အပိုင်း ၁၂၉ ( Rogue Champion 5 )
Viewers 10k

ညနေပိုင်းရောက်နေပြီဖြစ်သော်လည်း သုံ့ကူကောင်တီ၏ ကောင်တီရုံးနယ်မြေရှိ လမ်းများဟာ သက်ဝင်လှုပ်ရှားနေလျက်ရှိသည် — ကောင်တီရုံးတွင် အလုပ်လုပ်ကြသော အနီးအနားရှိ လယ်အိမ်များမှ လူများသည် အိမ်မပြန်မီတွင် တစ်ခုခုကို အမြဲဝယ်လေ့ရှိကြသည်။


ယန်ကျင်းဇီသည် ညဈေးသို့ အမြန်သွားပြီး အိုးခွက်များ အားလုံးကို ဝယ်ကာ ဆန်အချို့၊ အသီးအရွက်များနှင့် အသားဟင်းအချို့ကို ဝယ်လိုက်သည်။ ပိုက်ဆံကုန်လုနီးပါးပင်။


ဤအတိုင်း ဆက်သွား၍မဖြစ်ချေ...


ယန်ကျင်းဇီသည် ဝယ်ယူလာသော ပစ္စည်းများကို အိုးထဲထည့်၍ အိုးကိုသယ်၍ အိမ်ပြန်သည်။ လမ်းလျှောက်နေစဉ် သူသည် ငွေရှာနိုင်သော နည်းလမ်းများကို တွေးကြည့်သည်။


မူလပိုင်ရှင်သည် အသက်ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်တွင် လောင်းကစားဝိုင်းသို့ ရောက်သွားခဲ့ပြီး သူ့အလုပ်မှာ လောင်းကစားဝိုင်းအတွက် အကြွေးများ ကောက်ပေးရန်ဖြစ်သည်။


လောင်းကစားဝိုင်းသည် လောင်းကစားသမားများ၏ အသားတင်တန်ဖိုးကို ကောင်းစွာ သိသည်။ သူတို့သည် ငွေအနည်းငယ်ရှိသော မိသားစုရှိသူ တစ်စုံတစ်ဦးကို တွေ့သောအခါ ထိုသူကို လောင်းကစားဝိုင်းမှ ငွေများစွာ ချေးယူရန် အားပေးပြီး နောက်ပိုင်းတွင် လူရမ်းကားများကို ထိုသူ၏အိမ်သို့ သွား၍ ငွေကောက်ယူခိုင်းလိမ့်မည်ဖြစ်သည်။ ငွေကောက်ယူပြီးသောအခါ မူလပိုင်ရှင်ကဲ့သို့ လူရမ်းကားများသည်လည်း အစုတစ်ပုံ ခွဲဝေနိုင်သည်။


ထို့အပြင် မူလပိုင်ရှင်သည် လောင်းကစားဝိုင်းတွင် အလကားလည်း စားသောက်နိုင်ပြီး ညဘက် အိပ်စက်ချင်လျှင်ပင် ကိစ္စမရှိချေ... ဒီလိုကြောင့်သာမဟုတ်ရင် မူလပိုင်ရှင်လိုမျိုး ချက်ချင်းငွေသုံးတတ်တဲ့ ဒီလူက အသက်ရှင်မနေနိုင်တော့တာ ကြာလှပြီ!


အမှန်တော့ ဤအလုပ်က ဝင်ငွေများစွာကို ရရှိနိုင်သော်လည်း ယန်ကျင်းဇီသည် တကယ်ပင် လူအများကို အနိုင်မကျင့်ချင်ပေ။


ထို့ကြောင့် သူသည် ငွေရှာလိုလျှင် ကောင်တီရုံးရှိ ကုန်ချဆိပ်သို့ သွား၍ တခြားသူများ၏ အိတ်များကိုသာ ကူသယ်နိုင်သည်။


မူလပိုင်ရှင်သည် အသက် ၁၃၊၁၄ နှစ်တွင် လောင်းကစားဝိုင်း၌ စားသောက်ခြင်းအမှုကို စတင်ခဲ့ပြီး သုံ့ကူကောင်တီ၏ အသန်မာဆုံး အမျိုးသားအဖြစ် သူ့ကိုယ်သူ တိုးတက်ပြောင်းလဲစေခဲ့သည်။ သူသာ ဤခန္ဓာကိုယ်ဖြင့် အိတ်များကို သယ်ရန် ကုန်ချဆိပ်သို့ သွားလျှင် တခြားသူများက အိတ်တစ်လုံးကိုသာ သယ်နိုင်ချိန်တွင် သူသည် တပြိုင်နက်တည်း အိတ်နှစ်လုံးကို သယ်နိုင်သည်။ သူသည် ငွေများစွာကို ရှာနိုင်လောက်သော်ငြား ၎င်းက သူနှင့် ဝေ့လင်းရှိူ့တို့ကို လုံလုံလောက်လောက် စားသောက်နိုင်ရုံသာ ဖြစ်စေနိုင်၏။ ပိုမိုကောင်းမွန်သော ဘဝတွင် နေထိုင်ရန်ကား ခက်ခဲလှသည်။


