အပိုင်း ၃၇
Viewers 23k

ထိုကိစ္စ‌ဖြစ်ပွားချိန်တွင် ကျောက်ကျင်သည် ဗီဒီယိုဆော့ဝဲလ်တစ်ခုအတွက် တိုက်ရိုက် ရုပ်သံလွှင့်ပေးနေသည်။ သူသည် ထိုကဲ့သို့ တိုးတက်သော နည်းပညာကိုသုံးကာ ပရိသတ်များနှင့် မျက်နှာချင်းဆိုင်‌ တွေ့ဆုံရခြင်းကို အင်မတန်စိတ်ဝင်စားနေ၍ နေ့တိုင်း နာရီဝက်တစ်နာရီ အချိန်ပေးလေ့ရှိသည်။ တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာကိုဖွင့်ကာ ပရိသတ်များနှင့် စကားပြောရင်း သူတို့၏ မေးခွန်းအချို့ကို ဖြေပေးသည်။ ထိုခံစားချက်တွင် သူတကယ် ပျော်မွေ့နေလေပြီ။
ကျောက်ကျင်က အသက်ကြီးကာ ကတုံးဖြစ်လုနီးပါး ဆံပင်ပါးသော်လည်း ထိုလောကမှ အခြားဒါရိုက်တာများထက်တော့ အများကြီး ကြည့်ကောင်းဆဲဖြစ်သည်။
comment တွင် သူ့ကိုအလွန်အကျူး မြှောက်ပင့်ချီးကျူးထားသည်များဖြင့်သာ ပြည့်နှက်နေသည်။ ရံဖန်ရံခါ ဆူပူကြိမ်းမောင်းသည့်စာသား တစ်ခုနှစ်ခုခန့် ပေါ်လာလေ့ရှိသော်ငြား မကြာမီမှာပင် မန်နေဂျာ၏ ဖျက်ပစ်ခြင်းကို ခံလိုက်ရသည်။
ပုံမှန်စကားပြောနေရင်း လေထုက စည်းချက်ညီလာသည်။
ကျောက်ကျင်က စကားပြောကောင်းသူဖြစ်ကာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသော အခြေအနေတွင်ပင် သူ့နောက်ကိုလိုက်လိုသော အမျိုးသမီးထုကြီး ရှိခဲ့သဖြင့် အကယ်၍ အနာဂတ်တွင် သူရုပ်ရှင်မရိုက်တော့လျှင်တောင် ဆရာကွာ၏ cross talk ကိုပင် အမှီလိုက်နိုင်မည်ဟု ကျီစားကြသည်။
ကျောက်ကျင်၏ပြက်လုံးပြီး‌သွားသည့်နောက်တွင် စခရင်တစ်ခုလုံး hahahaha များဖြင့်သာ ပြည့်နှက်သွားသည်။ ထိုအကြားတွင်မှ ကျောက်ကျင်အား ပရိသတ်များကမေးသော မေးခွန်းများက ထိုးထွက်လာသည်။
"ဒါရိုက်တာကျောက်ရေ ချွန်းဟွာတောင်ရိုက်တုန်းက မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ပြောပေးပါဦး..."
ကျောက်ကျင်က မျက်မှောင်ကြုတ်ဟန်ဆောင်လိုက်သည်။
"ကျွန်တော် ချွန်းဟွာတောင်ကို ရိုက်တုန်းက သူငယ်ချင်းဟောင်းတစ်ယောက်က သူ့တပည့်ကို ပညာယူဖို့ဆိုပြီး ကျွန်တော့ဆီပို့ဖူးတယ် ဒါပေမယ့် သူတပည့်က အထက်စီးကလည်းဆန် ဒုက္ခကလည်းမခံနိုင် ပြောစကားကျလည်း နားမထောင်ဘူးဗျာ ဟော နှစ်ရက်လောက်လည်းနေရော ပြန်ပြေးတော့တာပဲ အစကတော့ သူက ကျွန်တော့သူငယ်ချင်း သဘောအကျဆုံးတပည့်ပဲ ဒါပေမယ့် ဒီနှစ်ထဲမှာ သူက ဘာဘွဲ့မှ ရမသွားရှာဘူး ဒါကြောင့် လူငယ်တွေက ပပလွှားလွှား မရှိဖို့လိုတယ်လို့ ပြောကြတာပေါ့..."
