အပိုင်း ၁၃၁ ( Rogue Champion 7 )
Viewers 10k

မူလပိုင်ရှင်သည် ငယ်စဉ်ကလေးဘဝမှစ၍ ချက်ပြုတ်ခဲ့ဖူးပြီး ယန်ကျင်းဇီသည် ထိုမှတ်ဉာဏ်များကို ရရှိထားသဖြင့် သူကလည်း... ချက်ပြုတ်နိုင်သည်။


သို့သော် အရောင်အဆင်းနှင့် အနံ့အရသာ စသည်တို့ကိုမူ မစဉ်းစားချေ။


သူသည် ထမင်းချက်ခြင်းနှင့် ထမင်းချက်နေစဉ် ဟင်းအမျိုးမျိုးတို့ကို ပေါင်းခြင်းတို့တွင်သာ အတော်ဆုံး ဖြစ်သည်။


သုံ့ကူကောင်တီဟာ ဆန်နှင့်ငါးတို့၏နယ်ပင်။ မြေသည် မြေဩဇာကောင်းပြီး အခြေခံအားဖြင့် အိမ်ထောင်စုတိုင်းသည် တစ်နှစ်လျှင် နှစ်ကြိမ် ဆန်စိုက်ပျိုးကြကာ အများအားဖြင့် အဓိကအစားအစာမှာ ဆန်စပါး ဖြစ်သည်။ သို့သော်လည်း သာမန်လယ်သမားများသည် ထမင်းတစ်ခုတည်းကိုသာ မစားနိုင်သဖြင့် တခြားအရာများကို ထည့်ပြီး အတူပေါင်းချက်လေ့ရှိကြသည်။ ဥပမာအားဖြင့် ချိုမြိန်သော အာလူးများနှင့် ရွှေဖရုံသီးများ ရှိသောအခါ သူတို့သည် အာလူးချိုထမင်းနှင့် ရွှေဖရုံသီးထမင်းတို့ကို စားကြပြီး ပဲကြီးနှင့် အခြားအရာများ ရင့်မှည့်ချိန်တွင် ပဲထမင်းကို စားကြကာ အသီးအရွက်များသာ ရှိသောအခါတွင်လည်း အသီးအရွက်ထမင်းကို စားကြ၏။


အိမ်တိုင်းတွင် အိုးတစ်လုံးသာ ရှိသည်... အသီးအရွက်များ မပါပဲနှင့် ရိုးရိုးစားခြင်း သို့မဟုတ် ထမင်းအပေါ်တွင် ပေါင်းခွက်တစ်လုံးကို သုံး၍ အသီးအရွက်များကို ပေါင်းခြင်း ဟူ၍ နည်းနှစ်နည်းသာ ရှိသည်။


ဤညနေတွင် ယန်ကျင်းဇီသည် ယခင်နေ့က ဆားနယ်ထားသော အဆီနည်းအသားကို ပေါင်းပြီး အိမ်ရှေ့မှ ဆွဲနှုတ်ထားသည့် အလေ့ကျပေါက်သော အသီးအရွက်တချို့ကိုလည်း ပေါင်းထားသည်။


အလေ့ကျပေါက်သော အသီးအရွက်များဟာ ပေါင်းပြီးနောက် ဖက်ဖူးစိမ်းရောင် ပြောင်းသွားကြသည်။ ဝေ့လင်းရှိူ့သည် ၎င်းကို မထိဘဲ ဆားနယ်ထားသော အဆီနည်းအသားနှင့် ထမင်းနှစ်ပန်းကန်ကို စားခဲ့သည်။


ယန်ကျင်းဇီက အရမ်းဉာဏ်ကောင်းသည်... သူသည် စိတ်ကောင်းဝင်နေပြီး သူ၏ စားချင်စိတ်ကလည်း ကောင်းမွန်နေသည်။


ယန်ကျင်းဇီသည် သူ့ကို ကြည့်ပြီး အနည်းငယ် စိုးရိမ်သွားကာ ဝေ့လင်းရှိူ့ကို ကျွေးရန် မတတ်နိုင်မည်ကို ကြောက်နေသည်။


ဝက်သားက ဈေးမပေါဘူး! ကောင်းမွန်သည်မှာ ဝေ့လင်းရှိူ့က အဆီနည်းသော အသား စားရခြင်းကို နှစ်သက်သည်။ အဆီနည်းသော အသားက တစ်ကတ်တီလျှင် ၁၅၊ ၁၆ ဝမ်ခန့်သာ ရှိသည်။


