အပိုင်း၁၈၈
Viewers 14k

Chapter 188



လုပ်ကြံသူသည် ဟယ်ချင်မင်းသား ကို လှောင်ပြောင်သလို တုံ့ပြန်နေသဖြင့် သူပြောသမျှစကားလုံးတိုင်းက ဟယ်ချင်မင်းသား ကို အသိစိတ်လွတ်သွားစေ၏။


ပန်းဟွာ သဘောပါက်သွား၏။ ဤလုပ်ကြံသူများကို ဝမ်ကွဲ ၏ အမည်ကို အသုံးပြု၍ ရှစ်ရှစ် ကိုယ်တိုင် စုဝေးခဲ့ခြင်း ဖြစ်နိုင်သည်။ လုပ်ကြံသတ်ဖြတ်မှုကို ဖော်ထုတ်ပြီးနောက်၊ ဝမ်းကွဲအပေါ် သစ္စာစောင့်သိသော အဆိုပါ လုပ်ကြံသတ်ဖြတ်သူများသည် ဟယ်ချင်မင်းသား ထိခိုက်မည်စိုး၍ ကျန်းလော ၏လူများဖြစ်ကြောင်း အခိုင်အမာပြောဆိုခြင်းဖြစ်သည်။


 မည်သို့ပင်ဆိုစေ၊ ကျန်းလောသည် အကျင့်ပျက်မှုများစွာကို ပြုလုပ်ခဲ့သည်။ နောက်တစ်မှုအတွက် အပြစ်တင်လျှင် အရေးမကြီးပေ။


ပန်းဟွာ နားလည်သွားမှန်း ရုံရှား လည်း ခန့်မှန်းနိုင်သည်။ သူက တစ်ယောက်ကိုတစ်ယောက်ငဲ့ညှာနေသော သခင်နှင့်ကျွန်ဆက်ဆံရေးမျိုးကို မမြင်ချင်ဘဲ ပြောလိုက်သည်။


 "ဟယ်ချင်မင်းသားကို အကြမ်းဖက်ဧကရာဇ်ဆီ ငါ ခေါ်သွားမယ်"


ရုံရှား သည် ညီအကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထိပ်တိုက်တွေ့စေချင်သည်ဟု လုပ်ကြံသူများက တွေးကြပြီး သူတို့အားလုံး သက်ပြင်းချကြသည်။


 ဧကရာဇ်သည် အကြမ်းဖက်ဧကရာဇ်ကို အမှန်တကယ် သံသယဝင်နေပုံရ၍ သူတို့ စိတ်သက်သာရာ ရသွားကြ၏။


 အကြမ်းဖက်ဧကရာဇ် ချုပ်နှောင်ထားသည့်နေရာကို ရောက်ဖို့ တခြားထောင်တစ်ခုကို ဖြတ်သွားရ၏။‌အကျဉ်းထောင်အခန်းနံပါတ် ၇ ကိုဖြတ်သွားသောအခါတွင် လူလတ်ပိုင်းအရွယ် မိန်းမတစ်ယောက်အား သော့ခတ်ထားပြီး ရပ်သွားသည်ကို ပန်းဟွာ မြင်လိုက်သည်။


သူမသည် ဟွမ်ဟွာအိမ်၏ ပိုင်ရှင် ပြည့်တန်ဆာခေါင်းဖြသ်ပြီး လုပ်ကြံသူများအား ဦးဆောင်နေသူတစ်ယောက်ပင်။ ဈေးကြီးအဝတ်အစားများနှင့် ရွှေဆံညှပ်များမဝတ်ထား၍ သူမသည် အသက်ပိုကြီးသလိုမျိုး ဖြစ်နေ၏။


သူမကလည်း ပန်းဟွာကို တွေ့သည်။ သူမသည် သေမှာလည်းမကြောက်၊ ရှင်မှာကိုလည်း ဂရမစိုက်တော့ဘဲ သာမာန်သာ လှမ်းကြည့်သည်။


ပန်းဟွာ တခစ်ခစ်ရယ်ပြီး ထွက်သွားလိုက်၏။ ထိုမိန်းမသည် သူမ၏ ရယ်မောသံကို ကြားသောအခါ ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်သည်။ လူအုပ်ကြီးနှင့်ဖြစ်၍  ပန်းဟွာ၏ ကျောကို သူမ မမြင်နိုင်တော့။


 သူမသည် ပိုဝေးကွာသောနေရာတွင် ပိတ်လှောင်ခံထားရသော မင်းသားချန်ချင်ဝမ်ကို တွေးကာ တည်ငြိမ်၍မရတော့။