ကျောက်ကျင်၏ စကားဆုံးပြီး မကြာလိုက် အကောင့်သစ်တစ်ပုံကြီးက သူ၏ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းကို ဖုံးလွှမ်းလာသည်။ သူတို့က တိုက်ရိုက်ထုတ်လွှင့်သည့်အခန်း၏ အပေးအယူညီမျှနေသော လေထုကို လျစ်လျူရှူပြီး ကျောက်ကျင်ကို သူခိုးဟု စွပ်စွဲကာ အရှက်မရှိတဲ့ဆန်ကုန်မြေလေးကောင်ဟု ခေါ်လာကြသည်။
ကျောက်ကျင်မှာ ဘာတွေဖြစ်နေမှန်း နားမလည်သေး။ သူက မေးမလို့ကြံစဉ်မှာပဲ ဖုန်းကမြည်လာသည်။ ကျောက်ကျင်လည်း ဖုန်းကိုကောက်ကိုင်ကာ ကင်မရာအရှေ့မှ ထွက်လာခဲ့သည်။
သူ ဖုန်းကိုင်လိုက်ချင်းမှာပင် ဖုန်းတစ်ဖက်မှလူက မေးလိုက်သည်။
".မင်းရဲ့ ချွန်းဟွာတောင်က ဘာတွေဖြစ်ကုန်တာတုန်း....."
ကျောက်ကျင် ဇဝေဇဝါဖြစ်နေဆဲပင်။
"ဘာဖြစ်လို့လဲ......"
".အင်တာနက်ပေါ်က လူတွေက ချွန်းဟွာတောင်ကိုရိုက်တာ မင်းမဟုတ်ဘူးလို့ ပြောနေကြတယ်လေ....."
"အဓိပ္ပါယ်မရှိလိုက်တာ ဒါ အသရေဖျက်တာပဲ!...."
ကျောက်ကျင်က ချက်ခြင်းပဲ ပြန်ချေပလိုက်သည်။ သူ့လေသံမှာ အင်မတန်ဒေါသထွက်နေဟန်ရှိသည်။ သို့သော် သူထိုသို့ပြောနေသော်ငြား သူ့နှလုံးသားထဲတွင်တော့ လိပ်ပြာမလုံပေ။ မတော်တဆမှုတွင် ဖုကျန်း သေသွားပြီဟု ကြားခဲ့ရ၍သာ ချွန်းဟွာတောင်ကို လုယူကာ သူ့နာမည်ဖြင့် ထုတ်လွှင့်ရဲခြင်းဖြစ်သည်။
ဖုကျန်းက မသေသေးတာလား ဒါမှမဟုတ် ဒီအကြောင်းကို သိနေတဲ့ အပြင်လူ ထပ်ရှိနေသေးတာလား
ဖုန်းထဲကလူက ကျောက်ကျင်ကို ဆက်မေးလိုက်သည်။
"ငါ့မှာ အင်တာနက်ပေါ်ကဟာတွေကို လိုက်ဖတ်ရလောက်အောင် အချိန်တွေပေါမနေဘူး အဲဒါကြောင့် မင်းကိုလာမေးတာ ချွန်းဟွာတောင်က တကယ်ပဲ မင်းရိုက်တာ သေချာပါတယ်နော်....."
သေချာပေါက်ပဲ ကျောက်ကျင်က ငြင်းမှာမဟုတ်ဘူးပေါ့ တကယ်လို့သာ တစ်ခြားတစ်ယောက်ရဲ့လက်ရာကို သူတကယ်ခိုးထားတာပါလို့ ပြောလိုက်ရင် ဘယ်သူက သူ့ကို ကူညီတော့မှာလဲ ဒီအချိန်မှာ သူလုပ်နိုင်တာတစ်ခုက ဝန်မခံလိုက်ဖို့ပဲ ဟုတ်တယ် ဒီနည်းပဲရှိတယ်
သုက ပြန်ဖြေလိုက်သည်။
"ဟုတ်တာပေါ့ တစ်ခြားဘယ်သူရှိရဦးမှာလဲ....."
"မင်းပြောတာ အမှန်ဖြစ်ဖို့ပဲ မျှော်လင့်တယ်....."
