Chapter 185
ပန်းဟွာက ရုံရှား၏လက်ကို ဆုပ်ကိုင်ကာ သူ့ခါးကို ဆွဲဆိတ်လိုက်၏။
"ရှင်က ဧကရာဇ်နော်၊ ပြတင်းပေါက်ပေါ် ခုန်တက်တာ ရှင် မရှက်ဘူးလား"
"မင်း ပြုံးဖို့အတွက်ဆို ပြတင်းပေါက်တင်မကဘူး၊ နံရံဆိုလည်းတက်မှာဘဲ"
ရုံရှားသည် အခန်းထဲတွင် ငှက်လှောင်အိမ်များစွာ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသော်လည်း အများစုမှာ အလွတ်ဖြစ်နေသည်။ ဧကရာဇ် ယွင်ချင်သည် ငှက်များကို မွေးမြူတတ်သောကြောင့် အရာရှိများက လှပပြီး လိမ္မာပါးနပ်သော ငှက်များစွာကို လက်ဆောင်အဖြစ် ဆက်သကြသည်။
နောက်ပိုင်းတွင် ဧကရာဇ်ယွင်ချင် နာမကျန်းဖြစ်ခဲ့သည်။ ကျန်းလော အာဏာရလာပြီးနောက်တွင် သူသည် ငှက်များကို စိတ်မဝင်စားသောကြောင့် အစေခံများ လက်လျော့လိုက်ကြသည်။ ငှက်အိမ်ထဲရှိ ငှက်များစွာသည် အစာငတ်ခြင်း သို့မဟုတ် နာမကျန်းမှုဖြင့် သေဆုံးခဲ့ကြသည်။ ရုံရှား နှင့် ပန်းဟွာ နန်းတော်သို့ ပြောင်းရွှေ့ပြီးနောက် ငှက်ကောင်ရေအနည်းငယ်မျှသာ ကျန်တော့သည်။
"မင်းကြိုက်ရင် စိတ်ဝင်စားစရာကောင်းတဲ့ ငှက်လေးတွေ ကိုယ် ရှာခိုင်းလို့ရတယ်"
ထိုငှက်များသည် ငှက်လှောင်အိမ်ဖွင့်ပြီးသည့်တိုင် မည်သို့ပျံသန်းရမည်ကို မသိသောကြောင့် ၎င်းတို့ကို မသိနားမလည်သောာအစေခံများက ဖြစ်ကတတ်ဆန်း မွေးမြူထားခြင်းဖြစ်ကြောင်း သူသိလိုက်သည်။
"မလိုပါဘူး"
ပန်းဟွာက ခေါင်းခါပြီး ရယ်စရာပုံပန်းရှိသည့် အစိမ်းရောင်ကြက်တူရွေးကို ကြည့်ကာ တခစ်ခစ် ရယ်လိုက်၏။
"ဧကရာဇ်သာ ဒီငှက်တွေကိုချစ်ခဲ့ရင် သူ ရှာထားမှာပေါ့၊ကျွန်မက တကူးတကြီးမွေးချင်တာမျိုး မဟုတ်ဘူး၊ပြီးတော့ ဒီအကောင်တွေနဲ့လည်း ကစားလို့ရပါတယ်၊ ဒါကြောင့် အလေးအနက်မထားပါနဲ့"
ရုံရှားသည် ကျုံးကျိူးတွင် သူစားခဲ့သော ကန်စွန်းဥများကို ရုတ်တရက် သတိရသွားကာ "ဟွာဟွာ၊ ကျုံးကျိူး မှာ ရှိတဲ့ ကန်စွန်းဥကို မှတ်မိလား"
ပန်းဟွာက ခေါင်းညိတ်လိုက်သည်။
"အင်း၊ ဘာလို့လဲ"
“တော်ဝင်မိသားစုပိုင် လယ်တွေမှာ စိုက်ခိုင်းရင် ဘယ်လိုလဲ၊ အထွက်နှုန်းများရင် ပြည်သူတွေအတွက်လည်း ကောင်းပါတယ်”
ရုံရှားသည် ပန်းဟွာလိုပင် သူ့ဘေးက လှောင်အိမ်ထဲမှ ငှက်တစ်ကောင်နှင့် ကစားနေလေသည်။ “နောက်နှစ် နွေဦးပေါက်ရင် ကိုယ် သွားကြည့်ဖို့ သံတမန် လွှတ်လိုက်မယ်၊တခြား သီးနှံတွေပါ ရှာနိုင်ရင် ကိုယ်တို့ရဲ့ အနာဂတ် မျိုးဆက်သစ်တွေအတွက် အကျိုးပြုနိုင်မယ်မလား”
