“ ဝေ့သခင်ကြီးက ဒီနေ့ ဒီမြင်ကွင်းကို ဖန်တီးပြီး လင်းရှိူ့ကို မောင်းထုတ်ချင်တယ်မလား? မင်း ငါတို့ကို မောင်းထုတ်ဖို့ မလိုဘူး။ ငါတို့ဘာသာ သွားမယ်! ” ယန်ကျင်းဇီသည် သူ ဆွဲကိုင်ထားသော ဝေ့ကျီယွမ်ကို ကြည့်လိုက်သည် : “ ငါတို့ကို တားဖို့ မကြိုးစားနဲ့။ ပရိယာယ်တွေ သုံးဖို့တောင် မကြိုးစားနဲ့။ *ခြေဗလာကျင်း လူတွေက ဖိနပ်ဝတ်ရမှာကို မကြောက်ရွံ့ဘူး။ မင်း ပြဿနာ ကြီးကြီးမားမား လုပ်ရင် ငါကလည်း ပြဿနာပြန်ရှာဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ ”
( *ခြေဗလာကျင်း လူတွေက ဖိနပ်ဝတ်ရမှာကို မကြောက်ရွံ့ဘူး – ဘာမှမရှိသူက ပိုင်ဆိုင်မှုများစွာရှိသူနှင့် တိုက်ခိုက်သည်။ ဘာမှမရှိသူကသာ အမြဲတစေ အောင်နိုင်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဘာမှမရှိသူက ဆုံးရှုံးစရာ မရှိသဖြင့် ဘာကိုမှ မကြောက်ရွံ့ပေ။ )
မူလပိုင်ရှင်၏ မှတ်ဉာဏ်များသည် သူ့စိတ်ထဲတွင် သောင်းကျန်းနေဆဲဖြစ်သည်။ ယန်ကျင်းဇီသည် သူ့ရှေ့မှ လူလတ်ပိုင်း အမျိုးသားကို ဤအချိန်အထိ ပါးနှစ်ချက်မရိုက်ရသေးသည်မှာပင် သူ၏ အလွန်အကျွံ စိတ်ထိန်းထားမှု ရလဒ် ဖြစ်နေပြီးဖြစ်သည်။
သူသည် ဝေ့ကျီယွမ်ကို တကယ် မကြောက်ပေ။ ဝေ့ကျီယွမ်က သူ့ကို မုန်းတီးစွာ ကြည့်နေသည်ကို တွေ့သော် ယန်ကျင်းဇီက ခေါင်းငုံ့ပြီး အသံနှိမ့်၍ ပြောလိုက်သည် : “ ဝေ့သခင်ကြီး၊ မင်း ငါ့ကို တိုက်ခိုက်ရင် ငါက မင်းရဲ့ဇနီးနဲ့ အိပ်နေတာကို မင်း မိသွားလို့ ငါ့ကို သည်းမခံနိုင်တာ ဆိုပြီး ငါ နေရာတကာမှာ လျှောက်အော်ပြောပစ်မယ်။ ”
ယန်ကျင်းဇီ၏ စကားများကို တခြားသူများ မကြားနိုင်သော်လည်း ဝေ့ကျီယွမ်သည် ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး သူ့မျက်နှာက မည်းသွားသည်။
တံခါးဝတွင် အနှောင့်အယှက် ရောက်လာသောအခါ ဝေ့ကျီယွမ်သည် မူလက ယနေ့ပြီးအောင် စောင့်ဆိုင်းနေပြီးမှ ဤယန်ကျင်းဇီကို သင်ခန်းစာကောင်းကောင်း သင်ပေးချင်ခဲ့သည်။ သူ့အိမ်တွင် မင်းမှုထမ်းအရာရှိ မရှိဘဲ သူကလည်း စာပေပညာရှင်တစ်ဦးသာ ဖြစ်သော်ငြား သုံ့ကူကောင်တီ၏ အောက်ရုံးတရားသူကြီးကို အသိပေးစာတစ်စောင်ကို ပို့လွှတ်နိုင်သည်။ လူလိမ်လူညစ်တစ်ဦးကို ဖြေရှင်းခြင်းအတွက် ထိုမျှထက် ရိုးရှင်းသည့်အရာ မရှိတော့ချေ။
သို့သော် ဤလူယုတ်မာ၏ အစောက စကားမှာ...
ဤလူကို တစ်ခါတည်း သတ်နိုင်ခြင်းမရှိလျှင် တခြားလူများက ဤလူ၏ ပေါက်တတ်ကရများကို ကြားသွားကြပြီး နောက်ဆုံးတွင် အုတ်အော်သောင်းတင်း ဖြစ်လာလိမ့်မည်။ သူ့မျက်နှာ လုံးဝ ပျက်သွားရလိမ့်မယ်!
