ဝေ့မိသားစုသည် ယန်ကျင်းဇီတို့နှင့် ဝေ့လင်းရှိူ့တို့ ဟောခန်းမရှေ့မှ ဖြတ်၍ တံခါးဝသို့ လျှောက်သွားကြသည်ကို စောင့်ကြည့်နေကြသည်။
သူတို့အများစုဟာ ဝေ့လင်းရှိူ့ ထွက်ခွာခြင်းကို စောင့်မျှော်နေကြသော်လည်း ယခု ဝေ့လင်းရှိူ့ မရှိတော့သောကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်နေကြ၏။
သူတို့၏စိတ်ကူးထဲတွင် ဝေ့လင်းရှိူ့က သူတို့ထံမှ မောင်းထုတ်ခံလိုက်ရသော်ငြား ယခုမူ... ဝေ့လင်းရှိူ့က လူမိုက်နောက်မှလိုက်ပြီး သူ့ဘာသာသူ ကားကားကားကားဖြင့် ထွက်သွားခြင်းဖြစ်သည်။
ဒီလူနှစ်ယောက်ရဲ့ပုံစံတွေကိုလည်း ကြည့်ဦး၊ သူတို့ ဝေ့လင်းရှိူ့ရဲ့အခန်းထဲက ပစ္စည်းတွေကိုပါ ရှင်းလာလောက်တယ်!
“ တကယ်ကို အရှက်မဲ့တာပဲ! ” ဝေ့ကျီယွမ်သည် အုံ့မှိုင်းသော အမူအရာဖြင့် အဝေးသို့ လျှောက်သွားနေသော လူနှစ်ယောက်ကို ကြည့်နေသည်။
“ အရှက်မရှိဘူး! ” ဝေ့သခင်မအိုကြီးက ပြောသည်။ သူဆင်းရဲက ဘယ်ကလာတာလဲ၊ ခွေးခြေကိုတောင် ဖယ်သွားတယ်!
ဝေ့သခင်မက မျက်တောင်များကို နှိမ့်၍ သူ(မ)ဘေးတွင် မတ်တပ်ရပ်နေပြီး ဘာမှမပြောပေ။ ဤအချိန်တွင် သူ(မ) စကားမပြောခြင်းက ပိုကောင်းလိမ့်မည်။
သို့သော် သူ(မ)သည်လည်း ထိုယန်ကျင်းဇီကို မကြိုက်ချေ။
ကျေးလက်မှ ခွေးခြေစွပ်လူရမ်းကားများက ဈေးကို တစ်ခါမှ မမြင်ဖူးခဲ့သောကြောင့် ဤကဲ့သို့ဖြစ်နေသည်။
ဤသို့တွေးနေစဉ် သူတို့သည် ယန်ကျင်းဇီက တံခါးဝတွင် ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။
စားပွဲပေါ်မှ ပစ္စည်းပုံကြီးဟာ မြင့်လွန်းနေပြီး သူက တံခါးမှထွက်ရန် အရပ်ရှည်လွန်းနေသည်။
ယန်ကျင်းဇီက သူ့ကျောပေါ်မှ စားပွဲကို အောက်ချလိုက်ပြီး သူ့လက်မောင်းများထဲတွင် မသယ်ကာ ဆက်လက်လမ်းလျှောက်သွားသည်ကို သူတို့သည် တွေ့လိုက်ရသည်။
ဝေ့လင်းရှိူ့က ဇနီးငယ်လေးကဲ့သို့ သူ့နောက်မှလိုက်ပြီး ပြန်လှည့်မကြည့်ချေ။
ဝေ့ကျီယွမ်သည် စိတ်ဆိုးနေပြီး သူ့ဝတ်ရုံများကို လွှဲခါ၍ ထွက်သွားသည်။
သူ ထွက်သွားသောအခါ ဝေ့သခင်မက ဆိုသည် : “ အဲ့ယန်ကျင်းဇီက ဘာဖြစ်တာလဲ? ကိစ္စပြီးသွားတဲ့အချိန်မှာ သူက ထွက်သွားသင့်နေပြီ။ ဘာလို့ သူက နေခဲ့တာလဲ? သူက ကျီယွမ်ကိုတောင် သွားထိသေးတယ်၊ တကယ်... တကယ်ပဲ... ”
ယခင်က အဖြစ်အပျက်များကို သတိရသွားသောအခါ ဝေ့သခင်မအိုကြီး၏စိတ်နှလုံးမှာ မွန်းကြပ်သွားသည်။
ဝေ့သခင်မလည်း စိတ်မသက်မသာဖြစ်နေသည်။ ဒါပေမယ့် ယန်ကျင်းဇီက ဘာကြောင့် ဒီလိုပြုမူသွားလဲ? သူ(မ) ခန့်မှန်းမိသည် : “ ဒီလူမိုက်ကောင်က ငွေတူးတဲ့လူအဖြစ် အရမ်းနာမည်ကြီးတယ်။ ကြည့်ရတာ သူ့လက်ထဲ ငွေမရှိလို့ ဝင်မွှေပြီး ကျွန်မတို့အိမ်က ပစ္စည်းတွေကို လိုချင်တဲ့ပုံပဲ။ ”
ယန်ကျင်းဇီကို ရှာ၍ ဝေ့လင်းရှိူ့ကို လောင်းကစားလုပ်ရန်အတွက် ခေါ်သွားခိုင်းရန်မှာ သူ(မ)၏ အကြံဉာဏ် ဖြစ်သည်။ သို့ရာတွင် သူ(မ)သည် ဝေ့လင်းရှိူ့က လောင်းကစားဝိုင်းသို့ ဝင်လိမ့်မည်မဟုတ်ကြောင်းကို မမျှော်လင့်ထားမိခဲ့ပေ။
သို့သော် ဝေ့လင်းရှိူ့က ဤရက်များအတွင်းတွင် သုံ့ကူကောင်တီ၏ နာမည်ကျော်ကြားသော လူရမ်းကားနှင့် ပေါင်းသင်းရောနှောနေကာ သူ့ဂုဏ်သတင်းက ပိုမိုဆိုးရွားသွားလျက်ရှိသည်။ ဝေ့ကျီယွမ်က ဤသားကို ပိုပိုပြီး မပျော်မရွှင်ဖြစ်လာသည်။
နောက်ပိုင်းတွင် သူ(မ)သည် ဝေ့လင်းရှိူ့၏ ဦးလေးက အသုံးမဝင်တော့ကြောင်းကို ကြားသိရသောအခါ သူ့ကို မောင်းထုတ်ရန်အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ရန် စီစဉ်နေသော်လည်း ဝေ့သခင်မကြီးက သူ(မ)ထံသို့ ရောက်ရှိလာပြီး ဤပြဇာတ်ကို အကြံဉာဏ်ရလာခဲ့သည်...
