ယန်ကျင်းဇီသည် စာအုပ်ထဲမှ စာလုံးများကို လုံးဝ မသိသော်လည်း အမှားကို တစ်ချက်ကြည့်ရုံဖြင့် မြင်သွားပြီးနောက် ဆိုသည် : “ လင်းရှိူ့၊ စာအုပ်ကူးရတာ ပင်ပန်းတယ်။ မင်း ကူးနေတာ ခဏကြာသွားပြီ။ အနားယူလိုက်ပါဦး။ ”
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်နေမိပြီး တစ်ခုခုမှားနေပြီဟု အမြဲခံစားရသည်။
သူ့အစ်ကိုယန်က စာမတတ်ဘူးမလား? စာမတတ်တဲ့သူက ဘယ်လိုလုပ်ပြီး သူ မှားနေတာကို တစ်ခါကြည့်ရုံနဲ့ ပြောနိုင်တာလဲ?
ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ စကားမပြောသည်ကို တွေ့ပြီး ပြောလိုက်သည် : “ စိတ်မပူပါနဲ့။ မင်းကို ထောက်ပံ့ဖို့ ငါ ငွေရှာပါ့မယ်။ မင်း နောင်ကျရင် စာအုပ်ကူးစရာ မလိုတော့ဘူး။ ကိုယ့်ဘာသာကိုယ် စာလေ့လာရုံပဲ။ ”
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီ၏ ဤစကားကို ကြားသောအခါ သိချင်သွားသည် : “ အစ်ကိုယန်၊ မင်း အသက်မွေးဝမ်းကြောင်းအတွက် ဘာလုပ်လေ့ရှိလဲ? ”
ယန်ကျင်းဇီသည် အဟုတ်ပင် လောင်းကစားဝိုင်း၌ အကြွေးကောက်ပေးကြောင်းကို မပြောနိုင်ပေ... “ ငါ ကုန်ချဆိပ်မှာ ပစ္စည်းသယ်တယ်။ ”
“ တစ်နေ့ ငွေဘယ်လောက်ရှာနိုင်လဲ? ” ဝေ့လင်းရှိူ့က ထပ်မေးသည်။
ယန်ကျင်းဇီသည် ကုန်ချဆိပ်တွင် ကုန်ထမ်းသော သာမန်လူတစ်ဦးက ဝမ် ၃၀ ခန့် ရှာနိုင်ကြောင်းကို သိထားပြီး လက်ရှိဈေးနှုန်းမှာ... သူသည် အနံ့နံသော ဆန်ကို *တစ်ကတ်တီလျှင် ၂ ဝမ် နှင့် ဝေ့လင်းရှိူ့၏ ဆန်ဖြူကို တစ်ကတ်တီလျှင် ၄ ဝမ် ပေး၍ ဝယ်ယူခဲ့သည်။ မနေ့က ဝယ်ယူခဲ့သော အသားပေါက်စီများကလည်း ၄ ဝမ် ကျသင့်သည် : “ ငါ ကုန်ချဆိပ်မှာ ကုန်သယ်တာ တစ်နေ့ကို ဝမ် ၆၀ ရတယ်။ ”
(*ကတ်တီ - တရုတ်နိုင်ငံတွင် အသုံးပြုသော ယူနစ်အလေးချိန်၊ ကီလိုဂရမ်ဝက်အဖြစ် စံသတ်မှတ်ထားသည်။ )
သူက အရမ်းသန်မာတယ်၊ သူ တစ်နေ့ကို ဝမ် ၆၀ တော့ ရနိုင်လောက်တယ်မလား?
