အပိုင်း၁၈၆
Viewers 14k

Chapter 186


မြင်းပေါ်မှ ခုန်ချသည့်အခိုက်တွင် မြှားတစ်စင်းသည် သူမ၏ခေါင်းကို ကျော်ဖြတ်သွားသည်။ သူမမှာ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း ဆံပင်တစ်ချို့ ပြတ်ထွက်သွား၏။


 အကယ်၍ သူမသာ မြင်းပေါ်မှ ရုတ်တရက် ခုန်မချပါက မြှားသည် သူမ၏ ရင်ဘတ်ကို ထိုးဖောက်သွားမည်ဖြစ်သည်။ ထိုအချိန်တွင် ဘယ်ဘုရားမှ သူမကို ကယ်တင်နိုင်မည်မဟုတ်ပေ။


 "လူသတ်သမားတွေရှိတယ်!"


 "မြို့တံခါးတွေပိတ်ဖို့ အမိန့်ချလိုက်"


ပန်းဟွာသည် မြေပြင်ပေါ်ရှိ ဆံပင်ပြတ်များကို မျက်မှောင်ကြုတ်ကာ ငုံ့ကြည့်လိုက်သည်။ သူမသည် ငယ်ငယ်ကတည်းက ဆံပင်ကို ဂရုစိုက်ခဲ့သူဖြစ်၍ နှမြောစိတ်ကထိန်းမရတော့။


ယနေ့သည် ဧကရာဇ် ယွင်ချင် သင်္ဂြိုဟ်သည့်နေ့ဖြစ်သည်။ လမ်းများရှင်းလင်းထားသော်လည်း ရုံရှား နန်းတော်သို့ပြန်လာပြီးနောက်လမ်းများကို ပြန်လည်ဖွင့်ခဲ့သည်။ နေ့တစ်ဝက်လောက် ပိတ်လှောင်ခံထားရသည့် သာမန်လူများသည် အတင်းအဖျင်းပြောချင်သည့် ဆန္ဒကို မထိန်းနိုင်ကြဘဲ အိမ်နီးနားချင်းများနှင့် စကားပြောဆိုဖို့စုရုံးနေကြလေ၏။ ဤအချိန်တွင် စားသောက်ဆိုင် သို့မဟုတ် လက်ဖက်ရည်ဆိုင်တွင် ပုန်းအောင်းနေပြီး လမ်းသွားလမ်းလာမျအား အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသူရှိလျှင်၊ မည်သူမျှ သတိမထားမိနိုင်ပေ။ 


သို့သော် ဤလူသတ်သမားက ပါးနပ်သူမဟုတ်ပေ။ သို့မဟုတ် သူ သေတွင်းတူးလိုက်ခြင်းပင်။ထို့ကြောင့် အစောင့်များရှာတွေ့သောအခါ၊ထိုသူသည်  ပုန်းဖို့တောင် မကြိုးစားဘဲ အိမ်ထဲမှာ နေခဲ့သည်။


အစောင့်က လုပ်ကြံသတ်ဖြတ်သူကို ပန်းဟွာထံ ခေါ်ဆောင်လာသည်။ လုပ်ကြံသတ်ဖြတ်သူသည် သန့်ပြန့်သောရုပ်ရည်ရှိပြီး ဟယ်ချင် မင်းသားနှင့် အသက်အရွယ်တူနိုင်သည်။ သူမသည် မျက်ခုံးပင့်ကာ ကိုယ်ရံတော်ဘက်သို့ လှည့်၍ပြော၏။ 


“နန်းတော်တံခါးကို သွားစောင့်၊ ဧကရာဇ် ပေါ်လာတာကို မင်းမြင်ရင် တားရမယ်”


 "ဟုတ်ကဲ့" 


" နေရာတိုင်းကို စုံစမ်းစစ်ဆေးပါ။၊ဒီလူ့မှာ ကြံရာပါရှိရမယ်" 