အချစ်ဇာတ်မဖမ်းခင်က သူတို့သည် လူတော်တော်များများကို သွားတွေ့ခဲ့ကြသည်။ သိပ်မကြာခင်ပင် ဝေ့လင်းရှိူ့၏ ကိစ္စရပ်များဟာ နေရာအနှံ့တွင် ပျံ့နှံ့နေလောက်ပေသည်။ အဘွားကြီးက တကယ် ရက်စက်၏။
အဘွားကြီးသည် သူ့ချွေးမ၏ စကားများကို နားထောင်ပြီး နက်နက်နဲနဲ တွေးလိုက်သည်။
သူ(မ)သည် အခြားလူများ ပြောသော ထိုလူယုတ်မာ၏အကြောင်းကို ကြားခဲ့ဖူးပြီး သူက လူယုတ်မာတစ်ဦးသာ ဖြစ်သည်ကို သိရှိထားသည်။ သူ၏ ယနေ့တွင် ဝေ့လင်းရှိူ့ကို အကာအကွယ်ပေးနေမှုမှာ ငွေအတွက်သာ အများဆုံး ဖြစ်နိုင်လောက်သည်။
ယခု ဝေ့လင်းရှိူ့က ထိုလူယုတ်မာနှင့် ထွက်ခွာသွားရာ အနာဂတ်တွင် ကောင်းကောင်းမွန်မွန် အဆုံးမသတ်လောက်ချေ။
ဤသို့တွေးမိသော် အဘွားကြီး၏ စိတ်နှလုံးက ချက်ချင်း သက်သာရာရသွားသည်။
ဝေ့သခင်မ၏စိတ်နှလုံးဟာ ပို၍ပင် သက်တောင့်သက်သာရှိနေသည်။
ဝေ့လင်းရှိူ့ မရှိလျှင် ဝေ့အိမ်၏ ချမ်းသာကြွယ်ဝမှု အားလုံးကို သူ(မ)၏ သားနှစ်ဦးက ပိုင်ဆိုင်ရလိမ့်မည်။ ဘယ်လောက်ကောင်းလိုက်သလဲ?
ဝေ့သခင်မသည် ညနေခင်း မွေးနေ့ပွဲအတွက် ပြင်ဆင်ရန် ပျော်ရွှင်စွာ ထွက်ခွာသွားသည်။
ဤနေ့လယ်ခင်း၌ သူတို့၏မိသားစုသာ ထမင်းစားခဲ့ကြသော်လည်း ညနေခင်း၌ ဧည့်သည်များ လာရောက်ကြလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် ဝေ့လင်းရှိူ့နှင့် သူတို့မိသားစုက ဆက်ဆံရေးပျက်ပြားသွားကြပြီဖြစ်ကြောင်း ကြေညာရန် သင့်တော်သည်...
ဝေ့မိသားစု၏ အတွေးများကို ယန်ကျင်းဇီက ရှင်းရှင်းလင်းလင်း မသိပေ။ သူသည် ကျောပေါ်မှ ပစ္စည်းပုံနှင့်အတူ လမ်းမပေါ်တွင် လမ်းလျှောက်နေပြီး လူများစွာ၏ အကြည့်များကို ဆွဲဆောင်လျက်ရှိသည်။ သူ လှမ်းကြည့်လျှင် ထိုလူများက ခေါင်းပြန်ငုံ့သွားကြပြီး အမြန်ထွက်သွားကြသည်။
သုံ့ကူကောင်တီမှာ ယန်တ*ကို ရန်သွားမစသင့်တာ ဘယ်သူက မသိလို့လဲ?
( *ယန်တ - ယန်ကြီး >.< )
အမှန်ပင်၊ ထိုမိသားစုမျိုးနှင့် မူလပိုင်ရှင်ကို နာမည်ကောင်းပေးရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သူတို့က မူလပိုင်ရှင်ကို “အားတ” ဟုသာ ခေါ်ကြသည်။ သုံ့ကူကောင်တီမှ လူများသည် မူလပိုင်ရှင်ကို ယန်တ*ဟုလည်း ခေါ်ကြ၏။
သုံ့ကူကောင်တီမှ ယန်တတွင် နာမည်ဆိုး ရှိသည်။ ဤအခိုက်၌ လူတိုင်းသည် ကျောပေါ်တွင် ပစ္စည်းများစွာ သယ်ဆောင်လာသော ယန်ကျင်းဇီကို တွေ့ကြသည်။ ပထမဆုံးတုံ့ပြန်မှုဟာ သူက တခြားလူများ၏ ပိုင်ဆိုင်မှုများကို ဓားပြတိုက်လာသည်ဟု ထင်ကြခြင်းဖြစ်ပြီး သူတို့က ယန်ကျင်းဇီဘေးတွင် အတူရှိနေသော ဝေ့လင်းရှိူ့ကို မြင်သွားကြသောအခါ...
“ ဝေ့အိမ်က သခင်လေးမလား? ဘာကြောင့် သူက ယန်တနဲ့ ပေါင်းသင်းနေပြန်တာလဲ? ”
“ သူ့ငွေတွေကို ယန်တ လိမ်သွားမှာ မကြောက်ဘူးလား? ”
“ ယန်တက လူတွေကို လိမ်လေ့မရှိဘူး။ သူက လူတွေကို တိုက်ရိုက်ဓားပြတိုက်တာ။ ”
…
လူအုပ်ကြီးသည် တီးတိုးပြောနေကြပြီး ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့ အဝေးသို့လျှောက်သွားသည်ကို ကြည့်နေကြသည်။
ယန်ကျင်းဇီ၏အိမ်နှင့် သုံ့ကူကောင်တီ၏ ကောင်တီရုံးနယ်မြေတို့ကြားတွင် အကွာအဝေးတချို့ ရှိသေးသည်။ လမ်းလျှောက်ရန် နာရီဝက်ကြာပြီး ယန်ကျင်းဇီသည် သူတစ်ဦးတည်း လျှောက်ရလျှင် ကိစ္စမရှိသော်လည်း ဝေ့လင်းရှိူ့ကို မပင်ပန်းစေချင်ပေ။
“ လှေသွားရှာရအောင်! ” ယန်ကျင်းဇီက ပြောသည်။
ဝေ့လင်းရှိူ့သည် မှင်တက်နေသေးပြီး သူသည် ကန့်ကွက်ချင်စိတ်ကို ခံစားလိုက်ရသော်ငြား မျိုသိပ်ထားလိုက်သည်။
ဝေ့အိမ်တော် တံခါးဝမှ ထွက်လာသောအခါ ဝေ့လင်းရှိူ့သည် အနည်းငယ် နောင်တရမိသည်။ မည်သို့ပင်ဖြစ်စေ ၎င်းက သူ့အိမ် ဖြစ်သည်။
သူ့ကို အိပ်ရာထဲတွင် လူတစ်ယောက်နှင့် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ သူသည် ထိုနေရာသို့ ပြန်မသွားနိုင်လောက်တော့ပေ။ သူသည် သူ့ကို ဂရုမစိုက်သော မိသားစုအား တွေးမိပြီး သူ့ရင်ထဲတွင် မွန်းကြပ်နေသည်...
သုံ့ကူကောင်တီတွင် မြစ်များစွာနှင့် လှေများစွာရှိသည်။ ကောင်တီအတွင်းရှိ အိမ်များအားလုံးကို မြစ်ကမ်းဘေးတစ်လျှောက်တွင် တည်ဆောက်ထားပြီး လူတိုင်းဟာ အပြင်ထွက်လျှင် အများအားဖြင့် လှေစီးကြသည်။
ယန်ကျင်းဇီသည် ဆိပ်ခံဆီသို့ လမ်းလျှောက်သွားပြီး လှေများစွာကို တွေ့လိုက်သော်လည်း ထိုလှေများမှ လှေသမားများက သူ့ကို တွေ့သောအခါ လှေကို ကိုင်ကာ ရှောင်ပုန်းချင်နေကြသည် – ယန်တက တကယ် အရပ်ရှည်ပြီး အလွယ်တကူ မှတ်မိနိုင်သည်။ သူသည် သုံ့ကူကောင်တီတွင် နေရာအနှံ့ တကားကား လျှောက်သွားနေသဖြင့် ဤလှေသမားများက သူ့ကို သိကြသည်။
ဤနတ်ဆိုးနှင့် ကြုံတွေ့ရလျှင်... သူတို့သည် သူ့ကို ရန်မစနိုင်ပေ။ ဒါပေမယ့် သူတို့ ပုန်းနေနိုင်သေးတယ်မလား?