“ ဝေ့သခင်ကြီး၊ မင်းလူတွေကို ခေါ်သွားပြီး ငါတို့ကို လွှတ်ပေးလိုက်။ ” ယန်ကျင်းဇီက ပြောကာ ဝေ့ကျီယွမ်ကို လွှတ်လိုက်သည်။
သူသည် အရမ်းဒေါသထွက်နေပြီး လူရိုက်ချင်နေသော်ငြား ဝေ့မိသားစုကို မစော်ကားနိုင်ပေ။
ထို့အပြင် သူတို့က ဝေ့လင်းရှိူ့၏ ဆွေမျိုးများ ဖြစ်နေသေးသည်။
ဝေ့ကျီယွမ်သည် ယန်ကျင်းဇီထံမှ လွတ်လာပြီး လူများကို ခေါ်၍ အပြင်ထွက်သွားကာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူက ခေါင်းပြန်လှည့်လိုက်သည် : “ ဝေ့လင်းရှိူ့၊ မင်း ဒီလိုကိစ္စကို လုပ်ခဲ့တယ်... ငါ့မှာ မင်းလိုသားမျိုး မရှိဘူး! ဒီနေ့ မင်း ဒီတံခါးကနေ ထွက်သွားရင် ပြန်မလာနဲ့တော့! ”
ဝေ့လင်းရှိူ့၏မျက်နှာ ဖြူဖျော့သွားသည်။
ဝေ့မိသားစုမှ ဤလူများဟာ ဒေါကန်စွာ ဝင်လာကြပြီး ဒေါကန်စွာ လမ်းလျှောက်ထွက်သွားကြသည်။
ယန်ကျင်းဇီက ဝေ့လင်းရှိူ့ကို ကြည့်သည် : “ ဒီလူတွေက ဖမ်းဆီးဖို့ လူအုပ်လိုက်ကြီး ရောက်လာတယ်။ သူတို့ အကွက်ဆင်ထားတာ သိသာတယ်! သူတို့က မင်းကို ဂရုမစိုက်ဘူးဆိုရင် မင်း ငါ့နောက်လိုက်ခဲ့တာ ပိုကောင်းမယ်။ ငါ မင်းကို တန်ဖိုးထားပါ့မယ်။ ”
ဝေ့လင်းရှိူ့သည် ခပ်ဖျော့ဖျော့ မျက်နှာဖြင့် ခေါင်းညိတ်ပြပြီး ချက်ချင်းပင် သူ့မျက်နှာတွင် အနီရောင်တိမ်နှစ်ဖက် ပေါ်လာသည် : “ အစ်ကိုယန်... အဝတ်အစား ဝတ်ဦး။ ”
ယန်ကျင်းဇီသည် သူ့စကားကို ကြားလိုက်ရသော် အနည်းငယ် အေးသွားသကဲ့သို့ ခံစားလိုက်ရသည် – သူ ဘောင်းဘီတစ်ထည်ပဲ ဝတ်ထားတယ်!
မူလပိုင်ရှင်၏ အဝတ်အစားများကို ရှာဖွေ၍ ဝတ်ဆင်ပြီးနောက် ယန်ကျင်းဇီသည် ပိုမိုရှက်ရွံ့သွားရသည်။
သုံ့ကူကောင်တီသည် ယန်ဇီမြစ်၏ တောင်ဘက်ရှိ ရေမြို့တစ်မြို့တွင် တည်ရှိသည်။ မြစ်များနှင့် ရေအရင်းအမြစ်များ အများအပြား ရှိ၏။ လူတိုင်းဟာ ရေချိုးလေ့ရှိကြသည်။ မူလပိုင်ရှင်သည် ချွေးအလွန်ထွက်တတ်ပြီး အပူများစွာ ရှိသည်။ ယခု ဆောင်းရာသီတွင် သူသည် သူ့ကိုယ်သူ တွင်းရေနှင့် ရေချိုးသဖြင့် သူ့ကိုယ်က မညစ်ပတ်ပေ။
သို့ရာတွင် သူက အဝတ်လျှော်ရခြင်းကို မကြိုက်သောကြောင့် သူ့ကိုယ်ပေါ်မှ အဝတ်အစားများဟာ စုတ်ပြဲညစ်ပတ်နေသည်။
ဝေ့လင်းရှိူ့၏ သန့်ရှင်းသပ်ရပ်သော အဝတ်အစားများနှင့် နူးညံ့ပျော့ပျောင်းသော အိပ်ရာကို ကြည့်လိုက်သော်...
ယန်ကျင်းဇီသည် ဒုတ်ခနဲ နှလုံးခုန်သွားရသည်။
သူက ဝေ့လင်းရှိူ့ကို တန်ဖိုးထားပါ့မယ်လို့ ပြောခဲ့ပေမယ့်လည်း ဘယ်လိုလုပ် သူက ဒီအခြေအနေမှာ သူ့ကို ကောင်းကောင်းထားနိုင်ပါ့မလဲ? သူ့အိမ်က ဆင်းရဲပြီး ငွေတစ်ပြားမှမရှိဘူး!