“ ယန်တ! ” ရုတ်တရက် အသံတစ်သံဟာ ထွက်ပေါ်လာသည်။


ယန်ကျင်းဇီသည် ခေါင်းလှည့်လိုက်သောအခါ မူလပိုင်ရှင် အလုပ်လုပ်သော လောင်းကစားဝိုင်း၏ စီမံထိန်းသိမ်းသူတစ်ဦးက သူ့ကို ဆေးတံဟောင်းတစ်ချောင်း ကိုင်လျက် ကြည့်နေသည်အား တွေ့လိုက်ရသည်။ သူက ပြုံးပြီး ပြန်ဖြေလိုက်သည် : “ လီဦးစီး ”


လီဦးစီးသည် ဝဖိုင့်ပြီး အလွန်ကြင်နာတတ်ပုံရသည်။ သူသည် သူ့အိတ်ကပ်ထဲမှ ကြိတ်ချေထားသော ဆေးလက်တစ်ဆုပ်စာကို ထုတ်ယူပြီး ဆေးဆုံထဲသို့ ထည့်ကာ တစ်ချက်ရှိုက်လိုက်သည် : “ ယန်တ၊ ငါ ကြားတာ မင်း ငွေအချို့ ရထားတယ်ဆိုလား? မင်း ညကျရင် လာကစားမှာလား? " လီဦးစီးသည် ယန်တကို အလွန်နှစ်သက်သည်။ ယခင်အတိတ်၌ ယန်တကို အကြွေးတောင်းခိုင်းလျှင် သူ မရနိုင်တာ မရှိချေ။ ပိုကောင်းချင်လျှင် သူ့ကို ဆုလာဘ်ဖြင့် ကမ်းလှမ်းနိုင်ပြီး ငွေက လောင်းကစားဝိုင်း၏လက်ထဲသို့ နှစ်ရက်အတွင်း ရရှိနိုင်ပေသည်။ 


လွန်ခဲ့သည့်လအနည်းငယ်အတွင်း ယန်တတွင် ငွေအမြောက်အမြားရှိပြီး လောင်းကစားဝိုင်း၌ ငွေပြား ၇၀၀-၈၀၀ ဆုံးရှုံးခဲ့သည်... ဘယ်သူက ဒီလိုလူမျိုးကို မကြိုက်ပါ့မလဲ?


“ လီဦးစီး၊ ငါ့အိမ်မှာ လူတစ်ယောက် ရှိလာပြီ။ ဒါကြောင့် ငါ ဒီည မလာတော့သလို ထပ်လည်း မလာတော့ဘူး။ ” ယန်ကျင်းဇီက လိမ္မာပါးနပ်စွာ ပြုံးသည် : “ ငါ ဘဝကို ကောင်းကောင်းနေချင်တယ်။ ”


ဤခေတ်ကာလတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်နိုင်သူများတွင် ကျောထောက်နောက်ခံ အနည်းငယ် ရှိသည်။ မူလပိုင်ရှင် အလုပ်လုပ်သော လောင်းကစားဝိုင်း၏နောက်တွင်လည်း အင်အားရှိ၏။ ၎င်းကား သုံ့ကူကောင်တီ၏ ဝေ့အိမ်ထက် ပိုအားမနည်းသော လီအိမ် ဖြစ်သည်။


မကြာသေးမီနှစ်များအတွင်း လီမိသားစုသည် ဝေ့မိသားစုထက်ပင် ပိုအားကောင်းသည် — သုံ့ကူကောင်တီ၏ စာရင်းကိုင်သခင်ကြီးမှာ လီမိသားစုမှ ဖြစ်သည်။


ထို့အပြင် လီမိသားစုသည် ကြီးပွားချမ်းသာလျက်ရှိပြီး ကောင်တီရုံးတွင် အရာရှိငယ် အများအပြား ရှိသည်ကို သူတို့အားလုံးက လီမိသားစုဝင်များ ဖြစ်ကြသည်။ 


ဤအကြောင်းကြောင့်သာလျှင် လီမိသားစုသည် လောင်းကစားဝိုင်းကို အလွန်ကြီးကျယ်စွာ ဖွင့်လှစ်ထားနိုင်ပြီး ၎င်းကြောင့်သာလျှင် လီမိသားစုတွင် စည်းကမ်းအချို့ ရှိရခြင်းလည်း ဖြစ်သည်။ ဥပမာအားဖြင့် မူလပိုင်ရှင်ကဲ့သို့ လူရမ်းကားများသည် အကြွေးတောင်းသည့်အခါ နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသော်ငြား ပုံမှန်ဆိုလျှင် သာမန်ပြည်သူများကို သွားရောက်မထိခိုက်ရချေ။ ပြဿနာဖြစ်ပြီး လောင်းကစားဝိုင်းနှင့် လီမိသားစုကို ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်စေမည်ကို စိုးရိမ်သောကြောင့်ပင်။


အကြွေးများအတွက်ဆိုလျှင်ပင် လူ့အသက်ကိုဆုံးရှုံးစေမှု ကဲ့သို့သော ကိစ္စများကို ဘယ်တော့မှ ခွင့်မပြု။


လီမိသားစုသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားသော်လည်း လူအများ၏ နာကြည်းမှုကို မလိုလားကြပေ။


မူလပိုင်ရှင်သည် လောင်းကစားဝိုင်း၏ လူရမ်းကားများထဲမှ တစ်ဦး ဖြစ်ပြီး လောင်းကစားဝိုင်းက သူတို့နှင့် စာချုပ်မချုပ်ထားချေ။ သူတို့သည် အခြေခံအားဖြင့် လွတ်လပ်စွာ သွားလာနိုင်ပြီး လူအများစုက ငွေမရှိသဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ လူမိုက်များ ဖြစ်လာကြကာ ငွေလုံလောက်သွားသည်နှင့် ထွက်ခွာသွားကြပေလိမ့်မည်။ 


ဤအခိုက်၌ ယန်ကျင်းဇီက ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်ချင်သည်ဟု ပြောသောအခါ လီဦးစီးက အနည်းငယ် အံ့အားသင့်သွားသည် : “ မင်း အဲ့ဒီ့ဝေ့သခင်လေးနဲ့ ကောင်းကောင်းနေသွားတော့မှာလား? ”


လီမိသားစုနှင့် ဝေ့မိသားစုတို့သည် အချင်းချင်း မတည့်ကြဘဲ ဝေ့အိမ်၏ သခင်လေးက ယန်ကျင်းဇီနောက်သို့ လိုက်သွားပြီး ထွက်ပြေးသွားသည့်အခါတွင်... လီဦးစီးက ပြုံးလျက် ပွဲကောင်းကောင်းကြည့်နေသည်။ ဝေ့သခင်လေးနှင့် ကောင်းကောင်းမွန်မွန် နေတော့မည် ဟူသော ယန်ကျင်းဇီ၏စကားကိုမူ သူသည် လုံးဝ မယုံကြည်ပါချေ။


သူသည် ယန်ကျင်းဇီက ထိုလူနှင့် လိုက်လျောညီထွေနေရန် ကြိုးစားနေပြီး စကားအခွန်းအနည်းငယ်ကို နားထောင်ရန် ဆန္ဒရှိနေသည်ဟုသာ ထင်သည်။ အနာဂတ်ကျရင်ရော?


လောင်းကစားသမားများသည် သူတို့၏ သတို့သမီးအသစ်များကို လအနည်းငယ်အကြာသာ နာခံတတ်ကြပြီး လအနည်းငယ်အကြာ စီမံခံရပြီးနောက် သူတို့က လောင်းကစားဝိုင်းသို့ ပြန်လာကြလိမ့်မည်ဖြစ်ပြီး အဆုံးတွင်မူ သူတို့၏ဇနီးကို ရောင်းချခြင်းကပင် သာမန်ဖြစ်လာသည်။


ဒီယန်တရဲ့မိခင်ကလည်း နောက်ဆုံး အရောင်းခံလိုက်ရတာပဲမလား?


“ ဟုတ်တယ်။ ” ယန်ကျင်းဇီက ပြုံးပြသည်။


“ ဒါဆို မင်း ဘဝကို ကောင်းကောင်းနေပါ။ မင်း ပြန်လာချင်တဲ့အခါကျရင် ပြန်လာခဲ့။ ” လီဦးစီးသည် ဆေးတစ်တို့စာကို ထပ်မံဖိညှပ်လိုက်ပြီး ပို၍ပင် ကြင်နာပုံပေါ်လာသည်။


လီဦးစီးနှင့် စကားပြောပြီးနောက် ယန်ကျင်းဇီသည် အိုးကို အတူသယ်၍ အိမ်ပြန်ပြေးသည်။


အိမ်ပြန်ရောက်ရန် တစ်နာရီ၏ လေးပုံတစ်ပုံစာပင် ထပ်မံကြာသွားသည်။ ပြေးပြီနောက် သူသည် ဗိုက်ဆာလာသည်။ တံခါးဝသို့ ရောက်ရောက်ချင်းတွင် သူသည် သူ့အိမ်နားတွင် လူများစွာက စုဝေးနေသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးဟာ သူ့အိမ်ကို စူးစမ်းနေကြပြီး စပ်စပ်စုစုဖြင့် ကြည့်‌ရှုနေကြသည်။ 


သို့သော် ယန်ကျင်းဇီ ရောက်လာသည်နှင့်တပြိုင်နက် ဤလူများက ထွက်ပြေးသွားပြီး ကလေးတစ်ဦးဆိုလျှင် ပြေးရင်းနှင့် လဲကျသွားသော်ငြား သူ့မိခင်က သူ့ကို လျစ်လျူရှုကာ ဆက်ပြေးသွားသည်။


ကလေးကလည်း မငိုဘဲ ပြန်ထကာ ဆက်ပြေးသည်။


ယန်ကျင်းဇီ : “ ... ”


အိမ်ထဲသို့ ဝင်သွားသောအခါ ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့က ခုတင်ပေါ်တွင် ခပ်တွေတွေ ထိုင်နေသည်ကို တွေ့လိုက်ရပြီး သူ့ကို မြင်သောအခါမှ ဝေ့လင်းရှိူ့၏ အမူအရာက တောက်ပလာသည် : “ အစ်ကိုယန်၊ မင်း ပြန်လာပြီ! ”