"ဒီအရာတွေကို ကျွန်မ နားမလည်ပေမယ့် ကမ္ဘာကြီးက အရမ်းကြီးတယ်၊ ကျွန်မတို့ မမြင်ဖူးတဲ့အရာတွေလည်း အမြဲရှိတယ်၊အရှင်မင်းကြီးမှာ ဒီလိုအကြံမျိူးရှိတာသိပ်ကောင်းပါတယ်"
အင်ပါယာတရားရုံးမှ အရာရှိများနှင့် သာမန်ပြည်သူလူထုက တယဲ့သည် အကြီးဆုံးနှင့် သြဇာအရှိဆုံးနိုင်ငံဖြစ်ကြောင်း အမြဲယုံကြည်ခဲ့ပြီး အခြားနိုင်ငံငယ်များကို အထင်အမြင်သေးခဲ့သည်။ဤသည်က တခြားနိုင်ငံများမှာ သေးငယ်ပြီး ဆင်းရဲသောကြောင့် ယခုလို မာနမျိုးထောင်လွှားခြင်းဖြစ်မည်။
မမြင်ဖူး၊ မူးမြစ်ထင် ဆိုသော ဆိုရိုးစကားလို ကြီးကျယ်သောအရာများအား မမြင်ဖူးသူများအဖို့ မာနထောင်လွှားခြင်းက မထူးဆန်းပေ။နှစ်ယောက်သား ပြည်သူများအား ဘယ်လိုအကျိုးပြုရမလဲဆိုသည်ကို တွေးနေကြပြီး၊ သတို့ မသိသေးသည်အရာများအား သိလိုစိတ်ပြင်းပြနေကြ၏။
ပြီးလျှင် နှစ်ယောက်သား မြေပုံဆွဲကြသည်။ နိုင်ငံအသီးသီး၏ ရာသီဥတုကြောင့် ကမ္ဘာ့အခြားဒေသများ၏ ရာသီဥတုအပြင် ထူးဆန်းသောနိုင်ငံများနှင့် ပင်လယ်တစ်ဖက်ခြမ်းရှိ ဒေသများကိုပါ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ စကားစမြည်ပြောပြီးနောက်တွင်၊ ပင်လယ်ပြင်ထွက်လိုပါက နိုင်ငံပိုင်ကျွန်းများကို ကာကွယ်ရန် ခိုင်ခံ့သောသင်္ဘောတစ်စင်းအပြင် လက်နက်များ လိုအပ်မည်ဖြစ်ကြောင်း နှစ်ဦးသား နားလည်သဘောပေါက်ခဲ့ကြသည်။ သို့မှသာ သူတိုတိုင်းပြည်၏ အမျိုးသားရေး ဂုဏ်သိက္ခာကို ပြသနိုင်မည်ဖြစ်သည်။
ပန်းဟွာက စားပွဲပေါ်ကို မှီလိုက်သည်။
"ကျွန်မတို့ နေရာတိုင်းမှာ ပိုက်ဆံသုံးရမယ်၊ ဆိုတော့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ရမယ်ထင်တယ်"
"မင်းပြောတာမှန်တယ်...." ရုံရှား သည် မမြင်နိုင်သော မြေပုံအပြင်ဘက်ရှိ နေရာကို ကြည့်လိုက်သည်။ "ကိုယ်တို့ အဲဒါကို အလျင်စလို မလုပ်သင့်ဘူး၊ တစ်ဆင့်ပြီးတစ်ဆင့် သေချာ လုပ်ရမှာ"
"အရှင်မင်းကြီး"
ထိုစဉ် ဝမ်ကုန်းကုန်းသည် တော်ဝင်စာကြည့်ခန်းသို့ လှမ်းကြည့်ရာ ဧကရီနှင့် ဧကရာဇ်သည် မြေပုံဘေးတွင် လေးလေးနက်နက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူက ဦးညွှတ်ပြီး
