အပိုင်း ၃၄
Viewers 23k

ဖုကျန်းက ထန်ဝမ်ဝမ်ကို လှည့်ကြည့်လိုက်မိသည်ကို နက်နက်ရှိုင်းရှိုင်းပင် နောင်တရနေမိသည်။ ဒီနေ့အတွက် စိတ်ချမ်းသာနေတာလေးက အစကို ရှာမရတော့ဘူးပဲ။
ထိုနည်းတူပင် ထန်ဝမ်ဝမ်သည်လည်း စိတ်ချမ်းသာမနေ။
ထိုအချိန်က လွီညီအစ်ကိုသည် ဖုကျန်းကို ပြန်ပေးဆွဲပြီး ငွေညှစ်ရန် ကျန်းဟန်ရှုကို ဖုန်းဆက်ခဲ့သည်။ သူမသည် သူတို့၏ဖုန်းနံပါတ်ကို ဖုကျန်းချန်၏ဖုန်းထဲသို့ တိတ်တိတ်လေး ထည့်ခဲ့သည်။ နောက်ပိုင်းတွင် စုံစမ်းရန် လူများလွှတ်ခဲ့ပြီး ဖုကျန်းပြန်ပေးဆွဲခံရသည်ကို သိသွားသည့်အတွက် ထိုနည်းလမ်းကိုသုံးမည့်အစား ဖုကျန်းချန်ကို ပိုက်‌ဆံတောင်းခဲ့သည်။
ထန်ဝမ်ဝမ်သည် ဖုကျန်းတွင် Shazhou Chronicle ၏ မူပိုင်ခွင့် ရှိနေသေးသည်ဟု ထင်ခဲ့သည်။ သူသာ သေသွားလျှင် Shazhou Chronicle ကို သူမစိတ်ကြိုက် ပြသနိုင်မည်ဖြစ်သည်။ မည်သူမျှ သူမတွင် မူပိုင်ခွင့်မရှိကြောင်း သိမည်မဟုတ်။ အခုတော့ ဖုကျန်းက အသက်ရှင်နေသေးသည်။ ရင်နာစရာပဲ ငါက အခု သူ့ကို ကူညီပေးနေမိတာလား။
ထန်ဝမ်ဝမ်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်တွင် လွီညီအစ်ကိုသည် ဖုမိသားစုက အသိတရားရသွားပြီဟု ထင်ခဲ့သည်။ သို့သော် ထန်ဝမ်ဝမ်က သူတို့အား ဖုကျန်းကိုသတ်ပေးရန် တောင်းဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့လည်း ဖုကျန်းကို အရှင်ထားရန် အကြံ မရှိပေ။ ပိုက်ဆံရနေမှတော့ ဘာလို့ မလုပ်ရမှာလဲ။
တောထဲမှ တဲအိမ်သို့ ပြန်လာစဉ်မှာပင် ဖုကျန်းပျောက်သွားကြောင်း သူတို့ သိလိုက်ရသည်။ ထန်ဝမ်ဝမ်ထံမှ ပိုက်ဆံရရန်အတွက် ဖုကျန်းသေသွားပြီဟုသာ ပြောလိုက်သည်။
လွီညီအစ်ကိုသည် ပိုက်ဆံယူကာ နိုင်ငံခြားတွင် သူတို့စိတ်ကူးထားသလို ဘဝသစ်စနိုင်မည်ဟု ထင်ထားခဲ့သည်။ နိုင်ငံခြားသို့ ပြေးခဲ့သော်လည်း ဘဝသစ်မှာတော့ ဝမ်းနည်းဖွယ်ကောင်းလှသည်။ ကျန်းဟန်ရှုက သူတို့ကို အာဖရိကသို့ ပို့လိုက်သည်။
ဝမ်ထုန်သည် ထိုအကြောင်းကိုကြားပြီးနောက် ဒီလူနှစ်ယောက်က ကျန်းဟန်ရှုကို ဘယ်လိုအပြစ်လုပ်မိသလဲဟု မေးခဲ့သည်။ ထိုအချိန်က သူနှင့်ဖုကျန်း၏ ဆက်ဆံရေးမှာ မရေမရာဖြစ်နေ၍ ဝမ်ထုန်ကို ဘာမှမပြောဘဲ ဖုန်းချလိုက်သည်။
ဖုကျန်း ကျန်းဟန်ရှု၏ အင်္ကျီစကို ဆွဲကာ သာသာလေး ပြောလိုက်သည်။
"သွားရအောင်..."
