ယခုလက်ရှိ ငြိမ်းချမ်းနေသောအခိုက်အတန့်လေးကို ကာကွယ်နေနိုင်သရွေ့ သူဘာမှ လုပ်မည်မဟုတ်တော့။
ကျန်းဟန်ရှုသည် ဖုကျန်း၏ စကားများကို ငြိမ်ငြိမ်လေးသာ နားထောင်နေခဲ့သည်။ ဖုကျန်းတိတ်သွားချိန်တွင်မှ သူက သာသာလေး ပြောလိုက်သည်။
"လုပ်ချင်တာအကုန်လုပ်သာချလိုက် ကိုယ့်အတွက် ပူမနေနဲ့ အကူအညီလိုရင် ကိုယ့်ကိုပြော ဒါဆိုရပြီ......"
ဖုကျန်း ခေါင်းကိုမော့လိုက်သည်။ မီးရောင်အောက်က သူ့ပုံရိပ်သည် ကျန်းဟန်ရှု၏ မျက်ဝန်းပြာတွင် ရောင်ပြန်ဟပ်နေသည်။ ဖုကျန်းသည် သူ့နှလုံးသားအောက်ခြေမှ အားသစ်တစ်ရပ် မွေးဖွားလာကာ ထိုအရာမှာ မသေးလှကြောင်း ခံစားမိသည်။
ကျန်းဟန်ရှုသည် တည့်တည့်ထိုင်ကာ ကိုယ်ကိုမတ်၍ ဖုကျန်းကို ထုံးစံနှင့်အညီ ပြောလိုက်သည်။
".အားနာပါတယ် အခုထိ တရားဝင် မိတ်မဆက်ရသေးဘူး......"
ဖုကျန်းသည် မျက်တောင်ခတ်လိုက်ပြီး ကျန်းဟန်ရှု၏ လွှမ်းမိုးမှုကို ခံလိုက်ရ၍ သူလည်း တည့်တည့်မတ်မတ်ထိုင်လိုက်သည်။ ကျန်းဟန်ရှု နောက်ထပ် ဘာပြောမည်ကို မသိ၍ သူ့ကို ကြည့်နေလိုက်သည်။
".ကျွန်တော့နာမည်က ကျန်းဟန်ရှုပါ ဟဲရှီမြို့ရဲ့ ကျန်းမိသားစုက လာပါတယ် ဘိုးဘေးတွေတုန်းက အသေးစားစီးပွားရေးလေး လုပ်ခဲ့ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စီးပွားရေးကောင်းလာပါတယ် အဖေက ဟဲမင်းအုပ်စုရဲ့ ဥက္ကဌဖြစ်ပြီးတော့ အမေက ကျန်းတက္ကသိုလ်ရဲ့ အကြီးအကဲပါ...."
ဖုကျန်းမှာ ရုတ်တရက် ဆွံ့အသွားသည်။ ကျန်းဟန်ရှုမှာ မိသားစုကောင်းကလာသည်ဟု သိသော်လည်း ဟဲရှီမြို့၏ ကျန်းမိသားစုမှဟု လုံးဝမထင်ထားမိ။ အတိတ်က ဖုမိသားစု၏ စီးပွားရေးကို လုံးဝစိတ်မဝင်စားခဲ့သောသူတောင်မှ ထို ကျန်းမိသားစုကို ကြားဖူးသည်။
ဆောက်လုပ်ရေးဆိုက်တွင် တစ်နေကုန် အလုပ်အတူတူလုပ်ခဲ့သော သူ့ရှေ့မှ ကျန်းဟန်ရှုသည် ကျန်းမိသားစု၏ ဆက်ခံသူဖြစ်နေမည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူး။ အပြာရောင်အလုပ်သမားဝတ်စုံကိုဝတ်ကာ သဲအိတ်လှည်းတွန်းနေသော ပုံရိပ်ကို ပြန်တွေးရင်း မယုံနိုင်သလို ခံစားနေရသည်။
ခေတ္တအကြာမှ ဖုကျန်း အသံပြန်ထွက်လာကာ ကျန်းဟန်ရှုကို မေးလိုက်သည်။
".မင်းက ....ဘာလို့ ဆောက်လုပ်ရေးဆိုက်မှာ လုပ်ခဲ့တာလဲ..."
ကျန်းဟန်ရှုက ရှင်းပြလိုက်သည်။
".ဒါက သိပ်အဓိကမကျတဲ့ ဖျားနာမှုလေးတင်ပါ ကိုယ်ဘွဲ့ရပြီးတော့ နိုင်ငံခြားမှာ နှစ်နည်းနည်းလောက် ကြေးစားစစ်သားလုပ်လိုက်သေးတယ် ကိုယ့်ရဲ့နောက်ဆုံးတာဝန်က ဆောက်လုပ်ရေးဆိုက်မှာ ပျောက်နေတဲ့လူတစ်ယောက်ကို ရှာဖို့လေ......"
