အပိုင်း၁၈၉
Viewers 14k

Chapter 189



ဟယ်ချင်မင်းသားက အဝေးကိုကြည့်ကာ ဖြည်းညှင်းစွာပြောသည်။


"ဒါက မင်းနဲ့ထိုက်တန်တယ်လေ"


ကျန်းလော တံခါးရှေ့မှာ လှဲနေပြီး ကွဲအက်စွာပြောလိုက်သည်။


 "မင်းက ရုံရှား ကိုတောင် ကြောက်နေတာလား၊ မင်းငါ့ကို ဂရုမစိုက်ရင် ဒီကမ္ဘာမှာ ဘယ်သူမှ ငါ့ကို ဂရုမစိုက်တော့ဘူး" 


ထိုစဉ် ပန်းဟွာက ဟယ်ချင်မင်းသား ရှေ့မှာ ရပ်လိုက်၏။


 "ရှင်က တကယ် အရှက်မဲ့တာပဲ၊ ဒုစရိုက်တွေ အများကြီးလုပ်ပြီးတဲ့နောက်မှာတောင် သနားချင်ယောင်ဆောင်တုန်းပဲ၊ဝမ်းကွဲက စိတ်ပျော့တယ်ဆိုပြီး အခွင့်အရေးယူချင်နေတာပဲ"


 "ပန်းဟွာ ......"  ကျန်းလော ရုတ်တရက် ရယ်မောလိုက်သည်။  "အရင်မင်းဆက်ရဲ့ ကျွင်းကျူးပဲ ၊ ရုံရှားနဲ့ အတူရှိနေတဲ့ မင်းကရော ဘယ်လို ကောင်းတဲ့ နိဂုံးမျိုးနဲ့ အဆုံးသတ်နိုင်မှာလဲ၊ ငါ သနားစရာကောင်းတဲ့ အခြေအနေကို ရောက်နေပြီလေ၊ မင်းလည်း ဘယ်နှစ်ရက်လောက် ပျော်နိုင်မှာလဲ"


ပန်းဟွာက အေးစက်စွာ ပြုံးလိုက်သည်။  "ဘယ်နှစ်ရက်ပဲရှိပါစေ၊ အနည်းဆုံးတော့ အခုအချိန်မှာ ကျွန်မက ဧကရီဖြစ်ပြီး ရှင်က အကျဉ်းသားတစ်ယောက်လေ၊ ကျွန်မအတွက် စိတ်ပူနေမယ့်အစား ရှင့်ရဲ့အနာဂတ်ကို စဉ်းစားသင့်တယ်"


 "ဟွာဟွာ က ကိုယ့်အတွက်တော့ မိသားစု၊ အပေါင်းအဖော်ဖြစ်ပြီး၊ အစိုးရိမ်ရဆုံးသူပါ"  


ရုံရှားသည် ပန်းဟွာ၏ နံဘေးသို့ လျှောက်သွားရင်း ပြောလိုက်သည်။သူ၏ မျက်လုံးများသည် ဆောင်းရာသီကဲ့သို့ အေးစက်နေသဖြင့် လူအများကို တုန်လှုပ်သွားစေသည်။  


"အကြမ်းဖက်မင်းသား၊ မင်း ဒီမှာ အကြာကြီး အကျဉ်းချမခံရသေးလို့ နေမယ်၊ မဟုတ်ရင် မင်း ဒီလို ရိုင်းစိုင်းတဲ့ စကားမျိုး ပြောမှာ မဟုတ်ဘူး"


ကျန်းလော သည် ကောင်းကင်ဘုံအကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့်နေ့ရက်များကို တွေးပြီး ကြောက်ရွံ့လာသည်။


ပန်းဟွာသည် ကျန်းလောကို တည်ငြိမ်စွာကြည့်နေ၏။ရုံရှားက သူ့ကို မကြည့်ဘဲ ဟယ်ချင်မင်းသားကို လှည့်ကြည့်လိုက်သည်။  