ဤသို့တွေးမိသော် ယန်ကျင်းဇီသည် မိုးကြိုးငါးခါပစ်ချခံရသကဲ့သို့ ဖြစ်သွားပြီး လူတစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ဝေ့လင်းရှိူ့သည် ဤအချိန်တွင် သူ့အဝတ်အစားများကို ဝတ်ဆင်ထားပြီးဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကိစ္စများစွာ ဖြစ်ပျက်သွားခဲ့သည်။ ယနေ့တွင် လူတိုင်းဟာ သူနှင့် ယန်ကျင်းဇီတို့၏ ကိစ္စကို သိသွားကြသည်။ ဝေ့လင်းရှိူ့သည် ယခုအချိန်တွင် အနည်းငယ် မှင်တက်နေသေးသော်လည်း လုံးဝ မပြင်ဆင်ထားခြင်းမျိုး မဟုတ်ချေ။
လွန်ခဲ့သော လအနည်းငယ်က ယန်ကျင်းဇီ၏ ကယ်တင်ခြင်းကိုခံရပြီးနောက် သူသည် ယန်ကျင်းဇီနှင့်ပတ်သက်၍ ထူးဆန်းသော အတွေးတချို့ ရှိလာခဲ့ပြီး ထိမ်းမြားလက်ထပ်ရန်ပင် မလိုလားတော့ပေ။
ဤကိစ္စကို အိမ်တွင် ဘယ်တော့မှ ခွင့်မပြုခဲ့ချေ။ သူသည် အိမ်မှ နှင်ထုတ်ခံရလောက်သည်ဟု တွေးခဲ့သည်မှာ ကြာပြီဖြစ်ကာ ယခု ဤကိစ္စကို အမှန်တကယ် ခန့်မှန်းမိခဲ့ပြီးသားပင်။
ဤသို့တွေးလျက် ဝေ့လင်းရှိူ့သည် ခုတင်ပေါ်တွင် လှဲပြီး ခုတင်အတွင်းက အံဝှက်ထဲမှ သူ၏ လျှို့ဝှက်ငွေကို ရှာဖွေလိုက်သည်။
အိမ်က သူ့ကို ငွေလျှော့ပေးခြင်း မရှိသော်ငြား သိပ်လည်း မများချေ။ သူသည် အမြဲလိုလို ငွေများများ သုံးလေ့ရှိသောကြောင့် သူ့ကိုယ်ပိုင်အတွက် ငွေသိပ်မစုဖြစ်ခဲ့ပေ...
“ အဟမ်း... မင်းမှာ အဖိုးတန်ပစ္စည်းတွေ ရှိရင် အကုန်လုံးကို ယူလာခဲ့။ ” ယန်ကျင်းဇီ ပြောလိုက်သည်။ ဝေ့လင်းရှိူ့၏ ခုတင်ပေါ်တွင် လှဲနေသော ပုံစံမှ အကြည့်ခွာလိုက်ရသော ယန်ကျင်းဇီသည် နှာခေါင်းသွေး ထပ်လျှံမည်ကို စိုးရိမ်မိသွားသည်...
မူလပိုင်ရှင်သည် ငယ်ရွယ်တက်ကြွသော အသက်အရွယ်တွင်သာ ရှိသေးသောကြောင့် ငွေရှာပြီး ဇနီးတစ်ဦးကို လက်ထပ်ချင်ခြင်းဖြစ်သည်... အမှန်ပင်၊ သူသည် တကယ် ငွေရပြီးနောက် အမြတ်ရရန် လောင်းကစားဆိုင်သို့ အမြဲသွားချင်ကာ ငွေအားလုံးကို ဆုံးရှုံးသွားရပေလိမ့်မည်။
ဝေ့လင်းရှိူ့သည် အံ့အားသင့်သွားပြီး ထို့နောက် ယခင်က သူ ဝတ်ခဲ့ဖူးသော ကျောက်စိမ်းဆွဲပြားများကို စတင်ထုပ်ပိုးလိုက်သည်။
နောက်ဆုံးတွင် သူသည် အိတ်သေးသေးတစ်ထုပ်ကို ထုပ်ပိုးပြီး ခုတင်မှ ထလာသည်။
ယန်ကျင်းဇီက မေးသည် : “ ဒါပဲလား? ”
“ ဟာ? ” ဝေ့လင်းရှိူ့ ပဟေဠိဖြစ်သွားသည်။
ယန်ကျင်းဇီ : “ နေဦး၊ ငါ မင်းကို စောင်ကူထုပ်ပေးမယ်။ ”
ယန်ကျင်းဇီသည် စကားပြောပြီးနောက် ရှေ့သို့တိုးကာ အောက်ခံမွေ့ရာကိုပင် မလွှတ်ဘဲ စောင်ထည်ကို လိပ်လိုက်သည်။ သူသည် အိပ်ရာခင်းကိုလည်း တမင်ချန်ထားပြီး ဝေ့လင်းရှိူ့ကို ပြောသည် : “ မင်းအဝတ်တွေ ဘယ်မှာလဲ? အဲ့ဒါတွေကိုပါ ထုပ်ပိုးသွားရအောင်! ”
မူလဇာတ်ကြောင်းတွင် ဝေ့လင်းရှိူ့ကိုယ်ပေါ်မှ အဝတ်အစားများကို နောက်ပိုင်း၌ မူလပိုင်ရှင်က ရောင်းချလိုက်သောကြောင့် ဝေ့လင်းရှိူ့သည် မူလပိုင်ရှင်၏ ညစ်ပတ်သော အဝတ်အစားများကိုသာ ဝတ်ဆင်နိုင်ခဲ့သည်...