“ လင်းရှိူ့၊ မနက်ဖြန် ကောင်တီကို သွားပြီး စာအုပ်ရောင်းကြမလား? ” ယန်ကျင်းဇီသည် အကြံပြုလိုက်သည်။ သူသည် ဤအရာက တကယ် ငွေရှာနိုင်ကြောင်းကို အတည်ပြုနိုင်မှသာ ဆက်လက်လုပ်ဆောင်ရန် စိတ်ဝင်ပါဝင်စားမည်ဖြစ်သည်။ 


ဝေ့လင်းရှိူ့ အံ့အားသင့်သွားသည်။


အမှန်တိုင်းဆိုရလျှင် သူသည် အခြားသူများက သူ့အကြောင်း ပြောကြမည်ကို ကြောက်ရွံ့သောကြောင့် ကောင်တီသို့သွားရမည်ကို အနည်းငယ် စိုးထိတ်နေသည်။ ဒါပေမယ့် သူ မသွားဘူးဆိုရင် ယန်ကျင်းဇီကို တစ်ယောက်တည်း သွားခိုင်းသင့်ရဲ့လား?


ယန်ကျင်းဇီသည် ယခုမှ စကားလုံးများကို သင်ယူထားခြင်းဖြစ်ပြီး ယခင်တွင် စာအုပ်ဆိုင်မှ လူများနှင့် တစ်ခါမှ စကားမပြောခဲ့ဖူးချေ။ ထိုလူများက လူများကို အထင်သေးလေ့ရှိကြသည်။ သူတို့က ယန်ကျင်းဇီကို လှည့်ဖြားလိုက်ရင် ဘယ်လိုလုပ်မလဲ?


သူသည် ကျန်ဘဝတစ်သက်လုံးတွင် ကောင်တီရုံးသို့ မသွားဘဲ နေသည်မှာ တကယ် မဖြစ်နိုင်ချေ။


“ အင်း၊ မနက်ဖြန် ကောင်တီရုံးကို သွားကြမယ်။ ” ဝေ့လင်းရှိူ့က ပြောသည်။


စားပြီးနောက် မှောင်နေပြီဖြစ်သည်။ ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို အိပ်ရာဝင်ရန် တိုက်တွန်းနေပြီး တစ်ချိန်လုံး သမ်းဝေလျက်ရှိသည်။


“ မင်း စောစောအိပ်ရာဝင်တော့။ ” ဝေ့လင်းရှိူ့က ဆက်မေးသည် : “ မင်းအိပ်ရာ... ”


သူသည် နေ့ခင်းဘက်တွင် ယန်ကျင်းဇီ အိပ်သော အခန်းသို့ သွားကြည့်ခဲ့သည်။ ထိုနေရာတွင်လည်း တံခါးရွက်တစ်ရွက် ရှိနေသော်ငြား အလွန်ကျိုးပဲ့နေပြီး ၎င်းအပေါ်တွင် လှဲလျောင်းလျှင် အိပ်စက်နိုင်မည့်ပုံပင် မပေါ်ချေ။


ဒါပေမယ့် သူ ယန်ကျင်းဇီကို သူနဲ့ လာအိပ်ခိုင်းသင့်ရဲ့လား?


ပထမဦးဆုံးအားဖြင့် တံခါးရွက်က အလွန်ကျဉ်းပြီး လူနှစ်ယောက်က အတူတူ လှဲလျောင်း၍မရချေ။ သူသည် ယန်ကျင်းဇီက သူနှင့်အတူမအိပ်ချင်မည်ကိုလည်း စိုးရိမ်သည်... ယခင်က ယန်ကျင်းဇီသည် ဇနီးတစ်ဦးကို လက်ထပ်ချင်သည်ဟု ပြောခဲ့ဖူးသည်။


“ ငါ အခုချက်ချင်း သွားရှင်းလိုက်မယ်။ ” ယန်ကျင်းဇီသည် ချက်ချင်းပင် သန့်ရှင်းရေးသွားလုပ်သည်။


ထိုနေရာမှ တံခါးရွက်က ပိုကျိုးပဲ့နေသော်လည်း အပေါ်မှ တစ်ခုခုထပ်ခင်းလိုက်လျှင် အိပ်စက်ရန် အသုံးပြုနိုင်ဆဲဖြစ်သည်။


ဝေ့လင်းရှိူ့ကလည်း သူ့ကို အိပ်ရာခင်းတစ်ခု ပေးတယ်!


ယန်ကျင်းဇီသည် ပျက်စီးနေသော တံခါးရွက်ပေါ်တွင် ပျဉ်ပြားအနည်းငယ်ကို ဦးစွာခင်းကာ အဝတ်ဟောင်းများနှင့် အခင်းဟောင်းအချို့ကို ထပ်ခင်းပြီးနောက် ဝေ့လင်းရှိူ့ထံမှ အိပ်ရာခင်းကို ခင်းကျင်းလိုက်သည်။ အခု အိပ်ရာက တော်တော်လေး ‌သက်တောင့်သက်သာ ရှိသွားပြီ!