"ဟယ်ချင်မင်းသားက ဟွာဟွာကို လုပ်ကြံဖို့ စီစဉ်တဲ့သူဆိုတာကို ငါ ယုံလိမ့်မယ် ထင်လား"


ဟယ်ချင်မင်းသား သည် ထောင်ထဲမှ ကျန်းလောကို ကြည့်လိုက်သည်။  ခဏကြာတော့ သူက


 “အဲဒါ သူမဟုတ်ဘူး” 


 "အရှင့်သားကလည်း လုပ်ကြံသတ်ဖြတ်သူဆိုတာ ဘယ်သူလဲဆိုတာ သိပုံရတယ်"  ရုံရှား သည် အလွန်ပေါ့ပေါ့ပါးပါး မေးခွန်းတစ်ခုမေးနေသကဲ့သို့ ဟယ်ချင်မင်းသား ကို လှည့်ကြည့်လိုက်သည်။


ဟယ်ချင်မင်းသား အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။  


"ဟုတ်ကဲ့၊ ကျွန်တော် သိပါတယ်"


ပန်းဟွာသည် ဟယ်ချင်မင်းသား ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဒီကိစ္စက ဟယ်ချင်မင်းသားနှင့် ဘာမှမဆိုင်ဘူးဟု အမြဲတွေးထားခဲ့သည်။သို့သော် ယခု ဟယ်ချင်မင်းသားက လူသတ်သမား ဘယ်သူမှန်းသိနေသည်ဟုပြောသည်။ 


"ဘယ်သူလဲ..." 


ထောင်တစ်ခုလုံးက အကြာကြီး တိတ်ဆိတ်နေသည်။ ပန်းဟွာက ဟယ်ချင်မင်းသားကို ဘာမှ မပြောဘဲ ကြည့်နေသည် ။ 


"ကျွန်တော့်ရဲ့ ကြင်ယာတော်၊ ရှစ်ရှစ်ပါ" 


ဟယ်ချင်မင်းသား ၏နေအိမ်။


ရှစ်ရှစ် သည် အခမ်းနားဆုံး ၀တ်စုံကို ပြောင်းလဲဝတ်ဆင်ကာ ခေါင်းပေါ်တွင်လည်း ဖီးနစ်ဆံထိုးကို ၀တ်ဆင်ထားရင်း ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ တော်ဝင်အစောင့်များ ပြေးဝင်လာသည့်အခိုက်တွင် သူမ ပြုံးလိုက်၏။


 "ကြင်ယာတော်" 


တုကျိုး သည် ပင်မဝင်းထဲသို့ ဝင်လာပြီး စားပွဲတွင် ထိုင်နေသော အမျိုးသမီးကို ကြည့်လိုက်သည်။ သူမသည် ကျက်သရေရှိပြီးလှပနေသည်။ အလွန်လှပသော အမျိုးသမီးတစ်ဦးမဟုတ်သော်လည်း သူမ၏ ဖြစ်တည်မှုက သာမန်အမျိုးသမီးများနှင့် နှိုင်းယှဉ်၍မရနိုင်သော အရာတစ်ခုပင်။


" ဧကရာဇ်က ကြင်ယာတော်ကို ဖမ်းပြီး နန်းတော်ကို ခေါ်လာဖို့ အမိန့်ပေးလိုက်ပါတယ်"


 "ဖမ်းမယ်ဟုတ်လား" ရှစ်ရှစ်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး 


" ဒီနေ့ရောက်လာမယ်လို့ ကျွန်မ ခန့်မှန်းထားပါတယ်၊ ဧကရာဇ်သစ်က အရင်မင်းဆက်က လူဟောင်းတွေကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ၊ ကျွန်မတို့က သူ့လက်ဖဝါးထဲကရေပဲလေ၊ သူ ကြိုက်တာ လုပ်လို့ရပါတယ်"