ဝေ့လင်းရှိူ့ ဝေ့အိမ်တွင် ရှိနေစဉ်က သူတို့သည် အိမ်၌ အစားအသောက်နှင့် အဝတ်အစားများကို ပြင်ဆင်ပေးသည်။ သူသည် လတိုင်းတွင် မိသားစုငွေစာရင်းစာအုပ်မှ မုန့်ဖိုးအဖြစ် ငွေတုံး ၆ တုံး ရရှိနိုင်ပြီး ၎င်းမှာ ဝမ် ၆၀၀၀ ဖြစ်ကာ တစ်နေ့လျှင် ဝမ် ၂၀၀ ဖြစ်သည်။ လူကြီးများက ငွေတုံးအချို့ကိုလည်း အပိုပေးလေ့ရှိပြီး သူတို့၏ ကိုယ်ပိုင်ဆိုင်များတွင် ကျသင့်သော ငွေကိုလည်း စာရင်းမှတ်ထားနိုင်သည်။
ကုန်ချဆိပ်တွင် ကုန်သယ်နေသော ယန်ကျင်းဇီက ဝမ် ၆၀ ကိုသာ ရရှိနိုင်ကြောင်း တွေးမိသောအခါ ဝေ့လင်းရှိူ့သည် စိတ်ညစ်သွားသည် : “ အစ်ကိုယန်၊ Three Character Classic မှာ စုစုပေါင်း စာလုံးရေ ၁၀၀၀ ကျော် ရှိတယ်။ စာအုပ်ဆိုင်က ဒါကို သုံးရာနဲ့ ရောင်းချတယ်။ ဒါကြောင့် ငါ စာအုပ်ကူးပြီး စာအုပ်ဆိုင်ကို ရောင်းမယ်ဆိုရင် အနည်းဆုံး ဝမ် ၂၀၀ လောက်နဲ့ ရောင်းနိုင်လိမ့်မယ်။ မင်ရည်နဲ့ စာရွက် ကုန်ကျငွေကို ဖယ်လိုက်ရင် ငါ စာအုပ်တစ်အုပ်ကူးခ ဝမ် ၁၀၀ တော့ ရနိုင်လောက်တယ်။ ”
ဝေ့လင်းရှိူ့က စာအုပ်များ ကူးယူခြင်းဖြင့် ငွေရှာခဲ့ကြောင်းကို ယန်ကျင်းဇီသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များမှ သိရှိထားသည်။ သူသည် ထိုအချိန်တွင် ဝေ့လင်းရှိူ့က နေ့ရောညပါ စာအုပ်များအား ကူးယူခဲ့ကြောင်းကိုလည်း သိထားသော်ငြား စာအုပ်များ ကူးယူခြင်းက မည်မျှရရှိကြောင်းကိုမူ မသိပေ။
စာအုပ်တွေ ကူးတာက ဒီလောက်ငွေရမှန်း သူ အခုမှ သိတာ!
“ အစ်ကိုယန်၊ တစ်နေ့ကို တစ်အုပ်ကူးဖို့က ငါ့အတွက် ပြဿနာမရှိဘူး။ ကုန်ချဆိပ်မှာ ကုန်သွားသယ်ရတာက မင်း အရမ်းပင်ပန်းတယ်။ အနာဂတ်မှာ ငါ စာအုပ်ကူးပြီး ငွေရှာပါ့မယ်။ ” ဝေ့လင်းရှိူ့ ပြောလိုက်သည်။ သူသည် ကုန်ချဆိပ်တွင် ကုန်သယ်သူများကို တွေ့ဖူးပြီး ၎င်းအလုပ်က အလွန်ပင်ပန်းနိုင်သည်။ သူသည် ယန်ကျင်းဇီအား ကုန်မသယ်စေချင်ပေ။
ဝေ့လင်းရှိူ့က သူတို့ကို ထောက်ပံ့ဖို့ အံ့ဩစရာကောင်းစွာ ငွေရှာချင်နေသည်... ယန်ကျင်းဇီသည် အတော်လေး စိတ်ရှုပ်ထွေးသွားပြီး စာအုပ်ကူးခြင်းက အမြတ်အစွန်းရလွန်းသည်ဟု ခံစားနေရသည် : “ လင်းရှိူ့၊ ငါ စာအုပ်ကူးလို့ရလား? ”
“ အစ်ကိုယန်၊ စာအုပ်ကူးတဲ့အခါ စကားလုံးတွေကို မှတ်မိဖို့လိုတယ်။ ပြီးတော့ မလှတဲ့ စကားလုံးတွေကို ရေးလို့မဖြစ်ဘူး... ” ဝေ့လင်းရှိူ့က တုံ့ဆိုင်းသွားသည်။
သူ့မှာသာ ဆယ်နှစ်တာ ဗုဒ္ဓကျမ်းစာတွေကို ကူးယူခဲ့တဲ့ အတွေ့အကြုံ မရှိခဲ့ဘူးဆိုရင် စာအုပ်ဆိုင်က သူ ကူးထားတဲ့ စာအုပ်တွေကို ဝယ်ချင်မှ ဝယ်လိမ့်မယ်!
