Chapter 183
ရုံရှားသည် နန်းတော်ထဲတွင် ထိုသို့သောလျှို့ဝှက်ချက်များရှိနေသည်ဟု မထင်ထားခဲ့ပေ။
တော်ဝင်မင်းသမီးသဲနင်သည် အံ့သြဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ကျင်းမြို့တော်ရှိ မရေမတွက်နိုင်သော အမျိုးသားများသည် သူမ၏အလှမှာ ကျဆုံးခဲ့ပြီး သူမအား တယဲ့မင်းဆက်တွင် နံပါတ်တစ်အလှတရားဟု ခေါ်ဝေါ်ခဲ့သည်။ တော်ဝင်မင်းသမီးသည် အလှဆုံးမိန်းကလေးဘွဲ့နှင့်ထိုက်တန်သည်ဟု သူလည်း တွေးမိသည်။
"ဟွာဟွာ" ရုံရှားက ပန်းဟွာ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး "ကိုယ် အဖွားကို ဘွဲ့တစ်ခုပေးချင်တယ်"
ပန်းဟွာက ခဏလောက် ငြိမ်ပြီးခေါင်းညိတ်သည်။
"ကောင်းပြီလေ၊ ပေးချင်ပေးလေ"
အဖွားဖြစ်သူမှာ သေဆုံးပြီးဖြစ်၍ ဘွဲ့အမည်များကို မည်သူမှ ဂရုမစိုက်သော်လည်း၊ သူမကတော့ ဂရုစိုက်သည်။တယဲ့မင်းဆက်၏ နောက်ဆုံးနှစ်များတွင် အလွန်ထက်မြက်သော မင်းသမီးတစ်ပါး ရှိခဲ့ကြောင်း နောင်နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့် သောင်းနှင့်ချီ၍ လူအများ သိကြလိမ့်မည်ဟု သူမ မျှော်လင့်သည်။ သမိုင်းစာအုပ်များသည်ကား အောင်မြင်ကျော်ကြားသူများအပေါ် အသားပေးထားခြင်းဖြစ်သည်။
"ကျေးဇူးတင်ပါတယ်"
သူမသည် ရုံရှား ရင်ခွင်ထဲကို မှီပြီး သူ့နှလုံးခုန်သံကို နားထောကြည့်ကာ မျက်လုံးများအား ဖြည်းညှင်းစွာမှိတ်လိုက်သည်။
ရုံရှားက ပန်းဟွာ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။ သူ၏ လှုပ်ရှားမှုများက အလွန်ညင်သာလွန်းသည်။ အဖိုးဖြတ်မရသည့် ရတနာတစ်ခုကို အမြတ်တနိုးတန်ဖိုးထားနေသလိုပင်။သူ့ရင်ထဲမှာ ပြောချင်သော စကားများစွာရှိသော်လည်း စကားလုံးများက အကျုံးမဝင်ဟုခံစားရ၍ ပြောဖို့မကြိုးစားတော့ပေ။
နှစ်ရက်အကြာတွင် နန်းတက်ပွဲအခမ်းအနား ကျင့်ပမည့်နေ့ဖြစ်ကာ၊ နေမထွက်မီ ပန်းဟွာ နိုးလာသည်။ သူမ ဆေးကြောသန့်စင်ပြီး အဝတ်အစားများ ၀တ်ဆင်သည်။ဝတ်စုံရှိ အလှဆင်ထားသော ရတနာတိုင်းသည် ကမ္ဘာပေါ်တွင် ရှာရခက်သော ရတနာအမျိူးအစားများဖြစ်သည်။ချည်မျှင်တိုင်းကိုလည်း သေချာရွေးချယ်ထားသည်။
