မူလပိုင်ရှင်သည် အလွန့်အလွန် အရပ်ရှည်လှပြီး ဤသုံ့ကူကောင်တီတွင် သူ့ထက် ပိုအရပ်ရှည်သူ မရှိလုနီးပါးပင်။
ဤအခိုက်အတန့်၌ ယန်ကျင်းဇီသည် ခုတင်အစွန်းတွင် မတ်တပ်ရပ်နေပြီး အမျိုးသမီးဆွေမျိုးများကို မာန်ပါပါနှင့် ကြည့်နေရာ အမျိုးသမီးဆွေမျိုးများဟာ အနည်းငယ် ကြောက်လန့်သွားကြသည်။ တချို့လူများက မသိစိတ်မှပင် နောက်ဆုတ်မိလိုက်ကြကာ ပွဲကြည့်မည့် အမူအရာများလည်း ပျောက်ကွယ်သွားကြသည်။
ယန်ကျင်းဇီကို ခေါ်ဆောင်လာသော အစေခံမိန်းမကြီး၏ မျက်နှာကမူ ပို၍ပင် အရုပ်ဆိုးနေ၏။
“ ဒီလူကို ဒီကနေ မြန်မြန် မောင်းထုတ်လိုက်ကြစမ်း! ” အိုမင်းသော ဝေ့သခင်မကြီးသည် ကိစ္စအများအပြားကို မြင်ဖူးသူ ဖြစ်သဖြင့် အသိပြန်ဝင်လာသော ပထမဆုံးလူ ဖြစ်သည်။
သို့သော် မည်သူကမျှ မလှုပ်ရှားဝံ့ကြပေ။
ယန်ကျင်းဇီရဲ့ လက်ဖဝါးက သူတို့ခေါင်းတွေထက် ပိုကြီးတယ်!
ယန်ကျင်းဇီသည် ဤလူများကို လှောင်ကြည့်ကြည့်သည်။ သူသည် ခဏတာ လိုက်ကြည့်ပြီးနောက် ခုတင်ဘေးမှ စားပွဲဝိုင်းငယ်လေးကို ဆွဲယူကာ ဤလူများကို ထိုးညွှန်လိုက်သည် : “ မင်းတို့အားလုံး ထွက်သွားကြ! ”
ယန်ကျင်းဇီသည် သူ ဘာဆက်လုပ်ရမည်ကို သေသေချာချာ စဉ်းစားပြီးပြီဖြစ်သည်။ မဖြစ်မနေ ဝေ့လင်းရှိူ့နှင့် ထွက်သွားရမည်။
ဝေ့မိသားစုမှ တစ်စုံတစ်ယောက်သည် ဝေ့လင်းရှိူ့ကို သည်းမခံနိုင်သောကြောင့် ဝေ့လင်းရှိူ့ကို ချောက်ချရန် မူလပိုင်ရှင်အား ဤနေရာသို့ ပို့လိုက်သည်။ သူ့ယခင်ဘဝမှ ဝေ့လင်းရှိူ့၏ အဆုံးသတ်ဟာလည်း ဝေ့မိသားစုတွင် မည်သူကမျှ ဝေ့လင်းရှိူ့ကို တွေးမပူပေးကြောင်း ပြသနေသည်။
ဤလူများက ဝေ့လင်းရှိူ့ကို မလိုချင်သော်ငြား သူက လိုချင်သည်။
သူသည် ဝေ့လင်းရှိူ့ကို အဝေးသို့ခေါ်သွားချင်၏။
“ အတင့်ရဲလိုက်တာ! ” ဝေ့သခင်မကြီးက ယန်ကျင်းဇီကို ဒေါသတကြီး ကြည့်သည်။
“ ငါက အရမ်းသတ္တိရှိတယ်၊ အဲ့တော့ ဘာဖြစ်လဲ? ” ယန်ကျင်းဇီက လှောင်ရယ်ပြီး သူ့လက်ထဲမှ စားပွဲကို ဝှေ့ယမ်းလိုက်သည်။
ဝေ့သခင်မကြီး၏နောက်မှ လူများက လျင်မြန်စွာ နောက်ဆုတ်သွားကြကာ ဝေ့သခင်မကြီးကလည်း အလွန်မြန်သော အရှိန်ဖြင့် လှည့်၍ ထွက်ပြေးသွားသည်။
ဤလူများ ထွက်သွားသောအခါ ယန်ကျင်းဇီသည် စားပွဲကို သယ်ပြီး တံခါးကို ခံပိတ်လိုက်ကာ ဝေ့လင်းရှိူ့ကို ကြည့်ရန် ခေါင်းပြန်လှည့်လိုက်သည်။
ဝေ့လင်းရှိူ့က မျက်လုံးဖွင့်ပြီး သူ့ကို ကြည့်နေသည်။