"ပင်မခန်းမကို လုံးဝ ပြန်လည်ပြင်ဆင်ပြီးပါပြီ"
ရုံရှားသည် မျက်ခုံးပင့်ကာ ဝမ်ကုန်းကုန်းအား အံ့ဩတကြီးကြည့်နေ၏။
"အင်ပါယာ နက္ခတ္တဗေဒပညာရှင်ကို ခေါ်ပြီး နေ့ကောင်းရက်သာရွေးခိုက်းလိုက်ပါ၊ ဒါဆို ငါတို့ အထဲဝင်မယ်"
"ဟုတ်ကဲ့...." ဝမ်ကုန်းကုန်းက ခဏလောက် စဉ်းစားပြီး "အရှင်မင်းကြီး ကျွန်တော် သတင်းမပို့မိတာ တစ်ခု ရှိပါတယ်"
"ပြောပါ..." ရုံရှားသည် ဝမ်ကုန်းကုန်းကို လှမ်းကြည့်လိုက်ရာ ဝမ်ကုန်းကုန်းက ပန်းဟွာအား တိတ်တဆိတ် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက စားပွဲကို ပုတ်လိုက်ရင်း
"ပြောစရာရှိရင် ပြောပါ"
"ဧကရာဇ်ယွင်ချင် အပြင်းဖျားနေချိန်မှာ ကျွန်တော့်ကို သူကွယ်လွန်သွားရင် သူ ထုတ်ထားတဲ့ တော်ဝင်အမိန့်စာအတိုင်း ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်"
"အမိန့်စာက ဘာအတွက်လဲ"
"ဧကရီကို မင်းသမီးဖြစ်အောင် လုပ်ပါဆိုတဲ့ ဧကရာဇ်အမိန့်ပါ"
ပန်းဟွာက ဝမ်ကုန်းကုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"ဘာပြောလိုက်တာလဲ၊ မင်းသမီး ဟုတ်လား...."
"ဟုတ်ကဲ့၊ ဧကရာဇ်က ထက်မြက်ပြီး သီလရှိတယ်၊ ရုပ်ရည်ကလည်း သိပ်ကိုချောမောပါတယ်၊ အရှင်မင်းကြီးသာ တစ်ချိန်မှာစိတ်ပြောင်းသွားခဲ့ရင်ဆိုပြီး ဧကရီကို မွန်မြတ်တဲ့အဆင့်အတန်းတစ်ခု ပေးချင်ခဲ့တာပါ"
ပန်းဟွာက ဝမ်ကုန်းကုန်းကို ကြောင်တက်တက် ကြည့်နေသည်။ ခဏအကြာတွင် သူ့ အသိစိတ်ပြန်ဝင်လာသည်။
"အဲဒီ အမိန့်က ဘယ်မှာလဲ"
"ခဏစောင့်ပါ အရှင်မင်းကြီး၊ ကျွန်တော် သွားယူလိုက်ပါ့မယ်"
ခဿအကြာတွင် ဝမ်ကုန်းကုန်းသည် ရွှေရောင်သေတ္တာတစ်ထုဖြင့် ပြန်လာခဲ့သည်။ ပန်းဟွာသည် သေတ္တာကိုယူကာ အမိန့်စာအား ထုတ်ယူလိုက်သည်။ အမိန့်စာထဲမှ လက်ရေးသည် အနည်းငယ် မရေရာသလိုမျိုးဖြစ်နေသည်။
ဧကရာဇ် ယွင်ချင်သည် အပြင်းဖျားနေချိန်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ အမိန့်ပြန်တမ်းတွင် ပန်းဟွာ၏ ကောင်းကျိုးများအားလုံးကို အသေးစိတ်ဖော်ပြပြီး ချန်လဲ့မင်းသမီးဘွဲ့အသစ် ပေးအပ်ခဲ့သည်။ ဧကရာဇ်ယွင်ချင်အတွက် သူမ၏ခံစားချက်များသည် အလွန်ရှုပ်ထွေးသည်။ ငယ်ငယ်တုန်းက သူ့ကို ဦးရီးတော်လို ချစ်ခင်ခဲ့သည်။ နောက်ပိုင်း သူမ ကြီးပြင်းလာသောအခါတွင် အမှန်တရားအချို့ကို မှန်းဆမိသည်။ထို့ကြောင့် သူ့ကို တွေ့တိုင်း စိတ်ရင်းက တစ်ဝက်၊ သရုပ်ဆောင်တာက တစ်ဝက်ဖြစ်နေသည်။