ပန်းဟွာသည် အနီရောင် ဖီးနစ် ၀တ်စုံကို ၀တ်ဆင်လိုက်သောအခါတွင် နန်းတော်အမှုထမ်းများအားလုံး အံ့အားသင့်သွားကြသည်။ သူတို့အားလုံးသည် နန်းတော်အစေခံများဖြစ်ကြ၍ မယ်တော်ဧကရီ ဖီးနစ်၀တ်စုံ ဝတ်ဆင်ထားသည်ကို တွေ့ဖူးသော်လည်း ယခုလို ခမ်းနားထည်ဝါလှပသော ဖီးနစ်၀တ်စုံအား တစ်ခါမှ မတွေ့ဖူးပေ။ထူးကဲပြီး မြင့်မြတ်သော အလှတရားနှင့် လိုက်ဖက်စွာပင် ဝတ်စုံက သူမအတွက် ပြုလုပ်ထားသလို ခံစားချက်မျိုးပေးနေ၏။
ဧကရာဇ်သည် ရှေးစာအုပ်များတွင်ရေးသားထားသော ဖော်ပြချက်များအရ ဖီးနစ်ဝတ်စုံအား အပ်ချုပ်သူများကို အထူးအမိန့်ပေး၍ ခိုင်းစေထားသည်မှာ အံ့သြစရာမဟုတ်ပေ။ ဧကရာဇ်တစ်ပါးတည်းသာ ဧကရီ၏အလှကို အကောင်းဆုံးနားလည်သူဖြစ်သည်။
ပန်းဟွာသည် ဖီးနစ်ဝတ်စုံကို ၀တ်ထားသော်လည်း ဖီးနစ်သရဖူကို မဆောင်းထားပေ။သူမသည် ကျောက်ယန်ခန်းမ ရှေ့တွင် မြင်းရှစ်ကောင်ပြေးသော ဖီးနစ်ပုံထွင်းထားသည့် မြင်းရထားကိုစီးကာ ရောက်ရှိလာသည်။ပင်မခန်းမတွင် အရာရှိများနှင့် ဇနီးများသည် သူမကို ရာထူးအလိုက် တန်းစီနေကြသည်။
"ဧကရီ ရောက်လာပါပြီ"
ခန်းမထဲမှ အမှုထမ်းများက တညီတညွတ်တည်းအော်လိုက်ကြ၏။ ပန်းဟွာ ခန်းမထဲသို့ ဝင်သွားပြီးနောက် အရာရှိကြီးများနှင့် အမာခံများအားလုံး ဒူးထောက်ကာ အလေးပြုကြသည်။
"ဧကရီ သက်တော်ရာကျော်ပါစေ"
ကြမ်းပြင်ကို အနီရောင် ဘရိုကိတ်ပိတ်သား ကောဇော ရှစ်လွှာဖြင့် ဖုံးအုပ်ထားသည်။ ပန်းဟွာ ကော်ဇောပေါ်တက်လိုက်သည့်အခါ တိမ်ပေါ်ရောက်နေသလိုမျိုး ထူးခြားလွန်ကဲစွာခံစားရ၏။
ရုံရှားသည် ခန်းမ၏ အမြင့်ဆုံးနေရာ၌ ရပ်နေသည်။ ပန်းဟွာသည် အနီရောင်ကော်ဇော တစ်လျှောက် လျှောက်သွားကာ ရွှေရောင် လှေကားထစ်များရှေ့တွင် ရပ်လိုက်သည်။ပြီးလျှင် သူမက ရုံရှားကို ဦးညွှတ်ပြီး "ဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်"
ရုံရှားသည် လှေကားထစ်များအောက်သို့ လျှောက်သွားပြီး ပန်းဟွာကို လက်ကမ်း၍လိုက်သည်။ ထို့နောက် မှူးမတ်များနှင့် လူကြီးမင်းများ အားလုံးရှေ့တွင် ပြောလိုက်သည်။
"ဧကရီက ကိုယ့်ရဲ့လက်၊ခြေ၊ဘဝတစ်ခြမ်းဆိုလည်းဟုတ်တယ်၊ နောက်ဆို ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုတော့ပါဘူး"
လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ဧကရာဇ်သည် လူတိုင်းရှေ့တွင် ဧကရီကို ချီးမွှမ်းလွန်းလှသည်။