ကျန်းဟန်ရှုလည်း လှည့်ထွက်လာကာ ဖုကျန်းအနီးသို့ ကားကို မောင်းလာခဲ့သည်။
ထန်ဝမ်ဝမ်သည်လည်း ကျန်းဟန်ရှု၏ ကားအစုတ်သေးသေးလေးကို မြင်ခဲ့သည်။ ဖုကျန်းသည် ကြည့်ကောင်းရုံမှလွဲ၍ အရည်အချင်းနည်းနည်းသာရှိသောသူကို တွေ့ခဲ့သည်မှာ ထင်ရှားနေသည်။
သူမ ဖုကျန်းကို လှမ်းခေါ်လိုက်ချင်သေးသော်လည်း ဖြတ်သွားဖြတ်လာတစ်ယောက်က သူမအနားသို့ ကပ်လာကာ အံ့ဩတကြီး ပြောလိုက်သည်။
".အမလေး ဝမ်ဝမ်လား....ကျွန်မက ဝမ်ဝမ်ရဲ့ ပရိသတ်ပါ....."
ထန်ဝမ်ဝမ်သည် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ ထွက်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။ ခေါင်းကိုလှည့်ကာ လမ်းသွားလမ်းလာကို ‌ပြုံးပြလိုက်သည်။ သူမနာမည်ကို လက်မှတ်ထိုးပေး၍ ဓာတ်ပုံတွဲရိုက်ပြီးနောက်တွင် နေကာမျက်မှန်နှင့် mask တပ်၍ ဖုကျန်းထွက်လာခဲ့သော ပန်းဆိုင်ထဲသို့ ဝင်သွားလိုက်သည်။
....
ပန်းအိုးဝယ်ပြီးနောက် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့သည် ဈေးဝယ်စင်တာသို့ ထပ်မံသွားခဲ့သည်။ ဖုကျန်းက ညစာကို ဟော့ပေါ့စားချင်၍ အသားနှင့် အသားလုံးအများအပြား၊ အချဉ်နှင့် အခြားလိုအပ်သောပစ္စည်းများကို ဝယ်လိုက်သည်။
သူ စင်အပေါ်ထပ်ကိုကြည့်ကာ ဈေးဝယ်လှည်းတွန်းနေသော ကျန်းဟန်ရှုကို ပြောလိုက်သည်။
"....ဝက်အူချောင်းလည်းစားချင်သေးတယ်....."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
"....ယူခဲ့လေ....."
ဖုကျန်းသည် နှစ်ထုပ်ယူကာ လှည်းထဲထည့်လိုက်သည်။
"....အိမ်ပြန်ပြီး မြေအိုးထမင်းချက်စားရအောင်....."
".အစ်ကိုရေ ဒါလေးတစ်ခုလောက် ယူပေးပါလားဟင်...."
ဖုကျန်းနှင့် မနီးမဝေးမှ ကလေးမလေးက ခေါင်းမော့ကာ အကူအညီတောင်းလိုက်သည်။ သူမအသံမှာ ချိုမြိန်လတ်ဆတ်နေသည်။
မိန်းကလေးမှာ ပန်းရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ခြင်းသေးသေးလေးကို ကိုင်ထားသည်။ အညိုရောင်ဆံနွယ်မှာ သဘာဝအတိုင်း လှိုင်းတွန့်သဖွယ် ကောက်နေသည်။ မျက်ဝန်းမှာ မဟူရာသဖွယ် နက်မှောင်တောက်ပနေပြီး ထူထဲရှည်လျားသော မျက်တောင်များက ယပ်တောင်သဖွယ် ဖြာကျနေသည်။
ဖုကျန်း ခပ်ဟဟရယ်ကာ သူမကို ညင်ညင်သာသာလေး မေးလိုက်သည်။
"အိုကေ ဘယ်နှခုလောက် ယူပေးရမလဲ...."