ဝေ့လင်းရှိူ့ နိုးနေပြီလား? ခုနက သူ့ပုံစံက အရမ်းကြမ်းတမ်းနေတယ်၊ မြင်သွားသေးလား? ယန်ကျင်းဇီသည် စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ထဲမှ စားပွဲကို ချလိုက်သည်။
ဝေ့လင်းရှိူ့သည် အိပ်ရာနိုးလာခဲ့သည်။ သူသည် သူ့ရှေ့တွင် ရပ်နေသော လူကို ကြည့်ပြီး မျက်တောင်ခတ်လိုက်၏ : “ အစ်ကိုယန်... ”
“ လင်းရှိူ့၊ ငါပါ။ ” ယန်ကျင်းဇီက ဆိုသည်။
“ အစ်ကိုယန်... ” ဝေ့လင်းရှိူ့သည် အပေါ်ပိုင်း ဗလာကျင်းနှင့် ယန်ကျင်းဇီကို မြင်နေရပြီး အိပ်မက်မက်နေသည်ဟုသာ ထင်သည်။ သူ တောင့်ခဲသွား၏။
သူသည် ဤရက်အနည်းငယ်အတွင်းတွင် တကယ်ပင် မသက်မသာဖြစ်နေခဲ့သည်။
သူတို့ဝေ့မိသားစုသည် သုံ့ကူကောင်တီတွင် ဆွေစဉ်မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ပြီး လယ်သမားများနှင့် စာပေပညာရှင်များ၏ မိသားစုလည်း ဖြစ်သည်။
မိသားစုတွင် အထက်တန်းအရာရှိတစ်ဦး တစ်ခါမှမရှိခဲ့ဖူးသော်ငြား သူတို့၏ မျိုးဆက်တိုင်းနီးပါးတွင် *Juren တစ်ဦး ရှိသည်။ Juren ၏ ကျော်ကြားမှုနှင့်ဆိုလျှင် အဆင့်ကိုးအရာရှိတစ်ဦး ဖြစ်နိုင်ပြီး သို့မဟုတ် အကျိုးအမြတ်ဖြစ်ထွန်းနိုင်သော လူများကို စာသင်၍ ပညာသင်ကြားပေးရန်လည်း ဖြစ်နိုင်သည်။
*[ Juren - ( ထောက်ခံချက်ရရှိသူ ) သုံးနှစ်တစ်ကြိမ် စီရင်စု စာမေးပွဲကို အောင်မြင်ပြီးသော အရည်အချင်းပြည့်မှီသည့် ဘွဲ့ရပညာရှင် (#3) ]
သူ့ဖခင်သည် ဖူချန်မှ အကယ်ဒမီတွင် စာသင်သော Juren တစ်ဦး ဖြစ်ပြီး သူသည် ပထမဇနီးမှ ချန်ရစ်ခဲ့သော ကလေး ဖြစ်သည်။
သူ့မိခင်က ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆုံးပါးသွားပြီး မကြာမီ သူ့ဖခင်က နောက်အိမ်ထောင် ထပ်ပြုသည်။ သူသည် သူ့မိထွေး မိတ်ဆက်ချိန်တွင် အသက်သုံးနှစ်သာ ရှိသေးပြီး ဘာမှမသိသေးပေ။ သူ(မ)က သူ့မိခင်ဟု ကြားရသော် သူက သူ(မ)ကို ‘အမေ’ ဟု ပျော်ရွှင်စွာ ခေါ်ခဲ့သည်။
သူ့မိထွေးသည် သူ့ကို အလွန်ကြင်နာပြီး သူက သူ(မ)အပေါ် အလွန်ရိုသေကာ သူ့မိထွေးနှင့် ပို၍ပင် ရင်းနှီးလာခဲ့သည်... မျက်စိတစ်မှိတ်အတွင်း ဆယ့်ငါးနှစ်ဟာ ကုန်လွန်သွားသည်။
မိထွေးက သူ့ကို နူးညံ့ညင်သာစွာ အမြဲပြောလေ့ရှိပြီး သူ့ကို ဘယ်တော့မှ အပြစ်မတင်ခဲ့ချေ။ တစ်ခါတစ်ရံတွင် သူသည် သူ့မိထွေးက သူ့ကို သူ(မ) မွေးထားသော ညီနှစ်ဦးထက်ပင် ပိုချစ်သည်ဟု ခံစားရပြီး ၎င်းကို အလွန်ဂုဏ်ယူမိသည်။ သူသည် အပျော်ကြိုက်သူတစ်ဦးလည်း ဖြစ်ပြီး စာလေ့လာရန် မကြာခဏ ငြင်းဆန်လေ့ရှိသည်။ သို့ရာတွင် သူ့မိထွေးကို ငွေတောင်း၍ အပြင်ထွက်ကစားဖို့တော့ သိရှိသည်။