 ယောက်ျားတစ်ယောက်က ဘယ်လောက်ပဲ ချောမောနေပါစေ၊  သန့်ရှင်းသည့်အဝတ်အစားများ မလဲဘဲ ရေလည်းမချိုးရလျှင် အရောင်အဝါမထွက်နိုင်တော့။  မင်းသားချန်ချင်ဝမ် သည် တစ်ချိန်က ချောမောသော်လည်း ယခု ပန်းဟွာ မြင်လိုက်ရသည်မှာ ထုံးထားသော ဆံပင်ကလည်း ဖွာလန်ကျဲနေကာ ညစ်ပတ်သောအဝတ်အစားများသာ ရှိ‌ေတာ့သည်။သူ့အရောင်အဝါကလည်း မီးခိုးငွေ့လို ဖြစ်သွားသည်။


 "မင်းသားချန်ချင်ဝမ်" 


သူမသည် ထောင်တံခါးအပြင်ဘက်တွင် ရပ်နေပြီး မင်းသားချန်ချင်ဝမ် ၏ လက်မည်းများကို ကြည့်နေသည်။ 


 "ကျွန်မ မေးစရာတစ်ခုရှိတယ်၊ ကျွန်မအတွက် အဖြေပေးနိုင်မလား"


ရုံရှား နှင့် ဟယ်ချင်မင်းသားတို့လည်း အသီးသီးရပ်ကြ၏။ ရုံရှား က ပန်းဟွာကို ကြည့်သော်လည်း စကားဝင်မပြော။


အကျဉ်းထောင်တွင် အကြာကြီးပိတ်လှောင်ခံထားရသောကြောင့်၊ မင်းသားချန်ချင်ဝမ် သည် ထုံထိုင်းလာပြီး အတိတ်ကလို အရောင်အဝါကျက်သရေမရှိတော့ပေ။သူက ပန်းဟွာကိုကြည့်ကာ အသိစိတ်လွတ်နေသူလိုမျိုး တည်ငြိမ်စွာပြောသည်။ 


"မေးပါ"


 "အရင်တုန်းက ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေဆိုပြီး ပြောတဲ့ သာလိကာငှက်ကလေးကို ကျွန်မတို့ကို ပြဖူးတယ်မလား၊ အဲဒါက ဦးရီးတော် လုပ်ထားတဲ့ပြဇာတ်လား၊ တကယ်ဖြစ်သွားတာလား"


 "ဒီလောက် အသေးအမွှားလေးတွေကို မှတ်မိမယ်လို့ မထင်ထားမိဘူး... မေ့လုမတတ်ပါပဲ"  မင်းသားချန်ချင်ဝမ် ဂုဏ်ယူစွာရယ်မောလိုက်သည်။  


"ဧကရာဇ်မိသားစုမှာ ငါက မွေးဖွားခဲ့တာဆိုတော့ ဘယ်အရာက မှန်တယ်၊ ဘယ်အရာက မှားတယ်ဆိုပြီး တရားသေတော့ သတ်မှတ်လို့မရဘူး၊တူမလေး အခုထိ ဖြူစင်တဲ့ စိတ်နှလုံးရှိတာ ကောင်းပါတယ်"


 သူ၏ နက်မှောင်သော မျက်လုံးများသည် ရုံရှား ကို ရောက်သွားသည် ။


"အရှင်မင်းကြီးလည်း သက်တမ်းရှည်ကြာပြီး အခုလို ကောင်းမွန်တဲ့ ပင်ကိုယ်စရိုက်ကို အမြဲမွေးနိုင်ပါစေ" 


ရုံရှား မျက်မှောင်ကြုတ်ပြီး စကားမပြော။


 "လူသားတွေမှာ၊ အရှားပါးဆုံးအရာက နှလုံးသားဖြစ်ပြီး တန်ဖိုးအရှိဆုံးအရာကလည်း နှလုံးသားပါပဲ၊ငါ့တူမလေး ဒီတစ်သက် ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်၊ မင်း အသက်ကြီးတဲ့အထိ ပြုံးနေနိုင်အောင်လုပ်ပါ"


 "ကျေးဇူးတင်ပါတယ်"  ပန်းဟွာက ပြုံးပြီး ခေါင်းညိတ်သည်။  "ဦးရီးတော် ကောင်းကောင်းနေရမယ်နော်၊ ဒီ ကောင်းကင်ယံ အကျဉ်းထောင်က ကျယ်ဝန်းပြီး လေဝင်လေထွက် ကောင်းတယ်၊ နောက်နှစ်အနည်းငယ်ကြာတဲ့အခါ အကျင့်ဖြစ်သွားမှာပါ"