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို ကြောင်အစွာ ကြည့်နေသည်။
ယန်ကျင်းဇီ : “ မင်း မြန်မြန်ထပြီး ထုပ်ပိုးလိုက်။ ”
ဤကိုကြားသော် ဝေ့လင်းရှိူ့သည် သူ့အဝတ်အစားများကို ထုပ်ပိုးရန် အမြန်ထသွားပြီး မကြာမီပင် သေတ္တာထဲမှ တစ်ပုံကြီးကို ထုတ်ယူလိုက်သည်။
ယန်ကျင်းဇီသည် အိပ်ရာခင်းများဖြင့် အဝတ်အစားများကို ထုပ်ပိုးပြီး အထုပ်ကြီးတစ်ထုပ် လုပ်လိုက်ကာ ဆက်မေးသည် : “ မင်း သုံးနေကျပစ္စည်းတွေ ဘာကျန်သေးလဲ? မင်တံတွေ၊ မင်ရည်တွေ၊ စာရွက်တွေနဲ့ မင်တုံးတွေက အရမ်းအဖိုးတန်လား? အကုန်လုံးကို သယ်လာခဲ့! ”
ယန်ကျင်းဇီသည် စကားပြောနေစဉ် ဝေ့လင်းရှိူ့အခန်းထဲရှိ စားပွဲပေါ်မှ စာအုပ်ကို မြင်သွားပြီး သူ့အကြည့်များက တောက်ပသွားသည်။
ဝေ့အိမ်တော်မှ ယူလာသော ဝေ့လင်းရှိူ့၏ ငွေများကို မူလပိုင်ရှင်က လုယက်သွားပြီးနောက် သူ စဉ်းစားမိသော ငွေရှာနည်းဟာ စာအုပ်များ ကူးယူခြင်းပင် ဖြစ်သည်။
ဝေ့လင်းရှိူ့သည် စာပေသိပ်မကျွမ်းကျင်သော်လည်း သူ့စုတ်ချက်များမှာ အလွန်မှန်ကန်သည်။ သူသည် စာအုပ်ဆိုင်ကို သွားပြီး စာအုပ်ကို ပြန်သယ်ကာ ကူးယူ၍ ငွေရှာသည်။
မူလပိုင်ရှင်က လက်ရှိပစ္စုပ္ပန်ကိုသာ မြင်သော အမြင်ကျဉ်းမြောင်းသည့် လူ ဖြစ်နေသည်မှာ စိတ်မကောင်းစရာပင်။ သူက ဝေ့လင်းရှိူ့ကို ဆက်ထားလျှင် သူ့အတွက် ငွေပိုရနိုင်သည်ဟု မတွေးခဲ့ပေ။ သူက / ကြက်ကို သတ်၍ ဥယူခြင်း / ကဲ့သို့သော ကိစ္စများကိုသာ အမြဲဆောင်ရွက်သည်။ ဝေ့လင်းရှိူ့ စာအုပ်တစ်အုပ် ကူးပြီးချိန်တွင် သူက ဝေ့လင်းရှိူ့၏ စာအုပ်များ၊ မင်တံ၊ မင်ရည်၊ စာရွက်နှင့် မင်တုံးတို့ကို လုယူပြီး ငွေဖြင့် ရောင်းစားလိုက်သည်။
ထိုအချိန်တွင် ဝေ့လင်းရှိူ့က ငိုခဲ့သော်ငြား မူလပိုင်ရှင်က သူ့ကို နှစ်ကြိမ်ပါးရိုက်ခဲ့သည်။
ဒါပေါ့၊ သူကတော့ အဲ့လိုမလုပ်ဘူး!
ဒါပေမယ့် မင်တံ၊ မင်ရည်၊ စာရွက်နဲ့ မင်တုံးတွေက တန်ဖိုးကြီးမှတော့ အကုန်လုံးကို သယ်သွားရမယ်!
ဝေ့လင်းရှိူ့ : “ ... ”
ဝေ့လင်းရှိူ့တွင် စာလေ့လာစဉ်က သယ်ဆောင်ခဲ့သော ဝါးခြင်းတောင်းတစ်ခု ရှိသည်။ ယန်ကျင်းဇီ၏စကားကို နားထောင်ပြီးနောက် သူသည် သူ၏ စာအုပ်၊ မင်တံ၊ မင်ရည်၊ စာရွက်နှင့် မင်တုံးတို့ကို ခြင်းတောင်းထဲသို့ ထည့်ပြီး သယ်လိုက်သည်။
ဤအချိန်တွင် ယန်ကျင်းဇီသည် ခုတင်လိုက်ကာများကို စတင်ဆွဲခွာနေပြီဖြစ်သည် – ကောင်းလိုက်တဲ့ အဝတ်စ! ယူသွားရမယ်!
