အပိုင်း ၃၃
Viewers 23k

ဖုကျန်း၏ခန္ဓာကိုယ်မှာ ရုတ်ချည်း တောင့်တင်းသွားသည်။ ကျန်းဟန်ရှုကို ပြန်‌ဖြေရန် ပါးစပ်ဟလိုက်သော်ငြား သူ့လည်ချောင်းထဲတွင် ချည်မျှင်အထွေးလိုက် ပိတ်ဆို့နေသယောင် ဆွံ့အသွားပြီး သူ့မျက်ဝန်းများတွင်လည်း ဝမ်းနည်းမှုက တစ်‌ဖြေးဖြေး ဖုံးအုပ်လာသည်။
ကျန်းဟန်ရှု၏ တုန့်ပြန်မှုမှာ ပုံမှန်ဖြစ်ကြောင်း သူ့နှလုံးသားထဲက သိနေသည်။ ကျန်းဟန်ရှုသည် သူ့ကိုကြောက်ရွံ့ဟန်၊ မုန်းတီးဟန်မပြ။ သူ့ကျန်းမာရေးကို စိတ်ပူခြင်းသာဖြစ်သော်လည်း ဖုကျန်းမှာ ဟန်မဆောင်နိုင်လောက်အောင်ပင် ဝမ်းနည်းလာသည်။
သူကိုယ်တိုင်ပင်လျှင် သူ၏ ထိုကဲ့သို့အတွေးမျိုးကို စက်ဆုပ်မိသည်။ အသက်ပြင်းပြင်းရှူကာ သူ့ခံစားချက်ကို ပြုပြင်လိုက်သည်။ သူ ကျန်းဟန်ရှုကို မငြင်းချင်။ သို့သော် ထိုကဲ့သို့လူမျိုးဖြစ်နေသည်ကို အခြားသူများ မြင်သွားမည်ကိုတွေးမိလျှင် သူငြင်းချင်လာသည်။
"....အဲဒီ့နေရာကို စမ်းသပ်မှာမဟုတ်ဘူး...."
ကျန်းဟန်ရှုက ရှင်းပြလိုက်သည်။
"မင်းခြေထောက်တွေကို စမ်းသပ်ဖို့သွားမှာ...."
ဖုကျန်း၏မျက်လုံးမှာ ပြူးကျယ်လာပြီး မျက်ရည်များမှာလည်း ဒလဟော စီးကျလာသည်။ ဘာကြောင့် သူငိုမိမှန်း မပြောနိုင်သော်လည်း သူ့မျက်ရည်များက နာခံမှုမရှိ။ ထို့ကြောင့် စကားပြောပြီးချိန်တွင် အားကုန်၍ ခေါင်းအုံးပေါ်သို့ လှိမ့်ချလိုက်သည်။(ငိုရလို့ အားကုန်သွားတယ်လို့ပြောချင်တာပါ)
ကျန်းဟန်ရှု နှာရှုံ့သံကိုကြားလိုက်ရ၍ သူ့ကိုမေးလိုက်သည်။
"....ဘာလို့ငိုနေတာလဲ...."
"....ဘာမှမဖြစ်ပါဘူး...."
ဖုကျန်း၏အသံမှာ ခြင်တစ်ကောင်ကဲ့သို့ တိုးတိုးလေး ထွက်လာသည်။
ကျန်းဟန်ရှုက တစ်ဖက်လှည့်ကာ ဖုကျန်း၏ပါးကို သူ့လက်နှစ်ဖက်ဖြင့် အုပ်လိုက်ပြီး လက်ချောင်းများကိုပင် မမြင်နိုင်လောက်အောင် မှောင်နေသော အမှောင်ထုထဲတွင် ဖုကျန်း၏ မျက်ရည်စီးကြောင်းအပြည့်ဖြင့် မျက်နှာကို နေရာမလပ် ငုံ့နမ်းရင်း သူ့နှုတ်ခမ်းထောင့်စွန်းတွင် စခန်းချလိုက်သည်။
"....အိုကေ အိုကေ အိပ်ချိန်ရောက်ပြီ...."