 တုကျုးက ပြုံးပြီး "ကြင်ယာတော် မှားနေပါတယ်၊ဧကရီကို လုပ်ကြံတဲ့ အမှုကို စုံစမ်းစစ်ဆေးရာမှာ ကူညီပေးဖို့ ကြင်ယာတော် ကို တောင်းဆိုပါတယ်" 


ရှစ်ရှစ်၏ မျက်နှာသည် အနည်းငယ်ဖျော့တော့သွားသော်လည်း လေသံက မနူးညံ့ပေ။


"ဧကရာဇ် ဘာပဲလုပ်ချင်လုပ်ချင် အမိန့်တစ်ခု ထုတ်လိုက်ရုံပဲလေ၊ ဆင်ခြေရှာစရာလည်း မလိုဘူး၊ကျွန်မလို ပျော့ညံ့တဲ့ မိန်းမသားကတော့ အမိန့်ကိုသာ နာခံရမှာပါ" 


တုကျိုး  သူမစကား၏ အဓိပ္ပါယ်ကို သဘောပေါက်သည်။ဧကရာဇ်သည် ယခင်မင်းဆက်မှ အရာရှိအရာခံများအား အခက်အခဲဖြစ်စေသည်။တုကျိုး လျှို့ဝှက်အေးဂျင့်ဖြစ်စဥ်အချိန်က နန်းတော်ရှိ အမျိုးသမီးများ၏ လှည့်ကွက်ငယ်များစွာကို မြင်ဖူးသောကြောင့် သူ ကြင်ယာတော်၏စကားကို စိတ်ထဲမထားမိပေ။ သူ သက်ပြင်းချရင်း အစေခံများကို ကြည့်လိုက်သည်။ 


 "ကြင်ယာတော်က နန်းတော်မှာ အဆင့်အတန်းမြင့်သူမဟုတ်လို့ ဒီလို ပြောပိုင်ခွင့်မရှိဘူး၊ ကြင်ယာတော် စကားပြော ယဉ်ကျေးပါ၊ ကြင်ယာတော် ကျေးဇူးပြုပြီး ချက်ချင်းထွက်လာပါ" 


ရှစ်ရှစ်က အေးစက်စွာ ပြုံးပြီး တံခါးအပြင်ကို ထွက်လာခဲ့သည်။ တံခါးဝမှ ထွက်လာသောအခါ သူမ ရပ်လိုက်ပြီး တုကျိုးကို ကြည့်ကာ "အရှင့်သား ဘယ်မှာလဲ" 


တုကျိုးက ပြောသည်။ "ကြင်ယာတော်၊ စိတ်မပူပါနဲ့၊  မင်းသားလေး အဆင်ပြေပါတယ်"


"သူ အဆင်ပြေတာ၊ မပြေတာကို မမေးပါဘူး၊သူ..." 


သူမ ခေတ္တရပ်ပြီး စကားပြန်မပြောဖြစ်တော့။ ယခုအချိန်တွင် ကောင်းကင်ကြီးသည် လုံးဝမှောင်မည်းနေသည်။ဟယ်ချင်မင်းသား၏ နန်းဆောင်တွင် ချိတ်ဆွဲထားသော မီးပုံးနှစ်လုံးမှလွဲ၍ လမ်းပေါ်တွင် မည်သည့်အလင်းရောင်ကိုမျှ မမြင်နိုင်ပေ။ သူမရှေ့က မြင်းရထားကို ကြည့်လိုက်သည်။ လက်ရာမြောက်ပြီး ဖီးနစ်များကို ထွင်းထုထားသည့် မြင်းရထားပင်ဖြစ်သည်။ သူမသည် အစေခံမိန်းကလေး၏အကူအညီဖြင့် မြင်းရထားပေါ်သို့တက်သွားသည်။ထို့နောက် မြင်းရထားပတ်ပတ်လည်ရှိ အစောင့်များကို ပြန်ကြည့်သည်။အားလုံးက မှောင်ရိပ်ထဲတွင် ရှိနေသောကြောင့် သူမကို အကြောင်းပြချက်မရှိဘဲ ကြောက်လန့်သွားစေသည်။


