အပိုင်း ၁၂၅ ( Rogue Champion 1 )
Viewers 10k

လူဆိုးလူပေ ချန်ပီယံ 


သူ့အောက်တွင် ပျော့ပျောင်းနူးညံ့သော အိပ်ရာ ရှိပြီး ထူထဲသော စောင်တစ်ထည်ကို ခြုံထားကာ ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုက သူ့နှာခေါင်းထိပ်တွင် သင်းပျံ့နေသည်။ ယန်ကျင်းဇီသည် အချိန်အကြာကြီး အိပ်စက်မိချင်လာသည်။


သို့သော် သူသည် အိပ်ရာမှနိုးထသင့်ပြီဟု ခံစားရသည်။


သူ့လက်ကို ဆန့်ထုတ်ပြီး ယန်ကျင်းဇီသည် သူ့နဖူးကို ပွတ်သပ်လိုက်ချင်သော်ငြား သူ့လက်မှာ ခေါင်းအုံးခံထားရသည်ကို ရုတ်တရက် သိလိုက်ရသည်... သူ တခြားလူတစ်ယောက်နဲ့ အိပ်နေတာလား?


ယန်ကျင်းဇီသည် ထိတ်လန့်စွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး သူ့ဘေးတွင် လဲလျောင်းနေသော လူကို တွေ့လိုက်ရသည်။


ဒါက... ချစ်စရာကောင်းလိုက်တာ၊ လှပလိုက်တာ၊ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ပဲ အား!


ဤအိပ်ပျော်နေသော လူကို ဖော်ပြရန် ဤကမ္ဘာမှ လှပသော နာမဝိသေသနအားလုံးကို အသုံးပြုခြင်းသည်ပင် ဤလူကို စော်ကားခြင်းသာ ဖြစ်လိမ့်မည်ဟု ယန်ကျင်းဇီက ခံစားမိသည်။


ဒီလူက သေမျိုးလူသား မဟုတ်ဘူး!


သူသည် ခဏတာ အသက်ရှူရန် မေ့လျော့သွားပြီး သူတို့နှစ်ဦးစလုံးဟာ အဝတ်အစားကင်းမဲ့နေသည်ကို သတိထားမိကာ သူ့ဘေးမှ လူ၏ ချောမွေ့သော ပခုံးလေးများကို တွေ့လိုက်ရပြီးနောက်တွင်တော့ သူ့နှလုံး ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။ သွေးပူပူတစ်လှိုင်းက သူ့ရင်ဘတ်မှ သူ့ခေါင်းအထိ တိုးတက်လာပြီး ဆက်တိုက်ဆိုသလိုပင် သူ့နှာခေါင်းမှ လျင်လျင်မြန်မြန် နှာခေါင်းသွေးယိုကျလာကာ စောင်ပေါ်သို့ ကျဆင်းသွားသည်။


ယန်ကျင်းဇီ : “ ... ” ရှက်လိုက်တာ! သူ နှာခေါင်းသွေးလျှံနေပြီ!


ဒါပေမယ့် သူ့ကို အပြစ်တင်လို့မရဘူး၊ ဒီမြင်ကွင်းက စိတ်လှုပ်ရှားစရာကောင်းလွန်းတယ်!


ယန်ကျင်းဇီသည် နှာခေါင်းသွေးများကို သုတ်လိုက်ပြီး သူ့ခံစားချက်ကမူ ရွှင်မြူးတက်ကြွနေသည်။


မင်း မြင်မြင်ချင်း ချစ်မိတဲ့ လူက မင်းရဲ့အိပ်ရာထဲမှာ လှဲနေတာလောက် ပိုပျော်စရာကောင်းတာ ရှိလို့လား? မရှိဘူး!


ယန်ကျင်းဇီ၏စိတ်ဟာ ဤအခိုက်အတန့်တွင် မရှင်းမလင်းဖြစ်နေဆဲပင်။ သူသည် သူ့ကိုယ်သူနှင့် ဘယ်နေရာတွင် သူ ရောက်နေကြောင်းတို့ကို မသိပေ။ သူက ကူးပြောင်းလာခြင်း ဖြစ်နိုင်လောက်သည်ဟုသာ သိထားသည်။ 


ဒီကူးပြောင်းမှုအတွက် ကျေးဇူးတင်ပါတယ်!


သူ့ရဲ့ ချစ်ရသူကို ရှာတွေ့စေလို့!


သူ မြင်မြင်ချင်း ချစ်မိသွားပြီ!


ယန်ကျင်းဇီသည် သူ့အိပ်ရာပေါ်တွင် လှဲလျောင်းနေသူကို ကြည့်ကာ အနည်းငယ် ထိတွေ့ချင်သော်လည်း မထိရဲသဖြင့် သူ၏ နှာခေါင်းသွေးများကိုသာ ကမန်းကတန်း ဆက်လက်သုတ်နေသည်။


ဤအချိန်တွင် အိပ်ရာပေါ်မှ လူက လှုပ်ရှားလာသည် : “ ဟင်း... ”


ဒီလူရဲ့အသံကလည်း အရမ်းကောင်းတယ်! သူ့ဘ၀မှာ ကြားခဲ့ဖူးသမျှထဲ အကောင်းဆုံး အသံ ဆိုတာ သေချာတယ်!


