာဇ်ထံ အစီရင်ခံခဲ့သည်။ ဤအဖြစ်အပျက်ပြီးနောက်တွင် ဧကရာဇ်သည် ဧကရီထံသို့ လျှို့ဝှက်မစုံစမ်းတော့ရန် ရုတ်တရက် အမိန့်ပေးခဲ့သည်။
သူလျှိုများက နန်းတက်ပွဲ အခမ်းအနားကို စောင့်ကြည့်နေခြင်းကြောင့်သာမဟုတ်လျှင် ဤကိစ္စကို ဘယ်သူမှ သိမှာမဟုတ်ပေ။
ရုံရှားသည် ပန်းဟွာ မြင်းစီးဝတ်စုံ ဝတ်ထားသည်ကို အနောက်ခန်းတွင် မြင်လိုက်ရ၏။သူမ အပြင်ထွက်ရန် ပြင်ဆင်နေပုံရသည်။
"ဟွာဟွာ၊ မင်း နန်းတော်က ထွက်သွားမို့လား"
ပန်းဟွာက ခေါင်းညိတ်သည်။
"အင်း၊ ဟိုတခါက ကျွန်မ လုပ်ကြံသတ်ဖြတ်တဲ့ အဖွဲ့အစည်းကို မြို့တော်ရောက်ရင် ကိုင်တွယ်မယ်လို့ ပြောတယ်မလား၊ကျွန်မ စကားတည်ရမှာပေါ့"
နောက်ဆုံးတွင် ရုံရှားသည် သူမပြောခဲ့သည့်စကားကို သတိရသွားသည်။ "ဒီလူတွေ လွတ်သွားပြီလား၊ သူတို့ကို ဘယ်လိုရှာနိုင်မလဲ"
"ထွက်ပြေးဖို့က မလွယ်ဘူး၊ လူတွေကို စောင့်ကြည့်ဖို့ ကျွန်မ စီစဉ်ထားပြီးသား" သူမ ရုံရှားကို ခန်းမထဲသို့ တွန်းပို့လိုက်သည်။ "မြန်မြန် အဝတ်လဲလိုက်၊ ကျွန်မ ရှင့်ကိုပါ ခေါ်သွားမယ်"
ရုံရှားက ပန်းဟွာ၏ စိတ်အားထက်သန်သောအမူအရာကိုမြင်လိုက်ရသည်။
"မင်း ဘာလုပ်ချင်တာလဲ"
ပန်းဟွာက အတွေ့အကြုံရှိလေသံဖြင့် ပြောသည်။
"ပထမအနေနဲ့၊ လူတွေ အများကြီးရှိဖို့လိုတယ်၊ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မောင်လေးဟမ်ကို လောင်းကစား လိမ်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ရှိဖူးတယ်၊ဒါနဲ့ ကျွန်မလည်း လူတွေကို ခေါ်သွားပြီး လောင်းကစားအိမ်ကို ရှင်းပစ်လိုက်တယ်"
ထိုအချိန်တွင် လောင်းကစားအိမ်ထဲ၌ လူရမ်းကားများစွာရှိသော်လည်း သခေါ်လာသည့် အစောင့်များနှင့် လက်ရည်ချင်း မနှိုင်းယှဉ်နိုင်ပေ။ ထိုလူရမ်းကားများသည် သူတို့၏ မိဘများပင် မမှတ်မိနိုင်သည်အထိ အရိုက်ခံရသည် လောင်းကစားအိမ်နောက်ကွယ်က လူများပင် သူမကို မနှောင့်ယှက်ဝံ့ကြ။
နန်းတော်မှ ထွက်ခွာသွားပြီး၊ဥဒဟိုသွားလာနေသော လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် ရုံရှား ရုတ်တရက် သဘောပေါက်သွားသည်။ နန်းတော်သို့ပြောင်းလာကတည်းက သူ မြို့တော်ကို ကောင်းကောင်းကြည့်ရန် အခွင့်အရေးမရှိခဲ့ပေ။လူအများ၏ မျက်နှာများသည် ပျော်ရွှင်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းများနှင့် ပြည့်နှက်နေသည်။ မကြာသေးမီက စစ်ပွဲကို မေ့သွားသလိုမျိုး နေ့သဉ်ဘဝထဲမှာပျော်ဝင်နေကြ၏။
ပန်းဟွာက မြင်းစီးပြီး သူ့ဘေးနားမှ လူချောကို လှမ်းကြည့်ရင်း ပြုံးနေသည်။
“ရှင်က ပြောတဲ့အတိုင်း လုပ်နိုင်တာပဲ၊ ရှင် မြို့တော်ရဲ့ စီးပွားရေးကို ထိန်းထားနိုင်ပြီ"
ရုံရှား ငြိမ်သွားပြီး သူ့လည်ချောင်းက မသက်မသာဖြစ်လာသည်။ "ဟွာဟွာ.."
