အပိုင်း၁၈၇
Viewers 14k

Chapter 187



"ကြင်ယာတော်၊ ဟယ်ချင်မင်းသား ရောက်လာပါတယ်"


 ရှစ်ရှစ်က ပါးစပ်ကို အုပ်ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။ 


 "ဟုတ်ပြီ"


ဟယ်ချင်မင်းသားသည် အခန်းထဲသို့ လျှောက်လာရင်း ရှစ်ရှစ်၏ ဖြူဖျော့သော မျက်နှာကို တွေ့လိုက်ရသည်။

  

"သမားတော် လာကြည့်ပြီးပြီလား" 


ခမည်းတော်ကို သင်္ချိုင်းသို့ ပို့လိုက်သောအခါ ရှစ်ရှစ်သည် ရုတ်တရက် နေမကောင်းဖြစ်သွားသည်။ထို့ကြောင့် သူမကို ပြန်ပို့ခဲ့ရ၏။


 ယခုမှ သူ တုံ့ဆိုင်းနေသည့်ကြားထဲက လာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။  ရှစ်ရှစ်၏ လုပ်ရပ်တော်တော်များများကို သူသဘောမတူသော်လည်း သူတို့နှစ်ယောက်သည် အတူတူ တစ်မိုးအောက်ထဲမှာ၊နှစ်ပေါင်းများစွာ အတူတူနေခဲ့ကြတာပင်။ သူမကို သူ လျစ်လျူမရှုနိုင်ပေ။


 "ကျွန်မ ဆင်​​ပြေပါတယ်၊အရှင့်သားကို စိတ်​ပူ​အောင်​ လုပ်​​မိခဲ့ပါတယ်"  


ရှစ်ရှစ်က ဟယ်ချင်မင်းသား ဝတ်ထားသည့် ဝတ်ရုံကိုကြည့်လိုက်သည်။ သူ ဤဝတ်ရုံဝတ်သည်ကို တခါမှ မမြင်ဖူးပေ။


 "မင်း နေကောင်းရင် ပြီးတာပါဘဲ"

 

အခန်းက တိတ်ဆိတ်သွားပြန်သည်။  သူတို့ ဘာမှပြောစရာမရှိချေ။ ရှစ်ရှစ်လက်ထပ်ချင်သူက ဧကရာဇ်အဖြစ်လျာထားခြင်းခံရသူ အိမ်ရှေ့စံပင်ဖြစ်သည်။သူ့လို အစိုးရသစ်လက်ထက်တွင် သေမင်းတံခါးဝမှာ ရုန်းကန်နေရသော မင်းသားတစ်ပါးမျှသာ မဟုတ်။


ဟယ်ချင်မင်းသား၏ အေးစက်သော သဘောထားကို မြင်လိုက်ရသော် ရှစ်ရှစ် ရုတ်တရက် မှားသွားသလို ခံစားလိုက်ရသည်။ 


သူနဲ့လက်ထပ်ပြီးကတည်းက ဂုဏ်သိက္ခာရှိပြီး သီလရှိအောင် သူမ အတတ်နိုင်ဆုံးနေခဲ့တာမဟုတ်လား။ အခု သူနဲ့ ဝေးကွာသွားတော့လည်း သူ့ကို ဆန့်ကျင်ဖို့ ဘာတွေများ သူမ ကြိုးစားဖူးလို့လဲ...


 အကြင်လင်မယားအဖြစ် တစ်ရက်မဟုတ်၊နှစ်ပေါင်းများစွာ ပေါင်းသင်းလာကြတာ မဟုတ်လား...