“ အင်း၊ ငါ ပြန်လာပြီ။ ” ယန်ကျင်းဇီသည် သူ့ရင်ခွင်ထဲမှ ဆီစက္ကူဖြင့် ထုပ်ပိုးထားသော ပူနွေးနေသေးသည့် ပေါက်စီများကို ထုတ်ယူလိုက်သည် : “ ငါ အသားပေါက်စီ ဝယ်လာခဲ့တယ်။ မင်း မြန်မြန်စားလိုက်။ ”


အသားပေါက်စီက နှစ်လုံးသာ ရှိသည်။ ဝေ့လင်းရှိူ့သည် တစ်လုံးကိုသာ ယူလိုက်သော်လည်း ယန်ကျင်းဇီက ကျန်တစ်လုံးကိုပါ သူ့လက်ထဲသို့ ထည့်ပေးသည် : “ အကုန်လုံး မင်းအတွက်ပဲ။ ငါ စားပြီးပြီ။ ”


တကယ်တော့ သူသည် မစားရသေး။ သို့ရာတွင် သူသည် ယခု အလွန်ဆင်းရဲနေရာ အသားပေါက်စီများကို မစားတော့ပေ။


ဤအသား‌ပေါက်စီမျိုး၊ သူသည် ဆယ်လုံး စားပြီးမှသာ ဗိုက်ပြည့်မည်ဖြစ်သည်။


ဝေ့လင်းရှိူ့သည် အိမ်တွင် အနှစ်သက်မခံခဲ့ရသော်ငြား စားနပ်ရိက္ခာ ပြတ်လပ်မှု လုံးဝ မရှိခဲ့ချေ။ အနည်းဆုံးတော့ ဤအသားပေါက်စီမျိုးကို သူသည် စားချင်သည့်အချိန်တိုင်းတွင် စားနိုင်ပေသည်။


ဤအချိန်တွင် သူသည် သိပ်မတွေးတော့ဘဲ ဖြည်းညှင်းစွာ စားလိုက်သည်။


သူ့တွင် မူလက စားချင်စိတ် မရှိသော်ငြား စားနေချိန်တွင် သူသည် ယန်ကျင်းဇီက အိမ်တွင်းနှင့်အိမ်ပြင် အလုပ်များနေသည်ကို ကြည့်နေခဲ့သည်။ သူသည် ယန်ကျင်းဇီကို ကြည့်နေရင်း သူ့စားချင်စိတ်က ရုတ်တရက် တိုးလာသည်။ သူသည် ပေါက်စီနှစ်လုံးကို သေချာစားပြီးနောက် ရေနည်းနည်းဆာလာ၏။


သောက်ရေ ဘယ်ကယူရမလဲ?


ဝေ့လင်းရှိူ့သည် အတွေးများနေသော်လည်း ယန်ကျင်းဇီသည် ရေကို ကျိုချက်နေသည်။


ဝေ့လင်းရှိူ့၏အခန်းထဲမှ လက်ဖက်ရည်အိုးနှင့် ခွက်များကိုလည်း သူသည် ယူလာခဲ့သည်။ သူသည် အိုးထဲမှ ရေကို ဘူးသီးခြောက်ခွက်ဖြင့် ခပ်ယူလိုက်ပြီး ဝေ့လင်းရှိူ့အတွက် ရေတစ်အိုးကို ပြင်ဆင်လိုက်သည် : “ သတိထား။ ”


“ အဆင်ပြေပါတယ်။ ” ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို ပြုံးပြသည်။ သူ့အပြုံးက ချိုမြိန်ပုံပေါ်သော်လည်း သူ့ယခင်က ဝင့်ကြွားလွှမ်းမိုးသော ပုံစံဟာ ကင်းမဲ့နေသည်။


ယန်ကျင်းဇီသည် စိတ်ဆင်းရဲသွားပြန်သည်။


နောက်ကျနေပြီး မှောင်လာနေပြီဖြစ်သည်။ ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို စောစောအိပ်ခိုင်းလိုက်သည် – သူသည် ဝေ့လင်းရှိူ့ အိပ်စက်ရန်အတွက် ရှင်းလင်းထားသော အိပ်ခန်းကို ပေးပြီး သူက နောက်အခန်းတွင် အိပ်မည်ဟု ဆိုသည်။ 


သို့သော် ဝေ့လင်းရှိူ့ အိပ်ရာဝင်သောအခါတွင် အိပ်ရာဝင်နေရမည့် ယန်ကျင်းဇီက တံခါးအပြင်ထွက်လာသည်။


သူသည် ယနေ့တွင် အိုးများနှင့် ဒယ်များကို ဝယ်ယူခဲ့သည်။ သူသည် ငွေရရန် အပေါင်ဆိုင်သို့ အပ်နှံထားခဲ့သော လယ်သမားများ၏ အိုးများနှင့် ဒယ်များ အဟောင်းတို့ကို ဝယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းကြောင့် ချက်ပြုတ်စရာ အိုးကို ရရှိလာပြီး အိုးကို တိုက်ရိုက်လည်း အသုံးပြုနိုင်သဖြင့် သူသည် ပြန်ရောက်ရောက်ချင်း ရေနွေးကျိုနိုင်ခြင်းဖြစ်သည်။ သို့သော် မူလပိုင်ရှင်၏အိမ်တွင် ထင်းမီးက အလွန်နည်းပါးနေပြီး ရေနွေးကျိုပြီးသည်နှင့် ကုန်ဆုံးသွားသည်။