ယန်ကျင်းဇီက ကျိုင်းကောင်များကဲ့သို့ နယ်နိမိတ်ဖြတ်ကျော်၍ သူ့အခန်းထဲက ပစ္စည်များကို ရှာဖွေနေပုံကို ကြည့်လျက်ဖြင့် မူလက အနာဂတ်အတွက် အကြောက်တရားများနှင့် မရေရာမှုများ ပြည့်နှက်နေသော ဝေ့လင်းရှိူ့သည် ရုတ်တရက် ကြောက်ရွံ့မှုများ နည်းပါးသွားသည်။
သူသည် ယခု အနည်းငယ် စိတ်ပူနေသည် – ပစ္စည်းတွေ အရမ်းများနေပြီ၊ ယန်ကျင်းဇီ အကုန်သယ်နိုင်ပါ့မလား?
ဝေ့လင်းရှိူ့ စိုးရိမ်နေစဉ် ဝေ့ကျီယွမ်သည် ဝေ့မိသားစု ဟောခန်းမထဲတွင် သူ့အမေနှင့် သူ့ဇနီးတို့နှင့်အတူ ရောက်ရှိနေပြီး ဒေါပွနေသည် : “ ဒီနေ့ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ?! ”
ဝေ့လင်းရှိူ့တွင် ထိုလူယုတ်မာနှင့် လူ့စည်းကမ်း ချိုးဖောက်သော ဆက်ဆံရေး တကယ် ရှိခဲ့လျှင်ပင် သူက ပျော်ပါးရန်အတွက် သူ့အဘွားမွေးနေ့ပွဲရှိသည့်နေ့တွင် သူ့အိမ်သို့ ထိုလူယုတ်မာကို ခေါ်လိမ့်မည်မဟုတ်ချေ။
အချစ်ဇာတ်ကို ဖမ်းဆီးဖို့ အတူရှိနေကြတဲ့ လူတွေကလည်း အရမ်းများနေတာကို ထည့်မတွက်နဲ့ဦး!
ဝေ့ကျီယွမ်သည် အရူး မဟုတ်ပေ။ သူသည် လှည့်ကွက်များကို မြင်တွေ့နိုင်သည်။
“ မင်းက ဘာလို့ ဒီလောက် အရမ်းကြမ်းတမ်းပြနေတာလဲ? ” ဝေ့သခင်မအိုကြီးက စားပွဲကို လက်ဖြင့် ရိုက်ချလိုက်သည် : “ မင်း ဒေါသထွက်ရင် အဲ့ကောင်စုတ်လေးစီမှာ သွားပုံချလေ! သူက အဲ့လူမိုက်နဲ့ ပေါင်းသင်းနေတာ ကြာပြီ။ ဒီနေ့ ငါက ငါ့မွေးနေ့ကို ဆင်နွှဲနေပြီး သူက မရပ်နိုင်သေးဘူး။ သူက ကောင်းမွန်ရည်မွန်တဲ့လူ မဟုတ်ဘူး! ”
“ သူက ကောင်းမွန်ရည်မွန်တဲ့လူ မဟုတ်တာ တကယ်ပဲလား? ” ဝေ့ကျီယွမ်က မေးသည်။
ဝေ့သခင်မအိုကြီး : “ ငါက ကျန်းမားကို အဲ့ကလေကချေကို ခေါ်လာခိုင်းလိုက်တာ။ ”
ဝေ့ကျီယွမ် အံ့အားသင့်သွားသည် : “ အမေ... ”
“ ကျိုးမိသားစု တစ်ခုခုဖြစ်နေပြီ။ သူ့ကို အိမ်မှာ ထားတာက မင်းကို ဒုက္ခရောက်စေလိမ့်မယ်! ” ဝေ့သခင်မအိုကြီးက ဆိုသည် : “ သူက မျိုးစေ့ရိုင်းတစ်ခုသက်သက်ပဲ။ ”
ဝေ့ကျီယွမ်၏မျက်နှာက အရုပ်ဆိုးသွားသည် : “ သူက ကျွန်တော့်သား။ ”
ဝေ့သခင်မအိုကြီး : “ ပြောဖို့ခက်တယ်! ”
သို့သော် လွန်ခဲ့သော နှစ်နှစ်ဆယ်၊ ဝေ့ကျီယွမ်က သူ၏ Juren ဘွဲ့ကို ရရှိပြီးနောက် သူက ရှေ့ဆက်ကာ *Jinshi ဘွဲ့ကို ရရှိချင်ခဲ့သည်။
[ *Jinshi - (အဆင့်မြင့် စာပေပညာရှင်) သုံးနှစ်တစ်ကြိမ် တော်ဝင်/နန်းတွင်း စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးသူ။ ( #1 အမြင့်ဆုံးဘွဲ့။ ) ]
သူသည် မြို့တော်သို့ သွားပြီး နေရာတိုင်းတွင် လျှောက်သွားကာ အသုံးဝင်သော လူတချို့နှင့် တွေ့ဆုံ၍ သူ့အတွက် ကောင်းမွန်သော မိသားစုတစ်စုကို ရှာဖွေရန် ကြိုးစားသည်။