ဤလှေသမားများက ပုန်းချင်သော်လည်း ယန်ကျင်းဇီကလည်း အလျင်လိုနေသည် : “ ဘယ်သူ ပြေးရဲလဲ! ပြေးတဲ့သူရဲ့လှေကို ငါ မြှုပ်ပစ်မယ်! ”
ထိုလှေသမားများသည် ထွက်မပြေးရဲကြတော့ချေ။
ပြောရမည်ဆိုလျှင်... တခြားသူများက ထိုသို့ပြောလာလျှင် သူတို့က သေချာပေါက် မယုံကြည်ကြပေ။ သို့သော် ၎င်းက ယန်ကျင်းဇီဆိုလျှင်တော့ သူတို့ ယုံကြည်သည်။
ဒီယန်တရဲ့ခွန်အားက အဆုံးမဲ့မှန်း ဘယ်သူက မသိလို့လဲ?
ကြည့်လိုက်လေ၊ သူက ပစ္စည်းတွေအများကြီးကို ခပ်လွယ်လွယ် သယ်ထားပြီး သူတို့ရဲ့လှေကို မြှုပ်ပစ်ဖို့ဆိုတာ လုံးဝ မခက်ခဲလောက်ဘူး!
လှေသမားများသည် သူတို့၏လှေများကို ပြန်သယ်လာကြပြီး တစ်ယောက်ချင်းစီက ယန်ကျင်းဇီကို မျက်နှာလိုမျက်နှာရလုပ်ချင်စွာ ကြည့်နေကြသည် : “ ယန်တ၊ ဘာဖြစ်လို့လဲ? ”
ယန်ကျင်းဇီသည် သူတို့ထဲမှ လှေတစ်စင်းကို ရွေးလိုက်ပြီး ထိုလှေပေါ်မှ လှေသမားကို ပြောသည် : “ လှေယူလာခဲ့! ငါ့ကို ရှင်းအန်းရွာကို ခေါ်သွားပေး! ”
ဤလှေသမားသည် ကံမကောင်းသောကြောင့် တိတ်တဆိတ် ငိုကြွေးမိသည်။
သူတို့သည် ဆိပ်ခံ၏ ဤအခြမ်းတွင် နေ၍ ငွေတချို့ ရှာရန်အတွက် ဖောက်သည်အနည်းငယ်ကို ဆွဲဆောင်ရန် ကြိုးစားလျက်ရှိသည်။ ဒါပေမယ့် ဒီယန်တကို ရှင်းအန်းရွာ ပို့ပေးရရင် ဒီလူက သူတို့ကို သေချာပေါက် ငွေပေးမှာ မဟုတ်ဘူး!
အရင်တုန်းက ဒီယန်တက အကြွေးတောင်းဖို့ လှေတစ်စင်းပေါ်ကို လူတွေတင်ပြီး ငွေမပေးသွားခဲ့ဘူး!
သို့ရာတွင် သူသည် မနာခံဘဲလည်း မလုပ်ဝံ့ပေ...
လှေသမားသည် ဆိပ်ခံတွင် ဆိုက်ကပ်လိုက်သည်။
ယန်ကျင်းဇီသည် ကျောပေါ်မှ ကြီးမားလှသော စားပွဲကြီးနှင့်အတူ လှေပေါ်သို့ လျှောက်သွားသည်။ အလေးချိန်က လေးလွန်းလှသဖြင့် ချက်ချင်းပင် လှေက ဘေးသို့ယိုင်သွားသည်။ ဒါပေမယ့် ယန်ကျင်းဇီက မြဲမြဲမြံမြံ မတ်တပ်ရပ်နေတာ လုံးဝ လှုပ်မသွားဘူး!
သူသည် လှေပေါ်တွင် စားပွဲကို ချလိုက်ပြီး ကမ်းပေါ်သို့ ခုန်တက်၍ ဝေ့လင်းရှိူ့၏လက်ထဲမှ ခွေးခြေကို ကောက်ယူလိုက်သည် : “ လင်းရှိူ့၊ လှေက နည်းနည်းလှုပ်နေတယ်။ လှေပေါ်တက်ရင် သတိထားဦး! ”
ဝေ့လင်းရှိူ့က ပြန်ဖြေသည်။
အစောက လှေသမားများသည် ယန်ကျင်းဇီကို မြင်ပြီး ထွက်ပြေးချင်ကြကာ ယန်ကျင်းဇီကလည်း လူများကို ခြိမ်းခြောက်လိုက်သည်။ ၎င်းကြောင့် ဝေ့လင်းရှိူ့သည် တစ်ခုခုမှားနေပြီဟု ဝေဝေဝါးဝါး ခံစားလိုက်ရသည်။
သို့သော် ယခု သူ့ကို ကြည့်သောအခါ.... ယန်ကျင်းဇီ၏ အပြုံးက ကြောက်စရာမကောင်းသဖြင့် သူသည် စိတ်အေးလက်အေး ပြန်ဖြစ်သွားသည်။
အစ်ကိုယန်သည် သူ့ကို ယခင်က ပြောပြဖူးသည်။ သူက သူ၏ မြင့်မားသော ခန္ဓာကိုယ်ကြောင့် အမြဲတစေ အထင်လွဲခံရပြီး ကြောက်ရွံ့ခံရသည်... ၎င်းက အမှန်ဖြစ်ပုံပေါ်သည်။
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီနောက်မှလိုက်၍ လှေပေါ်သို့တက်သည်။
သူ့တွင် သံသယသိပ်မရှိသည်ကို ယန်ကျင်းဇီသည် မြင်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းရှည်ချလိုက်သည်။
သုံ့ကူကောင်တီ၌ ချမ်းသာသူများ နေထိုင်ရာနှင့် ဆင်းရဲသားများ နေထိုင်ရာတို့ဟာ မတူညီကြချေ။ ဝေ့လင်းရှိူ့သည် ယခင်က အပြင်သိပ်မထွက်ခဲ့ပေ။ သူ၏ တစ်ခါတစ်ရံ သွားလေ့ရှိသော နေရာများမှာ မူလပိုင်ရှင် ဘယ်တော့မှ မသွားသော နေရာများ ဖြစ်ကြသည်။ သူသည် မူလပိုင်ရှင်ကို တစ်ခါမှ မမြင်ဖူးသောကြောင့် မူလပိုင်ရှင်က သူ့လက်အောက်ငယ်သားများနှင့် ပူးပေါင်းကြံစည်ပြီး / အလှလေးကို သူရဲကောင်းက ကယ်တင်သော / ပြဇာတ်ကို သရုပ်ဖော်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် မူလပိုင်ရှင်နှင့် ဝေ့လင်းရှိူ့တို့သည် လအနည်းငယ်ကြာအောင် ပြတ်တောင်းပြတ်တောင်း ပေါင်းသင်းခဲ့ကြသော်လည်း တကယ်တွင် ပေါင်းသင်းချိန်စုစုပေါင်းဟာ သိပ်မများချေ။ မူလပိုင်ရှင်သည် ဝေ့လင်းရှိူ့ထံမှ ငွေလိုချင်သဖြင့် ဟန်ဆောင်လိမ့်မည်ဖြစ်ကာ သရုပ်ဆောင်ကောင်းလွန်းသောကြောင့် ဝေ့လင်းရှိူ့သည် မူလပိုင်ရှင်ဟာ ကောင်းမွန်သော လူတစ်ဦး တကယ် မဟုတ်ကြောင်းကိုပင် မသိပေ။
ခုနက သူ သူ့မျက်နှာအစစ်ကို ထုတ်ပြမိတော့မလို့!