လုပ်ကြံသတ်ဖြတ်သူသည် ပစ်မှတ်ကို မထိမှန်သောကြောင့် အစောင့်ရှာတွေ့မည့်အချိန်ကို နာခံစွာ စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။ သူ့ကို စစ်ဆေးမေးမြန်းခံရဖို့ စောင့်နေခြင်း ဖြစ်နိုင်၏။အဘယ်ကြောင့်ဆိုသော် ဒေါသစိတ်နှင့် ကြောက်ရွံ့စိတ်သာ စိုးမိုးနေပါက၊ လူတို့သည် အခြေအနေ မည်သို့ပင်ရှိစေကာမူ ပထမဆုံးအခိုက်အတန့်တွင် ဒေါသပေါက်ကွဲလာတတ်၏။

 

ရုံရှားသည် သူမ တိုက်ခိုက်ခံရမှန်းသာသိပါက၊ နန်းတော်မှ အမြန်ထွက်သွားလိမ့်မည်။ထိုအခါ လမ်းနှစ်ဖက်စလုံးတွင် ခြုံခိုနေသော လူသတ်သမားများသည် ရုံရှားကိုသတ်ရန် ဤအခွင့်အရေးကို ရယူမည်ဖြစ်သည်။ ထို့ကြောင့် ပန်းဟွာသည် မြေပြင်ပေါ်မှာ ဒူးထောက်နေသူကိုပင် မကြည့်ဘဲ  မြင်းပေါ်တက်၍ ကိုယ်ရံတော်အားပြောသည်။


“မင်းတို့အားလုံး ငါ့နောက် လိုက်ခဲ့ကြ” 


 ထိုအချိန်တွင် သူမနှင့် အတူကြီးပြင်းလာသော ကိုယ်ရံတော်များသည် စွမ်းရည်ကို ပြသခဲ့သည်။ 


သူတို့သခင်က ဘာလိုအပ်သလဲ၊ သူတို့ရဲ့သခင်နှင့် လိုက်လျောညီထွေဖြစ်အောင် သူတို့ဘာလုပ်ရမည်ဆိုသည်ကို သိနေ၏။ကိုယ်ရံတော်နှင့် နှိုင်းယှဉ်ပါက ဧကရာဇ် အစော့်တပ်သားများ၏ တုံ့ပြန်မှုသည် ထက်ဝက်နှေးကွေးလျက်ရှိသည်။


 ဧကရာဇ်အစောင့်တစ်ဦးသည် မဟာ‌ေရွှလမင်းနန်းတော်ထဲသို့ ပြေးဝင်ကာ အော်ပြောလိုက်၏။


 "အရှင်မင်းကြီး၊ ဧကရီကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်"


 ရိုးရိုးအဝတ်အစားများ ပြောင်းဝတ်ထားသော ရုံရှားသည် ဤစကားကိုကြားပြီး ကမန်းကတန်း မေးလိုက်သည်။ "ဧကရီ ဘယ်လိုနေလဲ"


"ဧကရီ ဒဏ်ရာအပြင်းအထန်မရပါဘူး" 


"မြင်းပြင်ထားလိုက်"


ရုံရှား နန်းတော်ထဲက ထွက်လာသည်ကို မြင်ပြီး ဝမ်ကုန်းကုန်း ကမန်းကတန်း ပြောလိုက်၏။


"အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားပါ၊ စွန့်စားလို့ မရပါဘူး" 


 "ထွက်သွားစမ်း" 


ရုံရှားက ဝမ်ကုန်းကုန်းကို တွန်းထုတ်ပြီး နောက်မလှည့်ဘဲ နန်းတော်ထဲမှ ထွက်လာခဲ့သည်။ တံခါးကို စောင့်နေသည့် တုကျိုးလည်း ချက်ချင်း လိုက်သွားသည်။ရုံရှားသည် စာပေပညာရှင်တစ်ဦးဖြစ်သော်လည်း မြင်းစီးနှင့် လေးပစ်အတတ်တို့မှာ  အလွန်ကောင်းမွန်သည်။ အပြင်မှ နန်းတော်အစေခံများ ထိတ်ထိတ်ပြာပြာဖြစ်သွား၏။