ဟုတ်သည်၊ သူ့စိတ်ထဲတွင် ဗလာဖြစ်နေသည်။ သူ အိပ်ရာနိုးလာသော အခိုက်အတန့်က သူ့ဘဝ၏ နိဒါန်းအစ ဖြစ်သော်ငြား ‌နောင်တွင် နောက်ထပ်လူများကို ပို၍မြင်ရလျှင်ပင် ဤလူဟာ သူ့စိတ်နှလုံးသားထဲတွင် အပြီးပြည့်စုံဆုံး ဖြစ်နေလိမ့်မည်ဟု သူသည် ယုံကြည်သည်။


ယခု ဤသို့သော သက်ဝင်ထင်ရှား အလှလေးက သူနှင့်အတူ အိပ်ရာထဲတွင် လှဲလျောင်းနေသည်... ဒါက သူ့အခန်း၊ ဒီလူက သူ့မိန်းမလား?


ဤဖြစ်‌နိုင်ချေကို တွေးမိသော် ယန်ကျင်းဇီသည် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ သို့သော်လည်း ယခုအခိုက်အတန့်တွင် ကျယ်လောင်သော ဆူညံသံတချို့ဟာ အိမ်အပြင်ဘက်မှ ထွက်ပေါ်လာသည်။ အပြင်ဘက်တွင် တစ်စုံတစ်ဦး ရောက်ရှိလာပုံပေါ်သည်။


ဘယ်သူလဲ?! ဒီအချိန်မှာ လူတွေကို လာနှောင့်ယှက်တယ်! ယန်ကျင်းဇီသည် ‌ဒေါသထွက်ပြီး ခေါင်းမူးသွားပြန်သည်။


သူ့စိတ်ထဲတွင် မှတ်ဉာဏ်တချို့ ရုတ်တရက် ပေါ်လာသည်။ သူသည် မကူးပြောင်းခင်မှ အဖြစ်အပျက်များကို မမှတ်မိသော်ငြား မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို ရရှိလိုက်သည်။


အတွေးလွန်သွားသည်။


ဤအခန်းဟာ သူ့အခန်း မဟုတ်၊ ဤအိပ်ရာဟာ သူ့အိပ်ရာ မဟုတ်၊ အိပ်ရာထဲမှ လူဟာလည်း... သူ့လူ မဟုတ်သေးချေ။


“ဂျိုင်းခနဲ” ဖြင့် အခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး ယန်ကျင်းဇီ ဘာမှမလုပ်နိုင်သေးခင်တွင် ကြီးမားသော လူအုပ်ကြီးက အမြန်ဝင်လာကြသည်။


ယန်ကျင်းဇီသည် ခုတင်လက်ရန်းကို ဆွဲကိုင်ကာ ဆောင့်နင်းချလိုက်သည်။


သူ့တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိနေပြီး ယခု... သူသည် မူလပိုင်ရှင်ကို အသေသတ်ချင်နေမိသည်။


မူလပိုင်ရှင်က ဆန်ကုန်မြေလေး တစ်ယောက်ပဲ!


မူလပိုင်ရှင်သည် သုံ့ကူကောင်တီရှိ ရှင်းအန်းကျေးရွာတွင် ဖွားမြင်ပြီး ရှင်းအန်းကျေးရွာမှ လူမိုက်တစ်ဦး၏ သား ဖြစ်သည်။


မူလပိုင်ရှင်၏အဘိုးသည် သားသတ်သမားတစ်ဦး ဖြစ်ပြီး အလွန်အရည်အချင်းရှိကာ မိသားစုတွင်လည်း ငွေတချို့ ရှိသည်။ ထို့ကြောင့် သူသည် မူလပိုင်ရှင်၏ဖခင်ကို နည်းအမျိုးမျိုးဖြင့် အလိုလိုက်ပြီး မူလပိုင်ရှင်၏ဖခင်အား အရက်သောက်ခြင်းနှင့် လောင်းကစားလုပ်ခြင်းတို့ကိုသာ သိရှိသော အမှိုက် ဖြစ်လာအောင် နောက်ဆုံးတွင် ပြုစုပျိုးထောင်ခဲ့သည်။


ဤသို့သားမျိုး ရှိသော သာမန်လယ်သမားမိသားစုဟာ ဧကန်အမှန် ဆိုးဆိုးရွားရွား ဆုံးခန်းတိုင်လိမ့်မည် – မူလပိုင်ရှင်၏အဘိုး စုဆောင်းထားသော ငွေများကို မူလပိုင်ရှင်၏ဖခင်က သုံးဖြုန်းပစ်လိုက်သည်။


သားဖြစ်သူကို ထိန်းချုပ်နိုင်ရန်အတွက် မူလပိုင်ရှင်၏အဘိုးသည် မူလပိုင်ရှင်၏ဖခင်တွင် ဇနီးတစ်ဦး ရရှိရန် နောက်ဆုံးငွေကို အသုံးပြုခဲ့သည်။ ၎င်းကား မူလပိုင်ရှင်၏မိခင် ဖြစ်သည်။


ထို့နောက်တွင်တော့ မိသားစုဘဝဟာ ပိုပိုပြီး ခက်ခဲလာသည်။ မူလပိုင်ရှင် မွေးဖွားလာသောအခါတွင် မိသားစုမှာ ချို့တဲ့နေပြီဖြစ်ပြီး သူတို့၏မြေများကို ရောင်းချပြီးသည့်နောက် အိမ်အနည်းငယ်သာ ကျန်တော့သည်။


သို့သော်လည်း မူလပိုင်ရှင်၏ဖခင်က အတည်အကျ ပြုမူဆောင်ရွက်ရန် ငြင်းဆိုနေဆဲဖြစ်သည်။ မူလပိုင်ရှင်၏အဘိုးနှင့် မူလပိုင်ရှင်၏မိခင်တို့က အလုပ်ကြိုးစား၍ အိမ်အတွက် ပိုက်ဆံတချို့ ပြန်ရှာသော်လည်း သူတို့ထံမှ သူက လုယက်ပြီး အားလုံးကို သုံးဖြုန်းပစ်လိုက်သည်။