 သို့သော် သူမ၏ ကိုယ်ရည်ကိုယ်သွေးသည် အမြဲတည်ငြိမ်နေခဲ့သည်။ စိတ်ထဲမှာ မကျေမနပ်ဖြစ်သော်လည်း အစေခံများရှေ့မှာ ထုတ်မပြောချေ။


 "ကြင်ယာတော်" 


ထိုစဉ် အစေခံ တစ်​​ယောက်​က ထိတ်​လန့်​တုန်​လှုပ်​စွာဖြင့်​ ​ပြေးဝင်​လာသည်​။ အခန်းထောင့်မှာ ရပ်နေသော မင်းသားကိုတောင် သတိမထားမိပေ။


 "ကြင်ယာတော်၊ ကျွန်တော်တို့ဝယ်ရမယ့်ပစ္စည်းတွေကို ဝယ်မရခဲ့ဘူး"


 "မင်း ဘာပြောလိုက်တာလဲ..." ရှစ်ရှစ် ဝုန်းကနဲထရပ်လိုက်ကာ  " လုံခြုံစိတ်ချရတယ်လို့ မင်းပဲ ပြောတာမဟုတ်ဘူးလား"


 "ဆိုင်ရှင်က ပါးနပ်လွန်းပါတယ်၊ကျွန်တော်လည်း ဒါကို မမျှော်လင့်ထားဘူး၊ အခု ဘာလုပ်သင့်လဲ"  


အစေခံသည် ကြမ်းပြင်ပေါ်တွင် မျက်နှာအပျက်ပျက်ဖြင့် ဒူးထောက်လိုက်သည်။ ဤကိစ္စသာ ပေါ်သွားလျှင် သူတို့သေမှာ သေချာ၏။


 ရှစ်ရှစ်သည် စိတ်ရှုပ်ထွေးမိပြီး ခဏအကြာတွင် ထောင့်တွင်ရပ်နေသော မင်းသားအကြောင်း တွေးလိုက်မိသည်။ သူမ ပြောချင်သော်လည်း  ဤကိစ္စ၏ သက်ရောက်မှုမှာ ကြီးမားလွန်းလှသည်။ သူမ ထုတ်မပြောရဲပေ။


ဟယ်ချင်မင်းသားသည် သူ,မသိလိုက်ခင်မှာပင် အလွန်လေးနက်သော တစ်စုံတစ်ခု ဖြစ်ခဲ့မှန်း ရှစ်ရှစ်ကိုကြည့်၍ သိလိုက်သည်။သူ့နောက်မှာ  သတ္တိရှိရှိ တစ်ခုခုလုပ်ရဲသည့်အတွက် သူ အသက်ပြင်းပြင်းရှူလိုက်ပြီး 


"ဘာဖြစ်တာလဲ"


"အစေခံ၊ ကျွန်မ……" 


ရှစ်ရှစ်၏ပခုံးများ အနည်းငယ်တုန်ခါသွားသည်။


 "အရှင်မင်းကြီးက ဟယ်ချင်မင်းသားကို နန်းတော်ထဲကို ၀င်ခိုင်းလိုက်ပါတယ်"


ဤသတင်းကိုကြားသော် ရှစ်ရှစ် အလွန်ထိတ်လန့်သွားပြီး ဘုန်းကနဲ ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်သည်။


 "ပြောပါ မင်း ဘာလုပ်လိုက်တာလဲ!"  


ဟယ်ချင်မင်းသားသည် သူမ၏ပခုံးကိုဆွဲကိုင်ကာ သူမထံမှ အဖြေရလိုဇောဖြင့် စူးရှစွာ စိုက်ကြည့်နေသည်။


ရှစ်ရှစ်က ကြောက်လန့်တကြား ခေါင်းယမ်းကာ မျက်ရည်များ ဝဲလာသည်။


 "မင်းသားလေး"  


ဝမ်ကုန်းကုန်းသည် အခန်းထဲသို့ ဝင်လာပြီး မြေပြင်ပေါ်တွင် ထိုင်ငိုနေသော ရှစ်ရှစ်ကို လျစ်လျူရှုလိုက်သည်။ 


"အရှင်မင်းကြီးက အရှင့်သားကို နန်းတော်ထဲ ချက်ချင်းဝင်လာဖို့ အမိန့်ပေးခဲ့ပါတယ်"