မင်းသားချန်ချင်ဝမ်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားသည်။ကြောက်မက်ဖွယ်ကောင်းသော ဘီလူးတစ်ကောင်ကို ကြည့်နေသလိုမျိုး ပန်းဟွာကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။


 "ဒီမေးခွန်းရဲ့အဖြေကို ကျွန်မ သိပြီးသားဖြစ်နိုင်ပါတယ်၊ ဦးရီးတော် ဖြေစရာ မလိုဘူး"  


ပန်းဟွာ၏ အပြုံးသည် ပန်းတစ်ပွင့်ကဲ့သို့ဖြစ်ပြီး သူမ၏ မျက်လုံးထောင့်များက တောက်ပနေသည်။  


"ဦးရီးတော် ကျေးဇူးပြုပြီး အနားယူပါ၊ ဒီကိုရောက်ကတည်းက အင်ပါယာတရားရုံးရဲ့ နိုင်ငံရေးကို စိတ်ပူနေစရာ မလိုဘူးလေ၊သိပ်ကောင်းတာပဲ မဟုတ်လား"


လျှိုပန်းရှန်: မဟုတ်ဘူး၊ သူ အဆင်မပြေဘူးလေ..


ရုံရှားသည် ပန်းဟွာ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူသည် ဘာစကားတစ်ခွန်းမှ ဝင်မပြောသလို ပတ်ဝန်းကျင်ရှိလူများ၏ အကြည့်ကိုလည်း ဂရုမစိုက်ဘဲ သူမ၏လက်ကိုသာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။


လျှိုပန်းရှန် နှာခေါင်းကို ပွတ်သပ်လိုက်သည်။ ဤသည်မှာ ကြီးလေးသော ရာဇ၀တ်ကောင်များအတွက် နေရာဖြစ်သည်။ ဧကရာဇ်နှင့် ဧကရီအနေဖြင့် ရာဇ၀တ်ကောင်များရှေ့တွင် ခပ်တည်တည်သာနေသင့်သည်၊ ယခုလို ကလေးဆန်စွာလက်ချင်းကိုင်ထားခြင်းက မကြုံစဖူးဖြစ်နေ၏။


သူတို့ ဆော့ကစားဖို့ရောက်လာတာလား။


 ဧကရာဇ်သည် ပြောင်းလဲသွားသည်။  သူသည် အတိတ်ကလို တည်ငြိမ်အေးဆေးသော ဧကရာဇ်မဟုတ်တော့ပေ။ ဤသည်က ကောင်းသလား၊ ဆိုးသလား သူလည်း မသိပေ။ ဧကရာဇ်သည် အသက်နှစ်ဆယ်ကျော်သာရှိသေးသော်လည်း သူ၏လုပ်ဆောင်မှုနည်းလမ်းများမှာ ဘယ်သူနှင့်မှ နှိုင်းမယှဉ်နိုင်ဘဲ မရေမတွက်နိုင်သောလူများ၏ ကြည်ညိုမှုကို ရရှိခဲ့သည်။


 ငယ်ငယ်တုန်းကတော့ ကမ္ဘာမှာ ပြီးပြည့်စုံသည့်လူမျိုး မရှိဘူးဟု အမေဖြစ်သူ ပြောဖူးသည်။ရှိလျှင်လည်း ထိုလူက ပျော်ရွှင်မှာမဟုတ်ဟုဆိုသည်။


 ငယ်ငယ်တုန်းကတော့ နားမလည်ခဲ့။ ဧကရာဇ်၏လက်အောက်ခံဖြစ်လာပြီးနောက်၊ ဧကရာဇ်သည်  ကြီးကြီးမားမားဖြစ်ရပ်များအား တစ်ခုပြီးတစ်ခု ငြိမ်သက်စွာစီစဉ်သည်ကို  မြင်ခဲ့ရ၏။ဧကရာဇ်သည် နေရာတိုင်းတွင် ကိန်းဂဏာန်းများဖြင့်တွက်ချက်တတ်၏။သူ့မျက်လုံးထဲတွင် လူနှင့် အရာဝတ္ထု နှစ်မျိုးသာရှိသည်။ တစ်မျိုးက အသုံးဝင်ပြီး နောက်တစ်မျိုးက အသုံးမဝင်ပေ။