ယန်ကျင်းဇီသည် မနေ့ညက အိပ်မပျော်ခဲ့ဘဲ ယနေ့တွင် လှဲလိုက်သည်နှင့် အိပ်ပျော်သွားသည်။ သို့သော် နောက်နေ့နံနက်၌ မိုးမသောက်မီတွင် သူသည် အိပ်ရာနိုးလာသည်။


သူသည် အနံ့နံသော ဆန်တစ်အိုးကို သူ့အတွက် အရင်ချက်ပြီး ထမင်းအိုးတစ်ဝက်ကို စားလိုက်သည်။ ကျန်တစ်ဝက်ကို သူ့အိမ်မှ အိုးကြီးတစ်လုံးတွင် ထည့်ကာ ထမင်းဖြူတစ်အိုးကို ချက်လိုက်ပြီး ဝေ့လင်းရှိူ့ကို စားခိုင်းရန် စောင့်ဆိုင်းနေသည်။


မနေ့က နေ့လယ်နှင့် ညဘက်တို့တွင် ဝေ့လင်းရှိူ့ ရှိနေခဲ့သောကြောင့် သူသည် ထမင်းဖြူကိုသာ ချက်ပြီး ဝေ့လင်းရှိူ့နှင့် အတူစားခဲ့သည်။


သို့ရာတွင် တကယ်တော့ ထိုအချိန်၌ သူသည် လျှော့ချက်ခဲ့ကာ ဝေ့လင်းရှိူ့ စားသမျှလောက်သာ စားခဲ့သဖြင့် သုံးပုံတစ်ပုံစာသာ ဗိုက်ပြည့်ခဲ့၏။ 


မူလပိုင်ရှင်ရဲ့ စားချင်စိတ်က အရမ်းများလွန်းတယ်!


ယနေ့တွင် သူသည် ဆန်ဟောင်းအချို့ကို ကြိုချက်ပြီး သူ့ဗိုက်ကို အရင်ဖြည့်စားထားလိုက်သည်။ နောက်ပိုင်း သူ ဗိုက်ဆာမှ ကျန်တစ်ဝက်ကို စားနိုင်သေးသည်။


စာအုပ်များ ကူးယူခြင်းသည် ငွေရှာနိုင်သော်လည်း သူသည် မူလပိုင်ရှင် မဟုတ်ပေ။ “ငွေအားလုံးကို သုံးပစ်မယ်” ဆိုသော အကြံမျိုး မရှိချေ။ သူက နောက်ဆယ်စုနှစ်တွေက ကိစ္စတွေအတွက် စပြီး တွေးနေပြီ!


သူနှင့် ဝေ့လင်းရှိူ့တို့သည် အမျိုးသားများ ဖြစ်ကြပြီး အနာဂတ်တွင် သားသမီးများ ရှိလာမည်မဟုတ်ပေ။ ငွေကို စုထားရမယ်!


သူတို့တွင် အိမ်ကောင်းအနည်းငယ် ရှိရန် လိုပြီး မြေဧကဒါဇင်အနည်းငယ်လည်း ရှိရန် လိုကာ လုံလောက်သော စုဆောင်းငွေများ ရရှိထားရမည်ဖြစ်သည်။ ထိုမှသာ သူတို့သည် အသက်ကြီးလာသောအခါတွင် အိုမင်းချိန်ကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြတ်သန်းနိုင်မည်ပင်။


မဟုတ်ဘူး၊ ဒါကတောင် မလုံလောက်ဘူး...


ဝေ့လင်းရှိူ့က အသားစားရခြင်းကို နှစ်သက်ပြီး သူကိုယ်တိုင်ကလည်း အလွန်အကျွံ စားသည်...


ယန်ကျင်းဇီသည် လက်လွတ်စပယ် ငွေမသုံးဝံ့တော့ပေ။


တွေးတောနေစဉ် သူသည် ဝေ့လင်းရှိူ့၏ စားပွဲရှေ့တွင် ထိုင်ပြီး စာအုပ်များကိုလည်း ဆက်လက်ကူးယူနေသည်။


Three Character Classic ကို သူသည် မနေ့က တစ်ကြိမ်ကူးယူပြီးဖြစ်ကာ ယခု ကူးယူသောအခါ ပို၍ပင် မြန်ဆန်လာသည်။ ထို့အပြင် စာအုပ်က အလွန်ပါးသည်...