ဟယ်ချင်မင်းသားက ရှစ်ရှစ်ကို လွှတ်လိုက်ပြီး သူ့ဝတ်စုံကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်၏။  


"အမိန့်ကို လက်ခံပါတယ်"


 မဟာ ရွှေလမင်းနန်းတော်တွင် ပန်းဟွာသည် နန်းတော်အစေခံများအား ဆံထုံးပြင်ထုံးခိုင်းနေသည်။ပြတ်သွားသည့် ဆံပင်အားလုံးကို အတွင်းထဲမှာ ဖုံးကွယ်ထားပြီးနောက် သူမ စိတ်ကလည်း နည်းနည်းပြန်ကြည်လင်လာရတော့သည်။ 


 "ဧကရီ၊ ဒီဆံထုံး‌လေးက  အရမ်းလှပါတယ်" 


ရူရီသည် အသစ်ပြင်ထားသော ဆံထုံးကို ပန်းဟွာအား မှန်တစ်ချပ်ကိုင်၍ပြလိုက်သည်။  


"ပန်းချီကားထဲက မသေမျိုး နတ်သမီးတွေ ထုံးသလိုပါပဲ"


"နင်က အမြင်ရှိတာပဲ"


ပန်းဟွာ မတ်တပ်ရပ်ကာ နေရောင်ဖြင့် လင်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ထို့နောက် သူမသည် ခန်းမထဲမှ ထွက်လာပြီး ဥယျာဉ် ပတ်ပတ်လည်တွင် လမ်းလျှောက်ရန် ပြင်ဆင်သည်။


 ခန်းမထဲက ထွက်လာသော် ဝမ်ကုန်းကုန်းက ဟယ်ချင်မင်းသားအား စာကြည့်ခန်းဘက်သို့ ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။သူမ မျက်မှောင်ကြုတ်ပြီး နောက်က နန်းတော်အစေခံများဆီ လှည့်ပြီး "ဒီမှာ ခဏနေ၊ ငါသွားကြည့်လိုက်မယ်" 


 ရူရီက ပြောသည်။


"ဧကရီ ၊ဥယျာဉ်ကို လမ်းလျှောက်မသွားတော့ဘူးလား"


  "ငါ နန်းတော်ထဲမှာ ဆယ်စုနှစ်ကြာအောင် နောက်ထပ် နေရဦးမယ်၊ ဘယ်အချိန်သွားသွား ကြည့်လို့ရပါတယ်၊ အခု နောက်ကျနေပြီ၊ ဥယျာဉ်မှာ ဘာမှလည်း ကြည့်စရာမရှိတော့ဘူး"


ရူရီက သူမကို မတားနိုင်ဘဲ ဦးညွှတ်လိုက်ကာ နောက်ဆုတ်သွားခဲ့သည်။


ဟယ်ချင်မင်းသားသည် ဝမ်ကုန်းကုန်း နှင့်အတူ စာကြည့်ခန်း၏ အတွင်းခန်းထဲသို့ လိုက်သွားခဲ့သည်။ရုံရှားသည် စားပွဲခုံရှေ့မှာ ထိုင်နေသည်ကိုမြင်လျှင် သူ ရှေ့ကိုတိုးပြီး ရိုသေစွာ ဦးညွှတ်လိုက်၏။


ပုံမှန်ဆိုလျှင် ယခုအချိန်က ရုံရှား သူ့ကို စကားပြောသင့်နေပေပြီ။သို့သော် ယနေ့တော့ ရုံရှားက ဘာမှမပြောဘဲ တစ်စုံတစ်ခုကို ချိန်ဆနေသကဲ့သို့ ငြိမ်သက်စွာ သူ့ကို ကြည့်နေသည်။


 အခန်းထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ ရုံရှားက နောက်ဆုံးတွင် ပြောလာ၏။