ယန်ကျင်းဇီသည် ၎င်းကို ပြန်လည်ကုစားရန် ဆုံးဖြတ်ပြီး နူးညံ့သိမ်မွေ့သော ဘက်ကို ထုတ်ပြချင်သည်။ သူသည် ပြုံးလိုက်ပြီး လှေသမားကို ကြည့်သည် : “ ဒီရက်ပိုင်း စီးပွားရေးဘယ်လိုလဲ၊ လူအိုကြီး? ”
လှေသမား၏ ခြေထောက်များနှင့် ဝမ်းဗိုက်တို့ တုန်လှုပ်သွားသည် : “ ငါ့စီးပွားရေးက မကောင်းဘူး! ငါ စားဖို့တောင် မတတ်နိုင်ဘူး! ” ဒါကြောင့် သူ့ကို မရိုက်ပါနဲ့!
ယန်ကျင်းဇီ : “ ... ” မင်း ငါ့ကို အရမ်းကြောက်ဖို့လိုလို့လား?
ယန်ကျင်းဇီသည် သူ၏ နူးညံ့သိမ်မွေ့ပုံကို ပြသရန် လှေသမားနှင့် စကားပြောချင်သော အကြံဉာဏ်ကို စွန့်လွှတ်လိုက်ပြီး ၎င်းအစား ဝေ့လင်းရှိူ့နှင့်သာ သွားစကားပြောလိုက်သည် : “ လင်းရှိူ့ စိတ်မပူနဲ့။ ငါ မင်းကို ကောင်းကောင်းဆက်ဆံပါ့မယ်! ”
“ အင်း။ ” ဝေ့လင်းရှိူ့က ခေါင်းညိတ်ပြသည်။
လှေသမား : “ ...... ” ဒီယန်တက ဒီလူငယ်လေးကို ချော့မြှူနေတာလား? အိုက်ဂူး၊ ဒီလူငယ်လေးက ယန်တရဲ့ ချော့မြှူတာကို နားထောင်တာ အရမ်းတုံးတာပဲ။ သူက ယန်တကို ဒီပစ္စည်းတွေ ပေးလိုက်တာတော့ မဟုတ်ဘူးမလား?
သူ့ကို ယန်တ ရောင်းစားမှာ မကြောက်ဘူးလား?
လှေသမားသည် ဝေ့လင်းရှိူ့ကို ကရုဏာသက်နေပြီး တစ်ချိန်တည်းတွင် သူသည် မြေပေါ်မှ လှေကို အမြန်တွန်းလိုက်သည် – မြစ်ဟာ ဤနေရာတွင် တိမ်သည်။ လှေသမားအများစုသည် ဝါးလုံးရှည်ကို ကိုင်ဆောင်၍ လှေတွန်းကြသည်။ အမှန်ပင်၊ တစ်ခါတစ်ရံတွင် သူတို့သည် ခတ်တက်များကိုလည်း အသုံးပြုကြ၏။ အဆင်ပြေသည့်အရာပေါ်တွင်သာ မူတည်နေသည်။
လမ်းလျှောက်ခြင်းထက် လှေစီးခြင်းက ပိုမိုမြန်ဆန်သော်လည်း ရှင်းအန်းရွာကို ရောက်ရန် တစ်နာရီ၏ လေးပုံတစ်ပုံစာ ကြာမြင့်သည်။
ရှင်းအန်းရွာကို မြစ်တစ်စင်းက ပိုင်းခြားထားသည်။ မြစ်ကမ်းဘေးတွင် ဟင်းသီးဟင်းရွက် စိုက်ခင်းတစ်ခင်း ရှိသည်။ ဟင်းသီးဟင်းရွက်ခင်း၏နောက်တွင် ကျိုးတိုးကျဲတဲ လူနေအိမ်များ ရှိ၏။ ထို့အပြင် လူအများ ရေချိုးရန်နှင့် လှေပေါ်သို့ အတက်အဆင်း လုပ်နိုင်သော နေရာများ အများအပြား ရှိနေသေးသည်။ အကောင်းဆုံးနေရာများမှ တစ်နေရာတွင်မူ ကျောက်လှေကားကိုလည်း ခင်းကျင်းထား၏။
ဤအခိုက်တွင် အမျိုးသမီးအချို့သည် ကျောက်ပြားများပေါ်တွင် အဝတ်များ လျှော်ဖွပ်ကာ စကားစမြည်ပြောနေကြသည်။ သူတို့သည် လှေတစ်စင်း လာနေသည်ကို တွေ့သော် လမ်းဖယ်ပေးရန် စည်ပိုင်းကိုလည်း ပြန်ယူလိုက်ကြသည်။
သူတို့သည် ယူပြီးသည်နှင့်တပြိုင်နက် လှေပေါ်မှ ယန်ကျင်းဇီကို တွေ့လိုက်ကြရသည်။
“ အဲ့ဒါ ယန်တပဲ! ” တစ်စုံတစ်ယောက်က ဆိုသည်။ ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ဤအမျိုးသမီးများသည် ကျောက်တုံးတစ်ဖက်ခြမ်းတွင် ချက်ချင်း ပုန်းခိုလိုက်ကြပြီး ယန်ကျင်းဇီကို သတိရှိရှိ ကြည့်နေကြသည်။
ယန်ကျင်းဇီ : “ ... ”
တကယ်တော့ မူလပိုင်ရှင်သည် သုံ့ကူကောင်တီတွင် ငွေရှာခဲ့သော်လည်း ကြီးပြင်းရာအရပ် ရှင်းအန်းကျေးရွာအတွင်းတွင် မကောင်းမှုတစ်ခုပင် မလုပ်ခဲ့ချေ။
ဤသည်ကလည်း သူ့ဖခင်ထံမှ သင်ကြားထားသည်။ အမှန်ပင်၊ တခြားလူမိုက်များသည်လည်း တစ်ထပ်တည်း ပြုမူကြသည်။
/ ယုန်များသည် သူတို့အသိုက်များ၏ အစွန်းရှိ မြက်များကို မစားပေ။ / သူတို့၏ အနာဂတ် ထိမ်းမြားမင်္ဂလာ သို့မဟုတ် သေဆုံးပြီးနောက် ဈာပနတို့ဆိုလျှင် သူတို့သည် ရွာသားများထံမှ အကူအညီများ လိုအပ်မည်ဖြစ်သဖြင့် သဘာဝကျစွာပင် သူတို့၏ ဇာတိကျေးရွာများမှ လူများကို ဘာမှမလုပ်နိုင်ကြချေ။
ဥပမာအားဖြင့် ကြက်စားချင်လျှင် သင့်ဇာတိရွာမှ မခိုးယူရ။ ခိုးယူချင်လျှင် အခြားရွာများတွင် ခိုးယူနိုင်သည်။
ထိုသို့ဆိုလျှင်တောင်မှ ရွာသူရွာသားများဟာ မူလပိုင်ရှင်ကို ကြောက်နေကြဆဲဖြစ်သည်။
သူတို့သည် သူတို့၏ သားသမီးများကို ဤစကားဖြင့် ခြိမ်းခြောက်လေ့ရှိကြသည် : “ မင်း ကောင်းကောင်းမပြုမူရင် ယန်တက မင်းကို လာရိုက်လိမ့်မယ်! ”
အရမ်းကြောက်ရွံ့သွားကြတဲ့ ဝက်ဝံပေါက်လေးတွေ အကုန်လုံး လိမ္မာသွားကြပြီ!