ထို့အပြင် မင်တံ၊ မင်ရည်နှင့် စက္ကူများက ဈေးမပေါချေ။ ကူးယူနေစဉ် အမှားအယွင်း မှားလွန်းပါက အဆုံးတွင် ငွေဆုံးရှုံးသွားနိုင်သည်။
“ ဒါဆို ငါ အရင်လေ့ကျင့်မယ်၊ များများလေ့ကျင့်မယ်။ ” ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ မှားကူးခဲ့သော စာလုံးကို လက်ညှိုးထိုး၍ မေးလိုက်သည် : “ ဒီစကားလုံးကို ဘာခေါ်လဲ? ”
“ Xīng ၊ ဒီစကားလုံးကို xīng (မသင်္ကာစရာ) လို့ ဖတ်တယ်။ ” ဝေ့လင်းရှိူ့က ပြောသည်။
“ ဒါက xīng... ငါ သိပြီ။ ” ယန်ကျင်းဇီသည် သူ့လက်ချောင်းများကို ဆန့်ထုတ်၍ စားပွဲပေါ်တွင် ဆွဲကြည့်သည်။
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီက မှန်မှန်ကန်ကန် ရေးသားနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခုမူ... သူ ယန်ကျင်းဇီကို ကြည့်လိုက်တော့ ယန်ကျင်းဇီက မှန်ကန်တဲ့ အစဉ်အတိုင်း စုတ်ချက်တွေအကုန်လုံးကို တကယ် ပြုလုပ်နိုင်ခဲ့တယ်!
ဝေ့လင်းရှိူ့သည် လန့်သွားပြီး စာလုံးမှားကူးခဲ့သော စာရွက်ကို ယန်ကျင်းဇီအား ချက်ချင်း ပေးပြီး နောက်ထပ်မင်တံတစ်ချောင်းကိုလည်း ပေးလိုက်သည် : “ အစ်ကိုယန်၊ ဒီမှာ မှားနေတဲ့ စကားလုံး ရှိနေတယ်။ ဒီစာရွက်က အသုံးမဝင်တော့ဘူး... မင်း အဲ့စာရွက်မှာ ရေးကြည့်ပါ။ ”
ယန်ကျင်းဇီသည် မင်တံကို ယူပြီး အားထည့်ရေးကာ စာရွက်ပေါ်တွင် မင်ဘောလုံးတစ်လုံးကို ဆွဲမိလိုက်သည်...
၎င်းကိုမြင်သော် သူသည် နည်းနည်းရှက်သွားပြီး စကားလုံးကို ညင်သာစွာ ရေးရမည်ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ယန်ကျင်းဇီသည် မင်တံကို မင်ဖြင့် ပြန်စွန်းထင်းစေပြီး စာရွက်ပေါ်တွင် “xīng” ကို ဂရုတစိုက် ရေးလိုက်သည်။
စုတ်ချက်အစီအစဉ်ဟာ မှန်ကန်ပြီး အရေးအသားလည်း မှန်ကန်သည်။ အနည်းငယ်တော့ ရုပ်ဆိုး၏။
ဒါပေမယ့် အရင်တုန်းက စာမဖတ်တဲ့လူတစ်ယောက်က သူ ရေးတာကို တစ်ခါကြည့်ရုံနဲ့ ဒီလိုမျိုး ရေးနိုင်တာကိုက အရမ်းရှားနေပြီ!
မဟုတ်ဘူး၊ ဒါက အရမ်းရှားတာ မဟုတ်ဘူး... ယန်ကျင်းဇီက ဉာဏ်ကြီးရှင်ပဲ!
ဝေ့လင်းရှိူ့သည် အလွန်စိတ်လှုပ်ရှားသွားသည် : “ အစ်ကိုယန်က အရမ်းအံ့ဩဖို့ကောင်းတယ်! ”
“ ဒါက မကောင်းဘူး။ ဒီစကားလုံးက ရုပ်မလှဘူး။ ” ယန်ကျင်းဇီက ပြောသည်။ ယခင်က ဝေ့လင်းရှိူ့၏ ရေးသားပုံကို ပြန်လည်တွေးတော၍ သူက ဆက်ရေးသည်။
ထို့နောက် ဝေ့လင်းရှိူ့သည် တစ်လုံးပြီးတစ်လုံး ရေးသားနေသော သူ့ကို ကြည့်နေပြီး စကားလုံးများက ပိုပိုကောင်းမွန်လာသည်... စကားလုံး ခုနစ်လုံး၊ ရှစ်လုံးလောက် ရေးပြီးတော့ ယန်ကျင်းဇီရဲ့ စကားလုံးတွေက သူ့လက်ရေးလိုမျိုး အတိအကျ တူနေပြီ!