သူ့ညီသည် သူ့ထက် နှစ်နှစ်ပိုငယ်သည်။ သူသည် *Tongsheng တစ်ဦး ဖြစ်နေပြီးဖြစ်ကာ *Xiucai ဖြစ်ရန် စာမေးပွဲအတွက် ပြင်ဆင်နေသည်။ တစ်ဖက်တွင်မူ သူသည် ဘာမှမဟုတ်ဘဲ စကားလုံးများကို မှတ်မိနိုင်ရုံသာ ဖြစ်ပြီး အလွန်အသုံးမကျပေ။
*[ Tongsheng - ( စာသင်သားပေါက်စ ) ကောင်တီ စာမေးပွဲကို အောင်မြင်ပြီးသော ဝင်ခွင့်စာမေးပွဲတွင် စာဖြေဆိုမည့်သူ (အနိမ့်ဆုံး #5) ]
*[ Xiucai - ( အသိအမှတ်ပြုခံပြီးသော ပါရမီရှိသူ ) အကယ်ဒမီ စာမေးပွဲ အောင်မြင်ပြီးသော ဝင်ခွင့်အဆင့်ဘွဲ့ရသူ (#4) ]
တကယ်ပင် ဝေ့လင်းရှိူ့သည် ယခင်က ဤအကြောင်းကို တစ်ခါမှ မတွေးခဲ့ဖူးဘဲ သူ၏ မသိစိတ်ကလည်း အလိုလိုရှောင်ဖယ်သွားခဲ့သည်။ ဤအချိန်တွင် ဤခံစားချက်များကို လွန်ခဲ့သော ရက်အနည်းငယ်ခန့်မှစ၍ ပြောရမည်ဖြစ်သည်။
သူသည် လွန်ခဲ့သော ရက်အနည်းငယ်က ယန်ကျင်းဇီနှင့် သိကျွမ်းခဲ့ပြီး ယန်ကျင်းဇီနှင့် အမြဲကစားခဲ့ကာ ကိစ္စများစွာကို မြင်တွေ့ခဲ့ရသည်။ ဤဖြစ်ရပ်ဟာ သူ့အဘွား၏ မွေးနေ့ကြောင့် အိမ်ပြန်လာသော သူ့ဖခင်၏ စိတ်မကျေနပ်မှုကို ဖြစ်စေမိသည်။ သူ့ဖခင်က သူ့ကို အိမ်အပြင်ထွက်ခွင့် ပိတ်ပင်ပြီး သူ့ကို ဗုဒ္ဓကျမ်းစာများ ကူးရေးခိုင်းသည်။
သူသည် သူ့အဘွားနှင့်အတူ ဗုဒ္ဓကျမ်းစာများကို မကြာခဏ ကူးရေးနေကျဖြစ်ပြီး အလွန်လျင်လျင်မြန်မြန်ဖြင့် ရေးသားခဲ့သည်။ စာရေးပြီးနောက် သူသည် ယန်ကျင်းဇီကို လွမ်းဆွတ်သောကြောင့် နံရံပေါ်မှ ကျော်တက်ကာ ယန်ကျင်းဇီနှင့် ကစားရန် အပြင်ထွက်ရှာချင်ခဲ့သည်။ မမျှော်လင့်ထားသည်မှာ သူသည် အနောက်ခြံဝန်းရှိ တံတိုင်းပေါ်သို့ တွယ်တက်တော့မည့်အချိန်တွင် သူ့မိထွေးက သူ့ညီနှင့် လာနေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။
သူသည် ဝါးကန်နောက်တွင် ပုန်းခိုလိုက်ပြီး သူ့မိထွေးက သူ့ညီကို ပြောနေသော စကားကို ကြားလိုက်ရသည် : “ အဲ့အမှိုက်ကောင်၊ မင်းအစ်ကိုလိုမျိုး မဖြစ်စေနဲ့။ ”
သူသည် “အမှိုက်ကောင်” စကားလုံးကို ကြားလိုက်ရသောအခါ မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။
သူ့မိထွေးက သူ့ကို သူ၏ ဉာဏ်ရည်နှင့် ကြည့်ကောင်းသော ရုပ်ရည်တို့ကြောင့် အမြဲချီးကျူးခဲ့သော်လည်း နောက်ကွယ်တွင် သူ့ကို အလွန်သဘောမကျဖြစ်နေလိမ့်မည်ဟုတော့ မထင်ထားမိပေ...
