Chapter 190
"ရှစ်ရှစ် ဒီနှစ်တွေမှာ ငါ မင်းကို ဘယ်လိုဆက်ဆံခဲ့သလဲ"
ရှစ်ရှစ် ဘာပြောရမှန်းမသိဖြစ်နေ၏။
"ခမည်းတော်က ငါ့အတွက် ကိုယ်လုပ်တော် နှစ်ယောက်ချီးမြှင့်လိုက်တုန်းက ငါ မင်းကို အပြစ်ရှိစိတ်တောင်ဖြစ်မိတယ်၊ မင်း သူတို့ကို သန္ဓေတားဆေးတွေ ပေးတဲ့အခါတောင်မှ ငါ မသိဟန်ဆောင်ခဲ့တယ် ငါသူတို့ကို သွားတောင်မကြည့်ခဲ့ဘူး၊ မင်းကို ငါ ကူညီခဲ့မိတာလား ဒါမှမဟုတ် မင်းကို ထိခိုက်နစ်နာစေတာလားဆိုတာ ငါမသိဘူး၊ ငါကပဲ မင်းကို ဒုက္ခပေးပြီး စိတ်မချမ်းသာစေသလားလို့တောင် မကြာခဏ တွေးမိတယ်"
“နောက်တော့ မင်းက ငါ့အတွေးတွေကို ဂရုမစိုက်ဘူးဆိုတာ ငါသိလာတယ်၊ မင်းက အိမ်ရှေ့စံမင်းသမီးနဲ့ တရားဝင်သားတစ်ယောက်ဆိုတဲ့ တည်ငြိမ်တဲ့ အနေအထားကို လိုချင်နေတာ၊ ရှစ်ရှစ် ငါက ဧကရာဇ်မိသားစုထဲက လူတစ်ယောက်ဆိုရင်တောင် ငါ့မှာ နှလုံးသားရှိပါသေးတယ်"
"ဒါဆို ရှင် အဲဒီ ကိုယ်လုပ်တော်တွေနဲ့ ဘာလို့ ကလေးယူခဲ့တာလဲ"
"မေ့သွားပြီလား၊ အခု ငါ့မှာ သမီးတစ်ယောက်ရှိတယ်၊သူ့မွေးမိခင်က မွေးတုန်းက သွေးထွက်လွန်ပြီး ဆုံးသွားတယ်၊ သူမ သေဆုံးမှုက မတော်တဆလား၊လူလုပ်တာလားဆိုတာတောင် ငါ တခါမှ စုံစမ်းစစ်ဆေးဖို့ မဝံ့ရဲခဲ့ဘူး"
“ဒါတွေအားလုံးက ငါ့အပြစ်ပဲ၊ ငါ မင်းကို မှားခဲ့သလို သူတို့အပေါ်လည်း မှားမိတယ်.....ရှစ်ရှစ်၊ မင်းနဲ့ ငါ နှလုံးသားချင်းလည်း မရင်းနှီးဘဲနဲ့ ဘာလို့ တင်းတင်းကြပ်ကြပ် ဖက်ထားမှာလဲ"
"နောက်ဆုံးတော့ ပန်းဟွာရဲ့အလိုကိုလိုက်ပြီး ကျွန်မနဲ့ ကွာရှင်းချင်သေးတယ်ပေါ့လေ"
ရှစ်ရှစ်သည် ဟယ်ချင်မင်းသားကို အမုန်းပွားစွာဖြင့် ကြည့်နေသည်။
"သူမက ရှင့်ရဲ့ညီမအရင်းမဟုတ်ဘူး၊ ဝမ်းကွဲညီမတစ်ယောက်ပဲ၊ ရှင် ဘာလို့ သူမကို ဒီလောက် ကောင်းကောင်း ဆက်ဆံတာလဲ"
ဟယ်ချင်မင်းသား ခေါင်းခါလိုက်ပြီး
"ရှစ်ရှစ် မင်း နားမလည်သေးဘူး အချို့အရာတွေကို အဆင့်အတန်း၊ အကျိုးခံစားခွင့်တွေနဲ့ တိုင်းတာလို့မရဘူး၊ ငါဟာ အရည်အချင်းမရှိပေမယ့် ဘယ်သူက ငါ့အပေါ် ကောင်းတယ်၊မကောင်းဘူးဆိုတာတော့ သိနေသေးတယ်လေ၊ မင်းတို့ရဲ့ရှစ်မိသားစုကြောင့် ဟွာဟွာ အရင်တခါ စိတ်ညစ်ပြီးသွားပြီး၊ ငါသူမကို ဒုတိယအကြိမ် ဒုက္ခရောက်ခွင့်မပေးဘူး"
" ရှင့်ကိုမုန်းတယ်!"