ရုံရှားသည် အရာရှိများ၏ အတွေးကို ဂရုမစိုက်။ သူသည် ဤအရာရှိများကိုအလိုက်လိုက်အကြိုက်ဆောင်ဖို့ ရာဇပလ္လင်ပေါ်ထိုင်ခြင်းမဟုတ်။သူက အခမ်းအနားမှူး ကိုင်ထားသော ဗန်းထဲမှ ဖီးနစ်သရဖူကို လှည့်ကြည့်လိုက်ကာ ပန်းဟွာ၏ခေါင်းပေါ်တွင် ကိုယ်တိုင်ကိုယ်ကျ ဆောင်းပေးလိုက်လေသည်။
ဧကရီ၏ ဖီးနစ်သရဖူသည် ဧကရာဇ်၏ သရဖူလိုမျိုး အဆင့်အတန်းပြယုဂ် သင်္ကေတတစ်ခု ဖြစ်သည်။ယေဘူယျအားဖြင့် နန်းတက်ပွဲ အခမ်းအနားတွင် ဧကရီ၏ ဖီးနစ်သရဖူကို အကျင့်သီလနှင့် ပြည့်စုံပြီး လေးစားထိုက်သော အမျိုးသမီးတစ်ဦးမှ ဆောင်းပေးရဟည်။ရတနာဖီးနစ်စာအုပ် ထဲမှာလည်း မယ်တော်ဧကရီက ဧကရီအသစ်အား သရဖူကို ကိုယ်တိုင်အပ်နှင်းရမည်ဟုပါရှိသည်။သို့သော် သမိုင်းစာအုပ်များတွင် ဧကရာဇ်သည် ဧကရီအား သရဖူကို ကိုယ်တိုင်ကိုယ်ကျ အပ်နှင်းခြင်းမပြုခဲ့ပေ။
ယောက်ျားက ကောင်းကင်၊ မိန်းမက မြေကြီး ဆိုသည့် စကားအတိုင်း ယောက်ျားများသည် မိန်းမများထက်မြင့်မြတ်၏။ ဧကရာဇ်သည် ဧကရီ့အပေါ် သရဖူကိုဘာလို့ဆောင်းပေးရမလဲ၊ဒါက လွန်လွန်းတယ်မဟုတ်လား။
နန်းတက်ပွဲအတွက် ပြင်ဆင်နေသည့် အရာရှိများသည် ချွေးများကို တိတ်တဆိတ် သုတ်လိုက်ကြသည်။ ဧကရာဇ်က ယခုလိုလုပ်မည်ဟု မထင်ထားပေ။သူတို့က သခင်မကျိုးကို လှည့်ကြည့်လိုက်ကာ ဦးစီးအရာရှိက ရှက်ရွံ့စွာ ပြုံးပြီး "သခင်မကျိုး ဘယ်လိုထင်လဲ..."
သခင်မကျိုးကလည်း ပြုံးပြီး ဝမ်းသာအားရပြော၏။
"အရမ်းကောင်းတယ်၊ဧကရာဇ်နဲ့ ဧကရီက သိပ်ကို လိုက်ဖက်ညီတယ်၊ဒါက ကျွန်မတို့ ယင်မင်းဆက်ရဲ့ ကံကြမ္မာပဲ"
"သခင်မကျိုး ပြောတာ မှန်ပါတယ်၊ ဒါ ကောင်းတဲ့ နိမိတ်တစ်ခုပါပဲ"
ရုံရှားသည် ဖီးနစ်တံဆိပ်နှင့် ရတနာစာအုပ်ကို ပန်းဟွာ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ ပန်းဟွာက ရွှေအနားကွပ်စာအုပ်ကို လက်ထဲတွင် ကိုင်ထားရင်း ရှေ့မှ နူးညံ့သိမ်မွေ့သော ယောက်ျားဖြစ်သူကို ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။
"လာ..." ရုံရှားက ပန်းဟွာရှေ့တွင် သူ့လက်ကို ဖြန့်လိုက်သည်။ ပန်းဟွာကလည်း သူ့လက်ကိုပြန်ဆုပ်ကိုင်ထားလိုက်၏။
ပြီးလျှင် သူမကို ခန်းမအတွင်း အမြင့်ဆုံးနေရာသို့ ဆွဲခေါ်သွားသည်။ ဤနေရာတွင် နဂါးနှင့် ဖီးနစ်ပုံများ ထွင်းထားသည့်ကုလားထိုင်များရှိသည်။ ဇနီးမောင်နှံနှစ်ဦး ထိုင်ခုံထက်တွင် အသီးသီးထိုင်လိုက်ကြ၏။
"ဒူးထောက်ကြလော့"