"....တစ်ခုပဲ...."
မိန်းကလေးငယ်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။
ဖုကျန်းစင်ပေါ်မှ ဝက်အူချောင်းတစ်ထုပ်ယူကာ ခြင်းထဲသို့ ထည့်ပေးလိုက်သည်။ ကောင်မလေးသည် ဖုကျန်းကို ကျေးဇူးတင်စကားပြောပြီး ခြင်းကိုဆွဲကာ ထွက်သွားသည်။
ဖုကျန်း မတ်တပ်ရပ်ပြီး ထိုမိန်းကလေး စင်များကြား ပျောက်သွားသည်ကို ကြည့်နေခဲ့သည်။
"....ကလေးတွေကိုသဘောကျလား....."
ကျန်းဟန်ရှုက ဖုကျန်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"....သဘောကျရင် အနာဂတ်ကျ ကိုယ်တို့ တစ်ယောက်လောက် မွေးစားလို့ရပါတယ်....."
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။
"....မလိုပါဘူး....."
ကျန်းဟန်ရှု၏ နှုတ်ခမ်းမှာ လှုပ်ခတ်သွားပြီး သူ့မျက်လုံးများက အရောင်ပြောင်းသွားသည်။ တစ်ခုခုပြောချင်ဟန်တူသော်လည်း အဆုံးတွင်တော့ သူဘာမှ မပြောခဲ့။
ဖုကျန်း ကျန်း‌ဟန်ရှု၏အတွေးကို နားလည်နိုင်ခဲ့သည်။ သူသည် ခေါင်းကိုငိုက်ချကာ တီးတိုးပြောလိုက်သည်။
".ငါက ကိုယ်ဝန်မဆောင်နိုင်ဘူးလေ....."
သူသည် မိန်းကလေးများ လစဉ်ခံစားရသော ရာသီစက်ဝန်းကို မခံစားရပေ။ ထို အင်္ဂါအစိတ်အပိုင်းသည် လုံလုံလောက်လောက် မဖွံ့ဖြိုးနိုင်၍ ဖြစ်နိုင်သည်။
ကျန်းဟန်ရှု ဖုကျန်း၏ခေါင်းကို ခပ်ဖွဖွပွတ်လိုက်ရင်း ပြောလိုက်သည်။
"....ဘာတွေတွေးနေတာလဲ ကိုယ်က ဘယ်လိုကြောင်မျိုးကို မွေးချင်လဲ မေးတာကို....."
ဖုကျန်းကပြောလိုက်သည်။
"....ကြောင်ကတိုးသေးသေးလေးတွေဆိုလည်း အဆင်ပြေသားပဲနော် ကံဆုံရင် လမ်းပေါ်မှာတောင် တစ်ကောင်လောက် တွေ့ချင်တွေ့နေမှာ....."
ကျန်းဟန်ရှု : ".....အကုန်ဝယ်လို့ပြီးသွားပြီလား...."
ဖုကျန်းသည် လှည်းထဲသို့ ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
".ပြီးသလောက်ရှိပါပြီ....."
".သရေစာ သွားဝယ်ရအောင်....."
ဖုကျန်း "........."
မတတ်နိုင်ဘဲ သူသည် ကျန်းဟန်ရှု၏ ကလေးတစ်ယောက်ကဲ့သို့ အပျိုးထောင်ခံနေရသည်ဟု ခံစားရသည်။
ဈေးဝယ်စင်တာမှ ထွက်လာချိန်တွင်တော့ မိုးချုပ်နေပြီဖြစ်သည်။ နေဝင်ကာ တစ်ဖြေးဖြေး မှောင်ရိပ်ကြီးစိုးလာသည်။ ကားဟွန်းတီးသံများက လမ်းတစ်လျှောက် ဟိန်းထွက်လာသည်။
ကျန်းဟန်ရှုဖုကျန်းကို ကားထဲအရင်ဝင်စေပြီးနောက် စက်နှိုးရင်း ပြောလိုက်သည်။
"မနက်ဖြန်ကျ အဝတ်အစားတွေ ဝယ်ပေးမယ်...."