ရှစ်ရှစ် ၏ မျက်လုံးများသည် ရူးသွပ်သွားသလိုမျိုး နီရဲပြူးကျယ်နေသည်။ "ရှင်က သူများကို ထီးနန်းပေးခဲ့တာကိုလည်း ကျွန်မ မုန်းတယ်၊ ရှင် ကျွန်မကို ကွာရှင်းချင်နေတဲ့အထိ အသိစိတ်မရှိတော့ဘူးပဲ"
"မင်းက ငါ့အတွက် လုပ်တာလား၊ မင်းအတွက်လား..."
ဟယ်ချင်မင်းသား စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး ရုံရှား ကို မျက်နှာလှည့်ပြီး
"အရှင်မင်းကြီး ကျွန်တော် စီမံခန့်ခွဲရာမှာ အရည်အချင်းမရှိခဲ့လို့ ဧကရီကို အန္တရာယ်ဖြစ်ရတာပါ၊ကျွန်တော့်ကို မဟာ မိသားစုရဲ့ ဧကရာဇ်ဂူဗိမာန်ကို စောင့်ကြပ််ခွင့်ပေးပါ၊ ကျွန်တော် တိုင်းပြည်ကိစ္စတွေမှာဝင်မပါချင်တော့ဘူး"
"ဘာလို့ဒီလိုလုပ်တာလဲ" ပန်းဟွာ မယုံကြည်နိုင်စွာမေးလိုက်၏။
"ဧကရီ ၊ကျွန်တော်က ဘာမှလည်း လုပ်တတ်တဲ့သူမဟုတ်ပါဘူး၊ အနည်းဆုံး ဧကရာဇ် ဂူဗိမာန်ကို စောင့်ရှောက်ရင် ငြိမ်းချမ်းမှုတော့ ရနိုင်ပါတယ်" ဟယ်ချင်မင်းသားသည် ရုံရှား အား ဦးညွှတ်လိုက်သည်။
"အရှင်မင်းကြီးနဲ့ ဧကရီကို ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုပါတယ်"
"ခွင့်ပြုပါတယ်"
ပန်းဟွာသည် ရုံရှား နှင့် ဟယ်ချင်မင်းသားကို တစ်ခွန်းမှမပြောမိဘဲ ကြည့်နေသည်။
"မင်းသား၊ မင်းသားလေး..."