"ထိုင်ပါ" 


စာကြည့်ခန်း၏ အပြင်အဆင်သည် များစွာ ပြောင်းလဲခြင်းမရှိသော်လည်း အတွင်းရှိ အရာဝတ္ထုတိုင်းသည် အသစ်ဖြစ်သည်။ ဟယ်ချင်မင်းသားအတွက်၊ ဤနေရာသည် ရင်းနှီးပြီး ထူးဆန်းသည်။ သူက ရုံရှားအား ဦးညွတ်အရိုအသေပေးလိုက်၏။


  "အရှင်မင်းကြီးက ကျွန်တော့်ကို ဘာကြောင့် ခေါ်တာပါလဲ"


ရုံရှားသည် လက်ထဲက စာအုပ်ကို ချလိုက်ပြီး ကျေးဇူးတင်လိုဟန်များဖြင့် ကြည့်နေသည်။


  "အရှင့်သားက ဉာဏ်ပညာရှိပြီး ငါကိုယ်တော်ကိုတောင် ထီးနန်းစွန့်ပေးခဲ့တယ်၊ ငါကိုယ်တော် အရမ်းကျေးဇူးတင်ပါတယ်၊ ငါကိုယ်တော် နန်းတက်ကတည်းက အရှင့်သားကို ပေါ့ပေါ့တန်တန် မဆက်ဆံဘူး၊ လွဲမှားတာရှိရင်လည်း ထောက်ပြပေးပါ ”


ရုံရှား၏ စကားက ထူးဆန်းနေသည်ဟု ဟယ်ချင်မင်းသား ခံစားရ၏။  သူရပ်ပြီး ရုံရှားကို ဦးညွှတ်လိုက်ရင်း 


"အရှင်မင်းကြီးက ကျွန်တော့်ကို သိပ်ကောင်းပေးထားတာပါ၊ ကျွန်တော် မခံယူဝံ့ပါဘူး"


 " အရှင့်သားက ငါကိုယ်တော်ကို မကျေနပ်တာကို လာမပြောဘဲ၊ ဧကရီကို လုပ်ကြံဖို့ လူတွေ ဘာလို့ စေလွှတ်ခဲ့တာလဲ၊ ဘာလို့ သူမကို မြှားနဲ့အန္တရာယ်ပြုရတာလဲ"


ရုံရှား သည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကြမ်ပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ဤသည်က ပထမဆုံးအကြိမ် ဘာကိုမှ ဂရုမစိုက်ဘဲ အပြင်လူရှေ့မှာ ဒေါသပေါက်ကွဲမိခြင်းပင်။   


"အရှင့်သားရဲ့ ရာဇပလ္လင်ကို သိမ်းပိုက်လို့ ငါကိုယ်တော်ကို မကျေနပ်ရင်တောင်မှ တိုက်ရိုက် လာပြောလို့ရတယ်၊ ဒါပေမယ့် ဟွာဟွာကို မတိုက်ခိုက်သင့်ဘူး"


ဟယ်ချင်မင်းသား သည် ရုံရှားကို ထိတ်လန့်စွာ ကြည့်လိုက်သည်။  ဘာတွေဖြစ်နေတာလဲ၊ ဟွာဟွာ တိုက်ခိုက်ခံခဲ့ရသလား...


"ဧကရီကို တိုက်ခိုက်ခဲ့ကြတာလား၊ သူမ အခုဘယ်လိုနေသေးလဲ၊ အဆင်ပြေရဲ့လား"  ဟယ်ချင်မင်းသား ၏ အသံမှာ အနည်းငယ် စိုးရိမ်သွားဟန်ရှိ၏။