သူသည် နှစ်သက်ရသူကို အိမ်သို့ ပြန်ခေါ်လာနိုင်ခဲ့ပြီး အနည်းငယ် စိတ်လှုပ်ရှားနေသောကြောင့် မအိပ်နိုင်ပေ။ အဲ့တော့ အပြင်ထွက်ပြီး ထင်းခုတ်တာ ပိုကောင်းတယ်!


ဝေ့လင်းရှိူ့အခန်းထဲမှ အသံမကြားရတော့သောအခါ ယန်ကျင်းဇီသည် လက်ဗလာဖြင့် အပြင်ထွက်သွားသည်။


သူ့တွင် ထင်းခုတ်ရန် ဓား မရှိပေ။ ကံကောင်းစွာဖြင့် သူ့လက်မောင်းခွန်အားက အံ့ဩစရာကောင်းလှပြီး ထင်းကို တိုက်ရိုက်ချိုးကာ ပြန်ယူသွားနိုင်သည်။


ဤအလုပ်ပြီးနောက် ညသန်းခေါင်ကျော်တွင် ယန်ကျင်းဇီသည် ထင်းတစ်စည်းကို ကျောပေါ်သယ်၍ အိမ်ပြန်ရောက်လာပြီး စတင်ချက်ပြုတ်သည်။


သူသည် အလွန်ဗိုက်ဆာနေပြီး တစ်ခုခုစားရမည်ဖြစ်သည်။


စားစရာအတွက်မူ... ယန်ကျင်းဇီသည် ယခင်က အစားအသောက် ဝယ်ယူစဉ်တွင် စားစရာနှစ်မျိုး ဝယ်လာခဲ့သည်။


တစ်မျိုးမှာ ပိုဈေးကြီးပြီး သန့်သန့်ရှင်းရှင်း အခွံခွာထားသော ဆန်သစ် ဖြစ်ကာ နောက်တစ်မျိုးမှာ ပိုဈေးပေါသော အနံ့နံနေသည့်ဆန် ဖြစ်သည်။


အိုးထဲသို့ ရေနှင့် အနံ့နံနေသော ဆန်ကို ထည့်ပြီး ယန်ကျင်းဇီသည် ချက်ပြုတ်လိုက်သည်။ ပြီးသွားသောအခါ သူသည် အရွက်ချဉ်ကို ရေဆေး၍ အိုးနားတွင် ဆန်ပြုတ်ကို ထိုင်စားလိုက်သည်။


သူသည် ဆန်ပြုတ်အိုးတစ်ဝက်ကို စားပြီးနောက် တိတ်တဆိတ် အပြင်ထွက်သွားပြီး ထင်းဆက်ခုတ်သည်။ သူသည် သူ့အိမ်၏ အမိုးကို ပြုပြင်ရန် သစ်သားနှင့် ဝါးတချို့ကို ရယူရန်လည်း တွေးနေသည်။


သူ ထွက်သွားသောအခါ ဝေလင်းရှိူ့သည် အခန်းထဲမှ ထွက်လာပြီး မီးဖိုခန်းဆီသို့ လျှောက်သွားသည်။


သူသည် နေ့ဘက်တွင် အိမ်မှမောင်းထုတ်ခံရခြင်းကို ကြုံတွေ့ခဲ့ရသည်။ ညဘက်တွင် အိပ်ပျော်သွားသော်လည်း သူသည် ညလယ်တွင် အိပ်မက်မက်ပြီး နိုးလာသည်။


နိုးလာသည်နှင့် သူသည် အပြင်ဘက်မှ ဆူညံသံကို ကြားလိုက်ရသည်။ ညလယ်ခေါင်ကြီးမှာ ယန်တ ဘာလုပ်နေတာလဲ?


ဝေ့လင်းရှိူ့ နေထိုင်သော အခန်းသည် အိမ်ရှေ့ခန်း၏ဘေးတွင် ဖြစ်သည်။ ၎င်းက ဤအိမ်၏ အကောင်းဆုံးအခန်း ဖြစ်၏။ သို့သော် ရွှံ့နံရံပေါ်မှ သစ်သားနှင့် ဝါးတို့ဖြင့် ပြုလုပ်ထားသော “နံရံ” မှာ စုတ်ပြဲနေပြီးဖြစ်ကာ အကွက်အလပ်များစွာ ရှိနေသည်။


ဝေ့လင်းရှိူ့သည် ခွေးခြေတစ်လုံးကို ရွှေ့ပြီး အိမ်ရှေ့ခန်းသို့ အပေါက်ဝမှ လှမ်းကြည့်လိုက်သည်။