သူ အိပ်ယာပေါ်ပြန်လှဲလိုက်ကာ ဖုကျန်း၏နောက်ကျောကို ကလေးချော့သိပ်သကဲ့သို့ သာသာလေး ပုတ်ပေးနေသည်။
ဖုကျန်းလည်း ကျန်းဟန်ရှု၏ရင်ခွင်ထဲသို့ မျက်နှာအပ်ရင်း အိပ်မောကျသွားတော့သည်။
နောက်နေ့မနက်ခင်းတွင် အခန်းနီးချင်းက ကျန်းဟန်ရှုနှင့် ဖုကျန်းတို့ ကျန်းဟန်ရှု၏အခန်းထဲမှ အတူတူထွက်လာသည်ကို တွေ့လိုက်၍ မေးလိုက်သည်။
".နှစ်ယောက်သားက တစ်ခန်းတည်း အတူတူအိပ်ကြတာလား......"
ဖုကျန်းက ခေါင်းငြိမ့်လိုက်သည်။
"....ကျွန်တော့်အခန်းထဲက ကုတင်က ကျိုးသွားလို့ သူနဲ့ သွားအိပ်လိုက်တာ....."
ထိုလူက အသံအကျယ်ကြီးဖြင့် ပြောပြီး လှည့်ထွက်သွားသည်။
"ငါက မင်းတို့နှစ်ယောက်က အတူတူနေနေတယ်လို့ ထင်လိုက်တာ......"
ကျန်းဟန်ရှုသည် ဖုကျန်းကို ပင်ဟိုင်မြို့ရှိ အကြီးဆုံးဆေးရုံသို့ ခေါ်လာခဲ့သည်။ မနေ့တည်းက ဆရာဝန်နှင့် ချိန်းဆိုပြီးဖြစ်၍ ဒီနေ့ ဆေးရုံကိုရောက်ရောက်ချင်း ဆရာဝန်ဆီသို့ ချက်ချင်းသွားလိုက်ရုံပင်။
ဖုကျန်း ဘောင်းဘီကိုချွတ်ကာ အနည်းငယ် ရှက်ရွံ့စွာဖြင့် ဆေးရုံကုတင်ပေါ်တွင် လှဲလိုက်သည်။
မျက်မှန်ဖြင့် ဆရာဝန်အိုကြီးက သူ့ဘက်ဘယ်ဒူးကို နှစ်ကြိမ်ဖိကာ ကျန်းဟန်ရှုကို အပေါ်ထပ်တွင် ဓာတ်မှန်နှစ်ချပ် သွားယူရန် ပြောလိုက်သည်။
ပြန်လာပြီးနောက် ဆရာဝန်ကြီးသည် ဓာတ်မှန်ကို ကြည့်နေစဉ်အတွင်း ဆရာဝန်တစ်ဦး၏ လေးနက်မှု လွှမ်းခြုံကာ မျက်မှောင်ကို အဆက်မပြတ် ကြုတ်ထားသည်။
ဖုကျန်းမှာ အပြုအမူကောင်းစွာဖြင့်ပင် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ပေါင်ပေါ်တင်ထားလိုက်သည်။
"....သူ့ခြေထောက်တွေက ပြန်ကောင်းလာနိုင်လား...."
ကျန်းဟန်ရှု ဘေးဘက်ကဆိုဖာပေါ်တွင် ထိုင်နေရင်း မေးလိုက်သည်။
"....နဂိုအတိုင်းပြန်ဖြစ်ဖို့တော့ မလွယ်ဘူး....."
ဆရာဝန်က ခေါင်းယမ်းလိုက်သည်။
"ဒါပေမယ့် လမ်းပုံမှန်လျှောက်ချင်တာဆိုရင်တော့ ပြဿနာမရှိပါဘူး......"
ကျန်းဟန်ရှုက မေးလိုက်သည်။
"....ဘာက ပြဿနာဖြစ်နိုင်တာလဲ....."