ယန်ကျင်းဇီသည် တတ်နိုင်သမျှ ကြင်နာစွာဖြင့် ဤအမျိုးသမီးများကို ပြုံးပြလိုက်သည် : “ ဆဋ္ဌမမြောက် အဒေါ်၊ မရီးဝမ်၊ သတ္တမမြောက် အဒေါ်... နေကောင်းကြလား! ”
အမျိုးသမီးများ : “ ...... ” ယန်တ သရဲပူးခံနေရတာလား? အရင်တုန်းကဆိုရင် သူက သူတို့ကို လျစ်လျူရှုတယ်၊ မဟုတ်ရင် ကျိန်ဆဲပြီး သူတို့ကို ”အနံ့ဆိုးဆိုး မိန်းမတွေ” လို့ ခေါ်တာမလား?
သူတို့သည် စိုးရိမ်ထိတ်လန့်နေစဉ် အသက် ၁၇၊၁၈ နှစ် အရွယ် ကောင်လေးတစ်ဦးက ယန်တနောက်မှ ထွက်လာပြီး သူတို့ကို ပြုံးပြသည်ကို တွေ့လိုက်ရသည်။
ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့က ပြိုင်ဘက်ကင်း အလှလေးဟု ခံစားရသည်။ သို့ရာတွင် ယင်းကား အမှန်ပင် သိပ်ချဲ့ကားလွန်းခြင်းမဟုတ်။
အဘယ့်ကြောင့်ဆိုသော် ဝေ့လင်းရှိူ့၏ ရုပ်ရည်ဟာ တကယ့်ကို အလွန်ကောင်းမွန်လှသည်။
သူ့တွင် အနက်ရောင်ဆံပင်နှင့် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည် ရှိသည်။ ပထမဆုံး တစ်ချက်ကြည့်လိုက်သည်နှင့် သူသည် ချမ်းသာကြွယ်ဝသော မိသားစု၏ ပျိုးထောင်ခြင်းကို ခံခဲ့ရကြောင်း သိနိုင်သည်။ ထိုမျက်နှာအတွက်မူ... သူ့မျက်နှာတွင် အပြည့်အဝ ပျောက်ကွယ်မသွားသေးသော ကလေးအဆီအချို့ ရှိနေသေးသည်။ သူ့ရုပ်သွင်လက္ခဏာများမှာ လှပသည်။ သူက လူများကို ပြုံးပြသောအခါ သူတို့က မနေနိုင်ဘဲ သူနှင့်အတူ လိုက်ပြုံးမိကြသည်။
ဤကား ချစ်စရာကောင်းသော လူငယ်လေး ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
ယန်တက ဒီသခင်လေးကို ဘယ်နေရာမှာ လှည့်စားလာတာလဲ?
အမျိုးသမီးအားလုံးသည် ဝေလင်းရှိူ့အား အနည်းငယ်စိုးရိမ်စွာဖြင့် ကြည့်နေကြသည်။
ဤအချိန်တွင် ယန်ကျင်းဇီသည် ကမ်းပေါ်တက်ရန် စားပွဲကို ကျောပေါ်သို့တင်ပြီးပြီဖြစ်သည်။
လှေနံဘေးသို့ သူ လျှောက်သွားသောအခါ လှေသည် ထပ်မံလှုပ်ခါသွားပြီး ဝေ့လင်းရှိူ့သည် မတည်မငြိမ်ဖြင့် လဲကျလုနီးပါးဖြစ်ခဲ့သော်လည်း အဆုံးတွင်မူ ရပ်နေနိုင်ဆဲဖြစ်သည်။
မြဲမြံစွာ ရပ်နိုင်သောအခါ ဝေ့လင်းရှိူ့သည် ငွေထုတ်ကာ လှေသမားကို ငွေပေးလိုက်သည် – ယန်ကျင်းဇီနဲ့ဆိုရင် ငွေပေးရတဲ့သူက သူပဲ အမြဲဖြစ်ခဲ့တယ်၊ သူ ကျင့်သားရနေပြီ!
လှေသမားသည် မယူရဲပေ။ သူသည် ယန်ကျင်းဇီကို တစ်ချက်လှမ်းကြည့်ပြီး ယန်ကျင်းဇီက ကန့်ကွက်ခြင်းမရှိကြောင်းကို တွေ့ရမှ ငွေယူရဲသည်။
ဒီသခင်လေးက လူကောင်းပဲ! ယန်တရဲ့ ပစ်မှတ်ထားခံရတာ စိတ်မကောင်းစရာ။ နောင်မှာ ယန်တဆီကနေ *အရှင်လတ်လတ် အစားမခံရပါစေနဲ့!
( *အရှင်လတ်လတ် အစားခံရခြင်း - ပိုသန်မာတဲ့လူထံမှ လုံးလုံးလျားလျား ဖျက်ဆီးခံရခြင်း။ )
လှေသမားသည် ဝေ့လင်းရှိူ့ ကမ်းပေါ်တက်သည်ကို စောင့်ဆိုင်းပြီးမှ ဝါးတိုင်ဖြင့် ထွက်ခွာသွားသည်။
တစ်ချိန်တည်းမှာပင် သုံ့ကူကောင်တီတွင် လျင်မြန်စွာ ပျံ့နှံ့သွားသည့် အံ့သြဖွယ်သတင်းတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
သုံ့ကူကောင်တီ၏ ဝေ့မိသားစု၊ Juren တစ်ဦး၏ သူကြွယ်မိသားစု ဝေ့အိမ်တော်၊ သူတို့၏ အကြီးဆုံးသခင်လေးက / *ဒုတိယမြောက်ကုလားထိုင် / ဖြစ်ပြီး ယန်တနဲ့ အတူရှိနေလို့ အိမ်ကနေ နှင်ချခံလိုက်ရတယ်!