သို့ရာတွင် မူလပိုင်ရှင်၏အဘိုးက ဝက်သတ်ကျွမ်းကျင်ပြီး လယ်ထမင်းပွဲများကိုပင် ချက်ပြုတ်တတ်သောကြောင့် မိသားစု၌ ငွေတချို့ ရှိကာ မူလပိုင်ရှင်ဟာ မဆာလောင်ရသကဲ့သို့ အအေးဒဏ်ကိုလည်း မခံစားရခဲ့ချေ။


သို့သော်ငြား မူလပိုင်ရှင် အသက်ငါးနှစ်တွင် မူလပိုင်ရှင်၏အဘိုးသည် သန်းခေါင်ယံ၌ ဝက်သတ်ရန် ထွက်သွားပြီး မြောင်းထဲသို့ ပြုတ်ကျသွားသည်။ သူ့ကို ရှာတွေ့သောအခါ သူသည် သေဆုံးနေပြီးဖြစ်ကာ မည်သို့သေဆုံးသွားမှန်း မည်သူကမျှ မသိခဲ့ကြပေ။


မူလပိုင်ရှင်၏အဘိုးက မည်သို့ပင် ဆုံးပါးသွားပါစေ၊ သူ ကွယ်လွန်ပြီးနောက် သူ့မိသားစုတွင် ဝင်ငွေ လုံးဝ ရှိမလာတော့ချေ။


မူလပိုင်ရှင်၏ဖခင်သည် မူလပိုင်ရှင်ကဲ့သို့ ဆန်ကုန်မြေလေး ဖြစ်သည်။ သူက မူလပိုင်ရှင်၏မိခင်ကို ဦးစွာရိုက်နှက်ပြီး ငွေတောင်းသည်။ ငွေမရတော့သည့်အချိန်တွင်မူ သူက မူလပိုင်ရှင်၏မိခင်ကို ရောင်းစားလိုက်သည်။


တကယ်တော့ မူလပိုင်ရှင်ကို ရောင်းစားလုနီးပါး ဖြစ်ခဲ့သည်။ မူလပိုင်ရှင် ရောင်းစားမခံရခြင်းဟာ မူလပိုင်ရှင်က သူ့မျိုးဆက် ဖြစ်သောကြောင့် ဖြစ်သည်။ သူက မျိုးရိုးချန်ချင်သေးသည်။ ဒုတိယအချက်မှာ ထိုအချိန်တွင် မူလပိုင်ရှင်က အသက်ငါးနှစ်သာ ရှိသေး၏။ သူက တစ်စုံတစ်ဦးထံသို့ သားအဖြစ် ရောင်းစားရန် ကြီးလွန်းလှပြီး အိမ်စေအဖြစ် ရောင်းချရန်လည်း ငယ်လွန်းလှသည်။


မူလပိုင်ရှင်သည် ငါးနှစ်သားအရွယ်ကတည်းက ဖခင်နှင့်အတူ နေထိုင်ခဲ့ပြီး ပြည့်ပြည့်ဝဝ တစ်ခါမှမစားဖူးဘဲ ဆာလောင်စွာဖြင့် ရှစ်နှစ်သားအရွယ်အထိ ကြီးပြင်းလာခဲ့သည်။


လွန်ခဲ့သည့်သုံးနှစ်အတွင်းတွင် မူလပိုင်ရှင်သည် သူ့ဖခင်၏ “အရည်အချင်း” အမျိုးမျိုးကို မြင်တွေ့ဖူးပြီး သူ့ဖခင်၏ နေထိုင်ပုံကိုလည်း မြင်ခဲ့ရကာ များစွာသင်ယူထားသည်။


မူလပိုင်ရှင် ရှစ်နှစ်သားအရွယ်တွင် မူလပိုင်ရှင်၏ဖခင် လူရမ်းကားအိုကြီးဟာ ရန်ဖြစ်ရင်း သေဆုံးသွားသည်။


ထို့နောက် မူလပိုင်ရှင်သည် လူဆိုးတစ်ဦးအဖြစ်... သူ၏ ခမ်းနားထည်ဝါလှသော ခရီးစဉ်ကို စတင်ခဲ့သည်။


မူလပိုင်ရှင်သည် သူ့‌အဖေက အိမ်တွင် ကြီးစိုးနေပြီး အဘိုးနှင့် အမေတို့အား အလေးမထားသည်ကို မြင်ခဲ့ရသည်။ သူသည် သူ့အဖေက မှားနေသည်ဟု မထင်ဘဲ သူ့အဖေက ဂုဏ်သိက္ခာရှိသည်ဟု ခံစားခဲ့ရသည်။ အတိုဆိုရသော် သူ့စဉ်းစားပုံဟာ ငယ်ငယ်ကလေးဘဝကတည်းက ကောက်ကွေ့ချို့ယွင်းနေသည်။  


မည်သို့ပင်ဖြစ်စေ သူက ငယ်ရွယ်သေးပြီး ထိုအချိန်တွင် များများစားစား မလုပ်နိုင်ခဲ့ပေ။ အချိန်အများစုတွင် သူသည် လှည့်ကွက်များနှင့် လိမ်လည်လှည့်ဖြားမှုတို့ကို မှီခို၍ စားစရာအတွက် ငွေရှာခဲ့ရသည်။


အသက်ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်တွင်မူ သူက ပိုပိုပြီး ကြီးမားအရွယ်ရောက်လာသည်။