ဤအချိန်တွင် သူ၏ ယောက္ခထီးဟောင်း ကျိုးသခင်ကြီးက သူ့ကို သဘောကျသွားသည်။
ကျိုးသခင်ကြီးတွင် သမီးတစ်ဦး ရှိသည်။ ကိစ္စတချို့ကြောင့် သူ(မ)တွင် နာမည်ဆိုး ရှိပြီး ကျိုးသခင်ကြီးက မြို့တော်၌ သူ(မ)အတွက် ကောင်းမွန်သော လက်တွဲဖော်ကို မရှာပေးနိုင်ခဲ့ချေ။ ထို့ကြောင့် သူက ကောင်းမွန်သော ရုပ်ရည်နှင့် ကောင်းမွန်သော မိသားစု ရှိသော ဝေ့ကျီယွမ်ကို မျက်စိကျသည်။
ဝေ့ကျီယွမ်သည် မြို့တော်သို့ ရောက်သွားသောအခါ သူက ဘာမှမဟုတ်ကြောင်း သဘောပေါက်သွားရသည်။ ဤအခွင့်အရေးမျိုး ရရှိရန်မှာ ရှားပါးသဖြင့် သဘာဝကျစွာပင် သူက ဤအခွင့်အရေးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်၍ ဤကျိုးသခင်မလေးကို လက်ထပ်လိုက်သည်။
ကျိုးသခင်မလေးတွင် နာမည်ဆိုး ရှိသော်ငြား သူ(မ)သည် အပျိုစင်ဘဝကို မဆုံးရှုံးခဲ့ပေ။ သို့ရာတွင် ဝေ့ကျီယွမ်သည် ဤအကြောင်းကြောင့် အမြဲတမ်း လှောင်ပြောင်ခံရပြီး အမြဲအဆင်မပြေဖြစ်ခဲ့ရသည်။ ထို့အပြင် ကျိုးသခင်မလေးတွင် ခက်ထန်သော သဘောထား ရှိပြီး သူနှင့် မပေါင်းသင်းနိုင်ချေ။ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးဟာ ပိုမိုဆိုးရွားလာသည်။
အရေးကြီးဆုံးကိစ္စမှာ ဝေ့ကျီယွမ်သည် ကျိုးသခင်မလေးနှင့် လက်ထပ်ပြီးနောက် အကျိုးအမြတ်များစွာ မရရှိခဲ့ခြင်းပင် ဖြစ်သည်။
ကျိုးသခင်ကြီးက ဤသမီးကို မကြိုက်ဘဲ ဤသားမက်၊ သူ့ကိုလည်း မကူညီချင်ချေ။ ကျိုးသခင်မလေးတွင် ခန်းဝင်ပစ္စည်းများ အများအပြား ရှိသော်လည်း သူ(မ)က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်...
တကယ်တော့ သူ့အခြေအနေအရ ဤကဲ့သို့မိန်းမပျိုတစ်ဦးကို လက်ထပ်ရခြင်းမှာ ဆုံးရှုံးမှုမဟုတ်ချေ။ သုံ့ကူကောင်တီသို့ ပြန်ရောက်ပြီးနောက် ကျိုးသခင်မလေး၏ ယခင်ကိစ္စများကို မည်သူကမျှ မသိရှိကြပေ။ သို့သော် ဝေ့ကျီယွမ်က အစပိုင်းတွင် အလွန်ကောင်းမွန်စွာ တွေးတောခဲ့ပြီး အဆုံးတွင် လိုချင်သော ရလဒ်များကို မရရှိနိုင်ခဲ့သောကြောင့် စိတ်မကျေနပ်ခဲ့ချေ။
သူသည် ကျိုးသခင်မလေးနှင့် ပြဿနာဖြစ်ရုံတင်မက သူ့မိခင်ကိုပါ လျှို့ဝှက်တိုင်ကြားခဲ့သည်။
ဝေ့သခင်မကြီးသည် ဤမာနကြီးသော ချွေးမကို မကြိုက်ပေ။ သူ(မ)တွင် သဘောကျသော ဆွေမျိုးဝေးသည့် တူမလေးတစ်ဦး ရှိသည်။ သူ(မ)သည် ဤအကြောင်းကို ကြားရသောအခါ ပို၍ပင် မပျော်မရွှင်ဖြစ်သွားပြီး ကျိုးသခင်မလေးကို စတင်ပစ်မှတ်ထားတော့သည်။
ကျိုးသခင်မလေးကမူ ဒုက္ခရောက်ရန် ဆန္ဒမရှိပေ။