"ဘာလို့လဲ" ပန်းဟွာက သူ့ကို ပြုံးပြုံးလေးဖြင့် ပြန်ကြည့်ကာ "ရှင် ပေးထားတဲ့ကတိကို မေ့သွားပြီလား"
ရုံရှားက ခေါင်းခါလိုက်ပြီး "မမေ့ပါဘူး၊ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"
တစ်ချိန်က၊ သူသည် ကျန်းမိသားစု မင်းဆက်အပေါ် ချစ်ခင်တွယ်တာမှု အရိပ်အယောင် ရှိသေးသည်။ပန်းဟွာ အဆိပ်ခတ်ခံရပြီး အသက်သေဆုံးလုနီးပါးမဖြစ်ခင်အထိ၊ ဧကရာဇ် ယွင်ချင်က သူမကို အကာအကွယ်များ ဆက်လက်ပေးခဲ့သည်။
ကျန်းမိသားစုတွင် မည်သူမျှ ဧကရာဇ်ဖြစ်ရန် အရည်အချင်းမပြည့်မီခဲ့ပေ။ မူလက အနည်းဆုံး သုံးနှစ်၊ လေးနှစ်လောက် အချိန်ယူရမည်ဟု သူထင်ခဲ့သည်။သို့သော် တော်ဝင်မင်းသမီးသဲနင်ပေးသော ကျားသုံးကောင်တံဆိပ်နှင့် ဟွာဟွာ၏တပ်များကို စုစည်းနိုင်ခြင်းက သူ့ကို ပို၍ပင် အားကောင်းစေသည်။ သုံးလေးနှစ်ကြာအောင် ဖြစ်ဖြစ်မြောက်မြောက် မအောင်မြင်ခဲ့တာက သူ ပုန်ကန်ပြီး တစ်နှစ်အတွင်းမှာပဲ ပြီးသွားခဲ့၏။
နှစ်နှစ်၊ သုံးနှစ်လောက် ဆိုသည့်အချိန်က အရေးမပါဘူးဟုထင်ရသော်လည်း ကမ္ဘာပေါ်က လူများအတွက်တော့ စစ်ပွဲ၏ မိနစ်တိုင်းက လူအများကို ပို၍ပို၍ သတ်နေခြင်းပင်။
ပန်းဟွာသည် ရုံရှား အတွေးလွန်နေပြီး၊ဘာတွေးနေမှန်း မသိသဖြင့် သက်ပြင်းချကာ အားကိုးရာမဲ့ ဖြစ်နေသည်။ထက်မြက်သော အမျိုးသားများသည် အရာရာ၌ ကောင်းမွန်သော်လည်း အတွေးလွန်တတ်ကြသည်။ သူတို့ လွယ်လွယ်နဲ့ အသက်ကြီးလာကြမှာ မဟုတ်လား။
"ရောက်ပြီ"
ပန်းဟွာ၏ စကားများသည် ရုံရှားကို လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိစေသည်။ ဤနေရာတွင် လူအနည်းငယ်သာ ရှိသော်လည်း အိမ်များကို သပ်ရပ်စွာ ဆောက်လုပ်ထားသည်။အိမ်အများစု၏ တံခါးရှေ့မှာ လှပသည့် အနီရောင် မီးပုံးများ ချိတ်ဆွဲထားကြသည်။သူတို့မျက်နှာမူထားသည့် သစ်သားအဆောက် အအုံရှေ့မှာ "ဟွမ်ဟွာအိမ်" ဟု ရေးထားသည့် ကမ္ပည်းပြားတစ်ခုရှိ၏။ နာမည်က ကျက်သရေရှိသော်လည်း၊ဖြစ်ကတတ်ဆန်းနိုင်သလိုဖြစ်နေသည်။