ရုံရှားက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးပြလိုက်၏။


 "ဒီအချိန်မှာ ငါကိုယ်တော် အရှင့်သားနဲ့ဟွာဟွာ ကြားက မောင်နှမဆက်ဆံရေးကို မှတ်မိနေပါသေးတယ်၊ တကယ်ဆို ဒီကမ္ဘာက ငါကိုယ်တော်ရဲ့ အိတ်ကပ်ထဲတောင် ရောက်နေပါပြီ၊ ဟွာဟွာ ရဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် မင်းအသက်ကို ငဲ့ညှာမှာ မဟုတ်ဘူး၊ ပြီးတော့ မင်းက သူမကို ဘာထင်နေတာလဲ"


 ထီးနန်းတက်ကတည်းက ရုံရှားသည် ယခင်မင်းဆက်၏ အရာရှိအများအပြားကို အရေးပါသောရာထူးများတွင် မခန့်အပ်ထားသော်လည်း အသက်ကိုပင်မသတ်ခဲ့ပေ။သို့သော်လည်း သူ၏ စေတနာက ထိုလူများကို လောဘကြီးစေပြီး သူ့ကိုသတ်ကာ ရာဇပလ္လင်ကို ပြန်သိမ်းဖို့ ကြိုးပမ်း၍ အိမ်ရှေ့စံနှင့် ပေါင်းမည်ဟုလည်း မထင်ထားခဲ့ချေ။


 “အရှင်မင်းကြီး၊ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက်မျိုး မရှိပါဘူး၊ပြီးတာတွေလည်းပြီးခဲ့ပါပြီ၊ ကျွန်တော် အားလုံးကို သဘောပေါက်ပါတယ်၊ရာဇပလ္လင်ကို ပြန်သိမ်းဖို့ ဘယ်လိုလုပ်စိတ်ရှိပါ့မလဲ၊ ကျေးဇူးပြုပြီး အရှင်မင်းကြီး၊  ဟွာဟွာ ဘယ်လိုနေပါသေးလဲ”


 ဤတစ်ခါတော့ သူက ဧကရီဟု မခေါ်ပါဘဲ ကလေးဘဝ နာမည်ပြောင် ဟွာဟွာဟုပင် ခေါ်လေသည်။


 စိတ်ဓာတ်ကျနေသည့်အခိုက်အတန့်မှာ ကျင့်ဝတ်ကို ဂရုမစိုက်တော့ပေ။  ဟယ်ချင်မင်းသား နားမလည်နိုင်ဖြစ်နေရ၏။ အရင်ကတော့ အားလုံးအဆင်ပြေသွားခဲ့တာလေ၊ နာရီအနည်းငယ်အတွင်းမှာ ဘာလို့ ဒီလို ကြီးကြီးမားမားကြီး ဖြစ်သွားတာလဲ။


 "ဧကရီ နေကောင်းပါပြီ" 


ရုံရှားက ဟယ်ချင်မင်းသား၏ မျက်နှာပေါ်မှ ခံစားချက်ကို မလွဲမသွေ အကဲခတ်နေ၏။


 "ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး၊ ဒါပေမယ့် ဖမ်းထားတဲ့ လုပ်ကြံသူ တော်တော်များများက မင်းရဲ့ လက်အောက်ငယ်သားဟောင်းတွေပါ၊ ဒီလူတွေက မင်းအပေါ်  သစ္စာရှိကြတယ်၊ စောစောကတင် သူတို့က မင်းရဲ့လူတွေလို့ အခိုင်အမာပြောကြတာ၊ မင်း အလုပ်များမနေရင် ငါနဲ့ အကျဉ်းထောင်ကို သွားလို့ရတယ်"


 "ကျွန်တော်ကတော့ သွားဖို့ ဆန္ဒရှိတယ်"


ထိုစဉ် စာကြည့်ခန်းအတွက် တံခါးပွင့်လာသည်။  ရုံရှား၏ မျက်နှာအမူအရာ အနည်းငယ်ပြောင်းသွားသည်။ 


"ဟွာဟွာ..."