မူလပိုင်ရှင်၏အဘိုးသည် လူသိများသော ထွားထွားကြိုင်းကြိုင်း အရပ်ရှည်ရှည် လူကြီး ဖြစ်ပြီး သူ၏ ကောင်းကျိုးမပေးသော ဖခင်ကလည်း တကယ် အရပ်ရှည်သည်။ မူလပိုင်ရှင်က အံ့အားသင့်စရာကောင်းလှစွာပင် အသက်ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်တွင် လူကြီးများထက် အရပ်ပိုရှည်နေပြီဖြစ်သည်။


သူက ပြင်းပြင်းထန်ထန်လည်း တိုက်ခိုက်ရဲသည်။


မူလပိုင်ရှင်သည် နောက်ဆုံးတွင် သုံ့ကူကောင်တီ လောင်းကစားဝိုင်း၏ လူဆိုးများထဲမှ တစ်ဦး ဖြစ်လာပြီး ကျေးလက်ဒေသ လူရမ်းကားအဖြစ် သူ့ဘဝကို တရားဝင် စတင်လေသည်။


မူလပိုင်ရှင်တွင် ဝါသနာမရှိဘဲ လောင်းကစားလုပ်ခြင်းကို နှစ်သက်ပြီး လောင်းကစားဝိုင်း၏ လူဆိုး ဖြစ်သောကြောင့် သူက ငွေဆုံးရှုံးလိမ့်မည် ဖြစ်သော်လည်း လောင်းကစားဝိုင်းတွင် တင်သော အကြွေးကို လျှော်ပစ်နိုင်သည်။ သူသည် အသက်ဆယ့်ရှစ်နှစ်အထိ ဤသို့နေထိုင်ခဲ့သည်။


ဇနီးတစ်ဦးနှင့် လက်ထပ်ထိမ်းမြားရန် အချိန်ကျရောက်လာသည်။


ဒါပေမယ့် ဘယ်လိုလုပ်ပြီး မူလပိုင်ရှင်မှာ မိန်းမယူဖို့ ငွေရှိပါ့မလဲ? လောင်းကစားဝိုင်း၏ အခကြေးငွေမှာ သူတစ်ကိုယ်တည်း စားရန်သောက်ရန်အတွက်သာ လုံလောက်သည်။ အနီးအနားတွင် သူတို့၏ သမီးများကို သူ့ကဲ့သို့သော လူနှင့် လက်ထပ်ထိမ်းမြားရန်အား မည်သူကမျှ မလိုလားကြချေ။  


မူလပိုင်ရှင်သည် အလျင်လိုနေပြီး အလုပ်တစ်ခု လက်ခံခဲ့သည်။ ချမ်းသာသော သခင်လေးတစ်ဦးကို လောင်းကစားလုပ်ရန် ဖိတ်ခေါ်ပြီး လောင်းကစားဝိုင်းတွင် သခင်လေး၏ အရာအားလုံးကို ဆုံးရှုံးစေရန် ဟူသော အလုပ်ကို တစ်စုံတစ်ယောက်က သူ့ကို ခိုင်းလာသည်။ သခင်လေးက လောင်းကစားကို စွဲလမ်းသွားလျှင် အကောင်းဆုံးဖြစ်သည်။


သေချာပေါက်ပင် မူလပိုင်ရှင်က ဤကဲ့သို့သော အလုပ်ကောင်းကို သဘောတူပေသည်။ သူက ငွေလက်ခံပြီး သူ၏ လူရမ်းကား ညီအစ်ကိုများကို လိုက်ရှာသည်။ သူက သူတို့ကို သခင်လေး လာမည့် လမ်းတွင် စောင့်နေစေပြီး သခင်လေးကို ဓားပြတိုက်ခိုင်းကာ သူကိုယ်တိုင်ကမူ သခင်လေးကို လာရောက်ကယ်တင်မည်ဖြစ်သည်။ သူရဲကောင်းက သခင်လေးကို ကယ်တင်ခဲ့သည်။


မူလပိုင်ရှင် လှည့်ဖြားခဲ့သော သခင်လေးမှာ သူ မြင်မြင်ချင်း ချစ်မိသွားသည့် သူ့ဘေးတွင် ယခု လှဲနေသူ ဖြစ်ပြီး ဝေ့လင်းရှိူ့ဟု ခေါ်သည်။


မူလပိုင်ရှင်မှ ကယ်တင်ခြင်းခံရပြီးနောက် ဝေ့လင်းရှိူ့သည် မူလပိုင်ရှင်ကို အလွန်ကျေးဇူးတင်ပြီး မူလပိုင်ရှင်ကို အထူးကိုးကွယ်သည်။ မူလပိုင်ရှင်က စားခြင်းသောက်ခြင်းနှင့် တစ်နေကုန် ပျော်ပါးခြင်းတို့ကို ပြောနေသော်ငြား သူက လောင်းကစားလုပ်ရန် ဆန္ဒမရှိပေ။


မူလပိုင်ရှင်သည် သခင်လေးကို လောင်းကစားဝိုင်းထဲသို့ အတင်းဆွဲခေါ်သွားပြီး သခင်လေးက အထဲမှ အနံ့ကြောင့် အန်လုမတတ်ပင် ဖြစ်သွားရသည်။


မူလပိုင်ရှင်တွင် ရွေးစရာ မရှိတော့ဘဲ ဤအစီအစဉ်ကို စွန့်လွှတ်လိုက်ရသည်။ သို့သော် သူ့တွင် အရှုံးမရှိပေ – ဝေ့လင်းရှိူ့သည် အပြုအမူများတွင် ရက်ရောပြီး သူ့အတွက် ငွေသုံးရန် အထူးဆန္ဒရှိသည်။