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက အမျိုးသမီးများနှင့် သူတို့၏ မိသားစုများကို တညီတညွတ်တည်း ဒူးထောက်ခိုင်းပြီး သုံးကြိမ်ဦးညွတ်ကာ၊ ကိုးကြိမ်ဂါဝရပြုခိုင်း၏။
တယဲ့မင်းဆက်၏ နန်းတက်ပွဲအခမ်းအနားတွင် ဧကရီအား သီးခြားစီ ဆက်ဆံလေ့ရှိသည်။ မင်းမှုထမ်းများက တစ်ကြိမ်သာဦးညွတ်ရပြီး၊ဂါဝရ သုံးကြိမ်သာပြုရ၏။ အမျိုးသမီးများက သုံးကြိမ်ဦးညွတ်၍ ကိုးကြိမ်ဂါဝရပြုရ၏။ယောက်ျားမိန်းမ များ အတူတူ ဦးညွှတ်ကြသည့်စည်းမျဉ်း မရှိပေ။ သမိုင်းတွင် ရေးထားသော နောက်ဆုံးမှတ်တမ်းမှာ လွန်ခဲ့သော နှစ်တစ်ထောင်နီးပါးက ချွန်းမင်ဧကရီဖြစ်သည်။
ချွန်းမင်ဧကရီသည် နောင်လာနောက်သားများအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ဖို့ ခိုင်ယွမ် ဧကရာဇ်နှင့်အတူ အေးအတူပူအမျှ လက်တွဲခဲ့သူဖြစ်သည်။သူမကို ဧကရာဇ်က ချစ်ခင်ပြီး နန်းတွင်းသူကြီးများက လေးစားခဲ့ကြသည်။ သူမသည် သမိုင်းစာအုပ်များတွင် ရှားပါးသော အမျိုးသမီး သူရဲကောင်းတစ်ဦးဖြစ်သည်။
သို့သော် တရားဝင်မဟုတ်သော သမိုင်းတွင် နောက်ထပ်ပြောစရာတစ်ခုရှိသေးသည်။ ချွန်းမင်ဧကရီနှင့် ခိုင်ယွမ် ဧကရာဇ်တို့သည် ကောင်းမွန်သောဆက်ဆံရေးမရှိခဲ့ပေ။ ခိုင်ယွမ် ဧကရာဇ်သည် ချွန်းမင်ဧကရီအား ဖောက်ပြန်သည်ဟု သံသယရှိပြီး သူမ ဖွားမြင်သော အိမ်ရှေ့မင်းသားကို ရာထူးမပေးရန်ပင် စီစဉ်ခဲ့သည်။ ခိုင်ယွမ် ဧကရာဇ်အား မင်းမှုထမ်းများက ဖျောင်းဖျပြီးနောက်မှ ဤအစီအစဥ်ကို စွန့်လွှတ်လိုက်သည်။
ချွန်းမင်ဧကရီသည် ဧကရာဇ်သုံးပါးနန်းတက်ရာတွင် တိုင်းပြည်အားအုပ်ချုပ်တတ်အောင် ကူညီခဲ့သည်။ သူမ ဆုံးပါးသွားသောအခါ သူ့မြေး ဧကရာဇ်သည် အတော်လေးဝမ်းနည်းကြေကွဲခဲ့ရ၏။
နန်းတွင်းအရာရှိများသည် သမိုင်းနှင့်အကျွမ်းတဝင်ရှိသောကြောင့် ဧကရာဇ်က ချွန်းမင်ဧကရီ၏ စည်းမျဉ်းများနှင့်အညီ ပန်းဧကရီအတွက် နန်းတက်ပွဲကျင်းပသည့်အခါ၊ ဧကရာဇ်၏ နှလုံးသားကို နားလည်လိုက်ကြသည်။
ပန်းဧကရီကို ဒဏ္ဍာရီလာ အမျိုးသမီးအဖြစ် ယူဆနိုင်သည်။ သူမသည် မြင့်မြတ်သောမိသားစုတွင် မွေးဖွားခဲ့သော်လည်း စေ့စပ်ကြောင်းလမ်းခြင်း သုံးကြိမ်ဆက်တိုက် ပြတ်တောက်ခဲ့သည်။ သူမ ဂုဏ်သိက္ခာကို ထိခိုက်ပြီး ခင်ပွန်းတစ်ယောက် ရှာမတွေ့နိုင်ဟု လူတိုင်းက ထင်မြင်နေခိုက်၊ သူမသည် မြို့တော်ရှိ အချောဆုံး ယောက်ျားနှင့် စေ့စပ်ခဲ့သည်။