အမိန့်စာကို အချိန်အတော်ကြာကြည့်ရှုပြီးနောက် ပန်းဟွာသည် ရွှေသေတ္တာထဲသို့ ပြန်ထည့်ကာ အဖုံးအား ကလစ်တစ်ချက်နှိပ်၍ ပိတ်လိုက်သည်။ အတိတ်က အာဃာတ၊ ချစ်ခြင်းနှင့် အမုန်းတရားများသ် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားခဲ့၏။သူမသည် သေတ္တာကို ဝမ်ကုန်းကုန်းဆီသို့ ပြန်ပေးလိုက်သည်။
"သူ့ကို ဂူသွင်း သင်္ဂြိုလ်ဖို့ အချိနမဘယ်လောက်လိုသေးလဲ"
ဧကရာဇ် ယွင်ချင်သည် တယဲ့မင်းဆက်၏ ဧကရာဇ်ဖြစ်ခဲ့သည်။သို့သော်လည်း၊ ကမ္ဘာကြီး၏အမြင်တွင် ရုံရှားနှင့် ပန်းဟွာ တို့ကို ကောင်းမွန်စွာဆက်ဆံခဲ့သည်။ ထို့ကြောင့် ကျန်းမင်းဆက်မရှိတော့သော်လည်း ရုံရှားသည် ဧကရာဇ် ယွင်ချင်ကို စည်းမျဉ်းများနှင့်အညီ သင်္ဂြိုဟ်ရန် အမိန့်ပေးခဲ့သည်။ ဧကရာဇ်အဖြစ် သူ ထီးနန်းတက်ပြီးနောက် ဂူဗိမာန်တည်ဆောက်မှု စတင်ခဲ့ပြီး လွန်ခဲ့သော ရက်အနည်းငယ်ကပင် ပြီးစီးခဲ့သည်။ ယခုအခါတွင် ဧကရာဇ် ယွင်ချင်အား သင်္ဂြိုဟ်ရန် စီစဉ်ရန် သင့်လျော်သော ရက်စွဲကို ရွေးချယ်ရသည်။
"အရှင်မင်းကြီး၊ နောက်လ ရှစ်ရက်မြောက်နေ့ ဖြစ်ပါလိမ့်မယ်"
"ဟွာဟွာ" ရုံရှားသည် ပန်းဟွာ ၏ မျက်နှာအမူအရာမှာ အနည်းငယ်မှိုင်းမှိုင်းနေသည်ကို မြင်လိုက်ရသည်။ သူက သူမ ရှေ့သို့လှမ်းပြီး ညင်သာစွာ ပွေ့ဖက်ကာ စိတ်တည်ငြိမ်စေရန် ကျောကို ညင်သာစွာ ပွတ်သပ်ပေးသည်။
"ကျွန်မ အဆင်ပြေပါတယ်" ပန်းဟွာက ခေါင်းယမ်းလိုက်ပြီး ရုံရှား၏ ပြန်ခါးကို ဖက်ထားသည်။
"ကျွန်မ မမျှော်လင့်ထားဘူး..."
ဧကရာဇ် ယွင်ချင် ၏ခံစားချက်များသည် ထင်ထားသည်ထက် ပိုလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
ချမ်အမ် ပထမနှစ်တွင် ဆယ့်တစ်လ၏ ရှစ်ရက်မြောက်နေ့တွင်၊တယဲ့မင်းဆက်၏ ဧကရာဇ် ယွင်ချင်ကို သင်္ဂြိုဟ်ခဲ့သည်။ ဤဧကရာဇ်သည် ရာထူးမှ ရပ်စဲခံရသော ဧကရာဇ်နှင့် အိမ်ရှေ့စံကို မွေးထားသူဖြစ်သော်လည်း ယင်မင်းဆက်ကို တည်ထောင်သူ ဧကရာဇ်သည် ၎င်း၏ဈာပနအတွက် စည်းမျဉ်းများကို မလျှော့ချခဲ့ပေ။ သူသည် ဧကရာဇ်ယွင်ချင်၏ဈာပနကို ကိုယ်တိုင်ပင် တက်ရောက်ခဲ့ပြီး မရေမတွက်နိုင်သော လူများ၏ ချီးမွမ်းစကားကို တစ်ဖန်ပြန်လည်ဆွဲဆောင်ခဲ့သည်။ ယခု ဟယ်ချင်မင်းသား ဖြစ်သည့် အိမ်ရှေ့စံသည် ဝမ်းနည်းပူဆွေးသောအဝတ်ကို ၀တ်ဆင်ကာ ဈာပနအခမ်းအနားရှေ့တွင် ရိုင်းစိုင်းသောအမူအရာဖြင့် လျှောက်သွားခဲ့သည်။