ဝေ့လင်းရှိူ့၏နောက်မှလိုက်၍ မူလပိုင်ရှင်သည် အရသာရှိပြီး အမွှေးအကြိုင်ကဲသော စားသောက်ဖွယ်ရာများ ကြွယ်ဝသည့် ဘဝတွင် နေထိုင်ခဲ့ရသည်။


သို့ရာတွင် မူလပိုင်ရှင်က ငွေရှိလျှင် အကုန်သုံးတတ်ရာ ဇနီးတစ်ယောက်ကို လက်ထပ်ရန် စုငွေဟာ မလုံလောက်သေးချေ။


ဤအချိန်တွင်ပင် မူလပိုင်ရှင်အား ဝေ့လင်းရှိူ့ကို လောင်းကစားဝိုင်းသို့ ခေါ်ဆောင်ရန် ခိုင်းစေခဲ့သူက မူလပိုင်ရှင်ထံသို့ ထပ်မံရောက်ရှိလာသည်။


ဝေ့လင်းရှိူ့က လောင်းကစားဝိုင်းသို့ သွားရန်ကို ငြင်းဆိုကြောင်း သူတို့က သိထားပြီးဖြစ်သောကြောင့် ဝေ့လင်းရှိူ့ကို ဖြေရှင်းရန် တခြားနည်းလမ်းများကို ထပ်မံစဉ်းစားခဲ့ကြသည် – သူတို့က မူလပိုင်ရှင်ကို ဝေ့သခင်မကြီး၏ မွေးနေ့ပွဲအတွင်း ဝေ့အိမ်သို့ သွားခိုင်းပြီး ဝေ့လင်းရှိူ့ကို သူနှင့် အိပ်ရန် ဖိအားပေးစေကာ နောက်ပိုင်းတွင် သူတို့က လူများကို “အိပ်ရာထဲမှ ကိစ္စကို ဖမ်းရန်” ခေါ်လာမည်ဖြစ်သည်။


သူတို့က ငွေအများကြီး ပေးခဲ့ပြီး လတ်တလောတွင် ဝေ့သခင်မကြီး၏ မွေးနေ့ကြောင့် ဝေ့လင်းရှိူ့က အပြင်ထွက်ပြီး မူလပိုင်ရှင်ကို ငွေမပေးနိုင်သေးချေ... ငွေပြတ်နေသော မူလပိုင်ရှင်က သဘောတူလိုက်သည်။


ရက်ပိုင်းအနည်းငယ်အတွင်းမှာပင် မူလပိုင်ရှင်သည် ငွေအားလုံးကို သုံးခဲ့သည်။ ဤအချိန်တွင် ဝေ့သခင်မကြီး၏ အသက် ၆၀ ပြည့် မွေးနေ့ ကျရောက်လာပြီး မူလပိုင်ရှင်သည် ထိုလူများ၏ စီစဉ်မှုဖြင့် ဝေ့အိမ်တော်ထဲသို့ ဝင်ကာ ဝေ့လင်းရှိူ့၏အခန်းထဲသို့ ဝင်သွားသည်။


ယခု သူသည် ဝေ့လင်းရှိူ့၏အခန်း၊ ဝေ့လင်းရှိူ့၏ အိပ်ရာထဲတွင် ရောက်ရှိနေသည်။


ယနေ့ မူလပိုင်ရှင်က ခိုးဝင်ပြီးနောက် ဝေ့လင်းရှိူ့၏အခန်းထဲတွင် ပုန်းနေကာ ထိုလူများက ဆေးခတ်ခံထားရသော ဝေ့လင်းရှိူ့ကို ခေါ်လာကြသည်။


မူလပိုင်ရှင်က အမျိုးသားများကို စိတ်မဝင်စားဘဲ ဝေ့လင်းရှိူ့ကိုလည်း အတင်းအကြပ် ဘာမှမလုပ်သော်ငြား ထိုလူများ၏ စကားအတိုင်း ထိုလူများ၏စကားအတိုင်း ဝေ့လင်းရှိူ့၏ အဝတ်အစားများကို ချွတ်၍ အတူလှဲလိုက်သည်။


ယခုအခါတွင် အချစ်ဇာတ် ဖမ်းဆီးမည့် လူများ ရောက်ရှိလာလေပြီ။


ယန်ကျင်းဇီသည် မော့ကြည့်လိုက်သောအခါ ပြေးဝင်လာသော လူအုပ်စု၏ အသွင်အပြင်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။


ဤလူအုပ်၏ အများစုမှာ အမျိုးသမီး မိသားစုဝင်များ ဖြစ်ကြပြီး အားလုံးက အထူးတလည် ကြွယ်ကြွယ်ဝဝ ဝတ်စားထားကြကာ များပြားသော အစေခံများနှင့် ခြံရံထားကြသည်...