ဆရာဝန်သည် အသံဖမ်းဘောပင်ကို ရပ်ကာ ခေါင်းမော့ပြီး ကျန်းဟန်ရှုကို ပြောလိုက်သည်။
"..ပြင်းပြင်းထန်ထန်လုပ်ရမယ့် လေ့ကျင့်ခန်းတွေကတော့ လုပ်လို့မရဘူး....."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
".....နားလည်ပါပြီ....."
ဆရာဝန်က သက်ပြင်းချလိုက်ပြီး နောင်တတစ်ဝက် ပြစ်တင်ရှုံ့ချမှုတစ်ဝက်ဖြင့် ပြောလိုက်သည်။
".လာတာအရမ်းနောက်ကျသွားတယ် ဒဏ်ရာရရချင်းကသာ လာမယ်ဆိုရင် ဒီခြေထောက်က အခုအချိန်ဆို အကောင်းအတိုင်းပဲ ဖြစ်နေမှာကို....."
ဖုကျန်း ခေါင်းကိုငုံ့ချလိုက်ကာ ဘာမှမပြောတော့။ သူဒဏ်ရာရသည့်အချိန်မှာ ဖုမိသားစုထံမှ ကန်ထုတ်ခံရကာစဖြစ်သည်။ သူ့လက်ထဲတွင် ခြူးတစ်ပြားမှ မရှိသည့်အပြင် ဆေးရုံသည် ပရဟိတ အဖွဲ့အစည်းလည်းမဟုတ်။ လက်ဗလာနဲ့ ဘာလုပ်လို့ရမှာတဲ့လဲ။
ဆရာဝန်နှင့် ကျန်းဟန်ရှုတို့သည် ဖုကျန်း၏ ဘယ်ဘက်ခြေထောက် ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ရေးဆွဲခဲ့သည်။ ဆရာဝန်က ဖုကျန်းကို ပြန်လည်ထူထောင်သည့် ကာလအတွင်း အနည်းငယ် အခက်တွေ့နိုင်ကြောင်း သတိပေးသည့်အချိန်မှလွဲ၍ ဖုကျန်းတွင် ကြားဖြတ်ပြောရန် အခွင့်အရေး မရှိလုနီးပါးပင်။ ကျန်းဟန်ရှုသည် ဖုကျန်းကို လှည့်မေးလိုက်သည်။
"....နာမှာကြောက်လား တကယ်လို့ ကြောက်ရင် ကိုယ်တို့ မလုပ်တော့ဘူးလေ ....."
"....မကြောက်ပါဘူး....."
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။ သူသည် ခြေထောက်ကျိုးသည့် နာကျင်မှုကို ခံစားခဲ့ဖူးပြီးဖြစ်သည်။ လတ်တလောကုသမှုမှာ ခြေထောက်ကျိုးသည်ထက်တော့ နာကျင်နိုင်မည်မထင်ပေ။
ကျန်းဟန်ရှု သူ့အတွက် ဖြန်းဆေးသွားယူနေစဉ် ဖုကျန်းသည် အောက်ထပ်က ဧည့်ကြိုကောင်တာတွင် ဖုန်းသုံးရင်းထိုင်နေသည်။ ထို့နောက် သူမော့ကြည့်လိုက်ချင်းပင် အပြင်ဘက်မှ ဝင်လာသော ဖုကျန်းချန်နှင့် သူ့အတွင်းရေးမှူးကို တွေ့လိုက်သည်။
ဖုကျန်းချန်က ဘာလို့ ဆေးရုံကို လာတာလဲ နေမကောင်းလို့လား အိမ်ကဆရာဝန်က ဘယ်ရောက်နေလို့လဲ....