ဂူဗိမာန်တံခါးများပိတ်သွားသည့်အခိုက်တွင် ဧကရာဇ်ယွင်ချင်၏ ဘဝကို အဆုံးသတ်ခဲ့သည်။ အသုဘအခမ်းအနားတွင် အားလုံးက အသီးသီးရထားများဖြင့် ပြန်သွားခဲ့သည်။
ဟယ်ချင်မင်းသား တစ်ဦးတည်းသာ အပြင်ဘက်တွင် ကျန်ခဲ့သည်။ သူ၏ကိုယ်လုပ်တော်ဖွား သားတော်များသည် ဧကရာဇ်အသစ်ကို စော်ကားရန် ကြောက်ရွံ့ကြပြီး အချိန်အကြာကြီး မနေဝံ့ကြပေ။ ဧကရာဇ်ယွင်ချင်၏ဒုတိယသားကိုလည်း ထောင်ထဲတွင် ပိတ်လှောင်ထားဆဲဖြစ်သည်။
မြို့တော်၏ ဆယ့်တစ်လမြောက်က ခိုက်ခိုက်တုန်အောင်ချမ်းပေ၏။ဟယ်ချင်မင်းသားသည် သင်္ချိုင်းကျောက်တုံးပေါ်ရှိ အေးစက်သော စကားလုံးများကို ကြည့်ကာ ဂူဗိမာန်အား သုံးကြိမ်တိုင်တိုင် ဒူးထောက်ကာ ဂါဝရပြုလိုက်သည်။
"ဝမ်းကွဲအစ်ကို"
ဟယ်ချင်မင်းသားသည် မြေပြင်ပေါ်တွင် အကြာကြီး ဒူးထောက်နေခဲ့ပြီး မထသေးသည်ကို ပန်းဟွာ မြင်လိုက်ရသည်။ သူမ ခဏတုံ့ဆိုင်းနေပြီး ရှေ့သို့သွားရာ အိမ်ရှေ့စံ၏ မျက်လုံးများမှာ နီရဲနေပြီး သူ့မျက်နှာတွင်လည်း မျက်ရည်များ စီးကျနေသည်ကို တွေ့လိုက်ရသည်။
ဟယ်ချင်မင်းသားက မျက်ရည်များကို သုတ်လိုက်ပြီး မတ်တပ်ရပ်ကာ သူမအား ရိုသေစွာ ဦးညွှတ်လိုက်၏။
"ဧကရီကို နှုတ်ဆက်ပါတယ်"
လေအေးက တဖြူးဖြူးတိုက်နေ၍ ပန်းဟွာသည် ဟယ်ချင်မင်းသား အား ဝတ်ရုံတစ်ခု ပေးလိုက်သည်။
"ဆောင်းဦးလေက အေးတယ်၊အစ်ကိုဝမ်းကွဲ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ"
ဟယ်ချင်မင်းသား ခဏမျှ တုံ့ဆိုင်းသွားပြီး ဝတ်ရုံကို ယူလိုက်သည်။ သူ့လက်ပေါ်တင်ထားသော်လည်း မဝတ်သေးပေ။ ပန်းဟွာက သူဘာကို စိတ်ပူနေမှန်း သိသည်။ သူမ ပြုံးပြီး အကြည့်ကို ဖယ်လိုက်သည်။
"အိမ်သစ်ကို အသားကျနေပြီလား"
"အားလုံးကောင်းပါတယ်၊ဧကရီ"
ဖြည်းညှင်းစွာ ခေါင်းညိတ်ရင်း ပန်းဟွာ သက်ပြင်းချလိုက်သည်။
"ကောင်းပါတယ်"
သူမ ပတ်ပတ်လည်ကို လှမ်းကြည့်သည်။ သူမကို စောင့်မျှော်နေသည့် အစောင့်များကလွဲ၍ တခြားဘယ်သူမှ မရှိတော့။
"လေကအေးတယ်၊ ဧကရီ နန်းတော်ကို မြန်မြန်ပြန်သွားသင့်တယ်"