ကျိုးသခင်ကြီးက ကိုယ်လုပ်တော်များကို မျက်နှာသာပေးပြီး ဇနီးကို ဆိုးဆိုးရွားရွား ဆက်ဆံသည်။ ဇနီးက အားနည်းပြီး သူ(မ)၏ ကလေးများကို မကာကွယ်နိုင်သောကြောင့် ဇနီးမှ မွေးသော ကျိုးသခင်မလေးတွင် အရာရာတိုင်းအတွက် တိုက်ပွဲဝင်ရမည်ဟူသော စိတ်ထား ရှိလာခဲ့သည်။ သူ(မ)၏ ဂုဏ်သတင်း မကောင်းမွန်ရခြင်းမှာလည်း သူ(မ)က ကိုယ်လုပ်တော်များစွာကို ရှင်းလင်းခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ကြံစည်ခံရသောကြောင့်ပင်။
ကျိုးသခင်မလေးနှင့် ဝေ့သခင်မကြီးတို့သည် အချင်းချင်း တိုက်ခိုက်ခဲ့ကြပြီး ထိုအချိန်တွင် ကျိုးသခင်မလေးက ဝေ့လင်းရှိူ့ကို မွေးဖွားခဲ့သည်။
ဝေ့သခင်မကြီးသည် သူ့မြေးကို ပြုစုပျိုးထောင်ရန် သူ(မ)ထံသို့ ခေါ်ထားချင်သည်။ ကျိုးသခင်မလေးက သဘောမတူပေ။ နှစ်ဦးနှစ်ဖက်ဟာ ဆက်လက်ရန်ဖြစ်ကြပြီး ရန်သူများ ဖြစ်သွားကြသည်။ ကျိုးသခင်မလေးက ဝေ့သခင်မကြီးကို မတွေ့ချင်ပေ။
ဝေ့လင်းရှိူ့ အသက်နှစ်နှစ်ကျော်လာသောအခါ ကျိုးသခင်မလေးက ဖျားနာပြီး ဆုံးပါးသွားသည်။ နောက်ဆုံးတွင် ဝေ့သခင်မကြီးက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ ထို့နောက် တစ်နှစ်အကြာတွင်ပင် သူ(မ)က သူ့သား၏ လက်ရှိဇနီးကို ပြန်ခေါ်လာခဲ့သည်။
အစောပိုင်းနှစ်များက သူ(မ) သဘောကျခဲ့သော ဆွေမျိုးဝေးသည့် တူမလေးက လက်ထပ်ပြီးပြီမှာ စိတ်မကောင်းစရာပင်... သို့ရာတွင် ဝေ့ကျီယွမ်၏ လက်ရှိဇနီး၊ သူ(မ)သည် ဤတစ်ယောက်ကို ယခင်တစ်ယောက်ထက် ပိုစိတ်ကျေနပ်ပြီး သူ(မ) မည်မျှစိတ်ကျေနပ်မှန်းကို ဘယ်သူမှ မသိချေ။
ဝေ့လင်းရှိူ့ကိုမူ... ကျိုးသခင်မလေး ကွယ်လွန်သွားသောအခါ အဘွားအိုသည် မြေးဖြစ်သူကို ပျိုးထောင်ရန် စိတ်ကူးခဲ့သည်။ ကံမကောင်းစွာဖြင့် ဤမြေးက တစ်နေ့လုံး ငိုယိုနေပြီး သူ့မိခင်ကိုသာ တမ်းတနေသောကြောင့် ဝေ့သခင်မကြီးသည် သူ့ကို သဘောမကျတော့ပေ။
သို့သော် ဤအချိန်တွင် ဝေ့သခင်မကြီးသည် သူ့မြေးကို မကြိုက်သော်ငြား သူ့မြေးကို မမုန်းခဲ့ချေ။ ယင်းကား ကျိုးသခင်မလေး၏မောင်က Jinshi အဖြစ် အသိအမှတ်ပြုခံရပြီးနောက် သုံ့ကူကောင်တီသို့လည်း လာရောက်လည်ပတ်သည့်အချိန်အထိ ဖြစ်သည်။
ဤကျိုးသခင်လေးကို သွားထိရန် မလွယ်ကူချေ။ သူသည် သူ့အစ်မ ဆုံးသွားပြီး သူ့ယောက်ဖက ချက်ချင်း နောက်အိမ်ထောင်ပြုလိုက်ကြောင်းကို သိသွားသည်။ သူက ပိန်ပါးနေသော ဝေ့လင်းရှိူ့ကို တွေ့သောအခါ အလွန်စိတ်ဆိုးသွားသည်။ ထိုအချိန်တွင် ဝေ့ကျီယွမ်က ကောင်တီ၌ စာရင်းကိုင်ချုပ်အဖြစ် အလုပ်လုပ်နေပြီး သူ့တွင် ၎င်းကို ဖယ်ရှားရန် အကြံဉာဏ်လည်း ရှိခဲ့သည်။