[ * ဒုတိယမြောက်ကုလားထိုင် - (ယုတ်ညံ့သော အသုံးအနှုန်း) အမျိုးသားလည်း မဟုတ်၊ အမျိုးသမီးလည်း မဟုတ်။ ]
“ ငါ ဝေ့သခင်လေးကို တွေ့ဖူးတယ်။ အရမ်းချောမောတဲ့ အမျိုးသားတစ်ဦးပဲ။ သူက / ဒုတိယမြောက်ကုလားထိုင် / တဲ့လား? ”
“ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူက ယန်တနဲ့ အမြဲတမ်း အပြင်ထွက်နေခဲ့တယ်... ”
“ သူက တကယ် စိတ်ရှုပ်ထွေးနေပြီ။ သူက / ဒုတိယမြောက်ကုလားထိုင် / ဖြစ်တယ်ဆိုရင်တောင် ယန်တနဲ့ အတူမရှိသင့်ဘူး... ”
“ ယန်တက ကောင်းတဲ့အကောင် မဟုတ်ဘူး! ”
“ ဒီနေ့ ယန်တက ပစ္စည်းတွေ သယ်ပြီး သူ့ကို ခေါ်သွားတာကို ငါတို့တံခါးရှေ့က ဖြတ်သွားလို့ ငါ တွေ့လိုက်ရတယ်၊ ကျစ်! ”
“ ဝေ့အိမ်က သခင်လေးကတော့ အနာဂတ်မှာ စိတ်ဆင်းရဲရတော့မှာပဲ! ”
…
လူအများက အများကြီး ပြောနေကြသော်လည်း အားလုံး အသိအမှတ်ပြုသော ကိစ္စ ရှိသည် – ဝေ့လင်းရှိူ့က နောက်ပိုင်းတွင် သေချာပေါက် ကောင်းမွန်စွာ အဆုံးသတ်လိမ့်မည်မဟုတ်ချေ။
ထိုယန်တ၏ ဖခင်က လူကောင်း မဟုတ်ဘဲ ယန်တက သူ့လူအိုကြီးထက်ပင် ပိုမိုသန်မာပြီး လူကောင်း မဟုတ်သည်မှာလည်း သေချာသည်...
ဝေ့မိသားစုမှ ဤသခင်လေးက ယန်တထံမှ လှည့်စားခံထားရခြင်း ဖြစ်လောက်သည်။ ယခု ဝေ့မိသားစုက သူနှင့် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီ။ သူနဲ့ ယန်တက အနာဂတ်မှာ ကောင်းမွန်တဲ့ အဆုံးသတ်ကို ရရှိပါ့မလား?
သုံ့ကူကောင်တီမှ လူများဟာ ဝေ့အိမ်မှ အကြီးဆုံးသခင်လေးကို ကရုဏာသက်နေကြပြီး ဝေ့အိမ်ကိုလည်း ကရုဏာသက်နေကြသည်။
ကောင်းကောင်းမွန်မွန် ပျိုးထောင်ပေးထားသော ကလေးက ဒုတိယမြောက်ကုလားထိုင်တစ်ဦး ဖြစ်လာသည်။ ဝေ့သခင်ကြီးက တကယ် သနားစရာကောင်းတယ်!
စာနာမှုများ ရရှိနေသော ဝေ့လင်းရှိူ့သည် ဤအချိန်တွင် တစ်ခုခုမှားနေပြီမှန်း သဘောပေါက်သွားသည်။
ယခင်က ယန်တနှင့် သူ စကားပြောဖူးစဉ် ယန်တသည် သူ့ဘဝ အတွေ့အကြုံကို ပြောပြခဲ့သည်။ သူသည် ယန်တကို စာနာပြီး ယန်တကို ငွေတချို့ ပေးလိုက်သည်။
ထိုအချိန်တွင် ယန်တသည် ငွေကို အိမ်ဆောက်ရန် သုံးမည်ဟု ပြောခဲ့သော်ငြား ယခုမူ... သူကတော့ ကျိုးပဲ့နေတဲ့ အိမ်သုံးလုံးကိုပဲ တွေ့တယ်!
ထို့အပြင် ဆိုးဆိုးရွားရွား ပျက်စီးနေသည့် ခွေးခြေတစ်ခုမှလွဲ၍ ဤပျက်စီးယိုယွင်းနေသော အိမ်တွင် တခြားပရိဘောဂများ လုံးဝ မရှိလုနီးပါးပင်။
ဟုတ်သည်၊ သူသည် ယခု ပင်မအခန်းကိုသာ မြင်ရသေးသည်။ တခြားအခန်းများက ပိုကောင်းလောက်သည်...
ရှင်းအန်းကျေးရွာမှ အိမ်များ၏ နံရံများအားလုံးကို ရွှံ့များဖြင့် ပြုလုပ်ထားသည်။
အိမ်ဆောက်ချင်လျှင် သူတို့သည် လူရှာခိုင်း၍ အုတ်မြစ်တူးပြီး အလယ်တွင် ပေတစ်ပေခန့်ရှိသော သစ်သားပျဉ်ပြား အနည်းငယ်ကို ထောင်သည်၊ ၎င်းတို့ကို မြေသားဖြင့် ဖြည့်ကာ တူတစ်ချောင်းနှင့် ၎င်းတို့ကို ထပ်တလဲလဲ ထုရိုက်ရသည်။
ဒီနည်းနဲ့ ရွှံ့တွေကို တင်းတင်းကြပ်ကြပ် ညှစ်ထုတ်ပြီး နံရံကို တည်ဆောက်နိုင်ပြီ! အမှန်ပင်၊ ပုံမှန်ရွှံ့နံရံသည် တစ်မီတာကျော်သာ မြင့်မားပြီး သစ်သားနံရံနှင့် တွဲဆောက်လိုက်လျှင် ပြတင်းပေါက်များ ဖွင့်ရန်အတွက်လည်း အဆင်ပြေသည်။
ယန်ကျင်းဇီ၏အိမ်ပုံစံဟာလည်း ဤကဲ့သို့ပင်။
ဤအိမ်ကို သူ့အဘိုးသည် ငွေတချို့ ရှိစဉ် အစောပိုင်းနှစ်များအတွင်းတွင် တည်ဆောက်ခဲ့သည်။ ရွှံ့နံရံများက ခိုင်မာသော်ငြား ၎င်းတို့အပေါ်မှ သစ်သားအမိုး မရှိတော့သည်မှာ ကြာပြီဖြစ်သည်... မည်သို့ပင်ဖြစ်စေ အပြင်ဘက်တွင် မိုးသည်းစွာ ရွာသွန်းတိုင်း အထဲတွင် ခပ်ဖွဖွ မိုးနည်းနည်းရွာသည်။
ဤအိမ်သည် ရွာရှိ တခြားအိမ်များနှင့် ယှဉ်လျှင် စုတ်ပြတ်နေပြီး ဝေ့လင်းရှိူ့၏အိမ်နှင့် ယှဉ်လျှင် ကောင်းကင်ဘုံနှင့် မြေကြီးတို့ကဲ့သို့ ပိုတူသည်။
ယန်ကျင်းဇီက ရှက်နေဟန်ဖြင့် ဆိုသည် : “ အဲ့ဒါကြောင့် ငါ မင်းကို နောက်ထပ်ပစ္စည်းတွေ ယူလာခိုင်းလိုက်တာ၊ ဟားဟား... မင်းခုတင်က ကြီးလွန်းလို့ ရွှေ့မရတာ နှမြောစရာပဲ။ အခုဆိုရင် သွားပြန်ရွှေ့ဖို့က မဖြစ်နိုင်လောက်တော့ဘူး... ”