ဟယ်ချင်မင်းသားသည် ရုံရှား၏ လက်ထဲတွင် တရားရုံး၏ တန်ခိုးအာဏာ မည်ကဲ့သို့ ရှိနေသည်ကို စဉ်းစားပြီး ပြောလိုက်သည်။ ယခင်မင်းဆက်၏ သွေးသားဖြစ်သော သူ့ကြောင့် ပန်းဟွာကို မကူညီနိုင်ရုံသာမက၊ ရုံရှား၏ သံသယများကိုသာ ဖြစ်ပေါ်စေနိုင်သည်။
"စိတ်မပူပါနဲ့၊ ကျွန်မ အရှင်မင်းကြီးနဲ့ စကားပြောခဲ့ပါတယ်"
ဟယ်ချင်မင်းသားသည် သူမအတွက် စိတ်ပူနေမှန်း ပန်းဟွာ သိ၍ ဖြောင်းဖျလိုက်၏။
"အစ်ကိုဝမ်းကွဲက ကျွန်မကို အပြစ်တင်နေလိမ့်မယ် ထင်တယ်"
အိမ်ရှေ့စံက သူ့ကို ကောင်းကောင်းဆက်ဆံသော်ငြား၊ သူမကမူ ရုံရှား ပုန်ကန်ရန် ကူညီခဲ့သည်။ သူမသာ အိမ်ရှေ့စံဖြစ်ခဲ့လျှင်လည်း သူမကိုမုန်းတီးနေပေလိမ့်မည်။
ဟယ်ချင်မင်းသား၏ မျင်နှာအမူအရာမှာ စိတ်သက်သာရာရသွားသည်။
"အမေက တခြားနန်းတော်ကို မသွားခင်မှာ အားလုံးကို ပြောပြခဲ့ပါတယ်၊စစ်သူကြီးပန်းရဲ့ ကိစ္စပါ....."
ပန်းဟွာ၏ အဖြူရောင် ၀တ်စုံကို လေအေးက တိုက်ခတ်သွားသည်။ထို့ကြောင့် သူမ၏ မျက်ခွံများသည် လိပ်ပြာတစ်ကောင်လို တုန်လှုပ်နေသည်။
"ဒီကိစ္စက ဝမ်းကွဲအစ်ကိုနဲ့ ဘာမှမဆိုင်ပါဘူး၊အပြစ်ရှိတယ်လို့ မခံစားပါနဲ့"
သူမက ပြောပြောဆိုဆို ဟယ်ချင်မင်းသားကို ယခင်က နုပျို လတ်ဆတ်သော ကလေးမတစ်ယောက်လို ဖြူစင်စွာ ပြုံးပြလိုက်၏။
"ဒါဆို အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်က ဧကရီနဲ့ ဘာဆိုင်လို့လဲ၊ကျွန်တော်က ဧကရာဇ်ဖြစ်ဖို့ အရည်အချင်းမရှိဘူး၊ ဒီလောကကြီးရဲ့ဝန်ထုပ်ဝန်ပိုးက အရမ်းကို လေးလံလွန်းပါတယ်၊ပြီးတော့ ကျွန်တော်က ပြတ်ပြတ်သားသား ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်သူမဟုတ်ဘူး...ပြည်သူတွေကိုလည်း ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ဘူး... အရှင်မင်းကြီးကတော့ ကွဲပြားတယ်၊ကျွန်တော်ထက်သာပြီး နောက်နှစ်ပေါင်းထောင်ချီ တည်တံ့နိုင်အောင် စွမ်းဆောင်နိုင်သူပါ"
ဟယ်ချင်မင်းသား၏ မျက်နှာအမူအရာက ထူးထူးခြားခြား ငြိမ်သက်နေခဲ့သည်။
"ဧကရီ၊ ဒီအရာတွေကို စိတ်ထဲမထားပါနဲ့၊ ကမ္ဘာကြီးက လူတွေဟာ အရှင်မင်းကြီးကို လိုအပ်တာ၊ ကျွန်တော့်ကိုမဟုတ်ဘူး"
ပန်းဟွာက ပြုံးပြသော်လည်း မျက်နှာပူလာတာကြောင့် တစ်ဖက်သို့ လှည့်လိုက်သည်။
"ဝမ်းကွဲအစ်ကို၊ ပြန်ကြရအောင်"
"ပြန်ချိန်တန်ပြီ..."