ဝေ့လင်းရှိူ့ ဆွံ့အသွားသည်။
ယန်ကျင်းဇီသည် သိပ်မတွေးဘဲ ဆိုသည် : “ လင်းရှိူ့၊ မင်း ဆက်ရေးပါ။ မင်း ဒီစကားလုံးတွေ အားလုံးကို ရေးတာ ငါ့ကို ကြည့်ခွင့်ပေး။ ဒါဆိုရင် ငါ စာအုပ်တွေကို ကူးပြီး အနာဂတ်မှာ ငွေရှာနိုင်ပြီ! ”
ကုန်ချဆိပ်တွင် ကုန်သယ်ခြင်းမှ ရရှိငွေဟာ စာအုပ်ကူးခြင်းမှ ရရှိငွေထက် သေချာပေါက် မများချေ။ အနာဂတ်မှာ ငွေရှာဖို့ သူ စာအုပ်ကူးတာကမှ ပိုကောင်းဦးမယ်!
ဝေ့လင်းရှိူ့က ပို၍ပင် စိတ်ရှုပ်ထွေးသွားသည် : “ ငါ တစ်ခါပဲ ရေးတာကို မှတ်မိနိုင်တာလား၊ အစ်ကိုယန်? ”
ယန်ကျင်းဇီ : “ အင်း... အဲ့လိုပဲမဟုတ်ဘူးလား? ” ဤစကားပြောပြီးနောက် ယန်ကျင်းဇီသည် လူတိုင်းက ဤသို့ဖြစ်ကြပုံမပေါ်မှန်း သတိထားမိသွားသည်။
တခြားသူတွေရဲ့ မှတ်ဉာဏ်က သူ့လောက် မကောင်းဘူးဆိုတာ ထင်ရှားတယ်!
ဒါဆို... သူက တကယ်ပဲ ဉာဏ်ကြီးရှင်လား?
သို့သော် ယန်ကျင်းဇီသည် ယခုအခါတွင် ဉာဏ်ကြီးရှင် ဟုတ်၊မဟုတ်ကို ဂရုမစိုက်အားပေ။ စကားလုံးတွေ ဖတ်နည်းကို သင်ယူပြီး စာအုပ်ကူးချင်တယ်!
သူ ငွေရှာချင်တယ်!
ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို ထိတ်လန့်စွာ ကြည့်ကာ ရုတ်တရက် တစ်ခုခုကို တွေးမိသည်။ သူသည် “Three Character Classic” ကို ယူပြီး ပြောလိုက်သည် : “ အစ်ကိုယန်၊ ငါ မင်းကို ဒီစာအုပ် ဖတ်ပြမယ်။ စကားလုံးတွေကို မှတ်မိအောင် ကြိုးစားကြည့်ပါ။ ”
ဝေ့လင်းရှိူ့သည် ပြောပြီးသည်နှင့် စတင်ဖတ်ပြလိုက်ပြီး ခဏအကြာတွင် သူသည် စာလုံးနှစ်ဆယ့်လေးလုံးကို ဖတ်ပြပြီးပြီဖြစ်သည် : “ အစ်ကိုယန်၊ ငါ မင်းအတွက် ဒီစကားလုံး နှစ်ဆယ့်လေးလုံးကို ထပ်ဖတ်ပြမယ်... ”
“ မဟုတ်ဘူး၊ ငါ အကုန်လုံးကို မှတ်မိတယ်။ မင်း ဆက်ဖတ်ပြပါ။ ” ယန်ကျင်းဇီက ပြောသည်။
ဝေ့လင်းရှိူ့သည် သိပ်မယုံသော်လည်း ယန်ကျင်းဇီက ဤသို့ပြောသောအခါ... သူက ဆက်ဖတ်သည်။
သူ စာဖတ်ပြနေစဉ်တွင် ယန်ကျင်းဇီသည် အလွန်ဂရုတစိုက်ဖြင့် နားထောင်ခဲ့သည်။ အလယ်တွင် ဝေ့လင်းရှိူ့က အကြိမ်ပေါင်းများစွာ ရပ်တန့်ရန် ကြိုးစားခဲ့သော်ငြား ယန်ကျင်းဇီက ပြောလေသည် : “ မင်း ဆက်ဖတ်ပြပါ။ ”
ဝေ့လင်းရှိူ့ : “…”
ဝေ့လင်းရှိူ့သည် ဆက်ဖတ်ရုံသာ တတ်နိုင်သည်။
Three Character Classic တစ်အုပ်လုံးကို ဖတ်ရှုရန် ဝေ့လင်းရှိူ့အတွက် အားသိပ်မထုတ်လိုက်ရချေ။ အပြီးဖတ်ပြီးနောက် ဝေ့လင်းရှိူ့ မေးကြည့်လိုက်သည် : “ အစ်ကိုယန်၊ မင်း ဘယ်လောက်မှတ်မိလဲ? ”