အိမ်မှထွက်ခွာရန် အသင့်မဖြစ်မီတွင် သူသည် နောက်တစ်အုပ်ကို တကယ် ကူးယူနိုင်ခဲ့သည်။


အိပ်ရာထနောက်ကျသော ဝေ့လင်းရှိူ့သည် ဘာပြောရမည်ကိုပင် မသိတော့ပေ။


ယန်ကျင်းဇီကို ကြည့်ပါဦး၊ လူကောင်ကြီးကြီး အမျိုးသားတစ်ဦးက မင်တံတစ်ချောင်းကို ကိုင်လျက် မှန်ကန်တိကျသော စာလုံးငယ်များကို ခပ်မြန်မြန် ရေးနေသည်။ သူသည် အနည်းငယ် ကွဲလွဲနေသကဲ့သို့ အမြဲခံစားရသည်။


“ အစ်ကိုယန်၊ မင်း ရေးတာ တကယ် မြန်တယ်! ” ဝေ့လင်းရှိူ့သည် ထုတ်မပြောဘဲ မနေနိုင်တော့။


“ စာရေးဖို့ အားဘယ်လောက်ကို သုံးရမလဲ သိပြီးသွားတော့ စာရေးရတာ လွယ်သွားတယ်။ ” ယန်ကျင်းဇီက ဆိုသည်။ သူသည် ယခင်က မင်တံကို မကိုင်ခဲ့ဖူးသဖြင့် အသုံးပြုရန် သင့်တော်သော အားပမာဏကိုလည်း မသိပေ။ ၎င်းအကြောင်းကြောင့် သူ့လက်ရေးက ရုပ်ဆိုးရခြင်းဖြစ်သည်။ အသားကျပြီးနောက် သူသည် စာရေးခြင်းဟာ အလွန်လွယ်ကူကြောင်း သိလိုက်ရသည်။


သူ့တွင် ကောင်းမွန်သော ကိုယ်ခွန်အား ရှိသည်။ သူ့ကို တစ်နေ့လုံး ‌စာရေးခိုင်းရင်တောင် သူ ပင်ပန်းမှာ မဟုတ်ဘူး!


ဝေ့လင်းရှိူ့ : “ ....... ” သူများတွေသာ ယန်ကျင်းဇီရဲ့ ဒီစကားကို ကြားရင် သူတို့က သူ့ကို သေချာပေါက် ရိုက်ချင်မှာပဲ!


မဟုတ်ဘူး၊ သူများတွေအကြောင်း မပြောနဲ့။ သူလည်း ယန်ကျင်းဇီကို ရိုက်ချင်တယ်။


ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို အတူခေါ်ပြီး ကောင်တီရုံးသို့ လမ်းလျှောက်သွားကြသည်။ သူသည် ဝေ့လင်းရှိူ့အား လမ်းကိုလည်း မှတ်မိစေသည်။


ဝေ့လင်းရှိူ့၏ ကိုယ်ခွန်အားမှာ သိပ်မကောင်းချေ။ သို့သော် သူသည် ဤတစ်ခါတွင် ပစ္စည်းများကို မသယ်ထားရသောကြောင့် သာမန်လမ်းလျှောက်ခြင်းက သူ့ကို သိပ်ပင်ပန်းစေမည်မဟုတ်။ သူသည် ယန်ကျင်းဇီနောက်သို့ လိုက်ကာ နာရီဝက်ကြာ လမ်းလျှောက်ပြီးမှ ကောင်တီရုံးသို့ ရောက်သွားသည်။


သုံ့ကူကောင်တီသည် မြို့ရိုးမရှိဘဲ မြစ်တစ်စင်းဖြင့် ဝန်းရံထားခံရပြီး မြစ်ပေါ်တွင် ကျောက်တုံးတံတားမြင့်များ များစွာတည်ရှိသည်။


ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့ တံတားကို ဖြတ်ကူးသောအခါ လူအများအပြားက လှမ်းကြည့်နေကြသည်။


ဝေ့လင်းရှိူ့သည် သူနှင့် ယန်ကျင်းဇီတို့ကို လူအုပ်ကြီးက ဖမ်းမိသော အချိန်အား အမှတ်ရသွားသည်။ သူ့မိသားစုက သူ့ကို လုံးဝ မကာကွယ်ပေးခဲ့ချေ။ သူတို့က ၎င်းကို ကြီးမားသော ပြဿနာ ဖြစ်စေချင်ကြောင်းမှာ ထင်ရှားသည်...