ဝေ့လင်းရှိူ့၏အခန်းက မသေးငယ်သော်လည်း ထိုလူများ အပြေးဝင်လာပြီးနောက်တွင် လူပြည့်ကျပ်နေသကဲ့သို့ ပုံပေါ်လာသည်။


ယန်ကျင်းဇီက သူတို့ကို ရှင်းလင်းစွာ မြင်ရပြီး သဘာဝကျစွာပင် သူတို့ကလည်း ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့ကို ရှင်းလင်းစွာ တွေ့မြင်ကြသည်။


လူအုပ်ကြီး၏ ရှေ့ဆုံးမှ အဘွားအိုတစ်ဦးက သူ(မ)၏ ရင်ဘတ်ကို ဖိကာ ဆက်တိုက်အော်ဟစ်နေသည် : “ ရွံရှာစရာကောင်းလိုက်တာ၊ အရှက်မဲ့လိုက်တာ! ဒီလူယုတ်မာက ဘယ်လိုတောင် ဒီကိစ္စကို လုပ်ရဲတာလဲ! ”


အဘွားအိုက စကားပြောပြီး ငိုကြွေးနေသည်။ ဤအချိန်တွင် ကျက်သရေရှိသော အကောင်းစား အဝတ်အစားများကို ဝတ်ဆင်ထားသည့် အသက်သုံးဆယ်နှင့်လေးဆယ်ကြားရှိ အမျိုးသမီးတစ်ဦးက အဘွားအိုကို တွဲကူပေးသည် : “ အမေ၊ စိတ်မဆိုးပါနဲ့။ ဒါက နားလည်မှုလွဲတာ ဖြစ်နိုင်လောက်ပါတယ်... ”


“ ဘယ်လိုလုပ် ဒါက နားလည်မှုလွဲတာ ဖြစ်နိုင်မလဲ! ” အဘွားအိုက ဒေါသတကြီးဖြင့် သူ(မ)၏ရင်ဘတ်ကို ဆက်တိုက်ထုနေသည် : “ အိမ်မှာ ဒီလိုကိစ္စမျိုး ဖြစ်တယ်... ငါ ငါ့ဘိုးဘေးတွေကို တကယ် ရှက်မိတယ်! ”


“ အ‌မေ! ”


“ အဘွား! ”


“ သခင်မကြီး! ”


ပတ်ဝန်းကျင်မှ လူများက ခပ်သုတ်သုတ် ဖျောင်းဖျကြသည်။


သို့သော် အဘွားကြီးက ပတ်ဝန်းကျင်မှ လူများကို အဝေးသို့တွန်းထုတ်သည် : “ ငါ့ရှေ့က ဖယ်ကြ! အဲ့ဒီ့မကောင်းဆိုးဝါးကောင်ကို ငါ့ရှေ့ကို ဆွဲခေါ်လာခဲ့ကြစမ်း! ”


အဘွားအို၏အသံ ထွက်ပေါ်ပြီးသည်နှင့်တပြိုင်နက် အစေခံနှစ်ယောက်က ဝေ့လင်းရှိူ့ကို ဆွဲခေါ်ရန် ခုတင်ရှေ့သို့ အမြန်ပြေးသွားကြသည်။


ယန်ကျင်းဇီသည် သူ့ဘောင်းဘီကို မချွတ်ခဲ့သော မူလပိုင်ရှင်ကို အလွန်ကျေးဇူးတင်မိသည်။


သူသည် ဤအချိန်တွင် အပြည့်အဝ နိုးကြားနေပြီး လှိမ့်၍ အိပ်ရာထဲမှ ထွက်ကာ သန်မာသော အစေခံနှစ်ဦးကို လုံးဝ ယဉ်ကျေးမနေဘဲ နှစ်ယောက်စလုံးကို ခြေတစ်ဖက်နှင့် ကန်ထုတ်ပစ်လိုက်သည် : “ အတင့်ရဲလိုက်တာ၊ ငါ့လူကို လာထိရဲတယ်! ”


ယန်ကျင်းဇီသည် ဤအခိုက်အတန့်တွင် လုံးဝဥဿုံ ပြင်းပြင်းထန်ထန် ဒေါသူပုန်ထနေလျက်ရှိပြီး သူတို့နှစ်ဦးစလုံးကို ရိုက်နှက်ပစ်လိုက်သည်။ သူ သူများတွေနဲ့ ရန်ဖြစ်ချင်နေတယ်!


သူသည် ခုတင်ရှေ့တွင် ရပ်နေပြီး သူ့ရှေ့မှ အိမ်ထိန်းနှင့် အစေခံများထက်ပင် အနည်းဆုံး ခေါင်းတစ်လုံး ပိုရှည်‌သည်။ လောင်းကစားဝိုင်းတွင် ရှိခဲ့သော ဤနှစ်ကာလများအားလုံးတလျှောက် သူသည် အစားကောင်းအသောက်ကောင်းများကို လုံလောက်စွာ စားသောက်ခဲ့ပြီး သူ့ခန္တာကိုယ်ကို အထူးသန်မာစေခဲ့သည်။ ယခု သူ၏ပုံစံဟာ အလွန်ခြိမ်းခြောက်နိုင်လွန်းသောကြောင့် အချစ်ဇာတ်ကို လာရောက်ဖမ်းဆီးသူများပင် ခဏတာ ကြောင်အသွားကြသည်။


ဆွေမျိုးတော်သော အမျိုးသမီးငယ်များဆိုလျှင် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ပြည့်နေသော ကြွက်သားများနှင့် အမာရွတ်များကို တွေ့သွားကြပြီးနောက် အထိတ်တလန့်ဖြင့် မျက်လုံးများ မှိတ်လိုက်ကြကာ ထပ်မကြည့်ရဲကြတော့ပေ။


သို့သော် အဘွားအိုသည် မျက်လုံးမမှိတ်ဘဲ ဒေါသကြောင့် သေဆုံးတော့မည့်ဟန်ဖြင့် ယန်ကျင်းဇီကို လက်ညှိုးထိုးပြီး ပြောသည် : “ မင်း၊ မင်း... ”