သူတို့ ပုဝါ၊ သွားတိုက်တံ၊ လက်ဖက်ရည်ခွက်ကဲ့သို့သော နေ့စဉ်သုံးပစ္စည်းများကို အများအပြား ဝယ်ခဲ့ပြီး အများစုမှာ ဆင်တူဖြစ်သည်။ ရေခွက်များမှာ နမ်းရှိုက်နေသော ငါးနီစုံတွဲပုံ ဆွဲထားပြီး ခေါင်းအုံးစွပ်များမှာ အနီရောင်အသဲပုံ ချည်ထိုးထားသည်။
ဖုကျန်း သူဝယ်လာသော အပင်များကို ဝရန်တာတွင် တစ်ခုပြီးတစ်ခု စီချထားလိုက်ပြီး ပလက်စတစ်ရေပန်းခရားအိုးကို ရေဖြည့်လိုက်သည်။ ကျန်းဟန်ရှုသည်တော့ ညစာစားရန် ဟော့ပေါ့ကို ပြင်ဆင်နေသည်။
ကျန်းဟန်ရှုကမူ ဖုကျန်း၏တောင်းဆိုချက်အရ ငရုတ်ကောင်းအနည်းငယ်သာထည့်ခဲ့ပြီး ဟင်းရည်မှာ လုံးဝမစပ်သော်ငြား ဖုကျန်း၏နှုတ်ခမ်းမှာ မမြင်နိုင်လောက်အောင်ပင် နီမြန်းနေသည်။ မျိုချလိုက်ချိန်တွင် သီးသွားကာ အဆက်မပြတ် ချောင်းဆိုးတော့သည်။
သူ ချောင်းဆိုးတာ သက်သာသွားသည်အထိ ကျန်းဟန်ရှုသည် နောက်ကျောကို သာသာလေး ပွတ်ပေးနေခဲ့သည်။ အိုးကိုလှည့်ကာ စွတ်ပြုတ်အကြည်ကို ဖုကျန်းဘက်သို့ ထားပေးလိုက်သည်။ ဇီးချဉ်သီးစွတ်ပြုတ်တစ်ခွက်ကို ဖုကျန်း၏ ပန်းကန်ထဲသို့ လောင်းထည့်ပေးရင်း ပြောလိုက်သည်။
".မင်းကတော့ အစပ်နည်းတာတွေပဲစား....."
ဖုကျန်း အစပ်မစားဖြစ်သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ မတိုင်ခင်က မြောင်ဟင်းလျာများ မှာလျှင်ပင် အစပ်မထည့်ပေ။ (မြောင်ဟင်းလျာက ဖက်ခမောက်လို ထိုင်းအစားအစာတစ်မျိုးပါ)
ဒီနေ့ ကျန်းဟန်ရှု၏ အစပ်အရသာမှာတော့ သူသည်းခံနိုင်သည့် အတိုင်းအတာအတွင်းတွင်ရှိသည်။ သူသည် အနီရောင်ဟင်းရည်အိုးကို အမျှင်မပြတ် ကြည့်နေလိုက်သည်။ အဆုံးသတ်တွင်တော့ ကျန်းဟန်ရှု ထည့်ပေးသည့် အသားလွှာကိုသာ စားနေရသည်။ ကျန်းဟန်ရှုက အခိုင်အမာပင် ပြောနေခဲ့သည်။
"....စားလို့မရဘူး....."