သူတို့က သူ့ကို ကောင်းကောင်းမွန်မွန် နေထိုင်နေသည်အား မတွေ့ချင်ကြချေ။ ယခု သူသည် ကောင်တီတစ်ခုလုံးက သူနှင့် ယန်ကျင်းဇီတို့အကြောင်းကို သိနေကြမည်အား စိုးရိမ်မိသည်။


သူသည် အခြားသူများက သူ့ကို မည်သို့ထင်ကြမည်အား မသိပေ။


ဝေ့လင်းရှိူ့သည် အနည်းငယ် စိုးရိမ်သွားသည်။ သူသည် လူအများ၏ ရွံရှာသော အမူအရာများကို တွေ့မြင်ရမည်အား ကြောက်မိသည်။ သူသည် အရင်မော့‌ကြည့်ရန် ကြောက်နေမိကာ နောက်ပိုင်းမှ ခေါင်းမော့ကြည့်လိုက်သည်...


ယန်ကျင်းဇီနှင့် သူတို့၏ ဘေးပတ်ဝန်းကျင်တွင် လူမရှိချေ။ ယန်ကျင်းဇီ၏ ကိုယ်ခန္ဓာကြောင့် တခြားလူများက ကြောက်ရွံ့ကြကြောင်း ဖြစ်နိုင်လောက်သော်ငြား... ဘာလို့ သူတို့က သူ့ကို လှမ်းလှမ်းကြည့်နေပြီး သူ့ကို သနားတဲ့ပုံတွေ ပေါက်နေကြတာလဲ?


ဝေ့လင်းရှိူ့ အနည်းငယ် စိတ်ရှုပ်သွားသည်။


မည်သို့ပင်ဖြစ်စေ ယခုအရေးကြီးဆုံးမှာ စာအုပ်ရောင်းခြင်း ဖြစ်သည်။


ဝေ့လင်းရှိူ့သည် ယန်ကျင်းဇီကို စာအုပ်ဆိုင်သို့ ခေါ်သွားသည်။


အပြင်ဘက်ရှိ သာမန်လူများသည် ယန်ကျင်းဇီကို မြင်လျှင် အနည်းငယ် ကြောက်ရွံ့ကြသည်။ သို့သော် စာအုပ်ဆိုင်မှ ပညာရှင်အနည်းငယ်က ယန်ကျင်းဇီကို တွေ့သောအခါ သူတို့က ရွံရှာနေဟန် ပုံပေါက်သွားကြသည်။ တစ်စုံတစ်ယောက်က ဆို၏ : “ ကိုယ်ကျင့်တရားပျက်နေကြတာပဲ! ” 


သို့ရာတွင် ဤလူ ထွက်သွားသည်နှင့် သူ့အနားမှ လူများက သူ့ကို အဝေးသို့ ဆွဲခေါ်သွားကြသည်။


စာအုပ်ဝယ်ရန်အတွက် စာအုပ်ဆိုင်သို့ လာရောက်သူတို့ အများစုဟာ ယခုမှ စာပေလေ့လာခါစဖြစ်ပြီး အများစုမှာ စာသင်သားပေါက်စစာမေးပွဲကိုပင် မအောင်မြင်ကြသေးပေ။


စာပေပညာရှင်တို့၏ အဆင့်အတန်းက မြင့်မားသော်လည်း သူတို့သည်လည်း အသွေးအသားဖြင့် ဖွဲ့စည်းထားပြီး ယန်တကိုလည်း ကြောက်ရွံ့ကြသည်။ ဤလူရမ်းကားက သူတို့ကို ပြဿနာရှာရန် ရောက်လာမည်ကိုပင်။


ဒါကြောင့်... လူတွေကို သွားမစော်ကားတာ ပိုကောင်းတယ်!


ယန်ကျင်းဇီ : “ ...... ” သူ့ခန္ဓာကိုယ်ပုံစံက တကယ်ပဲ တော်တော်လေး ရှည်နေတယ်လို့ သူ ခံစားရတယ်။


တစ်ချက်ကြည့်လိုက်လေ၊ လူတိုင်းက သူ့ကို ကြောက်ကြတယ်!


ဝေ့လင်းရှိူ့ကမူ ယန်ကျင်းဇီအပေါ် တခြားလူများ၏ အထင်သေးခြင်းကြောင့် အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။ သို့သော် စာအုပ်ဆိုင်ပိုင်ရှင်ကို တွေ့သောအခါ သူသည် သူ့ကိုယ်သူ ပြန်စုစည်းလိုက်သည် : “ သူဌေး၊ ကျွန်တော် စာအုပ်တွေ ရောင်းချင်တယ်။ ”


စာအုပ်ဆိုင်ပိုင်ရှင်က မုတ်ဆိတ်မွေးရှည်နှင့် အဘိုးကြီးတစ်ဦး ဖြစ်သည်။ သူက ဝေ့လင်းရှိူ့ကို ကြည့်ကာ ဆိုသည် : “ စာအုပ်ဝယ်ဖို့အတွက် လယ်တွေမြေတွေကို ရောင်းချတဲ့ လူတွေ အများကြီး ရှိတယ်။ စာအုပ်ရောင်းတဲ့လူကတော့ သိပ်မရှိဘူး... ဘာစာအုပ်ကို မင်း ရောင်းမှာလဲ? ”