ဝေ့လင်းရှိူ့ : “ ... ”
လယ်သမားများတွင် စာကြည့်ခန်းများနှင့် တခြားအခန်းများ မရှိကြချေ။ ယေဘုယျအားဖြင့် အိမ်များကို နှစ်မျိုးခွဲထားသည် : အိမ်ရှေ့ခန်းနှင့် အိပ်ခန်းတို့ ဖြစ်သည်။
အများအားဖြင့် အနည်းဆုံး အိပ်ခန်းနှစ်ခန်း ရှိသည်။ မိသားစုတွင် လူများလျှင် နောက်ထပ်အခန်းများ အနည်းငယ် ထပ်ရှိလိမ့်မည်ဖြစ်သည်။ ပင်မအိမ်တွင်မူ မိသားစုတစ်စုစီအတွက် အိပ်ခန်းတစ်ခန်းသာ ရှိနေပေလိမ့်မည်။
ဤအိမ်သည် တောင်ဘက်သို့ မျက်နှာမူပြီး ပုံမှန်ကဲ့သို့ မိသားစုအိမ်မှ အိမ်များ၏ အိမ်တန်းရှိ အလယ်တွင် တည်ရှိကာ အိမ်နောက်ဘက်တွင် မီးဖိုတစ်ဆောင် ရှိ၍ ထမင်းစားရန်နှင့် ဧည့်သည်များကို ဧည့်ခံရန်အတွက် အသုံးပြုသည်။
ရှင်းအန်းကျေးရွာတွင် အိမ်ရှေ့ခန်း၌ *မသေမျိုးရှစ်ပါး၏ စားပွဲတစ်လုံးကို ထားနိုင်လျှင် အလွန်ခမ်းနားပြီး ပို၍ခမ်းနားချင်လျှင် အိမ်ထဲတွင် မသေမျိုးရှစ်ပါး စားပွဲနှစ်လုံးကို ထားနိုင်သည်။
( *မသေမျိုးရှစ်ပါးစားပွဲ - လူရှစ်ဦးအတွက် လေးထောင့်စားပွဲ။ )
ယန်ကျင်းဇီ၏အိမ်သည် အသေအချာပင် သိက္ခာမဲ့သော အိမ်အမျိုးအစားတွင် ပါဝင်၏... ယန်ကျင်းဇီသည် စားပွဲကို အောက်ချပြီး ရှက်ရွံ့စွာဖြင့် ဝေ့လင်းရှိူ့ကို ကြည့်လိုက်သည် : “ ငါတို့... ရှင်းလင်းကြမလား? ”
ယန်ကျင်းဇီသည် သန့်ရှင်းရေးလုပ်လိုက်ရပြီး ထိုအခါတွင် ဝေ့လင်းရှိူ့သည် တွေ့လိုက်ရသည်... ခုတင်တစ်ခုတည်းရှိသော အိပ်ခန်းတစ်ခန်း ဖြစ်ပြီး ၎င်းတွင် အံဆွဲငါးခုပါ ဗီရိုတစ်လုံးပင် မရှိချေ။
ပြီးတော့ အရမ်းအံ့ဩစရာကောင်းတာက ခုတင်က တံခါးရွက်ကြီး ဖြစ်နေတာပဲ!
အိပ်ခန်း၏အဆုံးတွင် တံခါးတစ်ချပ်ကို ကျိုးနေသော အုတ်ခဲတချို့ပေါ်တွင် ချထားပြီး ခုတင်အဖြစ် အသုံးပြုသည်။ ဤခုတင်ပေါ်၌ စုတ်ပြဲနေသော စောင်တစ်ထည်နှင့် စုတ်ပြဲနေသော အဝတ်အစားတချို့ ရှိနေပြီး အားလုံးကို အတူတူ စုပုံထားသည်။
အေးစိမ့်သော ရာသီဥတုကြောင့် ဤခုတင်ပိုင်ရှင်သည် သူ့ခန္တာကိုယ်ပေါ်တွင် စောင်နှင့် အဝတ်အစားများကို တင်၍ အိပ်စက်သည်ဟု ခန့်မှန်းရသည်။
ဝေ့အိမ်တော်မှ ဝေ့လင်းရှိူ့သည် တိတိပပ သိပ်ပြီး တန်ဖိုးထားမခံဖူးခဲ့ပေ။ ဒါပေမယ့် သူ ဒီလိုအိပ်ရာမျိုး တစ်ခါမှ မမြင်ဖူးဘူး!
ဝေ့လင်းရှိူ့သည် တုန့်ဆိုင်းနေစဉ် ယန်ကျင်းဇီက ခြေလှမ်းအနည်းငယ် ရှေ့တိုး၍ “ခုတင်”
ပေါ်မှ ရှိသမျှအရာအားလုံးကို ဘေးဘက်သို့ တွန်းလိုက်သည်ကို တွေ့လိုက်ရသည်။ ယန်ကျင်းဇီက သူ့ကို ပြော၏ : “ ထိုင်ပါ။ ငါ မင်းအတွက် အိပ်ရာပြင်ပေးမယ်! နောင်မှာ မင်း ဒီမှာ နေရမယ်! ”
ယန်ကျင်းဇီသည် ဤသို့ပြောပြီးနောက် လက်သွက်စွာဖြင့် ဝေ့အိမ်မှ သူ ယူလာသော အထုပ်ကို စတင်ဖြည်ပြီး အိပ်ရာကို စတင်ပြင်ဆင်သည်။
အိပ်ရာမပြင်ဆင်မီ သူသည် သူ့အဝတ်ဟောင်းများကို ရေစွတ်ပြီး အဝတ်စုတ်များအဖြစ် အသုံးပြု၍ တံခါးကို သုတ်... မဟုတ်သေး၊ ခုတင်ပြားကို သုတ်လိုက်သည်။
ဝေ့လင်းရှိူ့ထံတွင် ပေါ်ပေါက်လာသော စိုးရိမ်ပူပန်မှုသည် ယန်ကျင်းဇီ၏ အပြုအမူကြောင့် ဖိနှိပ်ခံလိုက်ရသည်။
ယန်ကျင်းဇီက သူ့အပေါ် အရမ်းကောင်းနေသေးတယ်! သူ့ကို ခုတင်တစ်ခုလုံး ပေးတယ်!
ယန်ကျင်းဇီ နည်းနည်းဆင်းရဲခြင်းအတွက်မူ... တကယ်တော့ အရေးမကြီးချေ။
တစ်ယောက်ယောက်က သူ့ကို ဂရုစိုက်နေသရွေ့။
ဝေ့လင်းရှိူ့ ပြောလိုက်သည် : “ ငါလည်း ကူမယ်။ ”
ယန်ကျင်းဇီက သဘောတူသည်။
အဘယ်ကြောင့်ဆိုသော် သူသည် သူ့တွင် ညစာပြင်ဆင်ခြင်းကဲ့သို့သော အခြားလုပ်စရာများ ရှိနေကြောင်းကို ရုတ်တရက် သတိရလိုက်သောကြောင့် ဖြစ်သည်။
ဒါပေမယ့် သူ့အိမ်မှာ... အိုးတစ်လုံးတောင် မရှိဘူး!
အိုးကလည်း အဖိုးတန်သည်။ အိမ်တွင် အိုးတစ်လုံး ရှိလျှင် ၎င်းကို မူလပိုင်ရှင်က ရောင်းစားပစ်မည်မှာ သေချာသည်။ အဲ့ဒါကြောင့်ပဲ သူတို့အိမ်မှာ ဘာအိုးမှမရှိတာလေ!