တစ်ဖက်လူက ထိုစကားတစ်ခွန်းကိုသာပြောပြီး ဖုန်းချလိုက်သည်။
ကျောက်ကျင်က သူ၏ တိုက်ရိုက်လွှင့်သည့်အခန်းသို့ ပြန်လာခဲ့သည်။ ရိုင်းရိုင်းစိုင်းစိုင်းစကားလုံးများက ကြည့်မကောင်းရှုမကောင်းအောင်ပင် ထွက်ပေါ်နေပြီဖြစ်သည်။ ကျောက်ကျင်က သာသာလေး ချောင်းဟန့်ကာ တိုက်ရိုက်လွှင့်သည့်အခန်းထဲမှ ပရိသတ်များကို ပြောလိုက်သည်။
"အရှုပ်အထွေးကိုဖန်တီးတဲ့သူတွေကတော့ ရှုပ်ထွေးနေဦးမှာပဲ......"
ထို့နောက်တွင်တော့ တိုက်ရိုက်လွှင့်ခြင်းကို ပိတ်လိုက်သည်။
တိုက်ရိုက်လွှင့်ခြင်းပြီးနောက် ကျောက်ကျင်သည် အချိန်မဆွဲဘဲ ဝေ့ပေါ်(Weibo)သို့ ဝင်လိုက်သည်။
"ချွန်းဟွာတောင်ရဲ့‌ဒါရိုက်တာကကျောက်ကျင်မဟုတ်ဘူး" ဟူသော hot search မှာ နံပါတ်တစ်ဖြစ်နေပြီး အခြား hot search အခု ၄၀ တွင် ထိုကိစ္စနှင့် သက်ဆိုင်သည့် သတင်းက ၇ ခု ၈ ခု ပါနေသည်။
ကျောက်ကျင်သည် တုန်ရီနေသော လက်ချောင်းများဖြင့် hot search ကိုဖွင့်ရန် နှိပ်လိုက်သည်။
ဖုကျန်းပြင်ဆင်ထားသော သက်သေမှာ လုံးဝ ပြီးပြည့်စုံသော်လည်း သူက အင်တာနက်တွင် အကုန်လုံးကို မတင်ထား။ အင်တာနက်ကြည့်သူအားလုံး တွေ့ရသည်မှာ မိနစ် ၂၀ ကျော်ကြာသော ဗီဒီယိုတစ်ခုသာ ဖြစ်သည်။ ထိုဗီဒီယိုထဲတွင် ချွန်းဟွာတောင်၏ ဒါရိုက်တာအစစ်ကို မျက်နှာဝါးထားပြီး ကျောက်ကျင်ကတော့ ထီးမိုးထားသော ဘေးခုံ‌တွင် ဖုန်းကြည့်ရင်း ထိုင်နေသည်။ ခဏအကြာတွင်တော့ ထိုသူနှစ်ယောက်သည် အခုလေးတင်ရိုက်ကူးထားသော ရိုက်ကွက်နှင့်ပတ်သက်၍ အငြင်းအခုန် ဖြစ်လာကြသည်။ ကျောက်ကျင်က နောက်တစ်ကြိမ်ပြန်ရိုက်ရန် အခိုင်အမာပြောသော်လည်း တစ်ဖက်သူက မလုပ်ခဲ့။
ကျောက်ကျင်လည်း အမျက်တချောင်းချောင်း ထွက်လာကာ ဒါရိုက်တာကို အော်ပြောလိုက်သည်။
"မင်းဘာသာမင်းပဲ ရိုက်နေလိုက်တော့ မင်းကို ‌ေ-ာက်ဂရုကိုမစိုက်ဘူး......."
ထိုသို့ပြောပြီးနောက် ထိုင်ခုံပေါ်မှ သူ့အင်္ကျီကို ကောက်ကာ စတူဒီယိုအပြင်ဘက်သို့ လှည့်ထွက်သွားသည်။
ကျောက်ကျင်သည် ချွန်းဟွာတောင်၏ ဒါရိုက်တာအစစ် မဟုတ်သည့်အပြင် သူ၏ အိုင်ဒီယာအများစုမှာလည်း တကယ့်ဒါရိုက်တာအစစ်နှင့် သဟဇာတ မဖြစ်ကြောင်း အဆိုပါဗီဒီယိုထဲတွင် တွေ့နိုင်သည်။
အကြည့်တစ်ချက်ဖြင့်ပင် ကျောက်ကျင်သည်ကင်မရာရှေ့တွင်ထိုင်နေသော မျက်နှာဝါးထားသည့်သူမှာ ဖုကျန်းဖြစ်ကြောင်း သိလိုက်သည်။ ဒီဗီဒီယိုက ဖုကျန်းတင်လိုက်တာများလား။
ကျောက်ကျင်သည် ဖုန်းကိုပိတ်ကာ သူ့နောက်က ဆိုဖာပေါ်ကို ထိုင်ချလိုက်ပြီး ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဟု တွေးတော့သည်။
ချွန်းဟွာတောင်သည် သူ့သူငယ်ချင်းဟောင်း၏ ကျန်ရစ်ပစ္စည်းများကို သိမ်းဆည်းစဉ်က တွေ့ခဲ့ခြင်းဖြစ်ပြီး ဖုကျန်းသည် အမှန်တကယ်ပင် ထိုသူငယ်ချင်း၏ သဘောအကျဆုံးကျောင်းသားဖြစ်သည်။
ထိုညမှာပင် ဖုကျန်း ဒါရိုက်တာကျောက်ကျင်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ဖုန်းကိုင်လိုက်ပြီးနောက် တစ်ဖက်လူမှ သူ့နာမည်ကိုခေါ်လိုက်သံအား ကြားလိုက်ရသည်။
"ဖုကျန်း....."