ဖုကျန်း၏အတွေးထဲတွင် မေးခွန်းများစွာ ထွက်လာသော်ငြား ဘာကိစ္စပင်ရှိစေကာမူ သူနှင့် လုံးဝ မသက်ဆိုင်တော့ချေ။
ဖုကျန်းချန်သည်လည်း ဖုကျန်းကို မြင်လိုက်မိသည်။ သူသည် ဖျတ်ခနဲကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သော်ငြား သူ့မျက်လုံးထောင့်စွန်းကတော့ ကျန်းဟန်ရှုပေါ်လာပြီး သူနှင့် ဖုကျန်းရှင်းတို့ ထွက်သွားသည်အထိ လိုက်ကြည့်နေဆဲဖြစ်သည်။
ဖုကျန်းချန်သည် ဖုကျန်းနှင့် ထိုလူငယ်တို့ ဘယ်ဌာနကို သွားခဲ့ကြောင်း စုံစမ်းရန် အတွင်းရေးမှူးကို ပြောလိုက်သည်။ သိရပြီးနောက် အတွင်းရေးမှူးကို ထားခဲ့ကာ ဖုကျန်းပြသခဲ့သည့်ဆရာဝန်ထံ တစ်ယောက် တည်း လာခဲ့သည်။
ဖုကျန်းချန်၏ မေးခွန်းကိုကြားပြီးနောက် ဆရာဝန်ကျင့်ဝတ်အရ သူ့မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။
".ခင်ဗျားက ဘယ်သူလဲ....."
ဖုကျန်းချန်သည် တိတ်ဆိတ်သွားသည်။ ထို့နောက်မှ ဆရာဝန်ကို ပြောလိုက်သည်။
".သူ့အဖေပါ....."
လွန်ခဲ့သောနှစ်နှစ်က ဖုကျန်း၏အရှေ့တွင် မင်းအဖေမဟုတ်တော့ဟု ပြောခဲ့သည်။ ယခု ဖုကျန်း၏ နောက်ကွယ်တွင် သူသည် ဖုကျန်း၏ အဖေဖြစ်ကြောင်း သူစိမ်းတစ်ယောက်ကို ပြောနေရသည်။
ဖိုင်များကိုစီနေရင်း ဆရာဝန်သည် ခေါင်းကိုယမ်းကာ ဖုကျန်းချန်ကို စောဒကတက်လိုက်သည်။
".ခင်ဗျားက ဘယ်လိုများ မိဘဖြစ်လာတာလဲ သူသာ စောစောလေးရောက်လာလိုက်ရင် အဲ့ဒီ့ခြေထောက်က အခုလိုဖြစ်နေမှာ မဟုတ်ဘူး ဒီရက်ပိုင်းမှာပဲ သူ့ကို ပြန်ကုသတော့မှာဆိုပေမယ့် ဘယ်လောက်ဒုက္ခခံရခံရ အရင်လိုတော့ အကောင်းအတိုင်း ဖြစ်တော့မှာ မဟုတ်ဘူး......"
ဖုကျန်းချန်သည် နောက်ထပ်မေးချင်သော်ငြား ဘာပြောရမှန်း မသိတော့။ ဆရာဝန်ထံမှ စိတ်ပျက်အားငယ်စွာ ထွက်လာခဲ့သော်လည်း အတွင်းရေးမှူးရှေ့ရောက်သောအခါတွင်မူ ပုံမှန်အတိုင်း တည်ငြိမ်နေပြီဖြစ်သည်။
အတွင်းရေးမှူးက ဖုကျန်းချန်‌ ဆေးရုံမှ တန်းထွက်လာသည်ကို ကြည့်ပြီး ခပ်သွက်သွက်မေးလိုက်သည်။
"....သူဌေး ဆရာဝန်နဲ့ မတွေ့တော့ဘူးလား....."
ဖုကျန်းချန်သည် ခေါင်းခါကာ အသံငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
".....မတွေ့တော့ဘူး သွားရအောင်....."