ဘာဖြစ်တာလဲ...ဧကရာဇ်က ဘာလို့  မြင်းစီးပြီး ထွက်လာတာလဲ...သို့ရာတွင် သူတို့က မမေးဝံ့ဘဲ အလုပ်ကိုသာ ပိုဂရုတစိုက်လုပ်ကြ၏။ 


ပန်းဟွာ စေလွှတ်လိုက်သည့် ကိုယ်ရေးကိုယ်တာ အစောင့်က နန်းတော်တံခါးကို စောင့်နေ၏။ တံခါးမှ အပြင်းနှင်လာသော မြင်းခွာသံကို ကြားသောအခါ သူက ကမန်းကတန်းအော်လိုက်သည်။


“အရှင်မင်းကြီး၊ ကျွန်တော် သတင်းပို့စရာရှိပါတယ်” 


သို့သော် မြင်းဒါဇင်ပေါင်းများစွာက သူ့အား ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။ အစောင့် ခဏတာ အံ့အားသင့်သွားပြီး ဧကရာဇ်သည် အစောင့်များနှင့်အတူ ထွက်ပြေးတော့မည်ကို မြင်လျှင် မြင်းပေါ်သို့ အလျင်အမြန်တက်လိုက်သည်။


"အရှင်မင်းကြီး၊ ကျွန်တော်က ဧကရီ့ရဲ့ ကိုယ်ရံတော်ပါ"


စိုးရိမ်သောကရောက်နေသော ရုံရှားနှင့် နှိုင်းယှဉ်ပါက တုကျိုးသည် သူ့ပတ်ဝန်းကျင်ကို ပိုသိသည်။ သူ့နောက်က လူ၏ အော်သံကြားသော် ပြန်ကြည့်လိုက်သည်။ အဲဒီလူက… ဧကရီရဲ့လူဖြစ်ပုံရတယ်။


 "အရှင်မင်းကြီး၊ စောင့်ပါဦး၊ ကျွန်တော်တို့နောက်မှာ ဧကရီရဲ့  အစောင့်အကြပ် ရှိပါတယ်"


ရုံရှား ဇက်ကြိုးကို ဆွဲလိုက်ရာ မြင်းကကျယ်လောင်စွာဟည်ပြီး ရှေ့ခြေနှစ်ချောင်းလေပေါ် ‌ မြောက်သွား၏။သည်။


နောက်ဆုံးတွင် ဧကရာဇ် ရပ်တန့်သွားသည်ကို မြင်လိုက်ရသဖြင့် အစောင့် ရင်အေးသွားရ၏။ ဧကရာဇ်သည် မြို့တော်၌ ကျော်ကြားသော ပါရမီရှင်တစ်ဦးဖြစ်သည်။  


ဒါနဲ့တောင် သူ့ရဲ့ မြင်းစီးစွမ်းရည်က ဘာကြောင့် ဒီလောက်ကောင်းရတာလဲ... ငယ်စဉ်ကတည်းက မြင်းစီးလာတဲ့သူတောင် လိုက်မမီနိုင်ဘူး...


 "အရှင်မင်းကြီး..." ကိုယ်ရံတော်က ရုံရှားကို ဦးညွှတ်ရင်း "ဧကရီက နန်းတော်ထဲက မထွက်ပါနဲ့တဲ့၊ ဒါက အရှင်မင်းကြီးအတွက် ထောင်ချောက်ပဲလို့ ဆိုပါတယ်"


ရုံရှား၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေသည်။  


"ဧကရီ ဘယ်လိုနေသေးလဲ"


 အစောင့်က  ရိုးရိုးသားသား ဖြေသည်။ 


"ဧကရီ မထိခိုက်သွားပေမယ့် စိတ်အခြေအနေကတော့ မကောင်းပါဘူး" 