".ဘယ်သူပါလဲ......"
ဖုကျန်းက မေးလိုက်သည်။
"ငါ ကျောက်ကျင်......."
ဖုကျန်းသည် အသံအကျယ်ကြီးထွက်ပြီး ချက်ခြင်းပဲ သဘောပေါက်သွားသည်။
".ဒါရိုက်တာကျောက်ဖြစ်နေတာကိုး ကျွန်တော်နဲ့ ဘာကိစ္စများရှိလို့လဲ....."
".မင်း နားမလည်သလို ဟန်ဆောင်မနေနဲ့ အင်တာနက်ပေါ်ကဟာတွေက မင်းတင်လိုက်တာမလား......"
ကျောက်ကျင်က ဖုကျန်းကို ဖုန်းထဲမှတစ်ဆင့် အကျယ်ကြီးမေးလိုက်သည်။
ဖုကျန်းက နှာခေါင်းရှုံ့လိုက်သော်လည်း ဖုန်းကိုတော့ သူ့နားရွက်နားမှ မရွှေ့လိုက်။ စာရွက်စာတမ်းများကို စစ်ဆေးနေသော ကျန်းဟန်ရှုသည်လည်း ကျောက်ကျင်၏အသံကို ကြားလိုက်ရ၍ ဖုကျန်းကို မော့ကြည့်လိုက်သည်။
ဖုကျန်းက ကျန်းဟန်ရှုကို မျက်တောင်ခတ်ပြကာ ပြုံး၍ပြောလိုက်သည်။
"ဒါရိုက်တာကျောက် ဘာများပြောချင်တာလဲမသိဘူး ကျွန်တော်နားမလည်တော့ဘူး......."
"မသိချင်ယောင်ဆောင်မနေနဲ့ မင်းကလွဲရင် ဘယ်သူမှ လုပ်မှာမဟုတ်ဘူး ဒါပေမယ့် မင်းကို တစ်ခုတော့ပြောလိုက်မယ် ဒါတွေထုတ်ပြလိုက်ရုံနဲ့ မင်း ပြန်လာနိုင်မယ်ထင်နေလား ထန်ဝမ်ဝမ်ကို မင်းဘာလုပ်ခဲ့လဲဆိုတာ မေ့များသွားပြီလား မင်းသာ ပေါ်လာလိုက်လို့ကတော့ ဖုမိသားစုရော ကျင်ကျောက်ကရော မင်းကို အလွတ်ပေးမှာမဟုတ်ဘူးနော်......"
ဖုကျန်းကပြောလိုက်သည်။
"ထပ်ပြီးပြောစရာရှိသေးလား....."
ကျောက်ကျင်က ဖုကျန်းကို ကြမ်းကြုတ်စွာ ပြောလိုက်သည်။
".ဖုကျန်း ငါပြောလိုက်မယ် ငါ့ကို ခက်ခဲအောင် လုပ်နိုင်လိမ့်မယ်လို့ စိတ်တောင်မကူးနဲ့......"
ဖုကျန်း၏လေသံမှာ အလွန်တည်ငြိမ်နေပြီး ကျောက်ကျင်၏စကားများကို ရင်ထဲမထည့်။
".ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့......"
ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွား၍ ကျောက်ကျင်ကို သတိပေးလိုက်သည်။
".ဒါနဲ့ ခင်ဗျားတော့ မကြာခင်မှာပဲ တရားရုံးကနေ ဆင့်ခေါ်တဲ့စာ ရတော့မယ်ထင်တယ်......"