နောက်ပိုင်းတွင် ရုံရှားကို ဧကရာဇ် ယွင်ချင်က အပြစ်ပေးပြီး တိုင်းပြည်ကို အုပ်ချုပ်သော ဒုတိယမင်းသားကလည်း အမြင်မကြည်တော့။ လူတိုင်း သတိကြီးစွာ ထားနေရချိန်မှာ၊ ပန်းဧကရီက ကောကုန်းချမ်အမ် အိမ်ကြီးဆီ သမားတော် ခေါ်သွားခဲ့သည်။ ဤသည်မှာ သစ္စာရှိပြီး ဖြောင့်မတ်သော လုပ်ရပ်ဖြစ်သော်လည်း အလွန်အန္တရာယ်များသည်။
ပန်းမိသားစုသည် တရားရုံးတွင် အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြစရာ ရာထူးမရှိပေ။သူတို့ကို ဧကရာဇ် ယွင်ချင်သာ ငြင်းပယ်ပါက၊ အခက်တွေ့မည်ဖြစ်သည်။ သို့သော် ပန်းမိသားစုသည် ခေါင်းမာစွာပင် ရုံရှားကို အရင်အတိုင်းပင်ဆက်ဆံမြဲ ဆက်ဆံခဲ့သည်။
မိုးပေါ်က အပ်တစ်စင်းနှင့် နတ်ပြည်ကအပ်တစ်စင်း အသွားချင်းထိဖို့ လွယ်ကူသော်လည်း အချိန်မီအကူအညီပေးမည့်သူ ရှိရန်မှာ ခက်ခဲသည်။ ဧကရာဇ်သည် နန်းတက်ပြီးနောက် ပန်းမိသားစုအား အဘယ်ကြောင့် ဤမျှ ကောင်းမွန်စွာ ဆက်ဆံသည်ကို သူတို့ သဘောပေါက်ကြသည်။ သူတို့ကိုလည်း အေးအတူ၊ပူအမျှ နားလည်ပေး၊ အကူအညီပေးနိုင်သော မိတ်ဆွေမျိုး ရှိပါက၊ သူတို့သည်လည်း ဤကြင်နာမှုကိုကျေးဇူးတင်ကြလိမ့်မည်။
ပြောရလျှင် ပန်းမိသားစု၏ ကံကောင်းမှုကလည်း တကယ်ကို နားမလည်နိုင်အောင်ပင်။ လုပ်ကြံသတ်ဖြတ်မှုကြီး မအောင်မြင်ခဲ့သည့်အပြင် တစ်ဘဝလုံး ကျက်သရေရှိစွာ နေထိုင်နိုင်မည်ဖြစ်သည်။
ကောင်းကင်ဘုံက ကြိုတင်သတ်မှတ်ထားခြင်းပင်ဖြစ်သည်။တခြားဘယ်သူမှ စိတ်ကူးမယဉ်နိုင်သည့် ဘဝမျိုးတည်း။
သခင်မကျိုးသည် အမျိုးသမီးများ ရှိရာဘက်သို့ တိတ်တဆိတ် ပြန်လာခဲ့သည်။ ယင်းရှစ်က သူမပြန်လာသည်ကိုမြင်သော် ခေါင်းညိတ်ပြီး ပြုံးပြလိုက်၏။
ဧကရာဇ်၏ ယောက္ခမဖြစ်သော ယင်းရှစ်သည် အမျိုးသမီးများကြားတွင် အဆင့်အတန်းမြင့်မားသည်။သခင်မကျိုး ပင်လျှင် သူတို့အပေါ် ယဉ်ကျေးသိမ်မွေ့ရမည်။ ယင်းရှစ်က ပြုံးပြ၍ သခင်မကျိုးလည်း ပြန်ပြုံးပြလိုက်၏။ပြီးလျှင် သူမက ယင်းရှစ် ကို တိုးတိုးလေးပြောရင်း "ဂုဏ်ယူပါတယ်၊ သခင်မကြီး၊ သားမက်ကောင်းတစ်ယောက်တွေ့တဲ့အတွက်ပါ"