ရုံရှားသည် နန်းတော်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် နန်းတော်တံခါးများကို လှမ်းကြည့်လိုက်သည်။  သူ့လက်ထဲက ဇက်ကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိ၏။


 "စိတ်​မ​ကောင်းဘူး ဟုတ်လား"


 "ဧကရီ...ဧကရီရဲ့ ဆံပင်တစ်ချို့ ပြတ်သွားလို့ပါ၊ အရှင်မင်းကြီး၊ ဧကရီ နောက်နှစ်ရက်ဆို စိတ်အခြေအနေ ပြန်ကောင်းလာမှာပါ၊ သည်းခံတော်မူပါ" 


ပန်းဟွာသည် သူမ၏အသွင်အပြင်ကို အမြဲဂရုစိုက်ကြောင်း ရုံရှား သိသည်။  ဆံပင်ကိုလည်း သေချာဂရုစိုက်သူဖြစ်၏။


"တရားရုံးတရားရှိတွေနဲ့ ခြေလျင်ဌာနကလူတွေ သွားကြပြီလား"


 "အရှင်မင်းကြီး၊ စိတ်မပူပါနဲ့၊ အခု လမ်းတစ်ခုလုံးကို ဝိုင်းရံထားပါတယ်၊သံသယရှိသူကို ထွက်ခွာခွင့်မပြုပါဘူး"


 "ဧကရီရဲ့ ဆံပင်က... ဘယ်လောက်တောင် ပြတ်သွားတာလဲ"


 ကိုယ်ရေးကိုယ်တာ အစောင့်…


 ပန်းဟွာသည် ဆံပင်များကို နှမြောစိတ်ဖြင့် မျက်မှောင်ကြုတ်ထားကာ  လူသတ်ဆန်သော ရောင်ဝါတစ်ခုရှိသည်။


သူမသည် လမ်းတလျှောက် စကားတစ်ခွန်းမှ မပြောပေ။ရုံရှားနှင့် သူ၏အစောင့်များသည် နန်းတော်တံခါးဝတွင် နာခံစွာရပ်နေသည်ကို သူမမြင်လိုက်မှသာ သူမ မျက်နှာက ပြေလျော့သွား၏။ရုံရှားနှင့် အစောင့်များက သူမကိုမြင်သည်နှင့် အတင်းပြေးလာကြ၏။


တုကျိူးက ရုံရှားကို ပြောလိုက်သည်။


 "အရှင်မင်းကြီး၊ ဧကရီ အရမ်းစိတ် ဆိုးနေပုံရပါတယ်" 


ရုံရှားက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ 


"မင်းလောက် ငါ မမြင်ရဘူးထင်လား"


တုကျိုး: အိုး..


 မြင်းမရပ်ခင်မှာပင် ပန်းဟွာ မြင်းနောက်ကနေ ခုန်ဆင်းလာသည်။သူမ နောက်ကျောမှာ ကျိုးပြတ်၍ တုံးတိဖြစ်နေသော ဆံပင်များက ရေတံခွန်လို လေထဲမှာ ကခုန်နေသည်။


သူမသည် ရုံရှားဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းလာခဲ့သည်။ ရုံရှားက သူမလက်ကို ကိုင်လိုက်သည်။ 


"ဟွာဟွာ မင်းအဆင်ပြေရဲ့လား" 


“သိပ်တော့ အဆင်မပြေဘူး၊ လူသတ်သမားက ကျွန်မ ဆံပင်ကို တကယ်ပျက်စီးအောင်လုပ်တာ"


ပန်းဟွာက မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။


"မဟုတ်ဘူး၊ ကိုယ် ကြည့်ပါရစေ" ရုံရှားက သူမခေါင်းထိပ်ကို ထိလိုက်ပြီးနောက် လှည့်ပတ်ကြည့်သည်။


 "အရမ်းလှပါတယ်၊ ဘာမှဖြစ်နေတာတော့ မတွေ့ဘူး" 


အိုး၊ နောက်ကျောမှာ ဆံပင်က ကွက်ပြီးပြောင်နေတာမဟုတ်ဘူးလား....