ကျောက်ကျင်သည် ဖုကျန်း ထိုဗီဒီယိုများကို အင်တာနက်ပေါ်တင်လိုက်သည်ကိုသာ သိပြီး မိတ္တူကို တရားရုံးသို့ ပေးပို့လိုက်မည်ဟု မထင်ထားမိ။ ကြားကြားချင်းပင် အထိတ်တလန့်ဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
"....
".ဖု..ကျန်း မင်းကိုယ်မင်း ဖုမိသားစုရဲ့သခင်လေးဘဝမှာပဲရှိနေသေးတယ်များ ထင်နေလား လူတိုင်းက ......."
ကျောက်ကျင်ပြောမပြီးခင်ပင် ဖုကျန်းသည် ဖုန်းချကာ သူ့ဖုန်းနံပါတ်ကို ဘလော့လိုက်သည်။ တစ်လောကလုံး တိတ်ဆိတ်သွားပြန်သည်။
ကျန်းဟန်ရှုသည် ခေါင်းကိုယမ်းကာ သူ့လက်ထဲမှ စာရွက်စာတမ်းများကို ဆက်ကြည့်ရန် ခေါင်းပြန်ငုံ့လိုက်သည်။
ဖုကျန်းသည် ကွန်ပျူတာကို ကောက်ကိုင်ကာ ယနေ့ သူဆွဲရမည့် အရောင်ခြယ်ခြင်းကို ဆက်လုပ်လိုက်သည်။ ပုံဆွဲရာမှ ရရှိခဲ့သော ပိုက်ဆံအားလုံးကို ရေတပ်ဝယ်ရန်အတွက် သုံးခဲ့၍ သူ့ပိုက်ဆံအိတ်မှာ တစ်ဖန် ဟောင်းလောင်းဖြစ်သွားပြန်သည်။ အိတ်ပြန်ဖောင်းရန်အတွက် အလုပ်သွက်သွက်လက်လက် လုပ်ရပေဦးမည်။
ထန်ဝမ်ဝမ်က Shazhou Chronicle ကို ဆက်ရိုက်မည်လားတော့ မပြောတတ်။ ဖုကျန်းသည် ပုံဆွဲနေရင်း တွေးလိုက်သည်။ ထန်ဝမ်ဝမ်ထံမှ လျော်ကြေးရရန်မှာ လွယ်ကူလှသည့်ကိစ္စတော့မဟုတ်။ သို့သော် ထိုအရာမှာ လွန်စွာအရေးမပါလှ။ သူသည် ထိုကဲ့သို့သောလူမျိုးများဖြင့် နောက်တစ်ကြိမ် အဆက်အဆံမလုပ်ချင်တော့။
ဒီတစ်ကြိမ်‌တွင်တော့ ကျောက်ကျင်ထံမှ လျော်ကြေးငွေကို ချောချောမွေ့မွေ့ရနိုင်ရန် မျှော်လင့်သည်။ လျော်ကြေးရပြီးပါက အပြီးမသတ်ရသေးသော Shazhou Chronicle ကို ဆက်လက်ဖန်တီးနိုင်မည်ဖြစ်သည်။
ဖုကျန်းသည် အရာအားလုံးကို ကောင်းကောင်းအစီအစဉ်ချခဲ့သော်ငြား ကောအန်းရှန့်က စည်းကျော်လာမည်ဟု မမျှော်လင့်ထားမိ။
ဖုကျန်းနှင့် ညှိနှိုင်းမှုကျဆုံးပြီးနောက် ကျောက်ကျင်သည် ဝေ့ပေါ်တွင် စာအရှည်ကြီးရေးကာ ဗီဒီယိုထဲမှ မျက်နှာဝါးထားသူမှာ မူလလက်ဟောင်းဒါရိုက်တာဖြစ်သော်လည်း သူ့ကို ထုတ်လုပ်သူက သဘောမတွေ့၍ ကျောက်ကျင်ကို အစားထိုးခဲ့ကြောင်း ရှင်းပြခဲ့သည်။ ဘာပဲဖြစ်ဖြစ် အဲဒီ့ပရိသတ်တွေက ထုတ်လုပ်သူကလည်း ဖုကျန်းဆိုတာကို သိမှာမှမဟုတ်တာ။