‌မဟာရွှေလမင်းနန်းတော်တံခါး အပြင်ဘက်တွင် ရှစ်ကျင်းအား ဂိတ်အပြင်ဘက်က အစောင့်များမှ တားထားသည်။


 "သခင်လေးရှစ်၊ ကျေးဇူးပြုပြီး ပြန်သွားပါ၊ နောက်ကျသွားပြီ၊ ဧကရာဇ်က မတွေ့တော့ပါဘူး၊ အရေးကြီးတာတွေ လုပ်စရာရှိရင် ကျွန်တော် ကိုယ်စားပြောပေးလို့ရပါတယ်၊  ဒါပေမယ့် နန်းတော်ထဲဝင်လို့မရဘူး"


 "ကျေးဇူးပြုပြီး ငါ့အတွက် သတင်းပို့ပေးပါ၊ငါ့မှာ အရေးတကြီးကိစ္စရှိလို့ပါ!"


 အစောင့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြကာ အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက်


 "ခဏစောင့်ပါ၊ကျွန်တော် သတင်းပို့ပေးမယ့်လူကို လွှတ်ကြည့်ပါမယ်၊အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာတော့ ကျွန်တော် အာမမခံနိုင်ဘူး"


 "ကျေးဇူးအများကြီးတင်ပါတယ်၊ဗိုလ်ချုပ်"


 “ကျွန်တော်တို့ မခံယူပါဝံ့ဘူး” အစောင့်က ရှက်ရွံ့သော အပြုံးဖြင့် ပြောသည်။  "ကျွန်တော်တို့က အစောင့်တွေပါ၊ ဗိုလ်ချုပ်တွေလို့မခေါ်ပါနဲ့၊ သခင်လေးရှစ်က ကျွန်တော်တို့ကို ဗိုလ်ချုပ်လို့ ခေါ်ဖို့ မထိုက်တန်ပါဘူး"


"နေဦး၊ ဒါက မဟာရွှေလမင်းနန်းတော်ရဲ့ပင်မတံခါးဝ မဟုတ်ဘူးလေ..."  ရှစ်ရှစ်သည် ရထား၏ ကန့်လန့်ကာကို ရုတ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။  "ဒါက ရွှမ်းဝူ တံခါးမဟုတ်လား"


တုကျိုးသည် သူမအား လျစ်လျူရှုပြီး  နန်းတော်ထဲသို့ ပို့ဆောင်ခဲ့သည်။


 မဟာ ရွှေလမင်းနန်းတော်၏ အဓိကခန်းမဆောင်တွင် ပန်းဟွာသည် ရုံရှား ၏ညာဘက်တွင် ထိုင်နေသည်။  ဟယ်ချင်မင်းသားသည် အောက်တွင်ထိုင်ကာ အနည်းငယ် မှုန်ကုပ်ကုပ်ဖြစ်နေသည်။ တုကျိုး ဝင်လာသည်ကို မြင်သော် သူ တုကျိူးနောက်ကို လှမ်းကြည့်လိုက်၏။


 "အရှင်မင်းကြီး၊ မင်းသားရဲ့ကြင်ယာတော်ကို ခေါ်ဆောင်လာပါပြီ"


 "သူ့ကို ဝင်ခွင့်ပြုပါ"


ရုံရှား သည် ဟယ်ချင်မင်းသား ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။  


"မင်းသားမှာ ပြောစရာရှိသေးလား"


ဟယ်ချင်မင်းသားသည် ခေါင်းကို ငုံ့ကာ စိတ်ဓာတ်ကျသလိုလိုနှင့် တိတ်တိတ်လေး ယမ်းလိုက်သည်။