“ ကျွန်တော့်အစ်ကိုက အမှိုက်ကောင် ဖြစ်နေရင်တောင် အဘွားက သူ့ကို အလိုလိုက်နေတုန်း မဟုတ်ဘူးလား? အဖေက သူ့အပေါ်မှာ ပေတံတစ်ချောင်းနဲ့တောင် ရိုက်ခဲ့ဖူးလား? သူက အဲ့ဒီ့လူမိုက်နဲ့ တစ်နေကုန် နေတာတောင် အဖေက သူ့ကို ဗုဒ္ဓကျမ်းစာတွေ ကူးဖို့ပဲ အပြစ်ပေးတယ်။ ” သူ့ညီတွင် နာကြည်းမှုများ ပြည့်နေသည်။
“ အဲ့ဒါတွေအကုန်လုံးက သူ့ဦးလေးမှာ အရည်အချင်း ရှိနေလို့။ ဒါပေမယ့် အနာဂတ်မှာ ပြောဖို့ခက်တယ်... မြို့တော်က လာတဲ့ သတင်းတွေက မင်းအစ်ကိုရဲ့ ဦးလေး ရာထူးအဆင့် လျှော့ချခံရတယ်လို့ ပြောနေတယ်။ စောင့်သာစောင့်နေ! သူ့မှာ ရက်ကောင်းလေးတွေ နည်းနည်းတောင် မကျန်တော့ဘူး! ” မိထွေးက ဝင့်ကြွားနေသည်။
“ သူက အဖေ့ရဲ့သား... ”
“ မင်းအဖေက သူ့ကို မကြိုက်ဘူး! ”
ဝေ့လင်းရှိူ့သည် တံတိုင်းပေါ်သို့ ကျော်တက်ချင်ခဲ့သော်လည်း နောက်ဆုံးတွင် ဖရိုဖရဲပုံစံဖြင့် အခန်းသို့ ပြန်ရောက်လာပြီး ဗုဒ္ဓကျမ်းစာများကို နောက်ထပ်နှစ်ကြိမ် ကူးယူလိုက်သည်။
သူသည် ရုတ်တရက် နားလည်သွားရသည်။ သူ့မိထွေးက သူ့ကို အရာရာ နောက်မှလိုက်ပြီး ဝမ်းသာပျော်ရွှင်စွာ ငွေပေးခဲ့သော်ငြား သူ့နှင့် တစ်ခါမှ နီးနီးကပ်ကပ် မနေခဲ့ချေ။ သူသည် ငယ်စဉ်က သူ့မိခင်ဘေးတွင် နေချင်ခဲ့ပြီး သူ(မ)က ဘယ်တော့မှ မငြင်းဆိုခဲ့ဘဲ သူ(မ)၏ အစေခံများကိုသာ သူ့ကို ခေါ်သွားခိုင်းသည်။
သူသည် သူ့ဖခင် ပြန်လာသောအခါ သူ့ညီလေးနှစ်ယောက်နှင့် အမြဲစကားပြောပြီး သူ့ညီလေးနှစ်ယောက်ကို စိုက်ကြည့်ကာ သူ့ရှေ့တွင်တော့ ဘာမှပြောစရာမရှိခဲ့ကြောင်းကိုလည်း တွေးမိသည်။
ထို့အပြင်... ဗုဒ္ဓကျမ်းစာများကို ကူးယူရန် သူ့ကို အမြဲခေါ်သွားလေ့ရှိသော အဘွားကလည်း သူ့ကို သေချာပေါက် မနှစ်သက်လောက်ပေ။ သူသည် သူနှင့် အတူကူးရန် သူ့ညီကို မေးဖူးသော်လည်း သူ့အဘွားက သူ့ကို ချက်ချင်း ဟန့်တားပြီး သူ့ညီကို မကူးယူခိုင်းခဲ့ပေ။
…..