ရှစ်ရှစ်သည် ဟယ်ချင်မင်းသား ၏ ခြေထောက်ကို ဖမ်းထားသော်လည်း ဟယ်ချင်မင်းသား က သူမကို မကြည့်ဘဲ သူလှည့်ပြီး ခန်းမထဲက ထွက်သွားတော့သည်။
ရှစ်ရှစ်သည် တံခါးကို မှီ၍ အော်ဟစ်လိုက်သည်။
"အရှင့်သား၊ကျွန်မ မှားပါတယ်၊ ကျွန်မ မှားမှန်းသိပါပြီ၊ ကျွန်မကို ခွင့်လွှတ်ပေးပါ"
ထိုအချိန်တွင် မိန်းမစိုးတစ်ဦးသည် ခန်းမအပြင်ဘက်တွင် ရပ်ကာ
"အရှင်မင်းကြီး ဧကရီ၊ သခင်လေးရှစ် က တွေ့ခွင့်တောင်းဆိုလိုက်ပါတယ်"
"အရမ်းနောက်ကျနေပြီ၊ သူ ဒီမှာ ဘာလုပ်နေတာလဲ"
ပန်းဟွာကို တစ်ချက်ကြည့်လိုက်ပြီး ရုံရှား ဘက်လှည့်ကာ "ရှစ်ရှစ်ကို အသနားခံဖို့ လာတာလားမသိဘူး"
ရုံရှား သည် သူမ၏လက်ကို ကိုင်ကာ မိန်းမစိုးဘက်သို့ လှည့်လိုက်သည်။
"သူ့ကိုခေါ်လိုက်ပါ"
"သူ့ကို အခုလာခွင့်ပေးလိုက်တာ ပိုဆိုးလာမယ် မဟုတ်ဘူးလား"
"စိတ်မပူပါနဲ့" ရုံရှား က သူမကို နွေးထွေးစွာ ပြုံးပြရင်း
ကိုယ်တို့ အခု ကိုင်တွယ်ဖြေရှင်းသင့်တဲ့ ကိစ္စတွေရှိတယ်"
ရှစ်ကျင်းသည် မဟာရွှေလမင်း နန်းတော်ထဲသို့ ဝင်လိုက်သည်နှင့် ရှစ်ရှစ်မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ရှိုက်ကြီးတငင် ငိုနေသည်ကို မြင်လိုက်ရသည်။ သူ့ ဒိန်းကနဲ ရင်ပင်တုန်သွားရ၏။သူ ရှေ့သို့ အလျင်အမြန် လှမ်းကာ ပန်းဟွာ နှင့် ရုံရှားအား လေးစားစွာ ဦးညွှတ်လိုက်သည်။
"ကျွန်တော် အရှင်မင်းကြီးနဲ့ ဧကရီကို နှုတ်ဆက်ပါတယ်"
"သခင်လေးရှစ်... ဒီလောက် ယဉ်ကျေးဖို့ မလိုပါဘူး၊ကျေးဇူးပြုပြီး ထိုင်ပါ"
"ကျွန်တော့်မှာ အပြစ်ရှိတော့ ကျွန်တော် မထိုင်ဝံ့ပါဘူး"
ရှစ်ကျင်းသည် သူ့ဝတ်ရုံကို ရုတ်သိမ်းလိုက်ပြီး ရုံရှား ရှေ့မှာ ဒူးထောက်လိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်တော်မူပါ"
"အိုး...."
ရုံရှား မျက်ခုံးပင့်လိုက်မိကာ ပန်းဟွာအတွက် လက်ဖက်ရည်တစ်ခွက်ထည့်ပေးပြီးနောက် ရှစ်ကျင်းကို လှည့်ကြည့်လိုက်သည်။
"သခင်လေးရှစ်က ဘာအပြစ်ရှိလို့လဲ"
"ကျွန်တော့်အစ်မက အတင့်ရဲပြီး ဧကရီကို စော်ကားဝံ့မိပါတယ်၊ကျွန်တော်ကပဲ သူမကိုယ်စား ခွင့်လွှတ်ဖို့ တောင်းပန်ချင်ပါတယ် အရှင်မင်းကြီး"
ရှစ်ကျင်း က တစ်ဖန် ပန်းဟွာကို ဦးညွှတ်လိုက်သည်။
"ကျွန်တော့်ကို အပြစ်ပေးဖို့ ဧကရီ ကို တောင်းဆိုချင်ပါတယ်"
ရှစ်ကျင်း၏ နဖူးသည် အေးစက်သော မြေပြင်ကို ထိသွားရသည်။ ပန်းဟွာ၏အမူအရာကို သူ မမြင်နိုင်သလို ပန်းဟွာကိုကြည့်ရန်လည်း သတ္တိမရှိပေ။
"ရှစ်ရှစ်အတွက် အသနားခံဖို့ သခင်လေးရှစ်က လာခဲ့တာလား"
ပန်းဟွာသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ရှစ်ကျင်းကို ကြည့်ပြီးနောက် ရှစ်ရှစ်ဘက်သို့ လှည့်လိုက်သည်။
"ရှစ်ရှစ်၊ နင် မအောင်မြင်ရင် နင့်မိသားစုကလည်း အပြစ်ပေးခံရမယ်ဆိုတာ တွေးရောတွေးမိရဲ့လား၊နင့်စိတ်ထဲမှာ ဧကရီရာထူးက မိသားစုထက် ပိုအရေးကြီးသလား...."