ကျောက်ကျင်၏စာအရှည်ကြီးသည် လူထုဆက်ဆံရေးအဖွဲ့ ကျရှုံးခြင်း၏ ပြယုဂ်ပင်။ သူ့စာမှာ ရှည်လျားထွေပြားသော်ငြား သက်သေဟူ၍ မပါရှိ။ ရုပ်ရှင်နှင့် ဗီဒီယိုကို ကြည့်မိသူ မည်သူမဆို နွေဦးဟွားရှန်သည် အခြားဒါရိုက်တာ၏ အိုင်ဒီယာဖြစ်ကြောင်း သိနိုင်သည်။ အင်တာနက်သုံးစွဲသူတွေက အရူးမှမဟုတ်တာ။
ရက်အနည်းငယ်အတွင်း ကျောက်ကျင်ပြန်လည်ရရှိခဲ့သော ဂုဏ်သိက္ခာမှာ ပျက်စီးသွားချေပြီ။ ဖုကျန်း ၏ သရုပ်မှန်ကို မဖော်ထုတ်မီမှာပင် ထန်ဝမ်ဝမ်က သူ့ကို ဆက်သွယ်လာသည်။
ရန်သူ၏ရန်သူသည် မိတ်ဆွေဖြစ်သည်။ ကျောက်ကျင်၏အခြေအနေကို စုံစမ်းပြီးနောက် ထန်ဝမ်ဝမ်သည် သူမ၏ အခွင့်အရေးရောက်လာပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ကျောက်ကျင်ကို ရှာရန်ထွက်လာကာ ဖုကျန်းသာသေလျှင် ထိုကိစ္စကို ကူညီရှင်းလင်းပေးပြီး ချောချောမွေ့မွေ့ အဆုံးသတ်ရန် လူတစ်ယောက်ရှာပေးနိုင်ကြောင်း သူ့ကိုပြောလိုက်သည်။ သူသည် သိက္ခာရှိကာ အရည်အချင်းပြည့်ဝသော ဒါရိုက်တာအဖြစ် ဆက်ရှိနေမည်ဖြစ်သည်။
ဖုကျန်းချန်နှင့် အခြားသူများသည် ထန်ဝမ်ဝမ်ကို လိုလားနှစ်သက်ကြသည်ကို ကျောက်ကျင်သိသည်။ အကယ်၍ ဖုကျန်း၏အဖေနှင့် အစ်ကိုသာ သူ့ဘက်မှ ရပ်တည်ပေးမည်ဆိုလျှင် သူ၏ ပျက်စီးသွားသော ဂုဏ်သိက္ခာကို ပြန်လည်အဖက်ဆယ်နိုင်မည်ဖြစ်သည်။
ကျောက်ကျင်မှာ ငရဲသို့ပြုတ်ကျသည့် နာကျင်မှုကို လက်တွေ့ကြုံလိုက်ရ၍ မူးမေ့မတက်ပင်။ ထန်ဝမ်ဝမ်မှာ သူ့အတွက် နောက်ဆုံးကောက်ရိုးမျှင်ဖြစ်၍ မဆိုင်းမတွဘဲ ဆုပ်ကိုင်ထားမည်ဖြစ်သည်။
သူနိမ့်ကျစဉ်က ဒုစရိုက်မှုကျူးလွန်ရန် ဝန်မလေးသော လူများကို ‌ကြုံဖူးသည်။ သူတို့ကို ပိုက်ဆံပေးနေသရွေ့ ဘာမဆို အကုန်လုပ်မည်ဖြစ်သည်။
ဖုကျန်း၏ လက်ရှိလိပ်စာကို ရှာတွေ့သည်နှင့် ကျောက်ကျင်သည် ထိုလူများကို ဆက်လုပ်ရန် အပ်နှံလိုက်သည်။
ဖုကျန်းမှာ လုပ်ကြံမှုအကြောင်းကို လုံးဝမသိခဲ့။ ဆံပင်ညှပ်ရန်အတွက် ဆံပင်ညှပ်ဆိုင်ရှေ့တွင် တန်းစီစောင့်နေကာ ညနေစောင်းတွင်တော့ သူ့ကို လာကြိုသော ကျန်းဟန်ရှုနှင့်အတူ အိမ်ကိုပြန်ခဲ့သည်။
လူသတ်ရန်လာသောသူများမှာ ဖုကျန်း၏ နောက် တွင် ယောကျာ်းတစ်ယောက်ရှိနေသည်ကို မြင်လျှင် ရုတ်တရက် တုန့်ဆိုင်းသွားသည်။ သို့သော် ခေါင်းဆောင်မှာ ရက်စက်သူဖြစ်၍ တိုက်ရိုက်ပဲ ဝင်တိုက်လိုက်လေသည်။