သူသည် ယခင်က ဤအကြောင်းများကို မတွေးဝံ့ခဲ့ရုံသာ။
ဝေ့လင်းရှိူ့သည် ဤရက်များအတွင်း ယောင်ချာချာပုံစံဖြင့် နေထိုင်နေခဲ့သည်။ ယနေ့တွင် သူသည် အရက်များကို အလွန်အကျွံ သောက်ခဲ့သဖြင့် သူ့အနားတွင် ဆူညံသံများကို မကြားရခင်အထိ အိပ်ရာမနိုးခဲ့ပေ။ အိပ်ရာနိုးလာချိန်တွင် သူသည် ယန်ကျင်းဇီကို တွေ့လိုက်ရသည်။
သူသည် အနည်းငယ် မှားယွင်းနေသည်ဟု ခံစားမိသည်။
“ ဘာဖြစ်လို့လဲ? မင်း အဆင်မပြေဖြစ်နေတာလား? ” ယန်ကျင်းဇီသည် ခေါင်းငုံ့ကာ မေးသည်။
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီ၏မျက်နှာကို တွေ့သောအခါ သူ့နှလုံးခုန်သံဟာ နှစ်ကြိမ်စာ ရပ်သွားသည်။
ယန်ကျင်းဇီ၏ပုံစံမှာ ကြမ်းတမ်းပြီး ရိတ်မထားသော မုတ်ဆိတ်မွေးငုတ်တိုနှင့် ရှုပ်ရှုပ်ပွပွ ဆံထုံးက ဖရိုဖရဲအလွန်ဖြစ်ကာ အနည်းငယ်လည်း လျော့ရဲနေပုံရသည်။ သို့ရာတွင် သူသည် အကြောင်းအရင်း မသိရှိဘဲ ဤလူကို နားမလည်နိုင်လောက်အောင် သဘောကျမိပြီး သူ့အိပ်မက်များတွင် ဤလူနှင့် ပြည့်နှက်နေသည်။
သူသည် ဤလူကို ယနေ့တွင် တွေ့ရပြီး နည်းနည်းပိုကြိုက်မိသည်။
တကယ်တော့ သူ့ဖခင်က သူ့ကို မနှစ်သက်သည်မှာ အကြောင်းခံကောင်းများ ရှိသည်။ သူက တစ်ကိုယ်ကောင်းဆန်ပြီး အမျိုးသားများကို သဘောကျသည်။
သူ မက်တဲ့ အိပ်မက်တွေကို ကြည့်ဦး! ယန်ကျင်းဇီနဲ့ အရမ်းအံ့ဩစရာကောင်းတဲ့...
ခဏ၊ ဝေ့လင်းရှိူ့သည် တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူသည် ယန်ကျင်းဇီ၏ကိုယ်မှ လာသော ခပ်ဖျော့ဖျော့ ရနံ့ကို ရလိုက်ပြီး တံခါးအပြင်ဘက်မှ ကျွက်ကျွက်ဆူသံကို ကြားလိုက်ရသည် : “ ရှက်စရာပဲ။ ”
“ အဲ့အကောင်၊ သူက မိသားစုကို တကယ် အရှက်ကွဲစေတာပဲ! ”
“ အဘွား၊ စိတ်လျှော့ပါ... ”
ဝေ့လင်းရှိူ့သည် သူ အိပ်ရာနိုးနိုးချင်းတွင် သူ့အခန်းထဲ၌ လူများ ရှိနေကြောင်းကိုလည်း သတိရသွားသည်။
သူသည် ချက်ချင်း အသိပြန်ဝင်ပြီး ဖြစ်ပျက်ခဲ့သမျှကို သဘောပေါက်သွားသည်။
သူနှင့် ယန်ကျင်းဇီတို့ကြားမှ ကိစ္စကို သိသွားကြပြီ။
“ ယန်၊ ယန်ကော... ဘာဖြစ်နေတာလဲ? ” ဝေ့လင်းရှိူ့ တောင့်ခဲသွား၏။
“ မင်းတို့အိမ်က အစေခံတစ်ယောက်က မင်း ငါ့ကို ရှာနေတယ်လို့ လာပြောတယ်။ ငါ သူနဲ့အတူတူ ဒီအခန်းထဲကို ဝင်လာခဲ့တယ်။ ဝိုင်အရက်နှစ်ခွက် သောက်ပြီးတော့ ငါ ဆေးမိပြီး သတိလစ်သွားတယ်။ ငါ အိပ်ရာနိုးတဲ့အချိန်မှာ ငါတို့က ခုတင်ပေါ်မှာ ဒီလိုလှဲနေကြတာပဲ။ ” ယန်ကျင်းဇီသည် သူ့မျက်နှာပေါ်တွင် အမူအရာတစ်ခုမှ မပြောင်းလဲဘဲ လိမ်လိုက်သည်။
သူသည် သူ့ဇနီးကို လိုချင်နေဆဲဖြစ်သည်။ သို့သော် သူသည် ငွေလက်ခံပြီး သူ့ကို ထောင်ချောက်ဆင်ခဲ့ကြောင်းကို သိခွင့်မပေးနိုင်ပေ။
ဝေ့လင်းရှိူ့၏မျက်နှာက ဖြူဖျော့သွားသည် : “ သူတို့က ငါ့ကို မလိုချင်ဘူး... ” ဤလူက ဆန်အရက်တချို့ကိုသာ သောက်ခဲ့သည်ဟု ပြောသည်။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် အိပ်ပျော်သွားရသနည်း...