ရှစ်ရှစ်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။
"ဒါက ငါကိုယ်တိုင် လုပ်ခဲ့တာပါ၊ သူနဲ့ဘာမှမဆိုင်ဘူး၊ ငါတောင်းပန်ပါတယ်... ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စီရင်ပေးပါ...အီးဟီးဟီး"
သူမသည် ပန်းဟွာကို အစောပိုင်းက မတောင်းပန်ခဲ့ဘဲ ယခုမှ တောင်းပန်တိုးလျှိုးနေခြင်းဖြစ်ပေ၏။
"ဒီလိုဖြစ်လာမယ်ဆိုတာ သိရင် နင် ဘာလို့ စွန့်စားတာလဲ"
ပန်းဟွာက လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရှစ်ကျင်း၊ ဆုတ်ပါ.... ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး"
"ဧကရီ..."
"ပါးစပ်ပိတ်ထား" ရှစ်ရှစ်က ရှစ်ကျင်း ကို တစ်ချက်ပိတ်ငေါက်ကာ လူအစစ်ဟုမထင်ရအောင် အလွန်လှပသော ပန်းဟွာ ကိုကြည့်ကာ သူမမျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်လိုက်သည်။
"ကျွန်မကလေ ကိုးနှစ်သားအရွယ်မှာ အိမ်ရှေ့စံနဲ့ စေ့စပ်ခဲ့ပါတယ်၊အားလုံးက ကျွန်မဟာ အိမ်ရှေ့စံမင်းသမီး၊ အနာဂတ်ဧကရီလို့ ပြောခဲ့ကြတယ်၊ကျွန်မက ဧကရီအဖြစ် မွေးဖွားလာတာတဲ့၊ အရာရှိကတော်တွေကလည်း မြှောက်ပင့်ပြောဆိုကြတယ်လေ၊ဒါကြောင့် အခုလိုဖြစ်တာကိုလက်မခံနိုင်ဘူး"
သို့သော် ယခုအချိန်တွင်၊ သူမ၏ မောင်ဖြစ်သူသည် သူမအတွက် အသနားခံရန် တကူးတက နန်းတော်ထဲသို့ ရောက်လာသောအခါ သူမ၏ နှလုံးသားထဲမှ မကျေမနပ်ဖြစ်မှုနှင့် နာကြည်းမှုများသည် ယခင်ကကဲ့သို့ ပြင်းထန်ပုံမပေါ်တော့။
"ကျွန်မ အပြစ်ရှိကြောင်း ဝန်ခံပါတယ်၊ ဒါပေမယ့် ဒီကိစ္စက သူနဲ့ မဆိုင်ပါဘူး၊ အရှင်မင်းကြီးနဲ့ ဧကရီကို ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်"
ရုံရှား မဖြေဘဲ ပန်းဟွာကို ကြည့်နေသည်။ သူ့အကြည့်ကြောင့် သူမ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပန်းဟွာ နားလည်လိုက်၏။ သူမ စိတ်ကို တည်ငြိမ်အောင်ထားပြီး အပြင်မှာ စောင့်နေသည့် တုကျိုး ကို ခေါ်လိုက်၏။
"တုကျိုး၊ မြို့တော်တစ်ခုလုံးကို စုံစမ်းဖို့ လူတွေကို လွှတ်လိုက်ပါ၊ အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေကို ရှာပါ၊ အပြစ်မဲ့သူတွေကို မသတ်ပါနဲ့၊ ငါတို့ကို ဆန့်ကျင်ဖို့ ကြံစည်နေတဲ့သူတွေကိုလည်း လက်မလွှတ်လိုက်ပါနဲ့"