အစပ်အိုးထဲမှ အနည်းငယ်သာစားခဲ့သောငြား ဖုကျန်းသည် ညအချိန်တွင် အစာအိမ်နာလာခဲ့သည်။ ကျန်းဟန်ရှုသည် တစ်ညလုံး ဆေးဆိုင်ပေါင်းစုံကို ပြေးလွှားကာ သူ့အတွက် ဆေးဝယ်ပေးခဲ့သည်။ သူသည် ဖုကျန်း အနည်းငယ် သက်တောင့်သက်သာဖြစ်ပြီး အိပ်ပျော်သွားသည်အထိ အချိန်အကြာကြီး နှိပ်ပေးခဲ့သည်။
ဟော့ပေါ့စားပြီးနောက်တွင်တော့ ကျန်းဟန်ရှုသည် ဖုကျန်းအား အစပ်စားခြင်းကို တင်းတင်းကြပ်ကြပ်တားမြစ်ကာ ဟင်းရည်မှာလည်း မှန်ရောင်ဟင်းရည်နှင့် အာလူးဟင်းချိုတို့သာ ဖြစ်လာတော့သည်။
.............
ချွန်းဟွာတောင်ကို ထုတ်လွှင့်မည့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်လာခဲ့သည်။
နှစ်နှစ်ခန့်ကြာပြီးနောက်တွင်တော့ ရုပ်ရှင်ကို အမှန်တကယ် ထုတ်လွှင့်တော့မည်ဖြစ်သည်။ သေချာပေါက်ပင် ဖုကျန်းသည်လည်း ကျောက်ကျင်၏ ချွန်းဟွာတောင်သည် သူ လွန်ခဲ့သည့်နှစ်နှစ်က တည်းဖြတ်ခဲ့သည်နှင့် မည်သို့ကွာခြားသည်ကို သိချင်မိသည်။ ညနေပိုင်း ကျန်းဟန်ရှုအိမ်ပြန်လာချိန်တွင် ဖုကျန်းက သူ့ကို ပြောလိုက်သည်။
".....ဒီနေ့ ရုပ်ရှင်သွားကြည့်ရအောင်......"
သဘာဝကျကျပင် ကျန်းဟန်ရှုက လုံးဝမငြင်းခဲ့။ နွေဦးပွဲတော်ပထမဆုံးနေ့တွင် ရုပ်ရှင်၏ အဆင့်ဇယားမှာ မမြင့်လှ။ လူဝင်နှုန်းမှာလည်း မကောင်းလှ။ ရုံအကြီးကြီးတွင် လူ ၂၀, ၃၀ ခန့်သာရှိ၍ အနည်းငယ် ကျိုးတို့ကျဲတဲဖြစ်နေသည်။
ချွန်းဟွာတောင်သည် ချန်းဖုရှန်၊ ချန်းကျီ့ယီနှင့် ချန်းဟွာ မျိုးဆက်သုံးဆက်နှင့် သားအဖနှစ်စုံအကြား
စိတ်ခံစားချက်အရှုပ်အထွေးတို့ကို ပုံဖော်ထားခြင်းဖြစ်သည်။
ချန်းဘိုးဘေးများသည် ချွန်းဟွာတောင်တွင် မျိုးရိုး စဉ်ဆက် အခြေချနေထိုင်ကြပြီး ကြွေထည်လုပ်ငန်း ဖြင့် အသက်မွေးကြသည်။ ချန်းဖုရှန်မှာ မျက်နှာပေါက်ဆိုးဆိုး ၊ ခေတ်နောက်ပြန်ဆွဲကာ စည်းကမ်းတင်းကြပ်သော ဖခင်တစ်ဦးဖြစ်ပြီး ချန်းကျီ့ယီသည် ချန်းဖုရှန်၏ ပြင်းထန်သော သင်ကြားမှုအောက်တွင် အားနည်းကာ ရှက်ရွံ့တတ်သူ ဖြစ်လာသည်။ ဟွာသည် အမျိုးသမီးတစ်ဦးနှင့် အပြာရောင်အချစ်ညတစ်ည ဖြတ်သန်းရာမှ ရရှိလာသော ကလေးဖြစ်သည်။ ထိုအမျိုးသမီးသည် သူ့ကို