ယန်ကျင်းဇီက အနည်းငယ် စိတ်ကြီးဝင်နေသည် : “ ငါ အကုန်လုံး မှတ်မိတယ်။ ”
ဝေ့လင်းရှိူ့သည် စိတ်ရှုပ်ထွေးရုံတင် မဟုတ်တော့ဘဲ ကြောင်အန်းအန်း ဖြစ်နေပြီပင် : “ တကယ်လား? ”
“ တကယ်! ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ငါ မင်းကို ရွတ်ပြရမလား? မွေးဖွားခါစ လူသားများဟာ ပင်ကိုအားဖြင့် ကောင်းမွန်သည်... ”
ယန်ကျင်းဇီသည် Three Character Classic ကို စကားလုံး တစ်လုံးချင်းစီ ရွတ်ဆိုပြလေသည်။
ဝေ့လင်းရှိူ့သည် ဤအချိန်တွင် ဘာမှပြောစရာမရှိတော့ပေ။
သူသည် ယန်ကျင်းဇီက အလွန်ထက်မြက်ကြောင်းကို လက်ခံထားပြီးဖြစ်သည်။ ဒါပေမယ့် ယန်ကျင်းဇီက အရမ်းဉာဏ်ကောင်းနေလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးဖူးဘူး!
Three Character Classic တွင် စကားလုံးပေါင်း တစ်ထောင်ကျော် ရှိသည်။ ဒါပေမယ့် ယန်ကျင်းဇီက သူ ဖတ်တာကို တစ်ခါပဲ နားထောင်ရုံနဲ့ သင်ယူပြီးသွားပြီ!
သူ့အဖေက သူ့ညီကို ဉာဏ်ကောင်းတယ်လို့ အမြဲချီးကျူးခဲ့တယ်၊ ဒါပေမယ့် သူ့ညီက ဘယ်တုန်းကမှ အရမ်းဉာဏ်မကောင်းခဲ့ဘူးပဲ!
မဟုတ်သေးဘူး၊ ယန်ကျင်းဇီလောက် သူ့ညီက ဉာဏ်မကောင်းတာ မဟုတ်ဘဲ ဒီလောကမှာ ယန်ကျင်းဇီလောက် ဉာဏ်ကောင်းတဲ့လူတွေက အများကြီး မရှိနိုင်တာ!
ဝေ့လင်းရှိူ့သည် သူ့စိတ်ကို တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူသည် နောင်တရမှုများနှင့် ပြည့်နှက်နေသည်။ ယန်ကျင်းဇီက အလွန်ဉာဏ်ကောင်းသည်။ ဝေ့မိသားစုကဲ့သို့ မိသားစုတစ်စုတွင်သာ မွေးဖွားခဲ့လျှင်... သူ အခု ဘာတွေအောင်မြင်ပြီးလောက်မလဲ?
ဝေ့လင်းရှိူ့၏ နှလုံးခုန်သံများ မြန်ဆန်နေသော်လည်း ယန်ကျင်းဇီက ဆိုသည် : “ လင်းရှိူ့၊ စားချိန်ရောက်ပြီ။ ငါ မင်းကို ကြက်ဥမွှေပေးမယ်။ ”
“ မဟုတ်ဘူး! ” ဝေ့လင်းရှိူ့က ဆက်ပြောသည် : “ မင်း အရင်ဆုံး ငါနဲ့ စာရေးနည်းကို သင်သင့်တယ်။ စားဖို့ကို စိတ်မပူနဲ့ဦး! ”
ဝေ့လင်းရှိူ့သည် စာလေ့လာရခြင်းကို မကြိုက်ပေ။ သူသည် စာဖတ်ခြင်းက လွန်စွာစိတ်အနှောင့်အယှက်ဖြစ်စရာဟု အမြဲခံစားခဲ့ရသော်လည်း ဤအခိုက်တွင်မူ ယန်ကျင်းဇီ၏ အရည်အချင်းကို အလဟဿ မဖြုန်းတီးသင့်ဟု စိတ်ရင်းဖြင့် ခံစားရသည်။
ယန်ကျင်းဇီက ကြိုးကြိုးစားစား စာလေ့လာရမယ်!