ဖုကျန်းမှာ မယုံနိုင်စွာဖြင့် မိန်းမောနေပြီး အကြာကြီးကြာမှ စကားသံထွက်လာသည်။ ဖြောင့်တန်းနေသော နောက်ကျောမှာလည်း ပြိုကျသွားပြီး သူ့အမူအယာမှာလည်း တွေဝေနစ်မောနေသည်။
ကျန်းဟန်ရှုက ရုတ်တရက်ကြီး ထပ်ပြောလိုက်သည်။
".ကိုယ်မပြောခင်ပဲ ရှာတွေ့ပြီးသွားပြီ......"
ဖုကျန်း သူ ထူးဆန်းတာတစ်ခုခု ပြောလိုက်မည်ကို ထိတ်လန့်စွာဖြင့် သူ့စိတ်ဝိဉာဉ်မှာလည်း မြင့်တက်လာသည်။
ကျန်းဟန်ရှု၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် မြင့်တက်လာကာ ဖုကျန်းကို ပြောလိုက်သည်။
".နွေဦးပန်းတောင်ကအကောင်းဆုံးပဲ....."
(T.N/ချွန်းဟွာတောင်လို့ ပြောချင်တာလားပဲ)
ဖုကျန်းသည် ပါးချိုင့်နှစ်ဖက် ခွက်နေအောင် ရယ်လိုက်ပြီး ကြိုးလွှတ်လိုက်သော ခွေးပေါက်လေးကဲ့သို့ ကျန်းဟန်ရှုထံ တရှိန်ထိုး ခုန်ဝင်လာသည်။
ကျန်းဟန်ရှုက ပွေ့ဖက်ကာ သူ့နောက်ကျောကို သာသာလေး ပုတ်ပေးလိုက်သည်။
ကျန်းဟန်ရှုက ဖုကျန်း၏နားထဲသို့ တီးတိုးပြောလိုက်သည်။
".လုပ်ချင်တာသာလုပ်ချလိုက် ကိုယ်ကူညီပေးမယ်....."
ဖုကျန်းသည် ကျန်းဟန်ရှု၏ အကူအညီကို မလိုအပ်ခဲ့။ ထိုကိစ္စတွင် သူ မထိခိုက်ရန်သာ အလိုရှိခဲ့သည်။ ယခု ကျန်းဟန်ရှု၏ သရုပ်မှန်ကို သိလိုက်ရပြီးဖြစ်၍ ပူပင်ရန်မလိုအပ်တော့။
ချွန်းဟွာတောင်ကို ထုတ်လွှင့်ပြီး မကြာမီပင် ထိုရုပ်ရှင်သည် ကျောက်ကျင်ရိုက်ကူးထားခြင်း မဟုတ်ဘဲ အခြားတက်သစ်စဒါရိုက်တာတစ်ဦး၏လက်ရာဖြစ်သည်ဟု အင်တာနက်ပေါ်တွင် အသံထွက်လာသည်။ သို့သော် များမကြာမီပင် ရေတပ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး အစပင် ရှာမရတော့။
နောက်ပိုင်းတွင် ကျောက်ကျင်းဖန်သည် အာဏာသုံးကာ ဒါရိုက်တာအစစ်မဟုတ်ဟုပြောသော အကောင့်များအားလုံးကို ပိတ်ဆို့ပစ်လိုက်တော့သည်။
ချွန်းဟွာတောင်၏ သရုပ်ဆောင်များမှာလည်း ချွန်းဟွာတောင်မှ ပိတ်ဆို့ခံလိုက်ရပြီး သူတို့၏ အနုပညာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းလာသည်။ တစ်ချို့က ထိုးဖောက်ရန် နည်းလမ်းကို ရှာတွေ့လာကြသည်။ သို့သော် တစ်ချို့ကမူ မည်သူ့၏ စာတိုကမှ သူတို့ကို မကျရှုံးစေနိုင်ဟု လွယ်လွယ်ကူကူ ဘဝင်မြင့်လာကြသည်။
မိတ်ဆက်ပွဲ၌ ချွန်းဟွာတောင်၏ မင်းသား သုံးယောက်ရှိပြီး အခြားသရုပ်ဆောင်များက သူတို့နှင့် ရောရောနှောနှောမနေကြ။ ထိုသုံးယောက်မှာ လွန်ခဲ့သော နှစ်နှစ်ခန့် ထိုရုပ်ရှင်ရိုက်စဉ်တည်းက ရှိကြသူများဖြစ်သည်။ တစ်ဖက်တွင် အချို့လူများက ကျောက်ကျင်က ဒါရိုက်တာဖြစ်သည်ကို လက်မခံလိုကြ။ ကျောက်ကျင်သည် ပင်ကိုယ်အားဖြင့် ထိုလူများကို မဖိတ်ချင်။ တစ်ချိန်တည်းမှာပင် သူတို့သာ အမှန်တရားကို ထုတ်ပြောရဲပါက တစ်သက်လုံးနောင်တရစေရမည်ဟု လူလွှတ်ကာ ခြိမ်းခြောက်ခဲ့သည်။
ဖုကျန်းက ရုပ်ရှင်၏ လွှမ်းမိုးမှု ပိုကျယ်ပြန့်လာပြီး လူဝင်နှုန်း ပိုတိုးလာချိန်ကို စောင့်နေသည်။ ထိုအချိန်တွင် သက်သေများကို ထုတ်ပြလိုက်လျှင် ကျောက်ကျင်တစ်ယောက် ပိုပြီး အကျနာမည်ဖြစ်သည်။
ဖုကျန်းချန်က သူ့နဖူးကို ဖိလိုက်သည်။ သူ့ဦးခေါင်းကို တံစဉ်းနှင့် ဖိကြိတ်ကာ နှိပ်စက်နေသယောင် ခံစားနေရသည်။
"ဖုကျန်းက ဒီရုပ်ရှင်ကို ပြန်ရိုက်ခဲ့တာလား....."