မူလပိုင်ရှင်၏ မှတ်ဉာဏ်များထဲတွင် ကျာပွတ်ကြောင့် ဒဏ်ရာရလာသော ဝေ့လင်းရှိူ့သည် ဤနေရာသို့ ရောက်လာပြီးနောက် မူလပိုင်ရှင်က သူ့ကို တစ်ခါမှ ဂရုမစိုက်ခဲ့ချေ။ သူသည် လေနှင့်မိုးတို့ကိုသာ ကာကွယ်နိုင်သော ဤအိမ်တွင် လအနည်းငယ်ခန့်ကြာအောင် ဝေ့လင်းရှိူ့က မည်သို့နေထိုင်သွားကြောင်းကို မသိရှိပေ။
အမှန်ပင်၊ ဝေ့လင်းရှိူ့သည် မူလပိုင်ရှင်၏နေအိမ်တွင် လအနည်းငယ်အကြာ နေထိုင်ပြီးမှသာ မူလပိုင်ရှင်၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သည်...
ယန်ကျင်းဇီသည် ဒေါသအလွန်ထွက်ပြီး ရှုပ်ယှက်ခတ်သွားသည်။ ဒေါသနှင့်စိတ်ရှုပ်မှုတို့ပြီးဆုံးပြီးနောက် – ညစာက အဆင်သင့်မဖြစ်သေးဘူး!
ဝေ့လင်းရှိူ့သည် ငွေယူ၍ ဝေ့အိမ်မှ ထွက်လာသော်လည်း ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့၏ငွေကို တကယ်ပင် မသုံးချင်ပေ... ဒါပေမယ့် မူလပိုင်ရှင်ရဲ့ ငွေတွေအကုန်လုံး ကုန်သွားပြီ!
ယန်ကျင်းဇီ ရုန်းကန်နေစဉ် ဝေ့လင်းရှိူ့က ဆိုသည် : “ အစ်ကိုယန်၊ ငါ့မှာ ငွေနည်းနည်း ရှိတယ်။ စားစရာဝယ်ဖို့ သုံးလို့ရတယ်။ ”
ဝေ့လင်းရှိူ့သည်လည်း ယန်ကျင်းဇီ၏ ရှုပ်ယှက်ခတ်နေသော အသွင်အပြင်ကို မြင်သွားပြီး ရုတ်တရက် နားလည်သွားရသည်... ယန်ကျင်းဇီတွင် ငွေမရှိလောက်ချေ။
ယခင်က ဝေ့အိမ်တွင် ယန်ကျင်းဇီသည် သူ့အဝတ်အစားများကို ချွတ်ထားသည်။ ထိုအချိန်တွင် သူ့ကိုယ်ပေါ်၌ ငွေမရှိကြောင်းကို တွေ့လိုက်ရသည်။ ယခု ဤအိမ်သို့ရောက်သော်...
ဤမိသားစုက ချမ်းသာပုံမပေါ်ချေ။
ပြောရမည်ဆိုလျှင် ယခင်က ယန်ကျင်းဇီ သူနှင့်အတူရှိစဉ် သူသည် ငွေသုံးရသူ ဖြစ်ခဲ့သည်... ယခု သူသည် ယန်ကျင်းဇီကို ငွေပေးရပြီး တစ်ခုခုမှားနေပြီဟု မတွေးမိပါပေ။
သို့သော် သူ့အစ်ကိုယန်က အသုံးအဖြုန်း အနည်းငယ် ရှိသည်... ဝေ့လင်းရှိူ့သည် ရုတ်တရက် အနည်းငယ် စိတ်ပူသွားပြီး ငွေကုန်မည့်အရေးကို စိုးရိမ်မိသည်။
သူတို့သည် ဤတစ်ခါတွင် အိမ်မှ ပစ္စည်းများစွာကို ယူလာသော်ငြား သူ့တွင် ငွေသိပ်မရှိပေ။ သူ၏ ငွေသုံးလေ့ရှိသော ပုံစံကို ပြောင်းလဲရန် လအနည်းငယ် ကြာနိုင်သော်လည်း ယခုမူ သူတို့သည် အစားအသောက်အတွက် ငွေတွက်ရန် လိုအပ်ပြီး ပစ္စည်းများကို ထပ်ဝယ်ရဦးမည်။ ၎င်းက သေချာပေါက် မလုံလောက်ချေ။
သူသည် ငွေရှာဖို့ နည်းလမ်းရှာရမည်ဖြစ်သည်။
ဝေ့လင်းရှိူ့သည် ဤသို့တွေးမိပြီး ယန်ကျင်းဇီသည်လည်း ဤသို့တွေးမိ၏။
သူ ငွေရှာရမယ်!
ဝေ့လင်းရှိူ့ကို သူ့ကိုပျိုးထောင်ခွင့်မပြုနိုင်ဘူး!
မူလပိုင်ရှင်မှာ အရည်အချင်း လုံးဝ မရှိဘူး၊ ဒါဆို သူ ဘယ်လိုငွေရှာနိုင်မလဲ? သူက မူလပိုင်ရှင်လိုမျိုး အကြွေးကောက်လို့ မဖြစ်ဘူးမလား?
ယန်ကျင်းဇီသည် ထိုအကြောင်းကို တွေးရင်း ခေါင်းကိုက်ကာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
သူသာ စောစောစီးစီး ကူးပြောင်းလာမည်ဆိုလျှင် ပိုကောင်းလိမ့်မည်ပင်။ သူတို့ကို အိပ်ရာထဲတွင် အတူမမိလျှင် ဝေ့လင်းရှိူ့က သူ့နောက်လိုက်ပြီး အပင်ပန်းခံစရာလိုမည် မဟုတ်ကြောင်းမှာ သေချာ၏။
သူ့မှာ အရင်က မှတ်ဉာဏ်တွေ ဘာလို့ မရှိတာလဲ? သူ့မှာ အရင်က မှတ်ဉာဏ်တွေ ရှိမယ်ဆိုရင် သူ့မှာ ငွေရှာနည်းတစ်နည်းလောက် ရှိနိုင်မှာပဲ!
ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့၏ ငွေကို ယူပြီး စိတ်ပျက်လက်ပျက် ထွက်ကာ သုံ့ကူကောင်တီထံသို့ ပြေးသွားခဲ့သည်။
သူသည် အသုံးပြုနိုင်သော တစ်စုံတစ်ရာကို သွားဝယ်တော့မည်ဖြစ်ပြီး အိုးတစ်လုံးကို ဝယ်ရပေမည်။ သူသည် ညစာပြင်ဆင်ရန်အတွက် အလွန်နောက်ကျသွားမည်မှာ သေချာပြီး တချို့ကိုလည်း ဝယ်ရမည်...
သုံ့ကူကောင်တီဟာ အနည်းငယ် ဝေးသော်ငြား ယန်ကျင်းဇီက ပြေးသွားရာ တစ်နာရီ၏ လေးပုံတစ်ပုံအတွင်း ရောက်ရှိခဲ့သည်။
ထို့နောက် သူသည် ပစ္စည်းမျိုးစုံကို စတင်ဝယ်ယူသည်။
သုံ့ကူကောင်တီမှ လူများ : “ ယန်တက ဝေ့သခင်လေးဆီက ငွေရလာတာပဲ ဖြစ်ရမယ်! အဲ့ဒါကြောင့် သူ ပစ္စည်းတွေအများကြီးကို ဝယ်နိုင်တာ! ”
“ ဝေ့သခင်လေးရဲ့ငွေတွေကို သူ သုံးပြီးရင် မောင်းထုတ်ခံရဖို့ အချိန်တန်ပြီ။ ”
“ ယန်တ လာပြီ! တိတ်တိတ်နေတော့! "
…
ယန်ကျင်းဇီ ဖြတ်သွားတဲ့နေရာတိုင်းမှာ လူတိုင်းက ရှောင်တိမ်းသွားကြတယ်!