ကလေးပေးခဲ့ကာ ထွက်သွားသည်။ ဇာတ်လမ်းမှာ ချန်းကျီ့ယီ၏မွေးဖွားမှုဖြင့် စတင်ကာ ချန်းဖုရှန်၏ ဈာပနဖြင့် အဆုံးသတ်ထားသည်။ အမှတ်တရပေါင်းများစွာမှာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုအဖုံဖုံဖြင့် လွမ်းခြုံကာ ကမ္ဘာမြေပေါ်ရှိ အရာရာကို အပြည့်အဝဖော်ကျူးထားသည်။
၁၂၀ မိနစ်စာ ရုပ်ရှင်တွင် နှစ်ပေါင်းငါးဆယ်အတွက် နောက်ခံအချိန်ကို အပြည့်အဝ ကောင်းမွန်စွာ ဖြန့်ကျက်ထားသည်။
ရုပ်ရှင် စတင်ထုတ်လွှင့်ချိန်မှစ၍ ‌ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးဂုဏ်ပြုခြင်းကို ခံခဲ့ရသည်။ လွန်ခဲ့သည့်သုံးနှစ်က ဒါရိုက်တာကျောက်ကျင်၏ ခိုးကူးသည့် ကောလဟာလထွက်လာသည့်အချိန် နောက်ပိုင်းမှစ၍ မီဒီယာတွင် ပထမဆုံးအကြိမ် အကောင်းမြင်ခံရခြင်းဖြစ်သည်။ ဇာတ်ကောင်များနှင့် လုပ်နိုင်စွမ်းက လိုက်ဖက်မညီသည်ကိုတော့ ဝန်ခံရပေမည်။
ရုပ်ရှင်စောင့်ကြည့်ဝေဖန်သူတိုင်း၏ ချွန်းဟွာတောင်ရုပ်ရှင်အတွက် မှတ်ချက် ပထမစာကြောင်းတိုင်းတွင် ".....ဒါရိုက်တာကျောင်း၏စရိုက်ကို မဝေဖန်ချင်ပေမယ့် ချွန်းဟွာရှန်းသည် ပြောင်မြောက်သော ရုပ်ရှင်လက်ရာတစ်ခုဖြစ်သည်ကိုတော့ ဝန်ခံရမည်
....."ဟု အစချီထားသည်။
ထို့နေ့က ချွန်းဟွာတောင်၏ စတင်ထုတ်လွှင့်မှုမှာ အရမ်းလူကြိုက်မများလှ။ ဒါရိုက်တာမှာ နာမည်ပျက်ရှိထားသူဖြစ်၍ ပရိသတ်က အလိုအလျောက်ပင် ကြည့်ရန်ငြင်းပယ်ကြသည်။ နောက်တစ်ချက်မှာ ရုပ်ရှင်သည် မိသားစုဝင်အကြားက ဆက်ဆံရေးအကြောင်းဖြစ်ပြီး သရုပ်ဆောင်အများစုမှာလည်း မျက်နှာသစ်များဖြစ်သည်။ သို့သော် နောက်ပိုင်းရက်များတွင်တော့ ချွန်းဟွာတောင်သည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် လူကြိုက်များလာကာ ထုတ်လွှင့်သည့် ခုနစ်ရက်မြောက်နေ့တွင်ပင် ကြည့်ရှုသူတစ်သန်းဖြင့် စံချိန်ချိုးသွားခဲ့သည်။
ထိုရုပ်ရှင်ကိုရိုက်ကူးသည့် ဒါရိုက်တာ၏ အရည်အချင်းမှာ ထူးထူးခြားခြား ထိပ်တန်းဖြစ်ကာ စိတ်ကူးဉာဏ်ကွန့်မြူးခြင်း မရှိသော်ငြား ရုပ်ရှင်ကပေးသော ခံစားမှုရသများမှာတော့ ကြည့်ရှုသူရင်ထဲ စွဲငြိသွားတော့သည်။