ယနေ့တွင် လသာပြီး အိမ်ရှေ့ခန်း၏တံခါးက အကျယ်ပွင့်လျက်ရှိကာ အိမ်အတွင်းမှ အခြေအနေက ရှင်းလင်းနေသည်။


ယန်အိမ်၏ မီးဖိုခန်းနှင့်လည်း ချိတ်ဆက်ထားသည်။ သူသည် ယန်ကျင်းဇီ ချက်ပြုတ်နေသည်ကို မြင်နေရသည်။ ချက်ပြုတ်ပြီးနောက် လူတစ်ယောက်က ငြိမ်ငြိမ်လေး စားနေသည်။ ပုံစံအရ သူက ဆန်ပြုတ်စားနေခြင်း ဖြစ်လောက်သည်။


ယန်ကျင်းဇီက ညတုန်းက စားပြီးပြီလို့ ပြောခဲ့တယ်မလား? ဘာလို့ သူက ညလယ်ခေါင်ကြီး ထပြီး ဆန်ပြုတ်ချက်ရတာပါလိမ့်?


ဝေ့လင်းရှိူ့သည် အရမ်းသိ‌ချင်နေပြီး ယန်ကျင်းဇီ ထွက်သွားသောအခါ သူသည် အပြင်ထွက်ပြီး မီးဖိုခန်းထဲသို့ တိတ်တဆိတ် ဝင်သွားလိုက်သည်။


အိုးထဲတွင် ဆန်ပြုတ်အိုးတစ်ဝက် ရှိနေပြီး ဘေးနားတွင် အရွက်ချဉ် အနည်းငယ် ရှိနေသည်။


ဝေ့လင်းရှိူ့သည် ဆန်ပြုတ်ခပ်ရန် ယန်ကျင်းဇီ သုံးခဲ့သော ဘူးသီးခြောက်ခွက်ဖြင့် ဆန်ပြုတ်အနည်းငယ်ကို သောက်လိုက်သည်။ သူသည် ဆန်ပြုတ်ထဲတွင် စပါးခွံများ ရောပါနေသည်ဟု ခံစားရပြီး စားလိုက်သောအခါတွင် သူ့လည်ပင်းလည်း နာသွားသည်။


ယန်တကသာ မုန့်ပေါင်းများကို စားခဲ့လျှင် ညလယ်ခေါင်တွင် ဤဆန်ပြုတ်ကို ချက်စရာမလိုမည်မှာ သေချာသည်... ဝေ့လင်းရှိူ့သည် အခန်းထဲသို့ ပြန်ရောက်လာပြီး သူ့နှလုံးသားက ချဉ်တူးလေးလံနေကာ အိပ်ရာပေါ်တွင် လှဲချ၍ ငိုချလိုက်သည်။


ငိုရင်းငိုရင်းနှင့် သူသည် ပြန်အိပ်ပျော်သွားသည်။


ငိုခဲ့သော်လည်း ဝေ့လင်းရှိူ့သည် နောက်နေ့မနက်တွင် အိပ်ရာနိုးလာသောအခါ လန်းဆန်းလျက်ရှိသည်။ သူ့စိတ်နှလုံးသားထဲမှ စိတ်ဓာတ်ကျမှုက အပြီးအပိုင် ပျောက်‌ကွယ်သွားသောကြောင့် ဖြစ်နိုင်သည်။


စူးရှသော နေရောင်သည် အိမ်ခေါင်မိုးပေါက်မှတဆင့် ဝင်ရောက်လာသည်။ ကြည့်ရတာ သိပ်မစောတော့တဲ့ပုံပဲ!


ဝေ့လင်းရှိူ့သည် ရုတ်ချည်း အိပ်ရာထပြီး သူ့အဝတ်များကို ဝတ်ဆင်၍ တံခါးဖွင့်လိုက်သည်။ သူသည် အိမ်အပြင်ဘက်တွင် ပုဆိန်ဖြင့် ဝါးခုတ်နေသော ယန်ကျင်းဇီကို တွေ့လိုက်ရသည်။


ယန်ကျင်းဇီသည် မနေ့ညက တစ်ညလုံး အလုပ်များနေခဲ့ပြီး မနက်မှသာ အိမ်ပြန်လာသည်။ သူသည် မနေ့ညမှ ကျန်ရစ်သော ဆန်ပြုတ်အိုးတစ်ဝက်ကို စားလိုက်ပြီး ဝေ့လင်းရှိူ့အတွက် ဆန်ပြုတ်ချက်သည်။ ထို့နောက် သူသည် ပုဆိန်တစ်လက်နှင့် တခြားပစ္စည်းများ ငှားရန် ရွာသူကြီးအိမ်သို့ သွားသည်။


ရွာသူကြီးသည် မချေးငှားပဲ မနေဝံ့ရဲလေရာ ဤအခိုက်အတန့်တွင် ယန်ကျင်းဇီသည် ဝါးခုတ်နေပြီး ဝါးချပ်များကို အတူရက်လုပ်ပြီးမှ အိမ်ပြင်ရန် စီစဉ်နေသည်။


“ လင်းရှိူ့ နိုးပြီလား? အိုးထဲမှာ ဆန်ပြုတ် ရှိတယ်။ ငါ စားပြီးပြီ။ အဲ့ဒါ မင်းအတွက်ပဲ။ ” ယန်ကျင်းဇီ ပြုံးလိုက်သည်။


ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီနှင့်အတူတူ အခက်အခဲများကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီး မည်မျှပင် အရသာဆိုးရွားသော ဆန်ပြုတ်ဖြစ်နေပါစေ၊ ၎င်းကို စားရန် တွေးထားသည်။


ရလဒ်ကမူ သူသည် အိုးအဖုံးကို ဖွင့်ပြီးနောက် ဆန်ဖြူနှင့် ချက်ထားသော ဆန်ပြုတ်တစ်အိုးကို အံ့သြစရာကောင်းစွာ တွေ့လိုက်ရပြီး ပေါင်းခွက်အပေါ်တွင်လည်း အရွက်ချဉ်တစ်ပန်းကန်နှင့် ကြက်ဥပြုတ်တစ်လုံးတို့ ရှိနေသည်။


“ ငါ အရသာရှိတာ မချက်ထားဘူး။ မင်း ကြိုက်သလို စားလို့ရတယ်။ ” ယန်ကျင်းဇီက ပြောသည်။


ဝေ့လင်းရှိူ့သည် ခေါင်းညိတ်ပြပြီး သူ့မျက်ဝန်းများ နာကျင်လာပြန်သည်။


အရွက်ချဉ်များကို ပါးပါးလှီးပြီး ပေါင်းနေစဉ်တွင် ဆီအနည်းငယ် ထည့်ထားသည်။ ဆန်ပြုတ်နှင့် တွဲစားလျှင် အရသာရှိသည်။ ဥတစ်လုံးလုံးကို ရေပန်းကန်လုံးထဲတွင် ထည့်၍ ပြုတ်ထားခြင်းသာ ဖြစ်သော်လည်း ယန်တက တစ်လုံးပင် မစားခဲ့ခြင်း ဖြစ်နိုင်သည်။


ဝေ့လင်းရှိူ့သည် ကြက်ဥကို အခွံခွာကာ ကြက်ဥဖြူကို အနည်းငယ် ကိုက်စားပြီးနောက် အိမ်အပြင်ထွက်လိုက်သည်။ သူသည် ကြက်ဥကို ယန်ကျင်းဇီ၏ ပါးစပ်နားသို့ ခွံ့ကာ ပြုံးပြသည် : “ ငါ ကြက်ဥအနှစ် စားရတာ မကြိုက်ဘူး။ စားတဲ့လူကို နင်စေတယ်။ မင်း စားလိုက်ပါ။ ”


“ နေ့လယ်ကျရင် ငါ မင်းကို ကြက်‌ဥမွှေကြော်ပေးမယ်။ ” ယန်ကျင်းဇီသည် စကားပြောပြီးနောက် ကြက်ဥအနှစ်ကို တစ်ကိုက်တည်း စားလိုက်သည်။


ဝေ့လင်းရှိူ့သည် ကြက်ဥဖြူများကို စားပြီး ဆန်ပြုတ်ကိုလည်း ‌ယန်ကျင်းဇီနှင့် ဝေမျှစားသည်။ ထို့နောက် သူသည် သူ့စားပွဲကို စတင်ရှင်းလင်းပြီး သူ့စာအုပ်တောင်းထဲမှ ပစ္စည်းများကို ထုတ်လိုက်သည်။


‌ခြင်းတောင်းထဲတွင် မင်တံများ၊ မင်ရည်များ၊ စာရွက်များနှင့် မင်တုံးများ ပါရှိသည်။ ထို့အပြင် ယန်ကျင်းဇီက အသိပညာကြွယ်ဝစေရန်နှင့် စာပေလေ့လာရန်အတွက် သူ အသုံးပြုခဲ့သော စာအုပ်များနှင့် လက်ရေးလှစာအုပ်များ အားလုံးတို့ကိုလည်း ယူဆောင်လာခဲ့သည်။


ဝေ့လင်းရှိူ့သည် စဉ်းစားပြီးပြီဖြစ်သည်။ သူ့တွင် ငွေရှာရန် နည်းလမ်းမရှိဘဲ တစ်ခုတည်းသော နည်းလမ်းမှာ စာအုပ်များကို လက်ရေးလှ ကူးရေးရန်သာ ဖြစ်သည်။


ထိုအချိန်က သူ့ညီသည် သူ့ကို ညံ့ဖျင်းသော ဗဟုသုတနှင့် ပတ်သက်ပြီး လှောင်ပြောင်ခဲ့ဖူးသည်။ သူက စကားလုံးများကိုသာ ဖတ်ရှုနိုင်ပြီး စာအုပ်များကို လက်ရေးလှကူး၍သာ ငွေရှာနိုင်သည်ဟု ပြောခဲ့သည်။


သူကလည်း ထိုအချိန်တွင် တုံးအခဲ့၏။ သူက စာမလေ့လာလျှင်ပင် အနာဂတ်တွင် ဝေ့မိသားစုက သူ့အပိုင် ဖြစ်လာကာ သူ့ညီကမူ သူ့ကိုယ်ပိုင်စီးပွားရေး ရရှိရန်အတွက် စာမေးပွဲ ဖြေဆိုနေရလိမ့်မည်ဟု ပြန်ပြောခဲ့ပေသည်...


