ထန်ဝမ်ဝမ်နှင့် ချိန်းထားသည့်နေရာမှာ အနောက် တိုင်းစားသောက်ဆိုင်တစ်ဆိုင်ဖြစ်သည်။ တမင်တကာ ဟုတ်မဟုတ်တော့မသိ။ ထန်ဝမ်ဝမ်သည် ချိန်းထားသည်ထက် ဆယ်မိနစ်နောက်ကျပြီးမှ ရောက်လာခဲ့သည်။
ဖုကျန်းသည် ကျန်းဟန်ရှု၏နောက်ဘက်က စားပွဲတွင် သူနှင့် သီးခြားစီ ထိုင်နေသည်။ သူမ ဝင်လာချိန်က သိပ်အာရုံမထားသည့်အတွက် ဖုကျန်းလည်း ထိုနေရာတွင် ရှိနေကြောင်း မသိခဲ့။
ထန်ဝမ်ဝမ်ထိုင်ပြီးမကြာလိုက် သူမသည် အိတ်ထဲမှ ဘဏ်ကတ်ကိုထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကိုသုံး၍ ကျန်းဟန်ရှုအရှေ့သို့ အနည်းငယ် ထီမထင်ဟန်ဖြင့် တွန်းပို့ကာ ပြောလိုက်သည်။
".ဒီထဲမှာ ငါးသန်းရှိတယ် ဖုကျန်းကို စွန့်ပစ်လိုက်တာနဲ့ ဒါအကုန်ရှင့်ဟာပဲ....."
ဖုကျန်းလည်း ထန်ဝမ်ဝမ်၏စကားများကို ကြားလိုက်သည်။ ပထမဆုံးတုန့်ပြန်မှုမှာ စိတ်မတိုမိရန် ဖြစ်သော်လည်း တစ်ဖြေးဖြေး ရယ်ချင်လာသည်။ ခွေးသွေးဇာတ်လမ်းတွေထဲက အမျိုးသားဇာတ်လိုက်ရဲ့အမေ အမျိုးသမီးဇာတ်လိုက်ကို ပြောတဲ့စကားမျိုးကြီးတွေပဲ။ တစ်နေ့နေ့တွင် ထန်ဝမ်ဝမ်သည် သူ့ချစ်သူကို ဒီလိုစကားမျိုး ပြောလာလိမ့်မည်ဟု သူတကယ်မျှော်လင့်မထား။
ကျန်းဟန်ရှု သူနှင့် မျက်နှာချင်းဆိုင်မှ အမျိုးသမီးကိုကြည့်လိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ကာ သူ့အရှေ့သို့ ထားထားသော ဘဏ်ကတ်ကိုကြည့်ရင်း ထန်ဝမ်ဝမ်ကို ပြောလိုက်သည်။
".ဖုကျန်းရဲ့လျှို့ဝှက်ချက်ကို သိတယ်ဆို....."
ထန်ဝမ်ဝမ်မှာ ငြိမ်ကျသွားသည်။ ကြည့်ရတာ သူမ ကျန်းဟန်ရှုကို လိမ်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ကျန်းဟန်ရှုက ခေါင်းယမ်းကာ ချောင်းဟန့်လိုက်သည်။ ဖုကျန်း၏တောင်းဆိုမှုကြောင့်သာ မဟုတ်လျှင် သူ ဒီနေ့ ထန်ဝမ်ဝမ်ကို လာတွေ့မည်မဟုတ်ချေ။
ထန်ဝမ်ဝမ်က လျှော့တွက်ခံလိုက်ရသည်ဟု ခံစားမိသည်။ သူမနှာတံပေါ်သို့ နေကာမျက်မှန်ကို တွန်းတင်လိုက်ကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ရှင်သာ ဖုကျန်းကို မစွန့်ပစ်ရင် ကျွန်မအဖေနဲ့ အစ်ကိုကို ရှင့်ကို ဂရုစိုက်ပေးဖို့ ပြောလိုက်မှာ ရှင့်ကို သတိမပေးဘူးလို့တော့ အပြစ်မတင်နဲ့......"
ကျန်းဟန်ရှု : ".ဘာလို့ သူ့ကို ပစ်မှတ်ထားနေရတာလဲ......"
"သူ့ကို ပစ်မှတ်ထားတယ်.... ဖုကျန်းက ရှင့်ကို ဒီလိုပြောထားတာလား......."
ထန်ဝမ်ဝမ်က သရော်လိုက်သည်။
"အရင်တုန်းက သောင်ဝေ့ယာမှာ ကျွန်မက
မသန်စွမ်းဖြစ်လုနီးပါး ဖြစ်ခဲ့တာနော် အဖေနဲ့အစ်ကိုက သူ့ကို ထောင်ထဲပို့ဖို့ လုပ်တာတောင် ကျွန်မပဲ ဖျောင်းဖျပေးခဲ့တာ..."
ကျန်းဟန်ရှုက မျက်လွှာပင့်ကာ ထန်ဝမ်ဝမ်၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်ရင်း မေးလိုက်သည်။
"သူတကယ်လုပ်ခဲ့တာရောဟုတ်လို့လား......"