"ဟုတ်ကဲ့"
တုကျိုး အံ့သြသွားသည်။ ဧကရီသည် ယခင်မင်းဆက်၏ လူများကို သေချာစွာ စုံစမ်းလိုသည်။ အကယ်၍ ၎င်းတို့သည် လက်ရှိမင်းဆက်ကို မကြိုက်ဘဲ ယခင်မင်းဆက်ကိုသာ ပြန်လည်ထူထောင်လိုလျှင် ဤကဲ့သို့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ယခုတစ်ခေါက် ဧကရီ အတော်လေးဒေါသထွက်နေမှန်းသိသာပေ၏။
တုကျိုး အမိန့်ကိုယူပြီး ထွက်သွားသည်။ မဟာရွှေလမင်းနန်းတော်မှ ထွက်လာသောအခါ ထောင်ထဲတွင် ကျန်းလော ပြောသည့်စကားများကို ပြန်တွေးမိသည်။
ရှစ်ရှစ်က သူမကို လုပ်ကြံဖို့ကြံစည်တာကြောင့် ဧကရီက ဒေါသအရမ်းထွက်နေတာလား ဒါမှမဟုတ် ရှစ်ရှစ်က အရှင်မင်းကြီးကို ဆန့်ကျင်ဖို့ ကြံစည်ချင်တာကြောင့် ဒေါသထွက်နေတာလား။
ဧကရာဇ်သည် သူ၏ခံစားချက်များကို ထုတ်မပြသော်လည်း၊ ဧကရီကိုသာ ဂရုစိုက်ကြောင်း ဘယ်သူမဆို သိ၏။ သို့သော် ဧကရီကတော့……ဖြူစင်ရိုးသားပုံပေါက်ပြီး သူမ၏အတွေးများကလည် ရိုးရှင်းလှသည်။ဘယ်အရာမဆို သူမ စိတ်ထဲကအတိုင်း လုပ်ဆောင်နေတာပင်။သို့သော် သူမစိတ်ကို တစ်ယောက်ယောက်ကများ လာစမ်းသပ်ပါက၊ယခင်လိုကလေးမဆန်တော့ဘဲ အတွင်းစိတ်ကို ဘယ်လိုကြည့်ကြည့် မမြင်ရသည်အထိ ရှုပ်ထွေးသော မိန်းမပင်။ သူမသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံဘဝဖြင့် နေထိုင်ခဲ့သည်။ကြယ်များ ဝန်းရံထားသော လမင်းကြီးပမာ လိုတိုင်းတ,ရ ခဲ့သော်လည်း ကိုယ်ခံပညာလို ကြမ်းတမ်းသော ပညာရပ်များကိုလေ့ကျင့်ခဲ့သည်။ ကိုယ်ခံပညာကို လေ့ကျင့်သူများသည် အခက်အခဲများအား တောင့်မခံနိုင်သူအဖို့ ကောင်းကောင်းမလေ့ကျင့်နိုင်ပေ။
ဧကရီသည် ကဗျာမရေးနိုင်သော်လည်း ကောလဟာလများလို စာပေအရည်အချင်း ချို့တဲ့နေတာလည်းမဟုတ်ပေ။ သူမ၏ ကိုယ်ခံပညာစွမ်းရည်သည် အမျိုးသားများစွာကိုပင် အရှက်ကွဲစေသည်အထိ သာလွန်သည်။ သူမသည် အနည်းငယ် မနာခံတတ်ဘဲ ထင်ရာစိုင်းသလို ရှိသော်လည်း ဧကရာဇ် ယွင်ချင် ကို ပုန်ကန်ရန်၊ မထီမဲ့မြင်ပြုရန် တစ်ခါမှ တွေးသူပင်မဟုတ်ပေ။
တုကျိုး တွေးလေလေ သူ အံ့ဩလာလေလေပင်။ ပန်းဟွာသည် နားမလည်နိုင်စရာ မိန်းမတစ်ယောက်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။