ရုံရှားက မျက်မှောင်ကြုတ်ကာ "ဒါက ဘာလဲ"
"ဒါက လုပ်ကြံသတ်ဖြတ်ရေး အဆောက်အအုံရဲ့ ဌာနချုပ်ပါ၊ သူတို့ ဖော်ထုတ်ခံထားရတာကို မသိကြဘူး"
ပန်းဟွာသည် မြင်းပေါ်မှ ခုန်ဆင်းကာ လက်တစ်ဖက်တည်း ခါးထောက်လိုက်သည်။
"ပြင်းပြင်းလေး တံခါးကိုဖျက်လိုက်"
"ဟုတ်ကဲ့"
ပန်းဟွာ၏ အစောင့်များသည် အိတ်ထဲမှ တူများ၊ ပုဆိန်များ၊ တင်းပုပ်များနှင့် အခြားအရာများကို ထုတ်ယူကာ ဟွမ်ဟွာအိမ် တံခါးဝအား ရိုက်ချိုးခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တံခါးကို အပိုင်းပိုင်းခွဲပစ်လိုက်နိုင်သည်။ အလွန် စိတ်မရှည်ပုံပေါက်သော အစောင့်တစ်ဦးက ကျန်ရှိသော သစ်သားတံခါးတစ်ဝက်ကို ဝှီးကနဲလွင့်အောင်ပင် ကန်ထုတ်ပစ်လိုက်သည်။ထိုအခါ နံရံကို ထိမှန်ပြီး အပိုင်းပိုင်းကွဲသွားသည်။ တုကျိုးနှင့် ဧကရာဇ်၏ အခြားအစောင့်များသည် ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ စစ်သည်တစ်ယောက်၏ စတိုင်လ်အစစ်ကို သူတို့ပထမဆုံးမြင်ဖူးတာပင်။
ပန်းဟွာက မေးစေ့ကို မြှောက်လိုက်ရင်း
"ဒါကို မုန်တိုင်းရိုက်ချက်လို့ခေါ်တယ်၊ ကျူံးဖျင်နယ်စားမင်းအိမ်တော်ကို ဖြိုခွင်းတုန်းက ဒါနဲ့ပဲ လုပ်ခဲ့တာ"
တုကျိုး ပါးစပ်ကိုပိတ်လိုက်သည်။ ပနမိသားစု၏နည်းလမ်းသည် ရိုးရှင်းပြီး ရိုင်းစိုင်းသော်လည်း ...ရလဒ်က အလွန်ကျေနပ်စရာကောင်းသည်။
ပန်းဟွာ၏ လုပ်ရပ်သည် ကျယ်လောင်လွန်းသဖြင့် ဟွမ်ဟွာအိမ်မှ လူများကို ထိတ်လန့်စေခဲ့သည်။ မကြာမီ သန်မာသော အမျိုးသားအချို့သည် လက်ထဲတွင် တုတ်များကိုင်ကာ ပြေးထွက်လာကြသည်။ သို့သော် သူတို့ ဘာမှ မပြောမီတွင် ပန်းဟွာ၏ ကိုယ်ရေးကိုယ်တာ အစောင့်များထံမှ ရိုက်နှက်ခြင်း ခံခဲ့ရသည်။ ပန်းဟွာသည် သူမနှင့်အတူ ကိုယ်ရေးကိုယ်တာ အစောင့်များစွာကို ခေါ်ဆောင်လာခဲ့သည်။ ဤသန်မာသောလူများသည် မြွေဆိုးများအဖြစ် အသွင်ဆောင်သော လူသတ်သမားများဖြစ်နေပါစေ၊ ဤတိုက်ခိုက်မှုအောက်တွင် လုံးဝပြန်မတိုက်နိုင်ပေ။