ဘယ်သူက ဒီနေ့ကို တွေးမိပါ့မလဲ?


သေချာတွေးကြည့်တော့ ဘယ်မိသားစုက ကျောင်းသားတွေက သူ့လိုမျိုး သူ့အဘွားရဲ့ စောင့်ကြည့်ခံရပြီး တစ်နေ့လုံး ဗုဒ္ဓကျမ်းစာတွေကို ကူးနေရလို့လဲ? လူတို့သည် ရှားပါးစာအုပ်များကိုသာ အမြဲကူးယူကြသည်။ သူတို့သည် သူတို့ကိုယ်တိုင် ဖတ်ရှုရန်အတွက် တစ်အုပ်စာကို ကူးယူလေ့ရှိသည်။ နောက်တစ်အုပ် ထပ်ကူးခြင်းဟာ စာလေ့လာခြင်းကို နှောင့်နှေးစေသည်။


ဝေ့လင်းရှိူ့သည် “Three Character Classic” ကို တွေ့ရှိပြီး ဖြည်းညှင်းစွာ ကူးယူသည်။


သူသည် စာသိပ်မဖတ်ဖြစ်သော်လည်း “Three Character Classic” ကို အလွတ်မှတ်မိနိုင်သည်။ ဤစာအုပ်ကို ကူးယူရန် လွယ်ကူသည်။ သူ ကူးပြီးရင် ငွေရနိုင်လောက်လား?


ဝေ့လင်းရှိူ့ စာအုပ်ကို ကူးယူနေစဉ် ယန်ကျင်းဇီ ဝင်လာသည်။


ယခုခေတ်၌ စာပေပညာရှင်တို့တွင် အလွန်မြင့်မားသော အဆင့်အတန်း ရှိကြပြီး မူလပိုင်ရှင်သည်လည်း စာပေပညာရှင်များကို ကြောက်ရွံ့သည်။ ပြောရမည်ဆိုလျှင် မနေ့၌ မူလပိုင်ရှင်သာ ဖြစ်ခဲ့မည်ဆိုပါက သူ့ကဲ့သို့ Juren ပညာရှိတစ်ဦးကို ခြိမ်းခြောက်ရန် သတ္တိမရှိမည်မှာ သေချာသည်။


ယခု ဝေ့လင်းရှိူ့ စာရေးနေသောအခါတွင် ယန်ကျင်းဇီ၏ခံစားချက်ဟာ ပိုမိုကောင်းမွန်လာသည်။


ဝေ့လင်းရှိူ့သည် စာသင်သားတစ်ဦး ဖြစ်သည်။ ဖြစ်နိုင်ရင် သူလည်း ဝေ့လင်းရှိူ့ရဲ့ ပညာရေးကို ထောက်ပံ့ပေးသင့်တယ်မလား?


ဒီခေတ်မှာ စာလေ့လာတဲ့လူတွေက အရမ်းနာမည်ကြီးတယ်! ဝေ့လင်းရှိူ့မှာ ကောင်းမွန်တဲ့ ဂုဏ်သတင်း ရှိရင် နောင်မှာ ကောင်းမွန်တဲ့ ဘဝကို သေချာပေါက် နေနိုင်မှာပဲ!


ဤသို့တွေးရင်း ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ စာရေးနေသည်ကို သွားကြည့်လိုက်သည်။


သူသည် ထိုစကားလုံးများကို မသိသော်လည်း ဝေ့လင်းရှိူ့က အထူးကောင်းမွန်စွာ ရေးသားနေပြီး စာအုပ်ထဲမှ လက်ရေးထက်ပင် ပိုကောင်းသည်ဟု ခံစားရသည်။


ယန်ကျင်းဇီသည် အလွန်ကြီးမားပြီး အလွန်အားကောင်းသော တည်ရှိမှု ဖြစ်သည်။ သူက ဘေးတွင် လာရပ်လိုက်သော် ဝေ့လင်းရှိူ့သည် စိတ်လွတ်သွားပြီး စာလုံးတစ်လုံးကို လွဲသွားသည်။ သို့ရာတွင် သူက သတိမထားမိသေးချေ။


“ မင်း မှားရေးမိလိုက်ပြီ။ ” ယန်ကျင်းဇီသည် စာလုံးကို ညွှန်ပြပြီး ပြောသည်။


ယန်ကျင်းဇီ ညွှန်ပြပြီးမှသာ ဝေ့လင်းရှိူ့သည် ၎င်းကို မှားရေးမိကြောင်း သတိထားမိပြီး အနည်းငယ် အံ့ဩသွားသည် : “ ဘယ်လို

လုပ် မင်း အဲ့တာကို တွေ့တာလဲ? ” သူက တွေးနေသည်။ ယန်တက စာမဖတ်နိုင်ဘူးမလား?


“ ဒီစာလုံးနှစ်လုံးက မတူဘူး။ ” ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့၏ ဖွင့်ထားသော Three Character Classic ကို ညွှန်ပြပြီး သဘာဝကျကျ ပြောလိုက်သည်။