ပန်းဟွာ၏ မျက်နှာသည် နီမြန်းနေသော်ငြား ဒဏ်ရာရပုံမပေါ်သည်ကို  ဟယ်ချင်မင်းသား မြင်လိုက်ရသည်။  သူ ချက်ချင်း စိတ်လျှော့လိုက်ပြီး ဦးညွှတ်ရင်း 


" ဧကရီကို နှုတ်ဆက်ပါတယ်"


"အစ်ကိုကလည်း ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး" 


ပန်းဟွာက သူ့ကို ပြုံးပြသည်။


ရုံရှားသည် သူမ၏ အပြုံးကိုမြင်ရ၍ စောစောက သူတို့ပြောနေသည့်စကားများအား မကြားနိုင်ဟု ထင်လိုက်မိ၏။ 


 "ကျွန်မလည်း  အကျဉ်းထောင်ကို သွားကြည့်ချင်တယ်၊ ကျွန်မကို ခေါ်သွားပါ"


ရုံရှား : ……


 တံခါးဝမှာရပ်နေသည့် တုကျိုး ကိုလှည့်ကြည့်လိုက်၏။ တုကျိုး က ခေါင်းငုံ့ကာဇက်ပု၍ နောက်သို့ခြေလှမ်းပြန်ဆုတ်လိုက်၏။


သူ  ဧကရီကို ဘယ်လိုလုပ် လွန်ဆန်နိုင်မလဲ။ အရှင်မင်းကြီး၊ ဧကရီ စိတ်ပြန်အဆင်ပြေလာအာင် တတ်နိုင်သလောက် လုပ်တော်မူပါ၊ ဒီလက်အောက်ငယ်သားတွေကတော့  ဘာလုပ်နိုင်မလဲ။


 "မသွားရဘူးလား...."  ပန်းဟွာသည် ရုံရှားကို မျက်ခုံးပင့်ကာ ပြောလိုက်သည်။


 "ကောင်းပြီ၊ အတူတူသွားရအောင်"


 နှစ်ယောက်သား အပြန်အလှန် ဆက်ဆံပုံကိုမြင်မှ ဟယ်ချင်မင်းသား ၏ တင်းမာနေသော မေးရိုး အနည်းငယ် ဖြေလျော့သွားသည်။


ကောင်းကင်ဘုံအကျဉ်းထောင်ကို တရားရုံးချုပ်နှင့် တရားရေး ဝန်ကြီးဌာနတို့ ပူးပေါင်း စီမံခန့်ခွဲခဲ့သည်။ အရေးကြီးသော အကျဉ်းသားများအားလုံးကို ဤနေရာတွင် ချုပ်နှောင်ထားပြီး အစောင့်အကြပ် ထူထပ်သည်။ ဧကရာဇ်၏ အမိန့်တော်မပါလျှင် အကျဉ်းသားများ၏ ဆွေမျိုးများနှင့် မိတ်ဆွေများကိုလည်း လည်ပတ်ခွင့်မပြုပေ။


အစောင့်များအားလုံး၏ မျက်နှာတွင် လေးနက်သော အမူအရာရှိသည်။  “ခွင့်ပြုချက်မရှိဘဲ လူမဝင်ရ” ဟူသော စကားလုံးများက သူတို့ မျက်နှာပေါ်တွက် ပေါ်လွင်နေသည်။


 ဧကရာဇ်မင်းနှင့် ဧကရီတို့ ကြွလာသောအခါ၌ပင် ရိုသေစွာ ဦးညွှတ်သော်လည်း မျက်နှာထားကခပ်တည်တည်ပင်။ဘန်ဟန် ဝင်လာပြီးနောက်  ပခုံးကျယ်ကျယ်၊ ခြေတံရှည်ရှည်များဖြင့် ရပ်နေသော အစောင့်များကို လှည့်ကြည့်လိုက်သည်။