ပန်းဟွာက ရှစ်ကျင်းကိုပြောလိုက်၏။
"ရှစ်ကျင်း၊ ရှစ်ရှစ်ကို ခေါ်သွားပြီး ထွက်သွား၊ ငါ သူ့အသက်ကို ချမ်းသာပေးလိုက်မယ်"
ရုံရှား၏ လက်ညိုးသည် လက်ဖက်ရည်ခွက်ကို အကြိမ်အနည်းငယ် ညင်သာစွာ ပွတ်သပ်ပေးသည်။ ပန်းဟွာ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ညွှန်ပြသည့်အနေဖြင့် ပန်းဟွာကို ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ... အရှင်မင်းကြီး၊ ကျေးဇူးတင်ပါတယ် ဧကရီ"
ရှစ်ကျင်း သူတို့နှစ်ယောက်ကို ဂါဝရပြုလိုက်ပြီး ရှစ်ရှစ် ကို တွဲထူလိုက်၏။
"လာ၊ ကျွန်တော်နဲ့ ပြန်လိုက်ခဲ့ပါ"
ရှစ်ရှစ်သည်လည်း ဧကရာဇ်နှင့် ဧကရီအား ဦးညွှတ်ပြီးနောက် ရှစ်ကျင်း နှင့်အတူ နန်းတော်ကြီးမှ ထွက်သွားခဲ့သည်။ ပန်းဟွာရှစ်ကျင်း ယခုနေထိုင်သော ခြံဝင်းအား နယ်ချဲ့တရားရုံးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သူတို့ ယခင်ကနေခဲ့သော အိမ်တော်လောက် မခမ်းနားသော်လည်း၊ မရှိမဖြစ် လိုအပ်သည်များ အားလုံး ရှိနေသည်။
သူသည် ရှစ်ရှစ်၏ အဝတ်အစားများအား လဲစေပြီး ဆံပင်ကိုဖြီးရန် အစေခံများအား ခိုင်းစေသည်။
"ကောင်းကောင်းအနားယူပါ၊နောက်ဆိုလည်း ဒီမှာ စိတ်အေးချမ်းသာအောင် နေပါ"
ရှစ်ရှစ်က ရှစ်ကျင်းကို ပြောသည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမေက မင်းကို မိန်းမပေးစားမယ်ဆိုတော့ မင်းမှာ သဘောကျရတဲ့သူရှိတယ်လို့ ပြောခဲ့တာမလား၊ ပြောပါဦး... သူက ဘယ်သူလဲ"
"သူ အိမ်ထောင်ကျနေပြီ၊ ကျွန်တော် သူ့ကိုလည်း မေ့နေပြီ၊ အတိတ်ကိုပြန်မပြောချင်ပါဘူး"
ရှစ်ကျင်းက ရှစ်ရှစ်ကို တည်ငြိမ်စွာကြည့်ကာ ပြန်ဖြေသည်။
"ငါ သိတယ်"
ရှစ်ရှစ်သည် မှန်ရှေ့တွင်ထိုင်ကာ ဆံထိုးတစ်ချောင်းကို သေချာထိုးလိုက်သည်။
"အဲဒီအချိန်တုန်းက သူမက ရှဲ့ချီလင်း နဲ့ စေ့စပ်ထားတယ်၊ အဲဒါကြောင့် မင်းသူမအကြောင်း သတင်းထက်မကြားရအောင် နယ်စပ်ကို သွားခဲ့တာမလား...ဆန္ဒနဲ့ဘဝ မကိုက်ညီတာ သနားစရာပဲ"
ရှစ်ရှစ်သည် သူမ၏ဆံပင်ကို ထိလိုက်ရင်း အပြင်မှ ညစောင့်၏ သံချောင်းခေါက်သံအား ကြားလိုက်ရလျှင်...