ရှစ်ရှစ် ခန်းမထဲသို့ လျှောက်သွားသည်။ သူမသည် ရုံရှား နှင့် ပန်းဟွာ တို့ကို ဦးမညွှတ်သလို၊ ဟယ်ချင်မင်းသားကိုလည်း လှည့်ပင်မကြည့်ခဲ့ပေ။ သူမသည် ခန်းမအလယ်တည့်တည့်တွင် ရပ်လိုက်ပြီး ရုံရှား နှင့် ပန်းဟွာ ကို မထီမဲ့မြင်ပြုံး၍ ကြည့်လိုက်သည်။   


"အားလုံး ဘာလို့စုံနေကြတာပါလဲ၊ ကျွန်မကိုရော ဘာကိစ္စခေါ်တာလဲ"


 "ကြင်ယာတော် အရမ်းထူးဆန်းတယ်၊ ပြည်သူတွေကို ဖိနှိပ်ခဲ့တဲ့ ကျန်းလော ကို ကျွန်မ အပြစ်မတင်ပါဘူး၊ ကျန်းမိသားစုကို ရှုပ်ထွေးစေခဲ့တဲ့အတွက် ကြင်ယာတော့်ကိုလည်း အပြစ်မတင်ပါဘူး၊ ဒါပေမယ့် ကြင်ယာတော်ရဲ့ဒေါသအားလုံးကို ကျွန်မတို့ကို ပုံချတာ သိပ်မှားတယ်"


ပန်းဟွာ က ပြန်ပြောသည်။


"မင်းဆက်တွေ ပြောင်းလဲသွားတာ သဘာဝပါပဲ၊ ကျန်းမိသားစု ကလည်း စီမာမိသားစု ဆီက ထီးနန်းသိမ်းခဲ့တယ်မဟုတ်ဘူးလား"


ရှစ်ရှစ် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မေးစေ့ကို မြှောက်ထားသည်။


 "ပန်းဟွာ၊ နင်ရဲ့ အရမ်းလှတဲ့ မျက်နှာလေးကြောင့်သာ ဒီနေ့ နင် ဒီရာထူးကိုရနေတာ၊ နင် ဧကရီတစ်ပါးရဲ့ အဆင့်အတန်းတွေ၊ဘာတွေ လာပြစရာ မလိုဘူး၊အတွင်းနန်းတော်မှာ  အရမ်းချောလှတဲ့ မိန်းမတွေပေါတယ်၊အနှေးနဲ့အမြန်ဆိုသလို နင့်ကို နင့်ခင်ပွန်းလည်း စိတ်ပျက်သွားမှာ" 


ပန်းဟွာက စားပွဲပေါ်ကနေ မတ်တပ်ထရပ်ပြီး ပြုံးလိုက်သည်။


 "ငါ့မျက်နှာနဲ့ငါ လှတာ၊ ဘာဖြစ်လဲ၊ နင်နဲ့ ဘာဆိုင်လို့လဲ၊တကယ်တော့ ရှစ်မိသားစုက ညီအစ်မနှစ်ယောက်လုံး အကျင့်ကအတူတူပဲကိုး၊ နင်တို့နှစ်ယောက်လုံး ငါ့ကို မကောင်းကြံခဲ့ကြတာ"


 "ဒါပေမယ့် နင်တို့နှစ်ယောက်စလုံးက ငါ့ကိုမှ ဘာလို့ လာပြီးပုတ်ခတ်နေတာလဲ ငါက လှနေလို့လား၊ငါက လှလို့ မနာလိုသိပ်ဖြစ်နေတာဆိုရင် ငါ တသက်လုံးခံရတော့မှာဘဲ၊ ငါ့ဘဝမှာ ငါ့ကိုမနာလိုတဲ့ သူတွေက တစ်ယောက်၊ နှစ်ယောက်မှ မကတာ"


 "ပါးစပ်ပိတ်ထား၊ နင့်လို သိမ်ဖျင်းတဲ့ မိန်းမက ငါ့နဲ့ နှိုင်းစရာမလိုဘူး၊နင်က ယောက်ျားတွေကို ဆွဲဆောင်ဖို့  ရုပ်ရည်ကလေး ဗန်းပြနေတာ"