လွန်ခဲ့သည့်သုံးနှစ်က ယန်မိသားစု၏သားကို ပန်းမိသားစုနှင့် အိမ်ထောင်ပြုရန် သခင်မကျိုး ကူညီပေးခဲ့သည်။ ထိုအချိန်တွင် လူတိုင်းက ယန်မိသားစု၏ ဒုတိယသားကို ပန်းဟွာနှင့် လက်ဆက်သည့်အတွက် ရူးသွပ်သည်ဟု ထင်ခဲ့ကြ။သို့သော်လည်း ကံကြမ္မာက ယခုလို အပြောင်းအလဲဖြစ်လာခဲ့သည်။ ယခုဆို ပန်းမိသားစုသည် ခေသူမဟုတ်သော ဘယ်သူမှ မထိပါးနိုင်သော မိသားစုဖြစ်နေဆဲဖြစ်သည်။
အကယ်၍ ပန်းမိသားစုသည် သမီးဖြစ်သူ၏ဆန္ဒကို လျစ်လျူရှုပြီး ယန်အာလန်းနှင့် လက်ထပ်ခွင့်ပြုပါက တရားရုံးတွင် ပန်းမိသားစုအတွက် နေရာရရှိမှာ မဟုတ်တော့ပေ။
သမီးရှိသည့် မိသားစုအားလုံး ပန်းမိသားစု၏ အမြော်အမြင်ကို အားလုံး မနာလိုဖြစ်နေကြရော့မည်။
"ကံမကောင်းခဲ့တာ သုံးခါရှိပေမယ့် ကံကောင်းမှုကတော့ တချိန်ချိန်မှာ သေချာပေါက် ရောက်လာတာပဲမလား"
သခင်မကျိုးက ဝမ်းသာ၍ပြောခြင်းဖြစကြောင်း ယင်းရှစ် မသိသည်။ သူမ ပြုံးပြီး ဧကရာဇ်နှင့် ဘေးချင်းကပ်ရပ်နေသော သမီးဖြစ်သူကို မော့ကြည့်လိုက်သည်။
"အများကြီးမတောင်းဆိုပါဘူး၊ သူမကို ကောင်းကောင်းမွန်မွန် ဧကရာဇ်နဲ့ လက်တွဲပြီး အသက်ကြီးလာစေချင်တာပါ"
သခင်မကျိုး၏ မျက်ခုံးများ အနည်းငယ်လှုပ်သွားသည်။
ဧကရီဖြစ်လာတဲ့ အမျိုးသမီးက ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းရတယ်ဆိုတာ ဘယ်ရှိမလဲ။
ဧကရာဇ်သည် တသက်လုဲး ဧကရီကို အမြဲချစ်သွားခြင်းကပင် အကောင်းတကာ့ အကောင်းဆုံးအဆုံးသတ်ဖြစ်လိမ့်မည်။
ဤသည်ကို သူမ နားလည်သည်။ ယင်းရှစ်သည်လည်း ၎င်းကို နားလည်သည်ဟု ယူဆပါသည်။ သို့သော်လည်း သူမ မပြောဘဲ ယင်းရှစ်က နားမလည်နိုင်ပေ။
ဧကရီ နန်းတက်ပွဲ ပြီးဆုံးပြီးနောက် အခမ်းအနားကို စတင်ခဲ့သည်။ ပန်းဟွာသည် သူမ၏ခေါင်းပေါ်ရှိ လေးလံသော ဖီးနစ်သရဖူကို ချွတ်ကာ ထွက်လာခဲ့သည်။
ဧကရာဇ်နှင့် ဧကရီတို့သည် စားပွဲဝိုင်းတစ်ခုတည်းတွင် ထိုင်ကာ ဝိုင်သောက်ကြ၏။အားလုံးကလည်း ဝိုင်သုံးခွက်သောက်ပြီးနောက် ပေါ့ပေါ့ပါးပါး ဖြစ်သွားကြသည်။
ပန်းဟွာက ရုံရှား၏လည်ပင်းကို တိတ်တိတ်လေး ပွတ်လိုက်ရင်း တိုးတိုးလေးပြောသည်။ "ကျွန်မ လည်ပင်းက ကွေးနေသလား"
"ဖြောင့်နေတာပါ၊ အရမ်းကြည့်ကောင်းတယ်" ရုံရှားက သူမ၏ လည်ပင်းကို ပွတ်သပ်လိုက်၏။
"တော်တော့၊ယားတယ်"
"ကိုယ်တို့ အိပ်ဆောင်ကိုရောက်ရင် မင်းကိုနှိပ်ပေးမယ်"
"နှိပ်ရုံပဲလား" ပန်းဟွာက သူ့ကို မျက်စောင်းထိုးကာကြည့်လိုက်၏။ ရုံရှားက သူမကိုနူးညံ့စွာပြုံးလိုက်၏။
"မကောင်းဆိုးဝါးကြီး...."