သူမမျက်လုံးကို စိုက်ကြည့်ပြီး မေးခွန်းထုတ်ရဲတဲ့သူနဲ့ တွေ့ဖူးတာ ဒါပထမဆုံးပဲ။
တုန်လှုပ်သော အရိပ်အယောင်တစ်ချက်က ထန်ဝမ်ဝမ်၏ မျက်ဝန်းအတွင်း ဖြတ်ပြေးသွားသော်လည်း သူမ၏ အမူအယာမှာတော့ တည်ငြိမ်နေသေးသည်။
".သေချာတာပေါ့ မဟုတ်ရင် ကျွန်မအဖေနဲ့ အစ်ကိုက သူ့ကို သက်သေမရှိဘဲ စွပ်စွဲမှာတဲ့လား......"
နောက်စားပွဲတစ်ခုတွင် ဖုကျန်းသည် ကော်ဖီခွက်ကို ကိုင်ကာ ခေါင်းစောင်းရင်း ထန်ဝမ်ဝမ်တစ်ယောက် သူ့အား နာမည်ဖျက်နေသည်ကို ဂရုမထားစွာ နားထောင်နေသည်။ အဲ့အချိန်တုန်းက ဖုကျန်းချန်နဲ့ ဖုထင်က သူ့ကို တကယ်ပဲ ထောင်ထဲပို့ဖို့ တွေးခဲ့ကြတာလား။
ကျန်းဟန်ရှု လှုပ်လည်းမလှုပ်။ ပြန်လည်းမတုန့်ပြန်။
ထန်ဝမ်ဝမ် မျက်မှောင်ကြုတ်ကာ သူမ၏ အသစ်စက်စက် လက်သည်းများကို ကြည့်ရင်း ကျန်းဟန်ရှုကို မေးလိုက်သည်။
"ကတ်ထဲကပိုက်ဆံက နည်းတယ်ထင်လို့လား....."
ကျန်းဟန်ရှုက ခပ်ဖွဖွ ရယ်လိုက်သည်။ ဘယ်ကယူလာမှန်းမသိသည့် ချက်လက်မှတ်တစ်စောင်ကို ထုတ်ကာ ထန်ဝမ်ဝမ်ကို ပေးလိုက်ပြီး သာသာလေး ရေးလိုက်သည်။
"လိုချင်သလောက်ရေးလိုက် မင်း ချင်ကျောက်ကို စွန့်ပစ်ရမယ်ဆိုရင်ရော ဘယ်လိုလဲ....."
ထန်ဝမ်ဝမ်က ကျန်းဟန်ရှု၏ စကားများကို ယုံပင်မယုံနိုင်တော့။ သူမက ကျန်းဟန်ရှုပေးလိုက်သောအရာကို ကြည့်ပင်မကြည့်ခဲ့။ ဒီလိုချက်လက်မှတ်မျိုးမှာ စတိုးဆိုင်တွင် အထပ်လိုက်ဝယ်ကာ အတုလုပ်နိုင်သည်။ သူမက ကျန်းဟန်ရှုကို ကြည့်လိုက်သည်။
"ရှင် ကျွန်မကို အရှက်ခွဲနေတာလား....."
ဖုကျန်း သူ့ရှေ့မှ ကော်ဖီကို တစ်ငုံသောက်လိုက်သည်။ ထန်ဝမ်ဝမ်ရဲ့ တွေးပုံခေါ်ပုံကို သူတကယ်ကို နားမလည်နိုင်တော့ဘူး။ ဒါက ဘယ်လိုလုပ် သူမကို အရှက်ခွဲတယ်ဖြစ်ရမှာလဲ။ သူမကမှ ကျန်းဟန်ရှုကို အရှက်ခွဲနေတာ မဟုတ်ဘူးလား။
ထန်ဝမ်ဝမ်ကိုမကြည့်ဘဲ ကျန်းဟန်ရှု ကော်ဖီတစ်ငုံ မော့သောက်လိုက်သည်။
ထန်ဝမ်ဝမ်သည် နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ပြောလိုက်သည်။
".အနာဂတ်မှာ ရှင် နောင်တမရဖို့ မျှော်လင့်တယ်...."
ကျန်းဟန်ရှုသည် ထန်ဝမ်ဝမ်ကို လေသဖွယ် မရှိသလို လျစ်လျူရှုထားလိုက်သည်။
ထန်ဝမ်ဝမ် အနည်းငယ် ဒေါသထွက်လာသည်။ သူမအတွက်မူ ပထမဆုံးအကြိမ် အထင်အမြင်သေးခံရခြင်းဖြစ်သည်။ ဖုမိသားစုကို ပြန်မသွားဘဲ အောက်ခြေတွင် ရုန်းကန်နေရစဉ်ကတောင် ဘယ်သူကမှ သူမကို ဒီလိုမဆက်ဆံရဲ။ ကျန်းဟန်ရှု၏ အကြည့်များက သူမကို မသက်မသာဖြစ်စေသည်။ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသလိုမျိုးပဲ။
သူမ၏အိတ်ကို ကောက်ကိုင်ကာ ဒေါက်ဖိနပ်သံပေးရင်း ဆိုင်ထဲမှ ထွက်သွားသည်။ ကျန်းဟန်ရှုက အကြည့်တစ်ချက်တွင် မစွန့်ကြဲ။ ခြေသံဝေးသွားချိန်တွင် ကော်ဖီခွက်ကိုကိုင်ရင်း ဖုကျန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
ဖုကျန်းက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေသည်။ ထန်ဝမ်ဝမ်သည် ကားထဲသို့ ဒေါသတကြီး ဝင်သွားပြီး ဖုကျန်း၏ အကြည့်ထဲမှ ပျောက်ကွယ်သွားသည်။ သူသည် ကျန်းဟန်ရှုဘက်သို့ လှည့်ပြောလိုက်သည်။
".ငွေရှင်းမသွားဘူးထင်တယ်နော်....."