ရှစ်ရှစ်က ပန်းဟွာကို လက်ညှိုးထိုးလိုက်၏။ 


 "ဒီနေ့ ငါသေသွားရင်တောင် ငါ့ဝိညာဉ်က နင့်ကို နေ့တိုင်း စောင့်ကြည့်နေလိမ့်မယ်၊ နင်ဘယ်လောက်ကြာကြာ မာနထောင်လွှားနိုင်မလဲဆိုတာ ကြည့်ရအောင်"


ရှစ်ရှစ်သည် သူမကို အလွန်မုန်းတီးပြီး မကျေနပ်ကြောင်း ပန်းဟွာ သိလိုက်သည်။သူမ ရှေ့ကို‌ေလျှာက်လာပြီး  လက်ညှိုးလာထိုးနေသော ရှစ်ရှစ်၏ လက်အား လိမ်ချိုးလိုက်ကာ ခြေလှမ်းအနည်းငယ်အကွာသို့ အလွယ်တကူတွန်းထုတ်လိုက်သည်။


"ရှစ်ရှစ် က ပညာတတ်အမျိုးသမီးတစ်ယောက်ပါ၊ လူတွေကို လက်ညှိုးထိုးတာဟာ မယဉ်ကျေးဘူးဆိုတာ ဘယ်လိုလုပ် မသိရတာလဲ"


ရှစ်ရှစ် နာကျင်သွားရကာ လက်ကို အုပ်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ ပြီးလျှင် ပန်းဟွာကို မုန်းတီးစွာ ကြည့်နေမိ၏။  


"ပန်းဟွာ၊ နင်က ကျန်းမိသားစုဆီကနေ မျက်နှာသာရထားတာတောင် ကျားသုံးကောင်တံဆိပ်ကို ရုံရှား ကို ပေးလိုက်တယ်၊နင် ကျန်းမိသားစုးစုရဲ့ ဘိုးဘေးတွေကို စွန့်လွှတ်လိုက်တာပဲ၊နင် တော်ဝင်မင်းသမီးသဲနင်နဲ့ မျက်နှာချင်းဆိုင်ရဲသလား"


ပန်းဟွာ မျက်ခုံးပင့်လိုက်ရင်း ရှစ်ရှစ်က သူ့ကို ဘာကြောင့် သေစေချင်တာလဲဆိုသည်ကို နားလည်သွားရသည်။  ရှစ်ရှစ်၏ စိတ်ထဲတွင် သူမသည် ကျားသုံးကောင်ကို ရုံရှား အား ပေးပြီး စစ်ဗိုလ်ချုပ်များ၏ စိတ်ကို အရယူရန် ကူညီပေးခဲ့သူဖြစ်သည်။ထို့ကြောင့် ကျန်းမိသားစု ဆုံးရှုံးခဲ့ရသည်ဟု တွေးနေခြင်းပင်။သူမ ရှစ်ရှစ်ကို သနားစိတ်ဖြင့် ကြည့်လိုက်သည်။


 "နင် နားမလည်နိုင်တဲ့ အရာတွေရှိတယ်၊ တကယ်တော့ နင့်ရာထူးကို ဆုံးရှုံးအောင်လုပ်တဲ့သူက ငါမဟုတ်ဘဲ ကျန်းမိသားစု ပဲ၊ ငါ့ခင်ပွန်းက ဧကရာဇ်မို့လို့ ငါလည်း ဧကရီဖြစ်နိုင်တယ်၊ ဒါပေမယ့် ငါ့ကြောင့်မဟုတ်ရင်တောင် သူက ဧကရာဇ်ဖြစ်လာမှာပဲ၊ ဆုံးရှုံးသွားတာက ပြည်သူလူထုရဲ့နှလုံးသားပဲ၊ ဒါကိုတောင် နားမလည်ရင် နင် ဧကရီ မဟုတ်တာ ကံကောင်းတယ်"