“ ဘာ ‘မင်း၊ မင်း’ လဲ၊ လူတစ်ယောက်ကို လက်ညှိုးထိုးတာက မယဉ်ကျေးဘူး ဆိုတာ မသိဘူးလား? ” ယန်ကျင်းဇီ လှောင်လိုက်သည်။


ဤအဘွားအိုသည် အလွန်ဟန်ဆောင်တတ်ပြီး သူ(မ)၏ မျက်ဝန်းများထဲတွင်မူ ဝမ်းနည်းမှု မရှိချေ။ သူ(မ)က ဝေ့လင်းရှိူ့ကို စိတ်ထဲမထားသည်မှာ သေချာသည်။ မူလပိုင်ရှင်ကို ဤနေရာသို့ လာခိုင်းသူမှာတောင် သူ(မ) ဖြစ်နိုင်သေးသည်။


ဤသို့စဉ်းစားရင်း ယန်ကျင်းဇီသည် လူအုပ်နောက်ကို ကြည့်လိုက်ရာ အစေခံကဲ့သို့ ဝတ်ဆင်ထားသော အသက် ၅၀၊၆၀ အရွယ် အမျိုးသမီးအိုတစ်ဦးက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြနေကြောင်း တွေ့လိုက်ရသည်။


အဲ့မိန်းမကြီးက မူလပိုင်ရှင်ကို ဒီအခန်းထဲ ပို့လိုက်တာ!


ယန်ကျင်းဇီ၏ စိတ်ထဲတွင် ဒေါသအပြည့်ရှိနေသည်။ ဒီလူတွေအကုန်လုံးကို အဝေးကြီး ရောက်သွားအောင် ကန်ထုတ်ပစ်ချင်တယ်!


ဝေ့လင်းရှိူ့က သနားစရာကောင်းလွန်းတယ်!


မူလပိုင်ရှင်၏ မှတ်ဉာဏ်သည် သူ့စိတ်ထဲတွင် အလွန်ရှင်းလင်းနေပြီး တစ်ချိန်တည်းတွင် မူလပိုင်ရှင်၏ မရေရာသော မှတ်ဉာဏ်အချို့ ရှိနေသေးသည်။


သူသာ ကူးပြောင်းမလာဘူးဆိုလျှင် မူလဇာတ်ကြောင်းအရ ဝေ့လင်းရှိူ့သည် သတိလစ်နေဆဲဖြစ်ကာ အပြင်ဘက်သို့ ကိုယ်လုံးတီးဖြင့် ဆွဲထုတ်ခံရပြီး ကျာပွတ်နှင့် အရိုက်ခံရမည်ဖြစ်သည်။


ဝေ့လင်းရှိူ့သည် မှင်တက်စွာ နိုးလာပြီး ဒါဇင်ပေါင်းများစွာသော ကြိမ်ဒဏ်များကြောင့် အိမ်မှမောင်းထုတ်ခံရစဉ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။


ဝေ့လင်းရှိူ့သည် အဝတ်အစား တစ်ထည်တည်းကိုသာ ဝတ်ထားပြီး သူ့ပစ္စည်း အနည်းငယ်နှင့်အတူ မောင်းထုတ်ခံလိုက်ရသည်။ သူ့တွင် သွားစရာမရှိချေ။ သူသည် ဆေးဆိုင်သို့ ဦးစွာသွား၍ နာကျင်မှုအတွက် ဆေးတချို့ကို ဝယ်ယူကာ မူလပိုင်ရှင်ထံသို့ သွားသည်။


စကားမစပ် ဝေ့လင်းရှိူ့ အရိုက်ခံရချိန်တွင် မူလပိုင်ရှင်သည် ဝေ့အိမ်တော်မှ ထွက်ပြေးလာသည်။ ဝေ့လင်းရှိူ့က ဆတ်ခနဲ နှိုးလာမှသာ သူနှင့် မူလပိုင်ရှင်တို့ဟာ အိပ်ရာတစ်ခုတည်းတွင် လှဲနေခဲ့ကြောင်း သဘောပေါက်သွားရသည်။


ဤလူဟာလည်း တကယ်ပင် တုံးအလွန်းသည်။


မူလပိုင်ရှင်က သူ့ကို ကယ်တင်ပြီးနောက် သူသည် မူလပိုင်ရှင်ကို အထင်ကြီးကာ မူလပိုင်ရှင်ကို ချစ်မိသွားသည်။ ထို့ကြောင့် သူက ဤအဖြစ်အပျက်ကို သိလိုက်ရသောအခါတွင် ‌ဒေါသသိပ်မထွက်ဘဲ မူလပိုင်ရှင်က သူ့ကို သဘောကျသဖြင့် သူ့ထံသို့ လာ၍ သူနှင့် အိပ်သည်ဟုသာ တွေးသည်။ ယခု လူတိုင်းက ဤကိစ္စကို သိသွားသောအခါ သူသည် မူလပိုင်ရှင်နှင့် သူ့ဘဝတွင် နေထိုင်သွားချင်ခဲ့သည်။


မူလပိုင်ရှင်က သူနဲ့နေမှာလား?


သေချာပေါက် မဟုတ်ဘူးပေါ့!