စကားပြောပြီးနောက် ဝေ့လင်းရှိူ့သည် စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး ဆက်ပြောလိုက်သည် : “ ငါ မင်းကို စာရေးတတ်အောင် သင်ပေးမယ်။ မဟုတ်ဘူး၊ ငါ သင်ပေးစရာ မလိုဘူး။ ငါ စာရေးတာကိုပဲ ကြည့်ပါ... ခဏလေး၊ ငါ့လက်တွေ နည်းနည်းတုန်နေတယ်... ”
ဝေ့လင်းရှိူ့သည် စိတ်လျှော့လိုက်ပြီးမှ စာဆက်ရေးသည်။
ရွာမှ လူတစ်ဦးသည် ယန်မိသားစု၏ အိမ်တံခါးရှေ့မှ ဖြတ်လျှောက်ပြီး ယန်အိမ်၏ ဗလာကျင်းနေသော အိမ်ရှေ့ခန်းတွင် စားပွဲခုံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ယန်ကျင်းဇီ ခေါ်လာသော ဝေ့သခင်လေးက စားပွဲတွင် ထိုင်လျက် စာရေးနေသည်။
ယန်ကျင်းဇီကမူ...
“ ယန်ကျင်းဇီက အဲ့သခင်လေး စာရေးနေတာကို ခက်ခက်ထန်ထန်ကြီး စိုက်ကြည့်နေတယ်... ဘာဖြစ်နေတာလဲ? ”
“ ယန်တက သူ့ခြေထောက်နားမှာလည်း ပုဆိန်တစ်ချောင်းကို ချထားတယ်... ”
“ သူက အဲ့ဝေ့သခင်လေးကို ရိုက်မှာလား? ”
…
လူတိုင်းက ကြောက်ရွံ့သွားသဖြင့် ရွာသူကြီးဆီ သွားကြသည်။
ရွာသူကြီးက စဉ်းစားသည်... “ အဲ့ယန်တ၊ ငွေရှာဖို့ စာအုပ်ကူးရေးနေတဲ့ ဝေ့သခင်လေးကို သူက စိုက်ကြည့်နေတာ ဖြစ်နိုင်တယ်! ”
သူသည် တွေးမိသည်။ ယန်တက ဝေ့သခင်လေးကို ဘာကြောင့် ပြန်ခေါ်လာခဲ့သလဲ? သခင်လေးကို စာအုပ်ကူးရေးပြီး ငွေရှာခိုင်းဖို့အတွက် ဖြစ်နေတာပဲ...
အခြားသူများ မည်သို့ထင်ကြပါစေ၊ ဝေ့လင်းရှိူ့သည် ခပ်ကြာကြာ စာမရေးလိုက်ရဘဲ ယန်ကျင်းဇီက သူ့ကို ဆွဲထူပြီး မတ်တပ်ရပ်၍ လှည့်လည်သွားလာစေကာ အမြဲတမ်း ထိုင်မနေခိုင်းပေ။ ပြီးတော့ သူတို့ တကယ် ထမင်းချက်ဖြစ်တယ်!
ယန်ကျင်းဇီသည် မနေ့က ဝက်သားအချို့ ဝယ်လာခဲ့သည်။ သူတို့သည် ပင်လယ်နှင့်မဝေးဘဲ ဆားက ဈေးချိုသည်။ မနေ့က သူသည် အဆီနည်းသော အသားကို ဆားနယ်ပြီး ပန်းကန်လုံးတစ်လုံးထဲတွင် ထည့်ကာ အဆီများကို ယက်မတန်းတွင် ချိတ်ဆွဲထားခဲ့လိုက်သည်။
ဤအချိန်တွင် ယန်ကျင်းဇီသည် ယက်မတန်းမှ အဆီများကို ယူလိုက်သည်။ သူသည် အဆီများကို ဦးစွာချက်ပြုတ်လိုက်ကာ အဆီကြော်အကျန်များကို ခပ်ယူ၍ ဝေ့လင်းရှိူ့ကို စားစေလိုက်သည်။ ထို့နောက်တွင် သူသည် အဆီတချို့ကို ထပ်မံခပ်ယူပြီး အိုးအောက်ခြေ၌ ဆီနည်းနည်းကိုသာ ချန်ရစ်ကာ ကြက်ဥသုံးလုံးကို ကြော်လိုက်၏။
ကြက်ဥမွှေကြော်ကို ကြော်ပြီးနောက် သူသည် အိုးထဲသို့ ရေတန်းထည့်ပြီး ထမင်းချက်သည်။
အိုးထဲတွင် ဆီနည်းနည်း ကျန်သေးသည်... ဒီတော့ ဆန်က ပိုမွှေးနေရော!