ဟယ်ချင်မင်းသား သည် အေးခဲနေသော ကျောက်ပြားကို ထိလိုက်သည်။ "ဧကရီ အရင်သွားသင့်တယ်၊ ကျွန်တော် ဒီမှာ ခဏနေချင်တယ်"
"ကောင်းပါပြီ၊ အစ်ကို့ကို ပြန်ပို့ဖို့ အစောင့်တချို့ ချန်ထားခဲ့မယ်၊လမ်းမှာ သတိထားပါ"
ဟယ်ချင်မင်းသားက ပြုံးပြီး ပန်းဟွာကို ဦးညွှတ်လိုက်သည်။
“နှုတ်ဆက်ပါတယ် ဧကရီ”
ပန်းဟွာ ခေတ္တရပ်ပြီး ဟယ်ချင်မင်းသားကို လှည့်ကြည့်လိုက်သည်။ "အစ်ကိုဝမ်းကွဲ၊ ကျွန်မတို့က မိသားစုပဲ၊ သိပ်ပြီး ယဉ်ကျေးနေစရာ မလိုဘူး"
ဟယ်ချင်မင်းသား၏ မျက်နှာပေါ်ရှိ အပြုံးသည် အနည်းငယ် တောက်ပလာသလိုပင်။
"ကျေးဇူးပြုပြီး သတိထားပါ... အရင်လူတွေကိုပဲ သေချာကြည့်ပေါင်းပါ...အခု ကျွန်တော်တို့ကို မေ့ထားလိုက်ပါတော့"
ပန်းဟွာ သူမ၏ နှလုံးသားထဲက အချဉ်ပေါက်နေသော ခံစားချက်များအား မျိုသိပ်ကာ ဂုဏ်ယူစွာ ပြုံးလိုက်သည်။
"ကျွန်မက ကျွန်မပါပဲ၊ အရင်မင်းဆက်ပဲ ဖြစ်ဖြစ်၊ အခုမင်းဆက်ပဲဖြစ်ဖြစ် ကျွန်မ သဘောထားက မပြောင်းလဲဘူး၊ ကျွန်မ အစ်ကို့ရဲ့ စေတနာကိုလည်း တန်ဖိုးထားတယ်၊ အစ်ကိုတို့ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး၊မေ့မလား၊မမေ့ဘူးလား ဆိုတာကို ကျွန်မပဲ ဆုံးဖြတ်မယ်"
"နှုတ်ဆက်ပါတယ်"
ဖြူဆွတ်သော အသားအရည်ရှိသော ဤမိန်းမချောလေးသည် ဂရုမစိုက်ဘဲ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။
ဟွာဟွာ၊ ဟွာဟွာ။
ထို့နောက် သူ ဝတ်ရုံကို ဝတ်လိုက်သည်။ဝတ်ရုံက အထူမဟုတ်သော်လည်း နွေးထွေးမှုလှိုင်းတစ်ခု ခံစားရသည်။
ဧကရာဇ်ယွင်ချင်အား သင်္ဂြိုဟ်ပြီးနောက် သာမန်လူများကို အရက်သောက်ခြင်းနှင့် လက်ထပ်ခြင်းများမပြုလုပ်ရန် နှစ်ဆယ့်ခုနစ်ရက်ကြာ တားမြစ်ခဲ့သည်။
ပန်းဟွာသည် လမ်းမကြီးပေါ်တွင် မြင်းစီးလာရင်း သာမန်လူများ ရယ်ရယ်မောမော ပြောဆိုနေကြသည်ကို မြင်လျှင် ခေါင်းပေါ်ရှိ အကျီနှင့် ဦးထုပ်ကို ချွတ်လိုက်သည်။ သူမ နောက်ကွယ်က ကိုယ်ရံတော်များကို ပြောလိုက်၏။
"သူတို့တွေကမှ အပျော်အပါးဆို သိပ်မက်ကြတာ"
ကိုယ်ရံတော်က ပြုံးပြီး "ဟုတ်တာပေါ့၊ဧကရီ ဧကရာဇ်က ပွဲတော်တည်ဖို့ စောင့်နေပါတယ်"
ပန်းဟွာက ပြုံးလိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ မြင်းနှင့် မနီးမဝေးမှာ နှစ်နှစ် သုံးနှစ်အရွယ် ကလေးတစ်ယောက် လဲကျနေသည်ကို တွေ့လိုက်ရသည်။ ကလေးက ဝဝကစ်ကစ်လေးဖ်ြူကာ ချစ်စရာကောင်းလှ၏။ သူမ မြင်းပေါ်က ခုန်ချလိုက်သည်။
xxxxx