ထိုသည်မှာ မြောက်များစွာသော ရုပ်ရှင်ရိုက်ကူးသူတို့ နှစ်ပေါင်းများစွာ ရေကုန်ရေခမ်း အားစိုက်ထုတ်လျှင်ပင် မရရှိနိုင်သည့် မွေးရာပါ အရည်အချင်းဖြစ်သည်။ ထိုကဲ့သို့သောအရည်အချင်းမျိုးက ကျောက်ကျင်၏ကိုယ်ထဲမှ ထွက်ပေါ်လာသည်မှာတော့ မယုံနိုင်စရာပင်ကောင်းလှသည်။ ရုပ်ရှင်ကောင်းများစွာရှိသော်လည်း ချွန်းဟွာတောင်ထက် ပိုဆိုးသည့် ရုပ်ရှင်များလည်း အများအပြားရှိနေသေးသည်။
ဖုကျန်းသည် ရုပ်ရှင်ရုံထဲတွင် ထိုင်နေခဲ့သည်။ ဇာတ်လမ်းအစနှင့် အဆုံးရှိ ဒါရိုက်တာနာမည်မှတစ်ပါး အခြားမည်သည့်နေရာကမျှ ပြောင်းလဲထားခြင်းမရှိ။ ဘိုးဘေးကန်တော့စဉ် ချန်းဟွာ၏အဘိုးက သူ့အဖေကိုပြောခဲ့သည့် "....ငါကတော့ သူနဲ့ပဲ ထာဝရ အတူတူနေသွားချင်တယ် မင်းကတော့ ကိုယ့်ဘက်မှာပဲနေပြီး ဘယ်မှမသွားနဲ့....." ဟူသော စကားကိုပင် ဖျက်မချခဲ့။
ထိုဝါကျမှာ အနည်းငယ် မပြေပြစ်။ ချန်းကျီ့ယီနှင့် ချန်းဟွာတို့ကြား ဆက်ဆံရေးမှာ ထိုသို့ပြောရန်လည်း မလိုအပ်။ ထိုဝါကျမှာ အမှန်တကယ်တော့ ဖုကျန်းချန်အတွက် ရည်ညွှန်းခြင်းဖြစ်သည်။
သူ့ရုပ်ရှင်ထဲတွင် ဖုကျန်းချန်ကို ဝန်ခံခြင်းများ များစွာပါဝင်သည်။ ချန်းကျီ့ယီ၏ အသေးစိတ်အချက်များမှာ ဖုကျန်းချန်၏ ရောင်ပြန်ဟပ်မှုများပင်ဖြစ်သည်။ ဇာတ်လမ်းတစ်ဝက်ခန့်တွင် ရုံအတွင်း၌ နှာရှုံ့သံများ အလျှိုလျှို ထွက်ပေါ်လာသည်။
ဖုကျန်း လုံးဝကို မလှုပ်မယှက်ထိုင်နေသည်။ ပိတ်ကားကို သာမန်မျှသာ ကြည့်ကာ ရိုက်ကူးစဉ်က သူ ကောင်းကောင်းမလုပ်နိုင်ခဲ့သည့် ရိုက်ကွက်များကိုသာ ခြုံငုံသုံးသပ်နေသည်။
နှစ်နာရီအကြာ သူတို့ ရုပ်ရှင်ရုံမှ ထွက်လာချိန်တွင်ပေါ့ အပြင်ဘက်ကောင်းကင်မှာ မိုးစုန်းစုန်းချုပ်နေပြီဖြစ်သည်။ ဖုကျန်းသည် ကျန်းဟန်ရှုကို မေးလိုက်သည်။
"ဒီရုပ်ရှင်က ဘယ်လိုနေလဲ....."
ကျန်းဟန်ရှုက ခဏမျှတွေးကာ အကဲဖြတ်စကားနှစ်လုံးကို ပြောလိုက်သည်။
".မဆိုးပါဘူး......"
ဖုကျန်းမှာ မကျေမနပ်ဖြစ်သွားသည်။ ပြီးခဲ့သည့်အခေါက် သူနှင့်ကျန်းဟန်ရှုတို့ Douban တွင် အဆင့် ၄.၃ ရှိသည့် ရုပ်ရှင်ကိုသွားကြည့်စဉ်ကပင် သူက အတော်ကောင်းသည်ဟု သူပြောခဲ့သည်။