ယန်ကျင်းဇီ ချက်ပြုတ်နေစဉ် ဝေ့လင်းရှိူ့က ထူးဆန်းစွာ ကြည့်ရှုနေပြီး တစ်ချိန်တည်းတွင် သူက ယန်ကျင်းဇီကို ဝက်ဆီကြော်အကျန်များ ခွံ့ကျွေးသည်။
“ ငါ့ကိုပဲ အမြဲမကျွေးနဲ့။ မင်းလည်း စားဦး။ ” ယန်ကျင်းဇီသည် အဖတ်အနည်းငယ်ကို မြည်းစမ်းပြီးနောက် ဆက်မစားတော့ပေ။
ဝေ့လင်းရှိူ့က ပန်းကန်ကို တိုက်ရိုက်ချလိုက်သည် : “ ဒီလိုအဆီဟာတွေ စားရတာကို ငါ မကြိုက်ဘူး! ” သူ၏ တကယ့် အတွေးတွင် အဆီကြော်များက အရမ်းမွှေးသည်... ဒါပေမယ့် ယန်ကျင်းဇီက မစားဘူး ဆိုရင် သူလည်း မစားတော့ဘူး!
ယန်ကျင်းဇီ : “ ... ” ဝေ့လင်းရှိူ့က ဒီလိုစားကောင်းတဲ့ အဆီကြော်အကျန်တွေကိုတောင် ဇီဇာကြောင်နေတုန်းပဲ!
သူ့ရဲ့ချစ်ဇနီးက ပျိုးထောင်ဖို့ မလွယ်ဘူး!
မဖြစ်ဘူး၊ သူ မြန်မြန်လေး စာအုပ်တွေကို ကူးပြီး ငွေရှာရမယ်!
ယန်ကျင်းဇီသည် ချက်ပြုတ်နေစဉ်တွင် အစိမ်းရောင်အရွက်များကို ပေါင်းခွက်ပေါ်၌ ပြုတ်ထားသည်။ ဝေ့လင်းရှိူ့က အဆီကြော်အကျန်များကို မစားတော့သောကြောင့် နောက်ဆုံးတွင် အဆီကြော်အကျန်များကို အရွက်များထဲသို့ လောင်းထည့်ပြီး အတူတကွ ချက်လိုက်သည်။
ထမင်းကို အကြာကြီး ချက်ရန် မလိုဘဲ ရေဆူနေစဉ် ထင်းထပ်ထည့်ရန်လည်း မလိုချေ။ မီးဖိုမှ ကျန်ရစ်သော အပူချိန်က ထမင်းကို ကောင်းစွာ နှပ်ထားပေလိမ့်မည်။
ဤအချိန်ကို အခွင့်ကောင်းယူပြီး ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ အသုံးပြုခဲ့သော အမှိုက်စက္ကူကို ယူကာ လက်ရေးလှကျင့်သည်။
ဝေ့လင်းရှိူ့သည် ယခုအခါတွင် ဘာပြောရမည်မှန်း မသိတော့ပေ။
သူက ဆယ်နှစ်ကျော်ကြာအောင် စကားလုံးတွေကို ရေးနေခဲ့ပြီး ယန်ကျင်းဇီကတော့ အလွယ်တကူပဲ သင်ယူသွားတယ်၊ ဆိုတော့ သူ့မှာ ဘာပြောစရာကျန်ဦးပါ့မလဲ?