 တစ်ခုတည်းသောခြွင်းချက်မှာ ကျင့်ထင်အိမ်တော် ဖြစ်သည်။


 ထိုအချိန်က ဧကရီသည် ရွာစားတစ်ဦးသာဖြစ်သော်လည်း၊ ဧကရာဇ် ယွင်ချင် ကိုယ်တိုင်ရွေးချယ်ခဲ့သော ထန်ဟွာကို လူလယ်ခေါင်းမှာ ကြိမ်ဒဏ်ပေးခဲ့သည်။ တရားရုံးမှာလည်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရ၏။ပညာကှိများက သူမကိုဝေဖန်ခဲ့ကြသည်။ပညာရှိကို မထီမဲ့မြင်ပြုတဲ့သူကို သူမ ဘယ်လိုလုပ်လက်ခံနိုင်ပါ့မလဲ။


 သို့သော် ထိုအချိန်တွင် ဧကရာဇ်သည် သူမအတွက် ရပ်တည်နေ၏။ ဧကရာဇ်သည် ပန်းမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိလိုသည်ဟု တွေးထင်ခဲ့သည်။ ဧကရာဇ် ယွင်ချင် သည် ဧကရီအား နှစ်သက်မှန်း သိသောကြောင့် ဘက်လိုက်ခြင်းဖြစ်မည်ဟု ထင်ခဲ့၏။ဧကရီက သူ့ကို‌ အထင်ကြီးဖို့ရာ လုပ်ခြင်း ဖြစ်ပေမည်။


နောက်ပိုင်းတွင် တုကျိုးသည် ပန်းမိသားစု၏ စစ်ဗိုလ်ချုပ်များနှင့် သီးသန့်ဆက်ဆံရေးရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။ စစ်မက်ရေးရာဝန်ကြီး ကျောက်ဝေ့ရှန်းသည်ပင် ပန်းမိသားစုထံ သတင်းအချက်အလတ်များကို မကြာခဏ ပေးပို့ခဲ့သည်။ထိုအချိန်တွင် ဧကရာဇ်သည် ဧကရာဇ် ယွင်ချင် ၏ သူလျှိုတပ်မှူးဖြစ်ခဲ့သော်လည်း ဤအချက်အလက်ကို ဧကရာဇ်ယွင်ချင်ထံ လွှဲပြောင်းမပေးခဲ့ပေ။ 


 အကယ်၍ ဧကရာဇ်သည် ဤအချက်အလက်ကို တင်ပြခဲ့ပါက၊  ဧကရာဇ် ယွင်ချင်က ပန်းမိသားစုအပေါ် သံသယမဝင်လာနိုင်သော်လည်း၊ပန်းဟွိုက်ကို နယ်စားမင်းမှ ကောကုန်း အဖြစ်ရာထူးတိုးမြှင့်ခြင်းခံရလိမ့်မည်မဟုတ်ပေ၊ ဧကရီသည်လည်း ရွာစားမှ ကျွင်းကျူးအဖြစ်သို့ ရာထူးတိုးမြှင့်ခံရမည်မဟုတ်ပေ။


ဧကရာဇ်သည် ပန်းမိသားစုနှင့် ပတ်သတ်ချင်သည်ဟု လျှိုပန်းရှန် ထင်ခဲ့သည်။ ပန်းမိသားစု၏ ရာထူးကို ဗိုလ်ချုပ်များကြားတွင် အသုံးပြုလိုသောကြောင့် ပန်းမိသားစုကို ကူညီခြင်းဖြစ်နိုင်သည်။ သို့သော်လည်း သူ့အတွေးများက တက်တက်စင်အောင်လွဲနေကြောင်း အဖြေထွက်လာသည်။  ဧကရာဇ်သည် ပန်းမိသားစု၏ အဆက်အသွယ်များကို မသုံးခဲ့ရုံသာမက ပန်းမိသားစုကိုလည်း အမှားမယွင်းမရှိအောင် ကူညီပေးခဲ့သည်။ သံသယလွန်ကဲသော ဧကရာဇ် ယွင်ချင်ပင်လျှင် အမှားအယွင်းတစ်စုံတစ်ရာ မမြင်ခဲ့ပေ။


 အရာအားလုံးကို ဆန့်ကျင်ချင်သော ဧကရာဇ်သည် ဧကရီ၏ ခံစားချက်ကို နည်းနည်းမှပင် ဆန့်ကျင်ရန် မကြံစည်ခဲ့ပေ။