ဘယ်သူက သူ့ကို ဒုက္ခပေးချင်တာလဲ?
ယန်ကျင်းဇီသည် သူ့ကို ဤသို့တွေ့သော် တစ်ခုခုကြုံတွေ့ခဲ့ကြောင်းကို မှန်းဆမိလိုက်သည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များထဲတွင် ဝေ့လင်းရှိူ့ဟာ ပျက်စီးနေသော သခင်လေးတစ်ဦး ဖြစ်ပြီး ကစားခြင်းနှင့် အပျော်အပါးတို့ကို နှစ်သက်သည်။ သူက လောင်းကစားမလုပ်သည့်အပြင် ဆိုးရွားသော ကိစ္စများကို မပြုလုပ်သော်ငြား တစ်နေကုန် လမ်းမပေါ်တွင် / ခွေးများကို ကျောင်းလျက် လမ်းလျှောက်ကာ ကျေးငှက်များကို ကျီစယ်ပြီး / လေးလေးနက်နက် ကိစ္စများကို တစ်ခါမှ မပြုလုပ်ဖူးချေ။
ဒါပေမယ့် နောက်ပိုင်းမှတ်ဉာဏ်တွေထဲမှာရော? မူလပိုင်ရှင်၏ အကြိမ်းအမောင်းနှင့် အရိုက်အနှက်တို့ကို ခံရပြီး ထွက်မသွားသော သခင်လေးသည် လမ်းပေါ်တွင် ခါးထောက်၍ “ငါက ဝေ့အိမ်ရဲ့ သခင်လေး” ဟု အော်ဟစ်နေလိမ့်မည်ဖြစ်သော ယခင်ပုံစံနှင့် လုံးဝ ကွဲပြားသည်။
အိပ်ရာထဲတွင် အဖမ်းခံရပြီး အရိုက်ခံရသည့်အပြင် တခြားတစ်စုံတစ်ခုကလည်း ဤကလေးတွင် ဖြစ်ခဲ့မည်မှာ ဖြစ်နိုင်ချေရှိသည်။
နေဦး၊ ဘာလို့ သူက “ဒီကလေး” လို့ ပြောလိုက်တာလဲ? သူ့မှာ ဝေ့လင်းရှိူ့နဲ့ အသက်တူတဲ့ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေ ရှိတာလေ၊ နှစ်ယောက်စလုံးက ဆယ့်ရှစ်နှစ်ပဲ!