အတွင်းရေးမှူးက သူ့ သူဌေး ဒီနေ့ နည်းနည်း ထူးဆန်းနေသည်ဟု ခံစားရသော်လည်း ဖုကျန်းချန်မှာ မျက်နှာမကောင်းသည့် အတွက် သူ ဘာမှမမေးရဲ။
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ ပြန်ရောက်သောအခါ ဧည့်ခန်းထဲတွင် လူမရှိဘဲ အချစ်ကားတစ်ကား ဖွင့်ထားသည်ကို တွေ့လိုက်ရ၍ ဆိုဖာပေါ်သို့ ထိုင်ချလိုက်သည်။
သူ ကျန်းဟန်ရှု၏ပုခုံးပေါ်သို့ မှီချလိုက်သည်။ တကယ်တမ်းတော့ သူ့တွင် အပြီးသတ်ရန်အလုပ် များစွာရှိနေသော်လည်း ဤအခိုက်အတန့်တွင် ထူးထူးခြားခြား ပျင်းရိနေကာ လှုပ်ပင် မလှုပ်ရှားချင်တော့။
အိမ်တံခါးမှာ ဆွဲဖွင့်ခံလိုက်ရပြီး အိမ်ငှားတစ်ယောက်က အပြင်ဘက်မှ ပြန်ရောက်လာသည်။ သူသည် ဆိုဖာပေါ်မှ လူနှစ်ယောက်ကိုမြင်လျှင် မျက်မှောင်ကြုတ်ကာ မနှစ်မြို့သည့်လေသံဖြင့် ပြောလိုက်သည်။
"..ယောက်ျားရင့်မာကြီးတွေဖြစ်နေပြီး ဘယ်လိုတောင် တွယ်ကပ်နေကြတာလဲ နေမကောင်းဘူးလား...."
စနောက်နေတာဟု ချက်ခြင်းထပ်ပြောလိုက်သော်ငြား သူ့မျက်ဝန်းထဲမှ ရွံရှာမှုအရိပ်အယောင်ကိုတော့ မဖုံးကွယ်နိုင်။ သူသည် မျိုးတူချစ်ကြိုက်မှုကို လက်မခံနိုင်သည့် လွန်ကဲသော လိင်တူမုန်းတီးစိတ်ရှိသူ ဖြစ်သည်။
ကျန်းဟန်ရှု ဖုကျန်းကို အခန်းထဲသို့ ပြန်ခေါ်လာလိုက်သည်။ ဖုကျန်းက ကွန်ပျူတာကိုထုတ်ကာ ပုံဆွဲနေပြီး ကျန်းဟန်ရှုက စာဖတ်နေသည်။ နေ့ခင်းနေရောင်မှာ နွေးထွေးတောက်ပနေပြီး လူများကို ငိုက်မြည်းစေသည်။
ကျန်းဟန်ရှု ရုတ်တရက် စာအုပ်မှ အကြည့်ခွါလိုက်သည်။
".ကိုယ်တို့ တစ်ခြားနေရာကို ပြောင်းနေကြမလား...."
ဖုကျန်းသည် စာရေးသည်ကို ရပ်၍ မေးလိုက်သည်။
"....ဒီကနေ ရွှေ့ချင်လို့လား....."
ကျန်းဟန်ရှုက ခေါင်းညိတ်ကာ ဖုကျန်းကို ပြောလိုက်သည်။
"..ဂျင်ရှခရိုင်မှာ ကိုယ့်အိမ်တစ်လုံးရှိတယ် အဲ့မှာ နေရအောင်....."
တစ်နေ့နေ့တွင်တော့ တစ်ခြားအိမ်ငှားများသည်လည်း သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို သိသွားမည်ဖြစ်သည်။
အငြင်းအခုန်ဖြစ်ပြီးမှ ထွက်ရမည့်အစား စောစောထွက်သွားခြင်းက သူတို့အတွက် ပိုကောင်းသည်။
ဖုကျန်းသည် မူလက သူအိမ်ဝယ်ရန် ပိုက်ဆံပြည့်သည်အထိ စောင့်ချင်သော်လည်း ကြည့်ရတာ သူဒါကို ထပ်ပြီး မလိုအပ်တော့သည့်ပုံပင်။ ရွေးချယ်စရာမရှိ၍သာမဟုတ်လျှင် သူသည် ပျက်စီးနေသော အိမ်ကို တကယ်ငှားမနေချင်။
သူက ခေါင်းညိတ်လိုက်သည်။
"....အိုကေ...."