 "တကယ်လား" 


ပန်းဟွာ၏ နှလုံးသားသည် အနည်းငယ် ငြိမ်သက်သွားသလိုရှိသည်။ သံသယစိတ်ဖြင့် ခေါင်းနောက်ဘက်ရှိ ဆံပင်ကို ထိလိုက်သည်။ 


"သေချာမမြင်ရဘူးလား"


ရုံရှားက အခိုင်အမာ ခေါင်းညိတ်သည်။


 "မမြင်ရဘူး၊ ဟွာဟွာက အရမ်းလှတယ်လေ၊ ဆံပင်မရှိရင်တောင် တခြားမိန်းမတွေထက် အဆရာနဲ့ချီ ပိုလှတယ်" 


"ပေါက်ကရ၊ ဆံပင်မပါဘဲ အရမ်းလှတဲ့ ဆံထိုးလေးတွေ ဘယ်ထိုးလို့ရမှာလဲ"

 

ပန်းဟွာက မျက်လုံးလေးပြူး၍ ပြောလိုက်ရင်း တုကျိူးဘက်လှည့်ကာ 


"စစ်သူကြီးတု ဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ပါ၊ ဧကရာဇ်နဲ့ ကျွန်မရဲ့ လက်အောက်ငယ်သားဟောင်းတွေကိုပါ ခေါ်ပြီးလုပ်ကြပါ..."


သူမသည် လောလောဆယ်တွင် အခြားမည်သူ့ကိုမျှ မယုံကြည်နိုင်ပေ။ 


"ဟုတ်ကဲ့" 


 "ကဲ...သွားရအောင်၊ ဒါက စကားပြောစရာနေရာမဟုတ်ဘူး"


 "စိတ်မဆိုးတော့ဘူးလား၊ ဘာဖြစ်တာလဲ ပြောပြပါဦး" 


ရုံရှားသည် သူမလက်ကိုဆွဲကာ နန်းတော်တံခါးဝသို့ လျှောက်သွားသည်။ 


ပန်းဟွာက ဖြစ်ပျက်ခဲ့သည်များကို ပြောပြပြီး သူမ၏ကိုယ်ပိုင် ထင်မြင်ယူဆချက်ကိုပါ အသိပေးသည်။ ဆွေးမြေ့နေသည့် သင်္ဘောတစ်စင်း၏ ကျန်နေသော သံသုံးချောင်းကြောင့် တစ်ယောက်ယောက် ဒုက္ခရောက်နိုင်သည်။ကျန်းလောသည် အကျဉ်းချခံရသော်လည်း၊ကျန်းလော ထီးနန်းပြန်ပို့ရန် ရည်ရွယ်ချက်ဖြင့် လုပ်ကြံခြင်းမျိုးဖြစ်နိုင်၏။ရုံရှား ခေါင်းညိတ်လိုက်သည်။ 


"မင်းရဲ့ခန့်မှန်းချက်က ကျိုးကြောင်းဆီလျော်ပါတယ်" 


သို့သော်လည်း ကျန်းလောသည် တစ်ဦးတည်းသော သံသယရှိသူ မဟုတ်ပေ။ နန်းချထားသော အိမ်ရှေ့စံလည်း ရှိသည်။


 မဟာရွှေလမင်းနန်းတော်သို့ ပြန်ရောက်ပြီးနောက် ပန်းဟွာသည် မှန်ရှေ့မှာထိုင်၍ ဆံပင်များကို ကြည့်လိုက်သည်။ ရုံရှားက သူမဘေးနားသို့ လျှောက်သွားကာ ဆံပင်များကို ပွတ်သပ်လိုက်သည်။ 


"ဘာလဲ၊ ကိုယ်ပြောတာကို မယုံဘူးလား" 


" အရမ်းမြှောက်‌ပြောနေတော့ ဘယ်လိုလုပ် ယုံတော့မှာလဲ"

 

ပန်းဟွာက ရေရွတ်လိုက်သည်။ရုံရှား လှည့်ထွက်သွားသည်ကိုမြင်တော့ သူမ သူ့ကို လျစ်လျူရှုလိုက်သည်။


 "ကျွပ်..." 