ကျန်းဟန်ရှုက ပြုံးလိုက်ရင်း ဖုကျန်းဘက်သို့ မီနူးစာအုပ်ကို ရွှေ့ပေးလိုက်သည်။
ဖုကျန်းအတွက် အနောက်တိုင်းစာ မစားရသည်မှာ ကြာပြီဖြစ်သည်။ မီနူးကို အစအဆုံးဖတ်ပြီးမှ ဘေးက စားပွဲထိုးကိုပြောလိုက်သည်။
".အလယ်အလတ်ကျက်တဲ့ စတိခ်(steak)တစ်ပွဲ...."
ကျန်းဟန်ရှုက ထပ်ဖြည့်လိုက်သည်။
".အသားအနှစ်နဲ့ စပါကတီနှစ်ပွဲ သံပုရာရည်နှစ်ခွက် ကျေးဇူးပါ....."
စားပွဲထိုးက မီနူးကိုယူကာ ထွက်သွားချိန်တွင် ထန်ဝမ်ဝမ်ပြောခဲ့သော ထိခိုက်မှုအကြောင်း သတိရသွားသည်။ ကျန်းဟန်ရှုကို ရှင်းပြရန်အတွက် ထန်ဝမ်ဝမ် ဖုအိမ်ကို စရောက်လာစဉ်က အကြောင်းကို ပြောရန် ပြင်လိုက်သည်။ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ရင်း ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ခဲ့သော်လည်း စားပွဲထိုး ပြန်ရောက်လာသည်အထိ စကားသံက ထွက်မလာခဲ့။
စားသောက်ပြီးနောက် ကျန်းဟန်ရှုက ဖုကျန်းကို အိမ်ပြန်ခေါ်သွားသည်။
နောက်ဆုံးတွင်တော့ ဖုကျန်းသည် အတိတ်က သံသယလွန်ကဲကာ ခေါင်းမာသော သူ့အကြောင်းကို အသိပေးရန် သတ္တိရှိလာပြီဖြစ်သည်။
"မင်းဘာပြောချင်လဲ ကိုယ်သိတယ်.."
ကျန်းဟန်ရှုက စကားဖြတ်ကာ ခေါင်းယမ်းလိုက်သည်။
"ကိုယ် မင်းကိုယုံတယ်....."
ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ချွန်းဟွာတောင်၏ တစ်ရက်ထဲ ရုံဝင်ကြေးမှာ သန်းသုံးရာအထိ တိုးလာပြီး စုစုပေါင်း ရုံဝင်ကြေး သန်းတစ်ထောင်အထိ တိုးလာခဲ့သည်။
ထိုနေ့တွင်ပင် ဖုကျန်းသည် သက်သေအားလုံးကို တရားရုံးသို့ တင်သွင်းလိုက်သည်။ တစ်ချိန်တည်းတွင်ပင် အင်တာနက်ပေါ်မှ ရေတပ်အချို့ကိုရှာရန် ယွမ်တစ်သောင်း သုံးခဲ့သည်။ ရေတပ်မှာ မများသော်လည်း အားလုံးမှာ အဆင့်မြင့်အကောင့်များဖြစ်သည်။ သူတို့အားလုံး သက်သေများကို တင်ပြီးပြီးချင်း မီဒီယာလည်း သိသွားကာ ခေါင်းစီးမှာ တစ်ဆင့်ပြီးတစ်ဆင့် ချဲ့ကားလာသည်။
ကျောက်ကျင်သည် ထိုအကောင့်များအားလုံးကို ဘန်း(ban)လိုသော်လည်း ဝေ့ပေါ်က ငြင်းဆန်ခဲ့သည်။ forwardလုပ်သော comment များမှာ များလွန်း၍ သူတို့လည်း မပိတ်ဆို့နိုင်တော့။ သူ ပြီးဆုံးသွားတော့မှာကို ကြောက်နေမိပြီ။
လေးနာရီအတွင်းတွင်ပင် ဝေ့ပေါ်၏ အမြဲတမ်းသုံးသူ ထက်ဝက်ခန့်က ချွန်းဟွာတောင်သည် ကျောက်ကျင်ကိုယ်တိုင် ရိုက်ထားခြင်းမဟုတ်ကြောင်း သိသွားကြလေသည်။