"....မနက်ဖြန် ထွက်ကြမယ်....."
"....ချက်ခြင်းကြီး....."
ဖုကျန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့အိမ်သည် နောက်နှစ်လနေမှ သက်တမ်းပြည့်မည်ဖြစ်သည်။
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
"....အဲ့ဒီ့အိမ်က ဟိုးအရင်ထဲက ပြန်ပြုပြင်ထားပြီးသား ပရိဘောဂတွေလည်း အစုံရှိတယ် လိုချင်တဲ့ပစ္စည်းတွေကို ဒီည ထုပ်ပိုးထားရုံပဲ...."
တကယ်တမ်း ဒီကိစ္စကလည်း သိပ်အချိန်မကြာပါဘူး။
ပုံကြမ်းချပြီးနောက် ဖုကျန်းသည် ကုတင်အောက်မှ ခရီးဆောင်အိတ်ကို ‌ဆွဲထုတ်ကာ စတင်ထုပ်ပိုးတော့သည်။ ကျန်းဟန်ရှုကလည်း ဘေးမှ ကူညီပေးနေသည်။
".အိပ်ယာခင်းတွေက ယူစရာမလိုဘူး အိမ်မှာ မင်းအတွက် ရှိပြီးသား....."
".တစ်ခြား နေ့စဉ်သုံးဖို့ လိုတာတွေကတော့ အိမ်ရောက်မှ ကိုယ်တို့ အသစ်ဝယ်ရအောင်...."
".ဒီအဝတ်အစားတွေလည်း လွှင့်ပစ်ပြီး တစ်ခါတည်း အသစ်ဝယ်လိုက်ပါလား....."
.................
ဖုကျန်းတွင် ပစ္စည်းများများစားစားမရှိ။ ရွေးရင်းရွေးရင်းဖြင့် နည်းလာကာ သေတ္တာတစ်လုံးစာပင် မရှိတော့။ နောက်နေ့မနက်တွင် ကျန်းဟန်ရှုသည် ဖုကျန်းကို အောက်ထပ်သို့ခေါ်လာကာ တိုက်ရိုက် မောင်းထွက်သွားပြီး ထိုနေရာမှ အရာအားလုံးကို ချန်ထားခဲ့လိုက်လေသည်။
ကျန်းဟန်ရှု၏အိမ်မှာ သိပ်မကျယ်ဝန်းလှ၊ အိမ်အလှဆင်ထားသည်မှာလည်း အလွန်ရိုးရှင်းသည်။ လူနှစ်ယောက်တည်းနေရန် သင့်တော်ရုံမျှသာဖြစ်သည်။ နေရာမှာလည်း အချက်အခြာကျသည်။ မြို့လယ်ခေါင်နေရာမဟုတ်သော်ငြား စီးပွားရေးဖြစ်ထွန်းသော နေရာဖြစ်သည်။‌ ဈေးနှုန်းမှာလည်း နည်းလှမည်မဟုတ်။
ဖုကျန်းခရီးဆောင်အိတ်ကိုယူကာ တစ်ခုပြီးတစ်ခု ထုတ်လိုက်သည်။ အဝတ်ဗီရိုထဲမှ သူနှင့် ကျန်းဟန်ရှု၏ အဝတ်အစားများကို ကြည့်ရင်း သူ့တွင် နောက်တစ်ကြိမ် အိမ်ရှိလာပြီဟု ခံစားရသည်။
သူ စားစရာမှာနေသော ကျန်းဟန်ရှုကို လှည့်ပြီး ပြောလိုက်သည်။
"....အနာဂတ်မှာ ကြောင်တစ်ကောင်လောက် မွေးချင်တယ်....."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
"....မင်းသဘော....."
"....နေ့လည်ကျ အပြင်ထွက်ပြီး ပန်းအိုးနည်းနည်း သွားဝယ်ရအောင်....."
"....မင်းစကားကို နားထောင်မယ်...."
"....ပြီးတော့ ညကျ ဟော့ပေါ့စားမယ်...နော်..."
.............…......