ယန်ကျင်းဇီသည် ဤအကြောင်းကို စဉ်းစားနေပြီး အမျိုးသမီးများကို မောင်းထုတ်လိုက်စဉ်က ပိတ်ထားသော ဝေ့လင်းရှိူ့၏တံခါးမှာ နောက်တစ်ကြိမ် ရိုက်ဖွင့်ခံလိုက်ရပြန်သည်။
ဆက်တိုက်ထုနှက်မှုကြောင့် ဤအခန်းတံခါးဟာ ယိုင်နဲ့သွားသည်။
ဤတစ်ခါ ဝင်လာသူများမှာ မိသားစုဝင်များသာ ဖြစ်ကြသည်။ မိသားစုဝင်များနောက်တွင် အသက် ၃၀၊၄၀ အရွယ် လူလတ်ပိုင်း အမျိုးသားတစ်ဦးက မတ်တပ်ရပ်နေသည်။
ဤလူလတ်ပိုင်း အမျိုးသားဟာ ဝေ့ကျီယွမ်၊ သုံ့ကူကောင်တီမှ နာမည်ကျော် Juren အဆင့် ဆရာတစ်ဦး ဖြစ်ပြီး ဝေ့လင်းရှိူ့၏ ဖခင် ဖြစ်သည်။
“ လူယုတ်မာ၊ မိသားစုကို အရှက်ရစေမယ့် ကိစ္စကို မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ! ငါ့မှာ မင်းလိုသားမျိုး မရှိဘူး! လာကြစမ်း၊ သူတို့ကို ဖမ်းလာခဲ့ကြ! ” ဝေ့ကျီယွမ်က ဒေါသတကြီး ပြောသည်။
ဤကာလများတွင် အချို့လူများသည် ငယ်ရွယ်သော အမျိုးသားများနှင့် ကိုယ်ခန္ဓာဆိုင်ရာ ပတ်သက်ကစားကြသော်လည်း သူတို့ကို တပ်မက်ဖွယ်ကောင်းသည်ဟု ခေါ်ကြသည်။ သတိပြုရန်မှာ သူတို့က ကစားခံမည့်အစား ကစားရန် ကောင်ငယ်လေးများကို ပျိုးထောင်သူများ ဖြစ်ကြသည်။
ခေတ်အဆက်ဆက်တွင် တခြားအမျိုးသား၏ / အောက်တွင် / ရှိရန် လိုလားသော အမျိုးသားများဟာ တခြားသူများ၏ ကဲ့ရဲ့ခြင်းကို အမြဲခံရသည်။
ယန်ကျင်းဇီ၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ပြီးနောက် သူ့သားကို ကြည့်လိုက်လျှင်... ဝေ့ကျီယွမ်သည် ဤသားကို မရှိခဲ့ဟုပင် ဆုတောင်းမိသည် : “ ငါ့ကျာပွတ်ကို ယူခဲ့၊ ငါ မိသားစုနည်းလမ်းကို သုံးမယ်! ငါ ဒီတိရစ္ဆာန်ကို သတ်ပစ်မယ်! ”
ဝေ့ကျီယွမ် စကားပြောသည်နှင့်တပြိုင်နက် အရပ်ရှည်ရှည် လူတစ်ယောက်က သူ့ထံသို့ အမြန်ပြေးလာပြီး သူ့အနားမှ သူတို့အိမ်၏ အစေခံများက တားမြစ်ရန် ထွက်လာကြသော်လည်း တစ်ယောက်ပြီးတစ်ယောက် သူတို့အားလုံး မြေပြင်ပေါ်သို့ မှောက်သွားကြကာ ခေါက်ဝါးယပ်တောင်ကဲ့သို့ ကြီးမားသော လက်တစ်ဖက်က ရောက်လာပြီး သူ့အဝတ်များကို ဆွဲကိုင်လိုက်သည်ကို သူ တွေ့လိုက်ရသည်။
“ မင်း... ” ဝေ့ကျီယွမ် အံ့ဩသွားသည်။ သူသည် ရိုသေထိုက်သော ရာထူး ရှိသည့် Juren ပညာရှင်တစ်ဦး ဖြစ်သည်။ ဒီလူက သူ့အင်္ကျီကို ဆွဲကိုင်ရဲတယ်!
ဝေ့သခင်ကြီးသည် ဤအသက်အရွယ်အထိ ကြီးပြင်းလာသည့်တစ်လျှောက် ဤအခြေအနေကို ပထမဆုံး တွေ့ကြုံဖူးခြင်း ဖြစ်သည်။
“ ဝေ့သခင်ကြီးက ငါ့လက်ထဲ ရောက်နေပြီ။ မင်းတို့ မလှုပ်ကြနဲ့! ” ယန်ကျင်းဇီက ဆိုသည်။ မိသားစုဝင်များက ဘာမှထပ်မလုပ်ရဲကြတော့ပေ။
ဝေ့ကျီယွမ်သည် အလွန်အမင်း ဒေါသထွက်နေပြီး စတင်တုန်ယင်လာသည်။ ယန်ကျင်းဇီသည် လက်ထဲတွင် ဓားစာခံတစ်ဦးကို ကိုင်ထားပြီး ခေါင်းလှည့်ကာ ဝေ့လင်းရှိူ့ကို မေးသည် : “ လင်းရှိူ့၊ မင်း ငါနဲ့ လိုက်လာချင်လား? ”
သူသည် ယခင်က ဝေ့လင်းရှိူ့ကို ခေါ်ထုတ်သွားရန်နှင့်ပတ်သက်၍ အမှန်တကယ် မသေချာခဲ့ပေ။ သူသည် ဝေ့မိသားစုက ဝေ့လင်းရှိူ့အပေါ် မကောင်းကြောင်း သိရှိခဲ့သော်လည်း ဝေ့လင်းရှိူ့က မသိချေ။ ဝေ့လင်းရှိူ့က သူနှင့် မသွားချင်လောက်ပေ။
ဒါပေမယ့် ခုနက ဝေ့လင်းရှိူ့ရဲ့ တုံ့ပြန်ပုံ၊ သူက သူနဲ့ သွားဖို့ ဆန္ဒရှိလောက်လား?