ရုံရှားက‌ ထိုအကြည့်ကို သတိပြုမိပြီး သူမလက်အား ဖျစ်ညှစ်လိုက်သည်။


 ဒီလူတွေက သူ့ထက်တောင် ပိုကြည့်ကောင်းနေသလား။


ပန်းဟွာက သူ့ကို အပြစ်ကင်းစွာပြန်ကြည့်ပြီးပြီး "ဘာလို့ လက်ကို ညှစ်နေတာလဲ"


 ဤအကြည့်ကြောင့် ရုံရှား၏ နှလုံးသား ဒိတ်ကနဲဖြစ်သွားပြီး မထိန်းနိုင်ဘဲ သူမ လက်ကို အကြိမ်အနည်းငယ် ညှစ်လိုက်မိပြန်သည်။


လှေကားထစ်များမှ ဆင်းသွားသောအခါ၊ ရုံရှားသည် ပန်းဟွာ၏ နောက်ကွယ်မှ နေ၍ ခမ်းနားထည်ဝါသော ၀တ်စုံအနားစကို လမ်းတစ်လျှောက် ကိုင်ဆောင်လာပေး၏။လှေကားထစ်များ အဆုံးသို့ရောက်သောအခါမှ အနားစကို ပြန်ချပေးလေ၏။ သူ့လုပ်ရပ်က ခါတိုင်းလုပ်နေကျလို အဆင်ပြေပြေရှိသော်လည်း  ကောင်းကင်ဘုံအကျဉ်းထောင်ရှိ အစောင့်များနှင့် ဟယ်ချင်မင်းသားကို အံ့အားသင့်စေခဲ့သည်။


 “အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်၊ ဧကရီကို နှုတ်ဆက်ပါတယ်၊ မင်းသားကိုလည်း နှုတ်ဆက်ပါတယ်"


လျှိုပန်းရှန်က သူတို့ကို နှုတ်ဆက်ဖို့ ထွက်လာသည်။ဧကရီ၏ ဝတ်စုံအား ဧကရာဇ် ကိုင်လာပေးမှန်း သူ သတိပြုမိသည်။ သို့သော် သူက ခပ်တည်တည်ပင် အံ့ဩဟန်လည်းမပြပေ။


ရုံရှားက တိုက်ရိုက်ပြောသည် ။


"လုပ်ကြံသူတွေ ဘယ်မှာလဲ"


လျှိုပန်းရှန်သည် ဟယ်ချင်မင်းသား ကိုကြည့်ကာ ဦးညွှတ်သည်။  


"အရှင်မင်းကြီး၊ ဒီဘက်ကို ကြွတော်မူပါ"


 အကယ်၍ ဧကရာဇ်သည် ဟယ်ချင်မင်းသားကို ဤနေရာသို့ ခေါ်ဆောင်ရန် ဆန္ဒရှိလျှင် ဧကရာဇ် မင်းသားအတွက် ငဲ့ညှာခြင်းဟု ဆိုလိုသည်။  အကယ်၍ ဤကိစ္စသည် ဟယ်ချင်မင်းသားနှင့် အမှန်တကယ် မသက်ဆိုင်ပါက၊ ဟယ်ချင်မင်းသား အား ဘယ်လိုနစ်နာမှုမျိုးမှ ဖြစ်စေမည်မဟုတ်ပေ။


 ထိုအချိန်တွင်၊ ကောင်းကင်ဘုံအကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသော လုပ်ကြံသတ်ဖြတ်သူများသည် အသက်ရှင်ဖို့ မမျှော်လင့်သော်လည်း မင်းသားအား ဧကရာဇ်က ခေါ်ဆောင်လာသည့်အခါ သူတို့၏မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်လျှိုပန်းရှန်သည် သူ့အမူအရာကို သတိပြုမိပြီး ရင်ပင်တုန်သွားရ၏။ဤကိစ္စက ဟယ်ချင်မင်းသား နှင့် တကယ်ပဲ ပတ်သက်နေပုံရသည်။