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ ပန်းအိုးအနည်းငယ် ဝယ်ပြီးနောက် ပန်းဆိုင်မှထွက်ကာ ကျန်းဟန်ရှု၏ကားဆီသို့ လျှောက်လာခဲ့သည်။ အမျိုးသမီးတစ်ယောက်၏ အသံက သူတို့နောက်ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
".ဖုကျန်း..."
ဖုကျန်း. လှည့်ကြည့်လိုက်ပြီး ထန်ဝမ်ဝမ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူသည် အနီးအနားတွင် ပြည်သူ့အစိုးရစတိုင် အဆောက်အဦးများရှိသည်ကိုသိပြီး ရိုက်ကူးရေးအဖွဲ့များ လာရောက်ရိုက်ကူးနေသည့်အတွက် ဒီနေရာတွင် ထန်ဝမ်ဝမ် ပော်ထွက်လာခြင်းကို မအံ့ဩမိ။
ထန်ဝမ်ဝမ်တစ်ယောက် သူမရှေ့မှ ဖုကျန်းကို မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြည့်နေခဲ့သည်။ ဖုကျန်းသေသွားပြီဟု လွီမိသားစု၏ ညီအစ်ကိုနှစ်ယောက်က သူမကို ရှင်းရှင်းလင်းလင်းပင် ပြောခဲ့သည်။ ဘာကြောင့် သူက သူမရှေ့မှာ နောက်တစ်ခေါက် ထပ်ပေါ်လာရတာလဲ။
သူမသည် ဖုကျန်းသေပြီဟု ထင်ခဲ့သည်။ ထို့ကြောင့်လည်း မူပိုင်ခွင့်မဝယ်ဘဲ Shazhou Chronicle ကို ရိုက်ကူးမည်ဟု ကြော်ငြာရဲခြင်းဖြစ်သည်။ အခု ဖုကျန်းက သူမရှေ့သို့ ပြန်ထွက်လာပြီဖြစ်၍ ဘာဆက်လုပ်သင့်လဲ။
သူမ၏ပိုက်ဆံများမှာလည်း ရင်းနှီးမြှုပ်နှံပြီးဖြစ်ကာ အနုပညာလောက၏ အကောင်ကြီးများကိုလည်း Shazhou Chronicle ၏ မူပိုင်ခွင့်ကို သူမ ပိုင်ဆိုင်ပြီးဖြစ်သည်ဟု ပြောထားမိသည်။ အခု သူမ ဘာဆက်လုပ်သင့်လဲ။
သူမသည် မူပိုင်ခွင့်ကိုဝယ်ရန် အမြဲ တွန့်ဆုတ်နေခဲ့သည်။ ထိုငွေများမှာ ဖုကျန်း၏အိတ်ကပ်ထဲသို့ ရောက်သွားမည်ဟု တွေးမိတိုင်း မသက်မသာဖြစ်ရသည်။
သူမ ထိုအတွေးအားလုံးကို နှလုံးသားအောက်ခြေအထိ ဖိနှိပ်ကာ သူမ၏အကြည့်က ဖုကျန်းဘေးမှလူထံသို့ ကျရောက်သွားသည်။ ထိုလူမှာ ‌ဈေးပေါသော အဝတ်အစားကိုသာ ဝတ်ထားသော်ငြား အမူအကျင့်ကောင်းသည်။ အရပ်ရှည်ပြီး ကြည့်ကောင်းသည်။
ထန်ဝမ်ဝမ် သာသာလေး မျက်မှောင်ကုတ်လိုက်သည်။ ထိုလူကို အရင်က ဖုကျန်းနေသည့် အိမ်စုတ်လေး၏ အပြင်ဘက်တွင် တွေ့ဖူးသည်။ ဟုတ်သားပဲ။ မှတ်မိပြီ။ အဲ့အချိန်တုန်းက ဖုကျန်းကို‌သယ်ပြီး လှေကားပေါ် တက်သွားတဲ့သူပဲ။
ဖုကျန်း သူက တကယ်ကို ဂေးနေတာပဲ။