ကြိမ်ဒဏ်များဖြင့် ဖုံးလွှမ်းနေသော ဝေ့လင်းရှိူ့သည် မူလပိုင်ရှင်ကို ရှာတွေ့သွားသည်။


အစပိုင်းတွင် မူလပိုင်ရှင်သည် ဝေ့လင်းရှိူ့က သခင်လေးတစ်ဦး ဖြစ်ပြီး ငွေရှိမည်ဟု တွေးခဲ့သောကြောင့် သူ့ဇာတိရုပ်ကို မပြခဲ့ချေ။ သူက ဝေ့လင်းရှိူ့ကို ချော့ပြီး ဝေ့လင်းရှိူ့ကို ငွေတောင်းခဲ့သည်။


သို့သော် ဝေ့လင်းရှိူ့ အိမ်မှမောင်းထုတ်ခံရချိန်တွင် သူ့၌ ငွေအများအပြား မရှိပေ။ နှစ်ရက်အတွင်း မူလပိုင်ရှင်က သူထံမှ ငွေအားလုံးကို ရှင်းလင်းလိုက်သည်။ သူသည် ငွေရှာရန်အတွက် စဉ်းစားရုံသာ တတ်နိုင်သည်။ ဒါပေမယ့် ဘယ်လိုလုပ် သူ့လို သခင်လေးက ငွေရှာနိုင်မှာလဲ? သူ ရှာနိုင်တယ်ဆိုရင်တောင် သူ အလုပ်အရမ်းကြိုးစားပြီး ရှာလာတဲ့ ငွေနည်းနည်းလေးက မူလပိုင်ရှင်ရဲ့ အသူတစ်ရာနက်တဲ့ တွင်းကို ဘယ်လိုဖြည့်နိုင်မှာလဲ?


ထို့အပြင် သူက မူလပိုင်ရှင်တွင် ပြဿနာရှိနေကြောင်းကို သိသွားသောကြောင့် ငွေထပ်မပေးတော့ပေ။


ရလဒ်ကမူ မူလပိုင်ရှင်က ဝေ့လင်းရှိူ့ထံမှ ငွေတောင်းမရတော့သဖြင့် ငွေစလုတော့သည်။ ငွေခိုးပြီးနောက် သူသည် သူ့အဖေက သူ့အမေကို လုပ်ခဲ့သည့်အတိုင်း ဝေ့လင်းရှိူ့ကို ရိုက်နှက်လိုက်သေးသည်။


ဝေ့လင်းရှိူ့သည် မူလပိုင်ရှင်၏ ရိုက်နှက်ခြင်းကို ခံရပြီး ဒဏ်ရာများ ရရှိကာ နာကျင်မှုကို သက်သာစေသော ဆေးကို ဝယ်ရန်ပင် ငွေမရှိခဲ့ပေ။ သူသည် သူ့ဗိုက်ကိုဖြည့်ရန်အတွက်ပင် အပြင်ထွက်ပြီး ငွေရှာရန် ကြိုးစားခဲ့ရသည်။


မူလပိုင်ရှင်က အကြိမ်ကြိမ် ရိုက်နှက်ခဲ့ပြီး ဝေ့လင်းရှိူ့ထံမှ တကယ်ပင် ငွေမညှစ်ထုတ်နိုင်တော့ကြောင်းကို သိသွားသည်။ ထို့ကြောင့် သူက သူ့အဖေ၏ခြေရာကို နင်းလာသည် – သူက ပိုက်ဆံဖြင့် ဇနီးတစ်ယောက်ကို လက်ထပ်နိုင်စေရန်အတွက် ဝေ့လင်းရှိူ့ကို ရောင်းစားရန် ကြံစည်ခဲ့သည်။


သေချာတာပေါ့၊ သူက တွေးရုံသာ တွေးပြီး တကယ် ငွေရပြီးလျှင် အားလုံးကို သုံးပစ်လိုက်မည်မှာ ဖြစ်နိုင်ချေမြင့်မားသည်။


မူလပိုင်ရှင်က အကြံကောင်းဟု ထင်ပြီး ဝေ့လင်းရှိူ့ကို ပြောပြသည်။


ရလဒ်ကမူ သူ့ထံမှ အရိုက်ခံရသော်ငြား တစ်ခါမှ ထွက်မပြေးခဲ့သော ဝေ့လင်းရှိူ့က ထိုသို့ကြားရပြီးနောက် ထွက်ပြေးချင်ခဲ့သည်... 


မူလပိုင်ရှင်ကို ရန်စရန်မှာ မလွယ်ကူချေ။ သူသည် ဝေ့လင်းရှိူ့ ထွက်ပြေးမည်ကို စိုးရိမ်သောကြောင့် ဝေ့လင်းရှိူ့ကို ထပ်မံရိုက်နှက်လိုက်ပြီး မတော်တဆ သတ်မိလိုက်သည်...


ထို့အပြင် မူလပိုင်ရှင်က လူသတ်မိခြင်းကို အလေးအနက် မထားချေ။ သူက ညည်းညူပြီး “ကံဆိုးတာပဲ” ဟု ပြောပြီး ဝေ့လင်းရှိူ့ကို မြစ်ထဲသို့ ပစ်ကာ အရက်သွားသောက်၍ လောင်းကစားပြုလုပ်ပြန်သည်။


ဝေ့လင်းရှိူ့က သူနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် နေမယ်လို့ တွေးခဲ့ပေမယ့် အဲ့လိုအခြေအနေနဲ့ အဆုံးသတ်သွားရတယ်!


ယန်ကျင်းဇီသည် ဤသို့တွေးမိသော် သူ့မျက်ဝန်းများမှာ နီရဲနေပြီး ခပ်တင်းတင်း အံကြိတ်ထားလျက်ရှိသည်။


သူ သ

ဘောကျရတဲ့ လူက အရမ်းကို ဆိုးဆိုးရွားရွား ဖျက်ဆီးခံလိုက်ရတယ်!


အခု သူက သူ့ကိုယ်သူ မသတ်နိုင်သေးတော့ သူ့ရှေ့က လူတွေအကုန်လုံးကို သေစေချင်တယ်!