အတွင်းရေးမှူးမှာ ရှုပ်ထွေးနေပြီး ဖုကျန်းချန်၏ မေးခွန်းမှာ ဘာကိုဆိုလိုသည်ကို နားမလည်ခဲ့။
အကြာကြီးကြာမှ အတွင်းရေးမှူးသည် ဖုကျန်းချန်၏ စကားသံကို ထပ်ကြားလိုက်ရသည်။
"....ငါ့အတွက် ချွန်းဟွာတောင်လက်မှတ်တစ်စောင် ဝယ်ထားလိုက်......"
အတွင်းရေးမှူးက ထိုကိစ္စကို သွက်သွက်လက်လက် တုန့်ပြန်ကိုင်တွယ်လိုက်သည်။ ဖုကျန်းချန်အလုပ်မဆင်းခင်မှာပင် ရုပ်ရှင်လက်မှတ်ကို ပေးပို့လိုက်သည်။
ရုပ်ရှင်ရုံမှထွက်လာပြီးနောက် အတွင်းရေးမှူးသည် ဖုကျန်းချန်၏မျက်လုံးများ နီရဲနေသည်ကို တွေ့လိုက်ရသည်။ ဖုကျန်းချန်အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့ဖူးသော်ငြား သူ့ကို ဒီလိုပုံစံမျိုးဖြင့် တစ်ခါမှ မတွေ့ဖူး။
ဖုကျန်းချန်က ခပ်နှေးနှေးပြောလိုက်သည်။ သူ့အသံမှာ အနည်းငယ် အက်ကွဲနေသည်။
ထန်ဝမ်ဝမ်အိမ်ပြန်ရောက်သောအခါ ဖုကျန်းချန်ကို မတွေ့မိ၍ အိမ်စေများကို မေးလိုက်ပြီး ကုမ္ပဏီမှ ပြန်ရောက်ကတည်းက ပန်းခြံထဲသို့ သွားနေပြီး ပြန်မလာသေးကြောင်း သိလိုက်ရသည်။
သူမ ဖုကျန်းချန်ကိုရှာရန် အနောက်ဘက်ပန်းခြံထဲသို့ သွားခဲ့ပြီး ပန်းခြံအလယ်က ကျောက်တောင်ရှေ့တွင် ရုပ်တုသဖွယ် အလှုပ်အရှားမရှိ မတ်တပ်ရပ်နေသော ဖုကျန်းချန်ကို တွေ့လိုက်ရသည်။
".အဖေ့ ဘာတွေရှာနေတာလဲ....."
ဖုကျန်းချန်၏နှလုံးသားက လှည့်မကြည့်ရန် ထပ်ခါထပ်ခါ ပြောနေသော်လည်း ထန်ဝမ်ဝမ်၏ အဖေဟု ခေါ်သံကြားပြီးနောက်တွင် သူ့ခန္ဓာကိုယ်မှာ အပြည့်အဝကို အထိန်းချုပ်မဲ့သွားသည်။ထန်ဝမ်ဝမ်
၏ မျက်ဝန်းများကို မြင်လိုက်ရချိန်တွင်တော့ ကျောက်တောင်အောက်မှ အရာများက အရေးမပါတော့ဟု ချက်ခြင်းခံစားလိုက်ရသည်။ ထန်ဝမ်ဝမ်ကို ပြုံးပြလိုက်ကာ
"ဘာမှမဖြစ်ပါဘူး သွားရအောင် အပြင်ဘက်ကအေးတယ် အထဲဝင်ရအောင်....."
ထန်ဝမ်ဝမ်က ခေါင်းညိတ်ကာ ဖုကျန်းချန်၏ လက်မောင်းကို တွဲလိုက်သည်။ သူမ၏ မျက်လုံးများက ဖုကျန်းချန်ကြည့်နေသော ကျောက်တောင်ပေါ်သို့ အကြည့်ရောက်သွားသည်။ မူမမှန်သည့်အရာ တစ်ခုကိုမျှ သူမ ရှာမတွေ့ခဲ့ပေ။