 "ပါးစပ်ပိတ်ထား၊ အရာအားလုံးက ဆင်ခြေတွေပဲ"


ရှစ်ရှစ် သူ့ဆံပင်ထဲက ရွှေဆံထိုးကို ရုတ်တရက် ထုတ်ယူလိုက်ပြီး ပန်းဟွာအား ထိုးဖို့ပြင်သည်။ပန်းဟွာသည် အလွယ်တကူ ရှောင်ထွက်သွားပြီး ရှစ်ရှစ်၏ လက်ကောက်ဝတ်ကို ပုတ်လိုက်သည်။ ရွှေဆံထိုးက ပြုတ်ကျသွားပြီး ရှစ်ရှစ်ကို ပန်းဟွာက ပုံလဲသွားအောင်တွန်းထုတ်လိုက်၏။


 "မလိုအပ်ရင် ငါ မိန်းမသားတွေကို မထိဘူး"  


ပန်းဟွာသည် သူမ၏ လက်စွပ်များအား ပြင်ဝတ်လိုက်ရင်း မောကျောအေးစက်စွာ ပြောလိုက်၏။


 "ဟွာဟွာ"  ရုံရှားသည် ပန်းဟွာ၏ နံဘေးသို့ ပြေးသွားသည်။  "မင်း အဆင်ပြေရဲ့လား"


 "အင်း ပြေပါတယ်" ပန်းဟွာက ခေါင်းခါလိုက်သည်။ မကြာမီ ဟယ်ချင်မင်းသား မတ်တပ်ထရပ်ပြီး လမ်းလျှောက်လာသည့်အခါ၊ ရုံရှားကို ပြောလိုက်သည်။


"ဒါက ကျွန်မတို့မိန်းမတွေကြားထဲက ကိစ္စပဲ၊ ရှင်တို့ ယောက်ျားတွေ ဝင်မစွက်ဖက်သင့်ဘူး၊ ပြန်သွားထိုင်နေပါ"


ရုံရှား သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရှစ်ရှစ်ကို ကြည့်လိုက်ရင်း လှည့်ပြီး ပြန်ထိုင်လိုက်သည်။ ဟယ်ချင်မင်းသား နေရာမှာတင် တောင့်တင်းစွာ ရပ်နေရင်း မျက်စောင်းထိုး၍နာကျည်း‌စွာကြည့်နေ၏။ ဟွာဟွာကို သူနားလည်သည်။  ဟွာဟွာသည် အမျိုးသမီးများအပေါ် အမြဲသည်းခံခဲ့သည်။ သို့သော် ယခုတော့ရှစ်ရှစ်က သူမကို ပြင်းပြင်းထန်ထန် စော်ကားခဲ့တာပင်။


 "နင်သာ ငါ့ကိုတကယ် သတ်ချင်တာဆိုရင် ရတယ်၊ အောင်လည်းမအောင်မြင်ခဲ့လို့ ငါ အသက်ချမ်းသာပေးနိုင်တယ်"

  

ပန်းဟွာသည် ငုတ်တုတ်ထိုင်ကာ ရုံရှားရှစ်ရှစ်၏လည်ပင်းကို အတင်းဆွဲမော့၍ မျက်လုံးချင်ဆိုင်ကြည့်စေသည်။   


"ဒါပေမယ့် နင်က ငါ့ယောက်ျားကိုပါ ကြံစည်ချင်နေတာ၊ ဒါကို ငါ ခွင့်မပြုနိုင်ဘူး"


ရှစ်ရှစ်က စူးရှသော အသံဖြင့် ပြောသည်။  


"နင် ငါ့ကိုသတ်လည်း  ဘာဖြစ်လဲ၊ ငါက တယဲ့မင်းဆက်ရဲ့ နောက်ဆုံးအိမ်ရှေ့စံမင်းသမီးပဲ၊ ငါ့နာမည်ကို သမိုင်းမှာ မှတ်တမ်းတင်ထားမှာပဲ၊ ဒီနေ့ နင့်လက်ထဲမှာ ငါ့အသက်ဆုံးရှုံးခဲ့တယ်၊ နှစ်ထောင်ပေါင်းများစွာကြာသွားရင်တောင် နောင်တစ်ချိန်မှာ နင်က လက်သွေးစွန်းနေတဲ့ဧကရီ ဖြစ်​ကြောင်း မျိုးဆက်သစ်တွေ သိသွားကြမှာ"