ဤနှစ်များအတွင်း ကျိုးသခင်လေးက သူတို့ကို စောင့်ကြည့်နေခဲ့ပြီး သူတို့ကို ဝေ့လင်းရှိူ့အား ဆိုးဆိုးရွားရွား ဆက်ဆံခွင့်မပြုခဲ့ပေ။ သို့ရာတွင် သူက မြို့တော်တွင် ရှိနေပြီး အသေးစိတ်များကို ဂရုမစိုက်နိုင်ချေ။
ဤလူက နှစ်စဉ်နှစ်တိုင်း အဖိုးတန်လက်ဆောင်များကို ပေးပို့ကြောင်းကို တွေ့ရသော် ဝေ့မိသားစုက ဝေ့လင်းရှိူ့အပေါ် အလွန်ကောင်းကြသော်လည်း သူတို့သည် ပိုပို၍ မွန်းကြပ်လာကြသည်။ ယခု ကျိုးမိသားစုတစ်စုလုံး ဒုက္ခရောက်ပြီး ထောင်ကျကာ ရာထူးမှ ဖြုတ်ခံကြရသည်။ သူတို့သည် နေပြန်ကောင်းသကဲ့သို့ ခံစားလိုက်ကြရ၏။
ငွေသုံး၍ ဝေ့လင်းရှိူ့ကို လောင်းကစားဝိုင်းသို့ ခေါ်သွားရန် ယန်ကျင်းဇီအား ခိုင်းစေသူမှာ ဝေ့သခင်မ ဖြစ်သည်။ သူ(မ)က ဝေ့လင်းရှိူ့ကို ဆက်တိုက်မြင်နေရပြီး မသက်မသာဖြစ်ကာ ခင်ပွန်းဖြစ်သူကို ဤအကြီးဆုံးသားအား မုန်းတီးစေချင်ခဲ့သည်။
ယနေ့ကိစ္စကမူ ဝေ့သခင်မကြီး၏ ညွှန်ကြားချက် ဖြစ်သည်။
ကျိုးမိသားစု၏ ကိစ္စက အတော်လေး လေးနက်သည်။ ဝေ့လင်းရှိူ့ကို ဆက်ထားထားရင် သူ(မ)ရဲ့သားအတွက် အနှောင့်အယှက် ဖြစ်လာမလား ဆိုတာကို ဘယ်သူက သိမှာလဲ? ပိုအရေးကြီးတာက သူ(မ) အသက်ပိုကြီးလာတော့ အတိတ်ကို ပြန်တွေးရတာ အမြဲနှစ်သက်လာပြီး သူ(မ) ပြန်တွေးမိလေလေ နာမည်ဆိုးနဲ့ ကျော်စောတဲ့ ကျိုးသခင်မလေးကို ပိုပိုပြီး မုန်းတီးမိလေလေပါပဲ။
“ အမေ အတွေးရှုပ်နေပြီ! ” ဝေ့ကျီယွမ်က ဆိုသည်။ ဒီလိုလုပ်တာက သူတို့ရဲ့ ဂုဏ်သတင်းကိုပဲ ပျက်စီးစေလိမ့်မယ်!
ဝေ့သခင်မအိုကြီးက ပြောသည် : “ ဆက်ဆံရေးကို ဖြတ်တောက်လိုက်တော့! ” ထိုကျိုးသခင်မလေးက ခန်းဝင်ပစ္စည်း အများကြီးကို ချန်ရစ်ခဲ့ပြီး သူ(မ)သည် နှစ်များတစ်လျှောက် ငွေအများအပြားကို သုံးစွဲခဲ့သည်။ သူ(မ)သည် ဝေ့လင်းရှိူ့ မရှိတော့မှသာလျှင် စိတ်သက်သာရာရမည်ဖြစ်သည်။
ဝေ့ကျီယွမ်က ဘာမှပြန်မပြောပေ။
ဤအချိန်တွင် ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို ခေါ်၍ အပြင်သို့ လမ်းလျှောက်ထွက်လာသည်။
သူသည် စားပွဲတစ်လုံးကို ဇောက်ထိုးသယ်ထားပြီး ၎င်း၏ အလယ်တွင် ကြီးမားသော အထုပ်များစွာ ရှိနေကာ ၎င်းစားပွဲ၏ ခြေထောက်များမှလည်း အထုပ်များစွာက တွဲလောင်းကျနေသည်။ သူသည် တောင်တစ်တောင်ကို သယ်ထားသကဲ့သို့ ဖြစ်နေသော်လည်း အလွန်တည်ငြိမ်စွာ လမ်းလျှောက်နေဆဲဖြစ်သည်။
ဝေ့လင်းရှိူ့သည် သူ့နောက်မှလိုက်၍ လမ်းလျှောက်နေပြီး ဝါး
ခြင်းတောင်းတစ်လုံးနှင့် ထိုင်ခုံတစ်လုံးတို့ကို သယ်ဆောင်လျက်ရှိကာ သူ့တစ်ကိုယ်လုံးက အနည်းငယ် မှင်တက်နေ၏။
သူ့အိမ်တွင် စားပွဲမရှိဟု ယန်ကျင်းဇီက ပြောသည်၊ ထို့ကြောင့်... စားပွဲခုံကိုလည်း သယ်လာကြသည်။