သို့သော် ယန်ကျင်းဇီသည် သူ ကောင်းကောင်းရေးနိုင်သည်ကိုသာ တွေ့ပြီး သူ ဆိုးဆိုးရွားရွား ရေးထားသည်ကိုတော့ မတွေ့ခဲ့ချေ။ ယင်းကား သူ့ကို စိတ်သက်သာရာရစေသည်။
ဝေ့လင်းရှိူ့သည် အလွန်ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသဖြင့် နေ့လယ် ထမင်းစားချိန်မှ ဆိုးရွားသော အစားအစာများကိုပင် ဂရုမစိုက်နိုင်တော့ပေ။
သူသည် အလျင်စလို စားပြီးနောက် စာအုပ်ကို ဆက်လက်ကူးယူကာ ၎င်းကို ယန်ကျင်းဇီ ဖတ်ရန်အတွက် ကူးယူခြင်းဖြစ်သည်။
စကားလုံးများကို မှန်ကန်စွာ ရေးသားနိုင်ရေးအတွက် အမြန်ရေးဖို့မှာ မဖြစ်နိုင်ချေ။ “Three Character Classic” တစ်အုပ်လုံးတွင် ကူးယူရန် စကားလုံးပေါင်း တစ်ထောင်ကျော် ရှိပြီး ဝေ့လင်းရှိူ့သည် ၎င်းကို နှစ်နာရီကြာ ကူးယူလိုက်ရသည်။
“ လင်းရှိူ့၊ မင်း သွားနားတော့။ ငါ ရေးလိုက်မယ်။ ” ယန်ကျင်းဇီသည် သူ စာရေးပြီးသွားသည်ကို တွေ့ပြီး စမ်းရေးချင်စိတ် ပြင်းပြလာကာ အမြန်ပြောလိုက်သည်။
မူလပိုင်ရှင်သည် အကြွေးတောင်းရန် လျှောက်သွားလေ့ရှိပြီး ပြန်လာလျှင် ဆုအဖြစ် ဝမ်ရာချီအနည်းငယ်ကို မကြာမကြာ ရလေ့ရှိသည်။ ယခု သူသည် စာအုပ်များ ကူးယူခြင်းဖြင့် ငွေများစွာကို ရှာနိုင်လာသည်... ယန်ကျင်းဇီသည် မင်တံကို ကောက်ကိုင်လိုက်ပြီး ကူးရေးလိုက်သည်။
သူသည် ပတ်ဝန်းကျင်ကြောင့် လုံးဝ အနှောင့်အယှက်မဖြစ်ဘဲ အလေးအနက်ထား၍ ရေးသားသည်။ စစချင်းတွင် သူသည် ခပ်ဖြည်းဖြည်း ရေးသားသော်လည်း နောက်ပိုင်းတွင် ပိုပိုပြီး မြန်မြန်ဆန်ဆန် ရေးသားလာသည်။
ဝေ့လင်းရှိူ့သည် ၎င်းကို မြင်သောအခါ အသက်ရှူရပ်လုမတတ်ပင် ဖြစ်သွားရသည် – သူ့အစ်ကိုယန်က ဉာဏ်ကြီးရှင်ပဲ!
နောက်ရွာသားတစ်ဦးက ယန်အိမ်၏တံခါးရှေ့မှ ဖြတ်လျှောက်သွားပြီး ဤမြင်ကွင်းကို တွေ့သော် ဆွံ့အသွားရှာသည် : “ ယန်တ ဘာလုပ်နေတာလဲ? စာရွက်နဲ့ မင်က ဘယ်လောက်တောင် ဈေးကြီးလိုက်သလဲ... သူက လျှောက်ရှုပ်ပြီး ဖြုန်းတီးနေတယ်။ ”
“ ဝေ့သခင်လေးကို ကြည့်ပါဦး။ သူက ဒေါသထွက်တာတောင် စကားမပြောရဲဘူး။ ”
“ မြန်မြန်သွား၊ ယန်တနဲ့ မတွေ့စေနဲ့... ”
…
ယန်ကျင်းဇီက တခြားလူများ၏ အတွေးများကို မသိပေ၊ သူက စိတ်လှုပ်ရှားနေတယ်!
မှောင်လာတဲ့အဆုံးမှာ သူက မထင်မှတ်ဘဲ စာအုပ်တစ်အုပ်ကို ကူးပြီးသွားပြီ!
မနက်ဖြန်ကျရင် သူ ကောင်တီမြို့ကို သွားပြီး စာအုပ်ရောင်းမှာ၊ အဲ့အခါကျရင်
သူ ငွေအများကြီးကို သေချာပေါက် ရလိမ့်မယ်!
ဝေ့လင်းရှိူ့သည်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေသည်။
သူ့အစ်ကိုယန်က တော်လွန်းသည်။ သူသာ ကြိုးကြိုးစားစား စာလေ့လာမယ်ဆိုရင် စာမေးပွဲကို ဖြေဆိုပြီး ရလဒ်ကောင်းတွေ ရနိုင်မလား?