နောက်က တစ်ခုခုကို ဖြတ်လိုက်သည့် အသံကြောင့် သူမ လှည့်ကြည့်လိုက်ရာ ရုံရှားသည် ကတ်ကြေးကိုတစ်ဖက်ကကိုင်ထားကာ၊ လက်တစ်ဆုပ်စာ ဆံပင်အား အခြားတစ်ဖက်ဖြင့် ကိုင်ထားလေသည်။ နန်းတော်အစေခံများသည် အလွန်ထိတ်လန့်သွားသဖြင့် အားလုံး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။ 


"ဘာလုပ်နေတာလဲ" 


ပန်းဟွာ သူ့လက်ထဲက ကတ်ကြေးကို ယူလိုက်၏။


 "ဘာလို့ ဆံပင်ညှပ်လိုက်တာလဲ" 


"ကိုယ်တို့ အခက်အခဲတွေ အတူတူရင်ဆိုင်ဖို့ သဘောတူခဲ့တာ မဟုတ်ဘူးလား၊အခု ဘယ်လိုလဲ၊ စိတ်ကောင်းသွားပြီလား"


ရုံရှားသည် ဆံပင်ကို သူမ လက်ထဲထည့်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့်ကြည့်နေသည်။ 


ပန်းဟွာ လက်ထဲက ဆံပင်များကို တစ်ချက်ဖျစ်ညှစ်ပြီး သူ့ဆံပင်တို့အား လှမ်းထိလိုက်လေ၏။


 “မဟုတ်ဘူး၊ အခုပိုတောင်ဆိုးလာသေးတယ်” 


လှပသော အမျိုးသမီးတစ်ယောက်၏ ဆံပင်ပြတ်သွားသော ခံစားချက်ကို သူ ဘာမှမခံစားရသော်လည်း သူမကတော့ ခံစားရ၏။သူ ချက်ချင်း သူမကို ရင်ခွင်ထဲဆွဲသွင်းလိုက်၏။


ဝမ်ကုန်းကုန်းသည် အခြားသူများကို အဓိပ္ပါယ်ရှိစွာ တစ်ချက်ကြည့်လိုက်ပြီး နန်းတော်အစေခံအားလုံးကို အခန်းတွင်းမှ ခေါ်ထုတ်ခဲ့သည်။ပြီးလျှင် သူက လူတိုင်းကိုကြည့်ကာ အေးစက်စွာပြောသည်။


 "ဒီ‌ကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့၊ အချက်အလက်နည်းနည်းလေး ထွက်လာရင်‌တောင် မင်းတို့ အသက်ရှင်ဖို့ မလွယ်တော့ဘူး"


 "ဟုတ်ကဲ့" 


ဧကရာဇ်နှင့် ဧကရီကို ဝတ်ပြုရသည့် နန်းတော်အစေခံများနှင့်ပတ်သက်၍ အရေးကြီးဆုံးအချက်မှာ ဘယ်အရာမဆို ဂရုတစိုက်လုပ်ကာ၊ တင်းတင်းကြပ်ကြပ် နှုတ်ဆိတ်နေရခြင်းဖြစ်သည်။ 


ပန်းဟွာသည် ရုံရှား ၏ ရင်ဘတ်ကို မှီကာ သူမလက်ထဲက ဆံပင်များကို ကြည့်လိုက်သည်။ သူသည် အောင်မြင်စွာ ပုန်ကန်ခဲ့သော ဧကရာဇ်ဖြစ်သော်လည်း မိန်မချော့သည့်နေရာမှာတော့ ဦးနှောက်မရှိဘဲ သူမအတွက်သာ စဉ်းစားပေးတတ်သူပင်။