"ကိုယ့်က မင်းရဲ့ မကောင်းဆိုးဝါးပဲ၊ မင်း ကိုယ့်ကို တာဝန်ယူရမှာ"
ဧကရာဇ်နှင့် ဧကရီနောက်တွင် ရပ်နေသော ဝမ်ကုန်းကုန်းသည် မျက်နှာထားက မပြောင်းလဲသော်လည်း ရင်ထဲကတော့ ဗြောင်းဆန်နေပြီဖြစ်၏။ဧကရာဇ်နဲ့ ဧကရီက လူကြားထဲမှာ ဒီလို ပြောမယ်လို့ ဘယ်သူက ထင်မှာလဲ။
"အဖေ" ပန်းဟမ်က ပန်းဟွိုက်ကို တီးတိုးပြောလိုက်သည်။ "သတင်းကြားလား"
"ဘာလဲ" ပန်းဟွိုက်သည် တူကို ချလိုက်ပြီး ဝိုင်တစ်ငုံသောက်လိုက်သည်။
"မကြာသေးခင်က၊ ဧကရာဇ်ဆီကို အရာရှိတွေက အမိန့်စာတစ်စောင်ပို့ကြတယ်၊အကြောင်းအရာက ကိုယ်လုပ်တော်တွေ မြှောက်ဖို့ပါတဲ့"
“အဲဒီအရာရှိတွေက အကောင်းပြောတာမဟုတ်ဘူး၊ ဧကရာဇ်က အခုမှ နန်းတက်တာ နဂါးပလ္လင်မှာတောင် ဖင်ပူအောင်မထိုင်ရသေးဘူး၊ကိုယ်လုပ်တော်တွေ ယူခိုင်းရတယ်လို့၊ဧကရာဇ်ကို သူတို့လိုများထင်နေကြတာလား၊သိသာတယ်၊ ဒါက ယန်မင်းဆက်ရဲ့ အခြေခံအုတ်မြစ်ကို နှောင့်ယှက်တာပဲ၊ကြည့်ရတာ အရင်မင်းဆက်က လူတွေပဲ ထင်ပါရဲ့"
ပန်းဟမ် ခေါင်းညိတ်လိုက်သည်။ "အဖေပြောတာ မှန်တယ်!"
အမျိုးသမီးများသည် ဧကရာဇ်နှင့် ဧကရီတို့ကြားက ရင်းနှီးသော အပြုအမူများကို ကြည့်ပြီး ပန်းဟွာကို အလွန်မနာလိုဖြစ်ကြသည်။မြို့တော်ရှိ အချောဆုံးယောက်ျားကို လက်ထပ်ခြင်းကတော်သေးသည်၊ သို့သော် ယခုတော့ ထိုလူချောလေးက တိုင်းပြည်၏ ဧကရာဇ်ဖြစ်လာပြီး သူမကလည်း ရုတ်တရက် ဧကရီဖြစ်လာရ၏။
ငယ်ငယ်တုန်းကတည်းက သူတို့ ပန်းဟွာ နဲ့ မယှဉ်နိုင်တာ၊အခုလို မင်းဆက်ပြောင်းပြီးတောင် မနှိုင်းယှဥ်နိုင်သေးဘူး... တကယ်ကို မနာလိုဖြစ်စရာ ကောင်းလိုက်တာ။
"ယန်မိသားစုရဲ့ မိန်းကလေးလည်း ဒီအဖြစ်ကို နောင်တရနေသလားလို့ ကျွန်မ တွေးမိတယ်"
အမျိုးသမီးတစ်ယောက်က ခန်းမ၏အဆုံးတွင်ထိုင်နေသော အမျိုးသမီးငယ်တစ်ဦးကို ကြည့်လိုက်ပြီး ထူးဆန်းသောလေသံဖြင့်ပြောသည်။
"ပြောရင်းဆိုရင် ဟိုတစ်ယောက်က သခင်မယန် ဟုတ်တယ်ဟုတ်၊သူမ ဒီနေ့ ပွဲကိုလာမယ်လို့ မထင်ထားမိဘူ၊သူမက ဧကရာဇ်ကို ကြောက်နေတာမဟုတ်ဘူးလား၊ သူမကိုတွေ့ရင် ဧကရာဇ် စိတ်ဆိုးသွားမှာမဟုတ်လား"
အခြားအမျိုးသမီးများကလည်း ရယ်မောလိုက်ကြသည်။
xxxx