ဝေ့လင်းရှိူ့သည် အံ့အားသင့်သွားပြီး မသိစိတ်၏ စေ့ဆော်မှုအရ သူ့မိသားစုကို ကြည့်မိလိုက်သည်။
“ တိရစ္ဆာန်ကောင်လေး၊ မင်းအဖေကို လွှတ်ဖို့ မင်းရဲ့ ယောက်ျားပျက်ကို ပြောလိုက်စမ်း! ” ဝေ့သခင်မကြီးသည် သူ(မ)၏သားကို စိုးရိမ်တကြီး ကြည့်နေသည်။
“ သခင်ကြီး... ” ဝေ့ကျီယွမ်၏မိထွေးက ခင်ပွန်းဖြစ်သူကို ညှိုးငယ်စွာ ကြည့်နေ၏။
လူတိုင်းဟာ သူ့အဖေကို စိတ်ပူနေကြသော်ငြား ဘယ်သူမှ သူ့ကို ကြည့်မနေကြချေ။
ဤအခိုက်တွင် ဝေ့လင်းရှိူ့သည် ရှင်းမပြနိုင်စွာ တည်ငြိမ်နေပြီး ဒေါသမီးပွားတစ်ခုက သူ့နှလုံးသားမှ ပေါက်ဖွားလာကာ တစ်ကိုယ်လုံးကို လောင်ကျွမ်းလုနီးပါး ဖြစ်နေသည်။
တကယ်တော့ သူသည် ဟိုးယခင်ကတည်းက သိထားခဲ့သင့်သည်။ ဤမိသားစုတွင် ဘယ်သူကမှ သူ့ကို ဂရုမစိုက်ချေ။
သူ အပြင်ထွက်ပျော်ဖို့ ငွေနည်းနည်းရနိုင်တယ် ဆိုရင်ရော ဘာဖြစ်လဲ? မိသားစုဝင်များသည် ဤနှစ်များအတွင်း သူ နှစ်သက်သော စားစရာများကိုပင် မသိကြ။
သူသည် ယခင်က အဘွားအိုကို အဖော်ပြု၍ ဗုဒ္ဓကျမ်းစာများစွာကို ကူးယူဖူးသည်။ အဘွားအိုက သူ့ကို စကားတစ်ခွန်းပင် မမေးမြန်းခဲ့ဘဲ ရောက်လာသည်နှင့် သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့သည်။
သူ့မိထွေး... သူ(မ)က ကိုယ့်ကိုယ်ကို ဖိအားပေးပြီး သူ့ကို မကြင်နာခဲ့သင့်ဘူး။
ဝေ့လင်းရှိူ့ ဆက်မတွေးတော့ဘဲ ပြောချလိုက်သည် : “ ငါ မင်းနဲ့ လိုက်ခဲ့မယ်။ ”
ဤစကားများကို ပြောပြီးသောအခါ ဝေ့လင်းရှိူ့သည် ချက်ချင်းပင် ပြောမပြတတ်စွာ စိတ်သက်သာရာရသွားသည်။
____
Juren - ( ထောက်ခံချက်ရရှိသူ ) သုံးနှစ်တစ်ကြိမ် စီရင်စု စာမေးပွဲကို အောင်မြင်ပြီးသော အရည်အချင်းပြည့်မှီသည့် ဘွဲ့ရပညာရှင် (#3)
Xiucai - ( အသိအမှတ်ပြုခံ
ပြီးသော ပါရမီရှိသူ ) အကယ်ဒမီ စာမေးပွဲ အောင်မြင်ပြီးသော ဝင်ခွင့်အဆင့်ဘွဲ့ရသူ (#4)
Tongsheng - ( စာသင်သားပေါက်စ ) ကောင်တီ စာမေးပွဲကို အောင်မြင်ပြီးသော ဝင်ခွင့်စာမေးပွဲတွင် စာဖြေဆိုမည့်သူ (အနိမ့်ဆုံး #5)