 သူ့ရှေ့မှာ လက်တွဲထားသည့် ‌ဇနီးမောင်နှံနှစ်ယောက်ကိုကြည့်ပြီး လျှိုပန်းရှန် ဟယ်ချင်မင်းသား ကို ကြည့်လိုက်ပြန်သည်။ဟယ်ချင်မင်းသား ၏ အမူအရာသည် သက်တောင့်သက်သာရှိနေသည်ဟု မြင်ရသည်။


မျှော်လင့်ထားသည့်အတိုင်း အိမ်ရှေ့စံပင်ဖြစ်ဖူးသူဖြစ်၍ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းက သူ့ထက်သာနေပြန်၏။


 အကျဉ်းထောင်၏ အတွင်းဆုံးတွင် လေးလံသော သံတံခါးဖြင့် သော့ခတ်ထားသည်။ သံတံခါးပေါ်တွင် လက်ဖဝါးအရွယ် လေပေါက်တစ်ခုသာရှိသည်။ အပြင်ကနေ လှမ်းကြည့်လျှင် အမှောင်ထုကို မြင်နေရ၏။  ဟယ်ချင်မင်းသား တုန်လှုပ်သွားသည်။  သူ့ဒုတိယညီတော် ဒီမှာ ထောင်ကျနေတာလား။


လေးလံသော သံတံခါးပွင့်လာသည့်အခါ အမှောင်ခန်းထဲမှာ သံလှောင်အိမ်တစ်လုံးကို မြင်လိုက်ရသည်။ လှောင်အိမ်ထဲမှာ လူတစ်ယောက် ထိုင်နေသည်။ ထိုလူက မလှုပ်မယှက်ဖြစ်နေ၍ သေသလား၊ရှင်သလား မသိရပေ။


 ခဏအကြာ လျှိုပန်းရှန်သည် ဖယောင်းတိုင်နှစ်တိုင်ကို ထွန်းညှိလိုက်သည်။ ထိုမှသာ အခန်းတွင်းရှိ အလင်းရောင်သည် အနည်းငယ် တောက်ပလာခဲ့သည်။


 "ဒုတိယညီတော်"  ဟယ်ချင်မင်းသား သည် လှောင်အိမ်ထဲရှိလူကို ရှင်းရှင်းလင်းလင်းမြင်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ သူ ရုတ်တရက် ရပ်တန့်သွားပြီး ရုံရှား ကိုလှည့်ကြည့်လိုက်၏။


 လှောင်အိမ်ထဲမှ ကျန်းလောက သူ့ကို တွေ့ရှိသွားကာ လှောင်အိမ်အား ဖမ်းကိုင်လိုက်ပြီး


  "အစ်ကိုကြီး၊ ငါ့ကိုခေါ်သွားပါ၊ ငါတောင်းပန်ပါတယ်၊ ငါ့ကိုခေါ်သွားပါ"


 "ဒီမှာ ခဏလောက်တောင် နေလို့မရတော့ဘူး၊ ငါ့ကိုခေါ်သွားပါ၊ ငါမင်းနဲ့ ရန်မဖြစ်တော့ဘူး၊ ငါ့ကိုကယ်ပါဦး"


ဟယ်ချင်မင်းသား သည် သန့်ရှင်းသောအဝတ်အစားဝတ်ထားသည်ကို ကျန်းလော မြင်လိုက်ရသည်။ မျက်နှာနှင့် လက်များမှာလည်း သန့်ရှင်းနေသည်။ အပြင်မှာ သော့ခတ်ထားသည့် မင်းသားချန်ချင်ဝမ် ထက် အဆပေါင်းများစွာ ပိုသန့်ပြန့်လျက်ရှိသည်။ သူ အခွင့်အရေးကိုလက်လွှတ်မခံဘဲ အသနားခံမိလေသည်။


ဟယ်ချင်မင်းသားက စကားပြန်မပြောတာကြောင့် ကျန်းလော လှောင်အိမ်၏ အပြင်ဘက်သို့ ထွက်လာပြီး ဝမ်းနည်းစွာ ငိုယိုတော့သည်။ 


 "အစ်ကို၊ မင်း ငါ့ကို တစ်ယောက်တည်း ထားလို့မရဘူးလေ၊ မင်း ငါ့ကို ဒီမှာ သေစေချင်တာလား"


 "အကြမ်းဖက်မင်းသား ကျွန်တော်က အရှင့်သားကို ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ပါဘူး၊ အရှင့်သားရဲ့စကားကြောင့် ဟယ်ချင်မင်းသား နားလည်မှုလွဲသွားတယ်ဆိုရင် ကျွန်တော့်အတွက် အခက်တွေ့စေပါတယ်"