ဝေ့လင်းရှိူ့ အနည်းငယ် ရှက်သွားသည် : “ ကျွန်တော်က ကိုယ်ပိုင်အရေးအသားကို ရောင်းဖို့ မကြိုးစားပါဘူး။ကျွန်တော်က စာအုပ်တချို့ကို ကူးယူပြီး ရောင်းချင်တာပါ။ ”


ထို့နောက် ဝေ့လင်းရှိူ့သည် ဝေ့အိမ်တွင် ကူးယူခဲ့သော ဗုဒ္ဓကျမ်းစာများနှင့် ကူးယူထားခါစ Three Character Classic စာအုပ်သုံးအုပ်ကို ထုတ်ယူလိုက်သည်။


တကယ်တော့ ၎င်းတို့ကို စာအုပ်များဟုပင် မသတ်မှတ်နိုင်ချေ။ ၎င်းတို့ကို ချည်နှောင်ထားခြင်းပင် မရှိ။


“ မင်း ကူးထားတာလား? ” ဆိုင်ရှင်က မေးသည်။


“ အင်း။ ” ဝေ့လင်းရှိူ့က ခေါင်းညိတ်သည်။


“ ဝေ့သခင်လေး၊ မင်းမှာ ကောင်းမွန်တဲ့ လက်ရေးလက်သား ရှိတယ်။ ဘာလို့ မင်း စာမေးပွဲမဖြေတာလဲ? ” ဆိုင်ရှင်က အနည်းငယ် အံ့ဩသွားသည်။ သူသည် သုံ့ကူကောင်တီမှ ပညာရှင်တိုင်းလိုလိုကို သိရှိသည်။ သုံ့ကူကောင်တီတွင် Xiucai များစွာ ရှိသော်လည်း ဝေ့လင်းရှိူ့က ယခုအချိန်အထိ စာမေးပွဲကို မဖြေဆိုရသေးချေ။


သို့သော် သူသည် ဝေ့မိသားစု၏ သခင်လေးက ခေါင်းမာပြီး စာလေ့လာရခြင်းကို မနှစ်သက်ဟု အမြဲကြားနေရသည်...


အမှန်တော့ Tongsheng ကဲ့သို့ ကလေးကျောင်းသားတစ်ဦးအတွက် ဖြေဆိုရမည့်စာအုပ်ကို အလွတ်ကျက်ပြီး လူတစ်ယောက်ကို အနည်းငယ် ရှင်းပြခိုင်းကာ ကောင်းမွန်သော လက်ရေးလက်သားကို ရရှိပြီးနောက် အခြေခံအားဖြင့် စာမေးပွဲကို ဖြေဆိုနိုင်ပြီဖြစ်သည်။ စာတမ်းများ၊ ကဗျာများနှင့် တခြားတို့ကို ရေးသားခြင်း၌ အနည်းငယ် ညံ့ဖျင်းလျှင်ပင် အဆင်ပြေ‌သည်။


ဝေ့လင်းရှိူ့သည် ဝေ့အိမ်တော်မှ ဖြစ်ရာ ယုတ္တိကျစွာပင် သူက စာမေးပွဲကို ဖြေဆိုအောင်မြင်နိုင်သည်။


ဝေ့လင်းရှိူ့က ပြန်မဖြေပေ။


တကယ်တော့ ကလေးတွေထဲမှာ စစချင်းကတည်းက စာလေ့လာရတာကို ကြိုက်တဲ့လူ ဘယ်သူရှိလို့လဲ? သူ၏ ညီငယ်နှစ်ယောက်ကို သူတို့၏ မိသားစုဝင်များက စာသင်ကျောင်းသို့ သွားရန် ဖိအားပေးခံခဲ့ရပြီး သူ့အတွက်မူ... သူတို့အားလုံးဟာ သူက စာလေ့လာရသည်ကို မနှစ်သက်ဟု ပြောကြပြီး သူတို့ ပိုပိုပြောလာသည်နှင့်အမျှ သူကလည်း ၎င်းကို ကိုယ်တိုင်ယုံကြည်သွားသည်။

ဝေ့လင်းရှိူ့သည် ထပ်မပြောချင်တော့ပေ : “ သူဌေး၊ ဒီစာအုပ်တွေ... ”


“ ငါ အရင်ကြည့်လိုက်ဦးမယ်။ ” ဆိုင်ရှင်သည် စာရွက်တစ်ရွက်ချင်းစီကို ဂရုတစိုက် ကြည့်ရှုသည်။