 “မင်းတို့…” မင်းသားက လုပ်ကြံသူများအား ကြည့်ပြီး ထိတ်လန့်တကြားနှင့်  


"မြို့တော်ကထွက်သွားပြီး ကောင်းကောင်းနေပါ၊ ပြန်မလာဖို့ ငါပြောခဲ့တယ် မဟုတ်လား"


လုပ်ကြံသူတစ်ဦးက ပြောသည်။


 "အရှင့်သား၊ စည်းစိမ်ဥစ္စာအတွက် သေသွားရတဲ့လူတွေ အကြောင်းကို တစ်ခါမှ မကြားဖူးဘူးလား၊ အရှင့်သား ကျွန်တော်တို့ကိုပေးခဲ့တဲ့ ငွေနည်းနည်းနဲ့ ဘာလို့စားနိုင်မှာလဲ၊ အကြမ်းဖက်ဧကရာဇ်က ရက်စက်တယ်၊ ဒါပေမဲ့ ရက်ရောတယ်၊သူ့နောက်မှာနေမယ်ဆိုရင် ငွေ၊ အိမ်၊ မိန်းမ ဘာတစ်ခုမှ မချို့တဲ့ဘူး၊အရှင့်သား စကားကို ဘာကြောင့် နားထောင်ရမှာလဲ၊ အဲ့ဒီ ဘာမဟုတ်တဲ့နေရာကိုသွားပြီး ခက်ခက်ခဲခဲ နေရမှာလား"


 "မင်းဆက်သစ်က နန်းတက်ပြီဆိုတော့ ကျွန်တော်တို့ ညီအစ်ကိုတွေကို ဘယ်သူမှ ဂရုစိုက်မစိုက်ကြဘူး၊ ပြီးတော့ ကျောရိုးမရှိတဲ့ အရှင့်သားလို သခင်နောက်ကို မလိုက်ချင်ဘူး"


ဟယ်ချင်မင်းသားသည် သူတို့ကို မျက်နှာဖြူဖျော့ပြီး ကြည့်နေသည်။သူတို့သည် ငယ်ငယ်လေးကတည်းက သူ့နောက်လိုက်များပင်။ စကားပြောသူသည် သူ့ကို ကာကွယ်ပေးရင်း နောက်ကျောကို မြှားတစ်စင်းထိုသွား၍၊ ကျန်းမာရေးပကတိကောင်းရန် တစ်နှစ်ကျော် အနားယူခဲ့ရသည်။  နောက်တစ်ယောက်ကလည်း ခြေချောင်းသုံးချောင်းနှင့် လက်တစ်ဖက် ဆုံးရှုံးသွားသည့်တိုင် သူ့အပေါ် သစ္စာစောင့်သိကြပြီး အသက်နှင့် ရင်းလိုစိတ်ရှိသူများပင်။ ဒီလူတွေက ကျန်းလော အတွက် ဘယ်လုပ်ဖြစ်ပြီး အလုပ်လုပ်ကြတာလဲ။


ဟယ်ချင်မင်းသားသည် နန်းတော်သို့ မဝင်မီက ရှစ်ရှစ်၏ တုံ့ပြန်မှုကို ရုတ်တရက် တွေးလိုက်ပြီး မှင်တက်စွာ ကြည့်နေသည်။ ခဏအကြာတွင်၊ 


"ရှစ်ရှစ်က မင်းတို့ကို ဒီလိုလုပ်ဖို့ အမိန့်ပေးတာလား" 


 လုပ်ကြံသူများ၏ အမူအရာများ ပြောင်းလဲသွားသည်။  ခုနက ပြောသူက  


"ဟယ်ချင်မင်းသား က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်နော်၊ကြင်ယာတော် အသက်ကြီးပြီထင်ရင် သူမကို ကွာရှင်းလိုက်ရုံပါပဲ၊ ဒီလိုကိစ္စအတွက် သူမကို  အပြစ်မပြောသင့်ပါဘူး"




xxxxxx