ပန်းဟွာသည် ရှစ်ရှစ်၏ စူပုပ်နေသော မျက်နှာကို ကြည့်ကာ ဖြန်းကနဲ ပါးရိုက်လိုက်၏။  


"နင် နောင်မျိုးဆက်တွေရဲ့ ပါးစပ်ဖျားမှာ နင့်ဂုဏ်သတင်းကို လိုချင်တယ်မလား၊ ကောင်းပြီ နင့်ရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"


 "ဝမ်းကွဲအစ်ကို" 


ပန်းဟွာက ဟယ်ချင်မင်းသား၏ လည်ပင်းကို ဆုပ်ကိုင်ထားရင်းကပင် ဟယ်ချင်မင်းသားကို ပြောသည်။ 


"ရှစ်ရှစ်ဟာ ပြင်ပလူတွေနဲ့ ကြံစည်ပြီး ဧကရီကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်၊ သူမ ဝမ်ဖေးဖြစ်ဖို့ မထိုက်တန်ဘူး...ဒီနေ့၊ သူမနဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ချက်ချပါ၊ သူမရဲ့နာမည်ကို သမိုင်းမှာ မှတ်တမ်းတင်ပါရစေ"


 "မဟုတ်ဘူး၊ ဒီလိုလုပ်လို့မရဘူး!"  


ရှစ်ရှစ်သည် သူမ၏အဆင့်အတန်းကိုတော့ အထိအပါးမခံနိုင်၍ ဟယ်ချင်မင်းသား ရှေ့မှာ ဒူးထောက်ထိုင်လိုက်၏။ 


"အရှင့်သား၊ ကျွန်မတို့က လင်နဲ့မယားပဲ၊ကျွန်မကို သူ ပြောသလိုမလုပ်ပါနဲ့" 


ဟယ်ချင်မင်းသားက ရှစ်ရှစ်၏ ရှုပ်ပွနေသည့် ဆံပင်ကို ကြည့်ပြီး ထောင်ထဲမှ သူ့ဒုတိယညီတော်ကို တွေးမိလိုက်သည်။သူ၏ ဒုတိယညီတော် အသနားခံစဉ်ကလို ယခုလိုဖရိုဖရဲနှင့် သနားစရာကောင်းအောင်တောင်းပန်တိုးလျှိုးပြ၏။ သူ၏ ညီတော်က သူ့ကို လေးစားပြီး အစ်ကိုကြီးတစ်ယောက်လို ချစ်သူမဟုတ်ပေ။သူ အသက်ချမ်းသာရာရဖို့အရေး အောက်ကျို့ကာ ဒူးထောက်အသနားခံခြင်းဖြစ်ပေ၏။


ရှစ်ရှစ််လည်း အတူတူပင်။သူမသည် သူက အိမ်ရှေ့စံဖြစ်သောကြောင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ သူမ ဂရုစိုက်တာက သူ့ရာထူးနှင့် အိမ်ရှေ့စံမင်းသမီးဆိုသည့် ရာထူးပင်။


ရှစ်ရှစ်က ဟယ်ချင်မင်းသား ၏၀တ်ရုံကို ကိုင်လိုက်သည်။ 


"အရှင့်သား၊ အရှင့်သား.....တစ်ခုခုပြောလို့ရမလား" 


ဟယ်ချင်မင်းသား ငုံ့ပြီး ရှစ်ရှစ် မျက်နှာပေါ်က မျက်ရည်များကို သုတ်ဖို့ လက်ကိုင်ပုဝါကို ထုတ်လိုက်၏။



xxxxx