သူသည် ၎င်းတို့ကို ခဏတာ ကြည့်ပြီးမှ စာရွက်အားလုံးကို ဖတ်ရှုခြင်း ပြီးဆုံးသွားသည် : “ စကားလုံးတွေ အကုန်လုံးက မှန်ကန်တယ်။ ငါက Three Character Classic ကို ဝမ် ၃၀၀ နဲ့ ရောင်းတယ်။ မင်းကို ဝမ် ၂၅၀ ပေးမယ်။ ဒီဗုဒ္ဓကျမ်းစာတွေကိုတော့ တစ်အုပ်ကို ဝမ် ၄၀၀ ပေးမယ်။ ”


ဗုဒ္ဓကျမ်းစာများသည် Three Character Classic ထက် ပိုထူသည်။


ထို့အပြင် ဤစာအုပ်မျိုးသည် အများကြီး မရောင်းရသော်ငြား လာရောက်ဝယ်ယူမည့် အမျိုးသမီးအိုကြီးများ သို့မဟုတ် ချမ်းသာသော မိန်းမပျိုတချို့က အမြဲရှိတတ်သည်။ ဝယ်ယူပြီးနောက် သူတို့သည် ၎င်းကို ဖတ်ရှုသည် သို့မဟုတ် ဗုဒ္ဓဆင်းတု‌တော်ရှေ့တွင် ထားရှိသည် သို့မဟုတ် ရိုးရိုးရှင်းရှင်း မီးရှို့လိုက်ကြသည်။


ဝေ့လင်းရှိူ့သည် ဗုဒ္ဓကျမ်းစာများကို ခြောက်အုပ်ကူးယူခဲ့ပြီး ဝမ် ၂၄၀၀ ဖြင့် တိုက်ရိုက်ရောင်းချလိုက်သည်။ Three Character Classic မှ ငွေကိုပါ ထည့်ပေါင်းလျှင် ၃၀၀၀ ကျော်သွားပြီး ငွေတုံးသုံးတုံးခန့် တန်ဖိုးတူညီသွားသည်။


ဝေ့မိသားစုက ယန်ကျင်းဇီကို ငွေတုံးရာချီ အနည်းငယ်ကို ပေး၍ ဝေ့လင်းရှိူ့ကို ဒုက္ခပေးစေခဲ့သော်ငြား သာမန်မိသားစုများအတွက်မူ ငွေတုံးနှစ်တုံး၊ သုံးတုံးက ပမာဏ မသေးငယ်ချေ။


ယန်ကျင်းဇီသည် ချက်ချင်း စိတ်လှုပ်ရှားသွားသည်။


သို့ရာတွင် မင်ရည်နှင့် စာရွက်တို့၏ ဈေးနှုန်းကို မေးလိုက်သောအခါ...


ဒီမှာ စာအုပ်တွေက ဈေးကြီးတယ်၊ အကြောင်းအရင်း အကြီးကြီးတစ်ချက်ကတော့ စာရွက်က ဈေးကြီးလို့ပဲ!


Three Character Classic ကို တစ်အုပ်စာ ကူးယူရန် လိုအပ်သော စာရွက်မှာ... စကားလုံးတိုင်းက မှန်တယ်ဆိုရင်တောင် စာရွက်ဖိုးကို ဝမ် ၇၀ ကနေ ၈၀ အထိ ပေးရဦးမှာပဲ!


ချမ်းသာတဲ့ လူတွေပဲ စာဖတ်ကြတာကို မအံ့ဩတော့ဘူး!


သို့သော် စကားလုံးများကို ဖတ်မှတ်ပြီးနောက်တွင် ငွေများစွာကို ရရှိနိုင်သည်။ “Three Character Classic” ကို တစ်အုပ်ကူးယူခြင်းက ဝမ် ၁၅၀ ခန့် ရရှိနိုင်ပြီး ဆယ်အုပ်စာမှာ ဝမ် ၁၅၀၀၊ စာအုပ်တစ်ရာစာမှာ ဝမ် ၁၅,၀၀၀၊ စာအုပ်တစ်သောင်းကို ဝမ် ၁၅၀,၀၀၀ ဖြစ်သည်။


သူ တစ်နေ့ကို စာအုပ် ဆယ်အုပ်ကနေ နှစ်ဆယ်အထိ ရေးနိုင်တယ်!