"အားယား၊အားယား...သခင်မလေးကို နှုတ်ဆက်ပါတယ်"
ခရမ်းရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမသည် သက်လတ်ပိုင်းအရွယ်ဖြစ်သော်လည်း၊ငယ်စဉ်ကဆို အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်မည်ဟု သူမ၏မျက်လုံးများမှတဆင့် မြင်တွေ့နိုင်သည်။
"ကျွန်မတို့က သခင်မလေးကို ဘယ်လို စော်ကားခဲ့လို့ အရမ်းဒေါသထွက်နေတာလဲ မသိဘူး"
"ရှင့်ရဲ့ အဆောက်အဦးကို ငါမကြိုက်ဘူး၊ ဒါကြောင့် ကျွန်မဒေါသကို ဖြေဖျောက်ဖို့ လိုတယ်၊ ဟိတ်..…ဆက်လုပ်၊ မရပ်နဲ့"
ခရမ်းရောင်ဝတ်ထားသော အမျိုးသမီးသည် ပြုံးပင်မပြုံးနိုင်တော့။
"သခင်မလေး ဒါက ဘာကိုဆိုလိုတာလဲ"
"ဟုတ်တယ်၊ ကျွန်မ ပြောချင်တာ အတိအကျပဲ" ပန်းဟွာက အမျိုးသမီးကို တွန်းဖယ်လိုက်သည်။ "ကျွန်မကို မတားပါနဲ့၊ ကျွန်မနဲ့ဝေးဝေးနေပါ"
ခရမ်းရောင်ဝတ်ထားသော အမျိုးသမီးသည် ပန်းဟွာ၏ မာနကြီးသော သဘောထားကြောင့် ဒေါသထွက်လာသည်။
"သခင်မလေးက အဆင့်အတန်းမြင့်တာ မှန်ပေမယ့် ဒီလိုလူတွေကို အနိုင်ကျင့်တာမျိုး မလုပ်သင့်ဘူး၊ဆက်ပြီး ဒုက္ခပေးရင် ကျွန်မ ဒါကို အာဏာပိုင်တွေကို သတင်းပို့ရမယ်"
ပန်းဟွာ၏ မျက်နှာသည် မောက်မာမှုအပြည့်ပင်။
"သွားပြော၊ကျွန်မကို တားဖို့ ဘယ်သူ သတ္တိရှိလဲဆိုတာ ကြည့်မယ်၊ကျွန်မ အဖေက ဘယ်သူလဲ သိလား၊ကျွန်မ ခင်ပွန်းက ဘယ်သူလဲ သိလား၊မြို့တော်က အာဏာပိုင်ဘယ်သူပဲလာလာ ဘယ်သူမဆို ကျွန်မ ခြေရင်းမှာ ဒူးထောက်ရမှာ"
မိသားစုဝင်များ အာဏာရှိကြောင်းကို လူရှေ့မှာထုတ်ပြောနေသူများသည် များသောအားဖြင့် မိသားစုကအရေးပေးခြင်းမခံရသူများပင်။ အဆင့်အတန်းအစစ်အမှန်ရှိသူများသည် တိတ်တဆိတ်သာနေလိုကြသည်။ယခုလို အားလုံးကိုလိုက်ပြောနေသည့် သူမလို မဟုတ်ပေ။ဤသည်ကို နားလည်သော ခရမ်းရောင်ဝတ် အမျိုးသမီးက ပို၍ပင် ဒေါသပေါက်ကွဲသွားသည်။
xxxxxx