"သုံးချက်တီးပြီပဲ"
ရှစ်ကျင်းသည် သူမ၏ဆံပင်ထက်ရှိ လှပသောအနီရောင်ဆံထိုးကိုကြည့်ကာ "အစ်မ စောစော အနားယူသင့်တယ်"
"ငါသိတယ် ၊ဒါနဲ့ နင် ဘာလို့ နန်းတော်ကို လိုက်လာတာလဲ"
"ကျွန်တော့်မိသားစုအတွက် ကြည့်နေရတာနဲ့ ကျွန်တော် ဖေးရှန့်ကို မကယ်တင်နိုင်ခဲ့ဘူး၊ဒါမျိူး နောက်တစ်ခါ ထပ်မဖြစ်ချင်ဘူး"
ရှစ်ရှစ် ပြုံးပြီး ရှစ်ကျင်းကို လှည့်ကြည့်လိုက်သည်။
"အားကျင်း... ငါလှလား"
"လှတယ်"
"ငါနဲ့ ပန်းဟွာဆို ဘယ်သူလှလဲ"
ရှစ်ကျင်းက ပြန်မဖြေ။
"မင်းမျက်လုံးထဲမှာတော့ သူမက အလှဆုံးဖြစ်မယ်ထင်တယ်"
ရှစ်ရှစ်က ပြုံးနေရင်း မျက်ခုံးမွှေးများအား အသေအချာလှပအောင် ဆွဲနေလိုက်၏။
"မင်း အခုထွက်သွားလို့ရပြီ ငါအိပ်တော့မယ်"
"အစ်မ ကောင်းကောင်းအနားယူပါ။ တခြား မဖြစ်လာသေးတဲ့ အရာတွေကို သိပ်အများကြီးမတွေးထားနဲ့"
"ငါ နားလည်ပါတယ်"
ရှစ်ရှစ်သည် မျက်ခုံးပင့်ကာ ရှစ်ကျင်း ကို ညင်သာစွာကြည့်နေ၏။
"အေးတယ်၊ အစ်မ သေချာစောင်ခြုံပြီးအိပ်နော်"
ရှစ်ကျင်းက သူမကို ဦးညွှတ်ပြီး ပြန်ဆုတ်သွားသည်။
ရှစ်ရှစ် သည် ရှစ်ကျင်း ထွက်သွားသည်ကို ခြေသံမကြားနိုင်တော့သည့်တိုင်အောင် ငြိမ်၍နားထောင်နေခဲ့သည်။ ထို့နောက် သူမ၏ မျက်ခုံးမွှေးနှစ်ခြမ်းကြားတွင် လှပသော မက်မွန်ပွင့်တစ်ပွင့်ကို ဆေးဖြင့်ဆွဲလိုက်သည်။ သူမ၏ ဘဝတွင် အရေးကြီးဆုံးအရာကို လုပ်နေသကဲ့သို့ ဂရုတစိုက်နှင့် အလှပဆုံးဖြစ်အောင် ဆွဲနေလေ၏။
သူမသည် တစ်သက်လုံး ဂုဏ်သိက္ခာရှိစွာ နေထိုင်ခဲ့သည်။ သူမ မထွက်သွားခင် သူမကိုယ်သူမ ပြည့်စုံတောက်ပနေအောင် လုပ်သွားချင်သည်။ ဟိုးအရင်ကတည်းက… သူမ ပန်းဟွာ ကို မနာလိုဖြစ်ခဲ့ရခြင်းပင်။
xxxxx