ယန်ကျင်းဇီသည် သူ၏ ရည်မှန်းချက်များကို ချမှတ်ထားပြီးဖြစ်သည်။


စာအုပ်ဆိုင်ပိုင်ရှင်က ကူးယူထားခါစပုံပေါ်နေသည့် Three Character Classic ကို ကြည့်ပြီး ဝေ့လင်းရှိူ့ကို ပြောသည် : “ ဝေ့သခင်လေး၊ သိပ်အပင်ပန်းမခံနဲ့... ”


ဝေ့လင်းရှိူ့သည် ဝေ့အိမ်မှ ထွက်ခွာလာသည်မှာ တစ်ရက်တာ ရှိသေးပြီး စာအုပ်သုံးအုပ်ကို ကူးယူခဲ့သည်။ ဤကား...


“ ကျွန်တော် မပင်ပန်းပါဘူး။ ” ဝေ့လင်းရှိူ့ ပြန်ပြောလိုက်သည်။ စာအုပ်နှစ်အုပ်ကို ယန်ကျင်းဇီက ကူးယူခဲ့သည်။


စာအုပ်ဆိုင်ပိုင်ရှင်က လုံးဝ မယုံဘူး။


ယန်ကျင်းဇီနှင့် ဝေ့လင်းရှိူ့တို့သည် ငွေရပြီးနောက် ပစ္စည်းတချို့ကို ဝယ်ကာ အိမ်ပြန်ကြသည်။


သူတို့သည် နေ့လယ်စာကို မြို့ထဲတွင် စားကြပြီး ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ စားသော ပမာဏမျှသာ စားခဲ့သည်။ သို့ရာတွင် သူသည် ဗိုက်မဝပေ။ အိမ်ပြန်ရောက်သောအခါ သူသည် အိမ်ထဲသို့ဝင်ပြီး အနံ့နံသော ဆန်ပြုတ်အိုး၏ ကျန်တစ်ဝက်ကို စားကာ စတင်၍ စာအုပ်ကူးသည်။


“ အစ်ကိုယန်၊ ငါ မင်းကို တခြားတစ်ခုခု သင်ပေးမယ်လေ? ” ဝေ့လင်းရှိူ့က အကြံပြုသည်။


တခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီက မဆိုင်းမတွ ငြင်းဆိုသည် : “ ခဏ၊ ငါ ‌အရင်ဆုံး စာအုပ်နည်းနည်း ထပ်ကူးလိုက်ဦးမယ်! ”


ဝေ့လင်းရှိူ့ : “ ... စာအုပ်ဘယ်နှအုပ်ကို အရင်ကူးချင်တာလဲ၊ အစ်ကိုယန်? ငါ မင်းနဲ့ အတူကူးမယ်။ ”


“ အရင်ဆုံး စာအုပ်တစ်ထောင်ကို ကူးမယ်။ အဲ့တာဆို ဆောင်းရာသီ မရောက်ခင် ငါတို့ အိမ်တစ်လုံး ဆောက်နိုင်ပြီ! ”


“ ...... ” ဝေ့လင်းရှိူ့ခမျာ ဆွံ့အသွားရှာသည် : “ အစ်ကိုယန်၊ စာအုပ်ဆိုင်က တစ်နှစ်ကို Three Character Classic အုပ်ရေတစ်ထောင် မရောင်းရဘူး... ”


ယန်ကျင်းဇီသည် မင်တံကို ရပ်လိုက်ပြီး ဝေ့လင်းရှိူ့ကို ကြည့်သည် : “ ငါ နောက်တစ်အုပ် သင်နိုင်တယ်လို့ ထင်တယ်... ငါ အဲ့ဒါကို ကူးယူလိုက်မယ်! ”


ရောင်းရတာထက် စာအုပ်ကို ပိုကူးရင် တန်ဖိုးကျတတ်တယ်။ သူက စာအုပ်ပေါင်းစုံကိုလည်း ကူးယူနိုင်တယ်!


ဘာပဲဖြစ်ဖြစ် သူနဲ့ ဝေ့လင်းရှိူ့တို့ရဲ့ အိုမင်းချိန်အတွက် ငွေရှာမှဖြစ်မယ်!


ဝေ့လင်းရှိူ့ : “ ... ” ယန်ကျင်းဇီမှာ ဒီလိုအရည်အချင်းမျိုး ရှိတာတောင် သူက စာအုပ်တွေကို ကူးဖို့ပဲ တွေးတာလား?



____


Xiucai - ( အ

သိအမှတ်ပြုခံပြီးသော ပါရမီရှိသူ ) ကောလိပ်စာမေးပွဲ အောင်မြင်ပြီးသော ဝင်ခွင့်အဆင့်ဘွဲ့ရသူ (#4)


Tongsheng - ( စာသင်သားပေါက်စ ) ခရိုင်/စီရင်စု စာမေးပွဲကို အောင်မြင်ပြီးသော ဝင်ခွင့်စာမေးပွဲတွင် စာဖြေဆိုမည့်သူ (အနိမ့်ဆုံး #5)