လျှိုပန်းရှန်သည် ဆီမီးထွန်းပြီး လမ်းလျှောက်လာသည်။ သူက စိတ်မသက်မသာစွာ ပြုံးပြီး ကျန်းလော ကို ကြည့်သည်။  


ကျန်းလော သည် လျှိုပန်းရှန် ကိုမြင်သောအခါ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ဤလူယုတ်မာက သူ့ကို အမှောင်ခန်းထဲမှာ တနေကုန် သော့ခတ်ထားသူပင်။ဘယ်သူနှင့်မှလည်း စကားပေးမပြောသလို၊ ဤအခန်းထဲကိုလည်း မည်သူမျှ လာခွင့်မပြု။နေ့တိုင်း ထမင်းသုံးနပ်နှင့် အဝတ်အစားများ ပို့တာကလွဲ၍ တခြားဘယ်သူမှ မပေါ်လာပေ။ တချို့လူများ ရောက်လာလျှင်ပင် သူ့အားမရှိသူတစ်ယောက်လိုပင် ဆက်ဆံကြလိမ့်မည်။ 


လူကို ရိုက်နှက်၊ ကျိန်ဆဲခြင်းမျိုး မလုပ်သည်က တစ်ရက်နှစ်ရက်လောက် အဆင်ပြေသည်။အချိန်အတော်ကြာပြီးနောက် ဤသည်မှာ အနာကျင်ဆုံးညှဉ်းပန်းမှုဖြစ်သည်ကို သူနားလည်လာသည်။ တခါတရံတွင်၊သူကိုယ့်သူ သေလူလား၊ရှင်နေသလားပင် မသိတော့။ အပြင်မှာ ဘာတွေ အတိအကျ ဖြစ်ခဲ့တာလဲ။  မဟုတ်ရင် ကမ္ဘာကြီးက ဘာလို့ ဒီလောက် ငြိမ်နေတာလဲ။  တိတ်​ဆိတ်​လွန်း​၍ သူ ရူးချင်​သွားသည်​။


လျှိုပန်းရှန်သည် တစ်ချိန်က သူ အလေးအနက်မထားသော အရာရှိငယ်တစ်ဦးဖြစ်ခဲ့ဖူးသည်။ နူးညံ့သိမ်မွေ့ပုံရသော ဤကဲ့သို့ ထူးထူးဆန်းဆန်း ညှဉ်းပန်းနှိပ်စက်မှု နည်းလမ်းတစ်ခု ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။


ထို့ကြောင့် သူသည် ဟယ်ချင်မင်းသားကိုမြင်သောအခါတွင် သူ၏ တင်းမာသော စိတ်ဓာတ်များ ပျော့ပြောင်းသွားခဲ့သည်။ ဤသည်မှာ သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။


ပန်းဟွာနှင့်ရုံရှားတို့ မရှိသောကြောင့် သူ၏အစ်ကိုကြီးသည် သူ့ကို သနားလာမည်မှာ သေချာသည်။သူ အမှားများအား တောင်းပန်ကာ ငိုယိုပြလိုက်ပါက၊ အစ်ကိုကြီး၏ နှလုံးသားက ပျော့ပျောင်းသွားလိမ့်မည်ဖြစ်သည်။


 သို့သော် သူ့အစ်ကိုကြီးသည် အိမ်ရှေ့စံမင်းသားမဟုတ်တော့ဘဲ ဤကမ္ဘာကြီးသည် ကျန်းမိသားစုပိုင်မဟုတ်ကြောင်း သူမေ့သွားသည်။ဟယ်ချင်မင်းသားက သူ့ကို ကယ်တင်ချင်သော်လည်း ကယ်တင်၍မရပေ။


ဟယ်ချင်မင်းသားသည် အနည်းငယ် မူမမှန်ပုံပေါက်သော သူ၏ ဒုတိယညီတော်အား ကြည့်လိုက်သည်။  သူ့နှုတ်ခမ်းများက အချိန်အတော်ကြာအောင် တုန်နေသော်လည်း သူ့ကိုလွှတ်ပေးဖို့ အမိန့်မပေးနိုင်ပေ။ 


 ဒုတိယညီဖြစ်သူ၏လက်ချက်ဖြင့် သေဆုံးသွားသူများကိုတွေးကာ သူ့နှုတ်ကပြောမထွက်လာပေ။



xxxxx