တုကျိုးသည် တစ်မြို့လုံးအား ပိုက်စိပ်တိုက် ရှာဖွေခဲ့ရာ နောက်ဆုံးတွင် လူသတ်သမားအားလုံးမှာ အနီးနား ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသည်ကို တွေ့ရှိခဲ့သည်။ ဤလုပ်ကြံသူများသည် သူ ထင်ထားသလိုပင်ဖြစ်နေ၏။သူတို့ထဲမှ အချို့သည် ဧကရာဇ် ယွင်ချင် ရှေ့မှောက်တွင် အခစားဝင်ဖူးသူများဖြစ်ပြီး၊ အချို့မှာ အရှေ့နန်းတော်၏ သခင်များဖြစ်သည်။ ဒီလူတွေကို ဟယ်ချင်မင်းသားက ပို့ခဲ့တာလား။ 


ဤလုပ်ကြံသူများသည် ကျန်းလော၏ လက်‌အောက်ငယ်သားဟောင်းများဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သော်လည်း တုကျိုး လုံးဝမယုံခဲ့ပေ။ လုပ်ကြံမှု မအောင်မြင်ဘဲ နောက်ကွယ်မှာ ဘယ်သူရှိသလဲဆိုသည်ကို အတင်းဝန်ခံနေခြင်းက မသင်္ကာဖွယ်ရာကောင်း၏။ 


ကမ္ဘာပေါ်ရှိ လုပ်ကြံသူအားလုံးနှင့် စကားပြောရန် အလွန်လွယ်ကူနေပါက၊ ညှဉ်းပန်းနှိပ်စက်၍ ဝန်ခံခိုင်းသည့်နည်းလမ်း ရှိစရာပင်မလိုချေ။

 

တုကျိုးသည် ရုံရှားအား ဤလူများ၏ သက်သေခံချက်များကို ပေးခဲ့သည်။ ရုံရှားက အချက်အလက်တို့ကို ကြည့်ပြီး ဘေးနားသို့ ပစ်ချလိုက်သည်။ 


"နန်းတော်ထဲဝင်ဖို့ ဟယ်ချင်မင်းသားကို ခေါ်လိုက်"


တုကျိုးသည် ရုံရှားကို မဝံ့မရဲကြည့်နေသည်။


 "အရှင်မင်းကြီး ဒါကို ဧကရီ့ကို အသိပေးသင့်သလား" 


 စာကြည့်ခန်းသည် တိတ်ဆိတ်သွားသည်။ ခဏကြာမှ သူက သက်ပြင်းချပြီး “ဧကရီက မေးရင် အသေးစိတ် အပြည့်အစုံ ဖြေလို့ရတယ်၊ မမေးရင် ပြောစရာ မလိုဘူး” 


ဟွာဟွာနှင့် အိမ်ရှေ့စံတို့ကြားတွင် ချစ်ခင်မြတ်နိုးမှုအချို့ ရှိနေကြောင်း သူသိသည်။ အိမ်ရှေ့စံက သူမကို လုပ်ကြံဖို့ လူလွှတ်မှန်သာသိလျှင် သူမ  အချိန်အကြာကြီး ဝမ်းနည်းနေလိမ့်မည်။


 "ကျွန်တော် နားလည်ပါတယ်"


တုကျိုး ထွက်သွားတော့သည်။ရုံရှားသည် အမှတ်တရများ ပြည့်နေသော စားပွဲကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ရာထူးမှ ဖယ်ရှားခံရသော အိမ်ရှေ့စံကို သူကတော့ အမှန်တကယ် စိတ်ရင်းဖြင့် အသက်ရှင်စေလိုသည်။သို့သော် အိမ်ရှေ့စံမှ သူ့အသက်ကို မညှာဘဲ ရှေ့ဆက်တိုး၍အကောက်ကြံမည်ဆိုပါက၊သူ့အပြစ်မဟုတ်ပေ။




xxxxxx